အခန်း ၁၉၀၅
Vol. 127 Ch. 1905
အပိုင်း ( 1905 ) ဟန်ရှင်းဟဲ လှုပ်ရှားပြီ။
လုမင်က အတားအဆီးမဲ့သော ကောင်းကင်သိုင်းဖြင့် အစွမ်းကုန် ထိုးနှက်လိုက်သည်။ ငရဲဖိနှိပ်ကျောက်စာချပ် ပုံရိပ်တစ်ခုက သူ့ရှေ့တွင် ပေါ်လာသည်။
သို့သော်၊ လက်ဝါးပုံရိပ်က ကျရောက်လာသည်နှင့် ငရဲဖိနှိပ်ကျောက်စာချပ် ပုံရိပ်ကို ပေါက်ကွဲသွား၏။ လုမင်၏ ခန္ဓာကိုယ်က မီတာတစ်သောင်းခန့် လွင့်သွားပြီးမှ သူ့ကိုယ်သူ ဟန်ချက်ထိန်းနိုင်ခဲ့သည်။ သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာတော့သည်။
ရှည်လျားသော အနက်ရောင် ဆံပင်ရှည်နှင့် အဖြူရောင် ၀တ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးက လော့စန်းချုံး၏ရှေ့သို့ ဆင်းသက်လာခဲ့သည်။
"ဟန်ရှင်းဟဲ"
လုမင် မျက်မှောင်ကြုတ်သွားသည်။
လူအများလည်း တုန်လှုပ်သွား၏။ ယခုလေးတင် တိုက်ခိုက်ခဲ့သူမှာ သူတော်စင်ဘုရင်စာရင်းတွင် ပထမဖြစ်သော ပြိုင်စံရှား ပါရမီရှင် ဟန်ရှင်းဟဲ ဖြစ်သည်။ သူက လုမင်ကို တစ်ချက်တည်းဖြင့် လွင့်စဉ်သွားပြီး ဒဏ်ရာရစေခဲ့ပေသည်။
ယခု သူက လုမင်ကို တိုက်ခိုက်တော့မှာလား။
"ညီနောင်ဟဲ..."
လော့စန်းချုံးက အလွန်ဝမ်းသာသွားသည်။ တစ်ချိန်တည်းမှာပင် ဒဏ်ရာများကို ကုသရန်အတွက် ဆေးလုံးများကို သောက်လိုက်လေသည်။
လုမင်က ဟန်ရှင်းဟဲကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"မင်းက ကြားဝင် စွက်ဖက်ချင်တာလား"
"လော့စန်းချုံးက မဟာဧကရာဇ်ရဲ့ မြေးတော်ပဲ။ မင်းက သူ့ကို ဘယ်လိုလုပ်ပြီး အနိုင်ကျင့်နိုင်မှာလဲ"
ဟန်ရှင်းဟဲက ပြောသည်။
လုမင်က လှောင်ပြောင်ရယ်မောလိုက်၏။ ဟန်ရှင်းဟဲ၏ အဆိုအရ မဟာဧကရာဇ်၏ မြေးတော်က အခြားသူများကို ထင်တိုင်းကြဲပြီး အနိုင်ကျင့်နိုင်သလော။ ရယ်စရာကောင်းလွန်းသည်။
ဟန်ရှင်းဟဲက ဆက်ပြောပြန်သည်။
"နောက်ပြီးတော့ ငါက မင်းနဲ့ ဆွေးနွေးစရာရှိသေးတယ်။ မင်းက ကောင်းကင်ဧကရာဇ်ရဲ့ဓားကို ဆွဲနှုတ်ခဲ့တယ်၊ ဒါပေမဲ့ ကောင်းကင်ဧကရာဇ်ဓားဟာ ငါ့ဟန်မိသားစုရဲ့ အပိုင်ပဲ။ အခု ငါ့ကို ပြန်ပေးအပ်ပါ"
လုမင်၏ မျက်လုံးအိမ်များက ကျဉ်းမြောင်းသွားသည်။ အမှန်ပင်၊ ဟန်ရှင်းဟဲက ဤကိစ္စအတွက် ကြားဝင်စွက်ဖက်ခဲ့ခြင်းပင်။
အနီးနားရှိ အခြားသော ပါရမီရှင်များ အံ့သြတုန်လှုပ်သွားကြသည်။ ဟန်ရှင်းဟဲ၏ တကယ့်ရည်ရွယ်ချက်မှာ ကောင်းကင်ဧကရာဇ်ဓားကို ရယူရန်ဖြစ်သည်။ လော့စန်းချုံးကို ကယ်တင်ခြင်းကတော့ ခရီးသွားဟန်လွှဲပင်။
ကောင်းကင်ဧကရာဇ်ဓားကို လုမင် ဆွဲထုတ်ခဲ့သည့်သတင်းက ကောင်းကင်ဧကရာဇ်မြို့၌ တောမီးသဖွယ် ပျံ့နှံ့သွားခဲ့သည်။ ယခုမူ လုမင် ပြန်ရောက်လာသောအခါ၊ ဟန်မိသားစုက လုမင်ကို အမှန်တကယ် ရှာဖွေနေပြီ။
လုမင်က မည်သို့ ဖြေရှင်းပါမည်နည်း။ ၎င်းကို လွှဲပြောင်းပေးအပ်မည်လော သို့တည်းမဟုတ်...
အားလုံးက လုမင်ကို စိုက်ကြည့်နေကြသည်။
"ဒဏ္ဍာရီတွေအရ ကောင်းကင်ဧကရာဇ်ဓားကို ကောင်းကင်ဧကရာဇ်က ချန်ထားခဲ့တာဖြစ်ပေမဲ့ အရာအားလုံးကတော့ အစစ်အမှန် မဟုတ်ပါဘူး။ မင်းက ကောင်းကင်ဧကရာဇ်ဓားကို ဟန်မိသားစုကပိုင်တယ်လို့ဆိုရင် မင်းမှာ အထောက်အထားတစ်ခုခုရှိလား။ အခြား ပြိုင်စံရှား တန်ခိုးရှင်တစ်ပါးက ချန်ထားခဲ့တာရော မဖြစ်နိုင်ဘူးလား"
လုမင်က ပြန်ဖြေသည်။
ဓားက ကောင်းကင်ဧကရာဇ်နှင့် သက်ဆိုင်ပြီး ကောင်းကင်ဧကရာဇ်မှ ချန်ထားခဲ့သည်ဟု ဆိုကြသော်လည်း ၎င်းမှာ ဒဏ္ဍာရီတစ်ခုသာ ဖြစ်သည်။ ဟန်မိသားစုက ၎င်းကို သက်သေပြနိုင်ပါသလော။
ဟန်ရှင်းဟဲက သူ့လက်နှစ်ဖက်ကို နောက်သို့ယှက်လိုက်သည်။ သူ့မျက်လုံးများက စူးရှရှ အလင်းများ ထွက်ပေါ်လာပြီး ပြောလိုက်၏။
"ကောင်းကင်ဧကရာဇ်ဓားကို ကောင်းကင်ဧကရာဇ်က ချန်ထားခဲ့တာဖြစ်ပြီး ဟန်မိသားစုက ကောင်းကင်ဧကရာဇ်က ဆင်းသက်လာတယ်ဆိုတာ လူတိုင်းသိကြတယ်။ ဒါကို သက်သေပြဖို့ လိုအပ်သေးလို့လား"
"ဒါဆိုရင် မင်း ဟန်ရှင်းဟဲက ကောင်းကင်ဧကရာဇ်ရဲ့ မျိုးဆက်တစ်ဦးဖြစ်ပြီး ဘာလို့ ဒီဓားကို မထုတ်နိုင်ရတာလဲ"
လုမင်၏ အသံက တည်ငြိမ်ပြီး ပတ်ဝန်းကျင်အနှံ့ ပျံ့နှံ့သွားသည်။
ဟန်ရှင်းဟဲက ကွက်ခနဲ မျက်နှာပျက်သွား၏။ လုမင်က ကောင်းကင်ဧကရာဇ်ဓားကို မဆွဲထုတ်နိုင်ခဲ့သည့်အတွက် သူ့ကို လှောင်ပြောင်နေပြီ။
"ငါက ကောင်းကင်ဧကရာဇ်ရဲ့ဓားကို အနှေးနဲ့အမြန် ဆွဲထုတ်မယ်"
ဟန်ရှင်းဟဲက အေးစက်စွာပြောသည်။
"ဓားကို ဆွဲထုတ်တာက လူတစ်ယောက်ရဲ့ ကျင့်ကြံမှုအခြေခံနဲ့ သက်ဆိုင်လို့များလား၊ အဟား"
လုမင်က ရယ်လိုက်၏။
လူအများ၏ မျက်လုံးများ အရောင်လက်သွားသည်။ လုမင်က ဟန်ရှင်းဟဲကို လှောင်ပြောင်နေခြင်းပင်။
ကောင်းကင်ဧကရာဇ်၏ဓားကို ဆွဲထုတ်ခြင်းက ကျင့်ကြံမှု အခြေခံနှင့် မသက်ဆိုင်ကြောင်း လူတိုင်းသိကြသည်။
တစ်ခါက တစ်ပေပင် မဆွဲနိုင်သော သိုင်းဧကရာဇ်နယ်ပယ် တန်ခိုးရှင်တစ်ယောက် ရှိသည်။ စတင် လေ့ကျင့်ခါစ ကျင့်ကြံသူတစ်ဦးကလည်း ငါးပေအထိ ဆွဲထုတ်ခဲ့ဖူးပေသည်။
ဟန်ရှင်းဟဲက တစ်ကြိမ်တွင် ကိုးပေအထိ ဆွဲထုတ်နိုင်လျှင်ပင် သူ့တစ်ဘဝလုံး ကိုးပေသာ ဆွဲထုတ်နိုင်တော့မည် ဖြစ်သည်။ ဓားကို ဆွဲထုတ်နိုင်ခြေက တိုးလာမည် မဟုတ်ပေ။
သို့ရာတွင်၊ ဟန်ရှင်းဟဲက ၎င်းကို အနှေးနှင့် အမြန် ဆွဲထုတ်မည်ဟု ဆိုခဲ့သည်။
လုမင်၏ စကားများကို ဟန်ရှင်းဟဲကို တဲ့တိုးကစ်နေခြင်းပင်။
ဟန်ရှင်းဟဲ၏ မျက်နှာက ပို၍ပင် အကြည့်ရဆိုးလာသည်။ သူ့မျက်လုံးများမှ စူးရှမှုကလည်း နတ်ဘုရားဓားနှစ်ချောင်းကဲ့သို့ပင် ပို၍ပြင်းထန်လာတော့သည်။
"ဒါ့အပြင် ဒီဓားကို ကောင်းကင်ဧကရာဇ်က ချန်ထားခဲ့တာဆိုရင်... မင်းရဲ့ ဟန်မိသားစုက ကောင်းကင်ဧကရာဇ်ရဲ့ ဆင်းသက်လာတယ်ဆိုရင်တောင်မှ ကောင်းကင်ဧကရာဇ်က မင်းရဲ့ ဟန်မိသားစုဆီ ဓားကို တိုက်ရိုက်မထားခဲ့တာလဲ။ အဲဒီအစား သူက အဲဒီဓားကို စင်မြင့်ပေါ်တင်ပြီး တံဆိပ်ခတ်ထားလိုက်တယ်။ ရှင်းရှင်းပြောရရင် ဓားကို ဆွဲထုတ်နိုင်တဲ့ အရည်အချင်းရှိသူကို ကောင်းကင်ဧကရာဇ်က ရှာဖွေနေတာပဲ။ ဒါကမှ ကောင်းကင်ဧကရာဇ်ရဲ့ ရည်ရွယ်ချက်ဖြစ်ရမယ်"
"မင်းရဲ့ ဟန်မိသားစုနဲ့ မင်းသာ ကောင်းကင်ဧကရာဇ်က ဆင်းသက်လာသူဆိုရင် မင်းတို့ဘိုးဘေးတွေရဲ့ ဆန္ဒကို မဆန့်ကျင်ဘဲ ကောင်းကင်ဧကရာဇ်ရဲ့ ရည်ရွယ်ချက်ကို လေးစားသင့်တယ်"
လုမင်က ဆက်ပြောလိုက်သည်။ ထိုစကားများက လူများစွာကို နက်နဲစွာ တွေးတောစေခဲ့ပေသည်။
မမှားပေ၊ အကယ်၍ ထိုဓားကို ကောင်းကင်ဧကရာဇ် ဧကရာဇ်က အမှန်တကယ် ချန်ထားခဲ့ပါက ဟန်မိသားစုအတွက် အဘယ်ကြောင့် မထားခဲ့သနည်း။ သူက အဘယ်ကြောင့် ထိုစင်မြင့်ပေါ်တွင် စိုက်ထူပြီး အခြားသူများကို ဆွဲထုတ်ခိုင်းရသနည်း။
တစ်နည်းဆိုရသော် ၎င်းကို ဆွဲထုတ်နိုင်သူသာလျှင် ကောင်းကင်ဧကရာဇ်၏ဓားကို ကိုင်ဆောင်ရန် အရည်အချင်းပြည့်မီသည်။ ဤသည်မှာ ကောင်းကင်ဧကရာဇ်၏ ရည်ရွယ်ချက်အမှန်ပင်။
"မင်းက တော်တော်စကားတတ်ပြီး အမှားကို အမှန်ဖြစ်အောင် လုပ်နိုင်တယ်။ လုမင်... မင်းရဲ့ ကျင့်ကြံမှုအဆင့် နိမ့်ကျနေတာကြောင့် အရင်ကတော့ ငါ မင်းကို အနိုင်မကျင့်ချင်ခဲ့ဘူး။ ဒါပေမဲ့ မင်းက သေချင်နေမှတော့ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်"
ဟန်ရှင်းဟဲက အေးစက်စွာပြောပြီး ခြေတစ်လှမ်းတိုးလိုက်သည်။
"ဝုန်း"
ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။ လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်စရာကောင်းသော နိယာမတစ်ခုကလည်း သူ့ခန္ဓာကိုယ်ကို လှည့်ပတ်နေတော့သည်။
၎င်းက အသန်မာဆုံးနိယာမ ဆယ်ခုအနက်မှ တစ်ခုဖြစ်သည့် ထာဝရနိယာမ ဖြစ်သည်။
ထာဝရတည်မြဲခြင်း... အင်မော်တယ်...
ထာဝရနိယာမသည် ဟွမ်လင်၏ အင်မော်တယ်မီးလျှံ နိယာမနှင့် အနည်းငယ်ဆင်တူသော်လည်း ၎င်း၏စွမ်းအားက အင်မော်တယ်မီးလျှံ နိယာမထက် များစွာ ပိုပြင်းထန်သည်။
ထာဝရနိယာမသည် ၎င်းကို ထိန်းချုပ်ထားသူအား အလွန်ပြင်းထန်သော အသက်ဓာတ်ကို ရရှိစေရုံသာမက ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုစွမ်းအားကိုလည်း ပေးစွမ်းနိုင်သည်။
"ဝုန်း"
ဟန်ရှင်းဟဲက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လုမင်ထံ အမြန်ချဉ်းကပ်ခဲ့သည်။ ထို့နောက် လက်ဝါးဖြင့် ရိုက်ထုတ်လိုက်၏။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံစားလိုက်ရသဖြင့် လုမင် မျက်မှောင်ကြုတ်သွားသည်။
ဟန်ရှင်းဟဲ၏ ကျင့်ကြံမှုအခြေခံက အလွန်အားကောင်းသည်။ သူ့လက်ဝါးက မိုးနှင့်မြေကို ဖျက်ဆီးနိုင်စွမ်းရှိပုံရ၏။
"ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း"
လုမင်က ဟိန်းဟောက်ပြီး သူတော်စင်စွမ်းအင်ကို အစွမ်းကုန် လှည့်ပတ်လိုက်သည်။ သူက ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို အင်အားအပြည့်ဖြင့် ထုတ်ဖော်လိုက်၏ယ
တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်အနှံ့မှ အလင်းစက်များက တောက်ပလာသည်။ သူတော်စင်လက်နက် နှစ်ရာကျော်က ပျံတက်သွားပြီး လုမင်၏ အနီးတစ်ဝိုက်တွင် ခံစစ်အင်အားအဖြစ် ပျံသန်းသွားတော့သည်။
"ဝုန်း"
ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းက ဟန်ရှင်းဟဲ၏ လက်ဖဝါးနှင့် တိုက်မိသွားသည်။
"ဝုန်း"
ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းက လက်ဝါးပုံရိပ်၏ရှေ့တွင် အနည်းငယ်မျှသာ ခံနိုင်သည်။ ကြောက်စရာကောင်းသော အင်အားတစ်ခုက လုမင်ဆက်လက်တိုးဝင်လာ၏။
လုမင်က ဟိန်းဟောက်ပြီး သူတော်စင်လက်နက် နှစ်ရာကျော်ကို သူ့ရှေ့မှ ပိတ်ဆို့လိုက်သည်။ သို့သော်၊ လက်ဝါးပုံရိပ်က ကျရောက်လာသောအခါ သူ့ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားသည်။ သူတော်စင်လက်နက် နှစ်ရာကျော်က ဖရိုဖရဲဖြစ်သွားပြီး သူ့ခန္ဓာကိုယ်ကလည်း အဝေးသို့ လွင့်စဉ်သွားတော့သည်။
လုမင်က ဟန်ရှင်းဟဲနှင့် မယှဉ်နိုင်ပါ။ ခွန်အား ကွာခြားမှုက ကြီးမားလွန်းသည်။
"သူတို့နှစ်ယောက်လုံးက ကောင်းကင်သားတော်တွေဖြစ်ပေမဲ့ ဟန်ရှင်းဟဲရဲ့ ကျင့်ကြံမှုက ပိုမြင့်တယ်။ လုမင်က သူ့ကို လုံးဝ မယှဉ်နိုင်ဘူး"
"ဒါက သဘာဝပါပဲ။ ကောင်းကင်သားတော်အချင်းချင်း တွေ့ကြပြီဆိုရင် အဆင့်တူမှပဲ ဖြစ်မယ်။ ကျင့်ကြံမှုအခြေခံက ကွာခြားတဲ့အခါ တိုက်ပွဲက အဓိပ္ပာယ်မရှိတော့ဘူး"
"ဒီနေ့မှာ လုမင်က ကောင်းကင်ဧကရာဇ်ရဲ့ဓားကို မထိန်းသိမ်းနိုင်မှာကို ကြောက်ရတယ်"
ပတ်ဝန်းကျင်တွင် လူတချို့ သက်ပြင်းချလိုက်ကြသည်။ လုမင်၏ တိုက်ခိုက်နိုင်စွမ်းက အားကောင်းသည်။ သို့ရာတွင်၊ ဟန်ရှင်းဟဲက ထာဝရ၏သားတော်ဖြစ်ကာ သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာလည်း အားမနည်းပေ။ ကျင့်ကြံမှုအခြေခံ မတူညီသောအခါ လုမင်က သူ့ကို လုံးဝ မယှဉ်နိုင်တော့ပါ။
"လုမင်၊ ကောင်းကင်ဧကရာဇ်ရဲ့ဓားကို လွှဲအပ်ပါ၊ ဒါဆိုရင် မင်းရဲ့အသက်ကို ချမ်းသာပေးမယ်"
ဟန်ရှင်းဟဲက သူ့လက်ကို နောက်သို့ယှက်ရင်း အရှိန်အဝါကြီးစွာဖြင့် လုမင်ဆီသို့ လျှောက်သွားသည်။
"ဒုန်း"
ဟန်ရှင်းဟဲက ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ကောင်းကင်မှ အနှိုင်းမဲ့ကြီးမားသော ခြေဖဝါးကြီးတစ်ဖက်က လုမင်ဆီသို့ ဆင်းသက်လာ၏။
"သခင်လေးကို ထိခိုက်ဖို့ စဉ်းတောင်မစဉ်းစားလိုက်နဲ့"
အသံတစ်ခု ထွက်ပေါ်လာပြီး လူရိပ်တစ်ခုက ကောင်းကင်သို့ ထိုးတက်လာသည်။ ဒါက ချင်ယွဲ့ပင်။
ဤအခိုက်တွင် ချင်ယွဲ့၏ မျက်ခုံးနှစ်ခုကြားမှ အလင်းရောင်တစ်ခု တောက်ပလာသည်။ ဧကရာဇ်လက်နက် ယင်ယန်စကြာက ပေါ်လာပြီး ဧရာမခြေဖဝါးဆီသို့ ကျရောက်သွား၏။
"ဂီး"
တစ်ချိန်တည်းမှာပင် ဖီးနစ်ငှက်အော်သံကို ကြားလိုက်ရသည်။ ဟွမ်လင်ကလည်း ကောင်းကင်သို့ ပြေးတက်လာသည်။ အင်မော်တယ်မီးလျှံက သူ့ကို လွှမ်းခြုံထားပြီး ဖီးနစ်တစ်ကောင်အဖြစ် ပြောင်းလဲလုနီး ဖြစ်၏။ တစ်ချိန်တည်းမှာပင် သူ့နောက်ကျောမှ ဖီးနစ်တောင်ပံတစ်စုံက ပျံထွက်လာပြီး ဧရာမ ခြေဖဝါးကြီးထံ ဖြတ်သန်းသွားတော့သည်။