အခန်း ၁၉၂၃
Vol. 129 Ch. 1923
အပိုင်း ( 1923 ) ဟဲမိသားစုမှ လွတ်မြောက်ခြင်း။
သိုင်းဧကရာဇ်ကြီးတိုင်းက နှစ်ပေါင်း သုံးသိန်း သုံးသောင်း သုံးထောင် သုံးရာ သုံးဆယ့်သုံးနှစ် (၃၃၃,၃၃၃) တိုင်းတွင် ကောင်းကင်ကပ်ဘေးကို ရင်ဆိုင်ကြရမည် ဖြစ်သည်။ ကပ်ဘေးတစ်ခုစီက နောက်ဆုံးတစ်ခုစီကထက် ပို၍အားကောင်းလာပေမည်။
ရှေးခေတ်ကတည်းကပင် မရေမတွက်နိုင်သော အကျော်အမော်များ၊ ဧကရာဇ်အဆင့် တန်ခိုးရှင်များက ကောင်းကင်ကပ်ဘေးအောက်တွင် ပြာများအဖြစ်သို့ ပြောင်းလဲသွားရသည်။
ထာဝရအသက်ရှင်နေထိုင်နိုင်သူက အလွန်နည်းပါးပေသည်။
သို့ရာတွင် အစစ်အမှန်ဧကရာဇ်အဆင့်ထိ တက်လှမ်းလာခဲ့ပြီးမှ မည်သူက ကပ်ဘေးအောက်တွင် သေချင်မည်နည်း။ ထို့ကြောင့်၊ ကပ်ဘေးကြီးမှလွတ်မြောက်ရန် အခွင့်အလမ်းကို တိုးမြင့်ပေးနိုင်သော ကပ်ဘေးဖြတ်ကျော်ခြင်း နတ်ဘုရားဝတ်ရုံက သိုင်းဧကရာဇ်များအတွက် အဖိုးမဖြတ်နိုင်ပေ။
ကပ်ဘေးမှ လွတ်မြောက်ခြင်းဖြင့် နောက်ထပ် အနှစ်သုံးသိန်းအထိ အသက်ရှင်နိုင်မည် ဖြစ်သည်။ ဤကာလအတွင်း အန္တရာယ်နယ်မြေသို့သွား၍ ကံကောင်းခြင်းများကို ရယူနိုင်လိမ့်မည်။ သူတို့၏ ကျင့်ကြံမှုက နောက်တစ်ဆင့်သို့ ရောက်ရှိနိုင်ပြီး နောင်လာမည့်ကပ်ဘေးကို ဖြတ်ကျော်နိုင်မည် ဖြစ်သည်။
ထို့ကြောင့် ဟဲကောင်းက ကပ်ဘေးဖြတ်ကျော်ခြင်း နတ်ဘုရားဝတ်ရုံကို တောင်းဆိုလာသောအခါ ဟန်မိသားစု၏ အစစ်အမှန်ဧကရာဇ်ကြီးက ဤမျှပြင်းထန်စွာ တုံ့ပြန်သည်မှာ အံ့ဩစရာမရှိတော့ပေ။
"မင်းသိအောင် ပြောရဦးမယ်၊ လုမင်က ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကို မကြာခင်ပြန်သွားတော့မယ်။ သူ ပြန်ရောက်သွားတာနဲ့ မင်းတို့ သူ့ကိုဖမ်းပြီး ကောင်းကင်ဧကရာဇ်ဓားကို ရအောင်ယူနိုင်မှာမဟုတ်တော့ဘူး"
"သေချာစဉ်းစားကြည့်ပါ... ဘယ်ဟာက ပိုအရေးကြီးလဲ။ ကပ်ဘေးဖြတ်ကျော်ခြင်း နတ်ဘုရားဝတ်ရုံလား ဒါမှမဟုတ် ကောင်းကင်ဧကရာဇ်ဓားလား"
ဟဲကောင်းက လှောင်ပြောင်လိုက်သည်။
ဟန်မိသားစုမှ အစစ်အမှန်ဧကရာဇ်၏ အမူအရာက ပြောင်းလဲသွားသည်။ သူက ချိန်ဆနေပုံရ၏။
"ကပ်ဘေးဖြတ်ကျော်ခြင်း နတ်ဘုရားဝတ်ရုံကို ပေးလိုက်ပါ"
ဟန်မိသားစုအတွင်းမှ နောက်ထပ် အသံတစ်ခု ထွက်လာသည်။ ထို့နောက် ဆံပင်ဖြူ အဘိုးအိုတစ်ဦး ထွက်လာ၏။ သူကလည်း အစစ်အမှန်ဧကရာဇ်တစ်ပါးပင်။
ဟဲကောင်း၏ အမူအရာက ပြောင်းလဲသွားသည်။ သူက ဝန်းရံခံရမည်ကို ကြောက်ရွံ့သကဲ့သို့ မိုင်တစ်ရာကျော်အထိ ချက်ချင်း ဆုတ်သွား၏။
ဟန်မိသားစုနှင့် ဟဲမိသားစုတို့က အချိန်အတော်ကြာ ရန်သူဖြစ်ခဲ့သည်။ သူက သဘာဝအတိုင်း သတိထားရမည်။
"ဟဲကောင်း၊ ငါတို့တွေ မင်းကို ကပ်ဘေးဖြတ်ကျော်ခြင်း နတ်ဘုရားဝတ်ရုံကို ပေးနိုင်ပေမဲ့ မင်း ငါတို့ကိုမလိမ်ဖို့ ငါမျှော်လင့်တယ်။ မဟုတ်ရင် ဟန်မိသားစုက မင်းကို ဖြစ်နိုင်သမျှ နည်းလမ်းအကုန်သုံးပြီး သတ်မယ်"
ဆံပင်ဖြူ အဘိုးအိုက အေးစက်စွာ ပြောသည်။
"ငါ့ကို ကပ်ဘေးဖြတ်ကျော်ခြင်း နတ်ဘုရားဝတ်ရုံကို ပေးပါ၊ ဒါဆိုရင် လုမင်ရှိတဲ့နေရာကို ခေါ်သွားပေးမယ်"
ဟဲကောင်းက ပြောလိုက်သည်။
"ကောင်းပြီ"
ဆံပင်ဖြူ အဘိုးအိုက ခေါင်းညိတ်ပြပြီး ဟန်မိသားစုအတွင်းသို့ ပြန်ဝင်သွားသည်။ ခဏအကြာတွင်၊ သူပြန်ထွက်လာပြီး လက်ကိုဝှေ့ယမ်းကာ သိုလှောင်လက်စွပ်တစ်ကွင်းကို ဟဲကောင်းထံ ပေးပို့လိုက်၏။
ဟဲကောင်းက လက်ခံယူပြီး ဝိညာဉ်အသိဖြင့် စစ်ဆေးလိုက်သည်။ ထို့နောက် သူ့မျက်နှာက ပြုံးရွှင်လာတော့သည်။
ဤသည်မှာ ကျောက်ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ကို သတ်ခြင်း ဖြစ်သည်။
လုမင်ကို ဖယ်ရှားပြီး ရှန်းရှန်းကို သူ့တပည့်အဖြစ် သိမ်းယူနိုင်သည်။။ သူမက သူ့တပည့်ဖြစ်လာပြီး ဥတုလေးလီ သိုင်းကျင့်စဉ်ကို လေ့ကျင့်လိမ့်မည်။ ကပ်ဘေးဖြတ်ကျော် နတ်ဘုရားဝတ်ရုံကလည်း သူ့တွင် အဆင်သင့် ဖြစ်သည်။
အစီအစဉ်အတိုင်း ဆက်သွားနေသရွေ့၊ သူက ကပ်ဘေးမှ လွတ်မြောက်နိုင်ရန် ကိုးဆယ့်ကိုးရာခိုင်နှုန်း သေချာပေသည်။
"ဟဲကောင်း၊ အခု ပြောပြနိုင်ပြီလား။ လုမင်က ဘယ်မှာလဲ"
ဟန်မိသားစု၏ အစစ်အမှန်ဧကရာဇ်က ပြောလိုက်သည်။
"လုမင်က ငါ့အိမ်မှာ ဧည့်သည်အဖြစ်နဲ့ ရှိနေပါတယ်"
ဟဲကောင်းက ပြုံးလိုက်သည်။
"ကောင်းပြီ၊ ငါတို့ လိုက်ခဲ့မယ်"
ဟန်မိသားစု၏ ဆံဖြူဧကရာဇ်ကြီးက ပြောလိုက်သည်။ ထို့နောက်၊ ဟန်မိသားစု၏ ယခင် အစစ်အမှန်ဧကရာဇ်နှင့်အတူ ဟဲကောင်း၏နောက်သို့ လိုက်ကာ ဟဲမိသားစုဆီသို့ ဦးတည်သွားတော့သည်။
..............
လုမင်က ဟဲကောင်းနှင့် လမ်းခွဲခဲ့ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
တစ်ဖက်လူက ရှန်းရှန်းကို တပည့်အဖြစ် လက်ခံလိုမည်ဟု သူ မမျှော်လင့်ထားပေ။
အစစ်အမှန်ဧကရာဇ်တစ်ပါး၏ ရှန်းရှန်းကို တပည့်အဖြစ်လက်ခံလိုခြင်းမှာ သဘာဝအတိုင်း ကောင်းမွန်သောအရာဖြစ်သည်။
သို့သော်လည်း အကြောင်းတစ်ခုခုကြောင့် လုမင်သည် ဟဲကောင်းကို ရင်ဆိုင်ရသောအခါ စိတ်မသက်မသာ ခံစားခဲ့ရသည်။ ဟဲကောင်းက ရှန်းရှန်းကို သူ၏တပည့်ဖြစ်စေချင်ရုံသက်သက် လက်ခံလိုခြင်း မဟုတ်ဘူးဟု သူ ခံစားရပေသည်။
ဟဲကောင်းက လုမင်ကို အလွန်အန္တရာယ်များသော ခံစားချက်အား ပေးခဲ့သည်။
ထို့ကြောင့် ရှန်းရှန်းကို ဖျောင်းဖျပေးမည်ဟု ပြောခဲ့ခြင်းမှာ အလိမ်အညာပင်။
'ငါ ရှန်းရှန်းနဲ့ တခြားသူတွေကို ဒီနေရာကနေ အမြန်ဆုံး ခေါ်ထုတ်သွားရမယ်။ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကို ရောက်သွားမှပဲ သူတို့ ဘေးကင်းမှာ၊ ဒါပေမဲ့ ငါတို့ သူတို့ကို ဘယ်လို ခေါ်သွားရမလဲ'
လုမင်က သူ့စိတ်ထဲမှ တန်ပြန်အစီအမံများကို အလျင်အမြန် တွေးနေသည်။
ခဏအကြာတွင်၊ ရှန်းရှန်းတို့၏ ခြံဝင်းကို သူ တွေ့လိုက်ရ၏။
ခြံဝန်းအပြင်ဘက်တွင်၊ ရေခဲနဂါးတောင်ကြားသခင်က စိုးရိမ်တကြီးဖြင့် ရပ်စောင့်နေသည်။
လုမင် ပြန်လာတာကို တွေ့ရသောအခါ ရေခဲနဂါးတောင်ကြားသခင်က ဝမ်းသာသွားလေသည်။
ထိုအချိန်တွင်၊ လုမင်ကို လမ်းပြသူက နှုတ်ဆက်ပြီး ထွက်သွားသည်။
"လုမင်၊ ဟဲကောင်းက မင်းကို ဘာပြောလိုက်သလဲ။ ရှန်းရှန်းကို သူ့ကိုဆရာအဖြစ် အသိအမှတ်ပြုဖို့ ဆွဲဆောင်ခိုင်းခဲ့တာလား"
ရေခဲနဂါးတောင်ကြားသခင်က ကမန်းကတန်း မေးလိုက်သည်။
"ဟုတ်တယ်၊ တောင်ကြားသခင်လည်း သိတယ်လား"
လုမင်က ခေါင်းညိတ်ပြပြီး ပြောသည်။
"လုမင်၊ ဟဲကောင်းရဲ့ တောင်းဆိုချက်ကို မင်းသဘောမတူရဘူး။ မဟုတ်ရင် ရှန်းရှန်းအတွက် အန္တရာယ်ရှိတယ်"
ရေခဲနဂါးတောင်ကြားသခင်က စိုးရိမ်ပူပန်စွာ ပြောလိုက်၏။
"တောင်ကြားသခင်၊ ဘာတွေဖြစ်နေတာလဲ"
လုမင်၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး မေးလိုက်သည်။
"ဟဲကောင်းက ရှန်းရှန်းကို အသုံးချချင်နေတာ..."
ရေခဲနဂါးတောင်ကြားသခင်လည်း သူသိသမျှကို ချက်ချင်း ပြောပြလိုက်သည်။
"ဘာ၊ သေသင့်တဲ့အဘိုးကြီး"
ထိုစကားကိုကြားပြီးနောက် လုမင် အံ့သြသွားသည်။ ထို့နောက် ဒေါသပေါက်ကွဲသွားပြီး အေးစက်သော သတ်ဖြတ်လိုစိတ်တို့က သူ့မျက်လုံးများ၌ ပေါ်လာ၏။
ဟဲကောင်းက ရှန်းရှန်းကို တပည့်အဖြစ် လက်ခံလိုသော်လည်း ရည်ရွယ်ချက်ကောင်း လုံးဝ မရှိပေ။ သူက ရှန်းရှန်းကို အသုံးချချင်ရုံ ဖြစ်သည်။ လုမင်သည် ယခင်က သူနှင့်ပတ်သက်ပြီး ဆိုးရွားသောခံစားချက်တို့ ရရှိခဲ့သည်မှာ အံ့ဩစရာမဟုတ်တော့ပေ။
"မကောင်းတော့ဘူး၊ ဟဲကောင်းက ကျုပ်ရဲ့ အထောက်အထားကို သိသွားတယ်။ သူက ကျုပ်ကို အလွတ်ပေးမှာ မဟုတ်ဘူး၊ ကျုပ်တို့ ချက်ချင်းပဲ ထွက်သွားရမယ်"
ရုတ်တရက်၊ လုမင် မျက်နှာပျက်သွားသည်။
ဤအခိုက်အတန့်တွင် လုမင်၏ စိတ်ထဲမှာ ဖြစ်နိုင်ခြေ အမျိုးမျိုး ပေါ်လာသည်။
သူသာ ဟဲကောင်းဆိုလျှင် လုမင်ကို တိုက်ရိုက် သတ်ပစ်လိမ့်မည်။ ဤနည်းအားဖြင့် ရှန်းရှန်းက သူမ၏ဆရာကို ဆုံးရှုံးသွားမည်ဖြစ်ကာ တစ်ပါးသူအား လက်ခံရန် ပိုလွယ်ကူသွားမည် ဖြစ်သည်။
သူက အကျိုးအမြတ်ရှာရန် ဟန်မိသားစုထံပင် သွားကာ ငှက်နှစ်ကောင်ကို ကျောက်ခဲတစ်လုံးနှင့် သတ်လိမ့်မည်။
ဒါကိုတွေးမိသောအခါ လုမင်က အလွန်စိုးရိမ်လာသည်။
"တောင်ကြားသခင်၊ သွားကြရအောင်။ ဟဲမိသားစုကနေ ချက်ခြင်း ထွက်သွားရမယ်"
ထိုသို့ ပြောဆိုပြီးနောက် လုမင်က ခြံဝင်းထဲသို့ ပြေးဝင်သွားခဲ့သည်။
ရှန်းရှန်းနှင့် ထျန်းချွေးကို မြင်ရသည်နှင့် တပြိုင်နက်၊ လုမင်က တောင်နှင့်မြစ်ပန်းချီကားကို ချက်ချင်း ထုတ်ယူလိုက်၏။
"တောင်ကြားသခင်၊ ရှန်းရှန်းနဲ့ ဆရာတူအစ်ကိုတို့ တောင်နဲ့မြစ်ပန်းချီကားထဲကို မြန်မြန်ဝင်လိုက်ပါ။ ဟဲမိသားစုကနေ ထွက်သွားရမယ်"
"ဆရာ၊ ဘာဖြစ်လို့လဲ"
ရှန်းရှန်းက အံ့ဩသွားသည်။
"ရှင်းပြဖို့ အချိန်မရှိဘူး၊ မြန်မြန်"
လုမင်က အော်လိုက်သည်။ အဖြူရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး ရှန်းရှန်းနှင့် ထျန်းချွေးတို့ကို တောင်နှင့်မြစ်ပန်းချီကားထဲသို့ ဆွဲခေါ်သွား၏။
"လုမင်၊ မင်းမှာ ထွက်သွားဖို့ နည်းလမ်းရှိလား"
ရေခဲနဂါးတောင်ကြားသခင်က စိုးရိမ်ပူပန်စွာ မေးသည်။
"တောင်ကြားသခင်၊ စိတ်မပူပါနဲ့။ ကျုပ်မှာ ကိုယ်ပိုင်နည်းလမ်းရှိတယ်၊ ဒါပေမဲ့ ခင်ဗျားရဲ့ အဝတ်အစားတွေကို ငှားရမယ်"
လုမင်က ပြောလိုက်၏။
ရေခဲနဂါးတောင်ကြားသခင်၏ မျက်လုံးများက အရောင်လက်သွားပြီးနောက် သူ့လက်ထဲတွင် အဝတ်တစ်စုံပေါ်လာပြီး လုမင်အား ပေးလိုက်သည်။
လုမင်က ရေခဲနဂါးတောင်ကြားသခင်ကို တောင်နှင့်မြစ်ပန်းချီကားအတွင်းသို့ ထည့်သွင်းလိုက်သည်။
ထို့နောက် လုမင်၏ ခန္ဓာကိုယ်က စတင်ပြောင်းလဲလာပြီး ရေခဲနဂါးတောင်ကြားသခင်၏ အသွင်အပြင်သို့ ပြောင်းလဲသွား၏။ သူ့အငွေ့အသက်များကပင် အတူတူ ဖြစ်သည်။
လုမင်က ရေခဲနဂါးတောင်ကြားသခင်၏ အဝတ်အစားများကို အလျင်အမြန် လဲလှယ်ဝတ်ဆင်ကာ အပြင်သို့ထွက်ခဲ့သည်။
ရေခဲနဂါးတောင်ကြားသခင်နှင့် အခြားသူများက သတ်မှတ်ထားသော အကွာအဝေးအတွင်း သွားလာနိုင်ပေသည်။
ရေခဲနဂါးတောင်ကြားသခင်အဖြစ် သူ ထွက်သွားသောအခါ အကြည့်တချို့က သူ့ကို တိတ်တဆိတ် ကြည့်လာခဲ့ကြသည်။ သို့ရာတွင်၊ သူတို့က တစ်ချက်သာကြည့်ပြီး လျစ်လျူရှုခဲ့သည်။
လုမင်က လှည့်ပတ်သွားလာပြီးနောက် ဝေးလံခေါင်သီသောအရပ်သို့ ရောက်လာသည်။ ဤနေရာမှာတော့ သူ့ကို စောင့်ကြည့်နေသူ မရှိတော့ပေ။ ထိုအချိန်တွင် လူလတ်ပိုင်း အမျိုးသားတစ်ဦးက သူရှိရာဘက်သို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
လုမင်က ကြည့်လိုက်သောအခါ ထိုလူကြီးက မဟာသူတော်စင်နယ်ပယ် ကျင့်ကြံမှုအခြေခံရှိကြောင်း သိလိုက်ရ၏။
လုမင်က ထိုလူဆီသို့ တိတ်တဆိတ် ချဉ်းကပ်သွားသည်။ သူက လျှပ်စီးလက်သကဲ့သို့ တိုက်ခိုက်ပြီး ထိုလူကို ဖမ်းချုပ်လိုက်၏။ ထို့နောက် ထိုလူ၏အဝတ်အစားများကို ချွတ်ယူကာ သူ၏အသွင်ကို တစ်ဖန်ပြောင်းလိုက်သည်။ ထို့နောက်တွင်၊ လုမင်၏ပုံစံက ပြောင်းလဲလာပြီး ထိုလူ၏အသွင်အပြင်သို့ ပြောင်းလဲသွားတော့သည်။
လူလတ်ပိုင်းအမျိုးသားကို လုမင်က တောင်နှင့်မြစ် ပန်းချီကားထဲသို့ ပစ်ထည့်ထားလိုက်သည်။ ထို့နောက် လုမင်က ဟဲမိသားစု၏ တံခါးမှ ရင်ကော့ပြီး ထွက်သွားတော့သည်။
လမ်းတစ်လျှောက်မှာ သူ့ကို ဘယ်သူမှ မတားကြဘဲ မကြာခင်မှာပဲ လုမင်က ဟဲမိသားစုမှ ချောချောမွေ့မွေ့ ထွက်လာခဲ့သည်။
ဟဲမိသားစုမှ ထွက်လာပြီးနောက် လုမင်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ အဝေးမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် ဟဲမိသားစုထဲသို့ လူရိပ်အချို့ ပျံသန်းလာသည်ကို သူတွေ့လိုက်ရ၏။
ထိုအထဲမှ တစ်ယောက်က ဟဲကောင်း ဖြစ်သည်။
'ဟန်မိသားစုရဲ့ ကျွမ်းကျင်သူတွေ တကယ်ရောက်လာတယ်'
လုမင်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားခဲ့သည်။ ဟဲကောင်းနှင့်အတူ လူနှစ်ဦး လိုက်ပါလာကြောင်း သူ မြင်ရ၏။ ထိုအထဲမှ တစ်ယောက်က ယွမ်တောင် မြင့်မြတ်သောကျောင်းတော်သို့ ဝင်ရောက်ပြီး သူ့ကိုဖမ်းဆီးရန် ကြိုးစားခဲ့သော ဟန်မိသားစု၏ အစစ်အမှန်ဧကရာဇ်ကြီးပင်။