အခန်း ၁၉၄၆
Vol. 130 Ch. 1946
အပိုင်း ( 1946 ) လူတိုင်းကို တုန်လှုပ်စေသော အင်အား။
အထူးသဖြင့်၊ လော့ရွှေတိုင်းပြည်၏ ဘုရင်မှာ ပို၍ အံ့ဩသွားမိသည်။ လော့ရွှေတိုင်းပြည်မှ စစ်သည်များနှင့် ကျွမ်းကျင်သူများ သေဆုံးခဲ့ခြင်းက ဤလူငယ်ကြောင့် ဖြစ်မည်လော။
ခဏချင်းတော့ လူတိုင်းမှာ ဘာပြောရမည်မှန်း မသိတော့ပေ။
လုမင်က မတ်တပ်ထရပ်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ သူ့မျက်လုံးများက ကြယ်များကဲ့သို့ တလက်လက် တောက်ပနေ၏။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်းတို့နဲ့ အပိုစကားတွေကိုပြောနေဖို့ ငါစိတ်မဝင်စားဘူး။ အခုချက်ချင်းပဲ သွေးသစ္စာကျိန်ဆိုလိုက်ပါ။ ဒီနေ့ကစပြီး ပင်လယ်တိုင်းပြည်ကိုးခုရဲ့ ခေါင်းဆောင်က မင်ယန်တိုင်းပြည်ဖြစ်ပြီး ရွမ်ထျန်းကျောင်းက ခေါင်းဆောင်လိမ့်မယ်။ အချိန်နတ်ဘုရားကျွန်းအတွက် ခွဲတမ်းကိုလည်း မင်ယန်တိုင်းပြည်က ဆုံးဖြတ်မယ်"
တော်ဝင်အကြံပေးနှင့် အဖြစ်အပျက်အပြီးတွင်၊ လုမင်က ဤလူများ၏ အဓိပ္ပါယ်မဲ့သောစကားကို နားထောင်ရန် မလိုအပ်ကြောင်း နားလည်ခဲ့သည်။ သူတို့နှင့် စကားယှဉ်ပြောခြင်းက အချိန်ဖြုန်းခြင်းပင်။ ကြီးစိုးသော အင်အားဖြင့် သူတို့ကို ဖိအားပေးခြင်းက ပိုကောင်းသည်။
ဘာရယ်...
လုမင်၏စကားကို ကြားရသောအခါ အခြား တိုင်းပြည်ရှစ်ခုမှ လူတိုင်း အံ့ဩသွားကြသည်။
သူတို့က အရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့ လုမင်အား ကြည့်နေကြ၏။
သူက အရူးမဟုတ်လျှင် ဘာဖြစ်မည်နည်း။ သူက မင်ယန်တိုင်းပြည်ကို ခေါင်းဆောင်အဖြစ် တင်မြှောက်လိုသည့်အပြင် သူတို့ကိုလည်း သွေးသစ္စာကျိန်ဆိုစေချင်သည်။ အချိန်နတ်ဘုရားကျွန်းအတွက် ခွဲတမ်းကိုလည်း မင်ယန်တိုင်းပြည်ကို စီမံစေဦးမည်။
ဒါက ရယ်စရာကောင်းလွန်းသည်။ ၎င်းက ကမ္ဘာပေါ်တွင် အရယ်ရဆုံး ဟာသ ဖြစ်၏။
လုမင်က တောက်ပသော သူတော်စင်တစ်ပါးကို ဟိန်းဟောက်ပြီး ဒဏ်ရာရစေနိုင်သောကြောင့် ပြိုင်ဘက်ကင်းပြီဟု ထင်နေပါသလော။
ရယ်စရာကောင်းသည်။
အထူးသဖြင့် ရေပြာတိုင်းပြည်မှ လူများ၏ မျက်နှာများမှာ မည်းမှောင်သွားကြသည်။
တိုင်းပြည်ကိုးခု၏ ခေါင်းဆောင်က အမြဲတမ်း လော့ရွှေတိုင်းပြည် ဖြစ်သည်။ မင်ယန်တိုင်းပြည်က ဘာလုပ်ရန် ကြိုးစားနေသနည်း။ တိုင်ပြည်ကိုးခု၏ ခေါင်းဆောင်ရာထူးကို သိမ်းပိုက်ရန် စိတ်ကူးနေသလော။ သေချင်နေကြတာဖြစ်မည်။
"ကျုပ်အမြင်အရတော့ ဒီကောင်က လုံးဝကို ရူးသွပ်နေပြီ။ သူက ဒီနေရာမျိုးမှာတောင် အဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောဝံ့သေးတယ်။ မင်ယန်တိုင်းပြည်က မျှော်လင့်ချက်မဲ့နေပြီပဲ။ ဒီလိုဆိုမှတော့ မင်ယန်တိုင်းပြည်ရဲ့ အုပ်ချုပ်သူကို ဖျက်သိမ်းဖို့အတွက် ကျွမ်းကျင်သူတစ်ဦးကို စေလွှတ်ပြီး မင်ယန်တိုင်းပြည်ကို အုပ်ချုပ်ဖို့အတွက် အခြားသူတစ်ဦးကို ဘာကြောင့် မထောက်ပံ့ပေးရမှာလဲ"
လော့ရွှေတိုင်းပြည်၏ ဘုရင်က အေးစက်စွာ ပြောလိုက်သည်။
"တိတ်စမ်း၊ ဒီလောက်တောင်ဖြစ်တာ လော့ရွှေတိုင်းပြည်ကို ထုတ်ပယ်တယ်လို့ ငါကြေညာတယ်။ သူတို့က တိုင်းပြည်ကိုးခုမဟာမိတ်မှာ ပါဝင်ဖို့ အရည်အချင်းမပြည့်မီဘူး။ အချိန်နတ်ဘုရားကျွန်းကို ပါဝင်ဖို့လည်း မလိုတော့ဘူး။ ထွက်သွား"
လုမင်က လော့ရွှေတိုင်းပြည်ကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
တစ်ဖန် လူတိုင်းက လုမင်ကို အရူးတစ်ယောက်လို ကြည့်ကြပြန်တော့သည်။
အထူးသဖြင့်၊ လော့ရွှေတိုင်းပြည်မှ လူများဖြစ်သည်။
"မင်းတို့က မထွက်သွားချင်ဘူးလား၊ ဒီလိုဆိုရင် ငါကိုယ်တိုင်လုပ်မယ်"
လုမင်က အေးစက်စွာ ပြောလိုက်သည်။ ထို့နောက်တွင်၊ သူက လော့ရွှေတိုင်းပြည်သို့ လျှောက်သွား၏။
"မောက်မာလိုက်တာ၊ သူ့ကိုသတ်ကြ"
လော့ရွှေတိုင်းပြည်၏ ဘုရင်က အေးစက်စွာ အော်ဟစ်လိုက်သည်။
ချက်ချင်းဆိုသလိုပင်၊ ကျွမ်းကျင်သူအချို့က သူ့နောက်ဘက်မှ ထွက်လာတော့သည်။
အဆင့်နိမ့် မဟာသူတော်စင်နှစ်ဦးနှင့် ပြီးပြည့်စုံခြင်းအဆင့် တောက်ပသော သူတော်စင်နယ်ပယ် ကျွမ်းကျင်သူ သုံးဦး... သူတို့က လော့ရွှေတိုင်းပြည်၏ ကျန်ရစ်ခဲ့သော ထိပ်တန်းကျွမ်းကျင်သူများ ဖြစ်ကြသည်။
ကျွမ်းကျင်သူငါးဦးက ပူးပေါင်းလိုက်သောအခါ ၎င်းတို့၏ အရှိန်အဝါမှာ အံ့မခန်းပင်။ သူတို့က လုမင်ကို တရှိန်ထိုး သတ်ပစ်လိုကြသည်။
"ဒီကောင်သေမှာ သေချာတယ်"
ဘုရင်အချို့၏ မျက်နှာပေါ်တွင် အေးစက်သောအပြုံးတစ်ခု ပေါ်လာခဲ့ကြသည်။ သို့သော်လည်း နောက်အခိုက်အတန့်တွင် သူတို့၏ မျက်နှာပေါ်ရှိ အေးစက်သောအပြုံးက ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွား၏။ ထိုအစား အံ့သြတုန်လှုပ်မှုများဖြင့် အစားထိုးလာတော့သည်။
လုမင်က လက်သီးတစ်ချက်ထုတ်ဖော်လိုက်ရာ လေဟာနယ်က တုန်ခါသွားသည်။ လေဟာနယ်က လွန်ကဲစွာ ဖိသိပ်ခံရပြီး ကြောက်မက်ဖွယ် အင်အားမျိုးဖြင့် ပေါက်ကွဲထွက်ခဲ့၏။
လက်သီးအင်အားက ဖြတ်သန်းသွားပြီး လော့ရွှေတိုင်းပြည်မှ ကျင့်ကြံသူ ငါးဦးစလုံး ပေါက်ကွဲသွားခဲ့သည်။ သူတို့က အရိုးအစအနပင် ရှာမရဘဲ ပျောက်ကွယ်သွားတော့သည်။
အသက်ပြင်းပြင်း ရှူရှိုက်သံများကို ကြားလိုက်ရသည်။ လူတိုင်း၏ အမူအရာများက အေးခဲသွား၏။
"မဟုတ်ဘူး..."
အချိန်အတော်ကြာပြီးနောက် လော့ရွှေတိုင်းပြည်၏ဘုရင်က ရင်ခေါင်းသံကြီးဖြင့် အော်ဟစ်လိုက်သည်။
ဤလူငါးယောက်က လော့ရွှေတိုင်းပြည်၏ နောက်ဆုံးကျန်ရှိသော ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သူတို့ငါးဦး သေဆုံးပြီးနောက် လော့ရွှေတိုင်းပြည်က လျင်မြန်စွာ အားနည်းသွားပြီး တိုင်းပြည်ကိုးခုတွင် အားအနည်းဆုံး ဖြစ်လိမ့်မည်။ အနှေးနှင့်အမြန်ဆိုသလို အခြား တိုင်းပြည်များက ဝါးမျိုသွားတော့မည် ဖြစ်သည်။
သူ့နှလုံးသားက နာကျင်လွန်းသဖြင့် သွေးများပင် ယိုစီးနေတော့သည်။
သို့သော်လည်း လုမင်က သူ့ထံသို့ ဆက်လက်ပြီး လှမ်းလာနေသေးကြောင်း မြင်ရသောအခါ တုန်လှုပ်ချောက်ချားသွားခဲ့သည်။
"အစ်ကိုကြီးစန်း၊ ကူညီပါဦး။ ဒီလူက အထိန်းအကွပ်မဲ့နေပြီ။ သူ့ကို ဖယ်ရှားပစ်ရမယ်"
"ရပ်လိုက်စမ်း"
ရေပြာတိုင်းပြည်၏ ဘုရင်ကလည်း အော်ငေါက်သည်။
သို့သော်၊ လုမင်က ဂရုမစိုက်ပေ။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လော့ရွှေတိုင်းပြည်၏ ဘုရင်အနားတွင် ဆပါ်လာခဲ့သည်။
လော့ရွှေတိုင်းပြည်၏ ဘုရင်က ထွက်ပြေးချင်သော်လည်း လုမင်က ခြေတစ်လှမ်းတိုးလိုက်၏။ သူ့ခြေဖဝါးက လော့ရွှေတိုင်းပြည်၏ ဘုရင့်မျက်နှာကို ဆောင့်နင်းမိကာ နာကျင်စွာ အော်ဟစ်သံကို ကြားလိုက်ကြရသည်။ သူ့ပါးစပ်ထဲမှ သွေးများအန်ထွက်လာပြီး သူ့ခန္ဓာကိုယ်မှာ တဆတ်ဆတ်တုန်ယင်နေတော့သည်။
"ရိုင်းစိုင်းလိုက်တာ၊ သူ့ကိုသတ်"
ရေပြာတိုင်းပြည်၏ဘုရင်က ဒေါသထွက်သွားသည်။ သူက လုမင်က ရပ်ခိုင်းပြီးဖြစ်သော်လည်း လုမင်က သူ့ကို လျစ်လျူရှုခဲ့၏။
"သတ်"
"သတ်"
ရေပြာတိုင်းပြည်ဘက်မှ ကျယ်လောင်သော အော်သံနှစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် လူရိပ်နှစ်ခုက ပြေးထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများလည်း ပေါက်ကွဲထွက်ပေါ်လာတော့သည်။
"အထွတ်အထိပ် မဟာသူတော်စင်နဲ့ အဆင့်မြင့် မဟာသူတော်စင်"
တစ်စုံတစ်ယောက်က အံ့ဩတုန်လှုပ်စွာ အော်လိုက်သည်။
အခြားတိုင်းပြည်များမှ လူတိုင်း တုန်လှုပ်သွားကြ၏။
ရေပြာတိုင်းပြည်က တိုင်းပြည်ကိုးခု၏ ခေါင်းဆောင်ဖြစ်ထိုက်သည်။ တိုင်းပြည်ကိုးခု၏ ခေါင်းဆောင်နေရာတွင် နှစ်ပေါင်းသောင်းချီ ခိုင်မြဲစွာ ရပ်တည်ခဲ့သည့် တိုင်းပြည်ဆိုသည့်အတိုင်း ၎င်း၏အင်အားက အံ့ဩစရာပင်။
ထိုသို့သော ကျွမ်းကျင်သူများက တိုင်းပြည်ငယ်များကို ဖျက်ဆီးပစ်ရန် လုံလောက်သည်။
ရွမ်ထျန်းကျောင်းနှင့် မင်ယန်တိုင်းပြည်မှ အခြားသူများမှာ စိုးရိမ်ပူပန်လာကြသည်။
လုမင်က အစွမ်းထက်သော်လည်း အထွတ်အထိပ် မဟာသူတော်စင်တစ်ပါးကို ယှဉ်နိုင်ပါမည်လော။
သို့သော်လည်း ထိုသို့သော ကျွမ်းကျင်သူကို ရင်ဆိုင်ရသောအခါ သူတို့က စွမ်းအားမဲ့နေပြီး ကူကယ်ရာမဲ့စွာ စောင့်ကြည့်နေရုံသာ တတ်နိုင်သည်။
ရေပြာတိုင်းပြည်မှ ကျွမ်းကျင်သူနှစ်ဦးက လုမင်ထံသို့ အလွန်လျင်မြန်သော အရှိန်ဖြင့် ချဉ်းကပ်ခဲ့သည်။
"လော့ရွှေတိုင်းပြည်ရဲ့ဘုရင်ကို လွှတ်လိုက်စမ်း"
မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ်မှ ကျွမ်းကျင်သူက အော်ငေါက်ပြီး လက်ညှိုးတစ်ချက်ညွှန်လိုက်သည်။ ကြောက်စရာကောင်းသော လက်ချောင်းအင်အားက လုမင်၏ မျက်ခုံးနှစ်ခုကြားဆီသို့ ထိုးဖောက်ဝင်ရောက်လာ၏။
"မင်းတို့ သေချင်နေတာပဲ"
လုမင်က အေးစက်စွာပြောပြီး နောက်ထပ် လက်သီးတစ်ချက်ကို ထုတ်ဖော်လိုက်သည်။
ဤလက်သီးချက်က ယခင်လက်သီးချက်ထက် ပိုကြောက်စရာကောင်းသည်။
လက်သီးအင်အား ထွက်ပေါ်လာသောအခါ ဟင်းလင်းပြင်က တုန်ခါသွား၏။ အထွတ်အထိပ် မဟာသူတော်စင်၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားခဲ့သည်။ သူ့နောက်မှ အဆင့်မြင့် မဟာသူတော်စင်မှာလည်း အလားတူပင် ဖြစ်၏။ နှစ်ယောက်စလုံးက ချက်ချင်း သေဆုံးသွားတော့သည်။
ထိုအချိန်တွင် ရောက်ရှိလာသူအားလုံး၏ နှလုံးသားများနှင့် ခန္ဓာကိုယ်များက နတ်ပူးသကဲ့သို့ တုန်တုန်ယင်ယင် ဖြစ်ကုန်သည်။
လူတိုင်း၏ အကြည့်များက လုမင်အပေါ်သို့ ကျရောက်နေပြီး သူတို့၏အကြည့်များကို မလွှဲနိုင်ကြတော့ပေ။
တစ်ချက်... နောက်ထပ် တစ်ချက်...
မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ်မှ ကျွမ်းကျင်သူသည်လည်း တောက်ပသောသူတော်စင်များကဲ့သို့ပင် တစ်စစီ ပေါက်ကွဲသွားခဲ့သည်။ လုမင်၏ လက်ထဲတွင် ထိုလူများ၏ ကျင့်ကြံမှုအဆင့်က ကွာခြားမှုမရှိသလိုပင်။
"သန်မာတယ်... သန်မာတယ်... လုမင်က အရမ်းကိုသန်မာလွန်းတယ်"
ရွမ်ထျန်းကျောင်း၏အနားတွင်၊ မင်ယန်တိုင်းပြည်မှ လူများက တုန်တုန်ယင်ယင် ဖြစ်နေသည်။ သူတို့ကတော့ စိတ်လှုပ်ရှားနေသလား၊ သို့မဟုတ် ပျော်ရွှင်ခြင်းကြောင့် တုန်လှုပ်နေသလားမသိနိုင်ပေ။
"လုမင်... ရှင့်ရဲ့ ကန့်သတ်ချက်က ဘယ်မှာလဲ"
ရွမ်ထျန်းကျောင်း၏ အသံမှာလည်း တုန်ရီနေသည်။
လုမင်နှင့် အတူရှိတာ အချိန်ပိုကြာလေလေ၊ လုမင်ကို နားမလည်နိုင်သလို သူ ခံစားရလေပင်။ လုမင်၏ တိုက်ခိုက်နိုင်စွမ်းက အကန့်အသတ်မရှိသလိုပင် ဖြစ်သည်။
လုမင်နှင့် တွေ့ဆုံချိန်ကတည်းက သူဟာ မည်သို့သောပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်ရပါစေ၊ အမြဲတမ်း တည်ငြိမ်မှုရှိခဲ့သည်။ သူက သူ့ပြိုင်ဘက်များကို ကိုင်တွယ်ရန် ဒုတိယအကွက် မလိုပေ။
လုမင်၏ ခြေဖဝါးအောက်မှ လော့ရွှေတိုင်းပြည်၏ ဘုရင်မှာလည်း တုန်လှုပ်သွားပြီး ချွေးသီးချွေးပေါက်ကျလာသည်။
ဤအခိုက်တွင်၊ သူက လိပ်ပြာလွင့်မတတ် ကြောက်နေပြီ။
ဒါက ဘယ်လို ကြောက်စရာကောင်းတဲ့ ဘီလူးမျိုးလဲ။ သူက ကြောက်စရာကောင်းလွန်းသည်။
"ကျုပ်အရှုံးပေးပါတယ်။ ကျုပ်ရဲ့ တစ်သက်တာလုံး မင်ယန်တိုင်းပြည်ကို နာခံပြီး ခေါင်းဆောင်အဖြစ် ရိုသေလေးစားမယ်လို့ ကတိပြုပါတယ်"
လော့ရွှေတိုင်းပြည်၏ ဘုရင်က ကြောက်လန့်တကြားဖြင့် အော်လိုက်သည်။
လုမင်က သူ့ကိုမကြည့်တော့ပေ။ သူက ရေပြာတိုင်းပြည်ဘက်ကိုကြည့်ပြီး ပြောလိုက်သည်။
"ရေပြာတိုင်းပြည်ကလည်း ဖယ်ရှားခံချင်ပုံရတယ်။ ဒီလိုဆိုမှတော့ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်"
ထိုသို့ပြောပြီးနောက် သူက ရေပြာတိုင်းပြည်ဘက်သို့ ဦးတည်သွားခဲ့သည်။
ရေပြာတိုင်းပြည်၏ ဘုရင်က မျက်နှာပျက်သွားတော့သည်။
အထွတ်အထိပ် မဟာသူတော်စင်က ရေပြာတိုင်းပြည်တွင် အသန်မာဆုံး ကျွမ်းကျင်သူ ဖြစ်သည်။ သို့တိုင်၊ လုမင်၏ရှေ့တွင် သူသည် တစ်ချက်မျှ မခံနိုင်ဘဲ မခံနိုင်ဘဲ ချက်ခြင်း အသတ်ခံခဲ့ရသေးသည်။
"လုမင်၊ မင်း ထိန်းထိန်းသိမ်းသိမ်းလုပ်ရင် ပိုကောင်းမယ်။ မဟုတ်ရင် ငါတို့နှစ်ယောက်လုံးအတွက် အကျိုးမရှိဘူး"
ရေပြာတိုင်းပြည်၏ဘုရင်က ပြောလိုက်သည်။
"ဟုတ်လား၊ ငါသိချင်မိတယ်။ မင်းက ဘယ်လိုနည်းနဲ့ ငါ့အတွက် အကျိုးမရှိအောင် လုပ်မှာလဲ"
လုမင်က ပြုံးလျက် ရှေ့ကိုဆက်လျှောက်သွားသည်။
ရေပြာတိုင်းပြည်၏ ဘုရင်က မျက်နှာအမူအရာ ပြောင်းလဲသွား၏။ ထို့နောက်တွင်၊ သူက ရုတ်တရက် ထရပ်ပြီး သူ့နောက်မှ အဘိုးအိုနှစ်ဦးကို လက်ယှက်ပြကာ ပြောလိုက်တော့သည်။
"အကြီးအကဲနှစ်ယောက်၊ ကျေးဇူးပြုပြီး ဒီလူကိုသတ်ပေးပါ။ ဒါဆိုရင် ရေပြာတိုင်းပြည်က အကြီးအကဲတို့ကို သေချာပေါက် ကျေနပ်စေရပါ့မယ်"