အခန်း ၁၉၃၅
Vol. 129 Ch. 1935
အပိုင်း ( 1935 ) ကျုပ်က သူလျှိုမဟုတ်ဘူး။
လူငယ်က ထိုင်ခုံပေါ်တွင် တစောင်းလှဲနေသည်။ သူက အရက်တစ်ခွက်ကို ကောက်ယူပြီး တစ်ငုံသောက်လိုက်၏။ ထို့နောက် သူက လုမင်ကို လျစ်လျူရှုစွာကြည့်ပြီး ပြောလိုက်သည်။
"သူလျှိုတစ်ယောက်ဆိုရင် ခင်ဗျားက ဘာဖြစ်လို့ သူ့ကို ခေါ်လာသေးတာလဲ။ သတ်ပစ်လိုက်တော့"
ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်၏။
"ကောင်းပါပြီ"
လူလတ်ပိုင်းအရွယ်အမျိုးသားက အမိန့်ကိုနာခံပြီး အေးစက်သောအကြည့်ဖြင့် လုမင်ဆီသို့ လျှောက်သွားသည်။
"ခဏနေပါဦး"
လုမင်က အမြန်ပြောလိုက်ရသည်။ ဤလူများက စစ်ဆေးမေးမြန်းခြင်းမရှိဘဲ သူ့ကို သတ်ပစ်ချင်နေသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက သူ့ခြေလှမ်းကို ရပ်လိုက်ပြီး လုမင်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
"ကောင်လေး၊ မင်း ဘာပြောစရာရှိသေးလို့လဲ"
"ကျုပ်က သူလျှိုမဟုတ်ဘူးလို့ ပြောထားပြီးသားပါ။ ကျုပ် ဒီကိုရောက်လာတာက မေးခွန်းတချို့ မေးချင်လို"
လုမင်က အကူအညီမဲ့စွာ ရှင်းပြလိုက်သည်။
"အဓိပ္ပာယ်မရှိလိုက်တာ၊ မင်ယန်တိုင်းပြည်အတွင်းမှာ ဒီနေရာက နတ်နဂါးတပ်ရဲ့ စခန်းချရာနေရာဖြစ်ကြောင်း လူတိုင်းသိကြတယ်။ မင်းက ဒီနေရာကို ဖြတ်သွားရုံလို့ ဘယ်လိုပြောရဲတာလဲ။ ရယ်စရာကောင်းတယ်"
လူလတ်ပိုင်းအရွယ် အမျိုးသားက အေးစက်စွာ ပြောလိုက်သည်။
"သူလျှိုတစ်ယောက်နဲ့ ဘာဖြစ်လို့ စကားများနေသေးတာလဲ။ သူ့ကို ခေါ်သွားပြီး သတ်ပစ်လိုက်တော့"
သခင်လေးယန်က စိတ်မရှည်စွာ ပြောလိုက်၏။
နှစ်ဖက်စလုံးမှ အခြားလူများကလည်း ခပ်ယဲ့ယဲ့ပြုံးရင်း ကြည့်နေကြသည်။
ဒါက ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေရသကဲ့သို့ သာလွန်သော အကြည့်မျိုး ဖြစ်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသား၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။
"ကောင်လေး၊ ချက်ချင်း ဒူးထောက်လိုက်စမ်း"
သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လုမင်၏အနားတွင် ပေါ်လာသည်။ သူ့လက်များက လင်းယုန်ခြေသည်းများကဲ့သို့ ကွေးပြီး လုမင်၏ပခုံးကို ဆုပ်ကိုင်လိုက်၏။
သို့သော်လည်း လုမင်က တိုက်ခိုက်မှုကို မရှောင်တိမ်းခဲ့ပေ။ မလှုပ်မယှက်ဘဲ ထိုနေရာတွင် ရပ်နေမြဲ ဖြစ်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသား၏ လက်သည်းက လုမင်၏ပခုံးကို အတိအကျ ဆုပ်ကိုင်မိသွားသည်။ ထို့နောက် ကြီးမားသော စွမ်းအားတစ်ခုက လုမင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး လုမင်ကို ဒူးထောက်စေရန် ကြိုးစားလိုက်၏။
သို့သော်လည်း လုမင်က မလှုပ်ရှားသေးပါ။ သူ့အမူအရာကလည်း မပြောင်းလဲပေ။
လူလတ်ပိုင်း အမျိုးသား၏ အမူအရာ ပြောင်းသွားသည်။
သူ့လက်များက သံတုံးသံခဲကို ဆုပ်ကိုင်နေသလို ခံစားရ၏။
"ဒူးထောက်စမ်း"
လူလတ်ပိုင်းအရွယ် အမျိုးသားက ဟိန်းဟောက်လိုက်သည်။ သူ့ထံမှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာပြီး သူ့ဆံပင်များက တဖျတ်ဖျတ် လှုပ်ရှားလာ၏။ သူက နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အင်အားကို အပြည့်အဝ ထုတ်ဖော်ပြီး လုမင်ကို ဖိအားပေးလိုက်သည်။
သို့တိုင်၊ လုမင်က ထိုနေရာတွင် မလှုပ်မယှက် ရပ်နေသေးသည်။
နဝမအဆင့် သိုင်းအုပ်ချုပ်သူတစ်ပါးက လုမင်အတွက်တော့ သာမန်ကျင့်ကြံသူတစ်ဦးနှင့် မခြားပါ။ လုမင်က မတ်တပ်ရပ်နေပြီး သတ်ခွင့်ပေးလျှင်ပင် သူ့ဆံချည်တစ်မျှင်ကို ထိခိုက်စေမှာ မဟုတ်ပါ။
တဲအမြင့်ပိုင်းတွင်၊ သခင်လေးယန်က အရက်မသောက်နိုင်တော့ဘဲ လုမင်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
တဲနှစ်ဖက်ရှိလူများကလည်း လုမင်ကို အံ့သြစွာ ကြည့်လိုက်ကြ၏။
နဝမအလွှာ သိုင်းအုပ်ချုပ်သူတစ်ပါး၏ အင်အားအောက်တွင် မတုန်မလှုပ် တောင်တစ်လုံးကဲ့သို့ နေနိုင်သူမှာ အားမနည်းကြောင်း ထင်ရှားသည်။
"ခွေးကောင်၊ ဒူးထောက်စမ်း"
လူလတ်ပိုင်းအရွယ် အမျိုးသားက မျက်နှာကြီး နီရဲလာပြီး အော်ဟစ်လိုက်သည်။
သခင်လေးယန်၏ရှေ့တွင် လုမင်ကို ဒူးထောက်စေရန်ပင် မစွမ်းနိုင်ပါ။ ဒါက သခင်လေးယန်၏စိတ်ထဲတွင် သူနှင့်ပတ်သက်ပြီး မကောင်းသောအမြင် ပိုတိုးလာစေမည်မှာ သေချာသည်။ ၎င်းက သူ၏အနာဂတ်နှင့်ဆက်စပ်နေသောကြောင့် လုမင်ကို အမှုန့်ကြိတ်ပစ်ရန် သူ မစောင့်နိုင်တော့ပေ။
"စိတ်ဝင်စားစရာပဲ၊ လျိုချွမ်... ခင်ဗျား အခုထွက်သွားလို့ရပြီ"
သခင်လေးယန်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသား လျိုချွမ်လည်း လုမင်ကို လူသတ်ချင်စိတ်တို့ဖြင့် တစ်ချက်ကြည့်ကာ တဲထဲမှ ထွက်သွားတော့သည်။
"မင်းက အရည်အချင်း နည်းနည်းရှိပုံရတယ်။ အခု ဒူးထောက်ပြီး မင်းဘယ်သူလဲ ဆိုတာကို ပြောပါ၊ ဒါဆိုရင် မင်းရဲ့ အလောင်းကို အကောင်းအတိုင်း ချန်ထားပေးမယ်"
သခင်လေးယန်က တည်ငြိမ်စွာ ပြောလိုက်သည်။
လုမင်၏အလောင်းကို အကောင်းအတိုင်း ချန်ထားပေးခြင်းက လုမင်အတွက် ကြီးကျယ်သော ကောင်းချီးတစ်ခု ဖြစ်သကဲ့သို့ သူ၏လေသံမှာ လွှမ်းမိုးနေသေးသည်။
လုမင်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"ငါက ဒီနေရာကို ဖြတ်သွားရင်း သတင်းအချက်အလက်တွေ စုဆောင်းချင်ခဲ့တာ။ ဒါပေမဲ့ မင်းတို့က မကြိုဆိုတဲ့အတွက် ငါထွက်သွားမယ်"
ပြောဆိုပြီးနောက် လုမင်က လှည့်ထွက်သွားရန် ဟန်ပြင်လိုက်သည်။
"အတင့်ရဲလိုက်တာ"
"ရပ်စမ်း၊ မသိနားမလည်တဲ့ ခွေးကောင်လေး... သခင်လေးယန်ရဲ့ရှေ့မှာ ဘယ်လိုသဘောထားမျိုး ပြဝံ့တာလဲ။ အခုချက်ချင်း ဒူးထောက်လိုက်စမ်း"
တဲနှစ်ဘက်ရှိ လူများက အော်ငေါက်လိုက်ကြသည်။ သူတို့၏ တန်ခိုးကြီးသော အရှိန်အဝါများက လုမင်ကို ဖုံးလွှမ်းသွား၏။
သို့သော်လည်း လုမင်က ၎င်းတို့ကို မကြားသလိုပင် ဆက်၍ ထွက်လာခဲ့သည်။
တဲအထက်တွင် သခင်လေးယန်၏ မျက်နှာက မည်းမှောင်သွားသည်။
လုမင်က သူ့ကို ဤသဘောထားမျိုးဖြင့် ဆက်ဆံဝံ့သည်။ သေချင်နေပြီ။
"သူ့ကို ဖမ်းလိုက်ကြစမ်း၊ ဒါပေမဲ့ သူ့ကိုမသတ်နဲ့။ သူ့ခြေထောက်တွေကို အရင်ရိုက်ချိုးလိုက်"
သခင်လေးယန်က အေးစက်စွာ ပြောလိုက်သည်။
"ကောင်းပါပြီ"
တဲ၏ နှစ်ဘက်စလုံးမှ သူတော်စင်တစ်ပိုင်းတချို့က ခေါင်းညိတ်လိုက်ကြသည်။ လျှပ်တပြက်တွင်း သူတို့က လုမင်ကို ဝိုင်းထားလိုက်၏။
"ကောင်လေး၊ အခုချက်ချင်း သခင်းလေးယန်ရှေ့မှာ ဒူးထောက်ပြီး မင်းရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးလိုက်ပါ။ ဒါဆိုရင် မင်းရဲ့ ခွေးအသက်ကို ချမ်းသာပေးကောင်းပေးနိုင်တယ်"
လျိုချွမ်က ဘေးမှ အော်ဟစ်လိုက်သည်။
လုမင် မျက်မှောင်ကြုတ်လိုက်၏။
မူလက လုမင်သည် ဤလူများကို အားနည်းလွန်းသောကြောင့် ဂရုမစိုက်ခဲ့ပေ။ လုမင်က သူ့အဆင့်အတန်းကို နှိမ့်ချရန် စိတ်မ၀င်စားခဲ့ပါ။
သို့သော်လည်း ထိုသူတို့က သူ့ကို အဆက်မပြတ် ဖိအားပေးနေသည်။ ဒါက သူ့ကို အနည်းငယ် စိတ်မချမ်းသာဖြစ်စေခဲ့သည်။
"ကောင်လေး၊ အခု ဒူးထောက်စမ်း"
သူတော်စင်တစ်ပိုင်းအဆင့် လူတစ်ယောက်က အော်ဟစ်ပြီး တိုက်ခိုက်တော့မည်။
"ရပ်လိုက်စမ်း"
ထိုအချိန်တွင် အေးစက်စက်အော်သံကို ကြားလိုက်ရသည်။ ထို့နောက် တဲတစ်ခုအတွင်းမှ လူတစ်စုက အပြင်ဘက်သို့ လျှောက်လာကြ၏။
ဦးဆောင်သူမှာ အမှန်တကယ်ပင် မိန်းမငယ်တစ်ဦး ဖြစ်သည်။
ဤမိန်းမငယ်က အလွန်လှပသည်။ သူက မီးလျှံနီ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး အချိုးအစားကျသော ခန္ဓာကိုယ်က အထင်အရှား ပေါ်လွင်နေ၏။
ထို့ပြင်၊ သူ့အသွင်အပြင်က အလွန်သူရဲကောင်းဆန်သည်။ သူမ၏ စိတ်နေစိတ်ထားက လုမင် တွေ့ခဲ့ဖူးသော အမျိုးသမီးများနှင့် လုံးဝ မတူပေ။
မိန်းမငယ်၏ နောက်မှာတော့ ကြံ့ခိုင်သန်မာသော အမျိုးသားလေးယောက် ရှိသည်။ သူတို့တစ်ဦးစီက အားကောင်းသော အရှိန်အဝါဖြင့် သတ်ဖြတ်လိုစိတ် အပြည့်ရှိ၏။
၎င်းတို့သည် စစ်မြေပြင်တွင် ကာလကြာရှည်စွာ နေထိုင်ခဲ့သည့် စစ်သည်တော်များဖြစ်ကြောင်း ထင်ရှားသည်။
ဤအမျိုးသမီးကိုမြင်လျှင် သူတော်စင်တစ်ပိုင်းများ၏ အမူအရာများ ပြောင်းလဲသွားကြသည်။ သူတို့အားလုံးက ဦးညွှတ်အလေးပြုပြီး နှုတ်ဆက်လိုက်၏။
"စစ်သူကြီးထျန်းကျောင်းကို နှုတ်ခွန်းဆက်ပါတယ်"
"အားလုံးရပ်လိုက်ကြ"
အမျိုးသမီးငယ်က လျှပ်စီးလက်နေသော အကြည့်မျိုးဖြင့် သူတော်စင်တစ်ပိုင်းများကို ဝေ့ကြည့်လိုက်သည်။
သူတော်စင်တစ်ပိုင်း ကျွမ်းကျင်သူများက သခင်လေးယန်အား အဆင်မပြေသော အမူအရာဖြင့် ကြည့်လိုက်ကြသည်။
သခင်လေးယန်က သူ့လက်ကို သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ သူတော်စင်တစ်ပိုင်း ကျွမ်းကျင်သူအားလုံး ပြန်ဆုတ်သွားတော့သည်။
"ထျန်းကျောင်း၊ မင်းရောက်လာပြီ"
သခင်လေးယန်က ပြုံးပြီး ထိုင်နေရာမှ ထလိုက်သည်။
"ယန်စုန့်... ဒါက ကျွန်မရဲ့ နတ်မီးနဂါးတပ်ပဲ။ ကျွန်မရဲ့ နတ်နဂါးတပ်အတွင်းမှာ လူတွေကို စိတ်ရှိတိုင်းသတ်ရအောင် ရှင့်မှာ ဘာအခွင့်အရေးရှိသလဲ"
မိန်းမငယ်က ယန်စုန့်ကို စူးရှသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ယန်စုန့်၏ မျက်လုံးအိမ်များက ကျဉ်းမြောင်းသွားသည်။ သို့သော်လည်း နောက်အခိုက်အတန့်တွင် သူက ပြုံးပြီး ပြောလိုက်သည်။
"ထျန်းကျောင်း၊ ဒီလူက သူလျှိုတစ်ဦးပဲ။ သူက စစ်တပ်ကို စုံစမ်းထောက်လှမ်းဖို့ ရောက်လာတာကြောင့် သူ့ကိုသတ်ဖို့လုပ်နေတာပါ။ မင်းကိုတော့ အလုပ်ရှုပ်နေမှာစိုးလို့ တမင် အကြောင်းမကြားလိုက်တာ"
"သူလျှိုလား"
မိန်းမငယ်က လုမင်အား လူသတ်လိုသော အရိပ်အယောင်တို့ဖြင့် ကြည့်လိုက်သည်။
"ကျုပ်က သူလျှိုမဟုတ်ဘူး၊ ဒီအတိုင်း ဖြတ်သန်းသွားရုံပဲ"
လုမင်က ပခုံးတွန့်လိုက်သည်။
"မင်း ပြောပြန်ပြီလား၊ တကယ်ကို သေချင်နေပြီထင်တယ်။ ထျန်းကျောင်း၊ ဒီလူကို အရင်သတ်လိုက်ရအောင်ပါ။ ပြီးတော့မှ မင်းနဲ့ စကားပြောကြမယ်"
ယန်စုန့်က ပြောလိုက်၏။
ချက်ခြင်းပဲ၊ သူတော်စင်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်က ရှေ့ကို တိုးလာပြီး လုမင်ကို တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။
"ရပ်လိုက်စမ်း"
မိန်းမငယ်က သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။
"သူက သူလျှိုဖြစ်ရင် သူ့ကို စစ်ဆေးမေးမြန်းဖို့ ပိုလိုအပ်လာပြီ။ အားလုံး နောက်ကိုဆုတ်ပါ"
"ကောင်းပါပြီ"
မိန်းမငယ်နှင့်အတူ ပါလာသော အမျိုးသားလေးယောက်က ဦးညွှတ်ပြီး နောက်ဆုတ်သွားကြသည်။
"ပြီးတော့ ရှင်တို့အားလုံးရောပဲ"
မိန်းမငယ်က ယန်စုန့်ကို ကြည့်လိုက်သည်။
"ထျန်းကျောင်း၊ ဒီလူက အားမနည်းဘူးနော်။ မင်းကို ဒီမှာ တစ်ယောက်တည်း ထားခဲ့ရမှာ ကျုပ် စိတ်ပူတယ်"
ယန်စုန့်က ပြောသည်။
"သူက ကျွန်မကိုသတ်နိုင်ရင် ရှင်ဒီမှာဆက်နေနေတာက ဘာထူးခြားမှာလဲ"
မိန်းမငယ်က ပြောလိုက်၏။ သူက သူ့ကိုယ်သူ အလွန်ယုံကြည်မှုရှိသည်။
သူသည် နတ်နဂါးတပ်၏ စစ်သူကြီးဖြစ်သကဲ့သို့ မင်ယန်တိုင်းပြည်၏ အသက်အငယ်ဆုံး စစ်နတ်ဘုရားမလည်း ဖြစ်သည်။ သူမက လုမင်ကို အနိုင်မယူနိုင်လျှင် ယန်စုန့်နှင့် အခြားသူများ ဤနေရာတွင် ရှိနေခြင်းက ဘာများထူးခြားမှုရှိမည်နည်း။
ယန်စုန့်က မျက်နှာတစ်ချက်ပျက်သွားသည်။ သူက လုမင်ကို အေးစက်စက်ဖြင့် တစ်ချက်ကြည့်ပြီး သူ့လူများနှင့်အတူ လှည့်ထွက်သွားတော့သည်။