အခန်း ၁၉၄၉
Vol. 130 Ch. 1949
အပိုင်း ( 1949 ) ရိုက်နှက်ခြင်း။
တစ်ချက်တည်းဖြင့် အရပ်မြင့်မြင့်လူငယ်က ဒဏ်ရာရရှိသွားခဲ့သည်။
အရပ်မြင့်မြင့်လူငယ်၏ ကျင့်ကြံမှုက ရွမ်ထျန်းကျောင်းနှင့် တူညီပြီး အဆင့်နိမ့် မဟာသူတော်စင်နယ်ပယ် ဖြစ်သည်။ သို့သော်လည်း တစ်ဖက်လူ၏ ဝိညာဉ်ခန္ဓာက အဆင့်နိမ့် ကောင်းကင်အဆင့် ဝိညာဉ်ခန္ဓာ ဖြစ်၏။ ရွမ်ထျန်းကျောင်း၏ လက်ရှိ ဝိညာဉ်ခန္ဓာက အလယ်အလတ်ကောင်းကင်ဝိညာဉ်ခန္ဓာ ဖြစ်သည်။ သဘာဝအတိုင်း၊ သူက ရွမ်ထျန်းကျောင်းကို မယှဉ်နိုင်ပေ။
"မင်း သေချင်နေတာပဲ"
အရပ်မြင့်မြင့်လူငယ်က ကြိမ်းမောင်းလိုက်သည်။ သူ့မျက်လုံးများတွင် လူသတ်ချင်စိတ်များ ပြည့်နှက်နေ၏။
ပင်လယ်တိုင်းပြည်ကိုးခုမှ ပုရွက်ဆိတ်တစ်ကောင်က သူ့ကို ဒဏ်ရာရစေဝံ့သည်။ ဒါက ခွင့်မလွှတ်နိုင်အောင်ပင်။
အကယ်၍ မျိုးဆက်ဟောင်း တစ်စုံတစ်ယောက်၏ တိုက်ခိုက်ခြင်းကို ခံရပါက လက်ခံနိုင်ဆဲ ဖြစ်သည်။ သို့သော် ရွမ်ထျန်းကျောင်းက သူ့ထက်ပင် ငယ်ရွယ်ပုံရသေးသည်။ ဒါက သူ့မျက်နှာတစ်ခုလုံး ပျက်သွားသလို ခံစားရစေသည်။
"သတ်၊ ဒီနေ့ မင်းတို့အားလုံး သေရမယ်"
အရပ်မြင့်မြင့်လူငယ်က ဟိန်းဟောက်ပြီး ရွမ်ထျန်းကျောင်းကို ထပ်မံ တိုက်ခိုက်လိုက်သည်။ သို့သော်လည်း အနည်းငယ် လှုပ်ရှားပြီးနောက် သူ့ကို ရွမ်ထျန်းကျောင်းက အနိုင်ယူခဲ့ပေသည်။
"အတင့်ရဲလိုက်တာ၊ ငါ့ရွှမ်လင်တိုင်းပြည်ရဲ့ ပါရမီရှင်ကို ထိခိုက်အောင် လုပ်ဝံ့တယ်။ မင်း သေသင့်တယ်"
အရပ်မြင့်မြင့်လူငယ်နှင့် အတူရှိနေခဲ့သော လူငယ်များက အေးစက်စက်ဖြင့် ထရပ်လိုက်ကြသည်။
"ဝှစ်... ဝှစ်"
လူရိပ်များစွာကလည်း နန်းတော်ထဲမှ အလျင်အမြန် ထွက်လာကြ၏။ ၎င်းတို့အထဲတွင် အားကောင်းသော အရှိန်အဝါဖြင့် အကြီးအကဲတချို့ပင် ပါဝင်သည်။
"မင်းကို ထွက်သွားဖို့ ပြောထားရဲ့သားနဲ့ ရှေ့ဆက်တိုးဝံ့တတယ်။ မင်း တကယ်သေချင်နေတာပဲ"
အကြီးအကဲတစ်ဦးက အေးစက်စက်ဖြင့် ရွမ်ထျန်းကျောင်းဆီသို့ လျှောက်လာသည်။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါကြောင့် ရွမ်ထျန်းကျောင်းမှာ နောက်သို့ဆုတ်သွားရ၏။
"အန္တိမသူတော်စင်"
ရွမ်ထျန်းကျောင်းက အံ့ဩသွားသည်။
ပင်လယ်တိုင်းပြည်ကိုးခုမှ အခြားသူများလည်း ထိတ်လန့်သွားကြ၏။
ရွှမ်လင်တိုင်းပြည်က အင်အားကြီးလွန်းသည်။ အန္တိမသူတော်စင်များပင် ရှိသေးသည်။
"ကျုပ် လုပ်လိုက်မယ်"
လုမင်က ပြောလိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး တစ်ဖက်လူ၏ အရှိန်အဝါဖိအားကို ဖယ်တွန်းလိုက်၏။
ထိုအချိန်တွင် လုမင်က အနည်းငယ် ဆွံ့အနေမိသည်။
သူ သွားရောက်သော နေရာတိုင်းတွင်၊ ဤကဲ့သို့ မောက်မာသူများနှင့် အဘယ်ကြောင့် ဆုံနေရသနည်း။
တကယ်တော့ ဤကမ္ဘာကြီးမှာ ဒီလိုလူစား အများကြီး ဖြစ်သည်။ ခွန်အားအနည်းငယ်နှင့် နောက်ခံကောင်းမွန်သပါက အခြားသူများကို နှိမ့်ချကာ အထင်မြင်သေးတတ်ကြ၏။
သို့သော်လည်း သူတို့ထက် ပိုအဆင့်မြင့်သူတစ်ဦးကို တွေ့ဆုံပါက လွန်စွာရိုကျိုးတတ်ကြသည်။
ဒီလိုလူများ အများကြီးရှိပေသည်။
အကြောင်းတစ်ခုခုကြောင့် လုမင်၏ နောက်ကျောကိုကြည့်ရင်း ရွမ်ထျန်းကျောင်းမှာ ရုတ်တရက် တည်ငြိမ်သွားခဲ့သည်။
"မင်းတို့ကို နောက်ဆုံးအခွင့်အရေးတစ်ခု ပေးမယ်။ ထွက်သွားကြတော့"
လုမင်က တည်ငြိမ်စွာ ပြောလိုက်သည်။
"အောင်မယ်၊ ဘယ်ကလာတဲ့အရူးလဲ။ မင်းသေချင်ရင် မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်"
အန္တိမသူတော်စင်နယ်ပယ် အကြီးအကဲ၏ မျက်လုံးများတွင် အေးစက်စက် အလင်းများ တောက်ပလာသည်။ သူက လုမင်ကို လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။
လက်ဝါးအင်အားက လေဟာနယ်ကို တုန်ခါသွားစေသည်။
ရွှမ်လင်တိုင်းပြည်မှ လူများက ဂုဏ်ယူဝံ့ကြွားစွာ ပြုံးလိုက်ကြသည်။ ဤတိုက်ခိုက်မှုအောက်တွင် လုမင် သေရမည်မှာ သေချာနေပြီ။ လုမင်၏ သေဆုံးနေပုံကိုပင် သူတို့က မြင်ယောင်နေကြပြီ ဖြစ်သည်။
သို့သော်လည်း နောက်အခိုက်တွင် သူတို့၏ အပြုံးများက အေးခဲသွားသည်။
လုမင်က လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး အကြီးအကဲ၏လက်ကို ဆုပ်ကိုင်လိုက်၏။ အကြီးအကဲ၏ လက်က လေထဲမှာ ရပ်သွားတော့သည်။
အဘိုးအို၏ အမူအရာ ပြောင်းသွားသည်။ သူက သူတော်စင် စွမ်းအားကို အပြည့်အဝ ထုတ်ဖော်လိုက်သော်လည်း လုမင်၏လက်ကို လုံးဝ မတုန်လှုပ်စေနိုင်ပေ။ သူ တုန်လှုပ်သွားခဲ့သည်။
ဒါက မည်သို့ဖြစ်နိုင်မည်နည်း။
သူက အန္တိမသူတော်စင်... မြင့်မားပြီး တန်ခိုးကြီးသော အန္တိမသူတော်စင်တစ်ပါး ဖြစ်သည်။ လုမင်၏အသက်က ဘယ်လောက်ရှိသေးပါသနည်း။ သူက ဤခွန်အားမျိုးကို မည်သို့ပိုင်ဆိုင်နိုင်သနည်း။
"ငါ မင်းကို အခွင့်အရေး ပေးခဲ့ပေမဲ့ မင်းက တန်ဖိုးထားရကောင်းမှန်း မသိဘူး။ စိတ်မကောင်းစရာပဲ"
လုမင်က အေးစက်စွာ ပြောလိုက်သည်။ သူက သူတော်စင်စွမ်းအားကို ထုတ်လွှတ်ပြီး အကြီးအကဲကို တွန်းထုတ်လိုက်၏။
ထိုအကြီးအကဲ၏ ခန္ဓာကိုယ်က လွင့်စဉ်ပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားတော့သည်။ မြေပြင်က အက်ကွဲသွားသည်။ အကြီးအကဲ၏ ခန္ဓာကိုယ်က မြေတွင်းကြီးထဲတွင် လဲကျနေပြီး တဆတ်ဆတ် အကြောဆွဲနေတော့သည်။
လူတိုင်း၏ အမူအရာမှာ အေးခဲသွားသည်။
လုမင်၏ စွမ်းအားက နားမလည်နိုင်လောက်အောင် ကြီးမားကြောင်း ပင်လယ်တိုင်းပြည်ကိုးခုမှ လူများက သိကြသော်လည်း... ဒဏ္ဍာရီလာ အန္တိမသူတော်စင်တစ်ပါးကို အလွယ်တကူ ရိုက်နှက်လိုက်ကြောင်း မြင်ရသောအခါ တုန်လှုပ်နေကြရဆဲပင်။
ရွှမ်လင်တိုင်းပြည်မှ အရပ်မြင့်မြင့်လူငယ်လည်း မျက်စိမျက်နှာပျက်သွားသည်။
ပင်လယ်တိုင်းပြည်ကိုးခုတွင် အန္တိမသူတော်စင်တစ်ပါးကို တစ်ချက်တည်း အနိုင်ယူနိုင်သော ကျွမ်းကျင်သူတစ်ဦး ရှိနေမည်ဟု သူ မမျှော်လင့်ထားပေ။
"ဒုန်း"
လုမင်က ရှေ့ကိုလျှောက်သွားပြီး အကြီးအကဲ၏ ခန္ဓာကိုယ်ကို ဆောင့်နင်းလိုက်သည်။ ကြောက်စရာကောင်းသော စွမ်းအားက သူ၏ သူတော်စင်နှလုံးသားကို ဖျက်ဆီးပစ်လိုက်၏။
သူတော်စင်နှလုံးသား ကွဲအက်သွားသဖြင့် သူ၏ ကျင့်ကြံမှုမှာ ပျက်စီးသွားတော့သည်။
အန္တိမသူတော်စင်နယ်ပယ် အကြီးအကဲက ဝမ်းနည်းပူဆွေးစွာ အော်ဟစ်လိုက်သည်။
"မင်း သေချင်နေတာပဲ"
ရွှမ်လင်တိုင်းပြည်မှ အခြား အကြီးအကဲတစ်ယောက်က အော်လိုက်သည်။ သူ့အသံက အလွန်ကျယ်၏။
"ဝှစ်... ဝှစ်..."
နောက်အခိုက်အတန့်မှာတော့ လေတိုးသံနှင့်အတူ လူများစွာက ပျံသန်းပြီး ရောက်လာကြတော့သည်။
သူတို့အားလုံးက ရွှမ်လင်တိုင်းပြည်မှ ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ယခင်က သူတို့သည် ၎င်းတို့၏ မူလနန်းတော်တွင် တည်းခိုခဲ့ကာ ဤနေရာတွင် ရှိမနေခဲ့ကြပေ။ ဤအခိုက်အတန့်တွင် သူတို့အားလုံး ပြေးလာကြသော်လည်း လုမင်က အန္တိမသူတော်စင်တစ်ပါး၏ ကျင့်ကြံမှုကို ဖျက်ဆီးခဲ့ပြီးပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူတို့ထံမှ အေးစက်သော လူသတ်ချင်စိတ်တို့ ထွက်ပေါ်လာတော့သည်။
"နင်ကများ ရွှမ်လင်တိုင်းပြည်ကို စော်ကားဝံ့တယ်။ သူ့ကိုသတ်"
ဆံပင်ဖြူ အဘွားအိုတစ်ယောက်က အော်လိုက်။ သူ၏ သတ်ဖြတ်လိုစိတ်က အလွန်ပြင်းထန်၏။
ရွှမ်လင်တိုင်းပြည်က အဆုံးမဲ့ပင်လယ်ကမ္ဘာတွင် အင်အားအကြီးဆုံး တိုင်းပြည်တစ်ခု ဖြစ်သည်။ အချိန်နတ်ဘုရားကျွန်းမှတပါး အဆုံးမဲ့ပင်လယ်ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးထားနိုင်ပေသည်။
ယခုမူ၊ ပင်လယ်တိုင်းပြည်ကိုးခုမှ လူတစ်ဦးက ရွှမ်လင်တိုင်းပြည်မှလူကို ဖျက်ဆီးပစ်ဝံ့သည်။ သေချင်နေကြခြင်း ဖြစ်မည်။
တခဏချင်းမှာပင်၊ အန္တိမသူတော်စင်နယ်ပယ် အရှိန်အဝါများက ဆယ်ခုထက်မနည်း ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများက လုမင်ဆီသို့ တိုးဝင်လာ၏။
ပင်လယ်တိုင်းပြည်ကိုးခုဘက်တွင်၊ အပြင်လူ အဘိုးအိုနှစ်ဦးက ခေါင်းယမ်းလိုက်ကြသည်။
လုမင်၏အင်အားကို သူတို့ ကောင်းစွာသိ၏။ ရွှမ်လင်တိုင်းပြည်က သူ့ကို ဤသဘောထားဖြင့် မည်ကဲ့သို့ ဆက်ဆံဝံ့သနည်း။ သူတို့က ရွှမ်လင်တိုင်းပြည်၏ သနားစရာကောင်းသော အခြေအနေကို မြင်နိုင်နေပြီ ဖြစ်သည်။
"သတ်"
ဆံပင်ဖြူ အဘွားအိုက ဦးဆောင်ပြီး လုမင်ကို ကြောက်စရာကောင်းသော တိုက်ခိုက်မှုဖြင့် စတင်တိုက်ခိုက်လိုက်သည်။
တစ်ချိန်တည်းမှာပင် အခြားသော အန္တိမသူတော်စင်များကလည်း တိုက်ခိုက်ခဲ့၏။ တိုက်ခိုက်မှု ဆယ်ခုကျော်က လုမင်ဆီသို့ ဦးတည်သွားခဲ့သည်။ သူတို့က လုမင်ကို တစ်ချက်တည်းဖြင့် အပြတ်ရှင်းလိုသည်။
"မင်းတို့ တောင်းဆိုတာပဲ"
လုမင်က လျစ်လျူရှုစွာ ပြောလိုက်သည်။ ထို့နောက် သူက လက်သီးချက်များ ထုတ်ဖော်လိုက်၏။ ဟင်းလင်းပြင်က တုန်လှုပ်သွားပြီး ကြောက်မက်ဖွယ် အင်အားတစ်ခုက အန္တိမသူတော်စင်များ၏ တိုက်ခိုက်မှုအားလုံးကို ဖျက်ဆီးပစ်လိုက်တော့သည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
ရွှမ်လင်တိုင်းပြည်မှ ကျွမ်းကျင်သူများအားလုံး ထိတ်လန့်သွားကြသည်။
အန္တိမသူတော်စင် ဆယ်ဦးကျော်၏ တိုက်ခိုက်မှုများကို တစ်ချက်တည်းဖြင့် ဖျက်ဆီးခဲ့၏။ ဒါက မည်သို့သောခွန်အားဖြစ်သနည်း။
"မကောင်းတော့ဘူး"
အန္တိမသူတော်စင်များက တုန်လှုပ်သွားကြတယ်။ သူတို့က ဆိုးရွားသော ခံစားချက်တို့ ဖြစ်ပေါ်လာကြ၏။ တချို့က ပြန်ဆုတ်ရန် ကြိုးစားလိုက်သော်လည်း နောက်ကျသွားပြီ။
"ဝုန်း... ဝုန်း..."
လုမင်က လက်သီးချက်များကို အဆက်မပြတ် ထုတ်ဖော်လိုက်သည်။ လက်သီးအင်အားများက အရှိန်အဟုန်ဖြင့် ထွက်လာပြီး ထိုလူများ ခုခံနိုင်စွမ်းမရှိသော အင်အားဖြင့် ထိုးနှက်လိုက်၏။
"ဝုန်း... ဖောင်း..."
အန္တိအသူတော်စင်များက အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ အစရှာမရအောင် ပေါက်ကွဲသွားကြတော့သည်။
တခဏအတွင်းမှာပင်၊ အန္တိမသူတော်စင် ဆယ်ဦးကျော်အနက် ဆံပင်ဖြူ အဘွားကြီးတစ်ဦးသာ ကျန်သည်။
ဤအခိုက်အတန့်တွင် အဘွားကြီးက လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။ သူက အသည်းအသန် ထွက်ပြေးရန် ကြိုးစားလိုက်၏။
"ရပ်လိုက်စမ်း"
တချိန်တည်းမှာပင်၊ ဒေါသတကြီး ဟိန်းဟောက်လိုက်သံတစ်ခုက အဝေးမှ ထွက်ပေါ်လာသည်။
သို့သော်၊ လုမင်က မကြားရသလို ဂရုမထားပေ။ သူက လက်သီးဖြင့် ထပ်မံထိုးနှက်လိုက်သည်။
အဘွားအိုကလည်း ပေါက်ကွဲသွား၏။ သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က တိုက်ရိုက် ပျက်စီးသွားတော့သည်။
ပတ်ဝန်းကျင်က ငြိမ်သက်တိတ်ဆိတ်သွားသည်။ အားလုံးက လုမင်အား ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြ၏။
အန္တိမသူတော်စင် ဆယ်ဦးကျော်က ခဏချင်း အသတ်ခံရသည်။ ဒါက ကြောက်စရာကောင်းလွန်းပေသည်။
'လုမင်၊ ရှင့်ရဲ့ကန့်သတ်ချက်က ဘယ်မှာလဲ'
ရွမ်ထျန်းကျောင်းက ကျင့်သားရလာပုံပေါ်သည်။ သူက ခေါင်းယမ်းပြီး ပြုံးလိုက်လေသည်။
"မင်း အတင့်ရဲလှချေလား"
ဒေါသတကြီး အော်ဟစ်သံတစ်ခုက ကောင်းကင်ယံမှ ထွက်ပေါ်လာသည်။ ထို့နောက်တွင် လူရိပ်တစ်ဒါဇင်ကျော်က လေထဲတွင် ပေါ်လာတော့သည်။