အခန်း ၁၉၄၁
Vol. 130 Ch. 1941
အပိုင်း ( 1941 ) ဖိအားပေးကြခြင်း။
ယန်စုန့်၏အနားတွင် ပိန်ပိန်ပါးပါး အဘိုးအိုတစ်ယောက် ထိုင်နေသည်။ သူ့ဆံပင်များက ဖြူဆွတ်နေပြီး တန်ဖိုးကြီး အဝတ်အစားများကို ဝတ်ဆင်ထား၏။ သူက ယန်စုန့်နှင့် အလွန်တူသည်။
ထိုလူက တိုင်းပြည်အကြီးအကဲ သို့တည်းမဟုတ် တော်ဝင်အကြံပေး ဖြစ်သင့်သည်ဟု လုမင် မှန်းဆခဲ့သည်။
ဤအခိုက်တွင်၊ တော်ဝင်အကြံပေးက မျက်လုံးကို မှေးစင်းနေပြီး နှုတ်ခမ်းတွန့်ရုံပြုံးနေပေသည်။ သူ့စိတ်ထဲတွင် ဘာတွေတွေးနေသလဲဆိုတာကို မှန်းဆရန်ခက်သော အမူအရာမျိုး ဖြစ်သည်။
အလယ်မှ ထိုင်ခုံမှာတော့ လူနှစ်ယောက် ရှိသည်။
တစ်ယောက်က ဆံဖြူအဘိုးအိုတစ်ဦး ဖြစ်၏။ သူက နဂါးသဏ္ဍာန် ပန်းထိုးထားသော ဝတ်ရုံကို ၀တ်ဆင်ထားပြီး ခေါင်းပေါ်တွင် ကျောက်စိမ်းသရဖူ ဆောင်းထားသည်။ သူက မင်ယန်တိုင်းပြည်၏ ဘုရင်ဖြစ်မည်။
မင်ယန်တိုင်းပြည်၏ ဘုရင်အနားမှာတော့ လှပသောအမျိုးသမီးတစ်ဦး ရှိသည်။ သူ့ကိုကြည့်ရသည်မှာ အသက်နှစ်ဆယ်ကျော်ခန့်သာ ရှိဦးမည်။ သူမ၏ ရုပ်ရည်က ချောမောပြီး မျက်လုံးများက အရည်လဲ့နေသည်။ သူက အလွန်လှပပြီး စွဲမက်ဖွယ်ကောင်း၏။ ထိုအမျိုးသမီးက ယန်စုန့်၏အစ်မ၊ ကိုယ်လုပ်တော်ချင် ဖြစ်သင့်သည်။
အခြားထိုင်ခုံများမှာ ထိုင်နေသူများကလည်း အရှိန်အဝါများ ကြီး၏။ သူတို့က မင်ယန်တိုင်းပြည်အတွင်းမှ ရာထူးကြီးသူများ ဖြစ်နိုင်သည်။
ရွမ်ထျန်းကျောင်းက ရှေ့သို့လှမ်းလာပြီး မင်ယန်တိုင်းပြည်၏ဘုရင်ထံ ဦးညွတ်လိုက်သည်။
"အရှင်မင်းမြတ်ကို နှုတ်ခွန်းဆက်ပါတယ်"
"ဟားဟားဟား၊ ထျန်းကျောင်း ပြန်လာပြီပဲ။ ထုံးတန်းစဉ်လာတွေ လိုပါဘူး... ထိုင်ထိုင်"
မင်ယန်တိုင်းပြည်၏ဘုရင်က ရယ်မောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အရှင်မင်းမြတ်"
ရွမ်ထျန်းကျောင်းက ပြောလိုက်၏။ ထို့နောက်တွင်၊ သူက လုမင်နှင့်အတူ ထိုင်ခုံတန်းတစ်ခုဆီသို့ လျှောက်သွားပြီး ဝင်ထိုင်လိုက်သည်။
"လုမင်၊ မင်း ရဲတင်းလှချေလား။ ဒီနေရာမှာ ဝင်ထိုင်ရအောင် မင်းက ဘယ်သူမို့လဲ၊ မင်းမှာ ဘာအခွင့်အရေးရှိလို့လဲ"
လုမင် ထိုင်ပြီးသည်နှင့် ယန်စုန့်က စားပွဲကို လက်ဝါးဖြင့်ဆောင့်ရိုက်ကာ ထရပ်လိုက်သည်။ သူက လုမင်ကို အေးစက်စက်ဖြင့် ကြည့်လိုက်၏။
လုမင်၏ နှုတ်ခမ်းများက အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။ မျှော်လင့်ထားသည့်အတိုင်း၊ မကြာခင် သူ့အတွက် ခက်ခဲအောင် လုပ်တော့မည်။
"ထစမ်း၊ မင်း ဘယ်နေရာကို ရောက်နေသလဲဆိုတာ သိရဲ့လား။ ဒီနေရာမှာ ထိုင်နေရအောင် မင်းကိုယ်မင်း ဘယ်သူလို့ ထင်လို့လဲကွ။ မင်းက ဒီနေရာမှာထိုင်ဖို့ အခွင့်အရေးမရှိဘူး။ အခု ချက်ချင်းထပြီး လှိမ့်ထွက်သွားစမ်း"
ယန်စုန့်က ထပ်မံအော်ဟစ်လိုက်၏။
သို့သော်လည်း လုမင်က သူ့အသံကို မကြားသလို လျစ်လျူရှုထားသည်။ သူက စားပွဲပေါ်ရှိ အရက်ခွက်ကို ကောက်ယူကာ တစ်ငုံသောက်ပြီး ခေါင်းယမ်းလိုက်သည်။
"အရက်ကောင်း... တကယ်ကို အရက်ကောင်းပဲ။ ဒါပေမဲ့ တောခွေးဟောင်သံတွေ ကျယ်လွန်းတာက စိတ်ပျက်စရာကောင်းတယ်"
"မင်း... မင်း အတင့်ရဲလိုက်တာ"
ယန်စုန့် ဒေါသထွက်သွားသည်။ သူ့မျက်လုံးများတွင် လူသတ်ချင်စိတ်များ ပြည့်နှက်သွား၏။
"မင်းကိုယ်မင်း မြင့်မြတ်တယ်လို့ ထင်လို့လား။ တကယ်ဆိုရင် မင်းက ဘာဖြစ်လို့ ငါ့ရှေ့မှာ ဒူးထောက်ခဲ့တာလဲ"
လုမင်က လှောင်ပြောင်လိုက်သည်။
"မင်းပါးစပ်ကို ပိတ်ထားစမ်း။ ဟေ့... ဒီကောင်ကို ခေါ်ထုတ်သွားကြတော့"
ယန်စုန့်က အော်လိုက်၏။ ချက်ချင်းပင်၊ အစောင့်တစ်ယောက်က လုမင်ကို နှင်ထုတ်ရန် ရှေ့ကိုထွက်လာတော့သည်။
မင်ယန်တိုင်းပြည်၏ဘုရင်၊ ကိုယ်လုပ်တော်ချင်၊ တော်ဝင်အကြံပေးနှင့် ကျန်လူများက ပြပွဲကောင်းကို ကြည့်ရှုနေသကဲ့သို့ တည်ငြိမ်စွာ ထိုင်နေခဲ့ကြသည်။
"နောက်ဆုတ်လိုက်စမ်း"
ထိုအချိန်တွင်၊ ရွမ်ထျန်းကျောင်းက အော်ငေါက်လိုက်သည်။ သူ့ထံမှ သတ်ဖြတ်ချင်သော စိတ်ဆန္ဒ အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ လုမင်ကို ဖယ်ထုတ်ခါနီး အစောင့်က နေရာတွင် တန့်ခနဲ ရပ်တန့်သွားတော့သည်။
"လုမင်က ကျွန်မရဲ့ မိတ်ဆွေပါ။ လုမင်ကို ဖယ်ထုတ်ချင်ရင် ကျွန်မကိုလည်း ဖယ်ထုတ်ရမယ်"
ရွမ်ထျန်းကျောင်းက အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။
"ဒါ..."
အစောင့်က ကြောင်အမ်းအမ်းဖြင့် ထိုနေရာတွင်ရပ်နေပြီး ဘာလုပ်ရမှန်းမသိတော့ပေ။
ရွမ်ထျန်းကျောင်း၏ အဆင့်အတန်းက လုမင်နှင့် မယှဉ်နိုင်ပါ။ သူက နတ်နဂါးတပ်၏ စစ်သူကြီး၊ မင်ယန်တိုင်းပြည်၏ စစ်နတ်ဘုရားမ ဖြစ်သည်။ ရွမ်ထျန်းကျောင်းကို သူက မည်သို့ဖယ်ထုတ်ဝံ့မည်နည်း။
"နောက်ဆုတ်လိုက်စမ်းလို့ပြောနေတယ်၊ ဘာဖြစ်လို့ နောက်မဆုတ်သေးတာလဲ"
ရွမ်ထျန်းကျောင်းက အစောင့်ကို ခြိမ်းခြောက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ အစောင့်က ချွေးသီးချွေးပေါက် စီးကျလာပြီး ယန်စုန့်၊ တော်ဝင်အကြံပေးနှင့် အခြားသူများကို အကူအညီတောင်းသလို လှမ်းကြည့်လိုက်လေသည်။
"ချီးပဲ"
ယန်စုန့်က မနာလိုခြင်းနှင့် ဒေါသတို့ ပြည့်နှက်သွားသည်။
လုမင်က ရွမ်ထျန်းကျောင်းကို ဘာဆေးတိုက်ကျွေးထားမှန်း သူမသိပါ။ ရွမ်ထျန်းကျောင်းက လုမင်ကို အလွန်အမင်း ကာကွယ်ပေးနေသည်။
"ကဲကဲ၊ မင်း သွားလိုက်တော့။ ဒီလူငယ်က စစ်သူကြီးရဲ့ သူငယ်ချင်းဖြစ်တာကြောင့် သူဒီမှာ သဘာဝအတိုင်း ထိုင်လို့ရတယ်"
ထိုအချိန်တွင် တော်ဝင်အကြံပေးက ပြောလိုက်သည်။
အစောင့်လည်း ထိုအခါမှ စိတ်သက်သာရာရစွာ သက်ပြင်းကိုချရင်း ဦးညွှတ်ကာ နောက်ပြန်ဆုတ်သွားတော့သည်။
"ထျန်းကျောင်း၊ မင်းပြန်လာတာက အချိန်ကောင်းပဲ။ ငါမင်းကို ယန်စုန့်နဲ လက်ထပ်ဖို့အတွက် အမိန့်ချမှတ်ထားတယ်။ မင်း ပြန်ရောက်လာတာကောင်းတယ်"
မင်ယန်တိုင်းပြည်၏ ဘုရင်က ပြောလိုက်သည်။
"အရှင်မင်းကြီး၊ ဒီကိစ္စအတွက် ကျွန်မ ပြန်လာခဲ့တာပါ။ လူတစ်ယောက်ရဲ့ ခံစားချက်ဆိုတာက အတင်းလုပ်ယူလို့မရဘူး။ ယန်စုန့်နဲ့ပတ်သက်ပြီး ကျွန်မ ဘယ်လိုမှ ခံစားချက်မရှိပါဘူး။ ဒါကြောင့် အမိန့်ကို ပြန်ရုတ်သိမ်းပေးဖို့ မျှော်လင့်ပါတယ်"
ရွမ်ထျန်းကျောင်းက မတ်တပ်ထရပ်ပြီး မင်ယန်တိုင်းပြည်၏ ဘုရင်ကို ဦးညွတ်လိုက်သည်။
"အတင့်ရဲလိုက်တာ"
မင်ယန်တိုင်းပြည်၏ ဘုရင်အနားတွင် ထိုင်နေသော ကိုယ်လုပ်တော်ချင်က အေးစက်စွာ အော်ပြောလိုက်သည်။
"ဘုရင်တစ်ပါးရဲ့ စကားတွေက ရယ်စရာ မဟုတ်ဘူး။ ဘုရင်မင်းမြတ်က အမိန့်ပေးထားပြီးမှတော့ အမိန့်ကို ဘယ်လိုပြန်ရုတ်သိမ်းနိုင်မှာလဲ။ ရွမ်ထျန်းကျောင်း၊ မင်းက ဘုရင်မင်းမြတ်ကို စကားမတည်သူဖြစ်စေချင်လို့လား"
"ကျွန်မ မဝံ့ရဲပါဘူး"
ရွမ်ထျန်းကျောင်းက လက်ယှက်ပြပြီး ဆက်ပြောသည်။
"ဒါက အခြားအရာတစ်ခုဆိုရင် ကျွန်မ သေချာပေါက် လက်သင့်ခံမှာပါ။ ရန်သူတွေကို တိုက်ခိုက်ဖို့ အမိန့်ပေးမယ်ဆိုရင်လည်း ကျွန်မ မျက်မှောင်တစ်ချက်ကြုတ်နေမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအမိန့်ကိုတော့ ကျွန်မ လက်မခံနိုင်ဘူး"
"ထျန်းကျောင်း၊ ကိုယ်လုပ်တော်ချင် ပြောခဲ့သလိုမျိုး ဘုရင်တစ်ပါးရဲ့ စကားဟာ ဟာသမဟုတ်ဘူး။ နောက်ပြီးတော့ ယန်စုန့်ကလည်း မဆိုးပါဘူး၊ မင်းနဲ့ သင့်လျော်တယ်။ ဒီကိစ္စကို ထပ်မပြောတော့နဲ့"
မင်ယန်တိုင်းပြည်၏ ဘုရင်က သူ့လက်ကိုဝှေ့ယမ်းပြီး ခိုင်မာသောလေသံဖြင့် ပြောလိုက်သည်။
ရွမ်ထျန်းကျောင်းက မယုံကြည်နိုင် ဖြစ်သွားသည်။ ဘုရင်က သူ့သဘောမပါဘဲ ယန်စုန့်နှင့် လက်ထပ်စေရန် ဤမျှ စိတ်ပိုင်းဖြတ်ထားရန် မမျှော်လင့်ထားပေ။ ယခင်က မင်ယန်တိုင်းပြည်၏ ဘုရင်သည် သုံးစားမရသူဖြစ်သော်လည်း ဒါမျိုးကို မလုပ်ခဲ့ဖူးပါ။
"အရင်ကတည်းက ဘုရင်မင်းမြတ်ဟာ မင်းတို့နှစ်ဦးကို လဝက်ကြာရင် လက်ထပ်စေမယ်လို့ ကြေညာထားခဲ့တယ်။ ဒါကြောင့် ဒီကိစ္စက ဆွေးနွေးစရာမရှိတော့ဘူး။ ဒီအတောအတွင်းမှာ စစ်သူကြီးထျန်းကျောင်းက တော်ဝင်နန်းတော်မှာပဲနေရမယ်"
တော်ဝင်အကြံပေးက ပြောလိုက်သည်။
ထျန်းကျောင်းက ခေါင်းယမ်းလိုက်သည်။ ဤဘုရင်ကို သူ အလွန်စိတ်ပျက်မိ၏။
မူလက သူသည် ဖြေရှင်းချက်တောင်းရင်း အမိန့်ကို ပြန်လည်ရုတ်သိမ်းရန် တောင်းဆိုရန်အတွက် ပြန်လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း မင်ယန်တိုင်းပြည်၏ ဘုရင်က တော်ဝင်အကြံပေးဘက်တွင် လုံးဝ ရှိနေကြောင်း သူသိလိုက်ရသည်။
လုမင်ကတော့ ဘာမျှမပြောပါ။ မင်ယန်တိုင်းပြည်၏ဘုရင်ကို လျှို့ဝှက်စွာ အကဲခတ်ရင်း သူ့မျက်လုံးများတွင် ထူးဆန်းသော အလင်းရောင်တစ်ခု လင်းလက်လာသည်။ စိတ်ဝင်စားစရာကောင်းသော အရာတစ်ခုကို သူရှာဖွေတွေ့ရှိခဲ့၏။
'ထျန်းကျောင်း၊ မင်ယန်တိုင်းပြည်ရဲ့ဘုရင်က မင်းစကားကို နားမထောင်မှာ ကျုပ်ကြောက်တယ်။ ကိုယ်လုပ်တော်ချင်က ညှို့ယူနည်းတွေကို ကျွမ်းကျင်တယ်။ အခုဆိုရင် မင်းတို့ဘုရင်က သူ့ရဲ့ ညှို့ယူမှုအောက်မှာ ကျဆုံးခဲ့ပြီး သူပြောသမျှကို နားထောင်လိမ့်မယ်'
လုမင်က အသံပို့လွှတ်ပြီး ထျန်းကျောင်းကို ပြောလိုက်သည်။
'ဘာ'
ရွမ်ထျန်းကျောင်းက ပထမတော့ တုန်လှုပ်သွားသည်။ ထို့နောက်တွင်၊ သူက ဒေါသတကြီးဖြင့် ဝုန်းခနဲ ထရပ်လိုက်၏။ တော်ဝင်အကြံပေးကို စူးစူးရဲရဲ စိုက်ကြည့်ရင်း အားကောင်းသော အရှိန်အဝါတစ်ခုက ထွက်ပေါ်လာတော့သည်။ သူက အော်ပြောလိုက်သည်။
"ယန်ခွေ့နဲ့ ယန်လင်၊ ရှင်တို့တွေ ဘုရင်မင်းမြတ်ကို ဘယ်လိုတောင် လှည့်ဖြားဝံ့တာလဲ"
ထိုစကားကို ကြားသောအခါ ကိုယ်လုပ်တော်ချင်၊ တော်ဝင်အကြံပေး၊ ယန်စုန့်နှင့် အခြားသူများ၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။
"ရွမ်ထျန်းကျောင်း၊ မင်း မဟုတ်တမ်းတရမ်းတွေ လာမပြောနဲ့"
ယန်စုန့်က အော်ဟစ်လိုက်၏။
"ငါက မဟုတ်တမ်းတရမ်းတွေ ပြောနေတာ ဟုတ်၊ မဟုတ် နင်တို့ ကောင်းကောင်းသိမှာပါ။ ယန်ခွေ့နဲ့ ယန်လင်က ဘုရင်မင်းမြတ်ကို ကြံစည်ပြီး နောက်ကွယ်ကနေ ချုပ်ကိုင်ဝံ့တယ်။ ဘုရင်မင်းမြတ်က တိုင်းပြည်ရေးရာကို ဂရုမစိုက်ဘဲ အာဏာအားလုံးကို အပ်နှင်းလိုက်တာ မဆန်းပါဘူး။ ဒါကို ကမ္ဘာကသိအောင် ကြေငြာရမယ်"
"လုမင်၊ သွားကြစို့"
ထိုသို့ပြောဆိုပြီးနောက် ရွမ်ထျန်းကျောင်းက လှည့်ထွက်သွားသည်။
"သူ့ကို ရပ်လိုက်ကြစမ်း"
တော်ဝင်အကြံပေး၏ မျက်နှာက သုန်မှုန်နေသည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ လူရိပ်လေးခုပေါ်လာပြီး လုမင်နှင့် ရွမ်ထျန်းကျောင်းတို့ကို ဝိုင်းထားလိုက်၏။ သူတို့တစ်ဦးစီက အစွမ်းထက်သော ရောင်ဝါများ ထွက်ပေါ်လာတော့သည်။
တောက်ပသော သူတော်စင်နယ်ပယ် ပြီးပြည့်စုံမှုအဆင့်။
လုမင်က သူတို့လေးယောက်သည် ရွမ်ထျန်းကျောင်းထက် အားမနည်းဘဲ တောက်ပသော သူတော်စင်နယ်ပယ်တွင်ရှိကြောင်း သိလိုက်သည်။
"ရှင်တို့လေးယောက်က တိုင်းပြည်ရဲ့ စစ်သူကြီးတွေပဲ။ အခု တော်ဝင်အကြံပေးအတွက် တကယ် ရပ်တည်ချင်တာလား"
ရွမ်ထျန်းကျောင်းက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
သူတို့လေးယောက်က သူမနှင့် တန်းတူ ဖြစ်သည်။ မင်ယန်တိုင်းပြည်၏ အခြား စစ်သူကြီးလေးဦးစလုံးက သန်မာသော တိုက်ခိုက်နိုင်စွမ်း ရှိကြသည်။ သူတို့အားလုံးက တောက်ပသောသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်တွင် ရှိ၏။ သူတို့တစ်ဦးစီက သူ့ထက် အားမနည်းကြပေ။ သူတို့ လေးယောက် ပေါင်းစည်းခဲ့မည်ဆိုလျှင် သူက ယှဉ်နိုင်တော့မည် မဟုတ်ပါ။
"ရွမ်ထျန်းကျောင်း၊ မင်းက ဘုရင်မင်းမြတ်ရဲ့ အမိန့်ကို မနာခံဘူး။ မင်း တကယ်ပဲ ရည်မှန်းချက်ကြီးပြီး ပုန်ကန်ချင်နေတာလား"
တော်ဝင်အကြံပေးက ရွမ်ထျန်းကျောင်းအပေါ် ပြစ်မှုကြီးတစ်ခုကို တွန်းတင်ပေးလိုက်သည်။
"မဟုတ်တာမပြောနဲ့"
ရွမ်ထျန်းကျောင်းက အော်ဟစ်လိုက်သည်။
"နင်တို့ကမှ ပုန်ကန်ချင်နေတာ အသိသာကြီးပဲ။ ဒါကို သူများအပေါ် အပြစ်ပုံချဖို့ မကြိုးစားနဲ့"