အခန်း (၂၄၁-၂၄၂)
Vol. 25 Ch. 241-242
အခန်း (၂၄၁)
ကြားနာပွဲကို မတက်ရောက်ခင်မှာ ကျွန်တော် ဥက္ကဌ လင်ဂျင်ယုံ နဲ့ တွေ့ဆုံခဲ့တယ်။
"ကြားနာပွဲက ဘယ်လိုလဲဟင်"
မနက်စောစောကနေ ညမိုးချုပ်တဲ့အထိ သက်သေခုံမှာ ထိုင်နေခဲ့ရတာကြောင့် သူက လုံးဝကို ပင္ပန်းလျနွမ်းနယ်နေတဲ့ ပုံစံ ဖြစ်နေခဲ့တာပါ။
"တစ်နေ့ကုန် လူအမျိုးမျိုးဆီကနေ အဆူခံနေရတော့ လူက လုံးဝကို အားအင်ကုန်ခမ်းသွားတာပဲ"
ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။
"တစ်ခုခု မှားတာလုပ်ခဲ့ရင်တော့ အဆူခံရမှာက သဘာဝပဲလေ"
ဥက္ကဌ လင်ဂျင်ယုံ က ခါးခါးသီးသီး ပြုံးလိုက်ရင်း ပြောတယ်။
"အတိတ်က ကိစ္စတွေအတွက်တော့ ငါ့မှာ ပြောစရာ မရှိပါဘူး။ နောက်နောင်မှာ ဒါမျိုးတွေ ထပ်မဖြစ်အောင်ပဲ သေချာ လုပ်ဆောင်ရမှာပေါ့။ ဒါပေမဲ့ ငါတို့ အခုထိ လုပ်ဆောင်ခဲ့တဲ့ အရာတွေကတော့ အများကြီး အထောက်အကူ ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ငါတို့ သိပ်မကြာခင်က ကြေညာခဲ့တဲ့ ဖောင်ဒေးရှင်း တည်ထောင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တွေက တစ်သံထဲ ချီးကျူးခဲ့ကြတာ"
ကြားနာပွဲတွေမှာ အများပြည်သူရဲ့ အမြင် မကောင်းတဲ့ စီးပွားရေး ခေါင်းဆောင်တွေကတော့ အပြင်းအထန် နှိပ်ကွပ်ခြင်း ခံရလေ့ ရှိတာလေ။
ကံကောင်းစွာနဲ့ပဲ ဆိုဆောင်း အုပ်စု ရဲ့ ပုံရိပ်က အရင်ကထက် အများကြီး ပိုကောင်းလာခဲ့တယ်။ သူတို့က စက်ရုံတွေကို တိုးချဲ့ခဲ့ကြသလို အလုပ်အကိုင်တွေကိုလည်း တိုးမြှင့်ပေးခဲ့ပြီး ယာယီဝန်ထမ်းတွေကိုလည်း အမြဲတမ်း ဝန်ထမ်းတွေအဖြစ် ပြောင်းလဲပေးခဲ့တာပါ။ ဒါတင်မကသေးဘဲ လူမှုကူညီရေး လုပ်ငန်းတွေကိုလည်း တက်ကြွစွာ လုပ်ဆောင်နေခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဖြစ်မလားမသိဘူး။ မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ အများပြည်သူရဲ့ အမြင်က ဥက္ကဌ လင်ဂျင်ယုံ အပေါ် သိပ်ပြီး အဆိုးမမြင်ကြတော့ပါဘူး။
တခြား ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ မတူဘဲ ကိုရီးယားမှာတော့ ချေဘော တွေနဲ့ စီးပွားရေး ခေါင်းဆောင်တွေက သိပ်ပြီး လေးစားခြင်း မခံရပါဘူး။
သဘာဝကျစွာပဲ ဒါက ပြည်သူတွေရဲ့ အမြင် မှားယွင်းနေလို့ မဟုတ်ဘဲ စီးပွားရေး ခေါင်းဆောင်တွေက အတိတ်တုန်းက မကောင်းတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်ခဲ့ကြလို့ ဖြစ်ပါတယ်။
သူတို့က ငွေအလွဲသုံးစားမှု၊ ယုံကြည်အပ်နှံမှုကို ဖောက်ဖျက်မှု၊ အခွန်ရှောင်မှုနဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေကြောင့် ရှေ့နေရုံးဆီ ဝှီးချဲနဲ့ ဆက်တိုက် သွားနေခဲ့ကြရတာ ဖြစ်လို့ ဘယ်သူမှ မလေးစားကြတာလဲ မဆန်းပါဘူး။
"ဒါနဲ့ ကျွန်တော်က ဘာမှလည်း မှားတာ မလုပ်ထားဘဲနဲ့ သူတို့က ကျွန်တော့်ကို ဘာလို့ ခေါ်ရတာလဲ"
ကြားနာပွဲရဲ့ ရည်ရွယ်ချက်က အရင်အစိုးရလက်ထက်က အကျင့်ပျက်ခြစားမှုတွေနဲ့ တရားမဝင် လုပ်ရပ်တွေကို ဖော်ထုတ်ပြီး ပတ်သက်ဆက်နွှယ်သူတွေကို အပြစ်ပေးဖို့ ဖြစ်ရမှာလေ။ သူတို့ သဘောမကျတဲ့ စီးပွားရေး ခေါင်းဆောင်တွေကို ခေါ်ပြီး ဆူပူကြိမ်းမောင်းဖို့ မဟုတ်ဘူး။
"လေဘာပါတီ ကတော့ အံကြိတ်နေမှာ သေချာသလို အာဏာရပါတီကလည်း သူတို့ ပြည်သူတွေအတွက် ဘယ်လောက်အထိ ကြိုးစားပေးနေလဲဆိုတာကို ပြသချင်နေတာ။ မင်း သိတဲ့အတိုင်းပဲ။ မင်းက ကိုရီးယားမှာတင်မကဘဲ တစ်ကမ္ဘာလုံးမှာပါ အကျော်ကြားဆုံး စီးပွားရေး ခေါင်းဆောင်တစ်ယောက် ဖြစ်နေတာကိုးဟ"
ဥက္ကဌ လင်ဂျင်ယုံ က ရေတစ်ငုံ သောက်လိုက်ရင်း ပြောတယ်။
"နိုင်ငံရေး အာဏာက စျေးကွက် အာဏာကို အမြဲတမ်း ကြောက်ရွံ့တတ်ကြစမြဲပဲ။ တစ်ခါတလေကျရင် အစိုးရက စျေးကွက်ကို ထိန်းချုပ်ချင်ကြသေးတာ"
ဖွံ့ဖြိုးပြီး နိုင်ငံအများစုက နိုင်ငံရေးအရ ဒီမိုကရေစီကို လက်ခံကျင့်သုံးပြီး စီးပွားရေးအရတော့ အရင်းရှင်စနစ်ကို လက်ခံကျင့်သုံးကြတာ ဖြစ်ပါတယ်။
နိုင်ငံရေး အာဏာကတော့ ၁၀ နှစ်အကြာမှာမှ အစိုးရ အပြောင်းအလဲ ဖြစ်သွားခဲ့သလိုမျိုး အမြဲတမ်း ပြောင်းလဲမှု ရှိနေတတ်တာပါ။ (သဘာဝကျစွာပဲ ဒါမျိုး မဟုတ်တဲ့ နိုင်ငံတွေလည်း ရှိပါတယ်။) တခြားတစ်ဖက်မှာတော့ အဆင့်အတန်းတွေ အနည်းငယ် အတက်အကျ ရှိနိုင်ပေမဲ့ အတိတ်က ချေဘော တွေကတော့ ဒီနေ့အထိ ချေဘော တွေအဖြစ် ရှိနေတုန်းပါပဲ။
ဒါပေမဲ့ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုကို ကိုယ်ပိုင် အစွမ်းအစနဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပြီး ချေဘော တွေနဲ့လည်း ဘာမှ မပတ်သက်ဘူးလေ။ မဟုတ်ဘူးလား။
"ပိုင်ဆိုင်မှုဆိုတာ တစ်ကြိမ်တစ်ခါ စုဆောင်းမိသွားပြီဆိုရင် ပင်ကိုယ်သဘာဝအရ အာဏာ ဖြစ်လာတတ်တယ်။ အစိုးရရဲ့ အမြင်မှာတော့ ကမ္ဘာ့အချမ်းသာဆုံး ပိုင်ဆိုင်မှုကို ပိုင်ဆိုင်ထားတဲ့လူကို အာရုံမစိုက်ဘဲ နေလို့မရဘူး။ သူတို့တွေ မင်းဆီကနေ ရယူချင်တဲ့အရာတွေ အများကြီး ရှိလိမ့်မယ်။ OTK ကုမ္ပဏီ နဲ့ ပတ်သက်ပြီး သူတို့ အပြစ်ရှာနိုင်တဲ့ အဓိက အချက် သုံးချက် ရှိတယ်။ အဲဒါတွေကတော့ ကော်ပိုရေးရှင်းက အခွန်ကင်းလွတ်ခွင့် ပေးထားတဲ့ နေရာမှာ ရှိနေတာ၊ ဥက္ကဌက ခရစ်ပတို ငွေကြေးလဲလှယ်ရေး လုပ်ငန်းတွေကို လည်ပတ်တာနဲ့ ရင်းနှီးမြှုပ်နှံတာတွေကနေ အမြတ်အစွန်းတွေ ရရှိခဲ့တာ၊ ပြီးတော့ ကိုရီးယားမှာ ရင်းနှီးမြှုပ်နှံမှု သိပ်မလုပ်တာတွေပဲ"
"အဲဒါက ပြဿနာ ရှိလို့လား"
ဥက္ကဌ လင်ဂျင်ယုံ က ပြုံးလိုက်ရင်း ပြောတယ်။
"သူတို့က ပြဿနာ လုပ်မယ်ဆိုရင်တော့ ပြဿနာ ဖြစ်လာမှာပဲ။ ကြားနာပွဲ ကော်မတီဝင်တွေကတော့ အပြင်းအထန် တိုက်ခိုက်လာကြလိမ့်မယ်။ ဒီအတိုင်း ခေါင်းငုံ့ထားပြီး သူတို့ ကြားချင်တဲ့ အဖြေတွေကိုပဲ ပေးလိုက်ပါ။ သူတို့ စကားကို နားထောင်နေတဲ့ ပုံစံမျိုး ပြသလိုက်ရင် အဆင်ပြေပြေ ပြီးဆုံးသွားပါလိမ့်မယ်"
ကိုရီးယားမှာ လွှတ်တော်အမတ် စုစုပေါင်း ၃၀၀ ရှိတာပါ။
အဲဒီထဲက ဘယ်နှစ်ယောက်လောက်ကို ပြည်သူတွေက နာမည်နဲ့ မျက်နှာကို မှတ်မိကြလို့လဲ။ အလွန်ဆုံးရှိလှ ၃၀ ဝန်းကျင်ပေါ့။
တကယ်လို့ ကြားနာပွဲမှာ အကြပ်ရိုက်မယ့် မေးခွန်းတွေကို မေးမြန်းနိုင်တာမျိုး ဒါမှမဟုတ် ကောင်းကောင်း စွမ်းဆောင်နိုင်မယ်ဆိုရင် ပြည်သူတွေအပေါ် ကြီးမားတဲ့ အထင်ကြီးမှုကို ချန်ထားခဲ့နိုင်တာလေ။
အတိုချုပ်ပြောရရင် ဒါက သူတို့ရဲ့ ဂုဏ်သတင်းကို မြှင့်တင်ဖို့အတွက် အလွန်ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုပါပဲ။ "ကြားနာပွဲရဲ့ ကြယ်ပွင့်" ဆိုတဲ့ စကားလုံးက ဒီအတိုင်း ထွက်ပေါ်လာတာ မဟုတ်ဘူးမလား။
သဘာဝကျစွာပဲ မိုက်မဲတဲ့ လုပ်ရပ်တွေကို လုပ်မိတာကြောင့် လူမုန်းများသွားတဲ့ အခြေအနေမျိုးတွေလည်း ရှိတာပေါ့။
ဥက္ကဌ လင်ဂျင်ယုံ က ကျွန်တော့်ဆီ စာရွက်စာတမ်း အထူကြီးတစ်ခုကို ကမ်းပေးလာခဲ့တယ်။
အကြမ်းဖျင်း ကြည့်လိုက်တာနဲ့တင် အဲဒီထဲမှာ ကြားနာပွဲမှာ မေးမြန်းမယ့် လွှတ်တော်အမတ်တွေရဲ့ နောက်ခံသမိုင်းကြောင်းနဲ့ အလားအလာတွေ အပါအဝင် အသေးစိတ် အချက်အလက်တွေ၊ ပြီးတော့ ခန့်မှန်းခြေ မေးခွန်းတွေနဲ့ စံပြအဖြေတွေ ပါဝင်နေခဲ့တာပါ။
"ဒါက စာမေးပွဲအတွက် ကူညီပေးတဲ့ မှတ်စုစာအုပ်နဲ့ တူနေတာပဲ"
"ဒါက တရားမဝင် ရယူထားတဲ့ အချက်အလက်တွေ မဟုတ်ပါဘူးကွာ။ ကြားနာပွဲကို မသွားခင် မင်းအတွက် အများကြီး အထောက်အကူ ဖြစ်စေမှာပါ"
သူတို့တွေ အကြပ်ရိုက်မယ့် မေးခွန်းတွေကိုတောင် ဘယ်လိုမျိုး ရှောင်လွှဲနိုင်ခဲ့ကြလဲဆိုတာ အံ့သြစရာ မရှိတော့ပါဘူး။ ဒီလိုမျိုး ကြိုတင်ပြင်ဆင်ခဲ့ကြတာကိုး။
"ကျွန်တော်က ဒါကိုပါ လေ့လာရဦးမှာလား"
"တခြား ဥက္ကဌတွေဆိုရင် ကြိုတင်ပြီး ဇာတ်တိုက် လေ့ကျင့်တာတွေတောင် လုပ်ကြသေးတယ်။ သူတို့ရဲ့ အတွင်းရေးမှူးတွေ ဒါမှမဟုတ် စီမံခန့်ခွဲမှု ဒါရိုက်တာတွေက လွှတ်တော်အမတ်တွေနေရာကနေ သရုပ်ဆောင်ပြီး မေးခွန်းတွေ မေးကြတာ"
"……"
ပြန်တွေးကြည့်ရင် အလုပ်အင်တာဗျူးတွေအတွက် ပြင်ဆင်တဲ့အခါမှာလည်း လူတွေက မျှော်လင့်ရမယ့် မေးခွန်းတွေကို စဉ်းစားပြီး အင်တာဗျူး အတုတွေ လုပ်လေ့ရှိကြတာပဲလေ။ ကြားနာပွဲတစ်ခုကို သွားဖို့အတွက် ဒီလောက်အထိ ပြင်ဆင်ရမှာကတော့ မဖြစ်မနေ လိုအပ်ချက်တစ်ခု ဖြစ်မှာပေါ့။
တကယ်လို့ အင်တာဗျူးမှာ မှားယွင်းသွားခဲ့ရင် အလုပ်မရရုံပဲ ရှိမှာ ဖြစ်ပေမဲ့ ကြားနာပွဲမှာ စကားတစ်ခွန်း မှားပြောမိရင်တော့ တစ်စစီ တံတွေးခွက်ထဲ ပလက်ကော၊ မှောက်လျက်ပါ မျောသွားနိုင်တယ်လေ။
နောက်နေ့
ကျွန်တော် မနက်စောစော နိုးလာခဲ့ပြီး သပ်ရပ်တဲ့ ဝတ်စုံကို ဝတ်ဆင်လိုက်တယ်။
"ငါ စည်းပေးမယ်"
ကုတင်ပေါ်ကနေ ဆင်းလာခဲ့တဲ့ အယ်လီ က ကျွန်တော့်ရဲ့ နက်ကတိုင်ကို စည်းပေးခဲ့တာပါ။ အယ်လီရဲ့ ပုံစံလေးက တကယ့်ကို ချစ်စရာကောင်းလွန်းတာကြောင့် ကျွန်တော် အယ်လီဆီ တိုးကပ်သွားပြီး နမ်းလိုက်တယ်။
"ဒီနေ့ နင်က ပိုပြီး ခန့်နေတယ်"
"ကျေးဇူးပါဗျာ"
အယ်လီ က ကျွန်တော့်ကို ဖက်လိုက်ရင်း ပြောတယ်။
"ဟွန့်… မသွားလို့ မရဘူးလားဟင်"
ကျွန်တော် အယ်လီရဲ့ ဆံပင်တွေကို ပွတ်သပ်ပေးလိုက်ရင်း ပြောလိုက်တယ်။
"ငါ မကြာခင် ပြန်လာခဲ့ပါ့မယ်၊ ညစာစားရင် တွေ့မယ်နော်"
ကျွန်တော် ပထမထပ်ကို ဆင်းလာခဲ့တဲ့အချိန်မှာ တက်ဂယူ က အဲဒီမှာ ထိုင်နေခဲ့တာပါ။
"မင်းလည်း ဒီနေ့ကျမှ စောစောနိုးနေပါလား"
"ငါ တစ်ညလုံး မအိပ်ရသေးတာ"
သူက စောစောနိုးတာ မဟုတ်ဘဲ လုံးဝ မအိပ်ရသေးတာပါ။
တက်ဂယူ က ကျွန်တော့်ရဲ့ ပုခုံးကို ပုတ်ပေးလိုက်ရင်း ပြောတယ်။
"ကြားနာပွဲမှာ အဆင်ပြေပါစေ သူငယ်ချင်းရာ။ ငါ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရင်း မင်းကို အားပေးနေပါ့မယ်။ ပြောင်းဖူးပေါက်ပေါက်တောင် ပြင်ဆင်ထားပြီးပြီ"
"……"
လူတစ်ယောက်က ဘယ်လိုမျိုး အသက်မွေးဝမ်းကျောင်းပြုခဲ့လို့ လွှတ်တော် ကြားနာပွဲအထိ တက်ရောက်ရတဲ့ အခြေအနေမျိုး ဖြစ်လာရတာလဲ။
မူလတန်း ဒုတိယတန်းတုန်းက အဖွဲ့လိုက် လေ့လာရေး ခရီးစဉ်တစ်ခုကလွဲရင် လွှတ်တော်ဆီ လာခဲ့ရတာက ဒါပထမဆုံးအကြိမ်ပါ။
ကျွန်တော် သက်သေခုံမှာ ထိုင်လိုက်ရင်း ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်တယ်။ ကျွန်တော့်ရဲ့ အာရုံကို အရင်ဆုံး ဖမ်းစားခဲ့တာကတော့ ကင်မရာတွေ ဖြစ်ပါတယ်။
ကြားနာပွဲ ဖြစ်စဉ်တွေကို လွှတ်တော် ချန်နယ်ကနေတစ်ဆင့် တိုက်ရိုက် ထုတ်လွှင့်နေခဲ့တာပါ။ အခုလက်ရှိမှာ ကျွန်တော့်ရဲ့ မျက်နှာက ရုပ်သံလိုင်းပေါ်မှာ ရောက်နေလောက်ပါပြီ။
ကျွန်တော့်အမေနဲ့ အယ်လီ ကတော့ စိုးရိမ်ပူပန်တဲ့ စိတ်နဲ့ ကြည့်နေကြမှာ ဖြစ်ပြီး တက်ဂယူ ကတော့ ပြောင်းဖူးပေါက်ပေါက် စားရင်း ပျော်ရွှင်နေမှာ သေချာပါတယ်။
ကျွန်တော့်အပြင် တခြားသော ဥက္ကဌ အနည်းငယ်လည်း သက်သေခုံဆီ ဆင့်ခေါ်ခြင်း ခံခဲ့ရတာပါ။ မကြာသေးခင်က ကျွန်တော် တွေ့ဆုံခဲ့တဲ့ ဟွာအန်း အုပ်စု ရဲ့ ဥက္ကဌ အန်ဟျွန်ဆန်း၊ အရင်က နှုတ်ဆက်ဖူးတဲ့ Rite အုပ်စု ရဲ့ ဥက္ကဌ ဂျင်ဒေါင်မင်၊ ပြီးတော့ အွန်ဆောင်း မော်တာ အုပ်စု ရဲ့ ဥက္ကဌ ဟန်ချန်ယောင်း တို့လည်း အဲဒီမှာ ရှိနေခဲ့ကြတာလေ။
"……"
ဒါပေမဲ့ ကျွန်တော်က ဘာလို့ ဒီလူတွေအားလုံးရဲ့ အလယ်မှာ ညပ်နေရတာလဲ။ ဘာလို့လဲ။
သက်သေတွေအတွက် တကယ်တမ်း မေးမြန်းတဲ့ အချိန်ကတော့ တိုတောင်းပါတယ်။ ကျန်တဲ့ အချိန်တွေမှာတော့ ခါးကို မတ်မတ်ထားပြီး နာရီပေါင်းများစွာ ထိုင် စောင့်ဆိုင်းနေခဲ့ရတာပါ။
ဒါကို ကြုံဖူးတဲ့လူတိုင်း သိကြတဲ့အတိုင်းပဲ၊ တကယ့်ကို ပင်ပန်းလွန်းလှပါတယ်။ ဒါက စစ်တပ်က နှိပ်စက်တဲ့ ပုံစံမျိုးနဲ့ တူနေတာပဲ…
မျှော်လင့်ထားတဲ့အတိုင်းပဲ ဥက္ကဌတွေက စံပြအဖြေတွေကိုပဲ ပေးခဲ့ကြတယ်။
"ကျွန်တော် သေသေချာချာ မမှတ်မိတော့ပါဘူး"
"ကျွန်တော် တိုက်ရိုက် ညွှန်ကြားခဲ့တာ မဟုတ်တဲ့အတွက် မသိပါဘူး"
"ကျွန်တော် ပြန်သွားပြီး စစ်ဆေးလိုက်ပါ့မယ်၊ ပြီးတော့ ပြဿနာ တစ်ခုခု ရှိနေရင်လည်း ချက်ချင်း ပြုပြင်ပါ့မယ်"
"ဒီဖြစ်စဉ်ကနေတစ်ဆင့် ကျွန်တော့်ရဲ့ မှားယွင်းမှုတွေကို သိမြင်ခဲ့ရပြီး အပြည့်အဝ နောင်တရမိပါတယ်"
"နောင်ပွင့်လင်းလာမယ့် ကာလတွေမှာ ကော်ပိုရေးရှင်းတစ်ခုရဲ့ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ပါ့မယ်"
"ကိုရီးယားမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့နဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့အတွက် စိတ်ရင်းမှန်နဲ့ ကြိုးစားသွားပါ့မယ်"
နောက်ဆုံးတော့ ညစာစားချိန် ဝန်းကျင်မှာ ကျွန်တော့်အလှည့် ရောက်လာခဲ့ပါပြီ။
ကျွန်တော့်ကို အရင်ဆုံး မေးမြန်းခဲ့တာကတော့ တခြားလူ မဟုတ်ဘဲ လေဘာပါတီ ရဲ့ ကိုယ်စားလှယ် လီဂျောင်ဟွန်းပါ။
သုံးကြိမ်တိုင်တိုင် လွှတ်တော်အမတ် ဖြစ်ခဲ့ဖူးပြီး ပါတီခေါင်းဆောင်ဟောင်းလည်း ဖြစ်တဲ့ သူကတော့ ပြီးခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲတုန်းက နိုင်ငံရေးသစ်ပါတီ ရဲ့ ဟိုချန်မင်း ကို ရှုံးနိမ့်ခဲ့တာကြောင့် ရွေးကောက်ပွဲ ရှုံးနိမ့်မှုအတွက် တာဝန်ယူရင်း ပါတီခေါင်းဆောင် ရာထူးကနေ နှုတ်ထွက်ခဲ့တဲ့လူ ဖြစ်ပါတယ်။
ကိုယ်စားလှယ် လီဂျောင်ဟွန်း က ကျွန်တော့်ကို မေးမြန်းခဲ့တယ်။
"OTK ကုမ္ပဏီ က ဘယ်မှာ မှတ်ပုံတင်ထားတာလဲ"
ဒါက ရုတ်တရက် မေးလိုက်တဲ့ မေးခွန်း ဖြစ်ပေမဲ့ ကျွန်တော်ကတော့ တည်တည်ငြိမ်ငြိမ်ပဲ ဖြေကြားလိုက်တယ်။
"ဒဲလား ပါ"
"အဲဒီကို ရောက်ဖူးလား"
"ဟင့်အင်း၊ မရောက်ဖူးပါဘူး"
"ဒါဆိုရင် ဥက္ကဌက တစ်ခါမှတောင် မရောက်ဖူးတဲ့ ဝေးလံခေါင်သီလှတဲ့ ကာရစ်ဘီယံ ကျွန်းစုပေါ်မှာ ကော်ပိုရေးရှင်းတစ်ခုကို တည်ထောင်ခဲ့တာပေါ့။ အဲဒီလို လုပ်ရတဲ့ အကြောင်းပြချက်က ဘာလဲ"
ကျွန်တော် ဇဝေဇဝါ ဖြစ်သွားခဲ့တာကြောင့် မေးလိုက်တယ်။
"အဲဒါက ဒီကြားနာပွဲနဲ့ ဘာဆိုင်လို့လဲ ခင်ဗျာ"
ကိုယ်စားလှယ် လီဂျောင်ဟွန်း က ပြစ်တင်ကြိမ်းမောင်းတဲ့ အသံနဲ့ ပြောတယ်။
"မေးတဲ့ မေးခွန်းကိုပဲ ဖြေပါ"
ကျွန်တော်လည်း ညွှန်ကြားထားတဲ့အတိုင်း မေးခွန်းကိုပဲ ဖြေဖို့ ဆုံးဖြတ်လိုက်တယ်။
"ကျွန်တော် မသိပါဘူး၊ ကျွန်တော်က တည်ထောင်သူ မဟုတ်လို့ပါ"
ဒဲလားမှာ OTK ကုမ္ပဏီ ကို တည်ထောင်ခဲ့တာက ကျွန်တော် မဟုတ်ဘဲ အိုတက်ဂယူ ဖြစ်တာလေ။
အဲဒီနောက် သူက ကျွန်တော့်ကို အော်ဟစ်လိုက်ရင်း ပြောတယ်။
"ဥက္ကဌက အကြီးဆုံး ရှယ်ယာရှင်နဲ့ စီအီးအို မဟုတ်ဘူးလား"
"ကျွန်တော်က အောင်မြင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ဆုလာဘ်အနေနဲ့ ရှယ်ယာတွေကို ရရှိခဲ့တာ ဖြစ်ပြီး တည်ထောင်တဲ့ ကိစ္စမှာတော့ ဘာမှ ပါဝင်ပတ်သက်ခဲ့တာ မရှိပါဘူး"
စာရွက်စာတမ်း ကိစ္စအားလုံးကို အစ်မ ဟျွန်းဂျူး ကပဲ ကိုင်တွယ်ခဲ့တာလေ။
"ဘယ်သူကပဲ တည်ထောင်ခဲ့ တည်ထောင်ခဲ့၊ အခွန်ရှောင်ဖို့အတွက် အခွန်ကင်းလွတ်ခွင့် ပေးထားတဲ့ နေရာမှာ တည်ထောင်ခဲ့တာပဲ။ ဒါက ပုံမှန် အခွန်စနစ်အပေါ် မကောင်းတဲ့ သက်ရောက်မှုတွေ ဖြစ်စေတဲ့ လုပ်ရပ်ပဲ"
သူပြောတာကတော့ မမှားပါဘူး။
NPL နဲ့ Gooble လိုမျိုး ကမ္ဘာ့ကုမ္ပဏီကြီးတွေကလည်း ကော်ပိုရိတ်အခွန် အနည်းဆုံး ပေးရတဲ့ ဒေသတွေ (ဒါမှမဟုတ် အခွန်ကင်းလွတ်ခွင့် ပေးထားတဲ့ နေရာတွေ) မှာ ကော်ပိုရေးရှင်းတွေ တည်ထောင်ပြီး အမြတ်အစွန်းတွေကို အဲဒီဆီ ပို့ဆောင်ရင်း အခွန်ရှောင်လေ့ ရှိကြတာပါ။
ပမာဏက အလွန်ကြီးမားလွန်းတာကြောင့် ဥရောပမှာတော့ ဒါကို ကိုင်တွယ်ဖို့အတွက် အခွန်စည်းကြပ်မှုကို အားကောင်းအောင် လုပ်ဆောင်ဖို့ ဆွေးနွေးနေကြပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ OTK ကုမ္ပဏီ ရဲ့ အခြေအနေကတော့ အနည်းငယ် ကွဲပြားပါတယ်။ Goobleနဲ့ NPL ကတော့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို တိုက်ရိုက် ရောင်းချတာ ဖြစ်ပေမဲ့ OTK ကုမ္ပဏီ ကတော့ စီးပွားရေးနဲ့ ဘဏ္ဍာရေး ကဏ္ဍတွေမှာသာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒါကြောင့် နှိုင်းယှဉ်မယ်ဆိုရင်တော့ တခြားသော ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေနဲ့ပဲ နှိုင်းယှဉ်ရမှာ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေကတော့ အခွန်ကင်းလွတ်ခွင့် ပေးထားတဲ့ နေရာတွေမှာ တည်ထောင်ကြတာက သဘာဝပဲလေ။
"OTK ကုမ္ပဏီ ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်တဲ့ K ကုမ္ပဏီ နဲ့ K ကုမ္ပဏီ ကနေ ရင်းနှီးမြှုပ်နှံထားတဲ့ အမျိုးမျိုးသော ကုမ္ပဏီတွေက ကိုရီးယားမှာ ကော်ပိုရိတ်အခွန် ပေးဆောင်နေကြတာ ဖြစ်ပါတယ်။ ကျွန်တော်လည်း ကိုရီးယားမှာ အမြတ်ဝေစုခွန်နဲ့ ဝင်ငွေခွန်တွေကို ပေးဆောင်နေပါတယ်"
"ဒါဆိုရင် အဲဒါက ဘာထူးလဲ။ OTK ကုမ္ပဏီ ကိုယ်တိုင်က အခွန်ကင်းလွတ်ခွင့် ပေးထားတဲ့ နေရာမှာ ရှိနေတာမဟုတ်ဘူးလား"
"ကော်ပိုရေးရှင်းကို တရားမဝင် တည်ထောင်ခဲ့တာမျိုးလည်း မဟုတ်သလို အစကတည်းက အခွန်ကင်းလွတ်ခွင့် ပေးထားတဲ့ နေရာမှာ ရှိနေခဲ့တာ ဖြစ်လို့ အဲဒါက မှားယွင်းနေတာ မဟုတ်ဘူး မဟုတ်လား ခင်ဗျာ"
ကိုယ်စားလှယ် လီဂျောင်ဟွန်း ရဲ့ အသံက ပိုပြီး ကျယ်လောင်လာခဲ့တယ်။
"ဒါဆိုရင် အဲဒါက ဂုဏ်ယူစရာ အချက်တစ်ခုမလို့လား။ ကော်ပိုရေးရှင်းကို ကိုရီးယားဆီ အခုချက်ချင်း ပြောင်းရွှေ့လိုက်"
ကျွန်တော် အံ့သြသွားခဲ့တာကြောင့် မေးလိုက်တယ်။
"ကျွန်တော်က ဘာလို့ ကော်ပိုရေးရှင်းကို ကိုရီးယားဆီ ပြောင်းရွှေ့ရမှာလဲ ခင်ဗျာ"
အဲဒီနောက် သူက ဒါကိုပဲ စောင့်ဆိုင်းနေခဲ့တဲ့အတိုင်း ချက်ချင်း ပြန်လည် တုံ့ပြန်လာခဲ့တယ်။
"စီအီးအို ကန်ဂျင်ဟူ မှာ မျိုးချစ်စိတ် လုံးဝမရှိဘူးလား"
"……"
မျိုးချစ်စိတ်က ဒီနေရာမှာ ဘာလို့ ပါဝင်လာရတာလဲ။
ကျွန်တော် တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်တယ်။
"မျိုးချစ်စိတ်ဆိုတာ နှလုံးသားထဲကနေ ထွက်ပေါ်လာတာ ဖြစ်ပြီး ဒါမျိုး နေရာမှာ အတင်းအကျပ် တောင်းဆိုရုံနဲ့တော့ ရရှိလာနိုင်မယ်လို့ ကျွန်တော် မယုံကြည်ပါဘူး"
ကိုယ်စားလှယ် လီဂျောင်ဟွန်း က မယုံနိုင်စရာ ကောင်းတဲ့ မျက်နှာအမူအရာကို ပြုလုပ်လိုက်ရင်း ဆရာကြီးစတိုင်နဲ့ ပြောတယ်။
"ကိုရီးယားလူမျိုး ဖြစ်တယ်ဆိုရင်တော့ ကိုရီးယားကို တန်ဖိုးထားပြီး ချစ်မြတ်နိုးတဲ့ နှလုံးသားတစ်ခုက သဘာဝအရ ရှိနေရမှာပေါ့။ ဒိုဆန် အန်ချန်ဟို ကလည်း မျိုးချစ်စိတ်နဲ့ နိုင်ငံအပေါ် ချစ်မြတ်နိုးတဲ့ စိတ်ကို အမြဲတမ်း အလေးပေး ပြောကြားခဲ့တာပဲ"
ကျွန်တော် စပြီး စိတ်အနှောင့်အယှက် ဖြစ်လာခဲ့ပါပြီ။ ကျွန်တော်က ဘာလို့ ဒီနေရာမှာ ဒါမျိုးတွေ လုပ်နေရတာလဲ။
ကျွန်တော် ခဏလောက် စဉ်းစားလိုက်တယ်။
တခြား ဥက္ကဌတွေလိုမျိုးပဲ ယဉ်ယဉ်ကျေးကျေး ပြန်ဖြေပြီး ကျော်ဖြတ်ရမလား၊ ဒါမှမဟုတ် ကျွန်တော့်ရဲ့ ပင်ကိုယ်စိတ်အတိုင်းပဲ လုပ်ဆောင်ရမလား။
ဒီအတိုင်း ခေါင်းငုံ့ထားပါဆိုတဲ့ ဥက္ကဌ လင်ဂျင်ယုံ ရဲ့ အကြံပြုချက်က စိတ်ထဲ ရောက်လာခဲ့တယ်။
ဆိုဆောင်း အုပ်စု ရဲ့ ဥက္ကဌတောင် ခေါင်းငုံ့ထားခဲ့တာ ဖြစ်လို့ ကျွန်တော်လည်း လုပ်လို့မရတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အခြေအနေက ကိုရီးယား ချေဘော တွေနဲ့ အများကြီး ကွဲပြားနေတာလေ။
ကျွန်တော့်မှာ စီမံခန့်ခွဲမှု ထိန်းချုပ်ခွင့် ကိစ္စတွေလည်း မရှိသလို ငွေအလွဲသုံးစားမှု၊ ယုံကြည်အပ်နှံမှု ဖောက်ဖျက်မှု ဒါမှမဟုတ် အခွန်ရှောင်မှုတွေလည်း ကျူးလွန်ထားတာ မရှိပါဘူး။
သဘာဝကျစွာပဲ နိုင်ငံရေး လောကနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းထားတာက မကောင်းဘူး မဟုတ်ပေမဲ့… ကဲ၊ ပြဿနာ ရှိလာရင်လည်း ကျွန်တော် အထုပ်အပိုးတွေ သိမ်းပြီး အမေရိကန်ကိုပဲ သွားလိုက်ရုံပဲလေ။
ဆုံးဖြတ်ချက် ချပြီးတာနဲ့အမျှ ကျွန်တော် မိုက်ခရိုဖုန်းကို ကိုင်ပြီး ပြောလိုက်တယ်။
"ဒါဆိုရင် ကိုယ်စားလှယ် လီဂျောင်ဟွန်း ကတော့ မျိုးချစ်စိတ်တွေ လျှံထွက်နေခဲ့တာကြောင့် ဂျပန် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ တည်ထောင်ခြင်း နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်ခဲ့တာပေါ့ ဟုတ်လား"
"ဘာ… ဘာပြောလိုက်တယ်"
သူက မကြားလိုက်တဲ့ ပုံစံ ဖြစ်နေခဲ့တာကြောင့် ကျွန်တော် ရှင်းရှင်းလင်းလင်း ထပ်ပြောလိုက်တယ်။
"ကိုယ်စားလှယ်ကြီး လွှတ်တော်အမတ်အသစ် ဖြစ်ခဲ့တုန်းက ဂျပန်သံရုံးမှာ ပြုလုပ်ခဲ့တဲ့ ဂျပန် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ တည်ထောင်ခြင်း နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်ခဲ့တာ မဟုတ်ဘူးလား။ အဲဒါက ပြဿနာ ဖြစ်လာတဲ့အချိန်တုန်းကတော့ အစောပိုင်းမှာ အဲဒါ ဘာမှန်းမသိလို့ပါဆိုပြီး ဆင်ခြေပေးခဲ့ပြီး နောက်ပိုင်းမှာတော့ လုံးဝ မတက်ရောက်ခဲ့ပါဘူးဆိုပြီး သတင်းအမှားတွေ ဖြန့်ဝေမှုနဲ့ တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့သေးတာလေ"
သဘာဝကျစွာပဲ အဲဒီအချိန်တုန်းက သတင်းထုတ်ပြန်ချက်တွေက ဗီဒီယိုဖိုင်အနေနဲ့ ရှိနေတုန်းပါပဲ။
ကျွန်တော် ဆက်ပြောလိုက်တယ်။
"ကိုယ်စားလှယ်ကြီး ပြောခဲ့သလိုပဲ၊ ဒိုဆန် အန်ချန်ဟို က မျိုးချစ်စိတ်နဲ့ နိုင်ငံအပေါ် ချစ်မြတ်နိုးတဲ့ စိတ်နဲ့ ကိုရီးယားရဲ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တာပါ။ ဒါပေမဲ့ ကိုယ်စားလှယ်ကြီးက ဘာလို့ အဲဒီအချိန်တုန်းက ကိုရီးယားကို ကျူးကျော်ခဲ့တဲ့ ဂျပန်စစ်တပ်ရဲ့ အမွေအနှစ်ကို ဆက်ခံထားတဲ့ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ တည်ထောင်ခြင်းကို သွားရောက် ဂုဏ်ပြုခဲ့ရတာလဲ။ အဲလိုလုပ်တာက မျိုးချစ်စိတ် ဖြစ်နိုင်လို့လား ခင်ဗျာ"
ကိုယ်စားလှယ် လီဂျောင်ဟွန်း ရဲ့ မျက်လုံးတွေက ပြူးကျယ်သွားခဲ့ပြီး အော်ဟစ်လိုက်တယ်။
"မင်း… မင်း အခု လွှတ်တော်ကို စော်ကားနေတာလား"
"အဲဒါက အထင်လွဲတာပါ"
"ဘာက အထင်လွဲတာလဲ"
"ကျွန်တော့်ရဲ့ စကားတွေက စော်ကားသလိုမျိုး ဖြစ်နေခဲ့ရင် ကျွန်တော်က လွှတ်တော်ကို မဟုတ်ဘဲ ကိုယ်စားလှယ်ကြီး တစ်ယောက်ထဲကိုပဲ စော်ကားနေတာလို့ သတ်မှတ်ပေးပါ"
ကိုယ်စားလှယ် လီဂျောင်ဟွန်း က ဒေါသတွေကြောင့် တုန်လှုပ်နေခဲ့တယ်။
"ပြည်သူတွေကို ကိုယ်စားပြုတဲ့ လွှတ်တော်အမတ်တစ်ယောက်ကို စော်ကားတာက ပြည်သူတွေကို စော်ကားတာပဲ"
ကျွန်တော် တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်တယ်။
"ကျွန်တော်လည်း အဲဒီ ပြည်သူတွေထဲက တစ်ယောက်ပါပဲ"
"ဘာ… မင်းက ဘယ်လိုမျိုး သတ္တိနဲ့ လွှတ်တော်ထဲမှာ ဒါမျိုး စကားတွေကို ပြောရဲတာလဲ။ အခုချက်ချင်း စီအီးအို ရာထူးကနေ နှုတ်ထွက်လိုက်"
အဆင်မပြေတာနဲ့ ချက်ချင်း ရာထူးကနေ နှုတ်ထွက်ခိုင်းတာကတော့ သူ့ရဲ့ အထူးပြုချက်တွေထဲက တစ်ခုပဲ ဖြစ်မယ်ထင်တယ်။ အဲ့လိုစကားမျိုး ခဏခဏ ပြောထွက်လွန်းတာကြောင့် တခြား လွှတ်တော်အမတ်တွေကတောင် သူ့ကို ပါးစပ်ပိတ်ထားဖို့ ပြောဖူးကြသေးတာလေ။
တကယ်လို့ သူသာ သမ္မတ ဖြစ်ခဲ့မယ်ဆိုရင်တော့ ကြည့်ကောင်းမယ့် အခြေအနေမျိုး ဖြစ်မှာပေါ့။
"ကျွန်တော် စီအီးအို ရာထူးကနေ နှုတ်ထွက်မလား၊ မနှုတ်ထွက်ဘူးလား ဆိုတာက OTK ကုမ္ပဏီ ရဲ့ ရှယ်ယာရှင်တွေရဲ့ မဲခွဲဆုံးဖြတ်မှုအပေါ်မှာပဲ မူတည်တာ ဖြစ်ပြီး ကိုယ်စားလှယ်ကြီးနဲ့တော့ မဆိုင်ပါဘူး ခင်ဗျာ"
အလွန် အံ့သြစရာကောင်းတာကတော့ အဲဒီ မဲတွေရဲ့ ၈၀ ရာခိုင်နှုန်းကို ကျွန်တော် ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
အဲဒီနောက် ကျွန်တော်က ပြုံးလိုက်ရင်း ထပ်လောင်း ပြောလိုက်တယ်။
"ပြည်သူတွေက ကိုယ်စားလှယ်ကြီးကို သမ္မတ ဖြစ်ဖို့ အရည်အချင်း ရှိမရှိ မဲခွဲဆုံးဖြတ်ခဲ့ကြသလိုမျိုးပေါ့"
သဘာဝကျစွာပဲ ပြည်သူတွေကတော့ သူ့ကို မရွေးချယ်ခဲ့ကြပါဘူး။ ဒါကြောင့်ပဲ သူက သမ္မတအိမ်တော် မှာ မဟုတ်ဘဲ ဒီနေရာမှာ ရောက်နေရတာ ဖြစ်မှာပေါ့လေ။
နောက်ထပ် မအောင့်အီးနိုင်တော့တာကြောင့် ကိုယ်စားလှယ် လီဂျောင်ဟွန်း က ဝုန်းကနဲ ထရပ်လိုက်ရင်း လက်ညှိုးထိုးကာ အော်ဟစ်လိုက်တော့တယ်။
"မင်း အခု ငါ့ကို လာပြီး ကစားနေတာလား"
အခန်း (၂၄၂)
ကြားနာပွဲမြင်ကွင်းကို လွှတ်တော်ချန်နယ်ကနေတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်နေခဲ့တာပါ။
သဘာဝကျစွာပဲ တိုက်ရိုက်ထုတ်လွှင့်တာဆိုပေမဲ့ တကယ်တမ်း အချိန်နဲ့တပြေးညီ ဝင်ကြည့်တဲ့လူကတော့ အနည်းငယ်ပဲ ရှိပါတယ်။ အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ညနေပိုင်းသတင်းမှာ ပြမှာပဲလေ။
ဒါပေမဲ့ ကန်ဂျင်ဟူ တက်ရောက်မယ့် သတင်းကြောင့် လူတွေရဲ့ စိတ်ဝင်စားမှုက ရုတ်တရက် မြင့်တက်လာခဲ့တယ်။
ကန်ဂျင်ဟူ က ဘယ်သူမလို့လဲ။
သူက ၂၁ ရာစုရဲ့ အကျော်ကြားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ကိုရီးယားမှာတင်မကဘဲ တစ်ကမ္ဘာလုံးမှာပါ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်တာလေ။ ဒါတင်မကသေးဘဲ အရင်အစိုးရကို ဖြုတ်ချပြီး သမ္မတဟောင်းကို ထောင်ထဲထည့်ခဲ့တဲ့ အဓိကပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။
လွှတ်တော်အမတ်တွေကတော့ အားခဲထားကြတာပေါ့။
ကန်ဂျင်ဟူ ကို ရင်ဆိုင်ရတာက သူတို့ရဲ့ ဂုဏ်သတင်းကို မြှင့်တင်ဖို့အတွက် အခွင့်အရေးကောင်းတစ်ခုပဲလေ။ ဒါကြောင့်ပဲ ဖြစ်မလားမသိဘူး။ လွှတ်တော်အမတ်တွေက မေးခွန်းမေးဖို့အတွက် တန်းစီနေခဲ့ကြတာပါ။
လွှတ်တော်ရုပ်သံနဲ့ ချိတ်ဆက်ထားတဲ့ သတင်းချန်နယ်တွေကလည်း ကြားနာပွဲမှာ ကန်ဂျင်ဟူ ရဲ့ ပုံရိပ်ကိုပဲ အဓိကထား ထုတ်လွှင့်နေခဲ့ကြတာကြောင့် လွှတ်တော်ချန်နယ်ရဲ့ ကြည့်ရှုနှုန်းက ထိုးတက်သွားခဲ့တယ်။
မကြာခင်မှာပဲ မယုံနိုင်စရာ မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့တယ်။
ကန်ဂျင်ဟူ က သက်သေခုံမှာ တည်တည်ငြိမ်ငြိမ် ထိုင်နေခဲ့ပေမဲ့ သူ့ကို မေးခွန်းမေးနေတဲ့ ကိုယ်စားလှယ် လီဂျောင်ဟွန်း ကတော့ မျက်နှာတွေနီရဲပြီး အော်ဟစ်ရုန်းကန်နေခဲ့တာကြောင့် လေဘာပါတီက လွှတ်တော်အမတ်တချို့ကပါ ဝင်ရောက်တားဆီးပေးခဲ့ရတယ်။ ထုတ်လွှင့်မှုကို ကြည့်နေတဲ့ ပြည်သူတွေအားလုံးလည်း ဆွံ့အသွားခဲ့ကြတာပေါ့။
အရင်က ကြားနာပွဲတွေမှာ ဒါမျိုး လုပ်ဆောင်ခဲ့တဲ့ စီးပွားရေးခေါင်းဆောင်မျိုး ရှိခဲ့ဖူးလို့လား။
ကိုရီးယားစီးပွားရေးကို ထိန်းချုပ်ခဲ့ဖူးတဲ့ အွန်ဆောင်း အုပ်စု ရဲ့ တည်ထောင်သူ ဥက္ကဌ ဟန်မင်းဂူ ဒါမှမဟုတ် ဆိုဆောင်း အုပ်စု ရဲ့ တည်ထောင်သူ ဥက္ကဌ လင်အီကွမ် တို့တောင်မှ ကြားနာပွဲမှာ လွှတ်တော်အမတ်တစ်ယောက်ကို ဗြောင်ကျကျ စော်ကားတာမျိုး မလုပ်ခဲ့ဖူးပါဘူး။
အတိုချုပ်ပြောရရင် ဒါက အခြေခံဥပဒေသမိုင်းမှာ ပထမဆုံးအကြိမ်ပါပဲ။
လုံးဝ မျှော်လင့်မထားတာကြောင့် ကြားနာပွဲက အာဏာရပါတီနဲ့ အတိုက်အခံပါတီ လွှတ်တော်အမတ်တွေအားလုံး လုံးဝကို ယောင်လည်လည် ဖြစ်သွားခဲ့ကြတာပေါ့။
အင်တာနက်ပေါ်မှာလည်း ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့တယ်။
– ဟား၊ ကန်ဂျင်ဟူ ရဲ့ သတ္တိကို ကြည့်စမ်း။
– ဟားဟား၊ ရူးနေတာပဲ။ ဒါက တကယ့်ကို ဂန္ထဝင်မြောက်တဲ့ ကြားနာပွဲပဲကွ။
– ကြားနာပွဲကို ကြည့်ရင်း ဘောင်းဘီထဲ သေးတောင် ထွက်မလို ဖြစ်သွားတယ်။
– လွှတ်တော်ဆိုတာ ပြည်သူတွေကို ကိုယ်စားပြုတဲ့ လွှတ်တော်အမတ်တွေ စုဝေးရာ နေရာလေ။ ဒီမိုကရေစီနိုင်ငံမှာ လွှတ်တော်နဲ့ လွှတ်တော်အမတ်တွေကို လေးစားတာက သဘာဝကျပါတယ်။
– ဒါဆိုရင် လွှတ်တော်အမတ်တွေက ပြည်သူတွေကို မကောင်းတာ လုပ်လို့ရပြီး ပြည်သူတွေကတော့ လွှတ်တော်အမတ်တွေကို ပြန်မလုပ်ရဘူးပေါ့ ဟုတ်လား။
– ဒါက ကြည့်ရတာ စိတ်အနှောင့်အယှက် ဖြစ်စရာကြီး။ ကြားနာပွဲမှာ ဒါမျိုး အမူအရာက မှန်ကန်တယ်လို့ ထင်နေတာလား။
– အတိအကျပဲ။ သူက ငယ်ငယ်လေးရှိသေးတာကို သူ့ထက် အများကြီး အသက်ကြီးတဲ့ လွှတ်တော်အမတ်တွေအပေါ် ဒါမျိုး လုပ်တာက မှားယွင်းနေတာပဲ။
– ဒါဆိုရင် လွှတ်တော်အမတ်တွေက သူတို့ထက် အများကြီး အသက်ကြီးတဲ့ ဥက္ကဌတွေကို ခေါ်ပြီး အရှက်ခွဲတာကကော မှန်လို့လား။
– အပြစ်မရှိတဲ့လူကို ခေါ်ပြီး နှိပ်စက်နေရင် ဘာပဲဖြစ်ဖြစ် တောင်းပန်နေရမှာလား။
– ဘာလို့ အပြစ်မရှိရမှာလဲ။ သူ့ကုမ္ပဏီက အခွန်ကင်းလွတ်ခွင့် ပေးထားတဲ့ နေရာမှာ ရှိနေတာက အမှန်တရားပဲလေ။ ငါကတော့ ကိုယ်စားလှယ် လီဂျောင်ဟွန်း ဘက်ကပဲ။
– ပုံမှန် လက်ဝဲသမားတွေအတိုင်းပဲ အဓိပ္ပာယ်မရှိတာကို လိုက်ပြီး အပြစ်ရှာနေတာ။
– ဘာက အဓိပ္ပာယ်မရှိတာလဲ။ ကိုယ်စားလှယ် လီဂျောင်ဟွန်း က ဂျပန် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ တည်ထောင်ခြင်း နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်ခဲ့တာက အမှန်တရားပဲလေ။
– အာဏာရပါတီ လွှတ်တော်အမတ်တစ်ယောက် တက်လာတဲ့အချိန်ကျရင်တော့ သူ ခေါင်းငုံ့ပြီး ယဉ်ယဉ်ကျေးကျေး ဖြေမှာ သေချာပါတယ်။
– မြောက်ကိုရီးယားလိုလားတဲ့ လက်ဝဲသမားတွေ အတူတူ ပေါင်းနေကြတဲ့အတိုင်းပဲ။
ညစာစားချိန် နီးကပ်လာတာကြောင့် ကြားနာပွဲကို ယာယီ ရပ်နားလိုက်တယ်။
လူတွေက အသက်ရှင်ဖို့အတွက် အလုပ်လုပ်ကြတာ ဖြစ်လို့ ထမင်းတော့ စားရမှာပေါ့။ တခြား ဥက္ကဌတွေအားလုံးလည်း ထမင်းစားချင်စိတ် ပျောက်ဆုံးနေတဲ့ မျက်နှာအမူအရာတွေနဲ့ ပြန်လာခဲ့ကြတယ်။
ကျွန်တော်ကတော့ မွန်းလွဲပိုင်း ကြားနာပွဲကိုပါ တက်ရောက်ရဦးမှာ ဖြစ်လို့ ထမင်းစားဆောင်ဆီ ဦးတည်လိုက်တယ်။ မရင်းနှီးတဲ့ နေရာမှာ တစ်ယောက်ထဲ ထမင်းစားရတာက လူကို အထီးကျန်စေတာပဲ။
တက်ဂယူ ကို ခေါ်လာခဲ့သင့်တာ။
အမြန် ထမင်းစားပြီးတာနဲ့ အလိုအလျောက်စက်ထဲကနေ ကော်ဖီတစ်ခွက် ဝယ်လိုက်တယ်။ ကော်ဖီသောက်နေတဲ့အချိန်မှာပဲ တစ်စုံတစ်ယောက်က ကျွန်တော့်ဆီ တိုးကပ်လာခဲ့တယ်။ ခေါင်းလှည့်ကြည့်လိုက်တော့ အသက် ၅၀ ဝန်းကျင်အရွယ်၊ သဘောကောင်းမယ့် မျက်နှာအမူအရာနဲ့ ဝတ်စုံဝတ်ထားတဲ့ လူလတ်ပိုင်း အမျိုးသားတစ်ယောက်ပါ။
သူကတော့ တခြားလူ မဟုတ်ဘဲ နိုင်ငံရေးသစ်ပါတီ ရဲ့ လွှတ်တော်ခေါင်းဆောင် ဂျန်ဟျွန်ဂျွန် ဖြစ်နေပါတယ်။
သူကလည်း ကော်ဖီတစ်ခွက် ဝယ်လိုက်ရင်း ပြုံးပြီး ပြောတယ်။
"စီအီးအို ကန်၊ စောစောတုန်းက လုပ်ရပ်က အနည်းငယ် လွန်သွားတယ်လို့ ထင်ပါတယ်။ ဒါက ကြားနာပွဲတစ်ခု ဖြစ်တာမလို့ ကျွန်တော်တို့အားလုံး အတိုင်းအတာတစ်ခုအထိတော့ ထိန်းသိမ်းရမှာ မဟုတ်ဘူးလား"
အတိုက်အခံပါတီ လွှတ်တော်အမတ်တစ်ယောက်ကို ကျွန်တော် အရှက်ခွဲလိုက်တာကြောင့် အာဏာရပါတီ လွှတ်တော်အမတ်တွေက ပျော်ရွှင်နေလိမ့်မယ်လို့ ထင်နေရင်တော့ အကြီးအကျယ် မှားယွင်းသွားမှာပါ။
ကျီးကန်းက ကျီးကန်းအုပ်စုဘက်မှာပဲ ရှိတတ်တာ ဖြစ်ပြီး လွှတ်တော်အမတ်တွေကလည်း အမြဲတမ်း တခြား လွှတ်တော်အမတ်တွေဘက်မှာပဲ ရှိနေတာလေ။ တစ်ခါတရံမှာ လွှတ်တော်အမတ်တစ်ယောက်ကို ဖမ်းဝရမ်းထုတ်တဲ့ ကိစ္စကို သူတို့ မဲခွဲပယ်ချလိုက်တာကို မြင်ရတဲ့အခါမှာ အာဏာရပါတီနဲ့ အတိုက်အခံပါတီတွေ ဘယ်တုန်းကများ ရန်ဖြစ်ခဲ့ကြလို့လဲလို့ တောင် တွေးမိတယ်။
နိုင်ငံရေးပါတီတစ်ခုချင်းစီနဲ့ လွှတ်တော်အမတ်တစ်ယောက်ချင်းစီရဲ့ အမျိုးမျိုးသော တွက်ချက်မှုတွေက ကြားနာပွဲမှာ ရှုပ်ထွေးစွာ ပါဝင်ပတ်သက်နေကြတာပါ။ ဒါပေမဲ့ နောက်ဆုံး ရည်မှန်းချက်ကတော့ နောက်လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရရှိဖို့အတွက် ပြည်သူတွေအပေါ် ကောင်းမွန်တဲ့ အထင်ကြီးမှုကို ချန်ထားခဲ့ဖို့ပဲလေ။
စီးပွားရေးခေါင်းဆောင်တွေက နိုင်ငံရေးသမားတွေနဲ့ ရန်သူမဖြစ်ချင်ကြသလို နိုင်ငံရေးသမားတွေကလည်း စီးပွားရေးခေါင်းဆောင်တွေနဲ့ ရန်သူမဖြစ်ချင်ကြပါဘူး။
ဒါကြောင့် တစ်နည်းအားဖြင့် ပြောရရင် ဒါက ပြည်သူတွေအတွက် ပြုလုပ်တဲ့ ပြဇာတ်တစ်ပုဒ်လိုမျိုးပါပဲ။ ဒါပေမဲ့ ကျွန်တော်ကတော့ ဇာတ်ညွှန်းအတိုင်း မဟုတ်ဘဲ ကွဲပြားစွာ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။
"မွန်းလွဲပိုင်းမှာ အာဏာရပါတီ လွှတ်တော်အမတ်တွေရဲ့ မေးမြန်းမှု ရှိမှာ ဖြစ်လို့ ကျေးဇူးပြုပြီး ပူးပေါင်းဆောင်ရွက်ပေးပါ။ ပြည်သူတွေ စောင့်ကြည့်နေကြပါတယ်"
ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။
"သဘာဝကျစွာပဲ။ ကိုယ်စားလှယ်ကြီး ပြောချင်တဲ့အရာကို ကျွန်တော် အပြည့်အဝ နားလည်ပါတယ်"
ကျွန်တော့်ရဲ့ စကားကြောင့် သူက စိတ်ကျေနပ်သွားတဲ့ ပုံစံနဲ့ ပြောတယ်။
"တော်သေးတာပေါ့"
မွန်းလွဲပိုင်း ကြားနာပွဲ စတင်ခဲ့ပါပြီ။
ပထမဆုံး တက်လာတာကတော့ နိုင်ငံရေးသစ်ပါတီ ရဲ့ ကိုယ်စားလှယ် ကင်ဆန်ဆူး ပါ။
သူက စာရွက်စာတမ်းတချို့ကို ပြသလိုက်ရင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောတယ်။
"K ကုမ္ပဏီ က ဗန်ဆန်း လို့ ခေါ်တဲ့ ခရစ်ပတို ငွေကြေးလဲလှယ်ရေး လုပ်ငန်းကို လည်ပတ်နေတာ မှန်ပါသလား"
"ကျွန်တော်တို့က တိုက်ရိုက် လည်ပတ်နေတာ မဟုတ်ပါဘူး၊ အဲဒီမှာ ရင်းနှီးမြှုပ်နှံထားရုံသက်သက်ပါ"
ကိုယ်စားလှယ် ကင်ဆောင်ဆူး က ကျွန်တော့်ရဲ့ စကားကြောင့် မျက်မှောင်ကုတ်လိုက်ရင်း ပြောတယ်။
"ဥက္ကဌက လဲလှယ်ရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံခဲ့ရုံတင်မကဘဲ ခရစ်ပတို ငွေကြေးတွေကို ကိုယ်တိုင် ဝယ်ယူတာနဲ့ miningလုပ်တာတွေ လုပ်ခဲ့ပြီး စျေးကွက် မပြိုလဲခင်လေးတင် အားလုံးနီးပါးကို ပြန်လည်ရောင်းချခဲ့တာ မဟုတ်ဘူးလား။ ဒါက စျေးကွက်ကစားတာ ဖြစ်တယ်ဆိုတဲ့ အမြင်အပေါ် ဥက္ကဌရဲ့ သဘောထားက ဘယ်လိုရှိလဲ"
ကျွန်တော် သူ့ကို စကားပြင်ပေးလိုက်တယ်။
"ဒါက စျေးကွက်ကစားတာ မဟုတ်ပါဘူး၊ ရင်းနှီးမြှုပ်နှံမှုပါ"
"ခရစ်ပတို ငွေကြေးဆိုတာ လက်တွေ့မှာ လောင်းကစားဝိုင်းတစ်ခုလို ဖြစ်နေခဲ့တာလေ။ ဒါမျိုး ကိစ္စမှာ ဥက္ကဌမှာ တာဝန်မရှိဘူးလို့ ပြောနိုင်လို့လား"
"ခရစ်ပတို ငွေကြေးက လောင်းကစားဝိုင်းတစ်ခုလို ဖြစ်နေခဲ့တယ်ဆိုတာကိုတော့ ကျွန်တော် သဘောတူပါတယ်။ ဒါပေမဲ့ ခရစ်ပတို ငွေကြေး လှိုင်းလုံးက ကိုရီးယားမှာတင် ဖြစ်ခဲ့တာ မဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့တာ ဖြစ်ပြီး အဲဒါကို ကျွန်တော်က လှုံ့ဆော်ခဲ့တာမှ မဟုတ်တာပဲ"
အဲဒီနောက် ကိုယ်စားလှယ် ကင်ဆောင်ဆူး က ဒေါသထွက်လာခဲ့တယ်။
"မရေမတွက်နိုင်တဲ့ လူတွေက ခရစ်ပတို စျေးကွက်ထဲ ဝင်ရောက်ခဲ့ကြပြီး ငွေကြေးတွေ ဆုံးရှုံးခဲ့ကြရပေမဲ့ K ကုမ္ပဏီ ကတော့ တိုတောင်းတဲ့ ကာလအတွင်းမှာ ကြီးမားတဲ့ အမြတ်အစွန်းတွေ ရရှိခဲ့တယ်။ အဲဒါက မှန်ကန်တဲ့ လုပ်ရပ်လို့ ထင်နေတာလား"
"ဘာက မှားယွင်းနေလို့လဲ ခင်ဗျာ။ ရင်းနှီးမြှုပ်နှံမှုတွေကနေ ငွေရှာတာက မှားယွင်းနေလို့လား"
"ဒါက ရင်းနှီးမြှုပ်နှံမှု မဟုတ်ဘူး၊ စျေးကွက်ကစားတာ။ စျေးကွက်ကစားတာ"
ဒီနေရာကို မလာခင်မှာ ကျွန်တော် ဥက္ကဌ လင်ဂျင်ယုံ ဆီကနေ ရရှိထားတဲ့ အချက်အလက်တွေကို သေသေချာချာ ဖတ်ရှုခဲ့တယ်။
အဲဒီမှာ ရေးသားထားတဲ့ အချက်အလက်တွေက တရားမဝင် ထောက်လှမ်းမှုတွေကနေ ရရှိထားတာမျိုး မဟုတ်ဘဲ မီဒီယာတွေမှာ ထုတ်ပြန်ပြီးသား ဖြစ်တဲ့ အမှန်တရားတွေပါပဲ။
သဘာဝကျစွာပဲ တခြား ဥက္ကဌတွေလည်း ဒါကို သိရှိကြမှာ သေချာပါတယ်။
ဒါတောင်မှ သူတို့တွေ စကားတစ်ခွန်းမှ မပြောရဲဘဲ ခေါင်းငုံ့ထားခဲ့ကြရတဲ့ အကြောင်းပြချက်ကတော့ သူတို့တွေဟာ မှားယွင်းတဲ့ လုပ်ရပ်တွေကို အများကြီး လုပ်ဆောင်ခဲ့ကြလို့ ဖြစ်မှာပေါ့။ ပြီးတော့ ပြည်သူတွေရဲ့ အမြင်ကိုလည်း ထည့်သွင်းစဉ်းစားရတာကိုး။
ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီလူတွေနဲ့ မတူပါဘူး။ ကျွန်တော့်ရဲ့ စိတ်က ကောင်းကင်ယံအထိ ပွင့်လင်းနေပါတယ်လို့ မပြောနိုင်ပေမဲ့ အနည်းဆုံးတော့ တရားမဝင်တဲ့ လုပ်ရပ်မျိုးကိုတော့ ဘာမှ မလုပ်ဆောင်ခဲ့ဘူးလေ။
ဒါကြောင့်ပဲ ကျွန်တော် ပြောချင်တဲ့အရာကို စိတ်သက်တောင့်သက်သာနဲ့ ပြောနိုင်တာပါ။
"ဒါဆိုရင် ကိုယ်စားလှယ်ကြီး၊ ဂင်ပို မှာ ကိုယ်စားလှယ်ကြီး မြေကွက် ဝယ်ယူခဲ့တာကကော စျေးကွက်ကစားတာ ဖြစ်မလား ခင်ဗျာ"
ကိုယ်စားလှယ် ကင်ဆောင်ဆူး ဆွံ့အသွားခဲ့တယ်။
"ဘာ… ဘာပြောလိုက်တယ်"
သူက အာဏာရပါတီ လွှတ်တော်အမတ်တစ်ယောက်ကို ကျွန်တော်က ဒါမျိုး စကားမျိုး ပြောလာလိမ့်မယ်လို့ မျှော်လင့်ထားပုံမရပါဘူး။ ဒါတင်မကသေးဘဲ ကြားနာပွဲခန်းမထဲက လူတိုင်းလည်း အံ့သြသွားခဲ့ကြတယ်။
ကျွန်တော်ကတော့ ဂရုမစိုက်ဘဲ ဆက်ပြောလိုက်တယ်။
"ကိုယ်စားလှယ်ကြီးက ဂင်ပို မှာ ပြုံ ၈၀၀ ဝန်းကျင်ရှိတဲ့ မြေကွက်ကို ဝယ်ယူခဲ့ပြီး အဲဒီမြေကွက်က နောက်ပိုင်းမှာ ဖွံ့ဖြိုးရေးဇုန်ထဲ ပါဝင်သွားခဲ့တာကြောင့် ၃ နှစ်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုထက် ၁၀ ဆကျော် အမြတ်အစွန်း ရရှိခဲ့တာ မဟုတ်ဘူးလား ခင်ဗျာ"
"အဲ… အဲဒါကတော့……"
"သေချာတာကတော့ ဝန်ကြီးလောင်းတစ်ယောက် ပြောခဲ့သလိုမျိုး သဘာဝတရားကို အလွန်အမင်း ချစ်မြတ်နိုးလွန်းလို့ မြေကွက်ကို ဝယ်ယူခဲ့တာတော့ မဟုတ်လောက်ပါဘူး။ ကိုယ်စားလှယ်ကြီးရဲ့ ယုတ္တိဗေဒအတိုင်းဆိုရင် အဲဒါကကော စျေးကွက်ကစားတာ မဟုတ်ဘူးလား ခင်ဗျာ"
ကိုယ်စားလှယ် ကင်ဆောင်ဆူး က အော်ဟစ်လိုက်တယ်။
"အဲဒါက စျေးကွက်ကစားတာ မဟုတ်ဘူး၊ တရားဝင်တဲ့ ရင်းနှီးမြှုပ်နှံမှု"
ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။
"ကိုယ်တိုင် လုပ်တဲ့အချိန်မှာတော့ ရင်းနှီးမြှုပ်နှံမှု ဖြစ်ပြီး တခြားလူ လုပ်တဲ့အချိန်မှာတော့ စျေးကွက်ကစားတာ ဖြစ်သွားတာပေါ့။ ကျွန်တော့်အတွက်လည်း ဒါက ရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ။ ဒီလောက်ဆိုရင် လုံလောက်ပြီမလား ခင်ဗျာ"
"……"
သူက ဆွံ့အသွားတဲ့ ပုံစံ ဖြစ်နေခဲ့ပေမဲ့ ဘာမှ ထပ်ပြီး မပြောနိုင်တော့ပါဘူး။
နောက်တစ်ယောက်ကတော့ တူညီတဲ့ ပါတီက ကိုယ်စားလှယ် ဟုန်ဆောင်းယုံ ပါ။
"လက်ရှိမှာ ကိုရီးယားတက္ကသိုလ်က ဘွဲ့ရသူတွေရဲ့ အလွန်မြင့်မားတဲ့ ရာခိုင်နှုန်းက OTK ကုမ္ပဏီ နဲ့ K ကုမ္ပဏီ တွေမှာ အလုပ်လုပ်နေကြတယ်။ ဒါက မျက်နှာသာပေးပြီး အလုပ်ခန့်အပ်မှု ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် ဥက္ကဌရဲ့ သဘောထားက ဘယ်လိုရှိလဲ"
ကျွန်တော်ကတော့ အထင်အရှား ဖြစ်နေတဲ့ ကိစ္စတစ်ခုလိုမျိုးပဲ ပုံမှန်အတိုင်း ပြောလိုက်တယ်။
"ကျွန်တော်တို့က လိုအပ်တဲ့ အရည်အချင်းရှိသူတွေကို ခန့်အပ်ခဲ့တာပါ"
"ဒါက အရည်အချင်းရှိသူဆိုတာ ကိုရီးယားတက္ကသိုလ်မှာပဲ ရှိတယ်လို့ ပြောနေတဲ့အတိုင်းပဲ။ ဒါမျိုး မျက်နှာသာပေး အလုပ်ခန့်အပ်မှုက တခြားလူတွေရဲ့ မျှတတဲ့ အခွင့်အရေးတွေကို ဆုံးရှုံးစေပြီး တက္ကသိုလ်တွေကို အဆင့်အတန်း ခွဲခြားမှုကို အားပေးနေတာပဲ"
သူက ဘာတွေ လျှောက်ပြောနေတာလဲ။
ဒါပေမဲ့ တစ်ဖက်လူက အဓိပ္ပာယ်မရှိတာကို ပြောနေရင်တောင်မှ ကျွန်တော်ကတော့ အဓိပ္ပာယ်ရှိတဲ့ စကားကို ပြန်ပြောရမှာပေါ့။
"မျက်နှာသာပေးတယ်ဆိုတဲ့ စွပ်စွဲချက်တွေကတော့ ရှိနိုင်ပါတယ်။ ပြန်တွေးကြည့်ရင် ကိုယ်စားလှယ်ကြီးရဲ့ ယောက္ခမကို မျက်နှာသာပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိခဲ့တာပဲလေ"
"ဘာ… ဘာအကြောင်းကို ပြောနေတာလဲ"
"လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ကိုယ်စားလှယ်ကြီးက ပြည်ထဲရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဝန်ကြီးဌာနကို ကြီးကြပ်ရတဲ့ လွှတ်တော်ရဲ့ ပြည်သူ့စီမံခန့်ခွဲမှုနှင့် လုံခြုံရေး ကော်မတီမှာ ရှိနေခဲ့တုန်းက ပြည်ထဲရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဝန်ကြီးဌာနက ကိုယ်စားလှယ်ကြီးရဲ့ ယောက္ခမ ပိုင်ဆိုင်တဲ့ စက်ရုံရှေ့က လမ်းကို ကတ္တရာခင်းပေးဖို့အတွက် အထူးထောက်ပံ့ကြေးတွေ ပေးခဲ့တာ မဟုတ်ဘူးလား။ ကိုယ်စားလှယ်ကြီးရဲ့ ယုတ္တိဗေဒအတိုင်းဆိုရင် အဲဒါကကော တခြားကုမ္ပဏီတွေရဲ့ မျှတတဲ့ အခွင့်အရေးတွေကို ဆုံးရှုံးစေတဲ့ မျက်နှာသာပေးမှု မဟုတ်ဘူးလား ခင်ဗျာ"
ကိုယ်စားလှယ် လင်ဆိုယုံ က လန့်ဖျန့်သွားခဲ့ပြီး ငြင်းဆိုလိုက်တယ်။
"အဲဒါက မျက်နှာသာပေးမှုနဲ့ ဘာမှ မဆိုင်ဘူး"
ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။
"ကျွန်တော့်ဘက်ကလည်း အတူတူပါပဲ"
နောက်ထပ် မေးခွန်းမေးမြန်းသူကတော့ လေဘာပါတီ ရဲ့ ကိုယ်စားလှယ် အွန်ဟီးဂျေး ဖြစ်တယ်။ လီဂျောင်ဟွန်း အတွက် ကလဲ့စားချေပေးမယ့်အတိုင်း အဆိုပါ လွှတ်တော်အမတ်မက အစကတည်းက ချောင်ပိတ်ရိုက်ဖို့ စတင်ခဲ့တယ်။
"OTK ကုမ္ပဏီ က Faceit လို့ ခေါ်တဲ့ ညစ်ညမ်းဗီဒီယို ကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြှုပ်နှံထားတာ မှန်ပါသလား"
သူတို့က အခု ကျွန်တော် ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေကိုပါ လိုက်ပြီး အပြစ်ရှာနေကြတာပေါ့ ဟုတ်လား။
"မှန်ပါတယ်"
"ညစ်ညမ်းဗီဒီယိုတွေက ကိုရီးယားမှာ တရားမဝင်ဘူးဆိုတာကို ဥက္ကဌ သိပါသလား"
ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။
"သိပါတယ် ခင်ဗျာ။ ပြီးတော့ ညစ်ညမ်းဗီဒီယိုတွေက အမေရိကန်မှာတော့ တရားဝင်ပါတယ်"
"မေးတဲ့ မေးခွန်းကိုပဲ ဖြေပါ"
အွန်ဟီးဂျေး က အချက်အလက်တချို့ကို ထုတ်ယူလိုက်ရင်းပြောတယ်။
"ဒါက ဥရောပ အမျိုးသမီး အခွင့်အရေး အဖွဲ့အစည်းတစ်ခုကနေ ရရှိထားတဲ့ ညစ်ညမ်းဗီဒီယို သရုပ်ဆောင်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေပဲ။ ညစ်ညမ်းဗီဒီယို ကုမ္ပဏီတွေက ကြီးမားတဲ့ ငွေကြေးတွေ ရှာဖွေနေကြတဲ့အချိန်မှာ သရုပ်ဆောင်တွေကတော့ မူးယစ်ဆေးဝါး စွဲလမ်းမှု၊ ကျန်းမာရေး ထိခိုက်မှုနဲ့ စိတ်ကျန်းမာရေး ဝေဒနာတွေကို ခံစားနေကြရတယ်။ ဒေဝါလီခံရမှုနဲ့ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှု ရာခိုင်နှုန်းကလည်း သာမန်လူတွေထက် အဆပေါင်းများစွာ ပိုပြီး မြင့်မားနေတာ။ ဥက္ကဌအနေနဲ့ ဖိနှိပ်ခံနေရတဲ့ အမျိုးသမီး အခွင့်အရေးတွေအပေါ် တွေးတောဖူးခြင်း ရှိရဲ့လား"
လေဘာပါတီ လွှတ်တော်အမတ်တစ်ယောက်က ဘယ်တုန်းကစပြီး ညစ်ညမ်းဗီဒီယို သရုပ်ဆောင်တွေရဲ့ လူ့အခွင့်အရေးကို တွေးတောပေးနေခဲ့တာလဲတော့ မသိပေမဲ့ အွန်ဟီးဂျေး ပြောတာကတော့ အမှန်တရားပါပဲ။
ညစ်ညမ်းဗီဒီယို သရုပ်ဆောင်တွေက အပေါ်ယံမှာ ဆွဲဆောင်မှုရှိတဲ့ ဘဝတွေကို ပိုင်ဆိုင်ထားကြသလိုမျိုး ထင်ရပေမဲ့ အောက်ခြေမှာတော့ ကြီးမားတဲ့ အမှောင်ထု ရှိနေတာလေ။ ဒါက အမျိုးသားတွေကော အမျိုးသမီးတွေအတွက်ပါ အကျုံးဝင်ပါတယ်။
တချို့သော ထုတ်လုပ်ရေး ကုမ္ပဏီအသေးစားလေးတွေက ရာဇဝတ်ဂိုဏ်းတွေနဲ့ပါ ပတ်သက်နေတတ်ပြီး သရုပ်ဆောင်တွေကို သူတို့ရဲ့ ဆန္ဒမပါဘဲ အတင်းအကြပ် ရိုက်ကူးခိုင်းတာမျိုး ဒါမှမဟုတ် အကြွေးတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ ပိတ်လှောင်ပြီး သူတို့ရဲ့ သရုပ်ဆောင်ကြေးတွေကို ခေါင်းပုံဖြတ်တာမျိုးတွေလည်း ရှိတာပေါ့။
သရုပ်ဆောင်တွေရဲ့ အမြင်မှာတော့ တိုတောင်းတဲ့ ကာလအတွင်းမှာ ငွေအများကြီး ရရှိတာ ဖြစ်လို့ သူတို့တွေ အသုံးအဖြုန်းကြီးတာမျိုး ဒါမှမဟုတ် မူးယစ်ဆေးဝါးနဲ့ လောင်းကစားဘက် ရောက်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။
ပြန်တွေးကြည့်ရင် လူတစ်ယောက်က ကောင်းမွန်တဲ့ မိသားစုနောက်ခံ ရှိပြီး ငွေကြေးအရ ပြည့်စုံနေမယ်ဆိုရင်တော့ ဒါမျိုး အသက်မွေးဝမ်းကျောင်းကို ရွေးချယ်စရာ အကြောင်းမရှိဘူးလေ။
Faceit ကလည်း ဒါမျိုး ပြဿနာတွေကို သိရှိတာကြောင့် အမျိုးမျိုးသော ထုတ်လုပ်ရေး ကုမ္ပဏီတွေနဲ့ သဘောတူညီချက်တွေ လက်မှတ်ရေးထိုးရင်း ညစ်ညမ်းလောကကို မြှင့်တင်ဖို့အတွက် စဉ်ဆက်မပြတ် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ သူတို့က FBI နဲ့ ပူးပေါင်းပြီး ဒီနယ်ပယ်ထဲက မာဖီယားတွေနဲ့ လူမိုက်ဂိုဏ်းတွေကို မောင်းထုတ်ခဲ့ကြသလို ကြိုတင်ငွေတွေ ဒါမှမဟုတ် အကြွေးတွေကို အသုံးချပြီး အတင်းအကြပ် ရိုက်ကူးခိုင်းတာတွေကို ပိတ်ပင်ခဲ့ကြတယ်။
ပြီးတော့ သရုပ်ဆောင်တွေအတွက် ကျန်းမာရေး စစ်ဆေးမှုတွေကို ပုံမှန် ပြုလုပ်ပေးခဲ့ကြသလို စုငွေနဲ့ ပင်စင်လစာတွေအတွက် အကြံပေးမှုတွေကိုပါ ပံ့ပိုးပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ အနားယူပြီးနောက်ပိုင်းမှာလည်း ပြန်လည်လေ့ကျင့်ပေးမှုနဲ့ အလုပ်အကိုင် ရှာဖွေပေးမှုတွေကိုပါ ကြိုးစား လုပ်ဆောင်ပေးခဲ့ကြတာပါ။
အစပိုင်းမှာတော့ ထုတ်လုပ်ရေး ကုမ္ပဏီအများစုက အာရုံမစိုက်ခဲ့ကြပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ Faceit က ညစ်ညမ်းဗီဒီယို နယ်ပယ်ကို ထိန်းချုပ်နိုင်တဲ့ ကြီးမားတဲ့ ပလက်ဖောင်းတစ်ခုအဖြစ် ကြီးထွားလာခဲ့တဲ့အချိန်မှာတော့ သူတို့တွေလည်း လိုက်နာဖို့ကလွဲရင် တခြားရွေးချယ်စရာ မရှိတော့ဘူးလေ။
သူတို့က သဘောတူညီချက်တွေကို မလိုက်နာတဲ့ ကုမ္ပဏီတွေကို သူတို့ရဲ့ ဝန်ဆောင်မှုတွေထဲကနေ လုံးဝ ဖယ်ထုတ်ပစ်ခဲ့တာပါ။ တချို့သော ထုတ်လုပ်ရေး ကုမ္ပဏီတွေက ဒါကို အာဏာအလွဲသုံးစားလုပ်မှုဆိုပြီး ကန့်ကွက်ခဲ့ကြပေမဲ့ သရုပ်ဆောင်တွေကတော့ လက်ကမ်းကြိုဆိုခဲ့ကြတာပေါ့။
ဒါမျိုး ကိစ္စတွေရဲ့ နောက်ကွယ်မှာ တိုဘီ ရဲ့ ဂျရတ် ရဲ့ ပြတ်သားတဲ့ ဆန္ဒ ရှိနေခဲ့တာ ဖြစ်ပါတယ်။
သူတို့ နှစ်ယောက်က ညစ်ညမ်းဗီဒီယိုတွေက ကမ္ဘာကြီးကို ပိုပြီး ပျော်ရွှင်စရာကောင်းတဲ့ နေရာတစ်ခု ဖြစ်စေတယ်လို့ စိတ်ရင်းမှန်နဲ့ ယုံကြည်ထားကြတာလေ။ အဲဒီလို ဖြစ်လာဖို့အတွက်ဆိုရင် နယ်ပယ်ထဲက လုပ်သားတွေက အရင်ဆုံး ပျော်ရွှင်နေရမယ်ဆိုတာက သူတို့ရဲ့ အယူအဆပါပဲ။
လက်တွေ့မှာလည်း Faceit ကို တည်ထောင်ခဲ့ပြီးနောက်ပိုင်းမှာ ညစ်ညမ်းဗီဒီယို သရုပ်ဆောင်တွေရဲ့ လူနေမှုဘဝ အရည်အသွေးက သိသိသာသာ မြင့်တက်လာခဲ့တယ်ဆိုတဲ့ သုတေသန ရလဒ်တွေ ရှိနေခဲ့တာပါ။
ဒါပေမဲ့ ကျွန်တော်က ဒါတွေကို ဒီနေရာမှာ ဘယ်လောက်ပဲ စိတ်အားထက်သန်စွာ ရှင်းပြနေပါစေ၊ သူတို့က နားထောင်ကြမှာ မဟုတ်ပါဘူး။
သူတို့က ညစ်ညမ်းဗီဒီယို သရုပ်ဆောင်တွေရဲ့ အခွင့်အရေးဆိုတဲ့ ပုံစံခွက်ကို ယူဆောင်လာခဲ့ရတဲ့ အဓိက အကြောင်းပြချက်ကတော့ ကျွန်တော့်ကို ဒါကို ကာကွယ်ခိုင်းတာမျိုး ဒါမှမဟုတ် ဆန့်ကျင်ခိုင်းတာမျိုး လုပ်ဆောင်စေပြီး ကျွန်တော့်ရဲ့ ပုံရိပ်ကို ဖျက်ဆီးဖို့အတွက် ကြံစည်ထားတဲ့ လှည့်ကွက်တစ်ခုပဲ ဖြစ်လို့ပါပဲ။
ဒီပုံစံခွက်ထဲမှာတော့ ကျွန်တော် ဘယ်လောက်ပဲ အနိုင်ရအောင် ငြင်းခုံနိုင်ပါစေ၊ ညစ်ညမ်းဗီဒီယိုကို အားပေးတဲ့လူတစ်ယောက် အဖြစ်ပဲ မြင်ကြမှာ သေချာပါတယ်။
ဒါကြောင့်ပဲ ကျွန်တော်က တခြားသော ပုံစံခွက်တစ်ခုကိုပဲ ယူဆောင်လာခဲ့လိုက်တယ်။
"ကိုယ်စားလှယ်ကြီးအတွက် အမျိုးသမီး အခွင့်အရေးက ဘယ်လောက်အထိ အရေးကြီးလဲဆိုတာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ကိုရီးယားနဲ့ ဂျပန်အကြားက စစ်အတွင်းက ပြည့်တန်ဆာအတင်းအကြပ် လုပ်ခံခဲ့ရတဲ့ သက်ကြီးရွယ်အို အမျိုးသမီးတွေ အပြင်းအထန် ကန့်ကွက်ခဲ့ကြတဲ့ နစ်နာသူ သက်ကြီးရွယ်အို အမျိုးသမီးများဆိုင်ရာ ကြေအေးပေးရေး သဘောတူညီချက်ကို ထောက်ခံတဲ့ နေရာမှာ ကိုယ်စားလှယ်ကြီးက ရှေ့တန်းကနေ ပါဝင်ခဲ့တယ်လို့ ကျွန်တော် သိထားပါတယ်။ ကိုယ်စားလှယ်ကြီးက နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ဖို့အတွက် နစ်နာသူ အဖွားတွေအနေနဲ့ နားလည်ပေးပြီး ဂျပန်ရဲ့ ရပ်တည်ချက်ကို လိုက်လျောပေးသင့်တယ်လို့ ငြင်းခုံခဲ့တာလေ။ ဖြစ်နိုင်တာကတော့ ကိုယ်စားလှယ်ကြီး ပြောနေတဲ့ အမျိုးသမီး အခွင့်အရေးထဲမှာ အဲဒီ နစ်နာသူ အဖွားတွေကတော့ ပါဝင်ပုံမရဘူး ထင်တယ်နော်"
ကိုယ်စားလှယ် အွန်ဟီးဂျေး က ပျာပျာသလဲ ဖြစ်သွားခဲ့ပြီး စူးရှတဲ့ အသံနဲ့ အော်ဟစ်လိုက်တယ်။
"မဟုတ်ဘူး။ နင်က အခု အဲဒီအကြောင်းကို ဘာလို့ ပြောနေရတာလဲ။ မေးတဲ့ မေးခွန်းကိုပဲ ဖြေ။ နားလည်လား"
"မဖြေချင်ပါဘူး"
"ဘာ… ဘာပြောလိုက်တယ်"
ကျွန်တော် ဆက်ပြောလိုက်တယ်။
"ဒါတောင်မှ ကိုယ်စားလှယ်ကြီးက ပြီးခဲ့တဲ့နှစ်တုန်းက မျောက်ပြပွဲလိုမျိုး ဖြစ်တဲ့ ကိုရီးယားသမ္မတနိုင်ငံရဲ့ ထူးချွန်လွှတ်တော်အမတ် အမျိုးသမီးများ ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ အကြီးမြတ်ဆုံးဆုကို ရရှိခဲ့သေးတာပဲ။ ဒါမျိုး ဆုအကြောင်းကို ကျွန်တော် ပထမဆုံးအကြိမ် ကြားဖူးတာ ဖြစ်ပေမဲ့ ကိုယ်စားလှယ်ကြီး ကိုယ်တိုင်က အဲဒီ အကဲဖြတ်မှုမှာ တာဝန်ခံအဖြစ် ရှိနေခဲ့တာလေ။ အဲဒါက အယ်လ်ဘတ် နိုဘယ် က နိုဘယ်ဆုကို ကိုယ်တိုင် ရရှိတာမျိုး ဒါမှမဟုတ် လီဆန်း က လီဆန်း စာပေဆုကို ကိုယ်တိုင် ရရှိတာမျိုးနဲ့ ဘာကွာလို့လဲ ခင်ဗျာ"
"ပါးစပ်ပိတ်ထားစမ်း"
နောက်တစ်လှည့်ကတော့ နိုင်ငံရေးသစ်ပါတီ ရဲ့ တခြား လွှတ်တော်အမတ်တစ်ယောက်ပါ။
ကိုယ်စားလှယ် လီယောင်ဆူးက တုန်လှုပ်နေတဲ့ အသံနဲ့ ပြောတယ်။
"OTK ကုမ္ပဏီ က ဆင်းသက်လာတဲ့ ထုတ်ကုန်တွေရဲ့ ကူးသန်းရောင်းဝယ်မှုမှာ အမျိုးမျိုးသော မရိုးသားမှုတွေကို ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေပါတယ်"
သူက ဘာလို့ ဒီလောက်အထိ တုန်လှုပ်နေရတာလဲ၊ ဘယ်သူက သူ့ကိုကိုက်စားမယ်ထင်နေတာလဲ။
ဒါတောင်မှ ကျွန်တော် ပြောရမယ့်အရာကိုတော့ ပြောရမှာပေါ့။
"မရိုးသားမှုတွေအကြောင်း ပြောရမယ်ဆိုရင်တော့ ကိုယ်စားလှယ်ကြီးရဲ့ ဒုတိယသမီးကို ဂျောင်ဆွန်း အမျိုးသမီး တက္ကသိုလ်ဆီ မရိုးမသား နည်းလမ်းနဲ့ ကျောင်းဝင်ခွင့် ရရှိအောင် လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိနေတာပဲလေ ခင်ဗျာ……"
"တော်ပြီ။ တော်လိုက်တော့"