← Chapters

အခန်း (၂၄၅-၂၄၆)

Vol. 25 Ch. 245-246

အခန်း (၂၄၅-၂၄၆)

Vol. 25 Ch. 245-246

အခန်း (၂၄၅)

အစ်မ ဟျွန်းဂျူးက တက်ဂယူ ကို ကြည့်လိုက်ရင်း ပြောတယ်။

"အသံနည်းနည်းလျှော့စမ်း၊ ဆူညံနေတာပဲ"

အစ်မရဲ့ တုံ့ပြန်မှုကို ကြည့်ရသလောက်တော့ အယ်လီ လည်း သိထားပုံမရပါဘူး။ အစ်မရဲ့ အနီးကပ်ဆုံး လူယုံတောင်မှ မသိဘူးဆိုရင်တော့ ကုမ္ပဏီထဲမှာ ဘယ်သူမှ မသိကြဘူးလို့ ယူဆလို့ရတာပေါ့။

ကျွန်တော်ကတော့ အော်ဟစ်ခြင်းမပြုခဲ့ပေမဲ့ အတူတူပဲ တုန်လှုပ်သွားခဲ့ရတာပါ။ အစ်မ ဟျွန်းဂျူးရဲ့ နှုတ်ခမ်းဖျားကနေ "ကိုယ်ဝန်" ဆိုတဲ့ စကားလုံး ထွက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ဖူးခဲ့ဘူးလေ။

ဩော်… ဒါကြောင့်မလို့ အစ်မက ဆေးလိပ်အထိပါ ဖြတ်လိုက်တာကိုး။

တွေးကြည့်မှပဲ အစ်မရဲ့ အရှေ့မှာရှိတဲ့ ကော်ဖီကတော့ အကောင်းတိုင်း ရှိနေသေးတာပဲ။ အစ်မက ပုံမှန်အားဖြင့် ကော်ဖီကို ရေလိုမျိုး သောက်တတ်တဲ့သူ ဖြစ်ပေမဲ့ ဒီနေ့တော့ လက်ဖျားနဲ့တောင် မထိခဲ့ဘူး။

"ဒါဆိုရင် အစ်မ အခုတလော အလုပ်ကနေ စောစောပြန်ပြီး ပျောက်ပျောက်သွားရတဲ့ အကြောင်းရင်းက…"

"ငါ အခုတလော ဆူဝမ် ဆေးရုံကို သွားနေတာ"

ဂန်နမ်မှာရှိတဲ့ ဆူဝမ် ဆေးရုံက အဆောက်အဦးတွေလည်း ကောင်းမွန်သလို VIP လူနာတွေအတွက် လုံခြုံရေးလည်း တင်းကြပ်တာလေ။ ပြီးတော့ ဒီနေရာကနေလည်း နီးပါတယ်။

ကျွန်တော်တို့ရဲ့ အကြည့်တွေကတော့ နေရာတစ်ခုထဲဆီကိုပဲ အတူတူ ရောက်ရှိသွားကြတယ်။ အဲဒီအခါကျမှ အစ်မ ဟျွန်းဂျူးက သူ့ရဲ့ ဗိုက်ကို အသာအယာ ပွတ်သပ်လိုက်ရင်း ပြောတယ်။

"နည်းနည်းတော့ ပူထွက်လာပြီဆိုပေမဲ့ သိသိသာသာကြီးတော့ မဟုတ်သေးပါဘူး။ ဒါပေမဲ့ နောက်ဆိုရင်တော့ ဒီလိုမျိုး အဝတ်အစားတွေကို ဝတ်လို့ရတော့မှာ မဟုတ်ဘူး"

ဒါဆိုရင်တော့ အကြမ်းဖျင်းအားဖြင့် ၄ လ ဒါမှမဟုတ် ၅ လလောက် ရှိနေပြီပေါ့။

တက်ဂယူ ကတော့ ဆွံ့အသွားတဲ့ အမူအရာမျိုးနဲ့ ပြောတယ်။

"ဘာ… ဘာကြီးလဲဗျာ။ ဒါဆိုရင် တော်တော်လေးတောင် ကြာနေပြီပဲ။ မမက လက်တောင်မထပ်ရသေးဘဲနဲ့ ဘယ်လိုမျိုး ကိုယ်ဝန် ရလာရတာလဲ"

အစ်မ ဟျွန်းဂျူးက အေးအေးဆေးဆေးပဲ ပြန်ပြောတယ်။

"အင်း… ဘာပဲဖြစ်ဖြစ် အဆင်ပြေသွားတာပဲလေ။ ငါက လက်မထပ်ရရင်တောင်မှ ကလေးတစ်ယောက်တော့ ယူချင်တယ်လို့ အမြဲတမ်း တွေးခဲ့တာ။ အလုပ်ရှုပ်နေတာကို အကြောင်းပြချက် လုပ်ပြီး တောက်လျှောက် အချိန်ဆွဲနေခဲ့တာ ဖြစ်ပေမဲ့ အခုအချိန်မှ မဟုတ်ရင် နောက်ထပ် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူးလို့ ခံစားလိုက်ရလို့လေ"

ဒီလိုမျိုး ခေတ်ကြီးထဲမှာတော့ လက်မထပ်ခင် ကိုယ်ဝန်ရတာက ဆန်းသစ်တဲ့ အရာတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ အဲဒါထက် ပိုပြီး အရေးကြီးတဲ့ မေးခွန်းတစ်ခု ရှိနေသေးတာပါ။ ဒါပေမဲ့ မေးရတာက ရိုင်းပျသလိုမျိုး ဖြစ်သွားနိုင်တာ ဖြစ်လို့ ကျွန်တော် ကိုယ်တိုင်လည်း မမေးရဲပါဘူး။

ကျွန်တော် တွေးနေခဲ့တဲ့အချိန်မှာပဲ တက်ဂယူ က တိုက်ရိုက် မေးလိုက်တယ်။

"ဘယ်သူ့ ကလေးလဲ"

"ဘယ်သူ့ကလေး ဖြစ်ရမှာလဲ၊ ငါ့ကလေးပေါ့"

"မဟုတ်ဘူးလေ၊ ကျွန်တော် မေးတာက ကလေးရဲ့ အဖေက ဘယ်သူလဲလို့"

သူက ထပ်ပြီး မေးလိုက်ပေမဲ့ အစ်မ ဟျွန်းဂျူးကတော့ တူညီတဲ့ အဖြေကိုပဲ ပေးခဲ့တယ်။

"ငါ့ကလေးပဲလေ၊ အဲဒါဆိုရင် မလုံလောက်သေးဘူးလား"

ကျွန်တော်ကတော့ ထပ်ပြီး မမေးဖို့အတွက် သူ့ရဲ့ နံဘေးကို လက်နဲ့ တွန်းလိုက်တယ်။ ဒါပေမဲ့ တက်ဂယူ ကတော့ မေးနေတာကို မရပ်တန့်ခဲ့ပါဘူး။

"ဘာလို့လဲ၊ ဘာလို့ မပြောနိုင်ရတာလဲ။ မ… မဟုတ်မှလွဲရော အဲဒီလူက အိမ်ထောင်ရှိတဲ့လူ ဒါမှမဟုတ် အဲဒီလိုမျိုး လူစားမျိုး ဖြစ်နေလို့လား"

မင်း ပါးစပ်ကိုခဏလောက် ပိတ်ထားပေးပါတော့ဟ။

သူ့ကို သတိမေ့သွားအောင် သွားပြီး လည်ပင်းညှစ်လိုက်ရင် ကောင်းမလားမသိဘူး။

"အမျိုးသမီးတစ်ယောက်ထဲနဲ့ ကလေးတစ်ယောက်ကို အုပ်ထိန်းရတာက တကယ်ကို ခက်ခဲလွန်းတယ်လေ"

"ဘာတွေ ခက်ခဲလို့လဲ"

"အဲဒါကတော့…"

မိဘ နှစ်ယောက်စလုံး ရှိနေရင်တောင်မှ အလုပ်လုပ်ရင်းနဲ့ ကလေးတစ်ယောက်ကို တစ်ယောက်ထဲ ပြုစုပျိုးထောင်ရတာက ခက်ခဲလွန်းတာပါ။ ဒါပေမဲ့ ငွေရှိရင်တော့ အရာအားလုံးကို ဖြေရှင်းပေးနိုင်တာပေါ့။

အစ်မ ဟျွန်းဂျူးရဲ့ နှစ်စဉ် လုပ်ခလစာက ဒေါ်လာ သန်းချီ ရှိနေတာလေ။ ပြီးတော့ သူက OTK ကုမ္ပဏီ ရဲ့ ရှယ်ယာ ၃ ရာခိုင်နှုန်းကိုလည်း ပိုင်ဆိုင်ထားသေးတာ။ ဒီလောက်အထိ ရှိနေတာဆိုရင်တော့ သူ့အနေနဲ့ ကလေးကို ပြုစုပျိုးထောင်ဖို့အတွက် ငွေကြေးကိစ္စကို လုံးဝ စိုးရိမ်စရာ မလိုပါဘူး။

လူမှုရေး ရှုမြင်ပုံတွေနဲ့ ကလေးနဲ့အတူ အချိန် ဘယ်လောက်အထိ ကုန်ဆုံးစေနိုင်မလဲဆိုတာကတော့ သီးခြား ပြဿနာတစ်ခု ဖြစ်နေဦးမှာပါ။

ကျွန်တော်တို့ နိုင်ငံမှာဆိုရင်တော့ လူတွေက တစ်ကိုယ်ရေမိခင်တွေကို အမြင်စောင်းတဲ့အမြင်နဲ့ ချက်ချင်း ကြည့်တတ်ကြပေမဲ့ နိုင်ငံတိုင်းကတော့ ဒါမျိုး မဟုတ်ပါဘူး။

ဖွံ့ဖြိုးပြီးသား ဥရောပ နိုင်ငံတွေမှာဆိုရင်တော့ မိသားစု ပုံစံအမျိုးမျိုးကို အသိအမှတ်ပြုထားကြတာပါ။ လက်မထပ်ဘဲ ကလေးယူတာ၊ အတူတူ နေထိုင်ကြတာ၊ လွတ်လပ်စွာ တွဲကြတာ စသဖြင့်ပေါ့။

ပြင်သစ် သမ္မတဟောင်း ဆိုရင်တောင်မှ လက်မထပ်ရသေးဘဲ ကွာရှင်းထားတဲ့ အမျိုးသမီးတစ်ယောက်နဲ့ အတူတူ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ သူက အတူတူနေသူ ရှိနေရက်နဲ့တောင် မင်းသမီးတစ်ယောက်နဲ့ လျှို့ဝှက်ပြီး ဖောက်ပြန်ခဲ့သေးတယ်။

ကိုရီးယားမှာဆိုရင်တော့ လူတွေက နိုင်ငံတစ်ခုရဲ့ သမ္မတက ဘယ်လိုမျိုး ဒါမျိုး လုပ်နိုင်ရတာလဲဆိုပြီး တုန်လှုပ်သွားလောက်ကြမယ်ဆိုပေမဲ့ ပြင်သစ် ပြည်သူတွေကတော့ ဆန့်ကျင်ဘက်အနေနဲ့ သမ္မတရဲ့ တရားဝင် တာဝန်ဝတ္တရားတွေနဲ့ ကိုယ်ရေးကိုယ်တာ ဘဝက သီးခြားစီပဲ ဖြစ်တယ်ဆိုပြီး အများစုက ဂရုမစိုက်ခဲ့ကြပါဘူး။

တွေးကြည့်မယ်ဆိုရင်တော့ ကိုရီးယားက 'သာမန်မိသားစု' ဆိုတဲ့ ဘောင်တစ်ခုကို သတ်မှတ်ထားပြီး အဲဒီစံနှုန်းကနေ သွေဖည်သွားတဲ့ လူတွေကို အမြင်မကြည်သလိုမျိုး ကြည့်တတ်ကြတာက ပိုပြီး ထူးဆန်းတာတောင် ဖြစ်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် အစ်မက ကျွန်တော်တို့ကို မပြောပြချင်ဘူးဆိုရင်တော့ တောက်လျှောက် ဖိအားပေးနေဖို့အတွက် အကြောင်းပြချက် မရှိဘူးလေ။

ခဏလောက် ငြိမ်သက်ပြီး နားထောင်နေခဲ့တဲ့ အယ်လီ က စိတ်ပျက်သွားတဲ့ အမူအရာမျိုးနဲ့ ပြောလာတယ်။

"ဘာလို့ ငါ့ကို စောစောမပြောပြခဲ့တာလဲ။ ငါ့ကိုတော့ ပြောပြလို့ ရခဲ့တာပဲ မဟုတ်ဘူးလား"

"တောင်းပန်ပါတယ်။ ငါလည်း နင့်ကို ပြောပြဖို့ ကြိုးစားခဲ့ဖူးပေမဲ့ အချိန်အခါက မသင့်ခဲ့လို့ပါ"

အစ်မ ဟျွန်းဂျူးက တောင်းပန်လိုက်ပေမဲ့ အယ်လီ ကတော့ စိတ်မပြေသေးတဲ့ ပုံစံမျိုးနဲ့ တမင်သက်သက် စိတ်ကောက်တဲ့ အမူအရာမျိုး လုပ်နေခဲ့တယ်။

"ကလေးက ကျန်းမာရဲ့လား"

"အင်း။ ငါလည်း ကိုယ်ဝန်အစောပိုင်းကာလတွေတုန်းက ကိုယ်ဝန်ရှိနေမှန်း မသိဘဲ ဆေးလိပ်သောက်မိတာလေ။ အလုပ်တွေ အလွန်အကျွံ လုပ်မိတာတွေ ရှိခဲ့လို့ အနည်းငယ် စိုးရိမ်ခဲ့ရပေမဲ့ ကံကောင်းထောက်မစွာနဲ့ပဲ ဘာပြဿနာမှ မရှိပါဘူး"

"ပုံမှန်ဆိုရင် ရာသီသွေး လာတာကို ကြည့်ပြီး သိနိုင်တာပဲ မဟုတ်ဘူးလား"

"နင်လည်း သိတဲ့အတိုင်း ငါက ရာသီသွေး လာတာ မမှန်ဘူးလေ။ ပထမ လတုန်းကတော့ ဒီအတိုင်းပဲ ရာသီကျော်သွားတာလို့ ထင်နေခဲ့တာ"

"အဲလိုပုံမှန်မလာတာက အလုပ်အလွန်အကျွံ လုပ်တာနဲ့ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်ရတာ။ ငါလည်း စိတ်ဖိစီးမှုတွေ အများကြီး ရှိလာတဲ့အချိန်ကျရင် ရာသီလာတာ မမှန်တော့ဘူး။ ပြီးတော့ ရာသီလာရင် ကိုက်ခဲတာကလည်း ပိုပြီး ပြင်းထန်လာတတ်သေးတယ်"

ဘေးကနေ ဒါမျိုး စကားတွေကို နားထောင်နေရတာက တကယ်ကို ရှက်စရာ ကောင်းလှပါတယ်။ ဘေးနားမှာ အမျိုးသားတွေ ထိုင်နေတာကို ဒါမျိုး ကိစ္စတွေကို ပြောပြလို့ ဖြစ်လို့လား။

တည်ငြိမ်နေတဲ့ အစ်မ ဟျွန်းဂျူးနဲ့မတူဘဲ တက်ဂယူ ကတော့ အခုအချိန်အထိ ဇဝေဇဝါ ဖြစ်နေတုန်းပဲ။

"အမေနဲ့ အဖေ ရော သိပြီးကြပြီလား"

အစ်မ ဟျွန်းဂျူးက ခေါင်းကို ခါယမ်းလိုက်ရင်း ပြောတယ်။

"မသိသေးဘူး။ ငါ နောက်မှ သူတို့ကို ပြောပြမှာမလို့ အဲဒီအချိန်အထိတော့ ပါးစပ်ကို ပိတ်ထားပေးပါ"

ကျွန်တော်တို့တွေ ကုမ္ပဏီဆီ ပြန်လာခဲ့ကြတယ်။

တက်ဂယူ ကတော့ တောက်လျှောက် ပွစိပွစိ ပြောနေခဲ့တာပေါ့။

"ဘယ်သူလဲ၊ ဘယ်သူ ဖြစ်နိုင်မလဲ။ ငါသာ အဲဒီကောင်ကို မိလို့ကတော့ လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး"

"……."

မင်းက ဘာလုပ်မှာမလို့လဲ။

"မင်းရော မသိချင်ဘူးလား"

ကျွန်တော်လည်း သိချင်တာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ခေါင်းချင်းဆိုင်ပြီး တွေးနေရင်တောင်မှ ဘာမှ ထွက်လာမှာ မဟုတ်ဘူးလေ။

ခဏကြာတော့ အယ်လီ က ကျွန်တော်တို့နားဆီ တိတ်တဆိတ် ရောက်ရှိလာတယ်။ ကျွန်တော်တို့ သုံးယောက် ခေါင်းချင်းဆိုင်ပြီး စကားပြောလိုက်ကြတယ်။

"ပထမဆုံးအနေနဲ့ ကလေးလေး ရောက်လာတော့မှာ ဖြစ်လို့ ဂုဏ်ယူဝမ်းမြောက်စရာ ကိစ္စဆိုပေမဲ့…"

"အဲဒါကတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ကလေးရဲ့ အဖေက ဘယ်သူလဲဆိုတာကိုတော့ သိဖို့ လိုအပ်တယ်လေ"

ကျွန်တော် ခဏလောက် စဉ်းစားလိုက်ပြီးတဲ့နောက် ခေါင်းကို ခါယမ်းလိုက်ရင်း ပြောလိုက်တယ်။

"ဒါပေမဲ့ ဒါက အစ်မ ဟျွန်းဂျူးရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ မဟုတ်ဘူးလား။ သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာ ဘဝထဲကို အလွန်အကျွံ ဝင်ရောက် စွက်ဖက်တာက ရိုင်းပျရာ ရောက်နေမှာ မဟုတ်ဘူးလား"

အဲဒီအခါကျမှ တက်ဂယူ က ယုံကြည်ချက်ရှိရှိနဲ့ ပြန်ပြောတယ်။

"ငါက 'သူတစ်ပါး' မဟုတ်ဘူးလေ။ ငါက ငါ့အစ်မရဲ့ မောင်။ မိသားစုဆိုတာက ကွဲပြားခြားနားတယ်"

သူ့ရဲ့ စကားကို နားထောင်ရတာကလည်း ဟုတ်နေသလိုပါပဲ။ ကျွန်တော်ကတော့ အပြင်လူ ဖြစ်ပေမဲ့ သူကတော့ မဟုတ်ဘူးလေ။

"အာ… တကယ်လား။ ဒါဆိုရင် ငါလည်း ကူညီပေးရမလား"

အယ်လီ ကလည်း တက်ကြွစွာနဲ့ပဲ ရှေ့ကို ထွက်လာတယ်။

"ငါလည်း ကူညီမယ်"

တက်ဂယူ က မေးတယ်။

"အစ်မက အဲဒီလူကို ကိုယ်ဝန်ရှိတဲ့အကြောင်း ပြောပြပြီးပြီလို့ ထင်လား"

အယ်လီ က ခေါင်းကို ခါယမ်းလိုက်ရင်း ပြောတယ်။

"အင်း… အဲဒီလူက ဘယ်သူလဲဆိုတာကို မသိရသေးပေမဲ့ ဂျက်စီကာရဲ့ စရိုက်ကို သိရသလောက်တော့ ပြောပြမှာ မဟုတ်တာက ရာခိုင်နှုန်း အများကြီး ပိုများတယ်"

"သေချာပေါက် အဲဒီလိုမျိုး ဖြစ်မှာပဲ မဟုတ်ဘူးလား"

စဉ်းစားကြည့်ကြရအောင်။

အစ်မ ဟျွန်းဂျူးက ကလေးရဲ့ အဖေအကြောင်းကို ကျွန်တော်တို့ကို ဘာလို့ မပြောပြခဲ့တာလဲ။ သူ မပြောပြနိုင်ရတဲ့ အကြောင်းရင်းက တကယ်ပဲ ရှိနေလို့လား။

အမျိုးမျိုးသော အခြေအနေတွေကို ကြည့်ရသလောက်တော့ သူက တခြားလူတစ်ယောက်နဲ့ တွဲနေခဲ့တဲ့ ပုံစံမျိုး မဟုတ်ပါဘူး။ ဒါမျိုးဆိုရင်တော့……

ပထမဆုံး ခေါင်းထဲ ထွက်ပေါ်လာတဲ့ လူကတော့ ဟင်နရီ ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အကြိမ်တုန်းက စကားပြောခဲ့ကြစဉ်ကလည်း သူက တစ်စုံတစ်ခုကို ဖုံးကွယ်ထားခဲ့သေးတာလေ။ သူတို့ အချင်းချင်းကြားထဲမှာ တကယ်ပဲ တစ်ခုခု ဖြစ်ပွားခဲ့လို့လား။

နောက်ထပ် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းတဲ့ အချက်တစ်ခုကတော့ အယ်လီ ပြောခဲ့တဲ့ အမျိုးသားပဲ ဖြစ်ပါတယ်။ အစ်မ ဟျွန်းဂျူးကို တွေ့ဖို့အတွက် ကုမ္ပဏီနဲ့ ဟိုတယ်ဆီ ရောက်လာခဲ့တဲ့ အဲဒီအမျိုးသားက ဘယ်သူလဲ။

အယ်လီ က ပြောတယ်။

"ငါ အဲဒီအမျိုးသားက ဘယ်သူလဲဆိုတာကို စုံစမ်းလိုက်မယ်။ သူ ကုမ္ပဏီဆီ လာခဲ့တဲ့ နေ့ရက်နဲ့ အချိန်ကို သိထားတာ ဖြစ်လို့ သူ့ရဲ့ နာမည်ကိုတော့ ရှာနိုင်မှာပါ"

"ကောင်းပါပြီ"

အရင်ဆုံးတော့ ကျွန်တော် ဟင်နရီ နဲ့ စကားပြောဖို့ လိုအပ်ပါတယ်။

ကျွန်တော် ဟင်နရီ ကို စီအီးအို ရုံးခန်းဆီ ထပ်ပြီး ခေါ်ယူလိုက်တယ်။

"ဘာကိစ္စ ရှိလို့လဲ"

"ငါ မင်းကို မေးစရာ မေးခွန်းတချို့ ရှိလို့ပါ"

ပြီးခဲ့တဲ့ အကြိမ်တုန်းက ခံစားခဲ့ရသလိုမျိုးပဲ သူ့ရဲ့ အမူအရာက မှောင်မိုက်နေပါတယ်။

ကျွန်တော်ကတော့ ဘာမှမဟုတ်သလိုမျိုး ပုံစံနဲ့ ဒီအတိုင်း ဖြတ်ခနဲ မေးလိုက်တယ်။

"မင်း မတော်တဆ အစ်မ ဟျွန်းဂျူးနဲ့ အတူတူ အိပ်ခဲ့မိတာမျိုး ရှိလား"

ကျွန်တော့်ရဲ့ စကားကြောင့် ဟင်နရီ က လန့်ဖျပ်သွားတယ်။

"ဘ… ဘယ်လိုမျိုး သိသွားတာလဲ"

ဒီတစ်ကြိမ်မှာတော့ တက်ဂယူ တစ်ယောက် တုန်လှုပ်သွားရမယ့် အလှည့်ပေါ့။

"ဘာ… ဘာဖြစ်တယ်။ မင်း တကယ်ပဲ အစ်မနဲ့ အတူတူ အိပ်ခဲ့တာ ဟုတ်လား"

အဲဒီအချိန်ကျမှ ဟင်နရီ လည်း သူစကားပြောမှားသွားတာကို သဘောပေါက်သွားခဲ့တယ်။

"မအေဘေး။ မင်းကများ ငါ့အစ်မကို လုပ်ရဲတယ်ပေါ့လေ"

ကျွန်တော်ကတော့ အနောက်ကနေ လှမ်းပြီး ထိုးကြိတ်ဖို့ လုပ်နေတဲ့ တက်ဂယူ ကို လှမ်းပြီး ဆွဲထားလိုက်ရတယ်။

"ငြိမ်ငြိမ်နေစမ်း။ ငတုံးရဲ့"

ဟင်နရီ ကတော့ သူက အပြစ်တစ်ခုခုကို ကျူးလွန်ထားခဲ့သလိုမျိုး အမူအရာနဲ့ ခေါင်းကို ငုံ့ထားခဲ့တာ ဖြစ်ပါတယ်။

ခဏကြာတော့မှ အသက်ရှူသံတွေကို တည်ငြိမ်အောင် လုပ်လိုက်တဲ့ တက်ဂယူ က ယောက္ခမကြီး တစ်ယောက်လိုမျိုး တင်းမာတဲ့ အမူအရာနဲ့ ပြောလာတယ်။

"ငါ မင်းကို တစ်ခုပဲ မေးမယ်။ မင်း ငါ့အစ်မကို အခုအချိန်အထိ သဘောကျနေတုန်းပဲလား"

ဟင်နရီ က အားအင်မရှိသလိုမျိုး ခေါင်းညိတ်ပြလိုက်ရင်း ပြောတယ်။

"သေချာတာပေါ့။ ငါလည်း သူ့ကို မေ့ပစ်ဖို့အတွက် အကြိမ်ပေါင်းများစွာ မရေမတွက်နိုင်အောင် တွေးခဲ့ဖူးပေမဲ့ ငါ့ရဲ့ နှလုံးသားကတော့ သူ့ဆီမှာပဲ တောက်လျှောက် ရှိနေခဲ့တာ"

"ဒါဆိုရင်လည်း မင်းတို့ နှစ်ယောက်ကြားထဲမှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာကို ရိုးရိုးသားသား ပြောပြပါ။ အဲဒါမှပဲ ငါတို့လည်း ကူညီပေးနိုင်မှာလေ"

ဟင်နရီ က ကျွန်တော့်ရဲ့ စကားကြောင့် တုံ့ဆိုင်းနေခဲ့ပေမဲ့ သက်ပြင်းအရှည်ကြီး ချလိုက်ရင်း ပြောပြတယ်။

"တကယ်တော့… အဲဒီနေ့တုန်းက……"

ဟျွန်းဂျူး က အလုပ်တွေကို ခဏ ရပ်ပြီး ပြတင်းပေါက်ရဲ့ ဘေးနားမှာ ရပ်ကာ အပြင်ဘက်ဆီ လှမ်းကြည့်နေခဲ့တယ်။ အောက်ဘက်က တီဟီရန်ရို လမ်းမကြီးပေါ်မှာတော့ ကားတွေက ပြည့်နှက်နေခဲ့တာပေါ့။

သူ့ရဲ့ ဗိုက်ပေါ် လက်ကို အသာအယာ တင်လိုက်တဲ့အချိန်မှာတော့ အံ့ဩစရာ ကောင်းလောက်အောင်ပဲ အထဲက ကလေးလေးရဲ့ လှုပ်ရှားမှုတွေကို ခံစားလိုက်ရသလိုမျိုး ဖြစ်သွားခဲ့ပါတယ်။

အခုအချိန်မှာတော့ အဆင်ပြေသေးတယ်ဆိုပေမဲ့ အချိန်တွေ ကုန်ဆုံးသွားတာနဲ့အမျှ ရုံးတက်ဖို့နဲ့ အလုပ်လုပ်ဖို့အတွက် ခက်ခဲလာတော့မှာပါ။ ပြီးတော့ ကလေးမွေးဖွားမယ့် အချိန်ဝန်းကျင်ကျရင်လည်း မီးဖွားခွင့် ယူရဦးမှာဖြစ်ပါတယ်။

ဒါကြောင့်မလို့ သူ့အနေနဲ့ ဌာနခွဲမန်နေဂျာ မရှိတဲ့ အချိန်မှာတောင်မှ ပြဿနာ တစ်စုံတစ်ရာ မရှိစေဖို့အတွက် တာဝန်ရှိသူတွေကို ခန့်အပ်ပြီး အလုပ်တွေကို ကြိုတင် ခွဲဝေပေးထားရတာပါ။

ဟျွန်းဂျူးက ကလေးမွေးဖွားပြီးတဲ့နောက်ပိုင်း အခြေအနေ အတွက်လည်း အနည်းငယ် စိုးရိမ်နေခဲ့တာ ဖြစ်ပါတယ်။

'ငါ တကယ်ပဲ အလုပ်နဲ့ ကလေးထိန်းတာကို မျှတအောင် လုပ်နိုင်ပါ့မလား'

ဟျွန်းဂျူး က အတိတ်က အဖြစ်အပျက်တွေကို ပြန်ပြီး တွေးတောမိသွားတယ်။

သူ့ရဲ့ နောက်ဆုံး တရားဝင် အချစ်ရေး ဆက်ဆံရေးက ကောလိပ်တုန်းကပါ။ သူ့ရဲ့ MBA ပြီးဆုံးပြီး Golden Gate ဆီ ဝင်ရောက်ခဲ့ပြီးတဲ့နောက်မှာတော့ အိပ်ဖို့အတွက် အချိန်တောင် မရှိလောက်အောင် အလုပ်ရှုပ်တဲ့ ရက်စွဲတွေက နှစ်အနည်းငယ်ကြာအောင် တောက်လျှောက် ဖြစ်ပေါ်နေခဲ့တာလေ။

အဲဒီနောက်ပိုင်းမှာတော့ သူ့အတွက် အားလပ်ရက် အနည်းငယ် ပိုပြီး ရှိလာခဲ့တာ ဖြစ်လို့ သူ့ဆီ ချဉ်းကပ်လာခဲ့ကြတဲ့ ဒါမှမဟုတ် ဖွင့်ပြောခဲ့ကြတဲ့ အမျိုးသားတွေ ရှိခဲ့ဖူးပေမဲ့ ရည်းစားဘဝအထိတော့ ရှေ့မဆက်ဖြစ်ခဲ့ပါဘူး။

သူက တစ်ယောက်ထဲ နေထိုင်ရတာကို ကျင့်သားရနေခဲ့ပြီ ဖြစ်လို့ အထီးကျန်တာမျိုး ဒါမှမဟုတ် ရည်းစားလိုချင်တာမျိုးတွေ တကယ်ကို မရှိခဲ့ဘူး။

ဒါပေမဲ့ အဲဒီနေ့တုန်းကတော့ တစ်ခုခုက အနည်းငယ် ကွဲပြားခြားနားနေခဲ့တယ်။

အခု ပြန်ပြီး တွေးကြည့်မယ်ဆိုရင်တော့ အကြောင်းပြချက် အမျိုးမျိုးက ပေါင်းစပ်သွားခဲ့လို့ ဒါမျိုး ဖြစ်ပွားခဲ့ရတာ ထင်ပါတယ်။

ပထမဆုံးအနေနဲ့ အယ်လီ နဲ့ ဂျင်ဟူ တို့ အတူတူ ရှိနေတာက တကယ်ကို ကြည့်ကောင်းလွန်းတာ ဖြစ်လို့ သူက မနာလိုသလိုမျိုး ခံစားခဲ့ရတာပါ။ ပြီးတော့ သူက အဝတ်အစားတွေ သေသေချာချာ ဝတ်ဆင်ပြီး ပါတီပွဲဆီ လာခဲ့တာမျိုး မလုပ်ဖြစ်တာ တော်တော်လေး ကြာနေပြီ ဖြစ်လို့ စိတ်လှုပ်ရှား တက်ကြွနေခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ပါတနာအနေနဲ့ လိုက်ပါ စောင့်ရှောက်ပေးခဲ့တဲ့ ဟင်နရီ ကလည်း ဘယ်အမျိုးသမီးမဆို အကြည့် မလွှဲနိုင်လောက်အောင် ခန့်ညားပြီး သန့်ပြန့်နေခဲ့တာပါ။

သူ တစ်ယောက်ထဲကသာ ဒါမျိုး ခံစားခဲ့ရတာ မဟုတ်ဘဲ ပါတီပွဲမှာရှိတဲ့ အမျိုးသမီးတွေကလည်း ဟင်နရီ ကို တစိမ့်စိမ့် ကြည့်ရင်း စကားလှမ်းပြောခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဟင်နရီကတော့ အားလုံးကို ယဉ်ယဉ်ကျေးကျေး ငြင်းဆိုခဲ့ပြီး သူ့ရဲ့ နံဘေးမှာပဲ တောက်လျှောက် ရှိနေခဲ့တယ်။

အဲဒီလိုမျိုး ပုံစံက တစ်နည်းအားဖြင့် အားကိုးထိုက်တယ်လို့ ခံစားခဲ့ရသလို တခြား အမျိုးသမီးတွေရဲ့ မနာလိုဖြစ်နေတဲ့ အကြည့်တွေကလည်း သဘောကျစရာ ကောင်းနေခဲ့တာလေ။

သန်းခေါင်ယံ အချိန်ဝန်းကျင်မှာတော့ ပါတီပွဲက ပြီးဆုံးသွားခဲ့ပြီး လူတိုင်း အိမ်ပြန်သွားခဲ့ကြတာပေါ့။

ဟင်နရီ နဲ့ သူက ဟိုတယ်တစ်ခုထဲမှာပဲ တည်းခိုနေကြတာ ဖြစ်လို့ ကားတစ်စီးထဲနဲ့ အတူတူ ပြန်လာခဲ့ကြတယ်။ ဒါပေမဲ့ ဟိုတယ်ဆီ ရောက်ခါနီး အချိန်မှာတော့ ဒီအတိုင်း တန်းပြီး ဝင်သွားရမှာက နှမြောစရာ ကောင်းလှတယ်လို့ သူ ခံစားလိုက်ရတာပါ။

ဒါကြောင့်မလို့ သူတို့တွေ ဟိုတယ်အနီးက ဘားတစ်ခုမှာ အတူတူ ထပ်ပြီး သောက်ခဲ့ကြတယ်။ သူတို့ အချင်းချင်း သိကျွမ်းခဲ့ကြတာက ကြာလှပြီ ဖြစ်ပေမဲ့ နှစ်ယောက်ထဲ သီးသန့် သောက်ဖြစ်ကြတာကတော့ ဒါက ပထမဆုံး အကြိမ်ပါပဲ။

သူတို့တွေ သောက်ရင်းနဲ့ပဲ အမျိုးမျိုးသော ကိစ္စတွေအကြောင်း စကားပြောဖြစ်ခဲ့ကြတယ်။

ပုံမှန်အားဖြင့်တော့ ဟျွန်းဂျူးက မူးသွားတဲ့အထိ ဘယ်တော့မှ မသောက်တတ်ပါဘူး။ ဒါပေမဲ့ အဲဒီအရက်ဝိုင်းက တကယ်ကို ပျော်စရာ ကောင်းနေခဲ့တာ ဖြစ်လို့ အဲဒါကြောင့်ပဲ ဟျွန်းဂျူးရဲ့ ပုံမှန် သောက်နေကျ လစ်မစ်ထက် ပိုပြီး သောက်မိသွားခဲ့တယ်။

ဟင်နရီ က မူးနေတဲ့ သူ့ကို အခန်းတံခါးအထိ လိုက်ပြီး ပို့ဆောင်ပေးခဲ့တယ်။ သူက ကျေးဇူးတင်စကား ပြောဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ ဟင်နရီ က ရုတ်တရက်ကြီး သူကို ပွေ့ဖက်လိုက်ရင်း နမ်းလိုက်တာပါ။

အဲဒီအချိန်မှာတော့ သူ့ရဲ့ ခေါင်းထဲမှာ မီးရှူးမီးပန်းတွေ ပေါက်ကွဲသွားသလိုမျိုး ခံစားလိုက်ရတယ်။

ဟျွန်းဂျူးက အနမ်းကို ရပ်တန့်လိုက်ပြီး မျက်လုံး ဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ ဘာလုပ်ရမှန်းမသိဘဲ ပြာယာခတ်နေတဲ့ ဟင်နရီ ကို မြင်တွေ့လိုက်ရတယ်။

ဟင်နရီက တစ်စုံတစ်ခုကို ပြောဖို့ ကြိုးစားခဲ့ပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူက အရင်ဆုံး ပြန်ပြီး နမ်းဖြစ်လိုက်ပါတယ်။ အဲဒီနောက် ချက်ချင်းပဲ ဟင်နရီကို အခန်းထဲဆီ ခေါ်ဆောင်သွားခဲ့တာပေါ့။

နောက်တစ်နေ့မှာတော့ ဟျွန်းဂျူးက ဘာမှမဖြစ်ခဲ့သလိုမျိုး ပုံစံနဲ့ အိပ်ရာကထပြီး ရုံးတက်ခဲ့တာ ဖြစ်ပေမဲ့ ဟျွန်းဂျူးရဲ့ နှလုံးသားကတော့ ပြင်းထန်စွာ တုန်လှုပ်နေခဲ့တာပါ။

အမျိုးသားနဲ့ အမျိုးသမီး ဆုံတွေ့ကြတဲ့အခါ တွဲနိုင်ကြသလို အတူတူလည်း အိပ်နိုင်ကြတာပဲလေ။

ဟျွန်းဂျူး ကတော့ အဲဒီတစ်ညတာ ဆက်ဆံရေးအပေါ်မှာ အဓိပ္ပာယ်တွေ အများကြီး မသတ်မှတ်ထားခဲ့ပါဘူး။ ဒါကြောင့်မလို့ ဟျွန်းဂျူးက ဟင်နရီ ကို မနေ့က ကိစ္စကို မေ့ပစ်လိုက်ဖို့နဲ့ ဘယ်သူ့ကိုမှ မပြောပြဖို့ တောင်းဆိုခဲ့တာပါ။

ဒါပေမဲ့ ဟင်နရီ ကတော့ သူ့ရဲ့ လုပ်ရပ်အတွက် တာဝန်ယူဖို့ ကြိုးစားတဲ့ ပုံစံမျိုးနဲ့ သူ့ရဲ့ ခံစားချက်တွေကို ချက်ချင်း ဖွင့်ပြောခဲ့တယ်။

အဲဒီအချိန်ကစပြီး ဟျွန်းဂျူးရဲ့ စိုးရိမ်ပူပန်မှုတွေက စတင်လာခဲ့တာပေါ့။

'ငါ ဟင်နရီ နဲ့ တွဲလို့ ဖြစ်ပါ့မလား'

နိုင်ငံသားနဲ့ လူမျိုး ကွဲပြားခြားနားတာကတော့ ပြဿနာ လုံးဝ မရှိပါဘူး။ ဒါပေမဲ့ အသက်အရွယ် ကွာခြားချက်နဲ့ သူတို့ရဲ့ သက်ဆိုင်ရာ ရာထူးတွေက ဟျွန်းဂျူးကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။

ဟင်နရီက ဟျွန်းဂျူးထက် ၇ နှစ်တောင် ငယ်ရွယ်တဲ့ အမျိုးသားတစ်ယောက် ဖြစ်သလို ဂျိန်း စီ ဂိုးမန်း ရဲ့ အမွေဆက်ခံသူလည်း ဖြစ်နေတာပါ။ (OTK ကုမ္ပဏီ နဲ့ Golden Gate ဝန်ထမ်းတွေကတော့ ဒါကို မသိကြပါဘူး)။ သူက နောက်ထပ် နှစ်အနည်းငယ်အတွင်းမှာ Golden Gate ကို အမွေဆက်ခံရမှာ ဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ သူတို့ရဲ့ ပတ်ဝန်းကျင်မှာ ပတ်သက်နေတဲ့ လူတွေကလည်း အများကြီး ရှိနေတာလေ။ တကယ်လို့ သူတို့ တွဲခဲ့ကြပြီး အဆင်မပြေဘဲ လမ်းခွဲလိုက်ကြရရင် အလုပ်ကိစ္စပိုင်းမှာ ပြဿနာတွေ ရှိလာနိုင်ပါတယ်။

အရာအားလုံးထက် ပိုပြီး အရေးကြီးတာကတော့ ဟျွန်းဂျူးကိုယ်တိုင်လည်း ခံစားချက်ကို သေချာ မသိသေးတာပါ။ ဟျွန်းဂျူးအနေနဲ့ ကိုယ့်ရဲ့အတွေးတွေနဲ့ ခံစားချက်တွေကို သေသေချာချာ စနစ်တကျ ပြန်ပြီး စဉ်းစားဖို့အတွက် အချိန် လိုအပ်နေခဲ့တယ်။

ကံကောင်းတာလား ကံဆိုးတာလားတော့ မသိရပေမဲ့ စီးပွားရေးခရီးစဉ်တွေနဲ့ အလုပ်ရှုပ်တဲ့ ကိစ္စတွေက အချိန်ကိုက် ဖြစ်ပေါ်လာခဲ့တာ ဖြစ်လို့ သူတို့တွေ ဆုံတွေ့ပြီး စကားပြောဖို့အတွက် အချိန် မရှိခဲ့ကြပါဘူး။ အဲဒီအတောအတွင်းမှာပဲ သူ့မှာ ကိုယ်ဝန်ရှိနေပြီဆိုတာကို သိရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဟျွန်းဂျူး သက်ပြင်းချလိုက်မိတယ်။

'ငါ တားဆေး ဒါမှမဟုတ် ကွန်ဒုံးသုံးခဲ့ရမှာ'

သူနေနေတာက မိုတယ်မဟုတ်တဲ့ ကြယ်ငါးပွင့်ဟိုတယ်ပါ။ ကွန်ဒုံးတွေ၊ တားဆေးတွေ အဆင်သင့် ရှိနေတဲ့နေရာမျိုးမဟုတ်ပါဘူး။

ဟင်နရီက အပြင်ထွက်ပြီး သွားဝယ်မယ်လို့ ကမ်းလှမ်းခဲ့ပေမဲ့ ဟျွန်းဂျူးကပဲ တားဆီးထားခဲ့တာ ဖြစ်ပါတယ်။ ဟျွန်းဂျူးက အဲဒီအချိန်တုန်းက ရရှိနေတဲ့ ခံစားချက်တွေကို ပျက်စီးမသွားစေချင်ခဲ့တာပါ။ ပြီးတော့ သူတို့ နှစ်ယောက်စလုံးကလည်း အဲဒီအချိန်ကို အရမ်း သဘောကျနှစ်ခြိုက်ခဲ့ကြတာလေ။

'ဒါပေမဲ့ ငါ ဒါမျိုး လွယ်လွယ်ကူကူနဲ့ ကိုယ်ဝန် ရလာလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး'

လောကကြီးမှာ ကိုယ်ဝန်မရနိုင်ဘဲ မြုံနေတဲ့ပြဿနာ ခံစားနေရတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေ အများကြီး ရှိတယ်လို့ ပြောကြပေမဲ့ ဟျွန်းဂျူးကတော့ အဲဒီအထဲမှာ မပါခဲ့တဲ့ ပုံပါပဲ။

တစ်ခုထဲသော ညတစ်ညကနေ အခြေအနေတွေ ဒါမျိုး ဖြစ်ပျက်သွားခဲ့တာက အဓိပ္ပာယ်မရှိသလိုမျိုး ရယ်စရာ ကောင်းနေခဲ့ပေမဲ့ တစ်ဖက်မှာတော့ အခြေအနေတွေ ဒါမျိုး ဖြစ်သွားခဲ့တာက စိတ်သက်သာရာရမှုမျိုးကို ခံစားလိုက်ရတယ်။

ဟျွန်းဂျူးက လက်ထပ်ဖို့ ဒါမှမဟုတ် မိသားစုတစ်ခု တည်ထောင်ဖို့အတွက် ဘယ်တုန်းကမှ အလေးအနက် မတွေးခဲ့ဖူးပေမဲ့ ကလေးတစ်ယောက်တော့ သေချာပေါက် ယူချင်ခဲ့တာပါ။

လက်ထပ်တာကတော့ ဟျွန်းဂျူး အသက်ကြီးသွားတဲ့အထိ စောင့်လို့ ရနိုင်တယ်ဆိုပေမဲ့ ကလေးယူနိုင်တဲ့ အချိန်ကတော့ ကန့်သတ်ချက် ရှိနေတာလေ။ ဟျွန်းဂျူးအနေနဲ့ အကြပ်အတည်း အခြေအနေတစ်ခုကို စတင် ခံစားလိုက်ရတဲ့ အချိန်မှာပဲ ဒါမျိုး ကိစ္စက သူ့ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ကလေးလေး ရလာတာက ပျော်စရာ ကောင်းလှပေမဲ့ ဟင်နရီ ကတော့ ဟျွန်းဂျူးကို စိုးရိမ်ပူပန်စေခဲ့တယ်။ သူတို့တွေ တစ်ညသာ အတူတူ ကုန်ဆုံးခဲ့ကြတာ ဖြစ်ပေမဲ့ တကယ်လို့ သူသာ ကိုယ်ဝန်ရှိတဲ့အကြောင်း သိသွားခဲ့ရင် ဟင်နရီဟာ ဘယ်လိုမျိုးမဆို တာဝန်ယူဖို့အတွက် ကြိုးစားမှာ ဖြစ်လို့ပါပဲ။

ကလေး ယူချင်တာက ဟျွန်းဂျူးကိုယ်တိုင်ရဲ့ အလိုဆန္ဒသာ ဖြစ်တာပါ။ အဲဒီအချက်ကြောင့်ပဲ ဟျွန်းဂျူးက တခြားလူတစ်ယောက်အပေါ်မှာ မလိုအပ်ဘဲ တာဝန်ဝတ္တရားတွေ သွားပြီး မပုံချချင်ခဲ့တာ ဖြစ်ပါတယ်။

ဟျွန်းဂျူးက ကလေးကို တစ်ယောက်ထဲ ကောင်းကောင်း ပြုစုပျိုးထောင်နိုင်တယ်ဆိုတာကိုလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိနေခဲ့တာလေ။

ဒါပေမဲ့ ဒါက ဟျွန်းဂျူး ထာဝရ ဖုံးကွယ်ထားနိုင်မယ့် ကိစ္စမျိုးတော့ မဟုတ်ပါဘူး။ မွေးဖွားလာမယ့် ကလေးက ကပြားလေး ဖြစ်နေမှာ ဖြစ်လို့ သူကလည်း သူကိုယ်တိုင်က ဖခင် ဖြစ်တယ်ဆိုတာကို သေချာပေါက် သိရှိသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့်မလို့ ဟျွန်းဂျူးဟာ ဟင်နရီကို ပြောပြရမယ်လို့ တောက်လျှောက် တွေးနေခဲ့တာ ဖြစ်ပေမဲ့……

ဟျွန်းဂျူး က နှုတ်ခမ်းကို အနည်းငယ် ကိုက်လိုက်မိရင်း ရေရွတ်လိုက်တယ်။

'ငါ သူ့ကို ဒါကို ဘယ်လိုမျိုး ပြောပြရမှာလဲ'

အခန်း (၂၄၆)

သူ့ဆီကနေ ကြားလိုက်ရတဲ့ စကားကြောင့် ကျွန်တော် တကယ်ကို လန့်ဖျပ်သွားခဲ့ရတယ်။

ဖွင့်ပွဲပါတီပွဲနေ့တုန်းက သူတို့ နှစ်ယောက်ကြားထဲမှာ ဒါမျိုး ကိစ္စရပ် ဖြစ်ပွားခဲ့လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။

နောက်တစ်နေ့ အသိတရား ပြန်ဝင်လာတဲ့အချိန်မှာတော့ သူက တရားဝင် ချစ်စကား ဖွင့်ပြောခဲ့တာပါ။ အစ်မ ဟျွန်းဂျူးကတော့ စဉ်းစားဖို့အတွက် အချိန်ယူမယ်လို့ ပြောခဲ့တာ ဖြစ်လို့ သူကလည်း ရင်တထိတ်ထိတ်နဲ့ စောင့်ဆိုင်းနေခဲ့တာပေါ့။ ဒါပေမဲ့ နောက်တော့ အစ်မဟျွန်းဂျူးက သူနဲ့ ဆုံတွေ့ရမှာကို ရှောင်ဖယ်လာခဲ့ပြီး စည်းတစ်ခုကို စတင်တားခဲ့တယ်။

ဟင်နရီ က သူ့ရဲ့ မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်လိုက်ရင်း ပြောတယ်။

"ဒါတွေအားလုံးက ငါ့အပြစ်တွေပါ။ အဲဒီနေ့တုန်းကသာ ငါ အမှားမလုပ်ခဲ့ရင်…"

သူ ဒါမျိုး ပြောနေတာကို နားထောင်ရသလောက်တော့ အစ်မ ဟျွန်းဂျူးက အခြေအနေတွေကြောင့်သာ သူ့အပေါ် စိတ်ပါသွားပြီး အတူတူ အိပ်ခဲ့မိတာ ဖြစ်ပြီး အခုအချိန်မှာတော့ နောင်တရနေပြီလို့ သူက ထင်နေတဲ့ ပုံစံပါပဲ။

တက်ဂယူ က ကျွန်တော့်ကို ကြည့်လိုက်ရင်း မေးတယ်။

"ဒါဆိုရင် ဟင်နရီ က အဲဒီလူပေါ့၊ ဟုတ်တယ်မလား"

"သေချာသလောက်ပဲ"

အချိန်အခါနဲ့ အခြေအနေတွေကို စဉ်းစားကြည့်မယ်ဆိုရင်တော့ အတော်လေးကို သေချာနေတာပါ။

"ဟွန်း"

တက်ဂယူ ကတော့ စောစောကတည်းက ဟင်နရီ ကို အဓိပ္ပာယ်မရှိဘဲ တင်းမာတဲ့ အမူအရာနဲ့ စိုက်ကြည့်နေခဲ့တာပါ။ သူက အခုအချိန်အထိ ဒါမျိုး လုပ်နေတုန်းပဲ ဖြစ်ပေမဲ့ သူ့ရဲ့ အမူအရာပေါ်မှာတော့ ထူးဆန်းတဲ့ စိတ်သက်သာရာရမှုမျိုးက ဖြတ်ပြေးသွားခဲ့ပါပြီ။

ဟင်နရီ ကတော့ အစ်မဟျွန်းဂျူး တွဲနေနိုင်ခြေရှိတဲ့ တခြား ဘယ်သူမှန်းမသိတဲ့ ကောင်ထက်စာရင်တော့ သေချာပေါက် ပိုပြီး ကောင်းမွန်တာပေါ့။

"ဒါပေမဲ့ မမက ဒါကို ဘာလို့ ဖုံးကွယ်ထားရတာလဲ"

"သူ့အပေါ်မှာ မလိုအပ်ဘဲ ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်လို့ နေမှာပေါ့"

တက်ဂယူ က ခေါင်းညိတ်လိုက်ရင်း ပြောတယ်။

"ဒါက ငါတို့အစ်မရဲ့ စရိုက်အတိုင်းပဲ။ ဒါပေမဲ့ သူကလည်း တစ်ချိန်ကျရင် သေချာပေါက် သိသွားမှာပဲလေ"

"အစ်မကလည်း သိပ်မကြာခင်မှာ သူ့ကို ကိုယ်တိုင် ပြောပြဖို့အတွက် ပြင်ဆင်ထားပုံရတယ်"

အစ်မ ဟျွန်းဂျူးက ဒီကိစ္စကို ထာဝရ ဖုံးကွယ်ထားဖို့အတွက် ရည်ရွယ်ထားမှာ မဟုတ်ပါဘူး။

ခေါင်းငုံ့ပြီး ကိုယ့်ကိုကိုယ် အပြစ်တင်နေခဲ့တဲ့ ဟင်နရီ က ကျွန်တော်တို့ရဲ့ စကားဝိုင်းကြောင့် လန့်ဖျပ်သွားခဲ့တယ်။

"မင်းတို့ ဘာတွေ ပြောနေကြတာလဲ။ ဂျက်စီကာက ဘာကို ဖုံးကွယ်ထားလို့လဲ"

"အဲဒါကတော့…"

ဒါကို အခုပဲ သူ့ကို ပြောပြလိုက်ရမလား၊ ဒါမှမဟုတ် အစ်မ ကိုယ်တိုင် ပြောပြမယ့်အချိန်အထိ စောင့်ဆိုင်းရမလား။

တက်ဂယူ ကတော့ အမှန်တရားကိုပဲ ပြောပြလိုက်တယ်။

"ငါ့အစ်မမှာ ကိုယ်ဝန် ရှိနေပြီ။ အဲဒါက သေချာပေါက် အဲဒီနေ့တုန်းက အဖြစ်အပျက်ကြောင့်ပဲ ဖြစ်ရမယ်"

"ဟင်"

ဟင်နရီ ကတော့ ဇဝေဇဝါ ဖြစ်နေတဲ့ အမူအရာမျိုးနဲ့ မျက်တောင်ခတ်နေခဲ့တယ်။ ခဏနေတော့မှ သူ့ရဲ့ နှုတ်ခမ်းဖျားကနေ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့တယ်။

"အို…. ဘုရားသခင်"

အမျိုးသမီးတစ်ဦးရဲ့ ကိုယ်ဝန်ရှိတဲ့ သတင်းကို ကြားလိုက်ရတဲ့အချိန်မှာ အရှေ့တိုင်းက အမျိုးသားတွေ ဖြစ်ဖြစ်၊ အနောက်တိုင်းက အမျိုးသားတွေ ဖြစ်ဖြစ် တုန်လှုပ်သွားကြတာကတော့ အတူတူပဲ ထင်ပါတယ်။

"အင်း… တုန်လှုပ်စရာ ကောင်းတယ်ဆိုပေမဲ့ အရင်ဆုံး စိတ်အေးအေးထားပါဦး…"

ဟင်နရီ က ချက်ချင်း ထရပ်လိုက်ရင်း အော်ဟစ်လိုက်တယ်။

"ကလေးလေး ဟုတ်လား။ ဒါက မယုံနိုင်စရာပဲ"

သူ့ရဲ့ တုံ့ပြန်မှုကို ကြည့်ပြီး တက်ဂယူ က အသံတိုးတိုးလေးနဲ့ လှမ်းမေးတယ်။

"သူက သဘောကျနေတာလား၊ ဒါမှမဟုတ် သဘောမကျတာလား"

"ငါလည်း မသိဘူး"

ကျွန်တော်လည်း အသေအချာတော့ မသိပေမဲ့ သူပုံစံက သဘောကျနေတဲ့ ပုံစံမျိုးပါပဲ။

"ဒါက တကယ်ပဲ ဟုတ်လို့လား။ ဂျက်စီကာ မှာ တကယ်ပဲ ငါ့ရဲ့ ကလေး ရှိနေတာ ဟုတ်လား"

"အ… အင်း၊ သေချာသလောက်ပဲ"

"ဂျက်စီကာကော ကျန်းမာရဲ့လား"

"ကလေးရော၊ သူပါ နှစ်ယောက်စလုံး အဆင်ပြေတယ်လို့ ပြောတာပဲ။ စိုးရိမ်စရာ မလိုပါဘူး"

ဟင်နရီ ကတော့ စိတ်လှုပ်ရှားလွန်းလို့ ငိုတော့မယ့် အမူအရာမျိုး ဖြစ်ပေါ်နေခဲ့တယ်။

"တကယ်ကို စိတ်သက်သာရာရသွားပြီ။ အို… ဘုရားသခင်… ကျေးဇူးတင်ပါတယ်"

"……."

တကယ်လို့ ကလေးက ဟင်နရီ ရဲ့ ကလေး မဟုတ်ဘူးဆိုရင်တော့ တကယ့်ကို ပြဿနာအကြီးကြီး ဖြစ်သွားနိုင်ပါတယ်။

ဟင်နရီ က ကျွန်တော့်ကို လှမ်းပြီး ဆွဲကိုင်လိုက်ရင်း အော်ဟစ်လိုက်တယ်။

"ဒါပေမဲ့ မင်းတို့က ဒီလောက်အထိ အရေးကြီးတဲ့ အမှန်တရားကို ငါ့ကို ဘာလို့ အခုမှ ပြောပြရတာလဲ"

"ဘာလို့လဲဆိုတော့ ငါကိုယ်တိုင်လည်း အခုမှ သိရတာမလို့လေ"

"အခုက ဒီနေရာမှာ ဒါမျိုး လုပ်နေရမယ့် အချိန်မဟုတ်ဘူး။ ငါ ဂျက်စီကာဆီကို အခုချက်ချင်း သွားတွေ့ရမယ်"

သူက တကယ်ကို စိတ်လှုပ်ရှားနေခဲ့တာ ဖြစ်လို့ ပြတင်းပေါက်ကို ဖောက်ထွက်ပြီး ဘေးနားက အဆောက်အဦးဆီကိုတောင် လှမ်းပြီး ခုန်ချတော့မယ့် ပုံစံမျိုး ဖြစ်နေတာပါ။

ကျွန်တော်ကတော့ အေးအေးဆေးဆေးပဲ ပြောလိုက်တယ်။

"စိတ်အေးအေးထားပြီး ကိုယ့်ကိုကိုယ် ပြန်ပြီး တည်ငြိမ်အောင် လုပ်လိုက်ဦး"

"ငါ အခုအချိန်မှာ ဘယ်လိုမျိုး လုပ်ပြီး စိတ်အေးအေးထားနိုင်မှာလဲ"

အပြင်ဆီ ပြေးထွက်ဖို့ လုပ်နေတဲ့ ဟင်နရီ ရဲ့ ပုခုံးပေါ်ဆီ တက်ဂယူ က လက်လှမ်းတင်လိုက်ရင်း ပြောတယ်။

"စိတ်အေးအေးထားပါ၊ ယောက်ဖကြီး"

"ကောင်းပါပြီ"

ဘာကြီးလဲ။ သူက ဘာလို့ ငါ့စကားကိုကျတော့ နားမထောင်ဘဲ တက်ဂယူ့ စကားကိုကျတော့ နားထောင်ရတာလဲ။

ဘာပဲဖြစ်ဖြစ် ဟင်နရီ ကတော့ စိတ်အေးသွားခဲ့ပြီး ပြန်ပြီး ထိုင်လိုက်တယ်။ အစ်မ ဟျွန်းဂျူးက သူ့ရဲ့ ဖွင့်ပြောမှုကို လက်မခံခဲ့ဘဲ ကလေးကို တစ်ယောက်ထဲ ပြုစုပျိုးထောင်ဖို့အတွက် ဆုံးဖြတ်ခဲ့တဲ့ အကြောင်းရင်းက ဟင်နရီ က တာဝန်သိစိတ်ကြောင့်သာ ဖွင့်ပြောတာလို့ အစ်မက ဆုံးဖြတ်ခဲ့လို့ ဖြစ်ရမယ်။

ဒါဆိုရင် ဟင်နရီရဲ့ စစ်မှန်တဲ့ စိတ်ရင်းကို ဘယ်လိုမျိုး ဖော်ပြရမလဲ။

ကျွန်တော်တို့ အတူတူ တွေးပူနေတုန်းမှာပဲ တက်ဂယူ က အသံတိုးတိုးလေးနဲ့ လှမ်းမေးတယ်။

"ဒါဆိုရင် အစ်မဆီ လာတွေ့ခဲ့တဲ့ ဟိုအမျိုးသားက ဘယ်သူလဲ"

"ဟုတ်သားပဲ"

သူက ဒီကိစ္စနဲ့ လုံးဝ မသက်ဆိုင်တာမျိုးလား။

အဲဒီအချိန်မှာပဲ အယ်လီ ဆီကနေ ဖုန်းဝင်လာပါတယ်။ အယ်လီက အလောတကြီး ပြောလာခဲ့တယ်။

[ငါတို့ရှာနေတဲ့ ဟိုလူ အခုလေးတင် ကုမ္ပဏီဆီ ထပ်ပြီး ရောက်လာပြန်ပြီ]

"အဲ့လူက ဘယ်သူတုန်း"

[သူက DSD ဥပဒေအကျိုးဆောင်လုပ်ငန်းမှာ အလုပ်လုပ်နေတဲ့ ရှေ့နေတစ်ယောက်လို့ ပြောတာပဲ။ သူ့နာမည်က ကင်ဟန်ဆန်း တဲ့]

"အင်း"

အစ်မ ဟျွန်းဂျူးမှာ ရှေ့နေတစ်ယောက်နဲ့ ဆုံတွေ့ရမယ့် အလုပ်ကိစ္စ ရှိလို့လား။

ဖုန်းချလိုက်ပြီးတဲ့နောက် ကျွန်တော် တက်ဂယူ ကို လှမ်းမေးလိုက်တယ်။

"မင်း ကင်ဟန်ဆန်း ဆိုတဲ့ နာမည်ကို သိလား"

အဲဒီအခါကျမှ တက်ဂယူ က အံ့ဩတုန်လှုပ်စွာနဲ့ အော်ဟစ်လိုက်တယ်။

"ဘာ… ကင်ဟန်ဆန်း ဟုတ်လား"

"လန့်သွားတာပဲ။ မင်း သူ့ကို သိလို့လား"

"အဲဒါက အစ်မ ကောလိပ်တုန်းက တွဲခဲ့တဲ့ ရည်းစားဟောင်းရဲ့ နာမည်လေ"

"တ… တကယ်လား"

လမ်းခွဲခဲ့တာ အချိန်ကြာပြီဖြစ်တဲ့ ရည်းစားဟောင်းက ဘာလို့ ဒီနေရာဆီ ရောက်လာရတာလဲ။

"အဲဒီမအေဘေးက နောက်ကနေ လိုက်ချောင်းတတ်တဲ့ကောင်ကွ။ ကျောင်းမှာကော အိမ်မှာပါ အစ်မရဲ့ အနောက်ကို လပေါင်းများစွာကြာတဲ့အထိ တောက်လျှောက် လိုက်နှောင့်ယှက်နေခဲ့လို့ အစ်မက သူ့ကို ဆဲပါဆဲပစ်ခဲ့တာ"

အဲဒီစကားကြောင့် ဟင်နရီ နဲ့ ကျွန်တော်လည်း လန့်ဖျပ်သွားခဲ့ရတာပေါ့။

"ဘာဖြစ်တယ်"

ဂန်နမ် မှာရှိတဲ့ အဆောက်အဦးကြီးတွေရဲ့ ပထမထပ်မှာဆိုရင်တော့ ပုံမှန်အားဖြင့် Franchise ကော်ဖီဆိုင်တွေ ရှိတတ်ကြတယ်။

Golden Gate ရဲ့ ပထမထပ်မှာလည်း ကော်ဖီဆိုင်တစ်ဆိုင် ရှိနေခဲ့ပေမဲ့ အဲဒါက ဝန်ထမ်းတွေအတွက် သီးသန့် ဖြစ်ပြီး အပြင်လူတွေ ဝင်ရောက်မှုကိုတော့ တင်းကြပ်စွာ တားဆီးထားတာပါ။

အခုက အလုပ်လုပ်နေကြတဲ့ အချိန် ဖြစ်တာမလို့ ကော်ဖီဆိုင်ထဲမှာတော့ လူတွေက သိပ်ပြီး မရှိပါဘူး။

ဟျွန်းဂျူး ကတော့ အရှေ့မှာရှိတဲ့ အမျိုးသားကို စိုက်ကြည့်နေခဲ့တယ်။

အဲ့ဒီအမျိုးသားက ပြုံးလိုက်ရင်း ပြောတယ်။

"ငါတို့တွေ တွဲခဲ့ကြစဉ်က အချိန်တွေကို မှတ်မိသေးလား။ အဲဒီတုန်းက တကယ်ကို ကောင်းမွန်တဲ့ အချိန်တွေပဲနော်"

ဟျွန်းဂျူး ကတော့ စိတ်ထဲကနေ သက်ပြင်းချလိုက်မိတယ်။

'လဖွတ်ကို ကောင်းမွန်တဲ့ အချိန်တွေလား'

အခု ပြန်တွေးကြည့်မယ်ဆိုရင်တော့ အဲဒါက ဟျွန်းဂျူးရဲ့ ဘဝထဲက မှောင်မိုက်တဲ့ အခန်းကဏ္ဍတစ်ခုထက် ဘာမှ မပိုပါဘူး။

သူတို့ ဆုံတွေ့ခဲ့ကြတဲ့ အကြောင်းရင်းကတော့ ရင်းနှီးတဲ့ ဂျူနီယာ ဝန်ထမ်းတစ်ယောက်ကြောင့်ပါ။ အဲ့ဒီဂျူနီယာရဲ့ ဝမ်းကွဲမောင်လေးက Blind Dateတစ်ခု လုပ်ပေးဖို့အတွက် တောက်လျှောက် တောင်းဆိုနေခဲ့တာ ဖြစ်လို့ အဲ့ဒီဂျူနီယာက ဟျွန်းဂျူး ကို တစ်ကြိမ်လောက်ပဲ ဖြစ်ဖြစ် သွားပေးဖို့ တောင်းပန်ခဲ့တာ ဖြစ်ပြီး ဟျွန်းဂျူးကလည်း မတတ်သာဘဲ သဘောတူခဲ့တာ ဖြစ်ပါတယ်။

ကျောင်းနားက ကော်ဖီဆိုင်တစ်ခုမှာ ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့တဲ့ အမျိုးသားကတော့ ထူးခြားတဲ့ အင်္ဂါရပ်တစ်ခုခုကို ဖော်ပြဖို့အတွက် ခက်ခဲလောက်အောင်ကို ရိုးရှင်းလွန်းတဲ့သူပါ။

သူက ဟျွန်းဂျူးနဲ့ အသက်အတူတူ ဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ပြန်လည်ဖြေဆိုပြီးတဲ့နောက် ဆိုးလ်တက္ကသိုလ် မှာ ဥပဒေပညာကို သင်ယူနေခဲ့တဲ့သူ ဖြစ်ပါတယ်။ ဆိုးလ်တက္ကသိုလ်က ကိုရီးယားတက္ကသိုလ်လောက် မကောင်းဘူး ဆိုပေမဲ့ ဆိုးလ်တက္ကသိုလ် ကလည်း ဆိုးလ်မှာရှိတဲ့ ထိပ်တန်း တက္ကသိုလ် ငါးခုထဲက တစ်ခု ဖြစ်တာကြောင့် ဂုဏ်သရေရှိတဲ့ တက္ကသိုလ်တစ်ခု ဖြစ်တာတော့ အမှန်ပါပဲ။

အဲဒီအချိန်အထိတော့ ဟျွန်းဂျူး က အမျိုးသားတွေ ဒါမှမဟုတ် အချစ်ရေး ဆက်ဆံရေးအပေါ်မှာ စိတ်ဝင်စားမှု သိပ်ပြီး မရှိခဲ့ပါဘူး။ ပြောင်းပြန်အားဖြင့် ပြောရမယ်ဆိုရင်တော့ ဟျွန်းဂျူးအနေနဲ့ စံပြအမျိုးသားဆိုပြီး သီးခြား စံနှုန်းတွေ မရှိခဲ့တာကို ဆိုလိုတာပါ။

ဟျွန်းဂျူးဆီ တွဲဖို့အတွက် ကမ်းလှမ်းလာခဲ့တဲ့အချိန်မှာတော့ ဟျွန်းဂျူးက အများကြီးတွေးမနေဘဲ သဘောတူခဲ့တာ ဖြစ်ပါတယ်။ သူက ရိုးရိုးသားသားနဲ့ အပြစ်ကင်းစင်တဲ့ ပုံစံမျိုး ရှိနေခဲ့တာကို ဟျွန်းဂျူးက သဘောကျခဲ့တာလေ။

နေ့တိုင်းက စာကျက်ရတာတွေနဲ့ အလုပ်ရှုပ်နေခဲ့ပေမဲ့ ဟျွန်းဂျူးက ချိန်းတွေ့ဖို့အတွက် အချိန်ကိုတော့ သေချာပေါက် ဖယ်ပေးခဲ့တယ်။ ရည်းစားအဖြစ် တွဲနေပြီဆိုရင်တော့ ရည်းစားအပေါ်မှာ တာဝန်ကျေပွန်ရမယ်လို့ ဟျွန်းဂျူးက ယုံကြည်ထားခဲ့လို့လေ။

သူတို့တွေ အဲ့လိုနဲ့ပဲ တစ်နှစ်နီးပါးလောက်အထိ တွဲခဲ့ကြတယ်။

သူတို့ လမ်းခွဲခဲ့ကြရတဲ့ အကြောင်းရင်းကတော့ ဟျွန်းဂျူးရဲ့ရည်းစားဖြစ်သူက ဖောက်ပြန်ခဲ့လို့ပါပဲ။ ဟျွန်းဂျူးရဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ မောင်လေးက ဆိုးလ်တက္ကသိုလ် ကို တက်ရောက်နေတာ ဖြစ်လို့ ဟျွန်းဂျူးရဲ့ရည်းစားက ပထမနှစ် ကျောင်းသူလေးတစ်ယောက်နဲ့ တွဲနေတဲ့ ပုံစံမျိုး ရှိနေတယ်လို့ ဟျွန်းဂျူးကို ပြောပြခဲ့တာပါ။

ဟျွန်းဂျူးက အမှန်တရားကို အတည်ပြုဖို့အတွက် မေးမြန်းခဲ့တဲ့အချိန်မှာတော့ သူက လမ်းခွဲဖို့အတွက် ပြန်ပြောခဲ့တယ်။

လူနှစ်ယောက်ရဲ့ နှလုံးသားက ထပ်တူကျတဲ့အချိန်မှာ အချစ်ရေး ဆက်ဆံရေးက စတင်နိုင်တာ ဖြစ်ပေမဲ့ လမ်းခွဲတာကတော့ လူတစ်ယောက်ထဲက ဆုံးဖြတ်လိုက်ရင်တောင်မှ ဖြစ်ပျက်သွားနိုင်တာမျိုးပါ။ ဟျွန်းဂျူး ကတော့ ဘာနောင်တမှ မရှိဘဲ လမ်းခွဲခဲ့တယ်။

ဒါပေမဲ့ နောက်တော့…….

ကင်ဟန်ဆန်း ရဲ့ တကယ့် ယုတ်ညံ့မှုကတော့ အဲဒီနောက်ပိုင်းကျမှ ပေါ်ထွက်လာခဲ့တယ်။ အဲဒီကျောင်းသူအသစ်လေးနဲ့ အဆင်မပြေဖြစ်သွားခဲ့လို့လားတော့ မသိရပေမဲ့ လမ်းခွဲပြီး ၃ လလောက်အကြာမှာတော့ သူက ဟျွန်းဂျူးဆီ ပြန်တွဲဖို့အတွက် ငိုယိုပြီး တောက်လျှောက် တောင်းပန်လာခဲ့တာပါ။

သူက ကျောင်းဆီ လာခဲ့ရုံတင်မကသေးဘဲ နောက်ပိုင်းမှာတော့ ဟျွန်းဂျူးရဲ့ အိမ်အထိပါ ရောက်လာခဲ့တယ်။ ဟျွန်းဂျူးက ရဲစခန်းဆီ တိုင်ကြားဖို့ ကြိုးစားခဲ့ဖူးပေမဲ့ အလကားပဲ ဖြစ်ခဲ့ရတယ်။ ဟျွန်းဂျူးအနေနဲ့ နိုင်ငံခြားဆီ သွားပြီး ပညာသင်ဖို့အထိပါ အလေးအနက် စဉ်းစားခဲ့ရလောက်အောင်ကို အခြေအနေတွေက ဆိုးရွားခဲ့တာပါ။

ကံကောင်းထောက်မစွာနဲ့ပဲ အဲဒီအချိန်မှာ ကင်ဟန်ဆန်း အချိန်ဆွဲနေခဲ့တဲ့ စစ်မှုထမ်းဖို့ တာဝန်က ရောက်ရှိလာခဲ့တာ ဖြစ်လို့ ဟျွန်းဂျူးရဲ့ အမြင်အာရုံထဲကနေ သဘာဝအတိုင်း ပျောက်ကွယ်သွားခဲ့တာပေါ့။

အဲဒီနောက်ပိုင်းမှာတော့ ဟျွန်းဂျူးဟာ သူ့ရဲ့ မျက်နှာကို ဘယ်တော့မှ မမြင်တွေ့ခဲ့ရတော့ပါဘူး။ နောက်ပိုင်း ကြားသိရသလောက်ကတော့ သူက ဒေသတွင်း တက္ကသိုလ်တစ်ခုက ဥပဒေကျောင်းဆီ တက်ရောက်သွားခဲ့တယ်ဆိုတာပါပဲ။

'ဒါပေမဲ့ သူက ငါ့အရှေ့ကို ဒါမျိုး ထပ်ပြီး ရောက်လာလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး'

အောင်မြင်မှုကတော့ ပတ်ဝန်းကျင်က လူတွေကို သံလိုက်လိုမျိုး ဆွဲဆောင်တတ်တာလေ။

တကယ်လို့ ကမ္ဘာတစ်ဝှမ်းက ငွေကြေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေကို ကိုရီးယား ရင်းနှီးမြှုပ်နှံသူ တစ်ယောက်ထဲရဲ့ နာမည်ကို ပြောပြဖို့ ပြောမယ်ဆိုရင်တော့ သူတို့က ကန်ဂျင်ဟူ ရဲ့ နာမည်ကို သဘာဝအတိုင်း ပြောပြကြမှာပါ။ ပြီးတော့ နှစ်ယောက်မြောက်ကို ပြောပြဖို့ ပြောရင်တော့ ရူချောဂယွန် ရဲ့ နာမည် ထွက်လာမှာ ဖြစ်ပြီး သုံးယောက်မြောက်ကို ပြောပြဖို့ ပြောရင်တော့ အိုဟျွန်းဂျူး ရဲ့ နာမည် ထွက်လာမှာ ဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ ဟျွန်းဂျူးက OTK ကုမ္ပဏီ ရဲ့ ရှယ်ယာ ၃ ရာခိုင်နှုန်းကိုလည်း ပိုင်ဆိုင်ထားသေးတာလေ။ ဒီလောက်အထိ ဆိုရင်တော့ ဟျွန်းဂျူးက ကိုရီးယားမှာ အချမ်းသာဆုံး အမျိုးသမီး ဖြစ်နေခဲ့ပြီ ဖြစ်သလို ဟျွန်းဂျူးရဲ့ ဓနဥစ္စာတွေကလည်း အခုအချိန်အထိ တိုးပွားနေတုန်းပါပဲ။

ဟျွန်းဂျူးက Golden Gate ကိုရီးယား ရဲ့ အကြီးအကဲ ဖြစ်လာပြီးတဲ့နောက် ဟျွန်းဂျူးရဲ့ နာမည်က ကျော်ကြားလာခဲ့တာ ဖြစ်လို့ အတိတ်တုန်းက သိကျွမ်းခဲ့ဖူးတဲ့ မရေမတွက်နိုင်တဲ့ လူတွေက ဟျွန်းဂျူးဆီ ဆက်သွယ်လာခဲ့ကြတယ်။ ပြီးတော့ အဲဒီလူတွေထဲမှာ ဟျွန်းဂျူး လမ်းခွဲခဲ့တဲ့ ရည်းစားဟောင်းလည်း ပါဝင်နေခဲ့တာပေါ့။

ဟျွန်းဂျူးအနေနဲ့ ခေါင်းကိုက်စရာ ကောင်းလှတယ်လို့ ခံစားလိုက်ရတယ်။

'ငါက အမျိုးသားတွေကို ကြည့်တဲ့နေရာမှာ မျက်စိမရှိဘူးလို့ အမြဲတမ်း အပြောခံခဲ့ရတာ ဖြစ်ပေမဲ့ ဒါမျိုး လူစားမျိုးနဲ့ တွဲခဲ့မိလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး'

တကယ်လို့ ဟျွန်းဂျူးအနေနဲ့ ကောလိပ်တုန်းက ကိုယ့်ကိုကိုယ် ပြန်ပြီး ဆုံတွေ့နိုင်မယ်ဆိုရင်တော့ ပါးကို လှမ်းရိုက်လိုက်ရင်း သတိပြန်ဝင်လာအောင် ပြောပစ်ချင်တဲ့ စိတ်မျိုး ဖြစ်ပေါ်နေခဲ့တာပါ။

အရင်တစ်ခေါက်တုန်းကတော့ ကင်ဟန်ဆန်းက အလုပ်ကိစ္စကို အကြောင်းပြချက် လုပ်ပြီး ကုမ္ပဏီဆီ လာခဲ့တာ ဖြစ်ပြီး အဲဒီနောက်ပိုင်းမှာတော့ ဟိုတယ်ဆီ ရောက်လာခဲ့ပြီး တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့သလိုမျိုး ပုံစံဖမ်းခဲ့တာပါ။

ဟျွန်းဂျူးအနေနဲ့ သူ့ရဲ့ မျက်နှာကို ဘယ်တော့မှ ထပ်ပြီး မမြင်တွေ့ချင်တော့တာ ဖြစ်ပေမဲ့ ဟျွန်းဂျူးက ဒီနေရာမှာ ထိုင်ပြီး စကားပြောနေရတဲ့ အကြောင်းရင်းကတော့ သူ ယူဆောင်လာခဲ့တဲ့ ပစ္စည်းတစ်ခုကြောင့် ဖြစ်ပါတယ်။

"ဒါက နင့်အတွက် အဖိုးတန်တဲ့ ပစ္စည်းတစ်ခု ဖြစ်ပုံရတာ ဖြစ်လို့ ငါ မလွှတ်ပစ်ဘဲ သေသေချာချာ သိမ်းဆည်းထားခဲ့တာပါ"

Montblanc ဖောင်တိန်တစ်ချောင်းက စားပွဲပေါ်ဆီ ရောက်ရှိလာခဲ့တယ်။ အဲဒါက ဟျွန်းဂျူး တက္ကသိုလ်တက်တဲ့ အချိန်တုန်းက ဟျွန်းဂျူးရဲ့အဖေ ပေးခဲ့တဲ့ လက်ဆောင်ပါ။

ကောလိပ်ကျောင်းသူတစ်ယောက်အတွက်တော့ ဒါက တော်တော်လေးကို တန်ဖိုးကြီးတဲ့ ပစ္စည်းတစ်ခု ဖြစ်တာ ဖြစ်လို့ ဟျွန်းဂျူးက ကျောင်းတက်နေတဲ့ ကာလတစ်လျှောက်လုံး သေသေချာချာ သုံးစွဲခဲ့တာ ဖြစ်ပါတယ်။

ဟျွန်းဂျူးကတော့ ပျောက်ဆုံးသွားခဲ့ပြီလို့ ထင်ပြီး မေ့ပျောက်ထားခဲ့တာ ဖြစ်ပေမဲ့ …….

'ငါတို့ လမ်းခွဲခဲ့တုန်းက ကျန်ခဲ့တာ ထင်တယ်'

ဖောင်တိန်ကို ထိတွေ့လိုက်တဲ့အချိန်မှာတော့ အဲဒီအချိန်တုန်းက အမှတ်တရတွေက ပြန်လည်ပြီး သက်ဝင်လာခဲ့သလိုမျိုး ခံစားလိုက်ရတယ်။ ဟျွန်းဂျူးက အလုပ်အမြန်ရပြီး ငွေအမြန်ရှာချင်တာ ဖြစ်လို့ စာကို တကယ်ကို ကြိုးစားပြီး သင်ယူခဲ့တာလေ။

အခုအချိန်မှာတော့ ဟျွန်းဂျူးသာ အလိုရှိမယ်ဆိုရင် ဒီဖောင်တိန်တင်မကသေးဘဲ အဲဒီဖောင်တိန်ကို ထုတ်လုပ်တဲ့ ကုမ္ပဏီကိုပါ ဝယ်ယူနိုင်တဲ့ အခြေအနေ ရှိနေခဲ့ပါပြီ။

"နင် ထပ်ပြီး ပြောစရာ စကား ရှိသေးလား"

ဟျွန်းဂျူး က သူ့ကို စိုက်ကြည့်လိုက်တဲ့အချိန်မှာတော့ သူက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရင်း ဟျွန်းဂျူးရဲ့ အကြည့်ကို ရှောင်ဖယ်လိုက်တယ်။

"အာ… မဟုတ်ပါဘူး၊ အဲဒါကတော့…"

"ငါ အလုပ်ရှုပ်နေတာမလို့ အခု သွားတော့မယ်။ ပြီးခဲ့တဲ့ အကြိမ်တုန်းက ပြောခဲ့သလိုမျိုးပဲ ငါ့ဆီ ထပ်ပြီး လာမရှာပါနဲ့တော့"

သူက အလောတကြီး ပြောလာခဲ့တယ်။

"ခ… ခဏလောက် စောင့်ပါဦး။ ငါတို့တွေ ပြန်ပြီး တွဲကြရင် ဘယ်လိုလဲ"

"……."

ဒါက အဓိပ္ပာယ်မရှိလောက်အောင် ဆွံ့အသွားရတဲ့ ခံစားချက်မျိုးလား။

ဟျွန်းဂျူး ကတော့ သူ့ကို ဆဲဆိုပစ်ချင်ခဲ့တာ ဖြစ်ပေမဲ့ ဗိုက်ထဲက ကလေးလေးကို တွေးမိလို့ တည်ငြိမ်စွာပဲ ပြန်ပြောလိုက်တယ်။

"နင်က ဘာလို့ ငါ့ကို ပြန်ပြီး တွဲချင်ရတာလဲ"

"အဲဒါက…. နင်က အခုအချိန်အထိ အိမ်ထောင်မရှိသေးသလို တွဲနေတဲ့လူလည်း မရှိဘူးလို့ ကြားသိရလို့လေ။ ဒါကြောင့် ငါတို့ ပြန်ပြီး ပေါင်းကြတာက အဆင်ပြေတာပေါ့။ မဟုတ်ဘူးလား"

ဘယ်လိုပဲ ကြည့်ကြည့်၊ ဒီရိုးရှင်းလွန်းတဲ့ ကင်ဟန်ဆန်းရဲ့ တစ်ခုထဲသော အားသာချက်ကတော့ အရှက်မရှိတာပဲ ဖြစ်ရမယ်။

'သူက ဖောက်ပြန်ခဲ့ပြီး လမ်းခွဲခဲ့တဲ့ အမျိုးသမီးတစ်ယောက်ဆီကို ဘယ်လိုမျိုး မျက်နှာပြောင်ပြောင်နဲ့ ပြန်ပြီး တွဲဖို့ ပြောနိုင်ရတာလဲ'

ဟျွန်းဂျူး က ပြတ်ပြတ်သားသားပဲ ပြောလိုက်တယ်။

"ငါ့မှာ အခုအချိန်မှာ ဘယ်သူနဲ့မှ တွဲဖို့ အစီအစဉ် မရှိသလို တကယ်လို့ ရှိလာခဲ့ရင်တောင်မှ အဲဒါက နင်တော့ မဟုတ်ဘူး"

ဟျွန်းဂျူး က ထပ်ပြီး ပြောစရာ စကား မရှိတော့သလိုမျိုး ပုံစံနဲ့ ထရပ်လိုက်တယ်။

"ငါ အရင်သွားတော့မယ်။ နင့်ရဲ့ သောက်စရာကို အေးအေးဆေးဆေး ကုန်အောင် သောက်ပြီးမှ ထပြန်ပါ"

အဲဒီအချိန်မှာပဲ သူက ချက်ချင်း ထရပ်လိုက်ရင်း ဟျွန်းဂျူး ရဲ့ လက်ကောက်ဝတ်ကို တင်းကြပ်စွာ လှမ်းပြီး ဆွဲကိုင်လိုက်တယ်။

"ဟေ့။ အိုဟျွန်းဂျူး"

ဟျွန်းဂျူး က မျက်မှောင်ကြုတ်လိုက်ရင်းပြောတယ်။

"ငါ့လက်ကို လွှတ်စမ်း"

"ပြန်ထိုင်စမ်း။ ငါ အခု နင်နဲ့ စကားပြောနေတာနော်"

သူက ဟျွန်းဂျူးရဲ့ လက်ကောက်ဝတ်ကို ပိုပြီး တင်းကြပ်စွာ ဆွဲကိုင်လိုက်ရင်း အော်ဟစ်လိုက်တယ်။

"နင်က ဘာတွေ ဒီလောက်အထိ တော်နေလို့ လူတွေကို ဒါမျိုး အထင်သေးသလိုမျိုး ကြည့်ရတာလဲ"

"ဘာတွေလဲဟ"

"နင် ထင်နေတာ ငါက မသိဘူးများ မှတ်နေလား။ ငါတို့ တွဲခဲ့ကြစဉ်တုန်းကလည်း နင်က ကိုရီးယားတက္ကသိုလ် ကို တက်နေတာ ဖြစ်လို့ ငါ့ကို အမြဲတမ်း အထင်သေးသလိုမျိုး ကြည့်ခဲ့တာပဲ မဟုတ်ဘူးလား။ အဲဒီအချက်ကြောင့်ပဲ ငါက တခြား အမျိုးသမီးတွေနဲ့ တွဲခဲ့တာလေ။ နင်က ဘာတွေတော်နေလို့ လူတွေကို အထင်သေးရတာလဲ"

"……."

ဒါနဲ့ သူက အခု ဘာတွေ ပြောနေတာလဲ။ သူကိုယ်တိုင်ရော အခု ဘာတွေ ပြောနေလဲဆိုတာကို သဘောပေါက်ရဲ့လား။

'ဒီလူကတော့ တကယ့်ကို မျှော်လင့်ချက် မရှိတော့တဲ့ လူစားမျိုးပဲ'

ဒေါသထွက်နေဖို့ ဒါမှမဟုတ် အော်ဟစ်နေဖို့အတွက်တောင် တွေးစရာမလိုတော့ပါဘူး။ ဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ ဝန်ထမ်းတွေက အနားဆီကို ရောက်ရှိလာနေခဲ့ပြီလေ။

ဒါပေမဲ့ အဲဒီအချိန်မှာပဲ လုံးဝ မျှော်လင့်မထားခဲ့တဲ့ အမျိုးသားတစ်ယောက်က ပေါ်ထွက်လာခဲ့တယ်။

ချက်ချင်းဆိုသလို ပြေးထွက်လာခဲ့တဲ့ ဟင်နရီ က ကင်ဟန်ဆန်း ရဲ့ ကော်လံကို သူ့ရဲ့ ဘယ်ဘက်လက်နဲ့ လှမ်းပြီး ဆွဲကိုင်လိုက်တယ်။

သူ့ရဲ့ ခွန်အားက ပြင်းထန်လွန်းတာ ဖြစ်လို့ လက်တစ်ဖက်ထဲနဲ့ ဆွဲကိုင်လိုက်တာ ဖြစ်ပေမဲ့ ကင်ဟန်ဆန်း ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက အပေါ်ဆီ မြောက်တက်သွားခဲ့တယ်။ တကယ်တော့ ကင်ဟန်ဆန်း ရဲ့ ခြေဖနောင့်တွေက မြေပြင်ကနေ လွတ်သွားခဲ့ပြီး ခြေဖျားထောက်ထားရသလိုမျိုး ဖြစ်နေတာပါ။

စောစောကတင် တင်းမာတဲ့ အမူအရာနဲ့ အော်ဟစ်နေခဲ့တဲ့ ကင်ဟန်ဆန်း ကတော့ အခုအချိန်မှာတော့ လည်ပင်းကနေ အကိုင်ခံလိုက်ရတဲ့ ခွေးပေါက်လေးတစ်ကောင်လိုမျိုး ရုန်းကန်နေခဲ့ရတာပေါ့။

ဟင်နရီ ကတော့ သူ့ကို တကယ်ပဲ သတ်ပစ်တော့မယ့် အမူအရာမျိုး လုပ်နေခဲ့တယ်။ ကျွန်တော် သူ့ကို သိကျွမ်းခဲ့တာက ကြာလှပြီ ဖြစ်ပေမဲ့ ဒါမျိုး အမူအရာကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။

ကင်ဟန်ဆန်း ကတော့ ကြောက်လန့်တကြားနဲ့ တုန်လှုပ်နေခဲ့တယ်။

"မ… မင်းက ဘယ်သူလဲ။ ဘ… ဘာလို့ ငါ့ကို ဒါမျိုး လုပ်ရတာလဲ"

ဟင်နရီ က သူ့ရဲ့ လက်သီးကို မြှောက်လိုက်တယ်။ သူ့ရဲ့ ဝါသနာက လက်ဝှေ့ထိုးတာ ဖြစ်တယ်လို့ ကြားဖူးတာ ဖြစ်ပေမဲ့ သူ့ရဲ့ ပုံစံကတော့ အပျော်တမ်းကစားတဲ့ပုံစံ ထွက်မနေပါဘူး။ တကယ်လို့ သူသာ လက်သီးနဲ့ ထိုးလိုက်မယ်ဆိုရင်တော့ သွားအနည်းငယ် ကျိုးသွားရုံတင်မကဘဲ ပြဿနာအကြီးကြီး ဖြစ်သွားနိုင်တာ အမှန်ပဲ။

"အား။ မ… မထိုးပါနဲ့"

ကင်ဟန်ဆန်းက အော်ဟစ်လိုက်ရင်း မျက်လုံးတွေကို စုံမှိတ်ထားခဲ့တယ်။

သူက လက်သီးနဲ့ ထိုးဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ အစ်မ ဟျွန်းဂျူးက လှမ်းပြီး အော်ဟစ်လိုက်တယ်။

"ရပ်လိုက်စမ်း"

အဲဒီ စကားတစ်ခွန်းထဲကြောင့် ဟင်နရီ က ကျောက်ရုပ်တစ်ရုပ်လိုမျိုး ချက်ချင်း ငြိမ်သက်သွားခဲ့တယ်။

အစ်မ ဟျွန်းဂျူးက သက်ပြင်းချလိုက်ရင်း ပြောတယ်။

"သူက အရိုက်ခံရဖို့အတွက်တောင် တန်ဖိုးမရှိတဲ့ လူစားမျိုးဟ"

အဲဒီအခါကျမှ ဟင်နရီ က သူ့ရဲ့ လက်သီးကို အောက်ချလိုက်ရင်း ကင်ဟန်ဆန်းရဲ့ ကော်လံကို လွှတ်ပေးလိုက်တယ်။

ခြေဖနောင့်တွေ မြေပြင်ပေါ် ပြန်လည်ရောက်ရှိသွားတဲ့ ကင်ဟန်ဆန်းကတော့ အံ့ဩနေတဲ့ အမူအရာမျိုးနဲ့ သူတို့ နှစ်ယောက်စလုံးကို ဘယ်ပြန်ညာပြန် လှမ်းကြည့်နေခဲ့တယ်။

"ဘာ… ဘာတွေလဲ။ မင်းတို့ နှစ်ယောက်က ဘာတွေ ပတ်သက်နေလို့လဲ။ မဟုတ်မှလွဲရော မင်းတို့က တွဲနေကြတာလား"

အစ်မ ဟျွန်းဂျူးကတော့ စိတ်အနှောင့်အယှက် ဖြစ်ရသလိုမျိုး ပုံစံနဲ့ လက်ကို ဝေ့ယမ်းလိုက်ရင်း ပြောတယ်။

"နင်နဲ့ မသက်ဆိုင်တဲ့ ကိစ္စ ဖြစ်လို့ အခုချက်ချင်း ထွက်သွားလိုက်တော့"

သူက တွန့်ကြေသွားတဲ့ သူ့ရဲ့ ကော်လံကို ပြန်ပြီး ပြင်လိုက်ရင်း အော်ဟစ်လိုက်တယ်။

"ဘာ… ဘာဖြစ်တယ်။ နင်တို့ ပြောချင်တိုင်း ပြောလို့ရမယ်ထင်နေတာလား။ ငါက ဒါကို ဒီအတိုင်း လွှတ်ပေးထားမယ်လို့ ထင်နေတာလား။ ဥပဒေစိုးမိုးတဲ့ နိုင်ငံမှာ ဒါက ဘာသဘောလဲ။ စောစောက မြင်ကွင်းတွေကို CCTV မှာ အကုန်လုံး ရိုက်ကူးထားတာ ဖြစ်လို့ မင်းက နိုင်ငံခြားသား ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ငါက သေချာပေါက် တိုင်မှာကွ။ ငါက ပြောရင် ပြောတဲ့အတိုင်း လုပ်တဲ့ကောင်"

တခြားလူက သူ့ကို မရိုက်နိုင်တော့ဘူးဆိုတာကို သဘောပေါက်သွားတဲ့အချိန်မှာ သူက ရုတ်တရက်ကြီး ပြန်ပြီး ထောင်လွှားလာခဲ့တာပါ။

ဒီလိုမျိုး ကောင်ကို ကိုင်တွယ်ဖို့အတွက် အကောင်းဆုံး နည်းလမ်းက ဘာဖြစ်မလဲ။

ကျွန်တော် တွေးလို့မပြီးသေးခင်မှာပဲ တက်ဂယူ က ချက်ချင်း ပြေးဝင်လာခဲ့ပြီး သူ့ရဲ့ လက်သီးကို လွှဲပြီး ထိုးပစ်လိုက်တယ်။

"OTK လက်သီး"

ခွပ်

"အား"

ဆန်းပြားလွန်းတဲ့ နည်းစနစ် နာမည်နဲ့ ဆန့်ကျင်ဘက်အနေနဲ့ ခွန်အားကတော့ တကယ်ကို ဆိုးရွားလွန်းလှပါတယ်။ သူက သိပ်ပြီး ပြင်းပြင်းထန်ထန် ထိုးလိုက်တဲ့ ပုံစံမျိုး မဟုတ်ပေမဲ့ ကင်ဟန်ဆန်းကတော့ အော်ဟစ်လိုက်ရင်း ကြမ်းပြင်ပေါ်ဆီ လဲကျသွားခဲ့ရတယ်။

"မင်းကများ ငါ့အစ်မရဲ့ ခန္ဓာကိုယ်ကို လှမ်းပြီး ကိုင်ရဲတယ်ပေါ့လေ။ အခုထိုးလိုက်တာကိုပါ ထည့်တိုင်လိုက်။ ခွေးမသား "

တက်ဂယူ က သူ့ရဲ့ လက်သီးကို ထိုးလိုက်ရလို့ လက်နာသွားသလိုမျိုး ပုံစံနဲ့ လက်ကို ခါယမ်းနေခဲ့တယ်။ ဘာပဲဖြစ်ဖြစ် လက်သီး ထိုးဖူးတဲ့သူကသာ ကောင်းကောင်း ထိုးတတ်တာလေ။

"အဆင်ပြေရဲ့လား။ မမ"

ဒါပေမဲ့လည်း သူ့ရဲ့ ပုံစံကတော့ အားကိုးထိုက်တဲ့ ပုံစံမျိုး ရှိနေခဲ့တာ အမှန်ပါပဲ။

အစ်မ ဟျွန်းဂျူးက ကျွန်တော်တို့ကို ကြည့်လိုက်ရင်း ပြောတယ်။

"နင်တို့တွေ ဒီကိုဘာလာလုပ်တာလဲ"

ဟင်နရီ က အစ်မ ဟျွန်းဂျူးရဲ့ အနားဆီ ချဉ်းကပ်သွားတယ်။

"ငါ နင်နဲ့ နှစ်ယောက်ထဲ သီးသန့် စကားပြောချင်တယ်"

All Chapters