အခန်း ၁၉၁၁
Vol. 128 Ch. 1911
အပိုင်း ( 1911 ) ကျင့်ကြံမှုနေရာအတွက် တိုက်ခိုက်ခြင်း။
မျက်စိတစ်မှိတ်အတွင်း လဝက်ကြာသွားခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်က ပို၍ပင် ဖရိုဖရဲဖြစ်လာ၏။
တိုက်ပွဲများနှင့် သတ်ဖြတ်မှုများက နေ့စဉ်နှင့်အမျှ ရှိသည်။ ပါရမီရှင်များစွာက နေ့ရက်တိုင်းမှာ သေနေကြတော့သည်။
သို့သော်၊ လုမင်နှင့် အခြားသူများကိုတော့ မည်သူမျှ အနှောင့်အယှက်မပေးခဲ့ပါ။
လုမင်တို့တွင် ပါရမီရှင်များစွာ ရှိသည်။ သူတို့ စုပေါင်းလိုက်သောအခါ အလွန်ကြောက်စရာကောင်း၏။ သဘာဝအတိုင်း၊ လောလောဆယ်မှာတော့ သူတို့ကို မည်သူမျှ အာရုံစိုက်မည် မဟုတ်ပါ။
အချိန်ကြာလာသည်နှင့်အမျှ လူများစွာက အင်အားကြီးမားသော ရန်သူများကို တိုက်ခိုက်ရန် အဖွဲ့များဖွဲ့ကာ စုစည်းလာကြသည်။
သို့တိုင်၊ အုပ်စုတစ်စုကို တိုက်ခိုက်ခဲ့ပြီး အားလုံးနီးပါးကို သတ်ဖြတ်ခဲ့သည်အထိ စွမ်းအားကြီးသော ပါရမီရှင်များ ရှိနေသေးသည်။
ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ရှိ လေထုက အလွန်လေးလံခဲ့သည်။
ထိုသို့သော အခြေအနေအောက်တွင် ပါရမီရှင်အချို့က ယွမ်တောင် မြင့်မြတ်သောကျောင်းတော်မှ ထွက်ခွာသွားကြသည်။
သို့သော်လည်း ထွက်ခွာသွားသူများမှာ လူနည်းစုသာဖြစ်သည်။ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ရှိ ကျင့်ကြံမှုနေရာများက ဆွဲဆောင်မှုရှိလွန်း၏။
ထို့ပြင်၊ မဟာဧကရာဇ်၏ ဟောပြောပို့ချမှုလည်း ရှိသေးသည်။
ဤကဲ့သို့ ကျင့်ကြံမှု အခြေအနေမျိုးကို မည်သည့်နေရာတွင် ရှာဖွေရမည်နည်း။
ယွမ်တောင် မြင့်မြတ်သောကျောင်းတော်တွင် အန္တရာယ်ရှိသော်လည်း လူတစ်ယောက်အတွက် တိုးတက်မှုသည်လည်း အမြန်ဆုံးနေရာ ဖြစ်သည်။
ယွမ်တောင် မြင့်မြတ်သောကျောင်းတော်မှ ထွက်ခွာသွားပါက၊ လူတစ်ဦး၏ ကျင့်ကြံမှု အရှိန်အဟုန်မှာ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်တွင် နေထိုင်သူများ၏ ကျင့်ကြံသူများကို အမှီလိုက်နိုင်တော့မည် မဟုတ်ပေ။
လူတိုင်းက ပါရမီရှင်များ ဖြစ်ကြသည်။ ကွာဟချက် ကြီးမားလာသည်နှင့်အမျှ အခြားသူများကို အမီလိုက်ရန် ခက်လိမ့်မည်။ ကျင့်ကြံမှုလမ်းစဉ်မှာ ရေစီးကြောင်းကို ဆန့်ကျင်ပြီး ခရီးဆက်နေရခြင်း ဖြစ်သည်။ ရှေ့ဆက်မတိုးလျှင် များစွာ နောက်ကျသွားလိမ့်မည်။ အနည်းငယ် နောက်ကျသွားရုံဖြင့် နောက်နောင်မှာ တခြား ပါရမီရှင်များကို အမီလိုက်နိုင်တော့မှာ မဟုတ်ပါ။ သူတို့၏ အနာဂတ် အောင်မြင်မှုများကိုပင် ထိခိုက်နိုင်သည်။
ယွမ်တောင် မြင့်မြတ်သောကျောင်းတော်တွင် လူတစ်ဦးက သူတို့၏ အလားအလာများကို အဆက်မပြတ် ရှာဖွေဖော်ထုတ်နိုင်ပြီး အဆင့်တက်နိုင်ကြမည်။ သူတို့၏ အနာဂတ်အောင်မြင်မှုများကလည်း မှန်းဆလို့ မရပါ။ သို့သော် သူတို့ ထွက်သွားလျှင်တော့ အရာအားလုံးက မသေချာတော့ပေ။
ထို့ကြောင့် လူအနည်းစုသာ ထွက်သွားခဲ့ပြီး အများစုက နေရစ်ခဲ့ကြသည်။
ဖီးနစ်နန်းတော်၏ ပါရမီရှင် ဟွမ်ခုန်းသည် တစ်ချိန်က ဝူထုံသစ်ပင်၏ နှလုံးသားအတွက် ဟွမ်လင်နှင့် ယှဉ်ပြိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်သင့်မြတ်ခဲ့သည်။
ယနေ့တွင် သူက နတ်ဆင်ဂိုဏ်းနှင့် ဖီးနစ်နန်းတော်မှ ပါရမီရှင်အချို့နှင့် တွေ့ဆုံခဲ့သည်။ သူတို့က သူတို့၏ နတ်ဘုရားစွမ်းရည်များကို လေ့ကျင့်ရန် နတ်ဘုရားစွမ်းရည် သန့်စင်ခြင်းတောင်ကြားသို့ ရောက်ရှိခဲ့၏။ သို့သော်လည်း တောင်ကြားအပြင်ဘက်တွင် ရပ်တန့်ခဲ့ရသည်။
"ရပ်လိုက်၊ နတ်ဘုရားစွမ်းရည်သန့်စင်ခြင်း တောင်ကြားကို ကောင်းကင်ဓားမဟာမိတ်က သိမ်းထားတယ်၊ ဘယ်သူမှ ဝင်ရောက်ခွင့်မရှိဘူး"
နတ်ဘုရားစွမ်းရည်သန့်စင်ခြင်း တောင်ကြား အပြင်ဘက်တွင် လူငယ်အနည်းငယ်က ဟွမ်ခုန်းနှင့် အခြားလူများကို ရပ်တန့်လိုက်သည်။
"ကောင်းကင်ဓားမဟာမိတ်... နင်တို့က သိမ်းပိုက်ထားတယ်..."
ဟွမ်ခုန်းနှင့် အခြားသူများက အံ့အားသင့်သွားကြသည်။
"ဟုတ်တယ်၊ အခုထွက်သွားကြတော့"
တစ်ဖက်မှ လူငယ်တစ်ယောက်က မာနထောင်လွှားစွာ ပြောလိုက်သည်။
"အတင့်ရဲလိုက်တာ၊ နတ်ဘုရားစွမ်းရည်သန့်စင်ခြင်း တောင်ကြားကို မဟာဧကရာဇ်က တည်ဆောက်ခဲ့တာ...၊ ကျောင်းတော်ရဲ့ တပည့်အားလုံးက နတ်ဘုရားစွမ်းရည်သန့်စင်ခြင်း တောင်ကြားကို ဝင်ရောက်ခွင့်ရှိတယ်။ ဘာဖြစ်လို့ အပိုင်စီးပြီး အခြားသူတွေကို တားမြစ်ရမှာလဲ"
နတ်ဆင်ဂိုဏ်းမှ ပါရမီရှင်တစ်ဦးက ဒေါသထွက်သွားသည်။
"ဟုတ်တယ်၊ မင်းတို့က အနိုင်ကျင့်လွန်းတယ်"
ဖီးနစ်နန်းတော်မှ တပည့်တစ်ဦးကလည်း ပြောသည်။
"မင်းတို့က မသွားချင်မှတော့ သေလိုက်ကြတော့"
နတ်ဘုရားစွမ်းရည်သန့်စင်ခြင်း တောင်ကြားမှ အေးစက်သော အသံတစ်ခု ထွက်လာသည်။ ရွှေရောင်ဝတ်ရုံရှည်ကြီးဝတ်ထားသည့် လူငယ်လေးက အေးစက်သောအမူအရာဖြင့် အခြားလူငယ်အချို့နှင့်အတူ ထွက်လာခဲ့၏။
ဟွမ်ခုန်းနှင့် အခြားသူများက မျက်နှာပျက်သွားကြတော့သည်။
"နင်တို့က တိုက်ခိုက်ချင်ရင်လည်း ငါတို့က မကြောက်ဘူး။ သွားကြစို့"
ဟွမ်ခုန်းက ပြောလိုက်သည်။ သူက ဦးဆုံးဆုတ်ခွာပြီး လုမင်နှင့် တခြားသူများကို သတင်းပို့လိုသည်။
"မင်း ထွက်သွားလို့ရတယ်လို့ ငါပြောခဲ့လို့လား။ တိုက်ခိုက်ကြ၊ သူတို့အားလုံးကိုသတ်ပစ်လိုက်"
ရွှေရောင် ၀တ်စုံဝတ် လူငယ်က အလွန်ကြီးစိုးသည်။ သူ့လက်ထဲတွင် ရွှေရောင်ဓားတစ်လက်ပေါ်လာပြီး ဟွမ်ခုန်းနှင့် အခြားသူများကို ခုတ်ချလိုက်၏။
ဤလူငယ်၏ ကျင့်ကြံမှုအဆင့်က အလွန်အားကောင်းသည်။ သူက မဟာသူတော်စင်နယ်ပယ်၏ အထွတ်အထိပ်ကို ရောက်နေပြီ။
ဟွမ်ခုန်းနှင့် အခြားသူများတွင် အသန်မာဆုံးဖြစ်သော ဟွမ်ခုန်း၏ ကျင့်ကြံမှုက မဟာသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်သာ ဖြစ်သည်။
"မကောင်းတော့ဘူး၊ နောက်ဆုတ်ကြ"
ဟွမ်ခုန်းက အော်လိုက်သည်။ တစ်ဖက်လူက သူတို့ကို တိုက်ရိုက်တိုက်ခိုက်ပြီး သတ်ဖြတ်ရန် ကြိုးစားသည်အထိ ရမ်းကားမည်ဟု မမျှော်လင့်ခဲ့ပေ။
သို့သော်လည်း တစ်ဖက်လူများက လူပိုများသည်။ သူတို့က တစ်ယောက်ပြီးတစ်ယောက် ပေါ်လာပြီး ဝိုင်းရံလာကြတော့သည်။
"ရွှပ်"
ရွှေရောင်ဝတ်စုံဝတ် လူငယ်က ဖီးနစ်နန်းတော်၏ တပည့်တစ်ဦးကို တစ်ချက်တည်း ခုတ်သတ်ပစ်လိုက်သည်။
ဟွမ်ခုန်း၏ မျက်လုံးများက နီရဲသွားသည်။
"နင် ငါတို့ဖီးနစ်နန်းတော်ရဲ့ တပည့်တွေကို သတ်ဝံ့တယ်လား။ လုမင်နဲ့ တခြားသူတွေက နင့်ကို အလွတ်ပေးမှာမဟုတ်ဘူး"
"ဘာ၊ ဖီးနစ်နန်းတော်ရဲ့ တပည့်တစ်ယောက်လား"
ရွှေရောင်ဝတ်ရုံဝတ် လူငယ်နှင့် အခြားသူများ အံ့သြသွားကြသည်။
တစ်ဖက်လူက ဖီးနစ်နန်းတော်၏ တပည့်ဖြစ်ရန် မမျှော်လင့်ထားပေ။
ဖီးနစ်နန်းတော်က လုမင်နှင့် လုမင်၏အဖွဲ့များကို ကိုယ်စားပြုသည်။
ရွှေရောင်ဝတ်စုံဝတ် လူငယ်လေးက လုမင်နှင့် အခြားသူများ၏ တိုက်ခိုက်ရေးအင်အားကို တွေးတောရင်း ချွေးသီးချွေးပေါက် ကျလာတော့သည်။
သို့သော်လည်း၊ သူတို့က တစ်ဖက်အဖွဲ့မှ လူကို သတ်ခဲ့ပြီးဖြစ်သည်။ တင်းမာမှုများကို ဖြေလျှော့ရန် သူတို့အတွက် မဖြစ်နိုင်တော့ပေ။
"သတ်၊ အားလုံးကိုသတ်ပစ်ကြ။ သူတို့ထဲက တစ်ယောက်မှ မလွတ်စေနဲ့"
ရွှေရောင်ဝတ်စုံဝတ် လူငယ်က အော်ဟစ်လိုက်သည်။
တင်းမာမှုများကို မဖြေလျှော့နိုင်သည့်အတွက် သူတို့အားလုံးကို သတ်ပစ်ရမည်။ ထိုနည်းအားဖြင့် ၎င်းတို့က တရားခံများဖြစ်ကြောင်း မည်သူမျှ မသိနိုင်တော့ပေ။
ကြောက်စရာကောင်းသော တိုက်ခိုက်မှုများက ဟွမ်ခုန်းနှင့် အခြားသူများအပေါ်သို့ ကျရောက်လာခဲ့သည်။ ရန်သူများက အရေအတွက် များပြားသည့်အပြင် ကျင့်ကြံမှုအဆင့်ကလည်း ကွာခြားမှုရှိ၏။ သူတို့က တိုက်ခိုက်မှုများကို မခုခံနိုင်ဘဲ တစ်ဦးပြီးတစ်ဦး သတ်ဖြတ်ခံခဲ့ရတော့သည်။
မကြာမီ၊ ဟွမ်ခုန်း တစ်ယောက်သာ ကျန်သည်။
"သတ်.... သတ်"
ရွှေရောင်ဝတ်စုံဝတ် လူငယ်က ဟွမ်ခုန်းကို ဆက်လက်တိုက်ခိုက်ခဲ့သည်။ မကြာမီ၊ ဟွမ်ခုန်း၏ ခန္ဓာကိုယ်ပေါ်တွင် ဓားဒဏ်ရာတစ်ခု ပေါ်လာသည်။ သူ့ခန္ဓာကိုယ်က နှစ်ခြမ်းကွဲလုနီးပါး ဖြစ်သွား၏။
အကယ်၍၊ သူ့တွင် ဖီးနစ်ဝိညာဉ်ခန္ဓာနှင့် ဖီးနစ်၏ ပြာအတွင်းမှ ရုန်းထွက်နိုင်သော စွမ်းရည်ကြောင့်မဟုတ်လျှင် သူလည်း ရပ်တည်နိုင်တော့မည် မဟုတ်ပေ။
ဖီးနစ်အော်ဟစ်သံကို ကြားလိုက်ရပြီး ဖီးနစ်အတောင်ပံတစ်စုံက ဟွမ်ခုန်း၏ နောက်ကျောတွင် ပေါ်လာသည်။ သူက ဖီးနစ်တောင်ပံများပေါ်သို့ သွေးတစ်လုတ်ကို ထွေးချလိုက်၏။ ဖီးနစ်တောင်ပံများပေါ်သို့ သွေးများကျလာသောအခါ ဖီးနစ်တောင်ပံများပေါ်ရှိ မီးတောက်များက ပြင်းထန်စွာ တောက်လောင်လာတော့သည်။
"ဝှစ်..."
ဟွမ်ခုန်းက ဒဏ်ရာများကို မမှုတော့ဘဲ ဝန်းရံမှုမှ ထိုးဖောက်လိုက်သည်။ သူက လုမင်နှင့် အခြားသူများ စုဝေးရာနေရာဆီသို့ ပျံသန်းသွား၏။
"မကောင်းတော့ဘူး၊ သူ့နောက်ကို လိုက်ကြ"
ရွှေရောင်ဝတ်စုံဝတ် လူငယ်နှင့် အခြားသူများ၏ မျက်နှာများ အမူအရာ ပြောင်းလဲသွားပြီး ဟွမ်လင်နောက်သို့ လိုက်ကြသည်။ သို့သော်၊ ဟွမ်ခုန်းက လျှို့ဝှက်နည်းလမ်းကို အသုံးပြုခဲ့၏။ သူ့အရှိန်က အံ့မခန်း မြန်ဆန်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အစရှာမရအောင် ပျောက်ကွယ်သွားတော့သည်။
ရွှေရောင်ဝတ်စုံဝတ် လူငယ်က မျက်နှာပျက်သွားသည်။
လုမင်နှင့် အခြားသူများသာ ဟွမ်ခုန်းမှတဆင့် အခြေအနေကို သိရှိခဲ့လျှင် မည်သို့ဖြစ်မည်နည်း။
သူ့မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာခဲ့သည်။
"လုမင်နဲ့ အခြားသူတွေက နတ်ဘုရားစွမ်းရည်သန့်စင်ခြင်း တောင်ကြားအတွက် တိုက်ခိုက်ဖို့ လာတော့မယ်လို့ မဟာမိတ်ခေါင်းဆောင်ကို သတင်းပို့လိုက်တော့"
..........
လုမင်တို့၏အဖွဲ့ တည်းခိုနေထိုင်ရာ တောင်ပေါ်တွင်...
လုမင်၊ ဟွမ်လင်နှင့် အခြားသူများက တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်။ ထိုစဉ်၊ လူတစ်ယောက်က ရုတ်တရက် ပြေးဝင်လာပြီး သတင်းပို့လိုက်၏။
"မကောင်းတော့ဘူး၊ ကျုပ်တို့လူတချို့ အသတ်ခံလိုက်ရပြီ"
သတင်းပို့လာသူမှာ ဖီးနစ်နန်းတော်မှ ပါရမီရှင်ဖြစ်ပြီး လွန်စွာ ဒေါသထွက်နေပုံရသည်။
"ဘာ"
လုမင်နှင့် အခြားသူများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။ ခဏအကြာတွင် သူတို့က ခြံအပြင်ဘက်သို့ ရောက်လာကြပြီး မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ဟွမ်ခုန်းကို တွေ့လိုက်ရ၏။ ယခုအချိန်တွင်၊ သူ့ခန္ဓာကိုယ်ကို ဖီးနစ်မီးတောက်များဖြင့် ဖုံးလွှမ်းနေပြီး သူ့တကိုယ်လုံးကလည်း သွေးများဖြင့် ရွှဲနေတော့သည်။
ဟွမ်လင်၏မျက်နှာက မည်းမှောင်သွားသည်။ သူက လက်ကိုဝှေ့ယမ်းလိုက်သောအခါ အင်မော်တယ်မီးလျှံက ဟွမ်ခုန်းကို ဖုံးလွှမ်းသွား၏။ အင်မော်တယ်မီးလျှံ၏ အကူအညီဖြင့် ဟွမ်ခုန်း၏ ဒဏ်ရာများက လျင်မြန်စွာပျောက်ကင်းသွားခဲ့သည်။ ခဏအကြာတွင် အပြည့်အဝ ပြန်လည်ကောင်းမွန်လာတော့သည်။
"ဟွမ်ခုန်း၊ ဘယ်လိုဖြစ်တာလဲ"
ဟွမ်လင်က မေးသည်။
"ကျွန်မတို့လူတွေ အသတ်ခံခဲ့ရပြီ..."
ဟွမ်ခုန်းက အဖြစ်အပျက်ကို ချက်ချင်း ပြောပြလိုက်သည်။
"ကောင်းကင်ဓားမဟာမိတ်... သူတို့က သေချင်နေကြတာပဲ"
ဟွမ်လင်၏ ခန္ဓာကိုယ်မှ အေးစက်သော သတ်ဖြတ်လိုစိတ်တို့ ထုတ်လွှတ်လာခဲ့သည်။
"ကြည့်ရတာ ကျင့်ကြံမှုမြေအတွက် စတင်တိုက်ခိုက်လာကြပြီထင်တယ်။ လူတွေကိုစုပြီး သွားကြရအောင်"
လုမင်က အော်လိုက်သည်။
မကြာမီပင် လုမင်၊ ချင်ယွဲ့၊ ဟွမ်လင်၊ လော့ထျန်းယီ၊ လုံချန်၊ ဟွမ်လီနှင့် အခြားသူများက နတ်ဘုရားစွမ်းရည်သန့်စင်ခြင်း တောင်ကြားသို့ ဦးတည်ထွက်လာကြတော့သည်။
သူတို့လူများ၏ သေဆုံးမှုအတွက် လက်စားချေရမည် ဖြစ်သည်။
လုမင်နှင့် အခြားသူများက နတ်ဘုရားစွမ်းရည်သန့်စင်ခြင်း တောင်ကြားသို့ ရောက်ရှိသောအခါ တောင်ကြားအပြင်ဘက်တွင် လူတစ်ရာကျော်ခန့် စုရုံးရောက်ရှိနေကြပြီ။
"အဲဒါက သူပဲ။ သူတို့က ဘာစကားမှမပြောဘဲ ကျွန်မတို့လူတွေကို သတ်လိုက်တာ"
ဟွမ်ခုန်းက လူအုပ်ထဲရှိ ရွှေရောင်ဝတ်စုံဝတ် လူငယ်ကို ညွှန်ပြလိုက်သည်။
"ထွက်လာပြီး အသေခံစမ်း"
လုမင်က ရွှေရောင်ဝတ်စုံဝတ်လူငယ်ကို စူးစိုက်ကြည့်ပြီး အော်ပြောလိုက်သည်။ ရွှေရောင်ဝတ်စုံဝတ်လူငယ်၏ မျက်နှာက ဖြူဖျော့သွားတော့သည်။