အခန်း (၂၄၇-၂၄၈)
Vol. 25 Ch. 247-248
အခန်း (၂၄၇)
X-Cop လုံခြုံရေးဝန်ထမ်းတွေက ကင်ဟန်ဆန်း ကို ဖမ်းချုပ်ပြီး အနောက်ပေါက်ကနေတစ်ဆင့် အပြင်ဆီ ဆွဲထုတ်သွားခဲ့ကြတယ်။ သူက လုံခြုံရေးဝန်ထမ်းတွေရဲ့ ဖမ်းချုပ်ခြင်းကို ခံထားရစဉ်တုန်းကတော့ ငြိမ်နေခဲ့ပေမဲ့ တံခါးအပြင်ဘက်ဆီ လွှတ်ပေးလိုက်တာနဲ့ ချက်ချင်းပဲ ထပ်ပြီး အော်ဟစ်ဆဲဆိုပါတော့တယ်။
"ဥပဒေစိုးမိုးတဲ့ နိုင်ငံမှာ လူတွေကို ဒါမျိုး ရိုက်နှက်ရဲတာလား။ ငါက ဥပဒေအကျိုးဆောင်လုပ်ငန်းက ရှေ့နေတစ်ယောက်ကွ"
နားထောင်တဲ့လူတိုင်းကတော့ ရှေ့နေဖြစ်တာက အစိုးရရာထူးတစ်ခုလို့ ထင်မှတ်သွားကြမှာ အမှန်ပဲ။
အယ်လီ ကတော့ တောက်ပတဲ့ အပြုံးမျိုးနဲ့ ပြောလိုက်တယ်၊
"ဒါက ကြားရတာ တကယ်ကို ဝမ်းသာစရာပဲ။ ကျွန်မလည်း ရှေ့နေတစ်ယောက်ပဲလေ"
"န… နင်က အခု ရှေ့နေတစ်ယောက်ယောင်ဆောင်နေတာမလား"
ဒီလောက်အထိ လှပတဲ့ အမျိုးသမီးတစ်ယောက်က ရှေ့နေတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ သူ မထင်ထားခဲ့တာပဲ ဖြစ်ရမယ်။
အယ်လီ က ရှင်းပြမနေတော့ဘဲ လိပ်စာကတ်ကိုသာ လှမ်းပေးလိုက်တယ်။ အဲဒီလိပ်စာကတ်ပေါ်မှာတော့ "Golden Gate ကိုရီးယား အုပ်စု၊ ဥပဒေရေးရာအဖွဲ့ ၁ ရဲ့ အကြီးအကဲ" လို့ ရေးသားထားတာပါ။
"ဘာပဲဖြစ်ဖြစ် မင်းတို့က ငါ့ကို ဝမ်သန်းထောင်ချီပြီး ပေးရင်တောင်မှ အလကားပဲ။ ငါက ဘယ်တော့မှ ကျေအေးပေးမှာ မဟုတ်ဘူး"
သူက အရိုက်ခံရလို့ ဒေါသထွက်နေတာ မဟုတ်ဘဲ ဒီအခွင့်အရေးကို အသုံးချပြီး ချမ်းသာဖို့အတွက် တွေးတောနေတာ ဖြစ်ရမယ်။
အယ်လီ က သူ့ကို ပြောလိုက်တယ်။
"ကျေအေးဖို့ ဟုတ်လား။ ကျွန်မတို့ဘက်ကလည်း တကယ်တော့ ကျေအေးဖို့အတွက် လုံးဝအစီအစဉ်မှ မရှိပါဘူး"
အဲဒီစကားကြောင့် ကင်ဟန်ဆန်း ကတော့ အံ့ဩတုန်လှုပ်သွားခဲ့တယ်။
"က… ကောင်းပြီလေ။ ဒါဆိုရင် အဆုံးအထိ သွားကြတာပေါ့။ ငါ့ကို ထိုးတဲ့ကောင်က အိုဟျွန်းဂျူး ရဲ့ မောင် မဟုတ်လား။ ငါက မီဒီယာတွေကို အကုန်လုံး တိုင်ကြားမှာ ဖြစ်သလို အင်တာနက်ပေါ်မှာလည်း တင်ပစ်ဦးမှာ။ ပိုက်ဆံရှိရင် အရာအားလုံး ဖြစ်တယ်ဆိုတဲ့ ဒီလိုမျိုး အာဏာအလွဲသုံးစားလုပ်မှုတွေ လုပ်လို့ရမယ်မထင်နဲ့။ ငါတို့က ပဒေသရာဇ်ခေတ်မှာ ရှိနေကြတာမဟုတ်ဘူး "
ကိုရီးယားကတော့ အခုတလော အာဏာအလွဲသုံးစားမှု ကိစ္စတွေကြောင့် တကယ်ကို ဆူညံနေတာပါ။
တခြားလူက လူဆိုးတစ်ယောက် ဖြစ်နေခဲ့ရင်တောင်မှ လူတစ်ယောက်ကို ရိုက်နှက်တာကတော့ သေချာပေါက် မှားယွင်းတာ ဖြစ်တာပေါ့။
ဒါပေမဲ့လည်း…
"ရှင့်ဘက်ကလည်း အရင်ဆုံး လက်ပါခဲ့တာ မဟုတ်ဘူးလား။ ကိုယ်ဝန်ဆောင်မိခင်နဲ့ ဗိုက်ထဲက ကလေးလေးက ဘယ်လောက်အထိ တုန်လှုပ်သွားရမလဲဆိုတာကိုရော ရှင် စဉ်းစားဖူးရဲ့လား"
"ဘာ… ဘာကြီးလဲ။ နင် ဘာတွေ ပြောနေတာလဲ"
"ရှင်က ဒါကို မသိခဲ့ဘူးလို့ ဆင်ခြေပေးဖို့ ကြိုးစားနေတာတော့ မဟုတ်ပါဘူးနော်။ လက်ရှိ ရှေ့နေတစ်ယောက်က ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးရဲ့ လက်ကို အတင်းအဓမ္မ ဆွဲကိုင်ပြီး အော်ဟစ်ဆဲဆိုခဲ့တယ်ဆိုတာကို လူတွေ သိသွားကြတဲ့အချိန်မှာ ဘာတွေ ပြောကြမလဲဆိုတာကို ကျွန်မ သိချင်မိသား"
"ခ… ခဏနေပါဦး။ အဲဒါက တကယ်ပဲ ဟုတ်လို့လား"
အယ်လီ ကတော့ သူ့ရဲ့ စကားကို မကြားချင်ယောင်ဆောင်လိုက်ရင်း ကျွန်တော့်ဘက်လှည့်ပြီး ပြောတယ်။
"ငါတော့ စိုးရိမ်မိတယ်။ အခုတလော အုပ်စုအကြီးအကဲရဲ့ ကိုယ်ဝန်ဆောင် အော့အန်တာက ပြင်းထန်နေခဲ့သလို သူ့ရဲ့ ကျန်းမာရေးကလည်း သိပ်ပြီး မကောင်းလှဘူးလေ"
ကျွန်တော်ကလည်း ဘေးနားကနေ ဝင်ပြီး ဖြည့်စွက်ပြောလိုက်တယ်။
"ဟုတ်ပါ့။ အစ်မက ဒီအဖြစ်အပျက်ကြောင့် တုန်လှုပ်သွားခဲ့ပြီး ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်လာခဲ့မယ်ဆိုရင်တော့ ဒါက ပြဿနာအကြီးကြီး ဖြစ်လာနိုင်တာပေါ့"
"ငါတို့ ဂျက်စီကာကို ချက်ချင်းပဲ ဟိုတယ်ဆီ ပို့ပေးပြီး သေသေချာချာ စစ်ဆေးမှုတွေ လုပ်ဆောင်ပေးသင့်တယ်လို့ ထင်တယ်။ ဆေးမှတ်တမ်း လက်မှတ်ကို ယူပြီးတဲ့နောက် ဥပဒေရေးရာအဖွဲ့က ဝင်ရောက်ကိုင်တွယ်ပြီး သေသေချာချာ လုပ်ဆောင်ရမယ်။ ဂျက်စီကာ အနားယူနေတဲ့ ကာလအတွင်းမှာ အလုပ်လုပ်နိုင်မှာ မဟုတ်တာ ဖြစ်လို့ ငါတို့က အုပ်စုအကြီးအကဲရဲ့ နှစ်စဉ်လစာကို တွက်ချက်ပြီး အဲဒီပမာဏအတိုင်း နစ်နာကြေး တောင်းဆိုရမယ်"
ကိုရီးယား အုပ်စုအကြီးအကဲရဲ့ အခြေခံလစာကတော့ ဒေါ်လာ ၁၀ သန်းအောက် ဖြစ်ပါတယ်။ ဒါပေမဲ့ ဘောနပ်စ်တွေနဲ့ စတော့အဖွဲ့ဝင်ခွင့်တွေ ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ အစ်မက ပြီးခဲ့တဲ့နှစ်တစ်နှစ်ထဲမှာတင် ဒေါ်လာ သန်း ၃၀ နီးပါး ရရှိခဲ့တာပါ။ ကိုရီးယားအုပ်စုက ကြီးထွားလာခဲ့ပြီး Golden Gate ရဲ့ စတော့ဈေးနှုန်းတွေ မြင့်တက်လာတာ ဖြစ်လို့ ဒီနှစ်မှာတော့ ပိုပြီးတော့တောင် တိုးပွားလာဦးမှာ ဖြစ်ပါတယ်။
"အစ်မဟျွန်းဂျူးက ဆေးရုံမှာ ဆယ်ရက်လောက်ပဲ တက်ရရင်တောင်မှ ဝမ် သန်း ၁ ထောင်ကျော် သွားမှာသေချာတယ်"
ကျွန်တော်တို့ရဲ့ စကားဝိုင်းကြောင့် အဲဒီအမျိုးသားရဲ့ မျက်နှာကတော့ လုံးဝ ဖြူဖျော့သွားခဲ့ရတာပေါ့။
"ဟင်… ဝ… ဝမ် သန်း ၁ ထောင် ဟုတ်လား"
အခုတလော ကျွန်တော်တို့ ကိုင်တွယ်နေရတဲ့ ပမာဏတွေက တကယ့်ကို ကြီးမားလွန်းလှတာ ဖြစ်ပေမဲ့ ဝမ် သန်း ၁ထောင်ဆိုတာကတော့ သာမန်လူတွေအနေနဲ့ ဘဝတစ်လျှောက်လုံး အလုပ်လုပ်ရင်တောင်မှ စုဆောင်းဖို့အတွက် ခက်ခဲလှတဲ့ ပမာဏပါ။ အောင်မြင်တဲ့ ထိပ်တန်း ဥပဒေအကျိုးဆောင်လုပ်ငန်းတစ်ခုတောင် မဟုတ်တဲ့ ဥပဒေအကျိုးဆောင်လုပ်ငန်းက ရှေ့နေတစ်ယောက်ရဲ့ လစာက ဘယ်လောက်အထိ ရှိမှာမလို့လဲ။
အယ်လီ ကတော့ အခုအချိန်မှာ အေးစက်တဲ့ အပြုံးမျိုးကိုပြုံးထားခဲ့ပါပြီ။
"ရှင်က ဘာလို့ ဒီလောက်အထိ အံ့ဩနေရတာလဲ။ တကယ်လို့ ကျွန်မတို့က ရိုက်နှက်မှုနဲ့ ခြိမ်းခြောက်မှုတင်မကဘဲ လုပ်ငန်းအနှောင့်အယှက်ဖြစ်မှုနဲ့ ကုမ္ပဏီရဲ့ နစ်နာမှုတွေကိုပါ တွက်ချက်မယ်ဆိုရင်တော့ အဲဒီပမာဏထက် အဆပေါင်းများစွာ ပိုပြီး များပြားသွားမှာရှင့်။ အရင်ဆုံး ရှင့်ရဲ့ လိပ်စာကတ်ကို ပေးလို့ရမလား။ ရှင်က ရိုက်နှက်မှုနဲ့ တရားစွဲမယ်လို့ ပြောတာ ဖြစ်လို့ ကျွန်မတို့က ရှင့်ဆီ CCTV ဗီဒီယိုဖိုင်ကို ပေးပို့ပေးပါ့မယ်။ ကျန်တာတွေကိုတော့ တရားရုံးမှာပဲ ရှင်းကြတာပေါ့"
အဲဒီအခါကျမှ သူက သူ့ရဲ့ အိတ်ကပ်တွေကို ဟန်ဆောင်ပန်ဆောင်နဲ့ လှန်လှောရှာဖွေလိုက်ရင်း ပြောတယ်။
"ငါ… ငါ့ရဲ့ လိပ်စာကတ်ကို အိမ်မှာ မေ့ကျန်ခဲ့တာ ထင်တယ်"
"အာ… တကယ်လား။ ဒါဆိုရင် ကျွန်မ ရှင့်ရဲ့ ဥပဒေအကျိုးဆောင်လုပ်ငန်းဆီ ဆက်သွယ်လိုက်ပါ့မယ်။ ဘယ်ဥပဒေအကျိုးဆောင်လုပ်ငန်းလို့ ပြောခဲ့တာလဲ"
"အဲဒါကတော့… အာ။ တောင်းပန်ပါတယ်၊ ငါ့မှာ အရေးတကြီး လုပ်စရာ အလုပ်တစ်ခု ရှိနေလို့ အခု သွားရတော့မယ်"
သူက အနောက်ဆီ ဖြည်းဖြည်းချင်း ဆုတ်ခွာသွားခဲ့ပြီးတဲ့နောက် လှည့်ပြီးတော့ ထွက်ပြေးပါတော့တယ်။
ကျွန်တော်ကတော့ ထွက်ပြေးသွားတဲ့ သူ့ရဲ့ အနောက်ကို ကြည့်လိုက်ရင်း ရယ်မောလိုက်မိတယ်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဥပဒေကို သဘောကျတဲ့ လူစားမျိုးကို ကိုင်တွယ်ဖို့အတွက် အကောင်းဆုံး နည်းလမ်းကတော့ ဥပဒေပဲ "
အယ်လီ ကတော့ ဒေါသတွေ လုံးဝ မပြယ်သေးတဲ့ အသံမျိုးနဲ့ ပြောလိုက်တယ်။
"သူ့မှာ အသိတရား ရှိသေးတယ်ဆိုရင်တော့ ဂျက်စီကာ ရဲ့ အရှေ့ဆီ ထပ်ပြီး ပေါ်လာရဲတော့မှာ မဟုတ်ပါဘူးလေ"
အုပ်စုအကြီးအကဲရဲ့ ရုံးခန်းဆီ ရောက်ရှိသွားခဲ့တဲ့ ဟျွန်းဂျူး ကတော့ သူ့ရဲ့ အရှေ့မှာရှိတဲ့ ရွှေဝါရောင် ဆံပင်နဲ့ လူငယ်လေးကို စိုက်ကြည့်နေခဲ့တယ်။ သူက အရပ်ရှည်ပြီး ခန္ဓာကိုယ် တည်ဆောက်ပုံ ကောင်းမွန်သလို ရုပ်လည်း ချောမောလှပပါတယ်။
အဲဒီအချက်ကြောင့်ပဲ ကုမ္ပဏီမှာရှိတဲ့ အမျိုးသမီး ဝန်ထမ်းတွေထဲက သူ့ကို သဘောကျတဲ့လူအတော်များများရှိနေတာပါ။ ဟျွန်းဂျူး ကြားသိရသလောက်ကတော့ သူ့ဆီ ဖွင့်ပြောပြီး တွဲဖို့ ကမ်းလှမ်းခဲ့တဲ့ လူအနည်းငယ်တောင် ရှိခဲ့သေးတယ်တဲ့လေ။
ခဏလောက်အထိတော့ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းတဲ့ တိတ်ဆိတ်မှုက ကြီးစိုးနေခဲ့တယ်။
ဟျွန်းဂျူး က အလေ့အထအတိုင်း လက်ကို လှမ်းလိုက်ပြီးမှ ချက်ချင်း ပြန်ပြီး ရပ်တန့်လိုက်မိတယ်။ ၁၅ နှစ် ကျော်ကြာအောင် သောက်သုံးလာခဲ့တဲ့ ဆေးလိပ်ကို မသောက်ရတော့တာ ဖြစ်လို့ စိတ်ပျက်စရာ ကောင်းလှတယ်လို့ ခံစားလိုက်ရတယ်။
ဟျွန်းဂျူးက ဘာပြောရမလဲဆိုတာကို တွေးတောနေခဲ့စဉ်မှာပဲ ဟင်နရီ က အရင်ဆုံး စကားစပြောလာခဲ့တယ်။
"နေလို့ အဆင်ပြေရဲ့လား"
"အင်း။ ငါ လုံးဝ အဆင်ပြေပါတယ်"
ငါ နည်းနည်းပဲ လန့်သွားခဲ့တာပါ။
ဟျွန်းဂျူး ကတော့ ဝမ်းဗိုက်ကို မသိစိတ်ကြောင့် လှမ်းပြီး ပွတ်သပ်လိုက်မိတယ်။
"ဒါက တကယ်ပဲ ငါ့ရဲ့ ကလေးလား"
ဟျွန်းဂျူး က ခေါင်းညိတ်လိုက်ရင်း ပြောတယ်။
"အင်း၊ ဟုတ်တယ်"
"ဒါပေမဲ့ နင်က ဘာလို့ ဘာမှ မပြောခဲ့ရတာလဲ။ ငါ့မှာလည်း အဲဒီကလေးနဲ့ ပတ်သက်ပြီး တာဝန်ရှိသလို အခွင့်အရေးလည်း ရှိတာပဲလေ"
ဟျွန်းဂျူး က အလေးအနက် တောင်းပန်လိုက်တယ်။
"တောင်းပန်ပါတယ်။ ငါက နင့်အတွက် အခြေအနေတွေကို တကယ်ပဲ မခက်ခဲစေချင်ခဲ့တာ ဖြစ်သလို နင့်ကိုလည်း မလန့်သွားစေချင်ခဲ့တာပါ"
ဟျွန်းဂျူးက တခြားလူတွေရဲ့ အရှေ့မှာတော့ အဆင်ပြေနေသလိုမျိုး ပုံစံဖမ်းထားခဲ့တာ ဖြစ်ပေမဲ့ တကယ်တော့ ကိုယ်ဝန်ရှိနေပြီဆိုတာကို ပထမဆုံး သိလိုက်ရတဲ့အချိန်တုန်းက မယုံနိုင်လောက်အောင်ကို စိတ်ရှုပ်ထွေးခဲ့ရတာပါ။
'ကိုယ်ဝန်ရှိတာက ငါ့အတွက်လည်း ပထမဆုံးအကြိမ်ပဲလေ'
တကယ်လို့ ငွေကြေး အကြပ်အတည်းလိုမျိုး တုန်လှုပ်စရာ ကိစ္စရပ်တစ်ခုသာ ဖြစ်ပွားခဲ့မယ်ဆိုရင် ဟျွန်းဂျူးအနေနဲ့ အခုထက်စာရင် ပိုပြီး ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့မှာ မဟုတ်လောက်ပါဘူး။
ဟင်နရီ က တစ်ခုခု ပြောဖို့ ပြင်လိုက်ပြီးမှ ပြန်ပြီး ရပ်တန့်သွားခဲ့တယ်။
ကြီးစိုးနေတဲ့ တိတ်ဆိတ်မှုတွေကြားထဲမှာ သူ့ရဲ့ မျက်နှာပေါ်မှာတော့ အမျိုးမျိုးသော အမူအရာတွေက ဖြတ်ပြေးသွားပါတယ်။ အဲဒီအမူအရာတွေကို ကြည့်လိုက်ရင်း ဟျွန်းဂျူး ကတော့ သူ ဘာတွေ ပြောချင်နေလဲ၊ ပြီးတော့ ဘယ်လိုမျိုး ခံစားချက်တွေ ရှိနေလဲဆိုတာကို သိရှိသွားခဲ့သလိုမျိုး ခံစားလိုက်ရတယ်။
"နင်က အရာအားလုံးကို တစ်ယောက်ထဲ ရင်ဆိုင်ဖို့အတွက် ပြင်ဆင်ထားတာလား"
"အင်း"
"ငါ နင့်ကို ဒါမျိုး လုပ်ခွင့်မပေးနိုင်ဘူး။ အဲလိုလုပ်ခွင့်မပေးနိုင်တာက အဲဒီနေ့တုန်းက အဖြစ်အပျက်ကြောင့် ဒါမှမဟုတ် ကလေးအတွက် တာဝန်သိစိတ်ကြောင့်တင် မဟုတ်ဘူး"
သူက အရာအားလုံးကို ရိုးရိုးသားသားပဲ ဖွင့်ပြောလိုက်တယ်။ ဟျွန်းဂျူးကို အချိန်အကြာကြီး တစ်ယောက်ထဲ သဘောကျနေခဲ့တဲ့ အကြောင်းရင်းကနေစပြီး ကန်ဂျင်ဟူ နဲ့ တက်ဂယူ တို့ဆီ အကူအညီ တောင်းခံခဲ့ဖူးတဲ့ အကြိမ်ပေါင်းများစွာအထိ အကုန်လုံးကို ပြောပြလိုက်တာပါ။
'ဒါပေမဲ့ ငါက ဘာလို့ မသိခဲ့ရတာလဲ'
မဟုတ်ပါဘူး။ ဟျွန်းဂျူး လုံးဝ မသိခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ သူ့မှာ ဟျွန်းဂျူးအပေါ် ခံစားချက်တွေ ရှိနေတယ်ဆိုတာကိုတော့ အတိုင်းအတာတစ်ခုအထိ သတိပြုမိခဲ့ပါတယ်။ ဒါပေမဲ့လည်း ဟျွန်းဂျူးက အဲဒါကို ဆန့်ကျင်ဘက် လိင်တွေကြားထဲက သာမန် သဘောကျမှုမျိုးလို့သာ ထင်မှတ်ထားခဲ့တာ ဖြစ်ပြီး ဒါမျိုး ပြင်းထန်တဲ့ အချစ်မျိုး ဖြစ်နေလိမ့်မယ်လို့တော့ မထင်ထားခဲ့မိတာပါ။
'ဒါကြောင့်ပဲ ငါက အမျိုးသားတွေကို ကြည့်တဲ့နေရာမှာ အမြင်မရှိဘူးလို့ အပြောခံခဲ့ရတာ ထင်တယ်'
အံ့ဩသွားခဲ့တဲ့ ဟျွန်းဂျူး က စကားတွေ ထစ်အသွားခဲ့ရတယ်။
"န… နင်က ငါ့ကို ဒီလောက်အထိ သဘောကျလို့လား"
ဟင်နရီ က ခေါင်းညိတ်လိုက်ရင်း ပြောတယ်။
"အင်း၊ ဟုတ်တယ်။ နင်က ငါ့ရဲ့ အရာရာပဲ"
"ဘယ်တုန်းကတည်းကလဲ"
"နင်နဲ့ ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့တဲ့ အချိန်တုန်းကတည်းကပါ။ အဲဒီအချိန်ကစပြီး ငါ့ရဲ့ မျက်စိထဲမှာ တခြား ဘယ်သူ့ကိုမှ ထည်မရခဲ့တော့ဘူး"
"တ… တကယ်လား"
ချက်ချင်းဆိုသလိုပဲ ဟျွန်းဂျူးရဲ့ မျက်နှာက နီရဲသွားခဲ့ရတာပေါ့။
ဒါမျိုး ဖွင့်ပြောမှုကို ကြားရတာက ဟျွန်းဂျူးအတွက် ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ဟျွန်းဂျူးက အာရှအုပ်စုမှာ အလုပ်လုပ်နေခဲ့စဉ်တုန်းက လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းတွေ ဒါမှမဟုတ် ဟောင်ကောင် သူဌေးကြီးတွေဆီကနေ တွဲဖို့ ကမ်းလှမ်းချက်တွေ ဒါမှမဟုတ် လက်ထပ်ဖို့ ကမ်းလှမ်းချက်တွေကို အကြိမ်ပေါင်းများစွာ ရရှိခဲ့ဖူးတာပါ။
ဒါပေမဲ့လည်း ဒီတစ်ကြိမ်မှာ ခံစားရတဲ့ ခံစားချက်ကတော့ လုံးဝ ကွဲပြားခြားနားနေခဲ့တယ်။
ဟင်နရီ က သူ့ရဲ့ ထိုင်ခုံကနေ ထရပ်လိုက်ပြီးတဲ့နောက် ဒူးတစ်ဖက် ထောက်လိုက်ရင်း ပြောတယ်။
"ကျေးဇူးပြုပြီး ငါ့ကို လက်ထပ်ပါ"
အစ်မ ဟျွန်းဂျူးနဲ့ ဟင်နရီ တို့ စကားပြောနေခဲ့ကြစဉ်မှာတော့ ကျွန်တော်တို့က အစည်းအဝေးခန်းထဲမှာ စောင့်ဆိုင်းနေခဲ့ကြတယ်။
"ဘယ်လောက်အထိ ကြာသွားပြီလဲ"
"နှစ်နာရီခွဲလောက် ရှိသွားပြီ"
တက်ဂယူ က ချက်ချင်း ထရပ်လိုက်ရင်း ပြောတယ်။
"ဒါပေမဲ့ ဘာလို့ ဒီလောက်အထိ တိတ်ဆိတ်နေရတာလဲ။ ငါတို့တွေ ခိုးပြီး သွားကြည့်ကြရင် ဘယ်လိုလဲ"
"ခဏလောက် ထပ်ပြီး စောင့်ပါဦးကွာ။ သူတို့တွေ ပြောစရာ စကားတွေ အများကြီး ရှိနေမှာပေါ့ဟ"
နောက်ထပ် တစ်နာရီလောက်အထိ ထပ်ပြီး စောင့်ဆိုင်းပြီးတဲ့နောက်မှာတော့ အစ်မ ဟျွန်းဂျူးက ကျွန်တော်တို့ကို အုပ်စုအကြီးအကဲရဲ့ ရုံးခန်းဆီ လှမ်းပြီး ခေါ်လိုက်တယ်။ ပြုံးရွှင်နေတဲ့ ဟင်နရီ ကို ကြည့်ရသလောက်တော့ အခြေအနေတွေက အဆင်ပြေသွားခဲ့တဲ့ ပုံစံပါပဲ။
အစ်မ ဟျွန်းဂျူးက သူတို့တွေ အတူတူ နေထိုင်ကြဖို့နဲ့ ကလေးကို အတူတူ ပြုစုပျိုးထောင်ဖို့အတွက် လက်ရှိမှာ ဆုံးဖြတ်လိုက်ကြပြီ ဖြစ်ကြောင်း ကျွန်တော်တို့ကို ပြောပြပါတယ်။
"လက်ထပ်ပွဲကကော"
တက်ဂယူ ရဲ့ မေးခွန်းကိုတော့ အစ်မက ပြန်ပြီး ဖြေတယ်။
"အဲဒါကတော့ နောက်ပိုင်းကျမှ ဖြစ်မှာပါ။ အခုချက်ချင်း လက်ထပ်ပွဲ လုပ်ဖို့အတွက်ကလည်း ခက်ခဲလောက်မယ်လေ"
ဒါက Golden Gate ရဲ့ အမွေဆက်ခံသူနဲ့ Golden Gate ကိုရီးယား ရဲ့ အကြီးအကဲ၊ ပြီးတော့ OTK ကုမ္ပဏီ ရဲ့ တတိယမြောက် အကြီးဆုံး ရှယ်ယာရှင်တို့ရဲ့ လက်ထပ်ပွဲ ဖြစ်တာလေ။ ဒါက ငွေကြေးလောကမှာတော့ ရာစုနှစ်ရဲ့ လက်ထပ်ပွဲလို့ ခေါ်ဆိုရင်တောင်မှ ချဲ့ကားပြောဆိုရာ ရောက်မှာ မဟုတ်ပါဘူး။
သေသေချာချာ ပြင်ဆင်ထားတဲ့ လက်ထပ်ပွဲတစ်ခု ဖြစ်မြောက်ဖို့အတွက်တင် လပေါင်းများစွာ ကြာမြင့်မှာပါ။ တကယ်လို့ ကမ္ဘာတစ်ဝှမ်းက ကျော်ကြားတဲ့ လူပုဂ္ဂိုလ်တွေ တက်ရောက်ကြမယ်ဆိုရင်တော့ အချိန်ဇယားတွေကို ကြိုတင်ပြီး ညှိနှိုင်းဖို့လိုပါတယ်။
ထင်ရှားတဲ့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ အမေရိကန် နိုင်ငံရေးသမားတွေက ဧည့်သည်တော်တွေအဖြစ် တက်ရောက်ကြမှာပါ။ သမ္မတ မဟုတ်ရင်တောင်မှ နယူးယောက်ပြည်နယ် ရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ သေချာပေါက် တက်ရောက်လာမှာ ဖြစ်ပါတယ်။ (Golden Gate ရဲ့ ရုံးချုပ်က နယူးယောက်ပြည်နယ် မှာ ရှိတာ ဖြစ်လို့ပါ)
အဲဒီအချိန်ကျရင် အစ်မဟျွန်းဂျူးရဲ့ ကိုယ်ဝန်ကလည်း တော်တော်လေး ရင့်နေလောက်ပြီလေ။ တကယ်လို့ သူတို့တွေ လက်ထပ်ကြမယ်ဆိုရင်တော့ ဖြည်းဖြည်းချင်း ပြင်ဆင်ပြီး ကလေးမွေးဖွားပြီးတဲ့နောက်မှ လုပ်ဆောင်တာက ပိုပြီး ကောင်းမွန်မှာပါ။
သူတို့ နှစ်ယောက်စလုံးက အရင်ဆုံး အစ်မရဲ့ မိဘတွေဆီ သွားပြီး တွေ့ဆုံခဲ့ကြတယ်။ တက်ဂယူ ကလည်း မိသားစုဝင်တစ်ယောက် အနေနဲ့ ဆုံတွေ့မှုဆီ တက်ရောက်ခဲ့တာပေါ့။ ဟင်နရီ က နိုင်ငံခြားသားတစ်ယောက် ဖြစ်နေတာနဲ့ အစ်မဟျွန်းဂျူး ထက် အသက်ငယ်တာကတော့ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ (ဟင်နရီ က Golden Gate ရဲ့ အမွေဆက်ခံသူ ဖြစ်တယ်ဆိုတဲ့ အမှန်တရားကိုတော့ လောလောဆယ်မှာ လျှို့ဝှက်ထားဖို့အတွက် ဆုံးဖြတ်ခဲ့ကြတယ်)
အစ်မဟျွန်းဂျူးမှာ ကိုယ်ဝန် ရှိနေပြီဆိုတာကို ကြားသိရတဲ့အချိန်မှာ အစ်မရဲ့မိဘတွေက နည်းနည်းတော့ အံ့ဩသွားခဲ့ကြပေမဲ့ သိပ်မကြာခင်မှာပဲ ဝမ်းသာပီတိ ဖြစ်သွားခဲ့ကြပြီး ဟင်နရီ ကို သားမက်တစ်ယောက်လိုမျိုး သေသေချာချာ ဆက်ဆံခဲ့ကြတယ်လို့ ပြောပါတယ်။
"ငါတို့ မိဘတွေရဲ့ အမြင်ကနေ ကြည့်မယ်ဆိုရင်တော့ မမမှာ ရည်းစားတစ်ယောက် ရှိနေတာကတင် တကယ့်ကို ကြိုဆိုစရာ ကောင်းလှနေပြီလေ။ ငါ့အစ်မက အလုပ်တွေပဲ တောက်လျှောက် လုပ်ကိုင်နေရင်း အသက်ကြီးလာတဲ့အချိန်မှာ တစ်ယောက်ထဲ သေဆုံးသွားမှာကို ငါ့မိဘတွေက တကယ်ကို စိုးရိမ်နေခဲ့ကြတာကွ"
ဟင်နရီ ရဲ့ မိဘတွေကလည်း မကြာခင်မှာ ကိုရီးယားဆီ လာရောက်ဖို့အတွက် အစီအစဉ် ရှိနေပါတယ်။ အစ်မ ဟျွန်းဂျူးက အမေရိကဆီ သွားဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ဟင်နရီ က ကလေးအတွက် အန္တရာယ်ရှိနိုင်မှာကိုစိုးရိမ်တယ်ပြောပြီး တားဆီးခဲ့တယ်။
ပြီးတော့ ကျွန်တော့်ဆီ Golden Gate ရဲ့ စီအီးအို ဆီကနေ ဖုန်းဝင်လာခဲ့တယ်။ ဂျိန်း က မယုံနိုင်လောက်အောင် ဖြစ်ရတဲ့ အသံမျိုးနဲ့ အော်ဟစ်လိုက်တယ်။
[ဟင်နရီ နဲ့ အုပ်စုအကြီးအကဲ ဂျက်စီကာအို တို့ကြားထဲမှာ တကယ်ပဲ ကလေးတစ်ယောက် ရသွားခဲ့တာ ဟုတ်လို့လား။ ငါ နားကြားမှားတာတော့ မဟုတ်ပါဘူးနော်]
"အင်း။ ဒါမျိုး ဖြစ်သွားခဲ့တာတော့ အမှန်ပါပဲ"
ဂျိန်း ကတော့ ဝမ်းသာပီတိ ဖြစ်သွားခဲ့ရတာပေါ့။
[ဟားဟား။ ဟင်နရီ ရဲ့ ကလေး ဟုတ်လား။ ငါ မသေခင်မှာ မြစ်တွေကို မြင်တွေ့ချင်တာက ငါ့ရဲ့ ဆန္ဒ ဖြစ်တာမလို့ ဒါက တကယ်ကို ကောင်းမွန်တဲ့ သတင်းပဲ]
ဘာကြောင့်လဲတော့ မသိပေမဲ့ ကျွန်တော်တို့တွေ အနာဂတ်မှာ ကလေးအနည်းငယ်လောက်ကို ထပ်ပြီး မြင်တွေ့ရဦးမယ်လို့ ခံစားမိလိုက်တယ်။
ဂျိန်း က မန်ဟက်တန် မှာရှိတဲ့ သူ့ရဲ့ Penthouse တိုက်ခန်းနဲ့ Beverly Hillsက သူ့ရဲ့ စံအိမ်ကြီးကို လက်ဆောင်ပေးဖို့ ကမ်းလှမ်းခဲ့တယ်။ အစ်မ ဟျွန်းဂျူးက အဆင်ပြေပါတယ်လို့ ပြောပြီး ငြင်းပယ်ခဲ့ပေမဲ့ ဂျိန်းက ကလေးအတွက် လက်ဆောင်အဖြစ် လက်ခံပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်လို့ အစ်မလည်း မတတ်သာဘဲ လက်ခံဖို့ သဘောတူခဲ့ရတယ်။
တရုတ်သူဌေးကြီးတစ်ယောက်က သားမွေးဖွားပေးခဲ့တဲ့ သူ့ရဲ့ ချွေးမဆီ ဝမ်သန်းထောင်ချီပြီး တန်ဖိုးရှိတဲ့ အိမ်တစ်လုံးကို လက်ဆောင်ပေးခဲ့တယ်ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ကျွန်တော် ဖတ်ဖူးတာ ဖြစ်လို့ အမေရိကန် သူဌေးကြီးတွေကလည်း လျှော့တွက်လို့ မရဘူးလို့ ထင်ပါတယ်။
တက်ဂယူ က ပြောတယ်။
"ငါလည်း သူတို့တွေ ကိုရီးယားမှာ နေထိုင်ဖို့အတွက် အိမ်တစ်လုံး လက်ဆောင်ပေးရမယ်"
အခုက ကလေးလေး ရောက်ရှိလာတော့မှာမလို့ ဟိုတယ်မှာပဲ ဆက်ပြီး နေထိုင်နေဖို့ကတော့ အဆင်မပြေပါဘူး။ သူတို့ သီးသန့် နေထိုင်ဖို့အတွက် အိမ်တစ်လုံး လိုအပ်တယ်ဆိုတာကို ကျွန်တော်လည်း သဘောတူပါတယ်။
"ကောင်းမွန်တဲ့ အိမ်တစ်လုံးအတွက်ဆိုရင်တော့ Penthouse ဒါမှမဟုတ် စံအိမ်ကြီးပဲ ဖြစ်ရမှာပေါ့"
"နောက်ပိုင်း ကလေးလေး ပြေးလွှား ဆော့ကစားနိုင်ဖို့အတွက်ဆိုရင်တော့ လုံးချင်းအိမ်ကမှ ပိုပြီး ကောင်းမွန်မယ်ထင်တယ်နော်"
စံအိမ်ကြီးတွေကတော့ ရောင်းလိုအားနဲ့ ဝယ်လိုအားက ကန့်သတ်ချက် ရှိတာ ဖြစ်လို့ ဝယ်ယူဖို့နဲ့ ပြန်လည်ရောင်းချဖို့အတွက်ကတော့ မလွယ်ကူပါဘူး။ ( Penthouseတွေအတွက်လည်း အတူတူပါပဲ)။ ပြီးတော့ အိမ်ခြံမြေတွေက အိမ်ခြံမြေဈေးကွက်ပေါ်ဆီ တိုက်ရိုက် ရောက်ရှိမလာတတ်ကြဘဲ တစ်ခါတရံမှာ သိကျွမ်းတဲ့ လူတွေကြားထဲမှာပဲ အရောင်းအဝယ် ဖြစ်တတ်ကြတာပါ။
ကျွန်တော်တို့လည်း တကယ်လို့ ဥက္ကဌ ချဲယောင် အဖမ်းမခံခဲ့ရဘူးဆိုရင် ဒီအိမ်ကို ဝယ်ယူဖို့အတွက် တော်တော်လေး ခက်ခဲခဲ့မှာ သေချာပါတယ်။
"ငါတို့တွေ ဗီလာနည်းနည်းလောက်ကိုပဲ ဝယ်ယူပြီး အကုန်လုံးကို ဖြိုဖျက်ပြီး စံအိမ်ကြီးတစ်လုံး ဆောက်လုပ်လိုက်မယ်ဆိုရင်ကော ဘယ်လိုလဲ"
"အဲလိုလုပ်မယ်ဆိုရင် အချိန်အများကြီး ကြာမြင့်သွားလိမ့်မယ်"
ဒီလိုမျိုး ကိစ္စရပ်တွေအတွက်ဆိုရင်တော့ သိကျွမ်းတဲ့ လူတစ်ယောက်ယောက်ဆီ မေးမြန်းတာက အကောင်းဆုံးပါပဲ။
ကျွန်တော် ချက်ချင်းပဲ ဥက္ကဌ လင်ဂျင်ယုံ ဆီ ဆက်သွယ်လိုက်တယ်။
"စီနီယာဆီမှာ ရောင်းဖို့အတွက် သင့်တော်တဲ့ အိမ်ရှိလား"
ဥက္ကဌလင်ဂျင်ယုံက အလွယ်တကူပဲ ပြန်ပြောတယ်။
[ငါ မင်းအတွက် လိုက်ပြီး စုံစမ်းပေးပါ့မယ်။ ဈေးနှုန်းသာ အဆင်ပြေမယ်ဆိုရင် ရောင်းချချင်တဲ့ လူတစ်ယောက်ယောက် ရှိနေနိုင်တာပဲလေ]
"ကျေးဇူးပြုပြီး ကူညီပေးပါဦး"
နောက်တစ်နေ့မှာတော့ ဥက္ကဌ လင်ဂျင်ယုံ ဆီကနေ ဖုန်းဆက်လာခဲ့တယ်။
[ရှင်ဆီဂီအုပ်စု ရဲ့ ဒုတိယဥက္ကဌ ဂျန်ယုံချော က ပြီးခဲ့တဲ့နှစ်တုန်းက ဆိုးပန်ဂယို ဆီ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်လို့ ဆမ်ဆောင်ဒေါင်း က သူ့ရဲ့ အိမ်ဟောင်းက အခု လွတ်နေတယ်]
ဥက္ကဌ လင်ဂျင်ယုံ နဲ့ ဒုတိယဥက္ကဌ ဂျန်ယုံချော တို့ဟာ ဆွေးမျိုးတွေ ဖြစ်ကြသလို သူငယ်ချင်းတွေလည်း ဖြစ်ကြပါတယ်။ သူက လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပေမဲ့ ရောင်းချဖို့အတွက် အရေးတကြီး အကြောင်းပြချက် မရှိတာ ဖြစ်လို့ ဈေးကွက်ထဲမှာတော့ အခုအချိန်အထိ မတင်ရသေးဘူးလို့ ပြောတယ်။
တည်နေရာကတော့ ကျွန်တော်တို့ အိမ်နဲ့ တစ်ဘလောက်ထဲမှာပဲ ရှိတာ ဖြစ်လို့ လမ်းလျှောက်သွားရင် ၅ မိနစ်လောက်ပဲ ကြာမြင့်မှာပါ။
[မင်း စိတ်ဝင်စားတယ်ဆိုရင်တော့ သူက ရောင်းချဖို့အတွက် အစီအစဉ် ရှိတယ်လို့ ပြောတယ်]
"သဘောကျပါတယ်ဗျာ"
ကျွန်တော်တို့တွေ အိမ်ကို ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့ကြတယ်။
အိမ်က လွန်ခဲ့တဲ့ အချိန်အနည်းငယ်ကတည်းက ဆောက်လုပ်ထားခဲ့တာ ဖြစ်ပေမဲ့ ကောင်းမွန်တဲ့ ပစ္စည်းတွေနဲ့ သေသေချာချာ ဆောက်လုပ်ထားခဲ့တာ ဖြစ်လို့ သပ်ရပ်ပြီး သန့်ရှင်းနေပါတယ်။ အိမ်က လွတ်နေခဲ့တဲ့ အချိန်အတွင်းမှာတောင်မှ အိမ်စောင့်တစ်ယောက်က နေထိုင်ခဲ့ပြီး တောက်လျှောက် ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့တာပါ။
လက်ရှိ ဈေးကွက်ပေါက်ဈေးကတော့ ဝမ် သန်း ၂သောင်းနီးပါး ရှိပါတယ်။
ကျွန်တော်တို့ အိမ်ထက် ပိုပြီး သေးပေမဲ့ အခုတလော အိမ်ခြံမြေဈေးနှုန်းတွေက အများကြီး မြင့်တက်လာခဲ့တာ ဖြစ်လို့ ဈေးနှုန်းကတော့ တူတူလိုဖြစ်နေခဲ့တာပါ။
ဒုတိယဥက္ကဌ ဂျန်ယုံချောဟာ အချိန်ပေးပြီး OTK အဆောက်အဦးဆီ ကိုယ်တိုင် ရောက်ရှိလာခဲ့တယ်။
ကျွန်တော်တို့ဘက်က ပိုပြီး ပေးဖို့ ကမ်းလှမ်းခဲ့ရင်တောင်မှ သူက ငြင်းပယ်ခဲ့ပြီး ဈေးကွက်ပေါက်ဈေးအတိုင်း ဝမ် သန်း၂သောင်းဆိုရင်ပဲ လုံလောက်ပါတယ်လို့ ပြောခဲ့တယ်။
"အဆင်ပြေပါတယ်။ ဒီအခွင့်အရေးကနေတစ်ဆင့် စီအီးအို ကန်ဂျင်ဟူ နဲ့ ဒုတိယစီအီးအို အိုတက်ဂယူ တို့နဲ့ ဆက်နွှယ်မှု ရရှိသွားတာကတင် ကျွန်တော့်အတွက်တော့ လုံလောက်ပါတယ်"
စီးပွားရေးလောကထဲက လူတစ်ယောက် ဖြစ်တဲ့အတိုင်း သူ့ရဲ့ အတွေးကတော့ ကွဲပြားခြားနားလှပါတယ်။ သူက အခုအချိန်မှာ ဝမ်သန်းထောင်ဂဏန်းအနည်းငယ်လောက် ပိုပြီး ရရှိဖို့ထက်စာရင် ကျွန်တော်တို့နဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့အတွက် ကြိုးစားနေတဲ့ ပုံစံမျိုး ရှိနေတာပါ။
ကျွန်တော်တို့ စာချုပ်ပေါ်မှာ တံဆိပ်တုံး ထုပြီးတာနဲ့ ချက်ချင်းပဲ အတွင်းပိုင်း ပြင်ဆင်မှုလုပ်ငန်းတွေကို စတင်ခဲ့ကြတယ်။ ပြင်ဆင်စရာ သိပ်ပြီး မရှိတာ ဖြစ်လို့ ဆောက်လုပ်ရေးကတော့ တစ်လအတွင်းမှာတင် ပြီးစီးလိမ့်မယ်လို့ မျှော်လင့်ရတာပဲ။
ကျွန်တော်တို့ အားလုံး အတူတူ ဆောက်လုပ်ရေး လုပ်ငန်းခွင်ဖြစ်တဲ့ အိမ်ဆီ လိုက်ပြီး ကြည့်ရှုခဲ့ကြတယ်။
တက်ဂယူ က ရုတ်တရက်ကြီး ဇဝေဇဝါ ဖြစ်နေတဲ့ အမူအရာမျိုးနဲ့ လှမ်းမေးတယ်။
"ဒါနဲ့ စဉ်းစားကြည့်ဦးကွ။ ပုံမှန်အားဖြင့်ဆိုရင် လူတွေက လက်ထပ်ပြီးမှ အတူတူ နေကြတာလေ။ အဲဒီနောက်ပိုင်းကျမှ ကိုယ်ဝန်ရှိကြတာ မဟုတ်ဘူးလား"
"ဟုတ်တယ်လေ"
"ဒါပေမဲ့ ဘာလို့ ငါတို့အစ်မကျတော့ ကိုယ်ဝန်အရင်ရှိပြီးမှ အတူတူ နေဖြစ်ပြီး အဲဒီနောက်ပိုင်းကျမှ လက်ထပ်ရမှာလဲ"
"စဉ်းစားကြည့်မယ်ဆိုရင်တော့ မင်းပြောတာကလည်း မှန်တာပဲ"
အယ်လီ ကတော့ ပြုံးလိုက်ရင်း ပြောတယ်။
"ကဲပါ။ အစီအစဉ်အတိုင်းဖြစ်ဖို့က အရေးကြီးလို့လား။ အဆုံးသတ်က ကောင်းမွန်နေတယ်ဆိုရင် အရာအားလုံးက ကောင်းမွန်တာပဲလေ"
"ဒါလည်း ဟုတ်တာပဲ"
တက်ဂယူ က ဂုဏ်ယူနေတဲ့ အမူအရာမျိုးနဲ့ ပြောလိုက်တယ်။
"ငါကတော့ ငါတို့အစ်မ ဘယ်တော့မှ ရည်းစားရပြီး ဘယ်တော့မှ လက်ထပ်မှာလဲဆိုတာကို တကယ်ကို စိုးရိမ်နေခဲ့တာကွ။ အခုတော့ အရာအားလုံးက တကယ်ကို ကောင်းမွန်စွာ ပြီးဆုံးသွားခဲ့ပြီ"
အခန်း (၂၄၈)
အစ်မ ဟျွန်းဂျူးက Golden Gate က ဝန်ထမ်းတွေကို သူ့မှာ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ပြောပြလိုက်တယ်။ သူ့ရဲ့ ဗိုက်က ဖြည်းဖြည်းချင်း သိသာလာခဲ့ပြီမလို့ ထပ်ပြီး ဖုံးကွယ်ထားဖို့အတွက် ခက်ခဲသွားခဲ့ပြီလေ။
အမျိုးသား ဝန်ထမ်းတွေကတော့ လန့်သွားခဲ့ကြပေမဲ့ အမျိုးသမီး ဝန်ထမ်းတချို့ကတော့ ကြိုတင်ပြီး ရိပ်မိနေခဲ့ကြတဲ့ ပုံစံပါပဲ။ ဘာပဲဖြစ်ဖြစ် လူတိုင်းကတော့ အစ်မဆီ အလုအယက် လာရောက်ပြီး ဂုဏ်ပြုပေးခဲ့ကြတာပေါ့။
အစ်မ ဟျွန်းဂျူးက Golden Gate ရဲ့ ပထမဆုံး ကိုရီးယားလူမျိုးနဲ့ ပထမဆုံး အမျိုးသမီး အုပ်စုအကြီးအကဲ ဖြစ်သလို OTK ကုမ္ပဏီ ရဲ့ တတိယမြောက် အကြီးဆုံး ရှယ်ယာရှင်လည်း ဖြစ်ပါတယ်။ အဲဒီအချက်ကြောင့်ပဲ ပြည်တွင်းပြည်ပ မီဒီယာတွေက ဒီသတင်းကို တကယ့်ကို စိတ်ဝင်တစားနဲ့ ဖော်ပြခဲ့ကြတယ်။
တကယ်လို့ ချေဘော မိသားစုက အမျိုးသမီး စီအီးအိုတစ်ယောက်သာ လက်ထပ်ဖို့ အစီအစဉ်မရှိဘဲ လက်မထပ်ခင် ကိုယ်ဝန်ရရှိသွားခဲ့ကြောင်း ကြေညာခဲ့မယ်ဆိုရင်တော့ လူထုက အမြင်စောင်းကြမှာ မှန်ပေမဲ့ Golden Gate က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဘဏ် အဖြစ် သတ်မှတ်ခံထားရတာ ဖြစ်လို့ အများစုက ဂရုမစိုက်ကြပါဘူး။
ဒါကို ဘယ်လိုမျိုး ပြောရမလဲ။ ကိုရီးယား ကုမ္ပဏီတွေမှာတော့ ဒါမျိုးက အဆင်မပြေပေမဲ့ နိုင်ငံခြား ကုမ္ပဏီတွေမှာတော့ အဆင်ပြေတယ်ဆိုတဲ့ သဘောမျိုးပေါ့။
နိုင်ငံခြား မီဒီယာတစ်ခုကဆိုရင် အောင်မြင်ကျော်ကြားတဲ့ Single Mom စီအီးအိုတွေအကြောင်းကို သေသေချာချာ သုံးသပ်ထားတဲ့ အထူးဆောင်းပါးတစ်ပုဒ်ကိုတောင် ထုတ်ဝေခဲ့သေးတယ်။
အင်တာနက်ပေါ်မှာတော့ လုံးဝ ကွဲပြားခြားနားတဲ့ အကြောင်းပြချက်တွေကြောင့် ဆူညံနေခဲ့ပါတယ်။
– မွေးဖွားလာကတည်းက အမေဖြစ်က Golden Gate ရဲ့ အုပ်စုအကြီးအကဲနဲ့ OTK ကုမ္ပဏီ ရဲ့ တတိယမြောက် အကြီးဆုံး ရှယ်ယာရှင် ဖြစ်နေမှာနော်။
– အမေက ချမ်းသာတယ်၊ ဦးလေးက ပိုပြီး ချမ်းသာတယ်၊ ဦးလေးရဲ့ သူငယ်ချင်းကတော့ ကမ္ဘာ့အချမ်းသာဆုံး လူသား ဖြစ်နေတယ်။
– စကတည်းက Max Level နဲ့ စတင်ရတာပဲ။ ငါ့ အမေမှာက အကန့်အသတ်မရှိ ရွှေတွေ ရှိနေတာကွ။ ငါက Gacha ကနေ ထွက်လာတဲ့ SSS အဆင့် ကလေးငယ်လေးပဲ။ ဒဏ္ဍာရီလာ ချေဘော ဘဝဆိုတာ ဒါပဲဆိုပြီး မေးလာတဲ့ကလေးက ကြွေးကြော်လောက်တယ်။ ဒါကမှ တကယ့် ဘဝပါကွာ။ မွေးဖွားလာတာ တကယ်ကို လန်းလွန်းတယ်။
– အားကျလိုက်တာ။ တကယ် အားကျတယ်။ တကယ့်ကို အားကျလွန်းလို့ ငိုချင်တယ် ㅠㅠ
– ဒါနဲ့ ကလေးအဖေက ဘယ်သူလဲ။
– ငါ့သူငယ်ချင်းရဲ့ ရည်းစားရဲ့ အစ်ကိုရဲ့ သူငယ်ချင်းရဲ့ ဝမ်းကွဲဆီကနေ ကြားသိရတဲ့ ထိပ်တန်း သတင်းအရဆိုရင်တော့ သူက OTK ကုမ္ပဏီ ရဲ့ အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး အမေရိကန်လူမျိုး တဲ့။
– အဖေဖြစ်သူက အတော့်ကိုချောတယ်လို့တော့ ကြားတယ်။
– ဝိုး။ အဲဒီလူကတော့ သူ့ဘဝကြီးကို လုံးဝ ပြောင်းလဲပစ်နိုင်ခဲ့တာပဲ။
– ပြောမရဘူးနော်။ အဲဒီလူကလည်း တကယ့်ကို အချမ်းသာဆုံး လူသားတစ်ယောက် ဖြစ်နေနိုင်တယ်ကွ။ ဥပမာအနေနဲ့ပြောရရင် ချေဘော မိသားစုရဲ့ အမွေဆက်ခံသူမျိုးပေါ့။
– ဟားဟား။ မဖြစ်နိုင်တာ။
အစ်မ ဟျွန်းဂျူးက နေရာ အသီးသီးကနေ ဂုဏ်ပြုဖုန်းခေါ်ဆိုမှုတွေကို ရရှိခဲ့တယ်။ ကျွန်တော်တို့ဆီမှာလည်း ဖုန်းတွေဝင်လာခဲ့ပါတယ်။ OTK ကုမ္ပဏီ ရဲ့ တတိယမြောက် အကြီးဆုံး ရှယ်ယာရှင် (ပြီးတော့ ဒုတိယမြောက် အကြီးဆုံး ရှယ်ယာရှင်ရဲ့ အစ်မ) ရဲ့ ကိုယ်ဝန်သတင်းက နိုင်ငံရပ်ခြားမှာလည်း တကယ့်ကို အရေးပါတဲ့ ကိစ္စရပ်တစ်ခု ဖြစ်နေတာပါ။
CarOS ရဲ့ စီအီးအို ဒါရီလ် ဆီကနေ ဂုဏ်ပြုစကား ကြားသိရပြီးတဲ့နောက် ကုမ္ပဏီရဲ့ အခြေအနေကိုပါ အစီရင်ခံတင်ပြလာခဲ့တယ်။ AD1 နဲ့ AD2 ကတော့ အခုအချိန်အထိ ကောင်းမွန်စွာ ရောင်းချနေရဆဲ ဖြစ်သလို ကြိုတင်မှာယူမှုတွေကလည်း ဖြည်းဖြည်းချင်း ပြေလည်သွားခဲ့ပါပြီ။
ဒါပေမဲ့ တခြားပြဿနာတစ်ခု ရှိနေပါတယ်။
"လျှပ်စစ်ကား ထုတ်လုပ်ဖို့ကကော ဘယ်လိုမျိုး အခြေအနေ ရှိလဲ"
CarOS က သီးသန့်အဖွဲ့တစ်ခု ဖွဲ့စည်းထားခဲ့ပြီး လျှပ်စစ်ကား နည်းပညာ တိုးတက်ဖို့အတွက် အာရုံစိုက် လုပ်ဆောင်နေခဲ့တာပါ။
[ငါတို့တွေ ဒီနှစ်အတွင်းမှာပဲ မိတ်ဆက်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာ ဖြစ်ပေမဲ့ ငါတို့ရဲ့ နည်းပညာက တခြားကုမ္ပဏီတွေထက် နောက်ကျကျန်နေခဲ့တာကတော့ အမှန်ပဲ]
ကျွန်တော်တို့ ဝယ်ယူခဲ့စဉ်တုန်းက Chrysler က လျှပ်စစ်ကား နည်းပညာ လုံးဝ မရှိတဲ့ အခြေအနေမျိုး ဖြစ်နေခဲ့တာလေ။ ဒါကြောင့်ပဲ FCA အုပ်စုကလည်း တန်ဖိုးအနည်းငယ်နဲ့ ရောင်းချခံခဲ့ရတာပေါ့။
ကျွန်တော်တို့မှာ အလိုအလျောက်မောင်းနှင်မှု နည်းပညာနဲ့ ဘတ္ထရီတွေ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ လျှပ်စစ်ကားတွေကို တကယ်တမ်း ထုတ်လုပ်နိုင်မယ့် နည်းပညာတော့ မရှိသေးပါဘူး။
လက်ရှိ ကားတွေမှာတော့ အင်ဂျင်တွေနဲ့ ဂီယာတွေလိုမျိုး ကြီးမားတဲ့ အတားအဆီးတွေ ရှိနေခဲ့တာ ဖြစ်ပေမဲ့ လျှပ်စစ်ကားတွေမှာတော့ ဘတ္ထရီနဲ့ မော်တာတွေသာ လိုအပ်တာပါ။
လျှပ်စစ်ကားတွေရဲ့ဖွဲ့စည်းပုံက ရိုးရှင်းတာ ဖြစ်လို့ ထုတ်လုပ်ရတာ လွယ်ကူပါတယ်။ ဒါကြောင့်ပဲ Nikola နဲ့ BYD လိုမျိုး ကုမ္ပဏီအသစ်တွေက ဝင်ရောက်လာခဲ့ကြပြီး ကားတွေကို မိတ်ဆက်နိုင်ခဲ့ကြတာပါ။
CarOS အနေနဲ့လည်း စိတ်ကူးရှိမယ်ဆိုရင်တော့ ထုတ်လုပ်နိုင်မှာ အမှန်ပါပဲ။
ဒါပေမဲ့ ထုတ်လုပ်နိုင်တာနဲ့ ကောင်းမွန်စွာ ထုတ်လုပ်နိုင်တာကတော့ သီးခြား ကိစ္စရပ်တွေပါ။ ကုမ္ပဏီအသစ် ဖြစ်စေ၊ လက်ရှိ ကားထုတ်လုပ်သူ ဖြစ်စေ အခုတလောမှာ လျှပ်စစ်ကားတွေ မိတ်မဆက်တဲ့ နေရာကို ရှာဖို့ဆိုတာ ခက်ခဲလှပါတယ်။
ကားမော်ဒယ်တွေ အများကြီး ထွက်ပေါ်လာခဲ့တာ ဖြစ်လို့ လူထုရဲ့ မျှော်လင့်ချက်တွေကလည်း မြင့်တက်လာခဲ့တယ်။ ညံ့ဖျင်းစွာ ထုတ်လုပ်ထားတဲ့ အရာတစ်ခုကို မိတ်ဆက်တာက ဘာမှ မထုတ်လုပ်တာထက်စာရင် ပိုပြီး ဆိုးရွားမှာပါ။
ကျွန်တော်တို့မှာ အားသာတဲ့ နည်းပညာတွေ ရှိနေခဲ့သလို အားနည်းတဲ့ နည်းပညာတွေလည်း ရှိနေခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခုထဲက အရာအားလုံးကိုတော့ မလုပ်ဆောင်နိုင်ဘူးလေ။
[ငါတို့အနေနဲ့ M&A (ပူးပေါင်းဝယ်ယူမှု) ကနေတစ်ဆင့် နည်းပညာ ရယူတာ ဒါမှမဟုတ် နည်းပညာ မဟာမိတ် ဖွဲ့တာမျိုးလိုမျိုး လမ်းကြောင်းတွေကို စဉ်းစားသင့်တယ်]
ကျွန်တော် ခေါင်းညိတ်လိုက်ရင်း ပြောလိုက်တယ်။
"ငါတို့တွေ ဖြစ်နိုင်ခြေ အားလုံးကို စဉ်းစားထားဖို့ လိုလိမ့်မယ်"
တက်ဂယူ နဲ့ ကျွန်တော် ဆိုဆောင်း အုပ်စု ရဲ့ ဂန်နမ် ရုံးချုပ် အဆောက်အဦးဆီ သွားခဲ့ကြတယ်။ အိမ်ရှာတဲ့ နေရာမှာ ကူညီပေးခဲ့တဲ့ သူတို့ရဲ့ အကူအညီအတွက် ကျေးဇူးတင်စကား ပြောကြားဖို့အတွက် သွားခဲ့ကြတာပါ။
ဥက္ကဌ ရုံးခန်းထဲဆီ ဝင်ရောက်သွားခဲ့တဲ့ အချိန်မှာတော့ ဥက္ကဌ လင်ဂျင်ယုံ က ကျွန်တော်တို့ကို နွေးထွေးစွာ ကြိုဆိုခဲ့တယ်။
"ကြိုဆိုပါတယ်"
တက်ဂယူ က နှုတ်ဆက်စကား ပြောလိုက်တယ်။
"ကျွန်တော့်အစ်မက အိမ်ကို တကယ် သဘောကျတယ်လို့ ပြောပြီး ကျေးဇူးတင်စကား ပါးလိုက်ပါတယ်"
အစ်မ ဟျွန်းဂျူးက ဟင်နရီ နဲ့ အတူတူ အိမ်ကို လိုက်လံကြည့်ရှုခဲ့ပြီး တကယ်ကို သဘောကျခဲ့တာပါ။
"ဟားဟား။ ရပါတယ်ကွာ။ မင်းရဲ့အစ်မလည်း သဘောကျတယ်ဆိုတာကို ကြားရတာ တကယ်ပဲ ဝမ်းသာမိပါတယ်"
ကျွန်တော်တို့ ဆိုဖာပေါ်မှာ ထိုင်လိုက်ကြတဲ့ အချိန်မှာပဲ အတွင်းရေးမှူးက ကော်ဖီနဲ့ ဖျော်ရည်တွေကို ယူဆောင်လာခဲ့တယ်။
"ခဏလောက် စောင့်ပေးလို့ ရမလား။ ငါ ကိစ္စတစ်ခု လုပ်နေလို့လေ။ နောက်ထပ် ၅ မိနစ်လောက်ဆိုရင် ပြီးသွားမှာပါ"
"အင်း၊ ရပါတယ်၊ အေးဆေး လုပ်ပါ"
ဥက္ကဌ လင်ဂျင်ယုံ က သူ့ရဲ့ စာရေးခုံမှာ ထိုင်လိုက်ရင်း လုပ်လက်စ အလုပ်ကို ဆက်ပြီး လုပ်ဆောင်နေခဲ့တယ်။ သူ ဘာလုပ်နေလဲဆိုတာကို ကျွန်တော် လှမ်းပြီး ကြည့်လိုက်မိတဲ့ အချိန်မှာတော့ မမျှော်လင့်ဘဲ သူက Legoအရုပ်ကို တပ်ဆင်နေတာကို တွေ့လိုက်ရပါတယ်။
တက်ဂယူ က အသံတိုးတိုးလေးနဲ့ ပြောတယ်။
"သူ့မှာ ဒါမျိုး ဝါသနာ ရှိတာလား"
"ဟုတ်မှာပေါ့"
ကျွန်တော်လည်း မသိခဲ့ပါဘူး။
အခုတလောမှာတော့ လူကြီးတွေကလည်း Lego ဆော့ကစားရတာကို သဘောကျကြတာ ဖြစ်လို့ ဒါက ထူးထူးခြားခြား ဆန်းကြယ်နေတာမျိုးတော့ မဟုတ်ပါဘူး။ ချေဘော အုပ်စုရဲ့ ဥက္ကဌတစ်ယောက်က Lego မဆော့ရဘူးဆိုတဲ့ ဥပဒေမှ မရှိတာပဲလေ။
ခဏအကြာမှာတော့ ဥက္ကဌ လင်ဂျင်ယုံ က ပြောလာတယ်။
"ကဲ… အကုန်လုံး ပြီးသွားပါပြီ"
သူက တပ်ဆင်လို့ ပြီးသွားခဲ့တဲ့ ကားပုံစံ Legoကို စားပွဲပေါ် တင်လိုက်ရင်း ကြွားဝါလိုက်တယ်။
"အကုန်လုံး တပ်ဆင်ဖို့အတွက် တစ်လလောက် ကြာသွားခဲ့တာ။ ကြားထဲမှာ ခရီးသွားရတာတွေနဲ့ ကြားနာပွဲတွေ တက်ရောက်ရတာတွေကြောင့် အလုပ်ရှုပ်နေခဲ့တာ ဖြစ်ပေမဲ့ပေါ့လေ။ လန်းတယ် မဟုတ်လား"
"လန်းပါတယ်"
သူတပ်ထားတဲ့ Legoအရုပ်က တော်တော်လေးလည်း ကြီးမားပါတယ်။ ၅၀ စင်တီမီတာလောက် ရှိမလားပဲ။
ကျွန်တော်ကတော့ ငယ်ငယ်တုန်းက Legoအရုပ်ဆက်ကို အကြိမ်အနည်းငယ်လောက် ဆော့ကစားဖူးပေမဲ့ မူလတန်း အထက်တန်းအဆင့် ရောက်ကတည်းကတော့ မဆော့ဖြစ်တော့ပါဘူး။ တက်ဂယူ ကလည်း ပလတ်စတစ် မော်ဒယ်တွေနဲ့ အရုပ်တွေကို သဘောကျတာ ဖြစ်ပေမဲ့ Legoကိုတော့ သိပ်ပြီး စိတ်ဝင်စားမှု မရှိပါဘူး။
ကျွန်တော် Legoအရုပ်ရဲ့ဘီးတွေကို လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့ မမျှော်လင့်ဘဲ အင်ဂျင်ကို ဖွဲ့စည်းထားတဲ့ တခြားသော အစိတ်အပိုင်းတွေကပါ အတူတူ လှုပ်ရှားသွားတာကို မြင်လိုက်ရတယ်။ အတွင်းပိုင်းကို ကြည့်လိုက်တဲ့ အချိန်မှာတော့ ပလတ်စတစ် ဂီယာတွေက အချင်းချင်း ချိတ်ဆက်မိနေခဲ့ကြပြီး လည်ပတ်နေတာကို မြင်တွေ့လိုက်ရတာပါ။
"အခုနောက်ပိုင်း Legoတွေက တကယ့်ကို ကောင်းမွန်စွာ ထုတ်လုပ်ထားတာပဲ"
ဥက္ကဌ လင်ဂျင်ယုံ က ခေါင်းခါလိုက်ရင်း ပြောတယ်။
"ဒါက Lego မဟုတ်ဘူး"
"ဟင်"
ကျွန်တော် တပ်ဆင်လို့ပြီးစီးသွားခဲ့တဲ့ ကားကို အနီးကပ် ကြည့်ရှုလိုက်ရင်း ပြောလိုက်မိတယ်။
"ဒါက Lego မဟုတ်ဘူးလား"
"Lego မဟုတ်ဘူး။ Lequ လို့ ခေါ်တယ်"
"Lequဟုတ်လား"
ဒါက စကားလုံး ကစားတာလား။
ကျွန်တော် အဲဒီလိုမျိုး တွေးတောနေခဲ့စဉ်မှာပဲ ဥက္ကဌ လင်ဂျင်ယုံ က ကြမ်းပြင်ပေါ်မှာ ရှိနေတဲ့ သေတ္တာတစ်လုံးကို လှမ်းပြီး ကိုင်မြှောက်လိုက်တယ်။
သေတ္တာရဲ့ အပေါ်ဘက်မှာတော့ အနီရောင် နောက်ခံပေါ်မှာ အဖြူရောင် စာလုံးတွေနဲ့ လိုဂိုတစ်ခုကို ရေးထွင်းထားတာပါ။ တစ်ချက်ကြည့်လိုက်မယ်ဆိုရင်တော့ 'LEGO' လို့ ထင်ရပေမဲ့ သေသေချာချာ ကြည့်ရှုလိုက်တဲ့ အချိန်မှာတော့ 'LEQU' ဖြစ်နေတာလေ။
ဒါက ဘာကြီးလဲဟ။
တက်ဂယူ ကတော့ နားလည်သွားခဲ့သလိုမျိုး ခေါင်းညိတ်လိုက်ရင်း ပြောတယ်။
"ဒါက Lego အတုပဲ"
"ဟုတ်တယ်။ ငါ ရှာကြည့်လိုက်တော့ Lequ တင်မကဘဲ Lene နဲ့ Lepin လိုမျိုး တခြားအတုတွေ အများကြီး ရှိနေသေးတယ်ဆိုတာကို သိရှိခဲ့ရတယ်"
"သူတို့နဲ့ Legoကြားထဲမှာ ဘာတွေ ကွာခြားလို့လဲ"
"အကြီးမားဆုံး ကွာခြားချက်ကတော့ ဈေးနှုန်းပဲ။ ဒီအရုပ်ပုံစံနဲ့ Legoက ဝမ် ၄ သိန်း ပေးရပေမဲ့ ဒါကတော့ ဝမ် ၆ သောင်းပဲ ပေးရတယ်"
ကျွန်တော် တည်ငြိမ်တဲ့ အမူအရာမျိုးနဲ့ လှမ်းမေးလိုက်မိတယ်။
"စီနီယာက အတုကိုဝယ်ရတာဆိုတော့ အခုတလော စီနီယာအတွက် ငွေအခက်အခဲရှိနေလို့လား"
"ဟာ….အေးပါကွာ။ ဟားဟားဟား"
ကျွန်တော့်ရဲ့ စကားကြောင့် ဥက္ကဌ လင်ဂျင်ယုံ ကတော့ အော်ဟစ်ပြီး ရယ်မောပါတော့တယ်။
ကျွန်တော် ဟာသအနေနဲ့ပြောလိုက်တာပါ။ ဆိုဆောင်းအုပ်စု ရဲ့ ဥက္ကဌတစ်ယောက်က ပိုက်ဆံမရှိလို့ Legoအစား Lequ ကို ဝယ်ယူနေရလိမ့်မယ်ဆိုတာကတော့ မဖြစ်နိုင်ဘူးလေ။
"ဒီအတုတွေ ပထမဆုံး ထွက်ပေါ်လာခဲ့တုန်းကတော့ အရည်အသွေးက တကယ့်ကို ဆိုးရွားခဲ့တာကွ။ အချောသတ်က ရှုပ်ပွနေခဲ့သလို အတုံးတွေကလည်း အချင်းချင်း သေသေချာချာ အံမဝင်လို့ တပ်ဆင်ရတာ ခက်ခဲလှတယ်။ ဒါကြောင့်ပဲ Legoက သူတို့ကို သိပ်ပြီး အာရုံမစိုက်ခဲ့တာပေါ့။ အရည်အသွေး ညံ့ဖျင်းတဲ့ အတုတွေက တကယ်တမ်းတော့ အစစ်ရဲ့ တန်ဖိုးကို ပိုပြီး မြင့်တက်စေတယ်လေ။ ဒါပေမဲ့ မင်း မြင်တွေ့ရတဲ့အတိုင်းပဲ၊ အခုအချိန်မှာတော့ သူတို့နဲ့ Legoကြားထဲမှာ သိပ်ပြီး ကွာခြားချက် မရှိတော့ဘူး။ တကယ်လို့ အရုပ်သေတ္တာပါဘဲ ရောင်းချမယ်ဆိုရင်တောင် လူအများစုက သတိတောင်ထားမိကြမှာ မဟုတ်ဘူး"
ဒါပေမဲ့ ဈေးနှုန်းကတော့ Legoရဲ့ ၅ ပုံ ၁ ပုံအောက်ပဲ ရှိတာပါ။ Legoအတွက် နစ်နာမှုကတော့ တော်တော်လေး ကြီးမားမှာ အမှန်ပဲ။
ဥက္ကဌ လင်ဂျင်ယုံ က ခေါင်းခါလိုက်ရင်း ပြောတယ်။
"သူတို့ကို 'ရှန်ကျိုင်း' (တရုတ်ထုတ် အတုအပ ထုတ်ကုန်) အဖြစ် သတ်မှတ်ဖို့အတွက် ခက်ခဲသွားခဲ့ပြီကွ။ သူတို့မှာ လိုင်စင် မရှိတာပဲ ဆိုစရာရှိပြီး အစစ်နဲ့ လုံးဝ ခွဲခြားလို့ မရနိုင်လောက်အောင် ဖြစ်နေပြီ"
တရုတ်နိုင်ငံမှာတော့ အတုတွေကို 'ရှန်ကျိုင်း' လို့ ခေါ်ကြပါတယ်။
မူလကတော့ ရှန်ကျိုင်းဆိုတာက တောင်ပေါ်က သစ်သားခြံစည်းရိုးတွေကို ဆိုလိုတာ ဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ ဓားပြစခန်းတွေကို ဆိုလိုရာ ရောက်သွားခဲ့ပြီး ဒါကပဲ အတုတွေအတွက် စကားလုံးတစ်လုံး ဖြစ်လာခဲ့တယ်။
ဒါက ဟိုးအရင်တုန်းက တရားမဝင် ကူးယူထားတဲ့ အရာတွေကို 'ခိုးကူးခွေ' လို့ ခေါ်ဆိုခဲ့ကြတာနဲ့ ဆင်တူပါတယ်။ တရားမဝင် ကူးယူမှုတွေ ပျောက်ကွယ်သွားခဲ့တာ ဖြစ်လို့ ဒီစကားလုံးကိုလည်း အခုအချိန်မှာတော့ သိပ်အသုံးမပြုကြတော့ပေမဲ့ ကိုရီးယားမှာ ခိုးကူးခွေတွေ ခေတ်စားခဲ့တဲ့ အချိန်တစ်ခု ရှိခဲ့ဖူးတာ အမှန်ပါပဲ။
အထူးသဖြင့် ဂီတနဲ့ ဂိမ်းလောကတွေမှာဆိုရင် ၉၀ ပြည့်လွန်နှစ်တွေအထိ လမ်းဘေးက လှည်းတွေပေါ်မှာ အတုတွေကို ရဲရဲဝံ့ဝံ့ ရောင်းချခဲ့ကြတာပါ။
အယ်လ်ဘမ်အစစ်တွေက အချပ်ရေ ၁ သောင်း ရောင်းချရချိန်မှာ ခိုးကူးခွေတွေကတော့ အချပ်ရေ သိန်းချီပြီး ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။ ဒါက ဈေးနှုန်းက မူရင်းရဲ့ ထက်ဝက်အောက်ပဲ ရှိတာကြောင့်လည်း ပါပါတယ်။ ခိုးကူးခွေတွေထဲက ခေတ်စားတဲ့ သီချင်းတွေကို စုစည်းပြီး 'Gilboard Chart' လို့ ခေါ်ဆိုခဲ့ကြတဲ့ အထိပါပဲ။ (အမေရိကန်ရဲ့ Billboard charts နဲ့ နှိုင်းယှဉ်ပြီး ပြုလုပ်ထားတဲ့ စကားလုံးပါ)
ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ ထူးခြားချက်ကတော့ သူတို့က အတုကို နိုင်ငံတော်အဆင့်မှာတင် အားပေးနေခဲ့ကြတာပါ။
စကားပုံတစ်ခုတောင် ရှိနေခဲ့သေးတယ်။ 'အမြန်ဆုံး ကူးယူပြီး တရုတ်မှုပြုလိုက်တာက ဖန်တီးမှုပဲ ဖြစ်တယ်' တဲ့။
ဒါက အဓိပ္ပာယ်မရှိတဲ့ စကားလုံးလိုမျိုး ထင်ရပေမဲ့ ဒီစကားကို ပြောခဲ့တဲ့လူကတော့ တရုတ်နိုင်ငံရဲ့ ဈေးကွက်တန်ဖိုး အမြင့်မားဆုံး နံပါတ်တစ် ကုမ္ပဏီဖြစ်တဲ့ WeChat ရဲ့ တည်ထောင်သူ လီထျန်းယု ပါ။
သူက ဒါမျိုး အရာတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုနေခဲ့တာ ဖြစ်လို့ တရုတ်လူမျိုး အများစုကလည်း အဲဒီအတွေးအခေါ်ကို သဘောတူညီကြတယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ပြည်တွင်းဈေးကွက်ကို သိမ်းပိုက်နိုင်တာတင် ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီတစ်ခုအဖြစ် ကြီးထွားလာဖို့အတွက် လုံလောက်ပါတယ်။ သူတို့က နည်းပညာနဲ့ အရင်းအနှီးတွေကို စုဆောင်းကြပြီး အရွယ်အစားကို မြှင့်တင်လိုက်ကြတဲ့နောက်မှာမှ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ထဲဆီ ဆက်လက် ချီတက်ကြတာပါ။
ပြန်ပြီး စဉ်းစားကြည့်မယ်ဆိုရင်တော့ အခုအချိန်မှာ ထိပ်တန်း ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့တဲ့ အလီဘာဘာ ကလည်း eBay ကို ပုံတူကူးချထားတာ ဖြစ်ပြီး Baidu က Google ကို၊ ပြီးတော့ Weibo က Twitter ကို ပုံတူကူးချထားတာပါ။
တရုတ်ထုတ်တွေထဲမှာ သာမန် အတု ထုတ်လုပ်တာထက်မကဘဲ ခိုးချထားတယ်လို့ ခေါ်ဆိုနိုင်တဲ့ အရာတွေ အများကြီး ရှိနေခဲ့တာလေ။ ဒါပေမဲ့လည်း တရုတ်နိုင်ငံအတွင်းမှာတော့ မူပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး လုံးဝ လျစ်လျူရှုထားကြတာပါ။
သွားပြီးတရားစွဲဆိုရင်တောင်မှ တရုတ်တရားရုံးတွေက ပြည်တွင်းကုမ္ပဏီတွေဘက်ကပဲ ခြွင်းချက်မရှိ အနိုင်ပေးမှာ ဖြစ်ပါတယ်။
ကန့်ကွက်တာကလည်း သိပ်ပြီး အသုံးမဝင်ပါဘူး။ နစ်နာတဲ့ ကုမ္ပဏီတွေတောင်မှ တရုတ် ပြည်တွင်းဈေးကွက်ထဲမှာ အခွင့်အရေး မဆုံးရှုံးချင်ဘူးဆိုရင် အသံကျယ်ကျယ် မထွက်ရဲကြဘူးလေ။
Legoကလည်း Legoအတုတွေ ထုတ်လုပ်နေတဲ့ တရုတ်ကုမ္ပဏီတွေကို ဘာမှ မလုပ်နိုင်ဘဲ အကူအညီမဲ့နေခဲ့ရတာပါ။ သူတို့ လုပ်ဆောင်နိုင်တဲ့ တစ်ခုထဲသော အရာကတော့ အမေရိကန်နဲ့ ကိုရီးယားလိုမျိုး ဉာဏပစ္စည်း မူပိုင်ခွင့်ကို ကာကွယ်ပေးထားတဲ့ နိုင်ငံတွေမှာ တင်သွင်းမှု ပိတ်ပင်ဖို့ တောင်းဆိုတာပါပဲ။
"ငါ Lequ ကို တပ်ဆင်နေခဲ့စဉ်တုန်းက တရုတ်နိုင်ငံရဲ့ နည်းပညာ စွမ်းဆောင်ရည်ကလည်း အခုအချိန်မှာ တကယ့်ကို ကြီးမားလာခဲ့ပြီဆိုတာကို ခံစားလိုက်ရတယ်။ အတိတ်က အခြေအနေတွေနဲ့ နှိုင်းယှဉ်ဖို့တောင် ခက်နေပြီကွ။ ငါ အရင်က ပြောခဲ့ဖူးသလိုပဲ၊ တရုတ်ကုမ္ပဏီတွေက AD1 နဲ့ AD2 ကို တိုက်ရိုက် စမ်းသပ်နေကြသလို တစ်စစီဖြုတ်ပစ်ပြီး အလိုအလျောက် မောင်းနှင်မှု နည်းပညာကို ကူးယူဖို့အတွက် ကြိုးစားနေကြတယ်။ ပြီးတော့ ဒီတစ်ကြိမ်မှာတော့ သူတို့က OTK ဘတ္ထရီတွေကိုပါ ဖြုတ်ပြီး အတွင်းပိုင်းကို ကြည့်ရှုနေကြတယ်လို့ ကြားရတယ်"
OTK သုတေသနဌာန ကနေ တီထွင်ထုတ်လုပ်ထားတဲ့ OTK ဘတ္ထရီတွေကတော့ NCM ဘတ္ထရီတွေရဲ့ ကန့်သတ်ချက်တွေကို ကျော်လွှားနိုင်ခဲ့တဲ့ နောက်မျိုးဆက်သစ် ဘတ္ထရီတွေပါ။
ကျွန်တော်တို့က ကမ္ဘာတစ်ဝှမ်းက နိုင်ငံအမျိုးမျိုးမှာ မူပိုင်ခွင့် တင်သွင်းထားခဲ့ပြီးပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံမှာတော့ တခြားနိုင်ငံတွေရဲ့ မူပိုင်ခွင့်ကို လျစ်လျူရှုတတ်တဲ့ သမိုင်းကြောင်းနဲ့ ရိုးရာအစဉ်အလာ ရှိနေခဲ့တာပါ။
တကယ်လို့ သူတို့က ကျွန်တော်တို့ရဲ့ဘတ္ထရီကို ကူးယူနိုင်ပြီး တူညီတဲ့ အရာတစ်ခုကို ထုတ်လုပ်နိုင်မယ်ဆိုရင်တော့ လုံးဝ တုံ့ဆိုင်းမှုမှမရှိဘဲ လုပ်ဆောင်ကြမှာ သေချာပါတယ်။
တက်ဂယူ က လှမ်းမေးတယ်။
"ဘတ္ထရီက Legoလိုမျိုး မဟုတ်တာ ဖြစ်လို့ ဖြုတ်ကြည့်လိုက်ရုံနဲ့တင် အရာအားလုံးကို တကယ်ပဲ သိရှိသွားနိုင်လို့လား"
ဥက္ကဌ လင်ဂျင်ယုံ က ခေါင်းညိတ်လိုက်ရင်းပြောတယ်။
"ဒါလည်း ဟုတ်တာပဲ။ ဒါကြောင့်ပဲ သူတို့က သုတေသန ဝန်ထမ်းတွေကိုပါ ခိုးယူဖို့အတွက် စီစဉ်နေကြတဲ့ ပုံစံပဲကွ။ BYD အပါအဝင် ကုမ္ပဏီအနည်းငယ်က ဆိုဆောင်း SB ရဲ့ သုတေသန ပညာရှင်တွေဆီ ဆက်သွယ်ခဲ့ကြတာကို အတည်ပြုလို့ရခဲ့တယ်"
"အဲ့လိုဆက်သွယ်တာက တရားမဝင်တာ မဟုတ်ဘူးလား"
"အခြေအနေပေါ် မူတည်ပြီး တရားမဝင်တာ ဖြစ်နိုင်သလို တရားဝင်တာလည်း ဖြစ်နိုင်တာပေါ့"
မကောင်းပြောရမယ်ဆိုရင်တော့ ဝန်ထမ်း ခိုးယူတာ ဖြစ်ပေမဲ့ ကောင်းကောင်း ပြောရမယ်ဆိုရင်တော့ ကမ်းလှမ်းတာ ဖြစ်တာပေါ့။
တကယ်တော့ ဒါမျိုး အရာတွေက ကုမ္ပဏီတွေကြားထဲမှာ ဖြစ်ရိုးဖြစ်စဉ် ကိစ္စရပ်တစ်ခုပါပဲ။ ဆိုဆောင်း အီလက်ထရောနစ် က Semiconductor ဒီဇိုင်နာတစ်ယောက်က Intel ဒါမှမဟုတ် Qualcomm ဆီ ပြောင်းရွှေ့သွားနိုင်သလို Nikola က အလိုအလျောက်မောင်းနှင်မှု နည်းပညာ တီထွင်သူတစ်ယောက်က NPL ဒါမှမဟုတ် Google ဆီ ပြောင်းရွှေ့သွားနိုင်တာပဲလေ။ CarOS ကလည်း လျှပ်စစ်ကားတွေ တိုးတက်ဖို့အတွက် တခြားကုမ္ပဏီတွေဆီကနေ သုတေသန ပညာရှင်တွေကို ခေါ်ယူခဲ့တာပါ။
" သုတေသန ပညာရှင် တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက်ကို ခေါ်ယူလိုက်ရုံနဲ့တင် အဓိက နည်းပညာကိုတော့ ကူးယူနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ တစ်ယောက်၊ နှစ်ယောက်လောက်ခေါ်ယူလိုက်ရုံနဲ့ အဓိကနည်းပညာကိုကူးနိုင်မယ်ဆိုရင်တော့ တရုတ်နိုင်ငံရဲ့ အဆင့်မြင့် နည်းပညာက အခုအချိန်မှာ အမေရိကန်ရဲ့ အဆင့်အတန်းဆီ ရောက်ရှိနေလောက်ပြီလေ။ ဒါပေမဲ့ နောက်ကနေ အမီလိုက်ဖို့ ကြိုးစားနေတဲ့ လူတွေ(တရုတ်)အတွက်တော့ အဲ့လိုခေါ်ယူတာက ကြီးမားတဲ့ အထောက်အကူ ဖြစ်စေတာကတော့ အမှန်ပဲ"
ဥက္ကဌ လင်ဂျင်ယုံ က သူ့ရဲ့ အမူအရာကို တည်ငြိမ်အောင် ပြုလုပ်လိုက်ရင်း ပြောတယ်။
"တရုတ်နိုင်ငံက အနာဂတ် ကားဈေးကွက်မှာ ဦးဆောင်မှု ရရှိဖို့အတွက် အရာအားလုံးကို ပုံအောထားတာ။ ဒါကြောင့်ပဲ သူတို့က ကားကုမ္ပဏီတွေကို ပျိုးထောင်ဖို့အတွက် အစိုးရအဆင့်မှာတင် ထောက်ပံ့ကြေးတွေ အမြောက်အမြား ပေးအပ်နေခဲ့တာလေ။ ဒါပေမဲ့ OTK ကုမ္ပဏီ က သူတို့ရဲ့ အစီအစဉ်တွေကို ကြီးမားတဲ့ အဟန့်အတားတစ်ခု ဖြစ်ပေါ်စေခဲ့တယ်"
"ကျွန်တော်တို့တွေက အများကြီး ရှေ့ရောက်နေခဲ့လို့လား"
"ဟုတ်တယ်။ အလိုအလျောက်မောင်းနှင်မှုနဲ့ ဘတ္ထရီတွေက လူမဲ့မောင်းနှင်ယာဉ်တွေနဲ့ လျှပ်စစ်ကားတွေအတွက် အဓိက နည်းပညာတွေ ဖြစ်တာမလို့ပဲ"
တရုတ်နိုင်ငံက ကမ္ဘာ့အကြီးဆုံး ဘတ္ထရီ ထုတ်လုပ်သူနဲ့ သုံးစွဲသူပါ။ ကမ္ဘာပေါ်မှာ လျှပ်စစ်ကားတွေကို အများဆုံး ထုတ်လုပ်ပြီး ရောင်းချနေတဲ့ နေရာလည်း ဖြစ်ပါတယ်။
တရုတ် ဘတ္ထရီ ကုမ္ပဏီတွေက NCM နဲ့ LFP ဘတ္ထရီတွေအတွက် အမြောက်အမြား ထုတ်လုပ်မှု စနစ်တွေကို တည်ဆောက်ထားခဲ့ကြပြီးပြီ ဖြစ်သလို နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အာရုံစိုက်နေခဲ့ကြတာပါ။ ဒါပေမဲ့ ဒီလိုမျိုး အခြေအနေထဲမှာ ကျွန်တော်တို့က မျိုးဆက်သစ် ဘတ္ထရီတွေကို အရင်ဆုံး အောင်မြင်စွာ တီထွင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါက လျှပ်စစ်ကား လောကတင်မကဘဲ အီလက်ထရောနစ် လောကရဲ့ အခင်းအကျင်းကိုပါ ပြောင်းလဲပစ်နိုင်တဲ့ ကတ်တစ်ခုလို ဖြစ်ခဲ့တာပေါ့။
ပြီးတော့ အလိုအလျောက်မောင်းနှင်မှု နည်းပညာအတွက်လည်း ကျွန်တော်တို့က တရုတ်ကုမ္ပဏီတွေထက် နှစ်ပေါင်းများစွာ ရှေ့ကိုကြိုရောက်နေခဲ့တာပါ။
OTK ကုမ္ပဏီ သာ ဒေဝါလီမခံရဘူးဆိုရင်တော့ နည်းပညာ ကွာဟချက်က ပိုပြီး ကျယ်ပြန့်လာမှာ ဖြစ်ပြီး ကျဉ်းမြောင်းသွားမှာ မဟုတ်ပါဘူး။
"တရုတ် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန က အခြေအနေကို သေသေချာချာ စောင့်ကြည့်နေခဲ့တာလေ။ မကြာသေးခင်တုန်းက တရုတ်ကားကုမ္ပဏီတွေက ကိုယ်စားလှယ်တွေဟာ ပီကင်း မှာ ဆုံတွေ့ခဲ့ကြသေးတယ်။ သူတို့တွေဟာ တစ်နေ့နေ့ကျရင် OTK ကုမ္ပဏီ ဆီ တစ်နည်းနည်းနဲ့ ဆက်သွယ်လာကြမှာ သေချာတယ်။ အဲဒါက ကောင်းမွန်မလား ဒါမှမဟုတ် ဆိုးရွားမလားဆိုတာကိုတော့ ငါလည်း မသိဘူး"