အခန်း ၁၉၂၉
Vol. 129 Ch. 1929
အပိုင်း ( 1929 ) မဟာဧကရာဇ်ကြီးများ၏ တိုက်ပွဲ။
ဟဲမိသားစုနှင့် ဟန်မိသားစုတို့ နှစ်ခုစလုံးက ကျွမ်းကျင်သူ ထောင်နှင့်ချီပြီး စေလွှတ်ခဲ့ကြသည်။ မိသားစုနှစ်စုကြားတွင် ကြောက်မက်ဖွယ်ရာ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့၏။
ဤတိုက်ပွဲက ကောင်းကင်ဧကရာဇ်မြို့တော်ကို တုန်လှုပ်စေသည်။
ဤတိုက်ပွဲက အနှိုင်းမဲ့ ကြေကွဲဖွယ်ကောင်းလှ၏။ နေနှင့်လတို့၏ အလင်းရောင်က ပျောက်ကုန်သည်။ ကောင်းကင်ဧကရာဇ်မြို့တော်တစ်ခုလုံးက တုန်ခါနေတော့သည်။
တိုက်ပွဲက တစ်နေကုန် ကြာမြင့်သည်။
နောက်ဆုံးတွင် နှစ်ဖက်စလုံးက ဆုံးရှုံးမှုများ ကြီးကြီးမားမား ရရှိသွားပြီး ဆုတ်ခွာသွားခဲ့ကြပေသည်။
ထိုတိုက်ပွဲတွင် နှစ်ဖက်စလုံးက ကျွမ်းကျင်သူများ အများကြီး ကျဆုံးခဲ့သည်ဟု ဆိုသည်။ ဗလာနယ်ဧကရာဇ်အဆင့်(ဧကရာဇ်ငယ်) သိုင်းဧကရာဇ်များက ဆယ်ဦးကျော် ကျဆုံးခဲ့ပြီး အစစ်အမှန်ဧကရာဇ်တချို့ပင် ကျဆုံးခဲ့သည်ဟု ဆိုသည်။
ကောင်းကင်ဧကရာဇ်မြို့တော်တွင် လေထုက ခဏချင်း လွန်စွာမြင့်တက်ခဲ့ပေသည်။
အကြောင်းမှာ၊ မိသားစုနှစ်စုကြား စစ်ပွဲကြီးက ဤကဲ့သို့ ပြီးဆုံးမည်မဟုတ်ကြောင်း လူတိုင်းသိသောကြောင့်ဖြစ်သည်။ ဒါက အစသာရှိသေးသည်။
မျှော်လင့်ထားသည့်အတိုင်း၊ ဤတိုက်ပွဲအပြီးမှာ မိသားစုနှစ်ခုက တိုက်ပွဲများခုကို စတင်ခဲ့သည်။
နှစ်ဖက်စလုံး၏ လုပ်ငန်းများကို တိုက်ခိုက်ရန် လူများကို စေလွှတ်ခဲ့၏။
နှစ်ဘက်စလုံးက အဆက်မပြတ် တိုက်ခိုက်ခဲ့ပြီး အကြိမ်တိုင်းမှာ ကျွမ်းကျင်သူများစွာတို့ သေဆုံးခဲ့ရသည်။
နှစ်ဘက်ကြားမှ အမုန်းပွားမှုက ပြန်လည်မသင့်မြတ်နိုင်သော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အချိန်ကြာလာသည်နှင့် တိုက်ပွဲက ပိုပိုပြီး ပြင်းထန်လာသည်။ အစစ်အမှန် ဧကရာဇ်များပင်လျှင် အချင်းချင်း သတ်ဖြတ်ကြ၏။
နေ့စဉ်နှင့်အမျှ ကျွမ်းကျင်သူများ ကျဆုံးကြရသည်။
ဤတိုက်ပွဲများက သုံးလတိတိ ကြာမြင့်ခဲ့ပေသည်။ ဟန်မိသားစုနှင့် ဟဲမိသားစုတို့က မရေမတွက်နိုင်သော ကျွမ်းကျင်သူများကို ဆုံးရှုံးခဲ့ရသည်။
သို့သော်လည်း ထိုအချက်က နှစ်ဖက်စလုံးကို ရပ်တန့်စေခဲ့ခြင်း မရှိပေ။ ထိုအစား မုန်းတီးမှုက ပိုပြင်းထန်လာသည်။
ထိုနေ့တွင် သတင်းတစ်ပုဒ်က ကောင်းကင်ဧကရာဇ်မြို့တော် တစ်ခုလုံးနှင့် ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကိုပင် တုန်လှုပ်စေခဲ့သည်။
ဟန်မိသားစု၏ မဟာဧကရာဇ်အဆင့် ခေါင်းဆောင်ကြီးက ဟဲမိသားစု၏ မဟာဧကရာဇ်အဆင့် ခေါင်းဆောင်ကြီးကို စိန်ခေါ်သည်။ လဝက်ကြာသောအခါ၊ ကောင်းကင်ဧကရာဇ်တောင်တွင် အနိုင်အရှုံးကို ဆုံးဖြတ်ကြလိမ့်မည်။
မဟာဧကရာဇ်များကြားမှ ပြိုင်ဆိုင်မှုမှာ ကမ္ဘာကို တုန်လှုပ်စေခဲ့သည်။
မရေမတွက်နိုင်သောလူများ တုန်လှုပ်ခြောက်ခြားကြရ၏။
ဤတစ်ကြိမ်တွင် မိသားစုနှစ်စုကြားမှ ထိပ်တိုက်ရင်ဆိုင်မှုက နောက်ဆုံးမှာ မဟာဧကရာဇ်ကြီးများကြား တိုက်ပွဲအထိ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
ကောင်းကင်ဧကရာဇ်မြို့တော်က ယွမ်တောင်၏ မြင့်မြတ်နယ်မြေကိုးခုအနက် နံပါတ်တစ် ဖြစ်သည်။ ၎င်း၏ခွန်အားက အသန်မာဆုံး ဖြစ်၏။
ကောင်းကင်ဧကရာဇ်မြို့တော်ရှိ အသန်မာဆုံး အင်အားစုများမှ တစ်ခုအနေဖြင့် ဟန်မိသားစုနှင့် ဟဲမိသားစု နှစ်ခုစလုံးတွင် မဟာဧကရာဇ်ကြီးများ ရှိကြသည်။
ယခုအခါ၊ လဝက်ကြာပြီးနောက် မိသားစုနှစ်စု၏ မဟာဧကရာဇ်ကြီးများက ကောင်းကင်ဧကရာဇ်တောင်၌ ရင်ဆိုင်ကြတော့မည်။
လုမင်သည်လည်း ဤသတင်းကိုကြားသောအခါ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
အခြေအနေများက ဤအတိုင်းအတာအထိ တိုးတက်လာမည်ဟု သူလည်း မမျှော်လင့်ခဲ့ပေ။
သို့ရာတွင်၊ ဒါက လုမင်လိုချင်သည့်အတိုင်း အတိအကျ ဖြစ်သည်။
ဟဲမိသားစုနှင့် ဟန်မိသားစုတို့ အချင်းချင်း တိုက်ခိုက်ကြစေရန်က သူ့ရည်ရွယ်ချက်ပင် မဟုတ်လော။ ဟန်မိသားစုနှင့် ဟဲမိသားစုတို့မှ မိသားစုဝင်များ၏သွေးဖြင့် ရေခဲနဂါးတောင်ကြားသခင်ထံ ယဇ်ပူဇော်မည် ဖြစ်သည်။
မဟာဧကရာဇ်ကြီး ကျဆုံးခဲ့ပါက အကောင်းဆုံးဖြစ်မည်။ ဒါမှ ပိုပြီးပြည့်စုံလာမည် ဖြစ်သည်။
လုမင်က ကျေနပ်စွာ ရယ်မောလိုက်သည်။
မဟာဧကရာဇ်များကြားမှ ပြိုင်ဆိုင်မှုက တွေ့ရခဲလှသည်။ ဤသတင်းက ယွမ်တောင်ရှိ အဓိကအင်အားစုကြီးအားလုံးကို တုန်လှုပ်စေခဲ့ပေသည်။ ဤလဝက်အတွင်း၌ ကောင်းကင်ဧကရာဇ်မြို့တော်သို့ ကျွမ်းကျင်သူများ တဖွဲဖွဲ ရောက်ရှိလာကြသည်။ မဟာဧကရာဇ်ကြီးများ၏ အရှိန်အဝါကို သက်သေခံလိုက်ကြ၏။
အချိန်များကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း လဝက်ကြာသွားပြီ။
ထိုနေ့တွင် မရေမတွက်နိုင်သော လူများက ကောင်းကင်ဧကရာဇ်တောင်ဆီသို့ စုဝေးရောက်ရှိခဲ့ကြသည်။
ပုံမှန်အားဖြင့် မဟာဧကရာဇ်ကြီးများ တိုက်ခိုက်သောအခါ တိုက်ပွဲကိုကြည့်ရှုရန် မည်သူမျှ ချဉ်းကပ်ဝံ့မည်မဟုတ်ပေ။
မဟာဧကရာဇ်များက စွမ်းအားကြီးလွန်းသည်။ သာမန်လူများအဖို့ တိုက်ခိုက်မှုမှ စွမ်းအင်လှိုင်းတစ်ခု ရိုက်ခတ်မိလျှင်ပင် အသက်ပျောက်ဖို့များ၏။ သိုင်းဧကရာဇ်များပင် ရှင်သန်ရန် ခက်ခဲမည်။
သို့သော်လည်း ကောင်းကင်ဧကရာဇ်တောင်တွင် ကွဲပြားသည်။
ဒဏ္ဍာရီအရ ကောင်းကင်ဧကရာဇ်တောင်သည် ကောင်းကင်ဧကရာဇ်က တာအိုကို သက်သေပြုခဲ့သော နေရာဖြစ်သည်။ ၎င်းအထက်တွင်၊ ကောင်းကင်ဧကရာဇ်၏ အရှိနါအဝါတို့ ပြည့်နှက်နေ၏။ သာမာန်လူများက ကောင်းကင်ဧကရာဇ်တောင်ကို မတက်နိုင်ကြပေ။
သိုင်းဧကရာဇ်များပင်လျှင် သူတို့၏ ကျင့်ကြံမှုကို ဖိနှိပ်ခံရမည် ဖြစ်သည်။ အစစ်အမှန်ဧကရာဇ်များက တောင်ပေါ်သို့ ချဉ်းကပ်လာသောအခါ ပျံသန်း၍မရတော့ဟု ကောလဟာလများ ရှိပေသည်။
ကောင်းကင်ဧကရာဇ်တောင်သို့ ဝင်ရောက်သောအခါ မဟာဧကရာဇ်များသာ ပျံသန်းနိုင်ကြသည်။ သို့သော်လည်း သူတို့က အလွန်အမင်း ဖိနှိပ်ခံရလိမ့်မည်။ တိုက်ပွဲကြီးများမှ လှုပ်ရှားမှုများကို ဖိနှိပ်နိုင်ဖြစ်ပြီး ဆိုးရွားသော အကျိုးဆက်များ မဖြစ်စေနိုင်တော့ပေ။
ယနေ့တွင်၊ မနက်စောစောကတည်းက ကောင်းကင်ဧကရာဇ်တောင်တဝိုက်မှာ လူများ ပြည့်နေပြီ ဖြစ်သည်။
ကျင့်ကြံမှုအဆင့် အမျိုးမျိုးနှင့် မရေမတွက်နိုင်သော လူများရှိ၏။
သိုင်းအုပ်ချုပ်သူများ၊ သူတော်စင်များ၊ ဗလာနယ်ဧကရာဇ်များနှင့် အစစ်အမှန်ဧကရာဇ်များပင် ပါဝင်သည်။
မဟာဧကရာဇ်များအကြား တိုက်ပွဲက ရှားရှားပါးပါး ဖြစ်ရပ်တစ်ခု ဖြစ်သည်။ ၎င်းက အစစ်အမှန်ဧကရာဇ်များအတွက် အထောက်အကူ ဖြစ်စေနိုင်ပေသည်။
ယွမ်တောင် မြင့်မြတ်သောကျောင်းတော်၏ တပည့်များကိုလည်း ကျောင်းတော်၏ အစစ်အမှန်ဧကရာဇ်အဆင့် ဆရာအချို့က ဦးဆောင်လာခဲ့သည်။ ထိုအထဲတွင် လုမင်နှင့် အခြားသူများလည်း ပါဝင်ပေသည်။
ဤအခိုက်အတန့်တွင်၊ ကောင်းကင်ဧကရာဇ်တောင်နှင့် မနီးမဝေးမှ လေဟာနယ်က ရုတ်တရက် အက်ကွဲသွားသည်။ အက်ကြောင်းနှစ်ခု ပေါ်လာပြီး အတွင်းမှ လူရိပ်တစ်ခုစီ ထွက်ပေါ်လာ၏။
လူရိပ်နှစ်ခုကို အဆုံးမဲ့အလင်းများက လုံးဝ ဖုံးလွှမ်းထားသည်။ သူတို့၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း အားကောင်းသော အရှိန်အဝါက အရပ်ရပ်သို့ ဖြာထွက်နေပေသည်။
၎င်းတို့က အလွန်ဝေးကွာသော်လည်း၊ ဤအခိုက်အတန့်တွင် မရေမတွက်နိုင်သောလူများက နတ်ဘုရားတစ်ပါး ဆင်းလာသကဲ့သို့ ခံစားလိုက်ရသည်။ ဤဖိအားမျိုးက ကောင်းကင်တာအိုကို ရင်ဆိုင်နေရသလိုဖြစ်ပြီး လုံးဝ မခုခံနိုင်ပေ။
မဟာဧကရာဇ်နှစ်ပါး...
ဟန်မိသားစုနှင့် ဟဲမိသားစုတို့၏ မဟာဧကရာဇ်ကြီးများ ရောက်ရှိလာကြီ ဖြစ်သည်။
မဟာဧကရာဇ်ကြီးနှစ်ပါးက အဝေးမှ တစ်ဦးကိုတစ်ဦး လှမ်းကြည့်ကာ ပို၍ပင် ထိတ်လန့်တုန်လှုပ်ဖွယ် အရှိန်အဝါတို့ကို ထုတ်လွှတ်လိုက်ကြသည်။
"ဒီတစ်ခါ ငါမင်းကိုသတ်မယ်"
အေးစက်စက် အသံတစ်ခုကြားလိုက်ရသည်။ ထိုအသံက သက်ရှိသတ္တဝါအားလုံးကို နှိမ့်ချသော နတ်ဘုရားကဲ့သို့ မာန်မာနနှင့် ပြည့်နေ၏။
လုမင်က ဤအသံကို ယခင် ကြားခဲ့ဖူးသည်။ ၎င်းက ဟန်မိသားစု၏ မဟာဧကရာဇ်ကြီးပင်။ သူသည် ယွမ်တောင် မြင့်မြတ်သောကျောင်းတော်တွင် ဝူရှန်းမဟာဧကရာဇ်နှင့် တိုက်ခိုက်ခဲ့ဖူးသည်။
"အရှက်မရှိ ဟိတ်ဟန်ထုတ်နေတာပဲ၊ ဒီနေ့ သေရမဲ့လူက မင်းပဲဖြစ်မယ်"
အခြား လူရိပ်က ဟဲမိသားစု၏ မဟာဧကရာဇ်ကြီပင်။ သူ့အသံက နက်နဲပြီး အဆုံးမဲ့လွှမ်းမိုးမှု အပြည့်ရှိသည်။
"ဝှစ်... ဝှစ်..."
ထို့နောက် လူရိပ်နှစ်ခုက ပြိုင်တူ ရွေ့လျားကာ ကောင်းကင်ဧကရာဇ်တောင်ထိပ်သို့ ပျံသန်းသွားခဲ့သည်။ အစပိုင်းမှာတော့ သူတို့၏ အရှိန်က ကြောက်ခမန်းလိလိဖြစ်ပြီး လူတော်တော်များများက သူတို့ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။
သို့သော်လည်း သူတို့နှစ်ဦးက ကောင်းကင်ဧကရာဇ်တောင်အနီးသို့ ရောက်ရှိသည်နှင့် တပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုအောက်တွင် ရှိနေပုံရသည်။ သူတို့၏ အရှိန်က လျင်မြန်စွာ နှေးကွေးသွား၏။ တောင်ထိပ်သို့ နီးကပ်လေလေ ၎င်းတို့၏ အရှိန်က ပိုနှေးလေလေပင်။
နောက်ဆုံးတွင် ရုပ်သွင်နှစ်ခုပေါ်ရှိ အလင်းတန်းများ ပျောက်ကွယ်သွားကာ သူတို့၏မူလအသွင်က လူတိုင်းရှေ့တွင် ပေါ်လာခဲ့သည်။
ဟန်မိသားစု၏ မဟာဧကရာဇ်က မှိုင်းညို့သောမျက်လုံးအကြည့်ဖြင့် အဖိုးအိုတစ်ဦး ဖြစ်သည်။
ဟဲမိသားစု၏ မဟာဧကရာဇ်ကတော့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ပုံရ၏။ သူက အရပ်မြင့်မြင့်နှင့် ကြံ့ခိုင်သန်မာပြီး ကြီးစိုးသော အသွင်အပြင်ရှိသည်။
ဟုတ်သည်၊ ကျင့်ကြံသူများကို သူတို့၏ အသွင်အပြင်ကိုကြည့်ပြီး မဆုံးဖြတ်နိုင်ပေ။ ဟန်မိသားစုနှင့် ဟဲမိသားစု နှစ်ခုစလုံး၏ မဟာဧကရာဇ်များက မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြသော တည်ရှိမှုများ ဖြစ်ကြသည်။
သူတို့နှစ်ဦးက ကောင်းကင်ဧကရာဇ်တောင်ထိပ်ပေါ်သို့ ဆင်းသက်ခဲ့ကြပြီး အချင်းချင်း ရင်ဆိုင်လိုက်ကြသည်။ ထို့နောက် မျက်နှာချင်းဆိုင် ပြေးလာပြီး လက်ဝါးဖြင့် ရိုက်လိုက်ကြ၏။
"ဝုန်း"
ဆူညံသံနှင့်အတူ ကောင်းကင်ဧကရာဇ်တောင်တစ်ခုလုံး တုန်ခါသွားပုံရသည်။
လုမင်နှင့် အခြားသူများက ဝေးကွာသော်လည်း လေဟာနယ်အတွင်းမှ ပြင်းထန်သော အပြောင်းအလဲများကို ခံစားနိုင်သေးသည်။
"ကြောက်စရာကောင်းလိုက်တာ၊ ဒါက မဟာဧကရာဇ်အဆင့် တန်ခိုးရှင်တွေရဲ့ စွမ်းအားပဲလား။ ဒါက ကောင်းကင်ဧကရာဇ်တောင်ဖြစ်ပေမဲ့ ဒီလို တုန်ခါမှုမျိုးကို ဖြစ်စေနိုင်သေးတယ်"
"သာမန်ဧကရာဇ်အဆင့် အကျော်အမော်တွေက ကောင်းကင်ဧကရာဇ်တောင်ထိပ်မှာ ရပ်တည်နိုင်ရုံပဲရှိလိမ့်မယ်။ တိုက်ခိုက်နိုင်ကြမှာ မဟုတ်ဘူး။ မဟာဧကရာဇ်ကြီးတွေရဲ့ စွမ်းအားက တကယ်ကို ကြီးမားလွန်းတယ်"
လူအများက ဆွေးနွေးလိုက်ကြသည်။
ဟန်မိသားစုနှင့် ဟဲမိသားစုတို့၏ မဟာဧကရာဇ်ကြီးများက လှုပ်ရှားမှုတစ်ခု ဖလှယ်ပြီးနောက် အနည်းငယ်ဆုတ်ခွာသွားကြသည်။ ထို့နောက် အချင်းချင်း တိုက်ခိုက်ကြပြန်၏။
နှစ်ယောက်သား ထိပ်တိုက်တွေ့ဆုံတိုင်းမှာ ကြီးမားသော တုန်ခါမှုများ ဖြစ်ပေါ်လာရသည်။
အခြားနေရာတွင် တိုက်ခိုက်ကြလျှင် ကမ္ဘာတစ်ခုလုံး ဗြောင်းဆန်ကုန်လိမ့်မည်။
ထို့နောက် နှစ်ယောက်သား အပြန်အလှန် ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည်။ သို့သော်လည်း သူတို့က အဆင့်နိမ့် သိုင်းပညာရှင်နှစ်ဦး အပြန်အလှန် လှုပ်ရှားနေကြသကဲ့သို့ သူတို့ရဲ့ အမြန်နှုန်းက သိပ်မြန်တာတော့ မဟုတ်ပါ။
ဤအရာက လူများစွာကို အံ့ဩစေခဲ့သည်။ မဟာဧကရာဇ်ကြီးများ၏ တိုက်ပွဲက ဤကဲ့သို့ သာမန်ဆန်သလော။
လုမင်၊ ချင်ယွဲ့နှင့် အခြားသူများလည်း အံ့သြသွားကြသည်။
သို့သော်လည်း ယွမ်တောင် မြင့်မြတ်သောကျောင်းတော်၏ အစစ်အမှန်ဧကရာဇ်အဆင့် ဆရာများ၏ အမူအရာများမှာတော့ အလွန်လေးနက်ပြီး မျက်တောင်မခတ်တမ်း ကြည့်နေကြတော့သည်။