← Chapters

အခန်း (၂၄၃-၂၄၄)

Vol. 25 Ch. 243-244

အခန်း (၂၄၃-၂၄၄)

Vol. 25 Ch. 243-244

အခန်း (၂၄၃)

ခဏတာမျှ ကြားနာပွဲခန်းမတစ်ခုလုံးမှာ နေရထိုင်ရခက်တဲ့ တိတ်ဆိတ်မှုက လွှမ်းမိုးသွားခဲ့တယ်။

ဒီတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တာကတော့ ကိုယ်စားလှယ် ဟုန်ဟျွန်ဝူး ပါပဲ။ ကျောင်းသားဘဝတုန်းက လှုပ်ရှားမှုတွေကြောင့် လူသိများတဲ့ သူက နိုင်ငံရေးသစ်ပါတီ ထဲမှာ သဘောထားတင်းမာသူ တစ်ယောက်အဖြစ် သတ်မှတ်ခံထားရတဲ့သူပါ။

သူက စကတည်းက ပြင်းပြင်းထန်ထန် စတင်ခဲ့တယ်။

"OTK ကုမ္ပဏီ က အမေရိကန်မှာ ဝမ် ဆယ်ဂဏန်းမက ရင်းနှီးမြှုပ်နှံထားတာ။ ဒါပေမဲ့ ဘာလို့ ကိုရီးယားမှာကျတော့ ဘာမှရေရေရာရာ ရင်းနှီးမြှုပ်နှံမှု မလုပ်ခဲ့တာလဲ"

ဒီပြဿနာ ဘယ်အချိန်မှာ ထွက်လာမလဲလို့ ကျွန်တော် တွေးနေခဲ့တာပါ။ ဒါက မီဒီယာတွေကပါ အရင်ကတည်းက တောက်လျှောက် ဝေဖန်နေခဲ့ကြတဲ့ ပြဿနာတစ်ခုပဲလေ။

ကျွန်တော်ကတော့ မူဝါဒအတိုင်းပဲ ပြန်ဖြေလိုက်တယ်။

"OTK ကုမ္ပဏီ က သူ့ရဲ့ အရင်းအနှီးနဲ့ K ကုမ္ပဏီ လို့ ခေါ်တဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုကို တည်ထောင်ခဲ့ပြီး ကိုရီးယားကုမ္ပဏီတွေမှာ စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံနေခဲ့တာပါ။ ပြီးတော့ ကိုယ်စားလှယ်ကြီးတို့ သိတဲ့အတိုင်းပဲ ကိုရီးယားမှာ ရရှိတဲ့ အမြတ်အစွန်းအားလုံးကို ကိုရီးယားမှာပဲ ပြန်လည်ရင်းနှီးမြှုပ်နှံ နေတာ ဖြစ်ပါတယ်"

ကိုယ်စားလှယ် ဟုန်ဟျွန်ဝူး က ခေါင်းကို ပြတ်ပြတ်သားသား ခါယမ်းလိုက်ရင်း ပြောတယ်။

"ဒါက မလုံလောက်သေးဘူး။ အမေရိကန်မှာကျတော့ ရှိပြီးသား မော်တော်ကား စက်ရုံတွေကို ဝယ်ယူနေရုံတင်မကဘဲ စက်ရုံအသစ်တွေကိုပါ တောက်လျှောက် တည်ဆောက်နေတာ မဟုတ်ဘူးလား။ ဒါပေမဲ့ ဘာလို့ ကိုရီးယားမှာကျတော့ စက်ရုံတစ်ရုံတောင်မှ မတည်ဆောက်ခဲ့တာလဲ"

နားထောင်နေတဲ့လူကတော့ ကျွန်တော်ကပဲ ကိုရီးယားမှာ စက်ရုံတည်ဆောက်ပေးဖို့ အကြွေးတင်နေသလိုမျိုး တွေးမိမှာပါ။ ဒါပေမဲ့ ဒီလိုမျိုး မေးခွန်းထုတ်ရတဲ့ နောက်ကွယ်က အကြောင်းပြချက်ကို ကျွန်တော် နားမလည်တာတော့ မဟုတ်ပါဘူး။

ပို့ကုန်တွေနဲ့ အခွန်ဝင်ငွေတွေ မြင့်တက်လာတာကို ထည့်မတွက်ရင်တောင်မှ ကိုရီးယားမှာ အရည်အသွေးရှိတဲ့ အလုပ်အကိုင်တွေ ရှားပါးနေတာပါ။ ပြီးတော့ အဲဒီအလုပ်အကိုင်တွေကို ဖန်တီးပေးတာက ကော်ပိုရေးရှင်းတွေ ပဲလေ။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ဆိုဆောင်း အုပ်စု ကလွဲရင် ကျန်တဲ့ ထိပ်သီးကော်ပိုရေးရှင်းတွေက ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ အလုပ်ခန့်အပ်မှုတွေကို လျှော့ချခဲ့ကြတာပါ။

ဒါမျိုးဆိုရင် နိုင်ငံရေးသမားတွေက အကြောင်းရင်းကို ရှာဖွေပြီး ဖြေရှင်းရမှာ ဖြစ်ပေမဲ့ နိုင်ငံရေးလောကကလူတွေကတော့ အဲဒါကို မတွေးကြဘဲ ကုမ္ပဏီတွေကိုပဲ မျက်လုံးစုံမှိတ် ရင်းနှီးမြှုပ်နှံဖို့ ဖိအားပေးနေကြတာ ဖြစ်ပါတယ်။

ကုမ္ပဏီတစ်ခုရဲ့ ထိပ်တန်းဦးစားပေးက ငွေကြေးပဲလေ။

တကယ်လို့ အမြတ်အစွန်းရနိုင်တယ်လို့ ထင်ရင် တားဆီးနေရင်တောင်မှ သူတို့က ဘယ်လိုနည်းနဲ့မဆို စက်ရုံတွေ တည်ဆောက်ပြီး လူတွေကို ခန့်အပ်ကြမှာပဲ။ ပြောင်းပြန်အနေနဲ့ အမြတ်မရနိုင်ဘူးလို့ ထင်ရင်တော့ ဘယ်လောက်ပဲ ရင်းနှီးမြှုပ်နှံဖို့ ဖိအားပေးပါစေ၊ ကော်ပိုရေးရှင်းတွေက နှေးကွေးနေကြမှာပါ။

"လက်ရှိမှာ အမေရိကန်က အခွန်လျှော့ချမှု ဥပဒေကို အတည်ပြုလိုက်တာကြောင့် ကိုရီးယားထက် ကော်ပိုရိတ်အခွန်နှုန်း ပိုပြီး နည်းပါးပါတယ်။ စျေးကွက်ကလည်း ကိုရီးယားထက် အများကြီး ပိုပြီး ကြီးမားသလို ပြည်နယ်အစိုးရတွေကလည်း စက်ရုံတည်ထောင်တာနဲ့ လည်ပတ်တာတွေအတွက် အမျိုးမျိုးသော ပံ့ပိုးမှုတွေကို ပေးကြပါတယ်။ ဒါတင်မကသေးဘဲ အလုပ်သမားတွေရဲ့ ပျမ်းမျှလုပ်ခလစာကလည်း ပိုပြီး နည်းပါးသလို အလုပ်သမားနဲ့ အလုပ်ရှင် ဆွေးနွေးပွဲတွေကိုလည်း ၄ နှစ်မှာ တစ်ကြိမ်ပဲ ပြုလုပ်တာ ဖြစ်လို့ သပိတ်မှောက်မှုတွေလည်း ပိုပြီး နည်းပါးပါတယ်"

ကိုယ်စားလှယ် ဟုန်ဟျွန်ဝူး က စိုက်ကြည့်လိုက်ရင်း ပြောတယ်။

"ဒါဆိုရင် ဥက္ကဌက အလုပ်သမားတွေကြောင့်လို့ ပြောချင်တာလား"

ကျွန်တော်က အကြောင်းပြချက် အမျိုးမျိုးကို အထင်အရှား ပြောခဲ့တာကို သူက ဘာလို့ အဲဒီဘက်ကိုပဲ ဇွတ်တွန်းပို့နေရတာလဲ။

ကျွန်တော် ခဏလောက် တွေးတောလိုက်တယ်။ အဲဒါကို ငြင်းဆိုပြီး ဖုံးကွယ်လိုက်ရမလား၊ ဒါမှမဟုတ် ဆဲဆိုခံရရင်တောင်မှ ကျွန်တော် ပြောချင်တဲ့အရာအားလုံးကို ပြောချင်သလို ပြောချင်တိုင်း ပြောလိုက်ရမလား။

ကိုယ်ပြောချင်တာကို ပြောပြီး ရှင်သန်တာက မှန်ကန်တဲ့ နည်းလမ်းပဲ မဟုတ်ဘူးလား။

"လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ ကိုရီးယားမှာ မော်တော်ကား စက်ရုံအသစ် တစ်ရုံတောင်မှ တည်ဆောက်ခဲ့တာမျိုး မရှိပါဘူး။ အဲဒီအချိန်အတောအတွင်းမှာ အွန်ဆောင်း မော်တာ က ချက်သမ္မတနိုင်ငံ၊ ရုရှားနဲ့ မက္ကဆီကို လိုမျိုး နေရာတွေမှာ စက်ရုံတွေကို တိုးမြှင့်ခဲ့တာပါ။ ဒါက အလုပ်သမားသမဂ္ဂ ပြဿနာတွေကလည်း အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ပတ်သက်နေလို့ မဖြစ်နိုင်ဘူးလား ခင်ဗျာ"

အဲဒီစက်ရုံတွေထဲမှာ တချို့ကတော့ လိုအပ်ချက်အရ တည်ဆောက်ခဲ့တာ ဖြစ်ပေမဲ့ မလိုအပ်ဘဲ တည်ဆောက်ခဲ့တဲ့ စက်ရုံတွေလည်း ရှိတာပဲလေ။ တကယ်လို့ အဲဒီစက်ရုံတွေကိုသာ ကိုရီးယားမှာ တည်ထောင်ခဲ့မယ်ဆိုရင် အလုပ်အကိုင် ပြဿနာက အတိုင်းအတာတစ်ခုအထိ ပြေလည်သွားမှာ သေချာပါတယ်။

"ဥက္ကဌက အခု ကိုရီးယား အလုပ်သမားတွေရဲ့ လုပ်ခလစာက မြင့်မားနေတယ်လို့ ပြောချင်တာလား"

"ကိုရီးယား အလုပ်သမားတွေရဲ့ လုပ်ခလစာက မမြင့်မားပါဘူး။ ဒါပေမဲ့ မော်တော်ကား စက်ရုံ အလုပ်သမားတွေရဲ့ လုပ်ခလစာကတော့ မြင့်မားပါတယ်"

"ဒါပေမဲ့ ဥက္ကဌ အခုနက ပြောခဲ့တဲ့ နိုင်ငံတွေက ကိုရီးယားထက် အမျိုးသားဝင်ငွေ ပိုပြီး နည်းပါးတာ မဟုတ်ဘူးလား"

"ဒါဆိုရင် ဘာလို့ ကိုရီးယားထက် အမျိုးသားဝင်ငွေ ပိုပြီး မြင့်မားတဲ့ အမေရိကန်နဲ့ ဂျာမနီက မော်တော်ကား စက်ရုံ အလုပ်သမားတွေရဲ့ လုပ်ခလစာက ကိုရီးယား အလုပ်သမားတွေထက် ပိုပြီး နည်းပါးနေရတာလဲ ခင်ဗျာ။ အွန်ဆောင်း မော်တာ ကိုပဲ အခြေခံပြီး ကြည့်မယ်ဆိုရင် ပျမ်းမျှလုပ်ခလစာက အမေရိကန်နဲ့ ဂျာမနီကိုတောင် ကျော်လွန်သွားခဲ့ပါပြီ"

ကိုယ်စားလှယ် ဟုန်ဟျွန်ဝူး က အချက်အလက်တွေကို ချပြလာခဲ့တယ်။

"ဒီမှာ ပြထားတဲ့အတိုင်းပဲ၊ အခြေခံလစာက ကိုရီးယားမှာ ပိုပြီး နည်းပါးသလို နာရီအလိုက် လုပ်ခလစာကလည်း ပိုပြီး နည်းပါးပါတယ်"

"ပြီးတော့ HPV ကလည်း ကိုရီးယားမှာ သိသိသာသာ ပိုပြီး နည်းပါးပါတယ် ခင်ဗျာ"

HPV ဆိုတာ ကားတစ်စီး ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ အလုပ်သမား နာရီကို ရည်ညွှန်းတာပါ။ ထုတ်လုပ်တဲ့ မော်ဒယ်တွေနဲ့ လိုင်းတွေ ကွဲပြားတာကြောင့် တိုက်ရိုက်နှိုင်းယှဉ်ဖို့ ခက်ခဲတယ်ဆိုပေမဲ့ ပြည်တွင်းစက်ရုံတွေရဲ့ ကုန်ထုတ်စွမ်းအားက ကျဆင်းနေတာကတော့ အမှန်တရားပါပဲ။

ကိုယ်စားလှယ် ဟုန်ဟျွန်ဝူး က ဒေါသတကြီး ပြောတယ်။

"အွန်ဆောင်း မော်တာ ရဲ့ ကြီးထွားမှုက အလုပ်သမားတွေရဲ့ သွေးနဲ့ ချွေးတွေကြောင့် ဖြစ်ခဲ့တာ။ အလုပ်သမားတွေက အဲဒီကြီးထွားမှုရဲ့ အသီးအပွင့်တွေကို ခံစားရတာက ဘာက မှားယွင်းနေလို့လဲ"

သူပြောတာ မှန်ပါတယ်။ စီမံခန့်ခွဲမှုရဲ့ စွမ်းဆောင်ရည်တွေကို အမှုဆောင်တွေနဲ့ ရှယ်ယာရှင်တွေချည်းပဲ ခံစားရမှာ မဟုတ်ဘဲ အလုပ်သမားတွေကိုလည်း မျှမျှတတ ခွဲဝေပေးရမှာပါ။

အလုပ်သမားတွေအနေနဲ့ တစ်နှစ်ကို ဝမ် သန်း ၁၀၀ ဝန်းကျင် ရရှိတာက တကယ်ကို ကောင်းမွန်တဲ့ အရာပါပဲ။

ဒါပေမဲ့လည်း…

"အွန်ဆောင်း မော်တာ အလုပ်သမားတွေရဲ့ ပျမ်းမျှလုပ်ခလစာက ဝမ် ၉၅ သန်း ရှိနေတဲ့အချိန်မှာ ပထမအဆင့် ကန်ထရိုက်ခွဲ ကုမ္ပဏီတွေက အလုပ်သမားတွေရဲ့ လုပ်ခလစာက ဝမ် သန်း ၅၀ တောင် မပြည့်ပါဘူး။ ပြီးတော့ ဒုတိယအဆင့်နဲ့ တတိယအဆင့် ကန်ထရိုက်ခွဲ ကုမ္ပဏီတွေကတော့ အဲဒီပမာဏရဲ့ တစ်ဝက်လောက်ပဲ ရှိတာပါ။ အွန်ဆောင်း မော်တာ ရဲ့ ကြီးထွားမှုအတွက် အွန်ဆောင်း မော်တာ အလုပ်သမားတွေချည်းပဲ သွေးနဲ့ ချွေးတွေ သွန်းလောင်းခဲ့ကြလို့လား ခင်ဗျာ။ ကန်ထရိုက်ခွဲ ကုမ္ပဏီတွေက အလုပ်သမားတွေလည်း အတူတူ သွေးနဲ့ ချွေးတွေ သွန်းလောင်းခဲ့ကြတာပဲကို ဘာလို့ လုပ်ခလစာ ကွာဟချက်ကတော့ တောက်လျှောက် ပိုပြီး ကြီးမားနေရတာလဲ"

နိုင်ငံရေးသစ်ပါတီ က ကာလကြာရှည်စွာ လုပ်ခလစာ တိုးမြှင့်ရေးနဲ့ အမြဲတမ်းမဟုတ်တဲ့ အလုပ်အကိုင်တွေကို ပယ်ဖျက်ရေးအတွက် တောက်လျှောက် အော်ဟစ်ခဲ့ကြတာပါ။ ဒါပေမဲ့ တိုးတက်ပြောင်းလဲရေးပါတီတစ်ခုရဲ့ သဘာဝကြောင့်ပဲ ဖြစ်မယ်ထင်တယ်။ သူတို့က ကုမ္ပဏီတွေကိုတော့ ဝေဖန်ကြပေမဲ့ အလုပ်သမားသမဂ္ဂတွေကို ဝေဖန်တဲ့ နေရာမှာတော့ ပျော့ပျောင်းနေခဲ့ကြတာ ဖြစ်ပါတယ်။

"ဥက္ကဌက အခု လက်ရှိ အခြေအနေကို အလုပ်သမားတွေအချင်းချင်း ပဋိပက္ခဖြစ်အောင် ပုံဖော်ဖို့ ကြိုးစားနေတာလား"

"ကျွန်တော့်အမြင်မှာတော့ ကိုယ်စားလှယ်ကြီး ကိုယ်တိုင်က ကျွန်တော့်ရဲ့ စကားတွေကို 'အလုပ်သမားတွေအချင်းချင်း ပဋိပက္ခဖြစ်အောင် ပုံဖော်တာ' ဆိုပြီး ပုံဖော်ဖို့ ကြိုးစားနေသလိုမျိုး မြင်ရပါတယ် ခင်ဗျာ။ အရေးကြီးတာက ပြည်တွင်းမှာ စက်ရုံတည်ဆောက်ဖို့အတွက် ဘာအကျိုးကျေးဇူးမှ မရှိတာပဲ။ နှစ်ပတ်လည် အခမ်းအနားတွေလိုမျိုး နှစ်စဉ် သပိတ်မှောက်မှုတွေ ရှိနေတဲ့ ကိုရီးယားမှာ ဘယ်ကုမ္ပဏီကများ စိတ်မှန်ရင် စက်ရုံအသစ် တည်ဆောက်ပါ့မလဲ"

"သပိတ်မှောက်တာက အလုပ်သမားတွေရဲ့ တရားဝင်တဲ့ အခွင့်အရေးပဲ"

"ကျွန်တော်လည်း အဲဒီလိုပဲ ထင်ပါတယ်။ ပြီးတော့ သပိတ်မှောက်မှု နည်းပါးတဲ့ နိုင်ငံတွေမှာ စက်ရုံတည်ဆောက်တာကလည်း စီမံခန့်ခွဲသူတွေရဲ့ တရားဝင်တဲ့ အခွင့်အရေးပါပဲ"

ထပ်ပြီး ချေပဖို့ ဘာမှမရှိတော့တာကြောင့်ပဲ ဖြစ်မလား၊ ကိုယ်စားလှယ် ဟုန်ဟျွန်ဝူး က ဒေါသတကြီး အော်ဟစ်လိုက်တယ်။

"အရင်းရှင်တစ်ယောက်က အလုပ်သမားတွေအကြောင်း ဘာသိမှာမလို့လဲ"

တစ်နေ့ကျရင် ကျွန်တော်က အရင်းရှင်တစ်ယောက်လို့ အခေါ်ခံရလိမ့်မယ်လို့ တွေးတောင် မတွေးမိခဲ့ဖူးပါဘူး။ ဒီအတွက် ကျွန်တော် ဝမ်းသာရမှာလား။

ကျွန်တော် ခေါင်းညိတ်ပြလိုက်ရင်း ပြောလိုက်တယ်။

"တပ်နီအဖွဲ့ဝင်(တရုတ်ကွန်မြူနစ်ရဲ့တပ်)တစ်ယောက်ရဲ့ စကားလိုမျိုး ပြောပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ စက်ရုံတွေကို တည်ဆောက်ပေးတာက အဲဒီ အရင်းရှင်တွေ မဟုတ်ဘူးလား ခင်ဗျာ"

ဆိုးလ်ဘူတာရဲ့ စောင့်ဆိုင်းခန်း။

ရထားစောင့်ရင်း တီဗီအကြီးကြီးပေါ်မှာ ကြားနာပွဲကို ကြည့်နေကြတဲ့ လူတွေအားလုံး ဆွံ့အသွားခဲ့ကြတယ်။

ကန်ဂျင်ဟူ က မေးခွန်းမေးမြန်းနေတဲ့ ကိုယ်စားလှယ်တွေရဲ့ အားနည်းချက်တွေကို အကုန်လုံး ထုတ်ဖော်ပစ်ခဲ့တာကြောင့် ကိုယ်စားလှယ်တွေအားလုံး ဘာမှမပြောနိုင်တော့ဘဲ ပါးစပ်ပိတ်သွားခဲ့ကြရတာလေ။

တစ်ဖက်လူက အာဏာရပါတီကပဲဖြစ်ဖြစ်၊ အတိုက်အခံ ပါတီကပဲဖြစ်ဖြစ်၊ တိုးတက်ပြောင်းလဲရေးသမားပဲဖြစ်ဖြစ်၊ ကွန်ဆာဗေးတစ်ပဲဖြစ်ဖြစ် အတူတူပဲ ဖြစ်နေခဲ့တာပါ။ ဝေဖန်တဲ့ ပစ်မှတ်တွေကလည်း နိုင်ငံရေးနဲ့ စီးပွားရေး၊ ကုမ္ပဏီတွေနဲ့ အလုပ်သမားသမဂ္ဂတွေကြား ခွဲခြားထားခြင်း မရှိပါဘူး။

တကယ်တမ်း ကြားနာပွဲမှာ ဘယ်သူက အစစ်ဆေးခံနေရတာလဲဆိုတာကိုတောင် ဝေဝါးသွားစေတဲ့အထိပဲ။

မကြာခင်လေးတင်ကမှ ဒေါသတကြီးနဲ့ 'အဲဒီ ကောင်လေးက ရိုင်းစိုင်းလိုက်တာ'၊ 'အကျင့်မကောင်းတဲ့ ကောင်လေး'၊ 'နိုင်ငံတော်အတွက် အလုပ်လုပ်နေတဲ့ လေဘာပါတီ လွှတ်တော်အမတ်ကို ဘယ်လိုတောင် လုပ်ရဲရတာလဲ' ဆိုပြီး အော်ဟစ်နေခဲ့ကြတဲ့ သက်ကြီးရွယ်အိုတွေအားလုံးလည်း ကြောင်အသွားခဲ့ကြတာပေါ့။

"အဲဒီလူက လက်ဝဲသမား မဟုတ်ဘူးလား"

"ဘာလဲဟ။ သူက လက်ဝဲသမားတွေကိုပါ ပြန်ပြောနေတာလား"

"ဘုရားရေ။ မယုံနိုင်စရာပဲ"

ကန်ဂျင်ဟူ က ကိုရီးယားမှာတင်မကဘဲ တစ်ကမ္ဘာလုံးမှာပါ ကျော်ကြားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တာလေ။

နိုင်ငံခြား မီဒီယာတွေကလည်း ဒီကြားနာပွဲကို အာရုံစိုက်ခဲ့ကြတာ ဖြစ်လို့ CNN၊ BBC၊ NHK နဲ့ CCTV လိုမျိုး ချန်နယ်တွေမှာပါ ထုတ်လွှင့်ပြီးသား ဖြစ်နေခဲ့ပါပြီ။

အင်တာနက်ပေါ်မှာလည်း တစ်ကျော့ပြန် အပူရှိန် မြင့်တက်လာခဲ့တယ်။

– သူက အာဏာရပါတီကော အတိုက်အခံပါတီပါမချန်၊ လက်ဝဲကော လက်ယာပါမကျန် အကုန်လုံးကို လိုက်ပြီး ဝေဖန်နေတာပဲ။

– အကုန်လုံးကို သတ်ဖြတ်နိုင်တဲ့သူအဖြစ် အသိအမှတ်ပြုပါတယ်။

– ဟားဟား၊ ရူးနေတာပဲ။ တကယ့်ကို အံ့သြစရာပါကွာ။

– လွှတ်တော်ကြားနာပွဲက အခု CNN မှာ ထုတ်လွှင့်နေပြီ။

– ဒါက တကယ်ကို နိုင်ငံတကာ အရှက်ခွဲမှုပဲ။

– ကိုရီးယားမှာနေတဲ့ ဂျာမန် ကျောင်းသားတစ်ယောက်ပါ။ ခဏလောက်တော့ ခေါင်းတောင် မဖော်ရဲတော့ဘူး။

– တရုတ်ကလေးတွေကတော့ သူတို့နိုင်ငံမှာ ဒီမိုကရေစီ မလုပ်သင့်တဲ့ အကြောင်းပြချက်က ဒါကြောင့်ပဲဆိုပြီး စိတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးတွေ လုပ်နေပြီ။

– လုံးဝကို နိုင်ငံတကာအဆင့် အရှက်ခွဲမှုကြီးပဲ။ ဟားဟား။

– ရက်ပေါင်း တစ်ရာလုံးလုံး နိုင်ငံတော် ကြော်ငြာတွေအတွက် ငွေတွေ သုံးနေတာက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။ လွှတ်တော်အမတ်တွေက အကုန် ဖျက်ဆီးပစ်လိုက်ပြီ။

– အခုတလော ပို့ကုန်တွေက ခက်ခဲနေတာ ဖြစ်လို့ လွှတ်တော်အမတ်တွေကိုပဲ တင်ပို့လို့ မရဘူးလား။

– နိုင်ငံအများစုက စွန့်ပစ်ပစ္စည်း တင်သွင်းမှုကို ပိတ်ပင်ထားကြတာလေ။ နိုင်ငံတစ်ခုမှာ ထွက်ရှိတဲ့ စွပ်ပစ်ပစ္စည်းကို အဲဒီနိုင်ငံမှာပဲ ပြန်လည်စီမံရမယ်ဆိုတဲ့ မူဝါဒရှိတယ်။

– အဲဒါက ကျွန်တော်တို့ နိုင်ငံက ပြန်လည်မစီမံနိုင်လို့ပေါ့။ (ငိုနေသည်)

ကြားနာပွဲကို ယာယီ ရပ်နားလိုက်တယ်။

ပွဲစဉ်အတွင်းမှာ အချိန်တောင်းလိုက်သလိုမျိုး ပါတီတစ်ခုချင်းစီက ကိုယ်စားလှယ်တွေက အစည်းအဝေးတစ်ခုအတွက် စုဝေးခဲ့ကြတယ်။

ကြားနာပွဲ မတိုင်ခင်တုန်းကတော့ သူတို့အားလုံး မေးခွန်းမေးဖို့အတွက် ကိုယ်တိုင် ဆန္ဒပြုခဲ့ကြတာ ဖြစ်ပေမဲ့ အခုအချိန်မှာတော့ ဘယ်သူမှ ရှေ့ထွက်မလာကြတော့ပါဘူး။

အစပိုင်းမှာတော့ လေဘာပါတီ က ကန်ဂျင်ဟူ ရဲ့ အပြစ်ကို ရှာဖွေပြီး အရှက်ခွဲဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပြီး နိုင်ငံရေးသစ်ပါတီ ကတော့ သူ့ကို ပြင်းပြင်းထန်ထန် ဖိအားပေးပြီး အမျိုးမျိုးသော လိုက်လျောမှုတွေကို ရယူဖို့ ရည်ရွယ်ခဲ့တာပါ။

ရလဒ်ကို ကြည့်မယ်ဆိုရင်တော့ နှစ်ဖက်စလုံး ကျရှုံးသွားခဲ့ကြတာပေါ့။

ကြားနာပွဲက ပရမ်းပတာ ဖြစ်သွားခဲ့ပြီး လွှတ်တော်ကလည်း ဟာသတစ်ခု ဖြစ်သွားခဲ့ရတယ်။ မေးခွန်းမေးမြန်းခဲ့တဲ့ ကိုယ်စားလှယ်တွေရဲ့ နာမည်တွေက ဝက်ဘ်ဆိုက်တွေရဲ့ အချိန်နဲ့တပြေးညီ ရှာဖွေမှု အဆင့်သတ်မှတ်ချက်တွေမှာ တစ်ယောက်ပြီးတစ်ယောက် ပါဝင်လာခဲ့တယ်။

နိုင်ငံရေးသစ်ပါတီ အတွက် သတင်းကောင်းဆိုပြီး ခပ်ရွဲ့ရွဲ့ပြောရမယ်ဆိုရင်တော့ ကိုယ်စားလှယ် လီဂျောင်ဟွန်း ရဲ့ အရှိန်အဝါကို ဘယ်သူမှ မကျော်လွန်နိုင်ခဲ့တာပါပဲ။

ရှာဖွေမှု အဆင့် ၁ ကနေ ၄ အထိကို 'လီဂျောင်ဟွန်း'၊ 'ဝင်ရောက်နှောင့်ယှက်ခြင်း'၊ 'အခုချက်ချင်း နှုတ်ထွက်ပါ'၊ 'ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ နှစ်ပတ်လည်' တို့က နေရာယူထားခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးတော့ အဲ့ဒါတွေရဲ့ နောက်မှာတော့ 'ဟုန်ဟျွန်ဝူး'၊ 'တပ်နီအဖွဲ့ဝင်'၊ 'ကင်ဆောင်ဆူး'၊ 'နှစ်ခွစံနှုန်း'၊ 'လီယောင်ဆူး'၊ 'ဂျောင်ဆွန်း အမျိုးသမီး တက္ကသိုလ် တရားမဝင် ကျောင်းဝင်ခွင့်' စတာတွေက အဆင့်တွေ တက်လိုက်ကျလိုက်နဲ့ အပြိုင်အဆိုင် ဖြစ်နေခဲ့ကြတာပါ။

မြန်ဆန်တဲ့ သတင်းထောက်တွေကတော့ ကြားနာပွဲအတွင်းမှာ ထွက်ပေါ်လာခဲ့တဲ့ အမျိုးမျိုးသော စွပ်စွဲချက်တွေအကြောင်း ဆောင်းပါးတွေ ရေးသားခဲ့ကြပြီး စွပ်စွဲချက်တွေကို ပြန်လည်စစ်ဆေးဖို့ တောင်းဆိုတဲ့ မှတ်ချက်တွေကလည်း လျှံထွက်နေခဲ့တယ်။

လွှတ်တော်အမတ်တွေကတော့ လူမသိအောင် မနည်း ဖုံးထားခဲ့ရတဲ့ စွပ်စွဲချက်တွေက ပြန်လည်ထွက်ပေါ်လာခဲ့တာကြောင့် ဆွံ့အသွားခဲ့ကြရတာပေါ့။

ဖုန်းနံပါတ်တွေ ပေါက်ကြားသွားခဲ့တဲ့ ကိုယ်စားလှယ်တွေဆီကိုလည်း အချိန်နဲ့တပြေးညီ စာတိုတွေ တောက်လျှောက် ဝင်ရောက်နေခဲ့တယ်။ မနေ့ကအထိတော့ ချီးကျူးမှုတွေနဲ့ အားပေးမှုတွေ အများကြီး ရှိခဲ့ပေမဲ့ ဒီနေ့မှာတော့ အများစုက ဝေဖန်မှုတွေနဲ့ ဆဲဆိုမှုတွေပဲ ဖြစ်နေခဲ့ပါတယ်။

[မင်းတို့ကို လစာတွေပေးနေရတာ နှမြောတယ်။]

[လွှတ်တော်အမတ် လုပ်မနေနဲ့တော့။ သွားပြီး လယ်ပဲ စိုက်လိုက်တော့။]

[ဂင်ပို မှာ မြေကွက်ရောင်းပြီး အိမ်တွင်းစီးပွားရေးကော အနည်းငယ် တိုးတက်လာရဲ့လား။]

[ကိုယ်တိုင် လုပ်ရင် ရင်းနှီးမြှုပ်နှံမှု၊ သူများ လုပ်ရင် စျေးကွက်ကစားတာ။ နှစ်ခွစံနှုန်းကို ကောင်းကောင်း မြင်လိုက်ရပါတယ်။]

[ဂျောင်ဆွန်း အမျိုးသမီး တက္ကသိုလ်ကို မင်းရဲ့ သမီး တရားမဝင် ဝင်ခွင့်ရခဲ့တာကို ပယ်ဖျက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲလုပ်နေတဲ့ဆီ သွားနေပါပြီ။]

[အနည်းငယ်လောက်ပဲဖြစ်ဖြစ် အသိစိတ် ရှိသေးရင် မင်းရဲ့ သမီးကို ကျောင်းကနေ ထုတ်လိုက်ပါ။]

[တော်လိုက်ပါတော့။ လွှတ်တော်အမတ် ဖြစ်တာက မင်းမျိုးမင်းနွယ် ဘွဲ့ထူးတစ်ခုမလို့လား။]

[မင်းက ယဉ်ကျေးမှု တော်လှန်ရေးတစ်ခုကိုပဲ စတင်ပြီး မြေရှင်တွေနဲ့ အရင်းရှင်တွေကို အကုန် သတ်ပစ်လိုက်ပါလား။]

[တပ်နီအဖွဲ့ဝင် ကိုယ်စားလှယ်ကြီး။ နောက်လာမယ့် ရွေးကောက်ပွဲကျရင် တွေ့ကြသေးတာပေါ့။]

[မင်းကို နောက်တစ်ကြိမ် ထပ်ပြီး မဲပေးရင် ငါက လူမဟုတ်တော့ဘူး။]

နိုင်ငံရေးသမားတွေနဲ့ အနုပညာရှင်တွေအတွက်တော့ လူထုရဲ့ ထောက်ခံမှုက သူတို့ ရှင်သန်ရာ အသက်သွေးကြောပဲလေ။ မှတ်ချက်တွေကို မေ့ထားလိုက်ရင်တောင် မဲမပေးတော့ဘူးဆိုတဲ့ စကားကတော့ သူတို့အတွက် သေလုမတတ် ဖြစ်စေတာပါ။

လွှတ်တော်ခေါင်းဆောင် ဂျန်ဟျွန်ဂျွန် က ဒေါသတကြီး အသံနဲ့ အော်ဟစ်လိုက်တယ်။

"ဘယ်ကောင်ကများ ကန်ဂျင်ဟူ ကို ကြားနာပွဲဆီ ဆင့်ခေါ်ဖို့ အရင်ဆုံး အကြံပြုခဲ့တာလဲ"

လေဘာပါတီ က ဒါကို အရင်ဆုံး စတင်ခဲ့တာ ဖြစ်ပေမဲ့ နိုင်ငံရေးသစ်ပါတီ ကလည်း ဒါကို သဘောတူခဲ့တာကတော့ အမှန်တရားပါပဲ။

လူတိုင်းရဲ့ အကြည့်တွေက ကိုယ်စားလှယ် ဟုန်ဟျွန်ဝူး ဆီ ဦးတည်သွားခဲ့ကြတယ်။

သူကတော့ ကလယ် ကလယ် ဖြစ်နေပါပြီ။ သူက အခြေအနေကို သေသေချာချာ နားမလည်သေးပုံပဲ။

'ဘာလို့လဲ……'

ဒါက သဘာဝမကျဘူးလေ။

လွှတ်တော်ဆိုတာ ဥပဒေပြုရေး အဖွဲ့အစည်းတစ်ခုပဲ။ သူတို့ရဲ့ ဆန္ဒအရ ဥပဒေအသစ်တွေကို ဖန်တီးနိုင်သလို၊ ရှိပြီးသား ဥပဒေတွေကို ပြုပြင်တာ ဒါမှမဟုတ် လုံးဝ ပယ်ဖျက်ပစ်တာမျိုးတွေအထိ လုပ်ဆောင်နိုင်တာပါ။

ကုမ္ပဏီတွေက ဥပဒေတွေကို သူတို့ဘက်ကနေ အကျိုးရှိအောင် ဖန်တီးချင်ကြတာလေ။ ဒါကြောင့်ပဲ သူတို့က နိုင်ငံရေးလောကက လူတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့ ကြိုးစားကြတာ ဖြစ်ပါတယ်။

အမေရိကန်မှာ ပုံမှန်အတိုင်း ရောင်းချနေရတဲ့ AD1 နဲ့ AD2 တို့ကို ကိုရီးယားမှာတော့ ရောင်းချလို့ မရပါဘူး။ ဒါက အလိုအလျောက်မောင်းနှင်မှုနဲ့ ပတ်သက်တဲ့ ဥပဒေတွေ မရှိသေးလို့ ဖြစ်ပါတယ်။

ကန်ဂျင်ဟူက OTKကိုယ်စားပြုပြီး အခုချက်ချင်း သက်ဆိုင်ရာ ဥပဒေတွေကို ပြင်ဆင်ပေးဖို့ လွှတ်တော်ဆီ တောင်းပန်ရမယ့်အစား အခုလိုမျိုး လုပ်ဆောင်နေတာပါ။

– သောင်းကျန်းသူ အဖွဲ့အစည်းတွေကတော့ နောင်တရစရာ အပြစ်တွေ အများကြီး ရှိနိုင်ပေမဲ့ OTK ကုမ္ပဏီ ကတော့ ဘာအပြစ်မှ မရှိတာကို မင်းတို့ဆီ ဘာလို့ ခေါင်းငုံ့ရမှာလဲ။

– CarOS တစ်ခုထဲကို ကြည့်ရင်တောင်မှ ကိုရီးယားက သူတို့အတွက် ဦးစားပေးစာရင်းထဲမှာ အောက်ဆုံးမှာပဲ ရှိတယ်။ အခုချက်ချင်း ထုတ်လုပ်ပေးဖို့ လိုအပ်နေတဲ့ နိုင်ငံတွေ အများကြီး ရှိနေတာကွ။

–ကြားနာပွဲဆီ ခေါ်ပြီး ဆဲဆိုနေရင် သူတို့က ကိုရီးယားမှာ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ချင်မယ်ထင်လို့လား။ ဒါမှမဟုတ် ကိုရီးယားကနေပဲ ထွက်သွားချင်မယ်ထင်လား။

– ဒါက ဘီလ်ဂိတ် ဒါမှမဟုတ် ဝါရင် ဘတ်ဖတ် ကို ကြားနာပွဲဆီ ခေါ်ပြီး အဲဒီမှာ ထိုင်ခိုင်းထားတာနဲ့ အတူတူပဲ။

– ငါသာ ကန်ဂျင်ဟူ ဆိုရင်တော့ အမေရိကန် နိုင်ငံသားဖြစ်ခွင့်ကို ရယူပြီး ထွက်ပြေးသွားတာ ကြာလှပြီ။

လွှတ်တော်ခေါင်းဆောင် ဂျန်ဟျွန်ဂျွန် က ပါတီရဲ့ ဝက်ဘ်ဆိုက်ပေါ်က ပို့စ်တွေကို ကြည့်ရင်း မျက်မှောင်ကုတ်လိုက်တယ်။

'သူတို့တွေ လုံးဝ တွက်ချက်မှု မှားယွင်းသွားခဲ့ပြီ'

ကန်ဂျင်ဟူ က အစကတည်းက ကိုရီးယား လွှတ်တော်အမတ်တွေကို ဂရုမစိုက်ခဲ့တာပါ။ သူတို့က သူ့ဆီသွားပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ပေးဖို့ ယဉ်ယဉ်ကျေးကျေး တောင်းဆိုခဲ့ရမှာ ဖြစ်တာကို အခုတော့ သက်သေတစ်ယောက်အဖြစ် ကြားနာပွဲဆီ ဆင့်ခေါ်ပြီး ဆဲဆိုခဲ့ကြတာ ဖြစ်လို့ အရာအားလုံးက ပျက်စီးသွားခဲ့ရတာ ဖြစ်ပါတယ်။

ကိုယ်စားလှယ် ပတ်ချန်းဆူး က မေးတယ်။

" ဘာဆက်လုပ်သင့်လဲ"

လွှတ်တော်ခေါင်းဆောင် ဂျန်ဟျွန်ဂျွန် က စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်တယ်။

"ဘာလုပ်ရမှာလဲလို့ မေးနေတာလား။ ဒီထက်မက ပိုပြီး အရှက်ခွဲခံချင်တဲ့လူ ရှိသေးလို့လား"

ကျွန်တော်ကတော့ စောင့်ဆိုင်းခန်းထဲမှာ စောင့်ဆိုင်းနေရင်း တက်ဂယူ ဆီ ဖုန်းဆက်လိုက်တယ်။

တက်ဂယူ က စိတ်လှုပ်ရှားစွာနဲ့ ပြောတယ်။

[ဟေ့… ဟေ့၊ အခု တုံ့ပြန်မှုက တကယ့်ကို အံ့သြစရာပဲ။ ငါတို့တွေ သမိုင်းမှာ ကျန်ရစ်လောက်မယ့် ဂန္ထဝင်မြောက်တဲ့ ဗီဒီယိုအတိုလေးတချို့တောင် ရလိုက်သေးတယ်ကွ]

"……"

အဲဒီ ဗီဒီယိုအတိုလေးတွေက အင်တာနက်ပေါ်မှာ ခဏလောက်တော့ ပြန့်နှံ့နေဦးမှာ သေချာပါတယ်။

ပတ်ဝန်းကျင်ကလည်း ဆူညံနေခဲ့တာပါ။ အဖွဲ့ခေါင်းဆောင် ဂျောင်ကီဟုမ် ရဲ့ အသံလိုမျိုးတောင် ဖုန်းထဲကနေ ကြားနေရတယ်။

"မင်း ရုံးမှာလား"

[အင်း။ ဝန်ထမ်းတွေအားလုံးလည်း မင်းကို စိတ်ရင်းမှန်နဲ့ ထောက်ခံနေကြတယ်]

"အဲဒီလို ဖြစ်မှာပေါ့"

ဒါကို ကြားရတာက လစာပေးရကျိုး နပ်စေတာပဲ။

[အခု အားလုံးရဲ့စိတ်အခြေအနေက တကယ့်ကို ကောင်းမွန်နေတာ။ ဒီအတိုင်းပဲ ဆက်သွားပြီး နောက်ထပ် ဗုံးတချို့ကိုပါ ထပ်ပြီး ချလိုက်ရအောင်။ အားလုံးကို စုဆောင်းပြီး စတစ်ကာတွေအဖြစ် ထုတ်လုပ်ပြီး ရောင်းလိုက်ရမလား]

"……မဟုတ်တာ။ ငါကတော့ စီးပွားရေးနယ်ပယ်ကို ဒီထက်မက ပိုပြီး မချဲ့ထွင်ချင်တော့ဘူး"

အခု လုပ်နေတဲ့ စီးပွားရေးတွေနဲ့တင် ခေါင်းကိုက်လှပါပြီ။

ဖုန်းချလိုက်တာနဲ့ တစ်ပြိုင်ထဲ နေရာအနှံ့ကနေ ဖုန်းတွေ တောက်လျှောက် ဝင်ရောက်လာခဲ့တယ်။ အဲဒီအထဲမှာ ကျွန်တော့်အမေလည်း ပါဝင်ပါတယ်။

အမေကတော့ သေချာပေါက် ပွစိပွစိ ပြောမှာပဲ။

ကျွန်တော် ဖုန်းကို ကိုင်ရမလား၊ မကိုင်ရဘူးလားဆိုပြီး ဝေခွဲမရ ဖြစ်နေခဲ့တဲ့အချိန်မှာပဲ ဝန်ထမ်းတစ်ယောက်က ဝင်လာခဲ့ရင်း ပြောတယ်။

"ဒီနေ့ ကြားနာပွဲကတော့ ပြီးဆုံးသွားပါပြီ ခင်ဗျာ။ အခု ပြန်လို့ရပါပြီ"

"ပြီးပြီလား။ ဘာလို့ ဒီလောက်အထိ စောစော ပြီးသွားရတာလဲ"

ဝန်ထမ်းက ကျွန်တော့်ကို 'မေးဖို့ လိုသေးလို့လား' ဆိုတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်လာခဲ့တယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော် မတ်တတ်ရပ်လိုက်တယ်။

"ကြိုးစားပမ်းစား မေးခွန်းတွေ မေးပေးခဲ့ကြတဲ့ ကိုယ်စားလှယ်တွေကိုလည်း ကျွန်တော့်ကိုယ်စား နှုတ်ဆက်ပေးပါဦးနော်"

အခန်း (၂၄၄)

ကြားနာပွဲရဲ့ နောက်ဆက်တွဲ ဂယက်ကတော့ တကယ့်ကို ကြီးမားခဲ့တာပါ။

လွှတ်တော်တစ်ခုလုံးကလည်း ပရမ်းပတာ ဖြစ်သွားတဲ့ ကိစ္စတွေကို လိုက်ပြီး ရှင်းလင်းရမလားနဲ့ အလုပ်ရှုပ်နေခဲ့ကြတာပေါ့။ ကြားနာပွဲကတော့ ဆက်လက် ဖြစ်ပွားနေခဲ့ပေမဲ့ လူထုရဲ့ တုံ့ပြန်မှုကတော့ အရင်ကနဲ့ သိသိသာသာ ကွဲပြားသွားခဲ့ပါပြီ။

ကန်ဂျင်ဟူ ကို မေးခွန်းထုတ်ခဲ့ကြတဲ့ လွှတ်တော်အမတ်တွေဆိုရင် သူတို့ရဲ့ အတိတ်က စွပ်စွဲချက်တွေအတွက် ထပ်တလဲလဲ တောင်းပန်နေကြရတာ ဒါမှမဟုတ် ငြင်းဆိုနေကြရတာမျိုးတွေ လုပ်နေခဲ့ကြရတယ်။

ဥက္ကဌ လင်ဂျင်ယုံ က ဖုန်းပြောနေရင်းက တဟားဟား အော်ရယ်လိုက်ရင်း ပြောတယ်။

"လွှတ်တော်အမတ်တွေ မဟုတ်ကဟုတ်ကတွေ ပြောနေတဲ့ အချိန်တိုင်း ငါကတော့ ပြန်ပြီး ချေပချင်စိတ်တွေ တောက်လျှောက် ဖြစ်ပေါ်နေခဲ့တာ။ ဒါပေမဲ့ လက်တွေ့မှာ ဒါမျိုး အခြေအနေကို တိုက်ရိုက် မြင်တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒါက ကိုယ်စား ခံစားလိုက်ရတဲ့ ကျေနပ်မှုမျိုးပဲ ထင်တယ်"

"မဟုတ်ပါဘူးဗျာ။ ဥက္ကဌကြီး တကယ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တာပါ။ သူတို့လည်း ခံစားကြည့်ဖူးမှပဲ သူတို့ မထိန်းချုပ်နိုင်တဲ့ လူတွေ ရှိသေးတယ်ဆိုတာကို သဘောပေါက်လာကြမှာပါ။ နောက်နောင်ကျရင်တော့ လွှတ်တော်က ဥက္ကဌကြီးကို ထပ်ပြီး နှောင့်ယှက်တော့မှာ မဟုတ်ပါဘူး"

"အဲ့လိုဆိုရင်တော့ စိတ်အေးရတာပေါ့"

နိုင်ငံရေးလောကကလူတွေ ကျွန်တော့်ကို ထပ်ပြီး မရှာဖွေကြတော့ဖို့ပဲ မျှော်လင့်ပါတယ်။

"ဒါပေမဲ့ အတည် မေးကြည့်တာပါ။ မင်းအနေနဲ့ ကိုရီးယားမှာ စက်ရုံတည်ဆောက်ဖို့ တကယ်ပဲ စိတ်ကူးမရှိတာလား"

"မရှိတာတော့ မဟုတ်ပါဘူး "

တကယ်လို့ လုပ်ခလစာ ကုန်ကျစရိတ် တစ်ခုထဲကသာ အရေးကြီးတယ်ဆိုရင်တော့ ကမ္ဘာလုံးဆိုင်ရာ မော်တော်ကား ထုတ်လုပ်သူတွေက သူတို့ရဲ့ စက်ရုံအားလုံးကို အရှေ့တောင်အာရှ ဒါမှမဟုတ် အာဖရိကဆီ ရွှေ့ပြောင်းသွားခဲ့ကြတာ ကြာလှပြီပေါ့။

ဒါပေမဲ့ လုပ်ခလစာ မြင့်မားတာကြောင့် နာမည်ကြီးတဲ့ အမေရိကန်၊ ဂျာမနီနဲ့ ဆွီဒင် လိုမျိုး နိုင်ငံတွေမှာလည်း မော်တော်ကား စက်ရုံတွေ ရှိနေကြတာပဲလေ။

ဒါက စက်ရုံတစ်ရုံ တည်ထောင်တဲ့ နေရာမှာ လုပ်ခလစာ ကုန်ကျစရိတ် တစ်ခုထဲကသာ အရေးကြီးတဲ့ အချက် မဟုတ်လို့ပဲ ဖြစ်ပါတယ်။ ကော်ပိုရိတ်အခွန်၊ အကောက်ခွန်၊ ထောက်ပံ့ပို့ဆောင်ရေး၊ အလုပ်သမား အရည်အသွေး၊ စီမံခန့်ခွဲမှု အဆင်ပြေချောမွေ့မှု၊ အစိုးရရဲ့ ပွင့်လင်းမြင်သာမှုနဲ့ ကုမ္ပဏီရဲ့ မဟာဗျူဟာ လိုမျိုး အမျိုးမျိုးသော အချက်အလက်တွေက ရှုပ်ထွေးစွာ ဆက်နွှယ်နေတာပါ။

ကိုရီးယားက ပို့ကုန်ဦးစားပေး မူဝါဒတွေကနေတစ်ဆင့် စီးပွားရေး ကြီးထွားလာခဲ့တာ ဖြစ်လို့ ကောင်းမွန်တဲ့ အခြေခံ အဆောက်အဦးတွေနဲ့ အရည်အသွေးမြင့်မားတဲ့ အလုပ်သမား အင်အားစုတွေ ရှိနေပါတယ်။ (ကိုရီးယား အလုပ်သမားတွေလောက် ပညာတတ်ပြီး ဝီရိယရှိတဲ့ အလုပ်သမားမျိုး ရှိတဲ့ နိုင်ငံက တကယ်ကို ရှားပါးလှပါတယ်)

ဒါတင်မကသေးဘဲ ဆောင်း အီလက်ထရောနစ် က CarOS ရဲ့ ထိပ်တန်းဦးစားပေး မိတ်ဖက်ဖြစ်နေခဲ့ပြီး ကိုရီးယားမှာ အရေးကြီးတဲ့ စက်ရုံတွေလည်း ရှိနေတာဆိုရင်တော့ ကိုရီးယားမှာ စက်ရုံတစ်ရုံ တည်ဆောက်ဖို့အတွက် အကြောင်းပြချက်တွေ အများကြီး ရှိနေတာပါ။

ဒါပေမဲ့လည်း မော်တော်ကား စက်ရုံ အလုပ်သမားတွေရဲ့ မြင့်မားတဲ့ လုပ်ခလစာနဲ့ အားကောင်းတဲ့ အလုပ်သမားသမဂ္ဂ ပြဿနာက ရှိနေသေးတယ်။ တကယ်လို့ ဒီပြဿနာကို မဖြေရှင်းနိုင်ရင်တော့ စက်ရုံတည်ဆောက်ဖို့အတွက် ဝန်ထုပ်ဝန်ပိုးက တကယ်ကို ကြီးမားလှပါတယ်။

"အွန်ဆောင်း မော်တာ သမဂ္ဂက ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်တယ်"

"ကျွန်တော် အဲဒီဆောင်းပါးကို မြင်လိုက်ပါတယ်"

အွန်ဆောင်း မော်တာ သမဂ္ဂက ကျွန်တော့်ရဲ့ စကားတွေက အလုပ်သမားတွေရဲ့ လုပ်ခလစာ အဆင့်အတန်းကို ကျဆင်းစေနိုင်ပြီး အလုပ်အကိုင် မရေရာမှုတွေကို ဖြစ်ပေါ်စေနိုင်တယ်ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ သူတို့က မြင့်မားတဲ့ လုပ်ခလစာကို ရရှိနေတာ လုံးဝ မဟုတ်ပါဘူးဆိုပြီး သတင်းအမှားတွေ ပြန့်နှံ့စေမှုကြောင့် အသရေဖျက်မှုနဲ့ တရားစွဲဆိုဖို့အထိ စဉ်းစားသွားမယ်လို့ ခြိမ်းခြောက်ခဲ့ကြသေးတယ်။

သူတို့နဲ့ ရင်ဆိုင်ဖြေရှင်းရတာက တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းတာမလို့ ကျွန်တော်ကတော့ ဒီအတိုင်းပဲ လျစ်လျူရှုထားလိုက်တယ်။

ဒါကို မြင်ရတော့ ဥက္ကဌ ဟန်မင်းဂူ တစ်ယောက် ဒီအချိန်အတောအတွင်းမှာ တကယ်ကို ခက်ခဲခဲ့မှာပဲလို့ တွေးမိသွားခဲ့တယ်။

ကျွန်တော့်အမြင်မှာတော့ CarOS သမဂ္ဂက ဒါမျိုး မဖြစ်လာဖို့ပဲ မျှော်လင့်ရမှာပေါ့။

"သူတို့ကို စိတ်ထဲ ထည့်မနေပါနဲ့။ ဘာပဲဖြစ်ဖြစ် ကြားနာပွဲကို တက်ရောက်ဖို့အတွက် ကြိုးစားခဲ့ရတာပဲလေ။ အနားယူလိုက်ပါဦး။ နောက်မှ အတူတူ အစားအသောက် သွားစားကြတာပေါ့"

"ဟုတ်ကဲ့ပါ၊ နောက်မှ တွေ့ကြတာပေါ့ ခင်ဗျာ"

အိပ်ရာကနိုးလာတော့ ကျွန်တော် လိုက်ကာတွေကို ဖွင့်လိုက်တယ်။ ကျယ်ဝန်းလှတဲ့ ဥယျာဉ်ထဲဆီ နေရောင်ခြည်တွေ ဖြာကျနေခဲ့တာပါ။

ကျယ်ဝန်းတဲ့ အိပ်ရာကြီးပေါ်မှာ ကျွန်တော် တစ်ယောက်ထဲ ရှိနေခဲ့တာ ဖြစ်ပြီး ရေချိုးခန်းထဲကနေတော့ ရေချိုးနေတဲ့ အသံတွေ ထွက်ပေါ်နေခဲ့တယ်။ ခဏကြာတော့ ရေချိုးပြီးသွားတဲ့ အယ်လီ က ဝတ်စုံတစ်ခုကို ဝတ်ဆင်ရင်း ထွက်လာတယ်။

အယ်လီရဲ့ ရှည်လျားတဲ့ ဆံပင်အညိုရောင်တွေက စိုစွတ်ပြီး တောက်ပနေခဲ့သလို အသားအရေကလည်း အနည်းငယ် နီမြန်းနေပါတယ်။ မိတ်ကပ်မပါရင်တောင်မှ အယ်လီရဲ့ မျက်နှာက လုံးဝကို အပြစ်ပြောပယ်စရာမရှိဘဲ ကြည်လင်နေတယ်။

"နင် ရေချိုးလို့ပြီးသွားပြီလား"

"ငါ စောစောထပြီး လေ့ကျင့်ခန်း နည်းနည်းလုပ်လိုက်တာလေ"

ဒီအိမ်မှာက အားကစားခန်းမပါ ရှိနေတာပါ။ ဒါပေမဲ့ တက်ဂယူ နဲ့ ကျွန်တော်ကတော့ သုံးလေ့သုံးထ လုံးဝ မရှိပါဘူး။

အနားယူရက်မှာတောင်မှ စောစောထပြီး လေ့ကျင့်ခန်း လုပ်နေတာပဲ။ ဒါမျိုး ခန္ဓာကိုယ်က အလိုအလျောက် ဖြစ်ပေါ်လာတာ မဟုတ်ဘူးဆိုတာကို သဘောပေါက်လိုက်ရတယ်။

ကျွန်တော်က တောက်လျှောက် စိုက်ကြည့်နေခဲ့တာ ဖြစ်လို့ အယ်လီက မျက်လုံးတွေ ဝိုင်းသွားပြီး မေးလာတယ်။

"ဘာလို့ ငါ့ကို ဒါမျိုး ကြည့်နေရတာလဲ"

ကျွန်တော် ပြုံးလိုက်ရင်း ပြောလိုက်တယ်။

"နင်က တကယ်ကို လှလွန်းလို့ပါ"

အဲဒီအခါကျမှ အယ်လီက နှုတ်ခမ်းကို အနည်းငယ် စူလိုက်ရင်း ပြောတယ်။

"ဟွန်း… လိမ်နေတာပဲ"

"အမှန်တရားပါဗျာ"

အယ်လီ က တဘက်တစ်ခုနဲ့ ဆံပင်တွေကို သုတ်လိုက်ရင်း အိပ်ရာနား ချဉ်းကပ်လာတယ်။ ပြီးတော့ ကျွန်တော့်ကို နမ်းလိုက်ရင်း ပြောတယ်။

"အိပ်ရာကထပြီး အစားအသောက် သွားစားရအောင်နော်"

"မသွားချင်သေးပါဘူး"

ကျွန်တော်က အယ်လီ ရဲ့ ခန္ဓာကိုယ်ကို ကျွန်တော့်ဘက်ဆီ ဆွဲခေါ်လိုက်တယ်။

"ငါ အခုလေးတင်ပဲ ရေချိုးထားတာလေ"

"နင် ထပ်ပြီး ရေချိုးလို့ရတာပဲကို"

ကျွန်တော်က အယ်လီကို နမ်းဖို့ ကြိုးစားလိုက်တဲ့အချိန်မှာပဲ အယ်လီ က ကျွန်တော့်ရဲ့ နှုတ်ခမ်းပေါ် သူ့ရဲ့ လက်ချောင်းလေးကို တင်လိုက်ရင်း ပြောတယ်။

"အရင်ဆုံး အစားအသောက် စားကြရအောင်။ ဂျင်ဟူ ရော ဗိုက်မဆာဘူးလား။ ငါက အတူတူ စားဖို့အတွက် နင်နိုးလာတာကို စောင့်နေခဲ့တာ"

"နည်းနည်းတော့ ဗိုက်ဆာလာပြီ"

"ဒါဆိုရင်လည်း အမြန် ထတော့။ စားဖိုမှူးကို Brunch လုပ်ခိုင်းထားတယ်"

"ဗြိတိန် စတိုင်လား"

"မဟုတ်ပါဘူး။ ဟောင်ကောင် စတိုင်ပါ"

အဝတ်အစားတွေ ဝတ်ဆင်ပြီး ဧည့်ခန်းထဲဆီ ဆင်းလာခဲ့တဲ့အချိန်မှာတော့ အားကစားဝတ်စုံကို ဝတ်ဆင်ထားတဲ့ တက်ဂယူ တစ်ယောက် ဆိုဖာရဲ့ အလယ်ဗဟိုမှာ ကြောင်အမ်းအမ်းနဲ့ ထိုင်နေတာကို မြင်လိုက်ရတယ်။

သူက တရားထိုင်နေတာတော့ မဟုတ်လောက်ပါဘူးနော်။ ဒီအတိုင်းပဲ ငေးငိုင်နေတာလား။

"ဘာတွေ လုပ်နေတာလဲ။ အစားအသောက် သွားစားရအောင်"

ခဏကြာတော့ တက်ဂယူ က ခေါင်းကို လှည့်လာခဲ့ရင်း ပြောတယ်။

"ငါ့အစ်မက အခုတလော အနည်းငယ် ထူးဆန်းနေသလိုပဲ"

"ဟမ်။ ဘာတွေကို ရုတ်တရက်ကြီး ပြောနေရတာလဲ"

ဘာမှ နားမလည်တဲ့ ကျွန်တော်နဲ့မတူဘဲ အယ်လီ ကတော့ ခေါင်းညိတ်ပြလိုက်ရင်း ပြောတယ်။

"ဟုတ်တယ်။ ငါလည်း အဲဒီလိုမျိုး ထင်နေခဲ့တာ"

တက်ဂယူ က အစ်မ ဟျွန်းဂျူးရဲ့ မောင်လေး ဖြစ်ပြီး အယ်လီ ကတော့ အမှုဆောင် မန်နေဂျာ အစ်မ ဟျွန်းဂျူး ရဲ့ အနီးကပ်ဆုံး လူယုံတစ်ယောက် ဖြစ်တာလေ။ တကယ်လို့ သူတို့ နှစ်ယောက်စလုံးက ဒါမျိုး ပြောနေကြတာဆိုရင်တော့ တစ်ခုခုတော့ တကယ်ကို မှားယွင်းနေပြီ ထင်တယ်။

ကျွန်တော်ကတော့ ဆိုဖာပေါ်မှာ ထိုင်လိုက်ရင်း ပြောလိုက်တယ်။

"ဘာတွေ ထူးဆန်းနေလို့လဲ"

ကျွန်တော့်ရဲ့ မေးခွန်းကို တက်ဂယူ က ပြန်ဖြေတယ်။

"ငါ့အစ်မ ဆေးလိပ်ဖြတ်လိုက်ပြီ"

အဲဒီစကားကြောင့် ကျွန်တော် လန့်သွားမိတယ်။

"ဘာ"

ကျွန်တော် အစ်မ ဟျွန်းဂျူးနဲ့ အရင်ဆုံး ဆုံတွေ့ခဲ့တာက အလယ်တန်းကျောင်းတုန်းက တက်ဂယူ ရဲ့ အိမ်ကို သွားလည်ခဲ့တဲ့အချိန်ပါ။ အဲဒီတုန်းက အစ်မက ဘွဲ့လွန်ကျောင်း တက်နေခဲ့တာလေ။ အစ်မက ကျွန်တော်နဲ့ မဆုံတွေ့ခင် ကတည်းက ဆေးလိပ်သောက်နေခဲ့တာ ဖြစ်ပြီး အခုအချိန်အထိလည်း အတူတူပဲ ဖြစ်နေခဲ့တာပါ။

အစ်မရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ မရေမတွက်နိုင်တဲ့ လူတွေက ဆေးလိပ်ဖြတ်ဖို့အတွက် အကြံပြုခဲ့ကြဖူးပေမဲ့ အစ်မကတော့ နည်းနည်းလေးတောင် ဖြတ်မယ့်အရိပ်အယောင် မရှိခဲ့ဘူး။ တက်ဂယူရဲ့ စကားအရဆိုရင် သူတို့ရဲ့ မိဘတွေကိုယ်တိုင်ကပါ အစ်မကို ဖျောင်းဖျဖို့အတွက် လက်လျှော့ထားခဲ့ကြတာပါ။

ဒါပေမဲ့ အစ်မ ဟျွန်းဂျူးက ဆေးလိပ်ဖြတ်လိုက်ပြီတဲ့လား။ ဒါက အဓိပ္ပာယ်ရှိလို့လား။

အယ်လီ ကလည်း ပြောတယ်။

"အစ်မက အခုတလော အလုပ်ပမာဏကိုလည်း အများကြီး လျှော့ချလိုက်သေးတယ်။ အခုဆိုရင် အားလပ်ရက်တွေမှာ တစ်ရက်လောက် အနားယူတတ်သလို ပုံမှန်အားဖြင့် ည ၈ နာရီ မတိုင်ခင် ကတည်းက အလုပ်ကနေ ပြန်တတ်နေပြီ"

သာမန် ရုံးဝန်ထမ်းတွေအတွက်တော့ ဒါက ဘာမှမဟုတ်သလိုမျိုး ထင်ရနိုင်ပေမဲ့ IB နဲ့ PEF တို့ရဲ့ အလုပ်လုပ်ချိန်တွေကတော့ စိတ်ကူးထဲကထက်ကို ကျော်လွန်နေခဲ့တာပါ။

အရင်ကလည်း အလုပ်ကိုအရမ်းကြိုးစားခဲ့သလို အထူးသဖြင့် ကိုရီးယား ရုံးခွဲရဲ့ အကြီးအကဲ ဖြစ်လာခဲ့ပြီးတဲ့နောက်မှာတော့ အစ်မ ဟျွန်းဂျူးက မနားမနေ အလုပ်လုပ်ခဲ့တာပါ။ ပုံမှန်အားဖြင့် တစ်ပတ်မှာ ၇ ရက်လုံး အလုပ်လုပ်ပြီး ည ၁၀ နာရီအထိ အချိန်ပို ဆင်းတာမျိုးက ပုံမှန်ပဲ ဖြစ်နေခဲ့တာလေ။

"ဒါပေမဲ့ အဲဒါက သဘာဝမကျဘူးလား"

စီအီးအို တစ်ယောက်က အမြဲတမ်း အလုပ်ရှုပ်နေတာက ကောင်းမွန်တဲ့ အရာတော့ မဟုတ်ပါဘူး။

အလုပ်တွေအားလုံးက အထက်က ဆုံးဖြတ်ချက်ချတဲ့ လူတစ်ယောက်ထဲဆီမှာပဲ စုပုံနေခဲ့ရင် တကယ်လို့ အခြေအနေတွေ မှားယွင်းသွားပြီး စီအီးအို သာ ဖျားနာတာ ဒါမှမဟုတ် ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ရှိလာခဲ့ရင် ကုမ္ပဏီတစ်ခုလုံးက ရပ်တန့်သွားနိုင်ပါတယ်။

ပထမ နှစ်အနည်းငယ်အတွင်းမှာတော့ စနစ်တစ်ခုကို တည်ဆောက်နေရတာ ဖြစ်လို့ ဒါက ရှောင်လွှဲလို့ မရနိုင်ခဲ့ဘူးဆိုပေမဲ့ အခုအချိန်မှာတော့ အရာအားလုံးက တဖြည်းဖြန်း တည်ငြိမ်လာခဲ့ပြီ ဖြစ်လို့ တာဝန်ရှိသူတွေကို ခန့်အပ်ပြီး အလုပ်တွေကို ခွဲဝေပေးတာက ပိုပြီး ထိရောက်မှု ရှိမှာပါ။

"အဲဒါက မှန်ပေမဲ့ အနည်းငယ် စောလွန်းနေသလိုပဲ။ တစ်ခါတစ်လေ ငါက အလုပ်ပြီးရင် အတူတူ ညစာစားရအောင် ပြောရင်တောင် ဂျက်စီကာက ချိန်းထားတာ ရှိတယ်လို့ ပြောပြီး ဟိုတယ်ဆီကို နောက်ကျမှ ပြန်လာတတ်တယ်"

လန့်သွားခဲ့တဲ့ တက်ဂယူ က အမြန် မေးမြန်းလိုက်တယ်။

"မမက ဘယ်ကို သွားနေတာလဲ"

"ငါလည်း မသိဘူး။ မေးရင်တောင် သူက မပြောပြဘူးလေ"

ဆေးလိပ်ဖြတ်လိုက်တာ၊ အလုပ်ပမာဏ လျှော့ချလိုက်တာ၊ ပြီးတော့ အလုပ်ပြီးရင် တခြား ချိန်းထားတာဆီ သွားတာ။

ဒီအချက်တွေကို ကြည့်မယ်ဆိုရင်တော့ တစ်ခုခုကတော့ သေချာပေါက် အနည်းငယ် ထူးဆန်းနေပါပြီ….

တက်ဂယူ နဲ့ ကျွန်တော်ကတော့ အချိန်ကိုက်နီးပါး အတူတူ ပြောလိုက်မိကြတာပေါ့၊

"ရည်းစားရနေတာလား"

"အစ်မက ရည်းစားပူမိနေတာလား"

ဘယ်လောက်ပဲ တွေးတွေး တခြား အကြောင်းပြချက်ကတော့ ခေါင်းထဲ ထွက်မလာတော့ပါဘူး။

တကယ်လို့ ကျွန်တော်တို့ရဲ့ ခန့်မှန်းချက်သာ မှန်ကန်ခဲ့မယ်ဆိုရင်တော့ နောက်ထပ် မေးခွန်းတစ်ခုက ထွက်ပေါ်လာဦးမှာပါ။

"ဘယ်သူက သူ့ရည်းစားလဲ"

သေချာတာပေါ့။ ရည်းစားဆိုတဲ့လူကတော့ ရှိရမှာပေါ့။

တက်ဂယူ က ပြောတယ်။

"ဟင်နရီ လား"

အယ်လီ ကတော့ ခေါင်းကို ခါယမ်းလိုက်ရင်း ပြောတယ်။

"ငါလည်း အဲဒီအချက်ကို တွေးခဲ့ဖူးပေမဲ့ မဟုတ်လောက်ဘူး ထင်တယ်။ သူတို့ရဲ့ အချိန်ဇယားတွေနဲ့ လှုပ်ရှားမှုတွေက လုံးဝ မကိုက်ညီဘူးလေ"

တွေးကြည့်မယ်ဆိုရင်တော့ တကယ်လို့ အစ်မသာ ဟင်နရီ နဲ့ ရည်းစားဖြစ်နေတာဆိုရင် ကျွန်တော် သတိထားမိခဲ့တာ ကြာလှပြီပေါ့။ အခုတလော ဟင်နရီ က ခရီးတွေ တောက်လျှောက် ထွက်နေခဲ့တာပါ။ အခုလည်း သူက တရုတ်မှာ ရှိနေတာ ဖြစ်ပါတယ်။

"ဒါဆိုရင် အစ်မက တခြားလူတစ်ယောက်နဲ့ ရည်းစားဖြစ်နေတာလား။ ဒါပေမဲ့ ဘယ်သူလဲ"

Golden Gate ကိုရီးယား ဌာနခွဲရဲ့ အကြီးအကဲ ဆိုတဲ့ ရာထူးက ပြည်တွင်းက ထိပ်သီး ငွေကြေးလုပ်ငန်းတစ်ခုရဲ့ စီအီးအို ရာထူးထက်တောင်မှ ပိုပြီး မြင့်မားတာလေ။ ဒါတင်မကသေးဘဲ အစ်မ ဟျွန်းဂျူးက OTK ကုမ္ပဏီ ရဲ့ ရှယ်ယာ ၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတဲ့ တတိယအကြီးဆုံး ရှယ်ယာရှင်လည်း ဖြစ်ပါတယ်။

အဲဒီအချက်ကြောင့်ပဲ နိုင်ငံရေးနဲ့ စီးပွားရေးလောကကနေ စေ့စပ်ကြောင်းလမ်းဖို့ ကမ်းလှမ်းမှုတွေက အရင်ကတည်းက တန်းစီနေခဲ့ကြတာပါ။ အစ်မကတော့ နည်းနည်းလေးတောင် စိတ်ဝင်စားမှု မပြခဲ့ပါဘူး။

ကျွန်တော်တို့ ခေါင်းချင်းဆိုင်ပြီး တွေးတောခဲ့ကြပေမဲ့ တိကျတဲ့ လူတစ်ယောက်ကိုတော့ စိတ်ကူးထဲ ထည့်လို့ မရခဲ့ကြပါဘူး။

အစ်မက ကုမ္ပဏီ ဝန်ထမ်းတစ်ယောက်နဲ့ လျှို့ဝှက်ပြီး တွဲနေတာ ဖြစ်နိုင်မလား။

အဲဒီအချိန်မှာပဲ အယ်လီ က တစ်ခုခုကို သတိရသွားပုံနဲ့ ပြောလာခဲ့တယ်။

"အာ…. တွေးကြည့်မှပဲ၊ အရင်တုန်းက ကုမ္ပဏီဆီကို အမျိုးသားတစ်ယောက် ရောက်လာခဲ့ဖူးသေးတယ်"

"ဘယ်သူလဲ"

"ငါလည်း မသိဘူး။ သာမန် ကိုရီးယား အမျိုးသားတစ်ယောက်လိုမျိုး ပုံစံပဲ။ ဂျက်စီကာ နဲ့ အသက်အရွယ် အတူတူလောက် ရှိမယ့်ပုံဟ"

"တကယ်လို့ ကုမ္ပဏီဆီ လာတာဆိုရင် အလုပ်ကိစ္စအတွက် မဟုတ်ဘူးလား"

"အဲဒီနောက်ပိုင်းမှာလည်း ဟိုတယ်ရဲ့ အရှေ့မှာ သူတို့ နှစ်ယောက် အတူတူ ရှိနေတာကို တစ်ကြိမ် မြင်လိုက်သေးတယ်။ ငါက နှုတ်ဆက်ဖို့ လုပ်ခဲ့ပေမဲ့ သူတို့က ကားတစ်စီးပေါ် တက်ပြီး တစ်နေရာရာကို ထွက်သွားခဲ့ကြတာ"

"တကယ်လို့ အရေးကြီးတဲ့ အလုပ်ကိစ္စ ရှိရင်တော့ ဟိုတယ် ဒါမှမဟုတ် တခြားနေရာတွေမှာ ဆုံတွေ့နိုင်တာပဲလေ"

"အဲဒါကတော့ ဟုတ်ပေမဲ့လည်း……"

အယ်လီ က စကားကို ရပ်တန့်လိုက်တယ်။

အမျိုးသမီးတစ်ယောက်ရဲ့ ပင်ကိုသိစိတ်ကိုတော့ လျစ်လျူရှုထားလို့ မရပါဘူး။ သူတို့ရဲ့ ဆက်ဆံရေးက အလုပ်ကိစ္စ သက်သက်တင် မဟုတ်တာ ဖြစ်နိုင်မလား။

တက်ဂယူ က မျက်တောင်ခတ်လိုက်ရင်း ပြောတယ်။

"ဒါဆိုရင် ဟင်နရီ တစ်ယောက် အငြင်းခံလိုက်ရတာပေါ့"

"အဲဒါကတော့…"

ရုတ်တရက်ကြီး ဟင်နရီ ရဲ့ အလေးအနက် တောင်းဆိုခဲ့မှုက ခေါင်းထဲ ထွက်ပေါ်လာခဲ့တယ်။ ဒီလောက်အထိ စိတ်အားထက်သန်မှုမျိုးနဲ့ ဆိုရင်တော့ အရာအားလုံးက သေချာပေါက် ကောင်းမွန်သွားလိမ့်မယ်လို့ ထင်ထားခဲ့တာပါ။

ဒါပေမဲ့ ကောက်ချက်ချဖို့အတွက်ကတော့ စောလွန်းနေပါသေးတယ်။

လူထုရဲ့ အာရုံစိုက်မှုကို ထည့်တွက်ပြီး သူတို့တွေ ကောင်းကောင်း ဖုံးကွယ်ထားကြတာလည်း ဖြစ်နိုင်တာပဲလေ။

တရုတ်ဆီ စီးပွားရေးခရီးစဉ် ထွက်ခွာခဲ့တဲ့ ဟင်နရီ တစ်ယောက် ပြန်လည်ရောက်ရှိလာခဲ့ပြီ။

အစည်းအဝေးခန်းမထဲမှာ အစီရင်ခံစာကို နားထောင်နေရင်း ကျွန်တော်ကတော့ ဟင်နရီ ရဲ့ မျက်နှာကို တစ်ခါတရံ အကဲခတ်နေခဲ့တယ်။ သူကတော့ ပုံမှန်အတိုင်းပဲ ဖြစ်နေခဲ့ပြီး ထူးထူးခြားခြား ပြောင်းလဲသွားတာမျိုး မရှိပါဘူး။ အရင်အတိုင်းပဲ အရပ်ရှည်ပြီး ခန့်ညားနေတုန်းပါပဲ။

သဝန်တိုတာက ရှုံးနိမ့်တာပဲ မဟုတ်ဘူးလား။

တွေးကြည့်မယ်ဆိုရင်တော့ သူက အမြဲတမ်း သူ့ရဲ့ ရည်းစားရေးရာ ပြဿနာတွေကို ကျွန်တော်တို့ဆီ ရင်ဖွင့်တတ်ပြီး အကူအညီ တောင်းတတ်တာ ဖြစ်ပေမဲ့ ဖွင့်ပွဲပါတီ ပြီးကတည်းကတော့ ဘာမှ သိပ်ပြီး မပြောတော့တာပါ။

ဒီအတောအတွင်းမှာ တစ်ခုခု ဖြစ်သွားခဲ့လို့လား။

အစည်းအဝေး ပြီးဆုံးသွားခဲ့ပြီးတဲ့နောက်မှာတော့ ကျွန်တော် ဟင်နရီကို စီအီးအို ရုံးခန်းဆီ ခေါ်ယူလိုက်တယ်။ အဲဒီနောက် အလုပ်ကိစ္စတွေအကြောင်း ပြောရင်းနဲ့ပဲ ဒီအတိုင်း မေးမြန်းလိုက်တာပေါ့။

"ဒီအတိုင်း သိချင်လို့ မေးကြည့်တာပါ၊ မင်း အစ်မ ဟျွန်းဂျူးနဲ့ တွဲနေတာတော့ မဟုတ်ဘူးမလား"

ဟင်နရီ က အနည်းငယ် လန့်သွားပုံရပေမဲ့ မကြာခင်မှာပဲ ခါးသီးတဲ့ အမူအရာမျိုး ပြုလုပ်လိုက်ရင်း ခေါင်းကို ခါယမ်းလိုက်တယ်။

"မဟုတ်ပါဘူး။ သေချာပေါက် မဟုတ်ဘူး"

သူ့ရဲ့ အမူအရာက ရုတ်တရက်ကြီး မှောင်မိုက်သွားခဲ့တယ်။

"တစ်ခုခု ဖြစ်ခဲ့လို့လား"

"မဟုတ်ပါဘူး။ ဘာမှ မဖြစ်ခဲ့ပါဘူး"

ကျွန်တော်ကတော့ ဟင်နရီ ရဲ့ မျက်နှာကို သေသေချာချာ စိုက်ကြည့်နေခဲ့တယ်။ သူကတော့ ဘာမှမဖြစ်သလိုမျိုး အမူအရာ လုပ်နေခဲ့ပေမဲ့ သူ့ရဲ့ နှုတ်ခမ်းထောင့်တွေကတော့ အနည်းငယ် တုန်ယင်နေပါတယ်။

သေချာပေါက် တစ်ခုခုတော့ ဖြစ်ခဲ့တာပဲ။

တကယ်လို့ သူက ဒါကို မပြောပြချင်ဘူးဆိုရင်တော့ ဇွတ်အတင်း မေးနေဖို့အတွက် အကြောင်းပြချက် မရှိပါဘူး။

"ငါ သွားလိုက်ဦးမယ်"

သူကတော့ အားအင်မရှိတဲ့ ခြေလှမ်းတွေနဲ့ပဲ စီအီးအို ရုံးခန်းထဲကနေ ထွက်ခွာသွားတယ်။

တံခါး ပိတ်သွားတာနဲ့ တစ်ပြိုင်ထဲ တက်ဂယူ က ချက်ချင်း ပြောလာခဲ့တယ်။

"တစ်ခုခုတော့ ဖြစ်ခဲ့တာပဲ"

ကျွန်တော် ခေါင်းညိတ်ပြလိုက်ရင်း ပြောတယ်။

"သူ ဖွင့်ပြောပြီး အငြင်းခံလိုက်ရတဲ့ ပုံစံပဲ"

"ဒါမှမဟုတ်ရင်လည်း ငါ့အစ်မက သူ ဖွင့်ပြောနိုင်မယ့် လေထုမျိုး မဖန်တီးခင် ကတည်းက စည်းတစ်ခုကို ကြိုပြီး တားလိုက်တာလည်း ဖြစ်နိုင်တာပဲ"

ဘာပဲဖြစ်ဖြစ် သူတို့တွေ တွဲမနေကြတာကတော့ သေချာပါတယ်။

ဒါဆိုရင် အစ်မ ဟျွန်းဂျူးက ဘယ်သူနဲ့ ဆုံတွေ့နေရတာလဲ။

သူတစ်ပါးရဲ့ အချစ်ရေး ကိစ္စတွေကို ဘာလို့ ဒီလောက်အထိ စိုးရိမ်နေရတာလဲဆိုတာကို ကိုယ်တိုင်လည်း မသိပေမဲ့ သူတို့ နှစ်ယောက်စလုံးက ကျွန်တော့်အတွက်တော့ တန်ဖိုးရှိတဲ့ လူတွေ ဖြစ်ကြတာပါ။

အရာအားလုံး အဆင်ပြေသွားဖို့ပဲ မျှော်လင့်မိပေမဲ့ အချစ်ရေး ဆက်ဆံရေးတွေဆိုတာက ပတ်ဝန်းကျင်ကလူတွေ ဆန္ဒရှိသလိုမျိုး အမြဲတမ်း ဖြစ်ပေါ်လာတာတော့ မဟုတ်ပါဘူး။ တကယ်လို့ အဆင်မပြေခဲ့ရင်တောင်မှ သူတို့တွေ အချင်းချင်း ကောင်းမွန်တဲ့ ဆက်ဆံရေးအတိုင်း ရှိနေကြဖို့ပဲ မျှော်လင့်ရမှာပဲ။

"ငါ အစ်မ ဟျွန်းဂျူးနဲ့ တွေ့ဖို့ လိုနေပြီ"

ကျွန်တော်တို့တွေ Golden Gate အဆောက်အဦးဆီ ဦးတည်ခဲ့ကြတယ်။

အစည်းအဝေးက ထင်ထားတာထက် ပိုပြီး ကြာမြင့်နေခဲ့တာ ဖြစ်လို့ ကျွန်တော်တို့တွေ ဌာနခွဲမန်နေဂျာရဲ့ ရုံးခန်းထဲမှာ ခဏလောက် စောင့်ဆိုင်းနေခဲ့ကြရတာပေါ့။ စားပွဲပေါ်မှာ အမြဲတမ်း ရှိနေတတ်တဲ့ ဆေးလိပ်တွေနဲ့ ဆေးလိပ်ပြာခွက်ကိုတော့ ဘယ်နေရာမှာမှ မတွေ့ရတော့ပါဘူး။

အစ်မက ဘယ်အချိန်တုန်းက ဆေးလိပ် ဖြတ်လိုက်တာလဲ။

တက်ဂယူ ကတော့ မလိုအပ်ဘဲ စူးရှတဲ့ အကြည့်မျိုးနဲ့ ပွစိပွစိ ပြောနေခဲ့တယ်။

"ဘယ်ကောင်ကများ ငါ့အစ်မနဲ့ တွဲနေရတာလဲ။ ငါ့ရဲ့ ခွင့်ပြုချက်မပါဘဲ ဒါမျိုး လုပ်ရဲတယ်ပေါ့လေ"

"……"

အဲဒီလူက ဘယ်သူပဲဖြစ်ဖြစ် မင်းရဲ့ ခွင့်ပြုချက်က ဘာလို့ လိုအပ်ရမှာလဲ။

မကြာခင်မှာပဲ အစ်မ ဟျွန်းဂျူးနဲ့ အယ်လီ တို့ အတူတူ ဝင်ရောက်လာခဲ့ကြတယ်။

"ငါ ကော်ဖီ ဝယ်လာခဲ့တယ်"

"ကျေးဇူးပဲ၊ ကောင်းကောင်း သောက်ပါ့မယ်"

ကျွန်တော်တို့တွေ အချင်းချင်း သတိကြီးစွာနဲ့ စိုက်ကြည့်နေခဲ့ကြတယ်။

အစ်မ ဟျွန်းဂျူးက ဆိုဖာပေါ်မှာ နောက်မှီလိုက်ရင်း ပြောတယ်။

"ဘာကိစ္စလဲ။ ပြောစရာ ရှိလို့လား"

"အာ… အဲဒါကတော့…"

ဒါကို ဘယ်လိုမျိုး စကားစရမလဲ။

ကျွန်တော် တွေးနေခဲ့တဲ့အချိန်မှာပဲ တက်ဂယူ က တိုက်ရိုက် မေးမြန်းလိုက်တယ်။

"မမ။ အခု ရည်းစားရနေတာလား"

အဲဒီအခါကျမှ အစ်မ ဟျွန်းဂျူးက မလုံမလဲဖြစ်သွားတဲ့ အမူအရာမျိုး လုပ်လိုက်ရင်းပြောတယ်။

"ဘာတွေ ရုတ်တရက်ကြီး လာပြောနေရတာလဲ"

"မဟုတ်ဘူးလေ။ မမ ဆေးလိပ်ဖြတ်လိုက်ပြီး အလုပ်ပမာဏကိုလည်း လျှော့ချလိုက်တယ်လို့ ကြားတယ်။ ပြီးတော့ အလုပ်ပြီးရင်လည်း တစ်နေရာရာဆီ လျှို့ဝှက်ပြီး သွားတတ်သေးတယ်။ ဒါက ရည်းစားရနေတာ မဟုတ်ရင် ဘာဖြစ်နိုင်ဦးမှာလဲ"

အယ်လီ ကလည်း ဘေးကနေ တက်ဂယူ ရဲ့ စကားကို ဝင်ပြီး ထောက်ခံပေးခဲ့တယ်၊

"ဟုတ်တယ်။ ရည်းစားရတာက မကောင်းတဲ့ အရာမှ မဟုတ်တာကို"

အစ်မ ဟျွန်းဂျူးက တဟားဟား အော်ရယ်လိုက်ရင်း ပြောတယ်။

"နင်တို့တွေ ငါ့ကို ဘာလို့ တွေ့ချင်နေရတာလဲလို့ တွေးနေခဲ့တာ…"

"ပြောပြပါဦး။ မမရဲ့။ ဘယ်ကောင်ကများ… မဟုတ်ဘူး၊ ဘယ်သူနဲ့ တွဲနေတာလဲ"

အစ်မက တစ်စုံတစ်ခုကို လှမ်းပြီး ရှာဖို့ လုပ်လိုက်ပေမဲ့ ချက်ချင်းပဲ ရပ်တန့်လိုက်တယ်။ သူက အကျင့်အတိုင်း ဆေးလိပ်ကို လှမ်းပြီး ရှာမိတာ ထင်တယ်။

အစ်မ ဟျွန်းဂျူးက မတတ်နိုင်တော့ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ သက်ပြင်းချလိုက်ရင်း ပြောတယ်။

"ကောင်းပြီလေ။ ငါလည်း နင်တို့ကို သိပ်မကြာခင်မှာ ပြောပြဖို့ လုပ်နေတာ ဖြစ်လို့ အခုပဲ ပြောပြလိုက်တော့မယ်။ ကြားရင်တော့ မလန့်သွားနဲ့ဦးနော်"

တက်ဂယူ က ဖျော်ရည်ကို သောက်ရင်း ပြောတယ်။

"ဟုတ်ကဲ့ပါ။ မမ ဘယ်သူနဲ့ပဲ တွဲနေတွဲနေ ကျွန်တော်ကတော့ ဘယ်လိုမှ လန့်သွားမှာ မဟုတ်တာ ဖြစ်လို့ အမြန်သာ ပြောပြပါတော့"

"တကယ်တော့…"

အစ်မရဲ့ စကားကို ကြားပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့အားလုံး တကယ့်ကို ကြီးမားတဲ့ တုန်လှုပ်မှုကို ခံစားလိုက်ရပါတော့တယ်။

ဘယ်လိုမှ လန့်သွားမှာ မဟုတ်ပါဘူးဆိုတဲ့ တက်ဂယူ ဆိုရင် သောက်နေတဲ့ ဖျော်ရည်တွေကိုတောင် ခွက်ထဲဆီ ပြန်ပြီး သီးထွက်သွားခဲ့ရတဲ့အထိပဲ။

ကျွန်တော်လည်း သောက်နေတဲ့ ကော်ဖီတွေကို ပြန်ပြီး ထွေးထုတ်မိမတတ် ဖြစ်သွားခဲ့ရသလို အယ်လီ ကလည်း ချောင်းတွေ တဟွတ်ဟွတ် ဆိုးရင်း ခေါင်းကို ငုံ့ထားခဲ့ရတာပေါ့။

ခဏကြာတော့မှ အရင်ဆုံး သတိပြန်ဝင်လာခဲ့တဲ့ တက်ဂယူ က ကုမ္ပဏီတစ်ခုလုံး ကြားရလောက်မယ့် အသံမျိုးနဲ့ အော်ဟစ်လိုက်တယ်။

"ဘာ။ အစ်မမှာ ကိုယ်ဝန် ရှိနေပြီ ဟုတ်လား"

All Chapters