အခန်း ၁၉၁၀
Vol. 128 Ch. 1910
အပိုင်း ( 1910 ) ကသောင်းကနင်း အခြေအနေ။
မဟာဧကရာဇ်များကြား တိုက်ပွဲက မကြာလိုက်ပါ။ မိနစ်အနည်းငယ်ကြာပြီးနောက်၊ လေဟာနယ်ရှိ လှိုင်းလုံးများက ရုတ်တရက် ရပ်တန့်သွားသည်။
ထိုနေရာများတွင် ဟင်းလင်းပြင်အက်ကြောင်းများလည်း ပျောက်ကွယ်သွား၏။
တိုက်ပွဲက ပြီးသွားပြီ။
မည်သူက အနိုင်ရရှိခဲ့သနည်း။
ဟန်မိသားစု၏ မဟာဧကရာဇ်လား ဒါမှမဟုတ် မဟာဧကရာဇ်ဝူရှန်းလား။
"ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကနေ ပြန်ဆုတ်ပြီး အပြင်မှာ စောင့်နေဖို့ လူတွေစေလွှတ်လိုက်ပါ။ လုမင် အပြင်ကိုထွက်လာတာနဲ့ သူ့ကို ဖမ်းကြ"
ဟန်မိသားစုမှ မဟာဧကရာဇ်၏ အသံက ဟန်မိသားစု၏ ဦးတည်ရာဘက်မှမှ ထွက်ပေါ်လာခဲ့သည်။
ဟန်မိသားစုက ယွမ်တောင် မြင့်မြတ်သောကျောင်းတော်မှ ထွက်ခွာတော့မည်။
လူများစွာ၏ မျက်လုံးများ အရောင်လက်သွားကြသည်။ ဟန်မိသားစု၏ မဟာဧကရာဇ်က ရှုံးနိမ့်ခဲ့ပြီလား။
ဖြစ်နိုင်ချေ အလွန်များသည်။ ဟန်မိသားစု၏ မဟာဧကရာဇ်သာ အနိုင်ရခဲ့ပါက ယွမ်တောင် မြင့်မြတ်သောကျောင်းတော်မှ အဘယ်ကြောင့် ဤမျှလွယ်ကူစွာ ဆုတ်ခွာရမည်နည်း။
"ကောင်းပါပြီ"
ဟန်မိသားစု၏ စစ်မှန်သောဧကရာဇ်သုံးပါးက လုမင်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် ယွမ်တောင် မြင့်မြတ်သောကျောင်းတော်မှ ထွက်ခွာသွားတော့သည်။
ဟန်ရှင်းဟဲ၏ မျက်လုံးများက မလိုလားခြင်းများဖြင့် ပြည့်သွားခဲ့သည်။
ထိုအချိန်တွင် ကောင်းကင်ယံ၌ လူရိပ်တစ်ခု ပေါ်လာသည်။ မဟာဧကရာဇ်ဝူရှန်းပင်။
"မဟာဧကရာဇ်ကို နှုတ်ခွန်းဆက်ပါတယ်"
အားလုံးက မဟာဧကရာဇ်ကြီးဝူရှန်းကို ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။
"အခု ငါ ကြေငြာစရာတစ်ခု ရှိတယ်"
မဟာဧကရာဇ်ဝူရှန်း မျက်လုံးများက နူးညံ့သိမ်မွေ့ခြင်းမရှိတော့ဘဲ စူးရှသောအလင်းရောင်များဖြင့် ပြည့်နှက်နေသည်။ သူ့မျက်လုံးများကို ကြည့်မိသူတိုင်း ရင်ထိတ်သွား၏။
"မနက်ဖြန်ကစလို့ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ရဲ့ စည်းမျဉ်းတွေ ပြောင်းသွားလိမ့်မယ်။ မနက်ဖြန်ကစပြီး ယွမ်တောင် မြင့်မြတ်သောကျောင်းတော်မှာ သတ်ဖြတ်ခြင်းကို တားမြစ်တော့မှာ မဟုတ်ဘူး။ တစ်နည်းပြောရရင် ကျောင်းတော်မှာ စည်းကမ်းတွေ ရှိတော့မှာ မဟုတ်ဘူး"
ဧကရာဇ်ကြီးဝူရှန်း၏ အသံထွက်ပေါ်လာသည်။
လူများစွာက တုန်လှုပ်သွားကြသည်။ မနက်ဖြန်မှစ၍ ကျောင်းတော်တွင် လူသတ်ခြင်းကို တားမြစ်ချက်မပြုတော့ပါ။ စည်းကမ်းများ ရှိမည်မဟုတ်တော့ပေ။
၎င်းသည် ကျောင်းတော်တွင် ကြီးမားသော အပြောင်းအလဲများကို ဧကန်မုချဖြစ်ပေါ်စေမည်ဖြစ်သည်။
ယခင်က ယွမ်တောင် မြင့်မြတ်သောကျောင်းတော်တွင် အခြားသူများ၏ ကျင့်ကြံမှုကို ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်းတို့ကို တားမြစ်ခဲ့သည်။ သေသည်အထိထိ တိုက်ခိုက်ချင်လျှင် သေခြင်းရှင်ခြင်းကွင်းကို သွားရမည်။
အကယ်၍၊ လူတစ်ယောက်သည် သေခြင်းရှင်ခြင်းကွင်းသို့ မသွားခဲ့ပါက ယွမ်တောင် မြင့်မြတ်သောကျောင်းတော်တွင် လုံခြုံနေမည် ဖြစ်သည်။ အနည်းဆုံးတော့ သူတို့အသက်အတွက် စိတ်ပူစရာ မလိုပေ။
သို့သော်လည်း မနက်ဖြန်မှစ၍ ဒါတွေအားလုံးက ပြောင်းလဲသွားတော့မည် ဖြစ်သည်။
"အခုချိန်ကစပြီး ကျောင်းတော်ရဲ့ ဆရာတွေက မင်းရဲ့ကိစ္စတွေကို ဂရုမစိုက်တော့ဘူး။ ဒါပေမဲ့ ဒါတွေအားလုံးက ကျောင်းတော်ရဲ့ အတွင်းရေးကိစ္စဖြစ်ပြီး ပြင်ပအင်အားစုတွေ ဝင်စွက်ဖက်ဝံ့ရင် ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်"
"ဒါ့အပြင် ငါက သူတော်စင်စစ်မြေပြင်မှာ အစီရင်ဓာတ်ပြား လေးခုကို ထားခဲ့ပြီးပြီ။ အစီရင်ဓာတ်ပြား တစ်ခုစီဟာ ဧရိယာမိုင်တစ်ရာအထိ လွှမ်းခြုံနိုင်တယ်။ ဒီအကာအကွယ်ကို ဧကရာဇ်တွေပဲ ချိုးဖောက်နိုင်လိမ့်မယ်"
ထိုစကားကို ပြောပြီးနောက်တွင် ဧကရာဇ်ကြီးဝူရှန်း၏ ရုပ်သွင်က ဝေဝါးကာ ပျောက်ကွယ်သွားခဲ့သည်။
"လူငယ်လေးတွေ ကိုယ့်ကိုကိုယ် ဂရုစိုက်ကြပါ"
ယွမ်တောင် မြင့်မြတ်သောကျောင်းတော်မှ ဆရာများလည်း အားလုံးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျောင်းတော်၏ နက်နဲရာသို့ ပျံသန်းကာ ပျောက်ကွယ်သွားတော့သည်။
ကျောင်းတော်မှ ဆရာများ ထွက်သွားသည်နှင့် တပြိုင်နက် လေထုက လေးလံလာခဲ့သည်။
အားလုံးက တစ်ယောက်ကိုတစ်ယောက် သတိထားပြီး ကြည့်လိုက်ကြ၏။
မနက်ဖြန်မှစ၍ သတ်ဖြတ်ခြင်းကို တားမြစ်တော့မည် မဟုတ်ပါ။ တစ်ယောက်နှင့်တစ်ယောက် ရန်ငြိုးဖွဲ့ထားသူများကလည်း အေးစက်သော သတ်ဖြတ်လိုစိတ်တို့ဖြင့် ကြည့်လာကြသည်။
လော့စန်းချုံး၊ ဟန်ရှင်းဟဲနှင့် အခြားသူများက လုမင်နှင့် အခြားသူများကို ဖုံးကွယ်မထားသော သတ်ဖြတ်လိုစိတ်ဖြင့် စိုက်ကြည့်နေသည်။
"လုမင်၊ မင်း စောင့်နေပါ"
ဟန်ရှင်းဟဲက အေးစက်စွာ ပြောလိုက်၏။ သူ့ပုံရိပ်က လှုပ်ရှားလာပြီးနောက် ဤနေရာမှ ပထမဆုံး ထွက်သွားတော့သည်။
ဟန်ရှင်းဟဲ ထွက်သွားပြီးနောက် မရဏဓားကလည်း ဓါးသွားအလင်းအဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားခဲ့သည်။
ဤအရာက ပါရမီရှင်အချို့၏ မျက်လုံးများကို အရောင်လက်သွားစေခဲ့သည်။
အခြေအနေအရ မရဏဓားသည် လုမင်၏ဘက်တွင် မရှိပေ။ မရဏဓား ပြောခဲ့သလိုပင် သူက ဟန်ရှင်းဟဲကို အမှန်တကယ် ကြည့်မရသောကြောင့် တိုက်ခိုက်ခဲ့ပုံရသည်။
အထူးသဖြင့် ထိပ်တန်း ပါရမီရှင်တချို့က သူတို့၏ နှလုံးသားထဲတွင် သက်ပြင်းရှည်များ ချလိုက်ကြလေသည်။
အကယ်၍ မရဏဓားသည် လုမင်၏ဘက်တွင် ရှိနေပါက လုမင်၏ အဖွဲ့အင်အားက အံ့မခန်းပင်။ ၎င်းတို့က လူအင်အားဖြင့် ဟန်ရှင်းဟဲကိုပင် တိုက်ခိုက်နိုင်ခဲ့သည်။ သူတို့က ယွမ်တောင် မြင့်မြတ်သောကျောင်းတော်တွင် ပြိုင်ဘက်ကင်းသလောက် ဖြစ်လိမ့်မည်။
သို့သော်လည်း မရဏဓား မရှိသည့်တိုင် လုမင်၏အဖွဲ့ အင်အားက များစွာ လျော့ကျသွားမည် မဟုတ်ပါ။
"ဒီကောင်စုတ် မရဏဓားက နှုတ်တောင်မဆက်ဘဲ ထွက်သွားတယ်"
ဟွမ်လင်က မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။
လုမင်ကတော့ ပြုံးရုံပြုံးပြီး သိပ်ဂရုမစိုက်တော့ပေ။
သေခြင်း၏သားတော်အနေဖြင့် မရဏဓားတွင် သဘာဝအတိုင်း မာနရှိသည်။ လုမင်ကို သူက လုံးဝ အညံ့မခံပေ။ သူက လုမင်ကို စိန်ခေါ်ပြီး လုမင်၏ ရွှေရောင်အမွေဆက်ခံသူအဖြစ် အစားထိုးနိုင်ရန် အနှစ်နှစ်ဆယ်ကို စောင့်ချင်နေဖွယ်ရှိသည်။
သို့သော်လည်း လုမင်က အနှစ်နှစ်ဆယ်အတွင်း မရဏဓားကို သေချာပေါက် လက်ခံလာစေနိုင်မည်ဟု ယုံကြည်ခဲ့ပေသည်။
"ပြန်ကြရအောင်"
လုမင်က ပြောလိုက်သည်။ ထို့နောက် ချင်ယွဲ့၊ ဟွမ်လင်၊ လုံချန်နှင့် ကျန်သူများနှင့်အတူ နေရာမှ ထွက်ခွာသွားကြတော့သည်။
နောက်တော့ တခြားသူများလည်း တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြသည်။
မနက်မှစ၍ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်တွင် သတ်ဖြတ်ခြင်းကို တားမြစ်တော့မည် မဟုတ်ပေ။ သဘာဝအတိုင်း စောစောပြင်ဆင်ထားရမည် ဖြစ်သည်။
လုမင်တို့၏ နေရပ်မှ ခြံဝင်းထဲတွင်... လူတိုင်းက အခြေအနေများကို ဆွေးနွေးရန် စုရုံးခဲ့ကြသည်။
"မနက်ဖြန်ကစပြီး ကျောင်းတော်ရဲ့ အခြေအနေက သိသိသာသာ ပြောင်းလဲလာလိမ့်မယ်။ ဒါကို ဘယ်လိုရင်ဆိုင်ကြမလဲ"
တစ်ယောက်က မေးသည်။
"ကျုပ်တို့အားလုံး စုစည်းပြီး တစ်ယောက်ပြီးတစ်ယောက် မဖယ်ရှားခံရအောင် ကျုပ်တို့ရဲ့အင်အားကို အရင်အာရုံစိုက်နိုင်ရင် ပိုကောင်းမယ်"
လုမင်က အိုးရန်ဝူရွှမ့်နှင့် လော့ထျန်းယီကိုကြည့်ကာ ပြောလိုက်သည်။
"အိုးရန်၊ ထျန်းယီ... မင်းတို့က ရနိုင်သမျှ လူအားလုံးကို ခေါ်လာခဲ့ပါ။ ကျုပ်တို့ လူစုမယ်"
"ကောင်းပြီ"
အိုးရန်ဝူရွှမ့်နှင့် လော့ထျန်းယီက ခေါင်းညိတ်ပြီး မဆိုင်းမတွ သဘောတူလိုက်ကြသည်။
ဟွမ်လင်နှင့် လုံချန်မှလွဲ၍ အခြားသူများအားလုံး အံ့ဩသွား၏။
လော့ထျန်းယီနှင့် အိုးရန်ဝူရွှမ့်က လုမင်၏ စကားကို အလွန်နာခံပုံရသည်။ ဒါက သူတို့ကို လွန်စွာ အံ့အားသင့်စေခဲ့ပေသည်။
"ဒီကာလမှာ လေ့ကျင့်ရေးနေရာတွေကို မသွားကြတာ ပိုကောင်းမယ်။ အခြေအနေ တည်ငြိမ်တဲ့အထိ စောင့်ပြီးမှ စီမံချက်တွေ ချမယ်"
လုမင်က အကြံပြုလိုက်သည်။
လူတိုင်းက ခေါင်းညိတ်လိုက်၏။ ယခုအချိန်တွင် ဒါက အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။
တောင်က အလွန်ကြီးမားသောကြောင့် လူတိုင်းက ခြံဝင်းထဲတွင် စုပေါင်းနေရန် ရွေးချယ်ခဲ့ကြပေသည်။
မျက်စိတစ်မှိတ်အတွင်း တစ်နေ့ကုန်သွားသည်။ ဒုတိယနေ့မှစ၍ ယွမ်တောင် မြင့်မြတ်သောကျောင်းတော် တစ်ခုလုံးရှိ လေထုက တင်းမာပြီး နိုးကြားစပြုလာသည်။
ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကို တည်ထောင်ခဲ့သည်မှာ တနှစ်နီးပါးရှိပြီ။ လူတော်တော်များများက တစ်ယောက်နှင့်တစ်ယောက် ရန်ငြိုးများရှိခဲ့သည်။ ယခင်ကတော့ စည်းကမ်းများကြောင့် အချင်းချင်း မသတ်နိုင်ကြပေ။ အများစုမှာ ဒေါသကို ဖြေဖျောက်ရန် အချင်းချင်း သင်ခန်းစာ ပေးနိုင်သည်။ ယခုမူကား ကွဲပြားသွားခဲ့ပြီ။
မျှော်လင့်ထားသည့်အတိုင်း ရက်အနည်းငယ်အတွင်းမှာပင် လူသတ်ပွဲက စတင်ခဲ့သည်။
အချို့သော ပါရမီရှင်များက ၎င်းတို့ ပြိုင်ဘက်များ၏ နေရာတွင်ပင် သတ်ဖြတ်ခံခဲ့ရပေသည်။
၎င်းက ယွမ်တောင် မြင့်မြတ်သောကျောင်းတော်၏ ကသောင်းကနင်း ကန့်လန့်ကာကို ဖွင့်ပေးခဲ့သလိုပင် ဖြစ်သည်။
ထိုအချိန်မှစ၍ ပြင်းထန်သော တိုက်ပွဲများက စတင်လာတော့သည်။
"ဝုန်း..."
လုမင်နှင့် အခြားသူများ နေထိုင်ရာ တောင်နှင့် မဝေးသော တောင်ထိပ်တစ်ခုတွင် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်ခဲ့သည်။ လူနှစ်ယောက်က တောင်ထိပ်မှ ပြေးထွက်လာပြီး ပြင်းထန်စွာ တိုက်ခိုက်ကြ၏။
သို့သော်လည်း တိုက်ပွဲက မကြာလိုက်ပေ။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခု ဖြတ်သွားကာ လူရိပ်တစ်ခုက ထိုနေရာတွင် သေဆုံးသွားခဲ့သည်။
အခြားလူရိပ်က သေဆုံးသူ၏ သိုလှောင်လက်စွပ်ကိုယူပြီး ဓားအလင်းအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။
"ဒီအတိုင်းဆိုရင် ပါရမီရှင်တွေ ဘယ်လောက်တောင်မှ ကျဆုံးရမလဲ မသိဘူး"
လူရိပ်တချို့က လေထဲမှာရပ်ပြီး စောင့်ကြည့်နေကြသည်။ သူတို့က လုမင်၊ ဟွမ်လင်၊ လော့ထျန်းယီနှင့် တခြားသူများပင်။ ဟွမ်လင်က သက်ပြင်းချလိုက်သည်။
"ဖြစ်နိုင်တာကတော့ ဒါက မဟာဧကရာဇ်တွေရဲ့ နည်းဗျူဟာပဲ။ အန္တရာယ်ကို အချိန်တိုင်း ရင်ဆိုင်ရမှပဲ သူတို့ရဲ့ အလားအလာကို ပိုပြီးမြန်မြန် ပေါက်ကွဲစေပြီး ပိုမြင့်မားတဲ့နယ်ပယ်ကို ဖြတ်ကျော်နိုင်ကြလိမ့်မယ်"
လော့ထျန်းယီက ပြောလိုက်၏။
အခြားသူများက ခေါင်းညိတ်ကြသော်လည်း ဤနည်းလမ်းအတွက် ပေးဆပ်ရသော တန်ကြေးက အလွန်မြင့်မားနေသေးသည်။
"မဟာဧကရာဇ်တွေက ဘာအတွက်ကြောင့် ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကို တည်ထောင်ပြီး ပါရမီရှင်တွေကို ပြုစုပျိုးထောင်ပေးနေရသလဲ မသိဘူး"
လုမင်က မေးခွန်းထုတ်သလို ပြောလိုက်သည်။
ကျန်လူများက နှုတ်ဆိတ်နေကြ၏။ တကယ်တော့ ဒါက လူတိုင်း၏စိတ်ထဲမှ သိရှိလိုသော မေးခွန်းတစ်ခုပင်။
မဟာဧကရာဇ်များက ပါရမီရှင်များကို စုဆောင်းပြီး ပြုစုပျိုးထောင်ရန် အဘယ်ကြောင့် ဤမျှကြိုးစားအားထုတ်ခဲ့ကြသနည်း။
ပါရမီရှင် အများစုက ထိပ်သီး အင်အားစုကြီးများမှ လာသည်။ အကယ်၍ အနာဂတ်တွင် အောင်မြင်မှုများရှိခဲ့လျှင် သူတို့က သူတို့၏ သက်ဆိုင်ရာ အင်အားစုများကို ပြန်သွားကြလိမ့်မည်။ ဒါက မဟာဧကရာဇ်များအတွက် မည်သို့သော ကောင်းကျိုးတစ်စုံတစ်ရာ ရှိစေမည်နည်း။