အခန်း ၁၉၂၄
Vol. 129 Ch. 1924
အပိုင်း ( 1924 ) ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း။
"သွားကြစို့"
လုမင်က မတုံ့ဆိုင်းတော့ပါ။ သူက အရှိန်အဟုန်ဖြင့် ယွမ်တောင်မြင့်မြတ်သောကျောင်းတော်သို့ ပြေးသွားသည်။
သူက ယွမ်တောင်မြင့်မြတ်သောကျောင်းတော်သို့ အမြန်ဆုံး ပြန်ရောက်ချင်နေပြီ။
တစ်ဖက်တွင်၊ ဟဲကောင်းနှင့် ဟန်မိသားစု၏ အစစ်အမှန်ဧကရာဇ်နှစ်ပါးတို့က ရှန်းရှန်း၏နေအိမ် အပြင်ဘက်သို့ ရောက်ရှိလာကြသည်။
"လုမင်ကို မင်းတို့အတွက် ထားလိုက်မယ်။ ငါကတော့ ဝင်မလိုက်တော့ဘူး၊ အထဲက ကောင်မလေးကလွဲရင် ကျန်တဲ့သူတွေကို လုပ်ချင်တာလုပ်လို့ရတယ်"
ဟဲကောင်းက သတိပေးလိုက်သည်။
ဟန်မိသားစုမှ အစစ်အမှန်ဧကရာဇ်နှစ်ပါးက ခေါင်းညိတ်ပြပြီး ရှေ့သို့ တိုးသွားကြ၏။ သူတို့က ရှန်းရှန်း၏ နေအိမ်အထက်သို့ရောက်ရှိလာပြီး ဝိညာဉ်အသိဖြင့် စစ်ဆေးလိုက်ကြသည်။
တစ်ချက်ကြည့်လိုက်ပြီးနောက်မှာတော့ သူတို့နှစ်ယောက်၏ မျက်နှာများက မည်းမှောင်သွားပြီး မျက်လုံးထဲမှာ ဒေါသအရိပ်အယောင်များ ပေါ်လာတော့သည်။
သူတို့နှစ်ယောက်က ဟဲကောင်း၏အရှေ့ကို ချက်ချင်း ပြန်ရောက်လာကြသည်။ သူတို့၏ မျက်လုံးများမှာတော့ ဒေါသဖြင့် အရောင်တောက်နေပြီ။
"ဟဲကောင်း၊ မင်း ငါတို့ကို လှည့်စားဝံ့တယ်လား"
ဆံပင်ဖြူ အစစ်အမှန်ဧကရာဇ်က အေးစက်စွာ ပြောလိုက်သည်။
"မင်းတို့ကို လှည့်စားတာလား၊ ဘာတွေလာပြောနေတာလဲ"
ဟဲကောင်းက မျက်မှောင်ကြုတ်သွားသည်။ ဘာ့ကြောင့်မှန်းမသိသော်လည်း သူ ခံစားချက်မကောင်းတော့ပေ။
"အိမ်ထဲမှာ ဘယ်သူမှမရှိဘူး၊ ဒါက မင်း ငါတို့ကို လှည့်စားတာပဲမဟုတ်လား"
ဟန်မိသားစုမှ အခြား အစစ်အမှန်ဧကရာဇ်က ပို၍ပင် ဒေါသထွက်လာသည်။
"ဒီမှာ ဘယ်လိုလုပ်ပြီး လူမရှိဘဲနေမှာလဲ"
ဟဲကောင်း၏ အမူအရာ ပြောင်းသွားသည်။
ထိုသို့ပြောပြီးနောက် သူက လျင်မြန်စွာပင် အိမ်ထဲသို့ ပြေးသွားသည်။ ထို့နောက် ဝိညာဉ်အသိဖြင့် ကြည့်ရှုလိုက်၏။
တစ်ယောက်မှ မရှိပါ။ ခြံဝင်းထဲမှာ လူတစ်ယောက်မှ မရှိတော့ပေ။
"ချီးပဲ၊ သူတို့တွေဘယ်မှာလဲ"
ဟဲကောင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ ဝိညာဉ်အသိက ဟဲမိသားစု၏ အခြားအိမ်များဆီသို့ပင် ဖြတ်သန်းသွား၏။ သို့သော်လည်း လုမင်နှင့် ကျန်လူများကို အရိပ်အယောင်မျှ မတွေ့ရတော့ပေ။
"ဝှစ်... ဝှစ်"
လူရိပ်နှစ်ခုက ပျံသန်းလာပြီး ဟဲကောင်း၏ရှေ့တွင် ဆင်းသက်လိုက်ကြသည်။ သူတို့က ရှန်းရှန်းတို့လူစုကို စောင့်ကြပ်ရန် ဟဲကောင်းမှ စေခိုင်းထားသော ကျွမ်းကျင်သူများပင်။
"သူတို့ ဘယ်မှာလဲ၊ သူတို့ဘယ်ရောက်သွားပြီလဲ"
ဟဲကောင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဒေါသကြောင့် မျက်နှာက ပြာနှမ်းနေ၏။
"သူတို့က အိမ်ထဲမှာမရှိဘူးလား။ သူတို့ထွက်လာတာကိုလည်း ကျုပ်တို့မတွေ့လိုက်ပါဘူး။ ဧကန္တ... ဂူလှိုဏ်ကောင်းကင်ရတနာနဲ့...."
နှစ်ယောက်သား တစ်စုံတစ်ခုကို ရိပ်မိသွားပြီး သူတို့၏ အမူအရာ ပြောင်းလဲသွားသည်။
"အရူးတွေ"
ဟဲကောင်းက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
"ရုပ်ဖျက်တာ၊ လုမင်က ရုပ်ဖျက်တဲ့ပညာကို ကျွမ်းကျင်တယ်။ သူက ဒီလောက်ထိ စေ့စပ်ပြီး သတိကြီးမယ်လို့ မမျှော်လင့်ထားဘူး။ ငါ တစ်ကွက်မေ့သွားတယ်"
လုမင်သည် ရုပ်ဖျက်ခြင်းပညာရပ်ကို ကျွမ်းကျင်ကြောင်း သူသိသော်လည်း အနည်းဆုံးတော့ ဟဲမိသားစုတွင် တစ်ရက်ခန့်နေမည်ဟု သူထင်ခဲ့သည်။ ထို့ပြင်၊ သူက ဟန်မိသားစုသို့ အမြန်ဆုံး သွားရောက်ခဲ့ခြင်း ဖြစ်၏။ လုမင်က ခဏမျှ ပိုနေသရွေ့ သူ့ကိုဖမ်းမိမည်မှာ သေချာသည်။
မထင်မှတ်ပဲ၊ သူထွက်သွားသည်နှင့် လုမင်က ရှန်းရှန်းတို့ကို တစ်ပါတည်း ခေါ်ဆောင်ကာ ဟဲမိသားစု နေအိမ်မှ ထွက်ခွာသွားခဲ့ပြီ။
သူ တစ်ကွက်လိုသွားသည်။
"ဟဲကောင်း၊ မင်းက ဘာတွေလှည့်စားချင်နေသေးတာလဲ။ အခု ကပ်ဘေးဖြတ်ကျော်ခြင်း နတ်ဘုရားဝတ်ရုံကို ပြန်ပေးပါ"
ဟဲကောင်း၏ တစ်ဖက်တစ်ချက်စီတွင် ဟန်မိသားစု၏ အစစ်အမှန် ဧကရာဇ်နှစ်ပါးက ပေါ်လာသည်။ သူတို့က တန်ခိုးကြီးသော အရှိန်အဝါများဖြင့် ဟဲကောင်းကို ဖိအားပေးလိုက်၏။
"မင်းတို့တွေ... ဒါက ဟဲမိသားစုနော်"
ဟဲကောင်းက အေးစက်စွာ ပြောလိုက်သည်။
ဟန်မိသားစု၏ အစစ်အမှန်ဧကရာဇ်နှစ်ပါးက အနည်းငယ် တွန့်သွားသည်။
မမှားပေ၊ ဒါက ဟဲမိသားစု ဖြစ်သည်။ ဟဲကောင်းကို တစ်ခုခုလုပ်ဝံ့လျှင် ဟဲမိသားစုမှ ကျွမ်းကျင်သူများ၏ ဝန်းရံခြင်း ခံရလိမ့်မည်။
"ဟဲကောင်း၊ ငါတို့ရဲ့ ကပ်ဘေးဖြတ်ကျော်ခြင်း နတ်ဘုရားဝတ်ရုံကို လှည့်ကွက်တွေသုံးပြီး လိုချင်ရင် ဒီလောက်မလွယ်ဘူး။ မင်း ပြန်မပေးဘူးဆိုရင် ဟဲမိသားစုကနေ ဘယ်တော့မှမထွက်မိပါစေနဲ့၊ မဟုတ်ရင် ငါတို့ ဟန်မိသားစုနဲ့တွေ့မယ်"
ဟန်မိသားစုမှ ဆံပင်ဖြူ အစစ်အမှန်ဧကရာဇ်က အေးစက်စွာ ပြောလိုက်သည်။ သူ့အရှိန်အဝါက ပိုအားကောင်းလာ၏။
"ဘာတွေ အလျင်လိုနေတာလဲ။ သူ ဘယ်နေရာမှာပဲ ပုန်းနေပါစေ၊ အဲဒီခွေးကောင် လုမင်ကို ငါရှာတွေ့နိုင်တယ်"
ဟဲကောင်း၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် သူ့လက်နှစ်ဘက်ဖြင့် လက်ဟန်သင်္ကေတတစ်ခုကို ပြုလုပ်လိုက်၏။ ဤသည်မှာ ဝိညာဉ်စားပိုးကောင်ကို ထိန်းချုပ်ရန် တံဆိပ်ဖြစ်သည်။ သူတို့က ဘယ်လောက်ဝေးဝေးသို့ ရောက်နေပါစေ၊ ဝိညာဉ်စားပိုးကောင်ကို တံဆိပ်ခတ်ထားသရွေ့ ၎င်းကို အသုံးပြုပြီး လုမင်၏ တည်နေရာကို သိနိုင်မည် ဖြစ်သည်။
လုမင်က အစွမ်းကုန်သုံး၍ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်သို့ ပြေးနေသည်။
ဟဲမိသားစုက ယွမ်တောင် မြင့်မြတ်သောကျောင်းတော်နှင့် သိပ်မဝေးပါ။ သူက ယွမ်တောင် မြင့်မြတ်သောကျောင်းတော်သို့ လျင်မြန်စွာ ချဉ်းကပ်လာသည်။
ရုတ်တရက်၊ လုမင်၏ အမူအရာ ပြောင်းသွားသည်။ တောင်နှင့်မြစ်ပန်းချီကားအတွင်း၌ တစ်ခုခုဖြစ်ပျက်နေသည်ဟု သူခံစားမိ၏။
အတွေးတစ်ခုဖြင့် လုမင်က တောင်နှင့်မြစ် ပန်းချီကားထဲသို့ ဝင်သွားသည်။ သူ၏ အသိစိတ် တစ်စိတ်တစ်ပိုင်းကိုတော်သို့ ဆက်လက်ပျံသန်းသွားရန် တောင်နှင့်မြစ်ပန်းချီကားကို ထိန်းချုပ်ထားပေသည်။
"ဟင်"
လုမင်က ဝင်လာပြီးနောက် ရေခဲနဂါးတောင်ကြားသခင်မှာ သူ့ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး ရူးသွပ်စွာ အော်ဟစ်နေကြောင်း တွေ့လိုက်ရသည်။ သူ့မျက်နှာမှာလည်း နာကျင်မှုတို့ ပြည့်နှက်နေပေသည်။
"အား"
ထို့နောက် ရေခဲနဂါးတောင်ကြားသခင်က တောင်တစ်လုံးကို ဦးခေါင်းဖြင့် ပြေးတိုက်လိုက်သည်။ တောင်ထိပ်က ပြိုကျသွားပြီး အပျက်အစီးများကလည်း နေရာအနှံ့ လွင့်စဉ်သွား၏။
"တောင်ကြားသခင်အဘိုး၊ ဘာဖြစ်တာလဲ"
ရှန်းရှန်းက ဘေးတွင် ရပ်နေသည်။ သူ့မျက်လုံးမှာတော့ မျက်ရည်တို့က သွင်သွင်စီးကျနေ၏။
"အဆိပ်သင့်တာ၊ တောင်ကြားသခင်က အဆိပ်သင့်တာ ဖြစ်ရမယ်။ ဟဲကောင်း၊ လူယုတ်မာ"
ထျန်းချွေးက ဟိန်းဟောက်လိုက်သည်။
ယခုလေးတင် ရေခဲနဂါးတောင်ကြားသခင်က သူတို့ကို အခြေအနေအလုံးစုံအား ရှင်းပြခဲ့သည်။ ထို့ကြောင့် အကြောင်းအကျိုးကို သူတို့ နားလည်ထားခဲ့ပြီ။
ဟဲကောင်းက ရှန်းရှန်းကို ဥတုလေးလီ သိုင်းကျင့်စဉ် လေ့ကျင့်စေလိုပြီး ရှန်းရှန်း၏ ယင်စွမ်းအင်ကို အသုံးပြုကာ သူ့ကိုယ်ပိုင် ကျင့်ကြံမှုအဆင့်ကို တိုးတက်စေလိုသည်။ ဒါက မည်မျှဆိုးရွားသနည်း။
သူတို့နှစ်ယောက်လည်း အခြေအနေကို သိရပြီးနောက် ကြောက်ရွံ့မှုကို ခံစားခဲ့ကြရသည်။
"တောင်ကြားသခင်၊ ခင်ဗျား ဘယ်အဆိပ်နဲ့ မိထားတာလဲ"
လုမင်က ရေခဲနဂါးတောင်ကြားသခင်ဆီသို့ ရောက်လာပြီး မေးလိုက်သည်။
"ဒါက ဝိညာဉ်စားပိုးကောင်ပဲ၊ ဟဲကောင်းက ဟဲမိသားစုကို ပြန်ရောက်လာပြီး ငါတို့ လွတ်မြောက်သွားပြီဆိုတာကို သိသွားပြီ။ အား... ၊ ဒီဝိညာဉ်စားပိုးကောင်ကို အသုံးချပြီး သူက ငါတို့တည်နေရာကို သိနိုင်တယ်။ လုမင်... ငါ့ကိုသတ်လိုက်... ငါ့ကိုသတ်လိုက်ပါ"
ရေခဲနဂါးတောင်ကြားသခင်က အော်ဟစ်လိုက်သည်။
"သေစမ်း"
"ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ"
ထျန်းချွေး၊ ရှန်းရှန်းနှင့် လုမင်တို့ မျက်နှာပျက်သွားသည်။
"ငါ့ကို မြန်မြန်သတ်လိုက်ပါ၊ မဟုတ်ရင် ဟဲကောင်းက ငါတို့ကို မကြာခင်မှာ ဖမ်းမိသွားလိမ့်မယ်"
ရေခဲနဂါးတောင်ကြားသခင်က ဟိန်းဟောက်လိုက်သည်။ သူ၏ နဂိုက နူးညံ့သိမ်မွေ့သော မျက်နှာမှာ ယခုတော့ နာကျင်မှုကြောင့် ရှုံ့မဲ့နေပြီ။ သူ၏ဦးခေါင်းက တောင်ထိပ်ပေါ်သို့ ပြင်းထန်စွာ ထပ်မံရိုက်ခတ်ပြီး ကြီးမားသော တွင်းပေါက်တစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။
ရေခဲနဂါးတောင်ကြားသခင်၏ မျက်နှာက သွေးသံတရဲရဲဖြစ်ပြီး သူ့ဆံပင်ဖြူများမှာလည်း ဖရိုဖရဲဖြစ်နေပြီ။ သူ၏ အန္တိမသူတော်စင်နယ်ပယ် ကျင့်ကြံမှုဖြင့်ပင် တောင့်မခံနိုင်အောင် ဝေဒနာက ပြင်းထန်လွန်းပုံရသည်။
လုမင်တို့၏ နှလုံးသားမှာ တုန်လှုပ်သွားကြသည်။
"ဟဲကောင်း၊ မင်းကို ငါသတ်မယ်"
လုမင်က သူ့နှလုံးသားထဲမှ အော်ဟစ်လိုက်သည်။ သူ့မျက်လုံးများတွင် အဆုံးမဲ့ လူသတ်ချင်စိတ်များ ပြည့်နှက်နေ၏။
"မြန်မြန်လုပ်"
ရေခဲနဂါးတောင်ကြားသခင်က ဟိန်းဟောက်လိုက်သည်။
"တောင်ကြားသခင်အဘိုး၊ ကျွန်မတို့ မလုပ်ဘူး... မလုပ်နိုင်ဘူး"
ရှန်းရှန်းက ခေါင်းခါလိုက်သည်။
သူက ရေခဲနဂါးတောင်ကြားသခင်ကို မည်သို့သတ်လိုမည်နည်း။
"တောင်ကြားသခင်၊ ကျုပ်တို့တွေ မကြာခင် ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကို ရောက်သွားတော့မှာပါ။ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကို ရောက်သွားတာနဲ့ ခင်ဗျားရဲ့ ဝိညာဉ်စားပိုးကောင်ကို ဖြေရှင်းဖို့ မဟာဧကရာဇ်ကြီးကို နည်းလမ်းရှာပြီး တောင်းဆိုမယ်"
လုမင်က အော်ပြောလိုက်သည်။
"အရမ်းနောက်ကျနေပြီ၊ ဟဲကောင်းက မကြာခင် ရောက်လာလိမ့်မယ်။ အဲဒီအခါမှာ ငါတို့ထဲက တစ်ယောက်မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ငါက အသက်ကြီးနေပြီဖြစ်ပြီး ငါ့ရဲ့ ကျင့်ကြံမှုကလည်း ကန့်သတ်ချက်ကို ရောက်နေပြီ။ ငါ့အတွက် အနာဂတ်မှာ အဆင့်တက်နိုင်ဖို့ မျှော်လင့်ချက် မရှိဘူး၊ ဒါပေမဲ့ မင်းတို့ကတော့ သေလို့မရဘူး။ မင်းတို့မှာ တောက်ပတဲ့ အနာဂတ်ရှိတယ်။ နဂါးနတ်ဘုရားတောင်ကြားကလည်း မင်းအပေါ်မှာပဲ မူတည်တယ်။ မြန်မြန်လုပ်ပါ"
ရေခဲနဂါးတောင်ကြားသခင်က အော်ဟစ်လိုက်သည်။
"မဟုတ်ဘူး၊ မလုပ်နိုင်ဘူး"
လုမင်တို့ သုံးဦးစလုံးက ပြတ်ပြတ်သားသား ငြင်းဆန်ကြ၏။
"မင်းတို့မလုပ်ရင် ငါကိုယ်တိုင်လုပ်မယ်"
ရေခဲနဂါးတောင်ကြားသခင်က ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်တွင်းရှိ သူတော်စင်စွမ်းအင်က ဆူပွက်လာပြီး သူ့စိတ်ဝိညာဥ်ဆီသို့ ဆောင့်တက်သွား၏။
"မကောင်းတော့ဘူး"
လုမင်၊ ထျန်းချွေးနှင့် ရှန်းရှန်းတို့ မျက်နှာပျက်သွားသည်။
သို့သော်၊ တားဆီးရန် အလွန်နောက်ကျသွားခဲ့ပြီ။
"ဝုန်း"
ရေခဲနဂါးတောင်ကြားသခင်၏ စိတ်ထဲတွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်မှာတော့ ရေခဲနဂါးတောင်ကြားသခင်က မလှုပ်မယှက် ထိုနေရာတွင် ရပ်တန့်သွားတော့သည်။
"တောင်ကြားသခင်"
"တောင်ကြားသခင်အဘိုး"
လုမင်တို့က ထိတ်လန့်တုန်လှုပ်သွားပြီး ရေခဲနဂါးတောင်ကြားသခင်ဆီသို့ ပြေးသွားကြသည်။
သို့သော်၊ ယခုအခါတွင် ရေခဲနဂါးတောင်ကြားသခင်က အသက်မရှူတော့ပေ။
ဟဲကောင်း၏ အာရုံခံမှုကို ရှောင်ရှားရန် သူ့ဝိညာဉ်ကို ကိုယ်တိုင်ဖျက်ဆီးပြီး သတ်သေသွားခဲ့ပြီ ဖြစ်သည်။