← Chapters

အခန်း ၁၉၁၇

Vol. 128 Ch. 1917

အခန်း ၁၉၁၇

Vol. 128 Ch. 1917

အပိုင်း ( 1917 ) တစ်နှစ်ခွဲ ကြာပြီးနောက်။

ယုကျစ်နှင့် တစ်ခုတည်းသော နတ်နန်းတော်မှ အခြားသူများမှာ မျက်နှာပျက်သွားကြသည်။ သူတို့က ချာခနဲ လှည့်ပြေးသွားကြပြီး "မင်းတို့ စောင့်နေကြ"ဆိုသော စကားသံတစ်သံသာ အဝေးမှ ပျံ့လွင့်ကျန်ခဲ့တော့သည်။

"ဟမ့်၊ လူပြက်တွေပဲ"

ဟွမ်လီက လှောင်ပြောင်ပြီး စားသောက်ရန် စားပွဲကို ပြန်လာခဲ့လိုက်သည်။

အချိန်အတန်ကြာ သောက်စားနေကြပြီးနောက် စားသောက်ပွဲက ပြီးသွားလေသည်။

နဂါးမဟာမိတ်တွင် ပါဝင်သူများက အစီရင်ဓာတ်ပြား၏ အကွာအဝေးအတွင်းတွင် နေထိုင်ခဲ့ကြသည်။

တစ်ဖက်မှာတော့ နဂါးမဟာမိတ် တည်ထောင်ခြင်းနှင့် တတိယမြောက် အစီရင်ဓာတ်ပြား ထွက်ပေါ်လာခြင်းက ယွမ်တောင် မြင့်မြတ်သောကျောင်းတော်၏ အခြေအနေကို ပိုတင်းမာလာစေသည်။

အစီရင်ဓာတ်ပြားလေးခုတွင် သုံးခုပေါ်လာပြီးဖြစ်သောကြောင့် တစ်ခုသာကျန်တော့သည်။

ကျန်မဟာမိတ်အဖွဲ့ငယ်များက ပိုမိုပြင်းထန်စွာ ယှဉ်ပြိုင်ခဲ့ကြသည်။ သူတော်စင်စစ်မြေပြင်တွင် သတ်ဖြတ်ခြင်းများကလည်း နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေတော့သည်။

ဆယ်ရက်ကျော် ယှဉ်ပြိုင်ပြီးနောက်၊ စတုတ္ထမြောက် အစီရင်ဓာတ်ပြားကို မဟာမိတ်အဖွဲ့တစ်ခုမှ ရရှိခဲ့သည်။ ၎င်းက စစ်သူရဲမဟာမိတ်ပင်။

ဤမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်က သူတော်စင်ဘုရင်စာရင်းတွင် တတိယအဆင့်ရှိ ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူက အလွန်အစွမ်းထက်ပေသည်။

ဤသို့ဖြင့် အစီရင်ဓာတ်ပြား လေးခုစလုံးကို ရယူခဲ့ပြီး မဟာမိတ်အဖွဲ့ကြီးလေးခုကို ဖွဲ့စည်းခဲ့ကြသည်။

ကျန်သော အုပ်စုငယ်များနှင့် မဟာမိတ်များလည်း အကာအကွယ်ရယူရန် ဤမဟာမိတ်လေးခုနှင့် အသီးသီး ပူးပေါင်းခဲ့ကြလေသည်။

အစီရင်ဓာတ်ပြား၏ အကာအကွယ်မပါဘဲ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်တွင် နေထိုင်ခြင်းမှာ အလွန်အန္တရာယ်များသည်။ အချိန်မရွေး တိုက်ခိုက်ခံရနိုင်ချေရှိ၏။

ထို့ကြောင့် မဟာမဟာမိတ် လေးခုတွင် မပါဝင်သူက အလွန်နည်းပါးသည်။ သေမင်း၏သားတော် မရဏဓားကဲ့သို့ အစွမ်းထက်သော တစ်ကိုယ်တော်ကျင့်ကြံသူများက အနည်းငယ်မျှသာ ရှိသည်။ သူတို့‌ကတော့ တစ်ဦးတည်း လွတ်လပ်စွာ သွားလာဝံ့ပေသည်။

သူတို့ကိုလည်း မည်သူမျှ မစော်ကားဝံ့ပေ။

သူတို့က မည်သည့်နေရာသို့သွားပြီး လေ့ကျင့်ပါစေ၊ မည်သူမျှ မတားဆီးဝံ့ပါ။

သူတို့က အလွန်အစွမ်းထက်ကြသည်။ မရဏဓားဆိုလျှင်လည်း ဟန်ရှင်းဟဲမှတပါး သူ့ကို အနိုင်ယူနိုင်သည်ဟု မည်သူမျှ မပြောနိုင်ပေ။

သို့သော်လည်း ဤနည်းဖြင့် မရဏဓားသည် နဂါးမဟာမိတ်နှင့် မသက်ဆိုင်ကြောင်း အတည်ပြုခဲ့သည်။

သို့ရာတွင်၊ လူအများစုကတော့ ကောင်းကင်ဧကရာဇ်မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ခဲ့ကြသည်။ သံသယဖြစ်ဖွယ်မရှိဘဲ ကောင်းကင်ဧကရာဇ် မဟာမိတ်အဖွဲ့က အင်အားအကြီးဆုံး မဟာမိတ်တစ်ခု ဖြစ်လာပေသည်။

တစ်စုံတစ်ဦးက ၎င်းတို့၏အင်အားအရ မဟာမဟာမိတ်လေးခုကို အဆင့်သတ်မှတ်ခဲ့ရာ...

ကောင်းကင်ဧကရာဇ် မဟာမိတ်အဖွဲ့က ပထမ ဖြစ်သည်။

နဂါးမဟာမိတ်က ဒုတိယ ဖြစ်၏။

နတ်မီးလျှံမဟာမိတ်နှင့် စစ်သူရဲ မဟာမိတ်တို့က တတိယနှင့် စတုတ္ထ အသီးသီးရှိကြသည်။

နောက်ပိုင်းကာလများတွင် ယွမ်တောင် မြင့်မြတ်သောကျောင်းတော်က ပို၍ပင် ဖရိုဖရဲဖြစ်ခဲ့သည်။ မဟာမိတ်ကြီးလေးခုသည် ကျင့်ကြံမှုနေရာများအတွက် ယှဉ်ပြိုင်ရန်အတွက် စတင်တိုက်ခိုက်သတ်ဖြတ်တော့သည်။

လအနည်းငယ်ကြာမှသာ တိုက်ပွဲများလည်း နောက်ဆုံး ရပ်တန့်သွားခဲ့သည်။

မဟာမိတ်ကြီးလေးခုက ကျင့်ကြံမှုနေရာအချို့ကို ကိုယ်စီသိမ်းပိုက်ခဲ့ပေသည်။ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်သည်လည်း တည်ငြိမ်သော ကာလတစ်ခုသို့ ဝင်ရောက်ခဲ့သည်။

မဟာမိတ်ကြီးလေးခု၏ ပါရမီရှင်များက နေရာတစ်ခုစီကို သိမ်းပိုက်ထားပြီး အစွမ်းရှိသမျှ ကြိုးကြိုးစားစား လေ့ကျင့်ကြ၏။

ထိုအချိန်အတောအတွင်း၊ လုမင်က ယုံကြည်စိတ်ချရသောလူအချို့ကို ရွေးချယ်ပြီး ၎င်းတို့၏ ဝိညာဉ်ခန္ဓာများကို သန့်စင်ရန်နှင့် ၎င်းတို့၏ ဝိညာဉ်ခန္ဓာအဆင့်ကို မြှင့်တင်ရန် တာ့ယန်ဆေးမီးဖိုကို အသုံးပြုခဲ့သည်။

ဥပမာအားဖြင့် ဟွမ်မျိုးနွယ်၏ အလယ်အလတ်တန်းစား ကောင်းကင်ဝိညာဉ်ခန္ဓာဖြင့် ပါရမီရှင် လေးယောက်ကို အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာများအဖြစ် မြှင့်တင်ပေးခဲ့သည်။ ဤသို့ဖြင့် သူတို့၏ခွန်အားက အလွန်တိုးတက်လာပေသည်။

ရွယ်နင်ရှင်းသည်ပင် တာ့ယန်ဆေးမီးဖို၏ အကူအညီဖြင့် သူ၏ဝိညာဉ်ခန္ဓာကို အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာအဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့သည်။

မူလကပင်၊ ရွယ်နင်ရှင်း၏ မူလခန္ဓာမှာ အစစ်အမှန်နဂါး ဖြစ်သည်။ တာ့ယန်ဆေးမီးဖို၏ အကူအညီကို ရရှိသောအခါ သူ၏ ဝိညာဉ်ခန္ဓာက လျင်မြန်စွာ တိုးတက်ခဲ့ပေသည်။

ခြုံပြောရလျှင်၊ နဂါးမဟာမိတ် တစ်ခုလုံး၏ အင်အားက စဉ်ဆက်မပြတ် တိုးတက်နေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်နှစ်ကျော်ကြာလာခဲ့ပြီ။

ယခုအခါ၊ မဟာဧကရာဇ်က တာအိုတရား ဟောပြောပို့ချမှုပြီး စည်းမျဉ်းသစ်များကို ထုတ်ပြန်ကြေညာပြီးနောက် တစ်နှစ်ခွဲကြာသွားခဲ့ပြီ ဖြစ်သည်။

ဤကာလအတွင်း၌ လုမင်သည် အခြားသူများ၏ ဝိညာဉ်ခန္ဓာများကို တိုးတက်စေရန် မကြာခဏ ကူညီပေးခဲ့သော်လည်း၊ သူ့ကိုယ်ပိုင် ကျင့်ကြံမှုကို လျစ်လျူမရှုခဲ့ပေ။ သူ အချိန်အကြာဆုံး ကုန်ဆုံးခဲ့သော နေရာက သူတော်စင်စစ်မြေပြင် ဖြစ်သည်။ သူတော်စင်စစ်မြေပြင်တွင်၊ သူသည် တိုက်ပွဲများမှတစ်ဆင့် သူ၏ကိုယ်ပိုင်စွမ်းရည်ကို လှုံ့ဆော်ရန်အတွက် မိစ္ဆာသားရဲများနှင့် တိုက်ခိုက်ခဲ့သည်။

လုမင်၏ ကျင့်ကြံမှုကလည်း အန္တိမသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်သို့‌ ရောက်ရှိသွားခဲ့ပြီ။

ချင်ယွဲ့၊ ဟွမ်လင်၊ ဟွမ်လီ၊ လုံချန်နှင့် အခြားသော ဘုရင်ခန္ဓာများသည်လည်း အန္တိမသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်သို့ ရောက်ရှိခဲ့ကြသည်။ လော့ထျန်းယီဆိုပါက အန္တိမသူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့်သို့ပင် ရောက်ရှိသွားချေပြီ။

ကျင့်ကြံမှုအဆင့် မြင့်မားလေ အောင်မြင်မှုရရှိရန် ခက်ခဲလေ ဖြစ်သည်။ တစ်နှစ်ကျော်အတွင်း ဤကဲ့သို့ တိုးတက်နိုင်ခြင်းမှာ အလွန်လျင်မြန်နေပြီဟု ဆိုနိုင်ပေသည်။ ၎င်းမှာ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်၏ ကောင်းမွန်သော ကျင့်ကြံမှုအခြေအနေများကြောင့်လည်းပါဝင်သည်။

သာမာန်အတိုင်း လေ့ကျင့်မည်ဆိုလျှင် ဤမျှမြန်ဆန်မည် မဟုတ်ပေ။

နတ်ဘုရားစွမ်းရည်ပိုင်းမှာတော့ လုမင်၏ နတ်ဘုရားစွမ်းရည်သည် ကိုးဆယ်ရာခိုင်နှုန်းအထိ ပေါက်မြောက်နေပြီဖြစ်သောကြောင့် တိုးတက်မှုများ ပို၍နှေးကွေးလာခဲ့သည်။

တစ်နှစ်ခွဲကြာပြီးနောက်၊ လုမင်၏ နတ်ဘုရားစွမ်းရည်က ကိုးဆယ့်သုံး ရာခိုင်နှုန်းသာ ရှိသေးသည်။ ခြေလှမ်းတိုင်းက အလွန်ခက်ခဲသည်။

အထူးသဖြင့်၊ ပြီးပြည့်စုံနီးလေလေ... ပိုခက်လေပင်။

ဟန်ရှင်းဟဲဆိုလျှင်လည်း လွန်ခဲ့သော တစ်နှစ်ခွဲခန့်ကပင် အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံမှုအဆင့်သို့ ရောက်ရှိခဲ့ပြီးသည့်တိုင် အဆင့်မတက်နိုင်သေးပေ။ နောက်တစ်ဆင့်တက်ပြီး ဧကရာဇ်တစ်ပိုင်းအဆင်သို့ ရောက်ရှိရန်မှာ တကယ်ကို မလွယ်ကူလှပါ။

............

ကောင်းကင်ဧကရာဇ်မြို့တော်သည် ယွမ်တောင်ရှိ နယ်မြေဒေသကြီးကိုးခုအနက် အကြီးဆုံးနယ်မြေ ဖြစ်သည်။ ၎င်း၏ အလုံးစုံအင်အားက ရှေးဟောင်းလ မြင့်မြတ်နယ်မြေထက် များစွာ အားကောင်းပေသည်။

ကောင်းကင်ဧကရာဇ်မြို့တော်တွင် ထိပ်သီး ရှေးဟောင်းမိသားစုတချို့လည်း ရှိသည်။ ၎င်းတို့အားလုံးက ရှေးကျသော အမွေအနှစ်များ ရှိကြ၏။ သူတို့၏ အခြေခံအုတ်မြစ်က အလွန်ခိုင်မာသည်။

ကောင်းကင်ဧကရာဇ်မှ ဆင်းသက်လာသူဟု လူသိများသော ဟန်မိသားစုက ၎င်းတို့အနက်မှ တစ်ခုဖြစ်ပေသည်။

ဟဲမိသားစုကလည်း ၎င်းတို့ထဲမှ တစ်ခု ဖြစ်သည်။ သူတို့၏ ခွန်အားနှင့် အခြေခံအုတ်မြစ်က တုနှိုင်းမရလောက်အောင် ခိုင်မာပြီး ဟန်မိသားစုကဲ့သို့ ကျော်ကြား၏။ ထို့အပြင် ဟန်မိသားစုနှင့် ဟဲမိသားစုတို့က အချင်းချင်း ရန်ငြိုးဖွဲ့ကြပြီး အမြဲတစေ ပြိုင်ဆိုင်နေတတ်ကြသည်။ လွန်ခဲ့သော အနှစ်တစ်ထောင်က မိသားစုနှစ်စုကြားတွင် ရက်စက်ကြမ်းကြုတ်သော စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့သေးသည်။ အသေအပျောက်ကလည်း အလွန်ပြင်းထန်ခဲ့သည်။ သူတို့ကြားတွင် အနည်းငယ် ငြိမ်သက်မှုရှိလာသည်မှာ ရာစုနှစ်အနည်းငယ်မျှသာ ကြာသေးသည်။

ဟဲမိသားစု၏ အိမ်တော်က အလွန်ကျယ်ပြောပြီး အကန့်အသတ်မဲ့ နေရာတို့ကို သိမ်းပိုက်ထားသည်။

ဟဲမိသားစု အိမ်တော်တွင် မရေမတွက်နိုင်သော ဘုံဗိမာန်များနှင့် အဆောင်များသာမက တောင်များ၊ မြစ်များပင် ပါဝင်သေးသည်။ အိမ်တော်ဟု ဆိုရသော်လည်း တကယ်တမ်းတွင် တိုင်းပြည်တစ်ခုနှင့်ပင် တူလှသည်။

ယခုအချိန်၊ ဟဲမိသားစု အိမ်တော်၏ တောင်ထွတ်တစ်ခုတွင် လူတချို့ ရပ်နေကြသည်။

တစ်ယောက်က ကြင်နာတတ်ပုံရသော ဆံဖြူအဘိုးအိုတစ်ဦး ဖြစ်သည်။ သူ့အနားမှာတော့ ကိုယ်ခန္ဓာ တောင့်တင်းကြံ့ခိုင်သော လူငယ်တစ်ဦး ရပ်နေ၏။

ထိုလူနှစ်ယောက်မှာ ရေခဲနဂါးတောင်ကြားသခင်နှင့် ထျန်းချွေးတို့ ဖြစ်သည်။

သူတို့နှင့် မနီးမဝေးတွင် နောက်ထပ် အဘိုးအိုတစ်ဦးလည်း ရှိသေးသည်။

ဤအဘိုးအိုက ရာသီလေးခု၏ မတူညီသောရှုခင်းပုံစံများဖြင့် ချည်ထိုးထားသော ဝတ်စုံကို ၀တ်ဆင်ထားသည်။

သို့သော်လည်း သူသည် ရေခဲနဂါးတောင်ကြားသခင်ထက် များစွာ အသက်ကြီးပုံရသည်။ သူ့မျက်နှာတွင် ဇရာ၏ အရေးအကြောင်းများက ပြည့်နှက်နေ၏။ သူ့ဆံပင်များက ကျဲပါးနေပြီး မီးစာကုန် ဆီခန်းတော့မည် လူအိုတစ်ယောက်လိုပင်။

သို့ရာတွင်၊ သူ့မျက်လုံးများမှ ကြောက်မက်ဖွယ်ကောင်းသော အလင်းတချို့ကို မြင်နိုင်သည်။ သူက အလွန်ကြောက်စရာကောင်းသော ကျွမ်းကျင်သူတစ်ဦးဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။

သို့သော်လည်း သူတို့သုံးယောက်က တောင်ထိပ်ဗဟိုမှာ တင်ပျဉ်ခွေထိုင်နေသော မိန်းမငယ်တစ်ဦးကို ကြည့်နေကြသည်။

ဤမိန်းမငယ်က လုမင်၏ ပထမဆုံးတပည့် လုရှန်းရှန်းပင်။

ထိုအချိန်တွင် လုရှန်းရှန်း၏ ခန္ဓာကိုယ်မှ လျှို့ဝှက်ဆန်းကြယ်သော အလင်းများ ထွက်လာခဲ့သည်။ တောင်ထွတ်၏ အနီးတစ်ဝိုက်က အဆုံးမဲ့ အသက်ဓာတ်တို့ဖြင့် ပြည့်နှက်နေူည်။ မရေမတွက်နိုင်သော ပန်းပင်များနှင့် သစ်ပင်များက လျင်မြန်စွာ ကြီးထွားလာ၏။ သစ်ပင်ငယ်များက မြင့်မားသော ရှေးဟောင်းသစ်ပင်များအဖြစ်သို့ ပြောင်းလဲသွားပြီး သာမာန်မြက်ပင်အချို့သည်ပင် ဝိညာဉ်ဆေးပင်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"ဝုန်း"

ခဏအကြာတွင်၊ လုရှန်းရှန်း၏ အငွေ့အသက်တို့က ရုတ်တရက် မြင့်မားလာခဲ့သည်။

"သူ အဆင့်တက်သွားပြီ"

ဘေးဘက်တွင် ပိန်ပိန်ပါးပါး အဘိုးအို၊ ရေခဲနဂါးတောင်ကြားသခင်နှင့် ထျန်းချွေးတို့၏ မျက်လုံးများက တောက်ပသွားကြသည်။ တချိန်တည်းမှာပင် သူတို့က အံ့သြသွား၏။

လုရှန်းရှန်းက အဆင့်တက်ပြီး မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ်သို့ ချိုးဖြတ်သွားခဲ့ပြီ။

အထူးသဖြင့် ရေခဲနဂါးတောင်ကြားသခင်နှင့် ထျန်းချွေးတို့မှာ လုံးဝ အံ့အားသင့်သွားကြသည်။

သူတို့သည် စန်းပြည်နယ်မှ လွတ်မြောက်လာသောအခါ ရှန်းရှန်း၏ ကျင့်ကြံမှုက အဆင့်မြင့် သိုင်းအုပ်ချုပ်သူနယ်ပယ်တွင်သာ ရှိသေးသည်။ ယခုမူ၊ ယခု နှစ်အနည်းငယ်ကြာပြီးနောက် ရှန်းရှန်း၏ ကျင့်ကြံမှုက မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

ထို့ပြင်၊ လုရှန်းရှန်းက အသက် ဆယ့်ငါးနှစ်ပင် မပြည့်သေးပါ။

နာရီအနည်းငယ်ကြာပြီးနောက် လုရှန်းရှန်းက သူ၏ အရှိန်အဝါများကို ရုတ်သိမ်းလိုက်သည်။ သူက မျက်လုံးကိုဖွင့်ကာ ထရပ်လိုက်၏။

နှစ်အနည်းငယ်ကြာပြီးနောက် ရှန်းရှန်းက ချောမောလှပသော မိန်းကလေးတစ်ဦး ဖြစ်လာခဲ့သည်။ သူက အရပ်ပိုမြင့်လာပြီး ရုပ်ဆင်းသွင်ပြင်ကလည်း နှစ်ခါပြန် ငေးမောစရာပင်။ သူက အရွယ်ရောက်လျှင် တိုင်းပြည်များကိုပင် ပြိုပျက်စေနိုင်သော မိန်းမလှလေးတစ်ဦးဖြစ်လာရန်ပင် အလားအလာရှိသည်။

"ဟားဟားဟား၊ မဆိုးဘူး။ ရှန်းရှန်း... မင်းကို ဒီလောက်မြန်မြန် အဆင့်တက်ပြီး မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ်ကို ရောက်ဖို့ ငါမမျှော်လင့်ထားဘူး။ ဒီလိုအောင်မြင်မှုက ယွမ်တောင် တစ်ခုလုံးမှာတောင် ရှားတယ်"

ပိန်ပိန်ပါးပါး အဘိုးအိုက ရယ်မောလိုက်သည်။

"ချီးမွမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ ဟဲကောင်း"

ရှန်းရှန်းက အဘိုးအိုကို ဦးညွတ်ပြလိုက်သည်။

All Chapters