အခန်း ၁၉၂၇
Vol. 129 Ch. 1927
အပိုင်း ( 1927 ) မိသားစုနှစ်ခုကြားမှ အခြေအနေကို ပိုမိုတင်းမာလာစေခြင်း။
ကျယ်လောင်သော အော်ငေါက်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းပြီး ဟဲယုထန်၏ ခံစားချက်ကို ချိုးဖျက်ပစ်လိုက်သည်။
"ဘယ်ကောင်က ငါ့ကို နှောင့်ယှက်ဝံ့တာလဲ၊ သေချင်နေပြီထင်တယ်"
ဟဲယုထန်က ထရပ်ပြီး အဆောင်အပြင်ကို ခြေလှမ်းကျဲကျဲဖြင့် ထွက်သွားသည်။ သူက အေးစက်စက်ဖြင့် ရှေ့ကို စိုက်ကြည့်လိုက်၏။
သူ့ရှေ့တွင်၊ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လက်နှစ်ဖက်ကို နောက်သို့ယှက်ကာ ရေကန်ပေါ်တွင် ရပ်နေသည်။
"မင်းဘယ်သူလဲ"
ဟဲယုထန်က မျက်မှောင်ကြုတ်ပြီး လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်လိုက်သည်။ ဤလူကို သူမသိပေ။
"ငါက မင်းအသက်ကို နှုတ်မဲ့သူ"
လူလတ်ပိုင်းအရွယ် အမျိုးသားက အေးစက်စွာပြောသည်။ ထို့နောက် သူ့ခန္ဓာကိုယ်က ယိမ်းနွဲ့သွားပြီး ဟဲယုထန်ဆီသို့ ပြေးလာခဲ့၏။ သူတော်စင်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ဓားတစ်လက်က သူ့လက်ထဲတွင် ပေါ်လာတော့သည်။
ဓားက လျှပ်စီးလက်သကဲ့သို့ ဟဲယုထန်ကို ခုတ်ချလိုက်သည်။
ဟဲယုထန် တုန်လှုပ်သွားသည်။ သူက ဓားတစ်လက်ကို ထုတ်ယူပြီး အစွမ်းကုန်သုံး၍ လူလတ်ပိုင်းအရွယ် အမျိုးသားကို ခုတ်ထစ်လိုက်၏။
"ထန်"
ဓားနှစ်လက်က ထိပ်တိုက်တွေ့ဆုံပြီး ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဟဲယုထန်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားသည်။ သူက နောက်သို့ ဒယီးဒယိုင်ဖြင့် ဆုတ်သွားရပြီး သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရတော့သည်။
"ထာဝရနွေဦးနိယာမ... မင်းက ဟန်မိသားစုကပဲ။ မင်း ဘာဖြစ်လို့ ငါ့ကိုသတ်ချင်ရတာလဲ"
ဟဲယုထန်က အော်ဟစ်လိုက်သည်။
ထိုအချိန်တွင် ရွက်လှေပေါ်ရှိလူများနှင့် အခြားအဆောင်များရှိ လူများက သတိပြုမိသွားကြသည်။ သူတို့က အသံလာရာသို့ လှမ်းကြည့်လိုက်ပြီးနောက် အားလုံး အံ့အားသင့်သွားကြ၏။
ထာဝရနွေဦးနိယာမသည် ဟန်မိသားစု၏ ထူးခြားသော နိယာမတစ်ခု ဖြစ်သည်။
ဟန်မိသားစု၏ သွေးမျိုးဆက်ရှိမှသာလျှင် ထာဝရနွေဦးနိယာမကို နားလည်နိုင်လိမ့်မည်။
ဟန်မိသားစုက ဟဲယုထန်ကို တကယ်သတ်ချင်နေတာလား။
ဟန်မိသားစုနှင့် ဟဲမိသားစုတို့က ရန်သူများ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်တစ်ထောင်ခန့်ကဆိုလျှင် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့၏။ သို့သော်လည် လွန်ခဲ့သည့် ရာစုနှစ်အနည်းငယ်အတွင်းမှာ ၎င်းတို့၏ ဆက်ဆံရေးက များစွာ ပြေလည်သွားခဲ့သည်။ ရံဖန်ရံခါ ပဋိပက္ခများ ရှိနေသေးသော်လည်း အကြောင်းပြချက်မရှိဘဲ လူမြင်ကွင်းတွင် အချင်းချင်း သတ်ဖြတ်ကြခြင်း အလွန်နည်းပါးပေသည်။
ယခု လူလတ်ပိုင်းအရွယ် အမျိုးသားက ဟဲယုထန်ကို အဘယ်ကြောင့် သတ်ချင်နေရသနည်း။
"ဒါက အရှက်မရှိတဲ့ ခွေးအိုကြီး ဟဲကောင်းကြောင့်ပဲ။ သင်းက ငါ့မိသားစုရဲ့ ရတနာကို ယူဆောင်သွားပြီး ပြန်မပေးဘူး။ ဒီလိုဆိုမှတော့ ဟဲမိသားစုကို ငါက ပြန်ပေးဆပ်စေမယ်"
လူလတ်ပိုင်းအရွယ် အမျိုးသားက အေးစက်စွာ ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များက အရူးအမူး ပေါက်ကွဲထွက်လာ၏။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခုက ဟဲယုထန်ဆီသို့ ဖြတ်သွားတော့သည်။
"မဟုတ်ဘူး..."
ဟဲယုထန်က ကြောက်ရွံ့တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။ သူက လွတ်မြောက်ချင်သော်လည်း သူတို့ကြားမှ ခွန်အားကွာခြားချက်က ကြီးမား၏။ ဓားတစ်ချက်က သူ၏ ခုခံကာကွယ်မှုအားလုံးကို ဖြတ်ကျော်သွားသည်။ ဟဲယုထန်၏ ခန္ဓာကိုယ်က ထက်ခြမ်းကွဲသွားပြီး သူ့အလောင်းမှာ ရေကန်ထဲသို့ ပြုတ်ကျသွားတော့သည်။
"ခွေးအိုကြီး ဟဲကောင်း၊ ဒါက မင်းတောင်းဆိုတာပဲ"
လူလတ်ပိုင်းအရွယ် အမျိုးသားက ထိုသို့ပြောဆိုပြီးနောက် ကောင်းကင်သို့ ပျံတက်သွားကာ ထွက်ခွာသွားတော့သည်။
ဤလူလတ်ပိုင်းအရွယ် အမျိုးသားမှာ သဘာဝအတိုင်း လုမင် ဖြစ်သည်။
ယခင်၊ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်တွင်ရှိစဉ်အခါက ဟဲကောင်းနှင့် ဟန်မိသားစု၏ အစစ်အမှန်ဧကရာဇ်တို့ကြား ပဋိပက္ခဖြစ်နေသည်ကို တွေ့ခဲ့ရသည်။ တစ်ဖက်လူ၏စကားအရ ဟဲကောင်းသည် လုမင်၏ တည်နေရာကို သတင်းအချက်အလက်အဖြစ် အသုံးပြုပြီး ဟန်မိသားစု၏ အဖိုးတန်ရတနာတစ်ခုနှင့် လဲလှယ်ခဲ့ပုံရသည်။ နောက်ပိုင်းတွင်၊ ဟန်မိသားစုက ပြန်လိုချင်သောအခါ ဟဲကောင်းက ပြန်မပေးခဲ့ပေ။
ထိုအချိန်က ဟန်မိသားစု၏ အစစ်အမှန်ဧကရာဇ်နှစ်ပါးသည် ဟဲမိသားစုကို ပြန်ပေးဆပ်စေမည်ဟု ကြိမ်းမောင်းခဲ့သည်။ လုမင်က ဤအခြေအနေကို အခွင့်ကောင်းယူပြီး ဟဲမိသားစုကို တိုက်ခိုက်ကာ မိသားစုနှစ်ခုကြားတွင် ရန်စမီးမွှေးပေးနေခြင်းပင်။
လုမင်၏ ကစဉ့်ကလျားနိယာမသည် ဘုရင်နိယာမများနှင့် အထွတ်အထိပ် နိယာမဆယ်ခုမှတပါး အခြားသော နိယာမအားလုံးကို အသွင်ယူနိုင်သည်။
ထာဝရနွေဦးနိယာမက ဘုရင်နိယာမ မဟုတ်သောကြောင့် လုမင်သည် ၎င်းကို သဘာဝအတိုင်း ပြောင်းလဲနိုင်ခဲ့ပေသည်။
ဟန်မိသားစု၏ ကျွမ်းကျင်သူအယောင်ဆောင်ပြီး ဟဲမိသားစု၏ ပါရမီရှင် ဟဲယုထန်ကို သတ်ခဲ့သည်။
အကြောင်းရင်းမှာ၊ ဟဲမိသားစုမှ ဟဲကောင်းက ဟန်မိသားစု၏ ရတနာကို လုယူသွားခြင်းကြောင့်ပင်။
လုမင် ထွက်ခွာသွားပြီးနောက် ထိုသတင်း အင်မော်တယ်ယစ်မူး စားသောက်ဆိုင်မှတဆင့် တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။
များမကြာမီတွင်...
ဟဲမိသားစု၏ အကြီးအကဲအချို့က ဟဲမိသားစု၏ ခန်းမကြီးတစ်ခုတွင် ထိုင်နေကြသည်။ အခြေအနေကမူ အလွန်တင်းမာနေပုံရ၏။
"ဝုန်း"
ဟဲကောင်းက ဒေါသတကြီးဖြင့် စားပွဲကို ရိုက်ချလိုက်ပြီး ပြောလိုက်သည်။
"အဓိပ္ပာယ်မရှိလိုက်တာ၊ ဟန်မိသားစုက ငါတို့နဲ့ စစ်ဖြစ်ချင်နေတာလား"
ဟဲယုထန် သေဆုံးသွားသည့်သတင်းကို သူတို့က ရရှိထားခဲ့ကြပြီး ယခုအခါ ဆွေးနွေးနေကြခြင်း ဖြစ်သည်။
"ဒါတွေအားလုံးက ခင်ဗျားကြောင့်ပဲ။ ခင်ဗျားက ဟန်မိသားစုရဲ့ ကပ်ဘေးဖြတ်ကျော်ခြင်း နတ်ဘုရားဝတ်ရုံကို လုယက်ခဲ့တာကြောင့် ဒီလိုအဖြစ်မျိုးတွေ ဖြစ်လာခဲ့ရတာ။ ဟဲယုထန်ကလည်း ခင်ဗျားကြောင့် သေသွားရတာ"
အခြား အဘိုးအိုတစ်ဦးက အေးစက်စွာ ပြောသည်။
"ခင်ဗျား ဒါက ဘာပြောချင်တာလဲ"
ဟဲကောင်းက အဘိုးအိုအား အေးစက်စွာ စိုက်ကြည့်လိုက်သည်။
အဘိုးအိုက ဟဲကောင်းနှင့် တူညီသော အဆင့်တွင် ရှိနေသောကြောင့် သဘာဝအတိုင်း သူ့ကို မကြောက်ပေ။ သူက လှောင်ပြောင်ပြောဆိုလိုက်သည်။
"ကျုပ်ဆိုလိုတာက ရှင်းပါတယ်။ ခင်ဗျားသာ ဟန်မိသားစုရဲ့ ရတနာကို မယူခဲ့ရင် ကျုပ်တို့တပည့်တွေကို သတ်ဖို့ လူတွေကို စေလွှတ်မှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ခင်ဗျား ဒီအတွက် တာဝန်ခံပြီး ကပ်ဘေးဖြတ်ကျော်ခြင်း နတ်ဘုရားဝတ်ရုံကို မိသားစုဆီ လွှဲပြောင်းပေးရမယ်"
ဟဲမိသားစုက မိသားစုကြီးတစ်ခုဖြစ်သည့်အားလျော်စွာ ကိုင်းခွဲအမျိုးမျိုး ရှိပေသည်။
"တော်စမ်း၊ ကပ်ဘေးဖြတ်ကျော်ခြင်း နတ်ဘုရားဝတ်ရုံကို ကျုပ်ပဲပိုင်တယ်။ ခင်ဗျားလိုချရင် တိုက်ခိုက်ကြတာပေါ့၊ ခင်ဗျား ဘာတတ်နိုင်မလဲ ကြည့်ရအောင်"
ဟဲကောင်းက ဒေါသတကြီး ပြောလိုက်သည်။ အားကောင်းသော အရှိန်အဝါက ခန်းမကို လွှမ်းခြုံသွား၏။
"တော်လောက်ပြီ၊ ငြင်းခုံနေကြတာကို ရပ်လိုက်ကြတော့။ အခုချိန်မှာ အရေးကြီးဆုံးအရာက ဟန်မိသားစုရဲ့ လက်စားချေမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာပဲ"
အခြားအဘိုးအိုတစ်ဦးက သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။
"အဆိုးဆုံးအခြေအနေက ကျုပ်တို့တွေ ဟန်မိသားစုနဲ့ တိုက်ခိုက်ရုံပေါ့"
ဟဲကောင်းက အေးစက်စွာ ပြောလိုက်သည်။
ကပ်ဘေးဖြတ်ကျော်ခြင်း နတ်ဘုရားဝတ်ရုံကို လွှဲပြောင်းပေးအပ်ရန်တော့ မဖြစ်နိုင်ပေ။ ၎င်းက သူ၏ ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်ခြင်းအတွက် အလွန်အရေးပါပြီး အခြားအရာများထက် ပိုအရေးကြီးသည်။
ဤအခိုက်အတန့်တွင်၊ သူတို့အားလုံးက မက်ဆေ့ခ်ျတစ်ခု တစ်ချိန်တည်းလိုလို လက်ခံရရှိခဲ့သည်။ သူတို့က အသံလွှင့်ကျောက်စိမ်းအဆောင်များကို ထုတ်ယူကြည့်ပြီးနောက် မျက်နှာအမူအရာများ ပြောင်းလဲသွားပြန်တော့သည်။
"သေစမ်း၊ ဟန်မိသားစုက တရားလွန်ပြီ"
"သူတို့က တကယ်ပဲ စစ်ပွဲစတော့မှာလား"
အကြီးအကဲတချို့က ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
ဟဲမိသားစုမှ ကျွမ်းကျင်သူနှစ်ဦးကို ဟန်မိသားစုမှ သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း သတင်းရရှိခဲ့သည်။
ဒါက သည်းခံနိုင်စရာမရှိပေ။
ဟန်မိသားစုက လက်စားချေနေပြီဖြစ်ကြောင်း ထင်ရှားသည်။ နှောင့်နှေးနေလျှင် လူများ ပို၍သေကြေပျက်စီးရလိမ့်မည်။
"ဟန်မိသားစုကို သွားကြစို့၊ ဟန်မိသားစုက စစ်ပွဲကို တကယ်စတင်ချင်သလား ကြည့်စမ်းမယ်"
စားပွဲ၏ ခေါင်းရင်းပိုင်းတွင် ထိုင်နေသော အဘိုးအိုက အေးစက်စွာ ပြောလိုက်သည်။ ထို့နောက် ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာသွား၏။
ဟဲကောင်းနှင့် ဟဲမိသားစုမှ အခြားအကြီးအကဲများလည်း သူ့နောက်မှလိုက်ကာ ဟန်မိသားစုဆီသို့ ဦးတည်သွားကြတော့သည်။
ဟန်မိသားစုရှိ ခန်းမတစ်ခုတွင် အကြီးအကဲတချို့က တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်။
"ဟဲမိသားစုကို တိုက်ခိုက်ဖို့ လူတွေကို ဘယ်သူစေလွှတ်ခဲ့တာလဲ"
တစ်ယောက်ယောက်က မေးသည်။
"ကျုပ်တို့ကတော့ အဲဒီလိုမလုပ်ပါဘူး၊ ဟဲကောင်းက အောက်တန်းကျတဲ့နည်းလမ်းနဲ့ ကပ်ဘေးဖြတ်ကျော်ခြင်း နတ်ဘုရားဝတ်ရုံကို ယူဆောင်သွားပေမဲ့ ကျုပ်တို့တွေ နည်းလမ်းရှာနေကြတုန်းပဲ။ ဟဲမိသားစုကို တိုက်ခိုက်ဖို့ ဘယ်သူ့ကိုမှ မစေလွှတ်ခဲ့ဘူး"
ဟဲကောင်းကို နတ်ဘုရားဝတ်ရုံ ပေးအပ်ခဲ့သည့် ဆံပင်ဖြူ အစစ်အမှန်ဧကရာဇ်က မျက်မှောင်ကြုတ်လိုက်သည်။
အခြားသူများကလည်း စိတ်ရှုပ်ထွေးနေဟန်ဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။
သူတို့က မည်သူ့ကိုမျှ မစေလွှတ်ခဲ့ဘူးဆိုလျှင်၊ ဟဲမိသားစု၏ လူများကို မည်သူကသတ်သနည်း။ ၎င်းက ဟန်မိသားစုမှ အခြားလူများ ဖြစ်မည်လော။
"ဟဲမိသားစုက ရွံ့စရာကောင်းပြီး အရှက်မရှိဘူး။ ကျုပ်အမြင်အရတော့ သူတို့ကို သတ်သင့်တယ်"
အစစ်အမှန်ဧကရာဇ်တစ်ပါးက အေးစက်စွာ ပြောသည်။
လွန်ခဲ့သော နှစ်တစ်ထောင်ခန့်က ဟဲမိသားစုနှင့် ဟန်မိသားစုကြားတွင် ပြင်းထန်သော စစ်ပွဲတစ်ခု ဖြစ်ခဲ့သည်။ ဤအစစ်အမှန်ဧကရာဇ်များသည် ယခင်က ဟဲမိသားစုကို တိုက်ခိုက်ခဲ့ဖူးသောကြောင့် ရန်ငြိုးကြီးမားကြ၏။ ထို့ကြောင့်၊ ဟဲမိသားစု၏ လူအနည်းငယ်ကို သူတို့ သတ်ခဲ့လျှင်ပင် ဘာဖြစ်သေးသနည်း။
"ဝုန်း... ဝုန်း"
ထိုအချိန်တွင်၊ ဟန်မိသားစု၏ အပြင်ဘက်မှ အပြောင်းအလဲတစ်ခု ထွက်ပေါ်လာသည်။ အားကောင်းသော အရှိန်အဝါများက လေထဲတွင် ပြည့်နှက်သွား၏။
"ဟမ့်၊ ဟဲမိသားစုက ရောက်လာပုံရတယ်"
"ဟဲကောင်းက ကျုပ်တို့ရဲ့ ကပ်ဘေးဖြတ်ကျော်ခြင်း နတ်ဘုရားဝတ်ရုံကို လုယူသွားပြီး ဒီကို လာဝံ့သေးတာလား။ နတ်ဘုရားဝတ်ရုံကို ပြန်ယူရမယ်"
အကြီးအကဲတချို့က အေးစက်စွာ ပြောလိုက်သည်။ ထို့နောက် အပြင်ဘက်ကို တစ်ဦးပြီးတစ်ဦး ထွက်သွားကြ၏။
ဟန်မိသားစု၏ အပြင်ဘက်တွင် ဟဲကောင်းနှင့် ဟဲမိသားစု၏ ကျွမ်းကျင်သူများက လေထဲမှာရပ်နေသည်။ သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များက ဟန်မိသားစု၏ ခန်းမဆောင်များပေါ်သို့ ကျရောက်နေ၏။
ထိုအချိန်တွင် ဟန်မိသားစု၏ ကျွမ်းကျင်သူများ ပေါ်လာကြတော့သည်။
နောက်ဆုံးတွင် ဟန်မိသားစု၏ အကြီးအကဲတချို့က လေထဲသို့ ပျံတက်လာသည်။ သူတို့တစ်ဦးစီက အားကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်လိုက်၏။
"ဟဲကောင်း၊ မင်းက ဒီကိုပြန်လာဝံ့သေးတယ်လား။ ကပ်ဘေးဖြတ်ကျော်ခြင်း နတ်ဘုရားဝတ်ရုံကို ပြန်ပေးစမ်း"
ဟန်မိသားစု၏ ဆံပင်ဖြူ အစစ်အမှန်ဧကရာဇ်ကြီးက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ဟဲကောင်းကို စိုက်ကြည့်လိုက်သည်။