အခန်း ၁၉၂၁
Vol. 129 Ch. 1921
အပိုင်း ( 1921 ) ဆရာနှင့် တပည့် ပြန်ဆုံကြပြီ။
အားလုံးက ကစဉ့်ကလျားကျောက်အတွက် အပြိုင်အဆိုင် ဈေးပေးလိုက်ကြသည်။ မကြာမီ၊ ကစဉ့်ကလျားကျောက်၏ ဈေးနှုန်းက အဆင့်မြင့် ကျောက်ကြမ်း ငါးသိန်းအထိ ရောက်ရှိသွား၏။
သို့သော်လည်း ဤစျေးနှုန်းသို့ ရောက်လာပြီးနောက် လေလံဆွဲသူ အရေအတွက်က အလွန်လျော့နည်းသွားခဲ့သည်။
နောက်ဆုံးတွင် ဤကစဉ့်ကလျားကျောက်မှာ ကစဉ့်ကလျားချီ မရှိတော့ပေ။ ၎င်းကို လက်နက်သန့်စင်ခြင်းအတွက် ပစ္စည်းတစ်မျိုးအဖြစ်သာ ယူဆနိုင်သည်။ ထို့ပြင်၊ ၎င်းကို ဧကရာဇ်လက်နက်များ သန့်စင်ရန်အတွက် အသုံးပြုနိုင်သော်လည်း မအောင်မြင်ပါက ပျက်စီးသွားလိမ့်မည်။
ထို့ကြောင့်၊ ပြီးပြည့်စုံသော ဧကရာဇ်လက်နက် မဟုတ်ပါက စျေးနှုန်းသည် ဤမျှမြင့်မားမည် မဟုတ်ပါ။
မကြာမီ၊ ဈေးနှုန်းက ကျောက်ကြမ်း ရှစ်သိန်းအထိ ရောက်ရှိသွားသည်။ ထိုအချိန်တွင် ဈေးပိုပေးမည့်သူ မရှိတော့ပေ။
"ကျောက်ကြမ်း ရှစ်သိန်း... ရှစ်သိန်းထက် ပိုပေးမဲ့သူ ရှိပါသေးသလား"
လေလံပွဲ တာဝန်ခံက မေးလိုက်သည်။ သူ့အသံက ခန်းမထဲတွင် ပဲ့တင်ထပ်သွား၏။
"တစ်သန်း"
ထိုအချိန်တွင် လုမင်က ဈေးစတင်ပေးလိုက်သည်။
သူ ယခင်က ဈေးမပေးခဲ့ခြင်းမှာ နောက်ဆုံးအချိန်ထိ စောင့်ဆိုင်းလိုသောကြောင့် ဖြစ်သည်။
တာဝန်ခံ၏ မျက်လုံးများက တောက်ပလာသည်။ သူက လုမင်ကို ကြည့်ပြီး အော်ပြောလိုက်၏။
"ဒီသခင်လေးက အဆင့်မြင့်ကျောက်ကြမ်း တစ်သန်း ဈေးပေးထားပါတယ်။ ပိုပေးလိုတဲ့သူ ရှိပါသေးသလား"
ထို့နောက် အဘိုးအိုက သုံးကြိမ်တိုင်တိုင် မေးလိုက်သော်လည်း ဈေးပေးမည့်သူ မရှိတော့ပေ။
ကစဉ့်ကလျားချီ မပါဝင်သော ကစဉ့်ကလျားကျောက်ကို အဆင့်မြင့်ကျောက်ကြမ်း တစ်သန်းအထိ ပေးလိုက်ခြင်းက အလွန်ဈေးကြီးနေပြီ ဖြစ်သည်။ သဘာဝအတိုင်း မည်သူမျှ ဈေးမပေးလိုကြတော့ပေ။
အဆုံးတွင်၊ လုမင်က အဆင့်ကျောက်ကြမ်း တစ်သန်းဖြင့် ကစဉ့်ကလျားကျောက်ကို ဝယ်ယူခဲ့သည်။
မကြာမီ ငယ်ရွယ်ပြီး လှပသော အမျိုးသမီးတစ်ဦးက ကစဉ့်ကလျားကျောက်တုံးကို ယူဆောင်ပြီး လုမင်ထံသို့ ရောက်လာသည်။
"သခင်လေး၊ ဒါက ကစဉ့်ကလျားကျောက်ပါ"
မိန်းမငယ်က ပြောလိုက်သည်။
"တစ်ဆိတ်လောက်ပါ၊ ငွေပေးချေဖို့အတွက် ဧကရာဇ်လက်နက်ကို အသုံးပြုလို့ ရမလား"
လုမင်က မေးသည်။
"ရပါတယ်"
မိန်းမငယ်က ပြုံးလိုက်၏။
"ကောင်းပြီ"
လုမင် ခေါင်းညိတ်လိုက်သည်။ သူက လက်ဝါးဖြန့်လိုက်သောအခါ အတောင်ပံလေးတစ်စုံ ပေါ်လာသည်။ ထို့နောက် အတောင်များက တဖြည်းဖြည်းကြီးမားလာပြီး အင်အားကြီးမားသော ဧကရာဇ်အငွေ့အသက်တို့ကို ထုတ်လွှတ်လိုက်၏။
လုမင်က ရွှေကျီးကန်းမင်းသားထံမှ ဤတောင်ပံတစ်စုံကို ရယူခဲ့ခြင်း ဖြစ်သည်။
"ဟင်... ဧကရာဇ်လက်နက်"
လူအများ၏ မျက်လုံးများက တောက်ပလာသည်။
"ဒီကောင်လေးကို ငယ်ငယ်ရွယ်ရွယ်နဲ့ ဧကရာဇ်လက်နက်ရှိမယ်လို့ မမျှော်လင့်ထားဘူး"
လူတချို့၏ မျက်လုံးများက လောဘဇောများဖြင့် တောက်ပလာသည်။
"သူက အရမ်းငယ်ပေမဲ့ ဧကရာဇ်လက်နက်ကို ပိုင်ဆိုင်ထားနိုင်ပုံထောက်ရင် ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ရဲ့ ပါရမီရှင်တစ်ယောက် ဖြစ်ပုံရတယ်"
တခြားတစ်ယောက်ယောက်က ပြောလိုက်၏။ ထိုစကားများက လောဘဇောတက်သူတို့၏ နှလုံးသားကို တုန်လှုပ်စေကာ ချက်ချင်း စိတ်လျှော့သွားကြတော့သည်။
ယွမ်တောင် မြင့်မြတ်သောကျောင်းတော်၏ ပါရမီရှင်များ အားလုံးနီးပါးက စွမ်းအားကြီးမားသော အင်အားစုများမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။ ထိုလူများကို ပစ်မှတ်ထားဝံ့ပါက ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်ခြင်း ဖြစ်လိမ့်မည်။
"သခင်လေးအနေနဲ့ ဧကရာဇ်လက်နက်နဲ့ ပေးချေချင်ရင် ဒါကို လေလံတင်လို့ရပါတယ်။ ပြီးတော့ ပိုတဲ့ငွေကို သခင်လေးကို ပြန်ပေးမှာပါ"
မိန်းမငယ်က ပြုံးလျက် ပြောလိုက်သည်။
"ဒါဆိုရင် ဒီလိုပဲလုပ်ကြတာပေါ့"
လုမင်က ခေါင်းညိတ်ပြပြီး ဧကရာဇ်လက်နက်ကို မိန်းမငယ်ထံ ချက်ချင်း ပေးလိုက်သည်။ မိန်းမငယ်က ကစဉ့်ကလျားကျောက် ထည့်သွင်းထားသော သိုလှောင်လက်စွပ်ကို လုမင်အား ကမ်းပေးလိုက်၏။
ထို့နောက် လုမင်၏ ဧကရာဇ်လက်နက်ကို လေလံတင်ရောင်းချခဲ့သည်။
နောက်ဆုံးတွင်၊ ထိုဧကရာဇ်လက်နက်ကို အဆင့်မြင့် ကျောက်ကြမ်းငါးသန်းဖြင့် ရောင်းချခဲ့ပေသည်။ ကျောက်ကြမ်းတစ်သန်းနှင့် လေလံခကို နုတ်ယူပြီးနောက် လုမင်က အဆင့်မြင့်ကျောက်ကြမ်း လေးသန်းနီးပါးကို ရရှိခဲ့သည်။
လေလံပွဲက ဆက်လက်ကျင်းပနေပြီး နောက်ပိုင်းသို့ ရောက်လာလေလေ၊ ရတနာများက တန်ဖိုးကြီးလေလေပင်။ ဧကရာဇ်ငယ်များနှင့် စစ်မှန်သော သိုင်းဧကရာဇ်များပင်လျှင် ရတနာအချို့အတွက် လေလံဆွဲရာတွင် ပါဝင်ခဲ့ကြသည်။ စျေးနှုန်းများကလည်း လုမင်ကိုပင် ပါးစပ်အဟောင်းသား ဖြစ်စေခဲ့ပေသည်။
ထိုသိုင်းဧကရာဇ်ငယ်များ၊ စစ်မှန်သော သိုင်းဧကရာဇ်များနှင့် နှိုင်းယှဉ်ပါက သူ၏ ပိုင်ဆိုင်မှုများမှာ သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာ ဖြစ်သည်။
နောက်ဆုံးပစ္စည်းကို အောင်မြင်စွာ လေလံတင်ရောင်းချပြီးနောက် လေလံပွဲက ပြီးဆုံးခဲ့လေသည်။
လေလံပွဲပြီးဆုံးပြီးနောက် လုမင်က လေလံခန်းမှ ကြိုတင်ထွက်ခွာခဲ့ပြီး အပြင်ဘက်တွင် စောင့်ဆိုင်းနေလိုက်သည်။
"ဝှစ်... ဝှစ်..."
လေလံပွဲအတွင်းမှ လူရိပ်များက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ဧကရာဇ်မြို့တော်၏ ဦးတည်ရာအရပ်ရပ်သို့ ပျံသန်းသွားကြလေသည်။
ရုတ်တရက်၊ လုမင်သည် မိန်းမပျိုတစ်ဦးနှင့် အဘိုးအိုတစ်ဦးက လေလံပွဲခန်းမအတွင်းမှ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။
'ရှန်းရှန်း...'
လုမင်၏ မျက်လုံးများ တောက်ပလာသည်။
မိန်းမပျိုက အရပ်မြင့်ပြီး ရုပ်ရည်ကလည်း ပြောင်းလဲသွားသော်လည်း လုမင်သည် သူ့တပည့် လုရှန်းရှန်းဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သေးသည်။
လုမင်က သူတို့နောက်ကို အမြန်လိုက်သွားသည်။
ကံကောင်းထောက်မစွာဖြင့်၊ ဟဲကောင်းကလည်း အလျင်လိုပုံမရပေ။ သူက ရှန်းရှန်းကို ကောင်းကင်ဧကရာဇ်မြို့တော်၏ အလှအပများအား ခံစားနိုင်စေရန် ရည်ရွယ်ထားပုံရသည်။ ထို့ကြောင့် လုမင်မှာ ထပ်ကြပ်မကွာ လိုက်နိုင်ခဲ့ပေသည်။
အချိန်အတော်ကြာအောင် နောက်မှ လိုက်နေပြီးနောက် ဟဲကောင်းနှင့် လုရှန်းရှန်းတို့က ရုတ်တရက် ရပ်တန့်လိုက်ကြသည်။
"ကောင်လေး၊ မင်း ဘာဖြစ်လို့ လေလံခန်းမကနေ ဒီအထိ ငါတို့နောက်ကို လိုက်နေရတာလဲ"
ဟဲကောင်းက အေးစက်စွာ ပြောလိုက်သည်။ သူ့ထံမှ အားကောင်းသော အရှိန်အဝါတစ်ခုကလည်း ပေါက်ကွဲထွက်ပေါ်လာ၏။
ဤအရှိန်အဝါက မိုးနှင့်မြေကို လွှမ်းမိုးထားပုံရသည်။ လုမင်၏ ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး မီတာတစ်ထောင်ခန့်အထိ ပြန်ဆုတ်သွားရ၏။ သူ့ပါးစပ်ထဲမှ သွေးတစ်ပွက်ပင် အန်ထွက်လုနီး ဖြစ်ခဲ့သည်။
ဒါတောင် တစ်ဖက်လူက သက်ညှာခဲ့သောကြောင့် ဖြစ်သည်။ မဟုတ်ပါက၊ ထိုအရှိန်အဝါဖိအားကြောင့် ချက်ချင်း သေဆုံးသွားလိမ့်မည်။
"အကြီးအကဲ အထင်မမှားပါနဲ့၊ ကျုပ်က ရှန်းရှန်းကိုရှာဖို့ ဒီကိုရောက်လာတာ"
လုမင်က သူ၏ အသံအစစ်ကို ထုတ်ဖော်ပြီး လျင်မြန်စွာပြောလိုက်သည်။
လုမင်၏အသံကို ကြားလိုက်ရသောအခါ ရှန်းရှန်း၏ ခန္ဓာကိုယ်လေးက တုန်လှုပ်သွားသည်။ သူက လွန်စွာ အံ့ဩသွားသော အမူအရာဖြင့် တုန်ယင်စွာ မေးလိုက်၏။
"ဆရာ... တကယ်ပဲ ဆရာလား"
"ဆရာလား"
ဟဲကောင်းလည်း အနည်းငယ် အံ့အားသင့်သွားသည်။ သူ့မျက်လုံးများ၏ နက်နဲရာတွင် ရေခဲတမျှ အေးစက်သော သတ်ဖြတ်လိုစိတ်တစ်ခုက လက်သွား၏။ သို့သော်လည်း လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားပြီး အပြင်ကို မထုတ်ဖော်ခဲ့ပေ။
'ရှန်းရှန်း... ငါပါ၊ ဒါပေမဲ့ ငါ့ပုံစံအမှန်ကို အခုဖော်ထုတ်ဖို့ အဆင်မပြေဘူး'
လုမင်က ရှန်းရှန်းကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။ သူသည် ဟဲကောင်းနှင့် မရင်းနှီးသောကြောင့် သဘာဝအတိုင်း သတိထားရသည်။
"ဆရာ၊ တကယ်ကို ရှင်ပဲ"
ရှန်းရှန်းက လုမင်ထံသို့ ပြေးလာပြီး လုမင်၏ ရင်ခွင်ထဲသို့ ခိုဝင်သွားခဲ့သည်။
"ဆရာ ဘယ်တွေကိုရောက်နေတာလဲ။ ရှန်းရှန်းက ဆရာ့ကို တကယ်သတိရနေတာ"
ရှန်းရှန်းက ကလေးတစ်ယောက်ပမာ ရှိုက်ငိုရင်း ပြောလိုက်သည်။
"ဒီကောင်မလေးနှယ်... အခုပြန်ဆုံနေကြပြီပဲ။ ဒါနဲ့ တောင်ကြားသခင်နဲ့ ဆရာတူအစ်ကို ထျန်းချွေးတို့ ဘယ်မှာလဲ"
လုမင်က မေးလိုက်သည်။
"သူတို့အားလုံးက ဟဲမိသားစုမှာ ရှိပါတယ်"
ရှန်းရှန်းက ပြောသည်။
'ဟဲမိသားစုလား'
လုမင်က သူ့စိတ်ထဲမှ တွေးလိုက်၏။ ဟန်မိသားစုကဲ့သို့ပင် ဟဲမိသားစုက ကောင်းကင်ဧကရာဇ်မြို့တော်ရှိ နာမည်ကျော် မိသားစုကြီးတစ်ခု ဖြစ်သည်။ လုမင်က သူတို့အကြောင်းကို ကြားဖူးနားဝရှိပေသည်။
ဤလူကြီးက ဟဲမိသားစုက ဖြစ်နိုင်မလား။
"ဟားဟားဟား၊ ရှန်းရှန်း... ဒီညီငယ်လေးက မင်းပြောလေ့ရှိတဲ့ ဆရာဆိုသူလား"
ထိုအချိန်တွင်၊ ဟဲကောင်းက ရယ်မောပြီး လျှောက်လာသည်။
"ဟုတ်ပါတယ်၊ သူက ကျွန်မရဲ့ဆရာပဲ။ ဆရာ... ဒါက ဟဲမိသားစုရဲ့ အစစ်အမှန်ဧကရာဇ်ကြီး အကြီးအကဲ ဟဲကောင်းပါ"
ရှန်းရှန်းက လုမင်ကို မိတ်ဆက်ပေးလိုက်သည်။
"အကြီးအကဲ"
လုမင်က ဟဲကောင်းကို နှုတ်ဆက်လိုက်၏။
"တကယ်ကို ထူးချွန်တဲ့ လူငယ်လေးပဲ၊ ညီငယ်လေးကို ရှန်းရှန်းက ဒီအတောအတွင်းမှ အရမ်းသတိရနေတာ။ ဒီလိုလုပ်၊ ငါတို့က တွေ့ဖို့မလွယ်တော့ ဟဲမိသားစုကို အရင်သွားကြရအောင်။ ဘယ်လိုလဲ"
ဟဲကောင်းက ပြုံးလိုက်သည်။
"ဟုတ်ကဲ့၊ ဆရာ... အတူတူသွားကြရအောင်။ တောင်ကြားသခင်အဘိုးနဲ့ ဂိုဏ်းတူဦးလေး ထျန်းချွေးတို့ကလည်း ဆရာ့ကိုတွေ့ရင် သိပ်ပျော်ရွှင်ကြမှာ သေချာတယ်"
ရှန်းရှန်းက လုမင်၏လက်ကိုဆွဲပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။
လုမင်လည်း ခေါင်းညိတ်ပြပြီး ရှန်းရှန်းနှင့်အတူ ဟဲမိသားစုထံ လိုက်သွားခဲ့လေသည်။
ဟဲမိသားစုသို့ ရောက်ရှိလာပြီးနောက်၊ ရေခဲနဂါးတောင်ကြားသခင်နှင့် ထျန်းချွေးတို့က လုမင်ကို ပထမဆုံး တွေ့သောအခါ အံ့ဩသွားကြသည်။ ထို့နောက် လုမင်၏အသံကို ကြားလိုက်ရသောအခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြ၏။
သူတို့က ခဏတာ စကားစမြည် ပြောဆိုလိုက်ကြသည်။
ထို့နောက်... ရေခဲနဂါးတောင်ကြားသခင်၊ ထျန်းချွေးနှင့် ရှန်းရှန်းတို့က ရွယ်နင်ရှင်းနှင့် ကွဲကွာပြီးနောက် ဟဲကောင်းနှင့်တွေ့ဆုံကာ ဟဲမိသားစုသို့ ရောက်ရှိလာကြောင်း လုမင် သိလိုက်ရလေသည်။
ထျန်းချွေးနှင့် ရေခဲနဂါးတောင်ကြားသခင်တို့မှာလည်း ရွယ်နင်ရှင်းက အဆင်ပြေကြောင်း သိရပြီးနောက် သဘာဝအတိုင်း ဝမ်းသာပျော်ရွှင်ခဲ့ကြသည်။
"ညီငယ်လေး လုမင်၊ ဒီအဘိုးကြီးက မင်းကို ပြောစရာရှိတယ်"
ထိုအချိန်တွင်၊ ဟဲကောင်းက ရုတ်တရက် ပြောလိုက်သည်။