အခန်း (၆၃၉-၆၄၀)
Vol. 35 Ch. 639-640
အပိုင်း (၆၃၉) ကစားရင်း လွန်သွားခြင်း။
ကျန်းတုန်ရှန်းက ချက်ချင်းပင် တုံ့ပြန်လိုက်သည်။ "ဒီစကားက မှားနေတယ်။ အချိန်ဆိုတာ ရွှေလို တန်ဖိုးရှိတယ်။ ဒီစက်ဘီးက မြန်တော့ အချိန်ကုန် သက်သာတယ်။ ဒုတိယအချက်ကတော့ သိပ်ပြီး ခက်ခဲတဲ့ပုံ မပေါ်ပါဘူး။ ခြေထောက်နှစ်ဖက်နဲ့ နင်းလိုက်ရုံပဲလေ။"
ကျန်းလျန်က ခပ်ဟဟ ရယ်မောလိုက်ပြီး စိန်ခေါ်လိုက်၏။ "ဆရာကျန်း ... အချိန်က ရွှေလို တန်ဖိုးရှိတယ်ဆိုတာ မှန်ပေမဲ့ ပြည်သူတွေရဲ့ အချိန်က တန်ဖိုးမရှိပါဘူး။ ဘာဖြစ်လို့ ဒီငွေတွေကို အပို ကုန်ခံရမှာလဲ။ အိမ်ရှေ့စံ စီးနေတဲ့ စက်ဘီးကို ကြည့်ပါအုံး။ တည်ဆောက်ပုံနဲ့ သုံးထားတဲ့ ပစ္စည်းတွေကို ကြည့်ရင် လုပ်ငန်းဝန်ကြီးဌာနရဲ့ ဓားထက် ကုန်ကျစရိတ် နည်းမှာ မဟုတ်ဘူး။ နောက်ပြီး ဒီစက်ဘီးက တကယ်ပဲ စီးရတာ လွယ်လို့လား။ သေချာပေါက် သင်ယူရအုံးမှာပဲလေ။ ဆရာကျန်း ခဏနေရင် စမ်းစီးကြည့်ပါလား။"
ကျန်းတုန်ရှန်းက ဒေါသကြီးသူပီပီ ကျန်းလျန်က ရန်စလာသဖြင့် တွန့်ဆုတ်မနေဘဲ ချက်ချင်း လက်ခံလိုက်သည်။ "စမ်းကြည့်မယ်လေ။"
ကျင်းဘုရင်မင်းမြတ်ကတော့ လီယွမ်ကျောက်နှင့် ဖန်ကျန်းရီတို့ နှစ်ဦးကို အဝေးမှ လှမ်းကြည့်နေပြီး ဘာတွေ တွေးနေမှန်း မသိချေ။
ကွင်းပြင်ပေါ်တွင် လီယွမ်ကျောက်သည် ဆက်လက် နင်းနေဆဲဖြစ်၏။ အနောက်တွင် လူတစ်ယောက် ပါလာသဖြင့် အားမလိုအားမရ ဖြစ်သွားပုံရကာ လေလို မြန်မြန် သွားနေသည့် ခံစားချက်မျိုး မရတော့သဖြင့် တင်ပါးကို ကြွကာ အားထည့်ရန် ပြင်လိုက်သည်။
ဖန်ကျန်းရီက လန့်သွားပြီး အလျင်အမြန် ပြောလိုက်၏။ "အရှင့်သား ... ဘာလုပ်မလို့လဲ။ တော်လောက်ပြီ၊ ကျုပ်တို့ ပြန်ရအောင်။"
လီယွမ်ကျောက်က ပြန်ပြောလိုက်သည်။ "မဖြစ်ဘူး။ ဒီနေ့သာ အရှက်ကွဲသွားရင် ခင်ဗျားနဲ့ ကျုပ်ရဲ့ မျက်နှာ ဘယ်နား သွားထားမလဲ။ ဖန်ကြီး ... ကျုပ် အမြန်နှုန်း တင်တော့မယ်။ ခင်ဗျား ထိုင်ခုံကို သေချာ ကိုင်ထား၊ ကျုပ် ဖင်ကို လာမကိုင်နဲ့။"
ဖန်ကျန်းရီ၏ စိတ်ထဲတွင် ရုတ်တရက် မကောင်းသော ခံစားချက်တစ်ခု ဝင်ရောက်လာကာ အသနားခံလိုက်သည်။ "မလုပ်ပါနဲ့။ အရှင့်သား ... ကျုပ် တောင်းပန်ပါတယ်။ ဆက်မစီးပါနဲ့တော့။"
တကယ်ကိုပင် နောက်တစ်စက္ကန့်တွင် လီယွမ်ကျောက်သည် အားရပါးရ နင်းချလိုက်၏။
လီယွမ်ကျောက်က အော်ဟစ်လိုက်သည်။ "ကျုပ်ရဲ့ အမြင့်ဆုံး ခွန်အားကို ခင်ဗျားကို ပြရသေးတာပေါ့။"
စက်ဘီးသည် ရုတ်တရက် ရှေ့သို့ အကြီးအကျယ် ခုန်ထွက်သွားရာ ဖန်ကျန်းရီမှာ လန့်ဖျပ်သွား၏။
ဖန်ကျန်းရီက တုန်ရီသော အသံဖြင့် ပြောလိုက်သည်။ "တော်လောက်ပြီ။ တော်လောက်ပြီ။"
သူက ပိုပြောလေ လီယွမ်ကျောက်က ပိုပြီး စိတ်အားထက်သန်လာလေဖြစ်ကာ ထိုင်ခုံပေါ်တွင် တင်ပါးကြွ၍ ခြေထောက်နှစ်ဖက်ကို အလွန်လျင်မြန်စွာ နင်းနေ၏။
လီယွမ်ကျောက်က အော်မေးလိုက်သည်။ "မြန်လား။ ကျုပ် မြန်လား။"
ဖန်ကျန်းရီမှာ ငိုချင်လျက်နှင့် မျက်ရည်မထွက်နိုင်အောင် ဖြစ်နေပြီး ထိုင်ခုံကိုသာ တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း ပြန်ဖြေလိုက်သည်။ "မြန်တယ်။ အရမ်းမြန်တယ်။ ပြန်ရအောင်ပါ။"
မျက်စိရှေ့တွင် ကွင်းပြင်ပြင်ပသို့ ထွက်မည့် နန်းတွင်းတံခါးငယ်လေး ရှိနေပြီး အပြင်သို့ ရောက်ခါနီးဖြစ်နေ၏။
ဖန်ကျန်းရီက ကပျာကယာ အော်ဟစ်လိုက်သည်။ "ကွေ့ ... ကွေ့ ... ကွေ့။ ဘရိတ်အုပ်။"
နှစ်ဦးသား ပြိုင်တူ အော်လိုက်ကြသည်။ "ချီး …. ချီး .. သေပြီဟ။"
အဝေးမှ ကြည့်နေသူများ အားလုံး ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်သွားကြ၏။
ကျင်းဘုရင်မင်းမြတ်သည် မတတ်နိုင်စွာဖြင့် မျက်နှာကို အုပ်လိုက်မိသည်။ အရှက်ကွဲတာပဲ ... ဒီလိုသားမျိုး ရှိတာ တကယ်ကို အရှက်ကွဲတာပဲ။
ခုနက သူတို့နှစ်ဦး ကွင်းပြင်အပြင်ဘက်သို့ ဦးတည်သွားနေသည်ကို မြင်သောအခါ ကွေ့ထွက်သွားမည်ဟု ထင်ခဲ့ကြသော်လည်း တံခါးခုံနှင့် တိုက်မိသွားပြီး လူရော စက်ဘီးပါ အားလုံး၏ အမြင်အာရုံထဲမှ လွင့်စင်ထွက်သွားသည်ကို တွေ့လိုက်ရ၏။
လီယွမ်ကျောက်က မေးလိုက်သည်။ "ဖန်ကြီး ... ခင်ဗျား ဘာမှမဖြစ်ဘူးမလား။"
ဖန်ကျန်းရီက ပြန်မေးလိုက်၏။ "အရှင့်သား ... ခင်ဗျား ဘာမှမဖြစ်ဘူးမလား။"
သူတို့နှစ်ဦးသည် မြေပြင်ပေါ်မှ အချင်းချင်း တွဲကာ ဖြည်းညင်းစွာ ထလာကြ၏။ နန်းတွင်းတံခါးဘေးမှ အစောင့်နှစ်ဦးက ဝင်တွဲရန် ပြင်လိုက်သော်လည်း ချက်ချင်းပင် ပါးစပ်ကို အုပ်ထားလိုက်မိသည်။ ရယ်မိမလို ဖြစ်သွားကြသည်။ ... ယခု သူတို့နှစ်ဦး ဘာမှမဖြစ်သည်ကို မြင်သောအခါ အစောင့်များသည် ကပျာကယာ ရှေ့သို့ တည့်တည့် ကြည့်နေလိုက်ပြီး ဆက်မကြည့်ရဲတော့ချေ။
ဖန်ကျန်းရီသည် စုတ်ပြဲသွားသော အရာရှိဝတ်စုံကို ကြည့်လိုက်ပြီးနောက် ဖုန်များ ပေကျံနေသော လီယွမ်ကျောက် ကို ကြည့်ကာ ညည်းတွားလိုက်သည်။ "ခင်ဗျားကြောင့်ပဲ။ ကွေ့ပါလို့ ပြောနေတာကို ဘာလို့ မကွေ့တာလဲ။"
လီယွမ်ကျောက်က ငတုံးတစ်ယောက်လို ရယ်မောကာ ပြန်ပြောလိုက်၏။ "ကွေ့ဖို့ အချိန်မမီတော့လို့လေ။ အစုတ်ပလုတ် ဘရိတ်က သုံးမရဘူး။ ထပ်ပြင်ရအုံးမယ်။"
ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့ သတိပြန်ဝင်လာသောအခါ အစောင့်များကို မကောင်းသော ရည်ရွယ်ချက်ဖြင့် ကြည့်လိုက်ကြ၏။
ဖန်ကျန်းရီက မေးလိုက်သည်။ "မင်းတို့နှစ်ယောက် ခုနက ရယ်လိုက်တာမလား။"
အစောင့်များက တံတွေးမြိုချလိုက်ပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ ပြန်ဖြေလိုက်၏။ "အရှင့်သား ... ကျွန်တော်မျိုးတို့ မရယ်တတ်ပါဘူး။"
လီယွမ်ကျောက်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "စကားတွေ အများကြီး မပြောနဲ့။ မင်းတို့နှစ်ယောက် ... သုံးရက်အတွင်း နန်းတော်ထဲက တံခါးခုံတွေ အကုန်လုံးကို ဖြုတ်ပစ်ဖို့ ငါ အမိန့်ပေးတယ်။ ဖန်ကြီး ... ပြန်ရအောင်။ ဒီတစ်ခေါက်တော့ ကျုပ် အမှားပါ။"
ဖန်ကျန်းရီက မှိုင်တွေစွာဖြင့် ပြန်ပြောလိုက်သည်။ "ဘယ်သူ့အမှားဖြစ်ဖြစ် ဘာထူးမှာလဲ။ ဘာပဲဖြစ်ဖြစ် ကျုပ်ရဲ့ မျက်နှာကတော့ ပျက်သွားပြီ။"
လီယွမ်ကျောက်က စိတ်ထဲဘာမှမရှိသလို ထိုင်ခုံကို ပုတ်ကာ ဖန်ကျန်းရီကို ထပ်မံခေါ်လိုက်၏။ "တက် ... တက်လေ။"
ဖန်ကျန်းရီက မျက်နှာရှုံ့မဲ့ကာ ပြန်ပြောလိုက်သည်။ "ဘီးကို ကြည့်ပါအုံး။ ကွေးသွားပြီ။ သူတို့ကိုပဲ ထမ်းခိုင်းလိုက်ပါတော့။"
လီယွမ်ကျောက်က ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး ပို၍ပင် အနေရခက်သလို ပြောလိုက်၏။ "ကျုပ် နှစ်စီး ပြင်ဆင်ထားတာ တော်သေးတယ်။ သွားရအောင်။"
အစောင့်များက စက်ဘီးကို ထမ်းပေးပြီး သူတို့နှစ်ဦးက နန်းဆောင်ရှေ့သို့ လမ်းလျှောက် ပြန်လာခဲ့ကြ၏။ မှူးမတ်များသည် ရယ်ချင်စိတ်ကို မနည်း ထိန်းထားရသဖြင့် မျက်နှာများပင် တင်းမာနေသည်။
ကျင်းဘုရင်မင်းမြတ်က မှုန်ကုပ်နေသော မျက်နှာထား ဖြစ်နေသော်လည်း အပြုံးတစ်ခုကို ဖန်တီးကာ မေးလိုက်၏။ "မင်းတို့နှစ်ယောက် လဲသေမသွားဘူးမလား။"
ဖန်ကျန်းရီက ချောင်းနှစ်ချက် ဟန့်လိုက်ပြီး လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီးရဲ့ ဘုန်းတော်ကြောင့် ကျွန်တော်မျိုး ဘာမှမဖြစ်ပါဘူး။"
လီယွမ်ကျောက်ကလည်း ဖြေလိုက်သည်။ "သားတော်လည်း ဘာမှမဖြစ်ပါဘူး။"
ကျင်းဘုရင်မင်းမြတ်က နှာခေါင်းရှုံ့လိုက်ပြီး ဆက်မပြောတော့ချေ။
ဖန်ကျန်းရီက ကောင်းမွန်နေသေးသော သစ်သားစက်ဘီးကို ဆွဲထုတ်လာပြီး အသံကျယ်ကျယ်ဖြင့် လျှောက်တင်လိုက်သည်။ "ကျွန်တော်မျိုး သရုပ်ပြလို့ ပြီးပါပြီ။ အရှင်မင်းကြီး အကဲဖြတ်ပေးတော်မူပါ။"
ကျင်းဘုရင်မင်းမြတ်က နှစ်ချက်ခန့် ကြည့်လိုက်ပြီး ယခုအချိန်တွင်တော့ အကဲဖြတ်ချင်စိတ် မရှိတော့ချေ။
ဤပစ္စည်းကို ကောင်းသည်ဟု ပြောရလျှင် တကယ်ကောင်းပေသည်။ စီးရတာ အလွန်မြန်ဆန်ပြီး လူတွေကို အံ့အားသင့်သွားစေလောက်၏။ သို့သော်ငြား အသုံးဝင်လား ဆိုလျှင်တော့ သိပ်အသုံးဝင်မည် မထင်ချေ။ မြင်းစီးတာ၊ မြည်းစီးတာက ဤပစ္စည်းထက် အများကြီး သက်သာသည်။ ပြည်သူများ၏ သွားလာလှုပ်ရှားမှု အကွာအဝေးက တိုတောင်းသဖြင့် ဤပစ္စည်းတွေကို သုံးစရာ မလိုချေ။ အဝေးသွားမည် ဆိုလျှင် ပို၍ပင် မသုံးနိုင်တော့ပေ။ ငွေနည်းနည်း အကုန်ခံပြီး မြင်းလှည်း ငှားတာ ပိုမကောင်းပေဘူးလား။
ကျင်းဘုရင်မင်းမြတ်က အမိန့်ပေးလိုက်သည်။ "ကောင်းပြီ ... ကိုယ်တော် ကြည့်ပြီးပြီ။ ဒါဆို မှူးမတ်တွေပဲ ရလဒ်ကို ကြေညာပေးကြတော့။ ကိုယ်တော်က ဝင်ပြီး အကဲမဖြတ်ဘူးလို့ အစောကြီးတည်းက ပြောထားပြီးပြီလေ။"
ကျင်းဘုရင်မင်းမြတ်နှင့် အခြားသူများ၏ တုံ့ပြန်မှုများ အေးစက်နေသည်ကို မြင်သောအခါ ဖန်ကျန်းရီ၏ စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ဝင်လာ၏။
ငါတွေးထားသလိုမျိုး မဟုတ်ပါလား။ ခုနက အမှားအယွင်း ဖြစ်သွားတာ မှန်ပေမဲ့ သရုပ်ပြတဲ့ လုပ်ငန်းစဉ် တစ်ခုလုံးက ဘာပြဿနာမှ မရှိပါဘူးလေ။
ဖန်ကျန်းရီက လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး ခဏစောင့်ပါအုံး။ မှူးမတ်တွေ အကဲမဖြတ်ခင် ကျွန်တော်မျိုး ပြောစရာ စကားတချို့ ရှိပါသေးတယ်။"
ကျင်းဘုရင်မင်းမြတ်က ခွင့်ပြုလိုက်၏။ "ဒါဆိုလည်း ပြောပါ။"
ဖန်ကျန်းရီက လျှောက်တင်လိုက်သည်။ "စက်ဘီး တီထွင်ရတဲ့ မူလရည်ရွယ်ချက်က ကစားစရာ တစ်ခုအနေနဲ့ မဟုတ်ပါဘူး။ မြို့တော်ကနေစပြီး တစ်ပြည်လုံးက ပြည်သူတွေ သွားလာရေး လွယ်ကူစေဖို့၊ လူအင်အား သက်သာစေဖို့အတွက် ဖန်တီးထားတာပါ။ ဒီသစ်သား စက်ဘီးက ဈေးကွက်ထဲမှာ ငွေစငါးမူးလောက်နဲ့ ရောင်းချနိုင်ပါတယ်။ ပြည်သူတွေက နည်းနည်းလေး စုဆောင်းလိုက်ရင် ဝယ်နိုင်ပါတယ်။ အားလုံးကို ကျွန်တော်မျိုး သတိပေးချင်တာက ခင်ဗျားတို့က အပြင်သွားရင် မြင်းကောင်းကောင်း၊ ဝေါယာဉ်ကောင်းကောင်းတွေ ရှိပေမယ့် ပြည်သူတွေမှာက မြင်းဝယ်ဖို့ ငွေမရှိဘူး၊ ဝေါယာဉ်စီးဖို့လည်း ငွေမရှိဘူး။ စက်ဘီးက အကောင်းဆုံး အစားထိုး ပစ္စည်းပဲ။ ကျွန်တော်မျိုး ပြောလို့ ပြီးပါပြီ။ အားလုံး အကဲဖြတ်နိုင်ပါပြီ။"
ကျင်းဘုရင်မင်းမြတ်က ခေါင်းညိတ်ကာ အမိန့်ပေးလိုက်သည်။ "ပြောတာ ကောင်းတယ်။ ဒါဆို မင်းတို့ စတင်လို့ရပြီ။ လုပ်ငန်းဝန်ကြီးဌာနကို ထောက်ခံတဲ့သူက ညာလက်ကို မြှောက်ပါ။ ဖန်ကျန်းရီကို ထောက်ခံတဲ့သူက ဘယ်လက်ကို မြှောက်ပါ။"
မှူးမတ်များ အားလုံး လက်မြှောက်လိုက်ကြ၏။ ဖန်ကျန်းရီက တစ်ချက် ကြည့်လိုက်ရာ ရင်ထဲတွင် တစ်ဝက်ခန့် အေးစက်သွား၏။
၇၀ ရာခိုင်နှုန်းလောက်က ညာလက်ကို မြှောက်ထားကြသည်။ လုပ်ငန်းဝန်ကြီးဌာနကို ထောက်ခံသူက သိသိသာသာကို များနေ၏။
လီယွမ်ကျောက်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ "မှားနေတယ်။ မတရားဘူး။ ခုနက သားတော် အမှားလုပ်မိတာ စက်ဘီးရဲ့ အမှားမဟုတ်ဘူး။ ခင်ဗျားတို့က မျက်နှာလိုက်နေတာ။"
ကျင်းဘုရင်မင်းမြတ်က ဒေါသတကြီးဖြင့် အော်လိုက်သည်။ "မင်း ပါးစပ်ပိတ်ထား။ အရှက်ကွဲတာ မလုံလောက်သေးဘူးလား။"
လီယွမ်ကျောက်သည် ချက်ချင်းပင် ငုံးတစ်ကောင်ကဲ့သို့ ငြိမ်ကျသွား၏။
ကျင်းဘုရင်မင်းမြတ်က နေရာအနှံ့ တစ်ချက် ကြည့်ပြီး ပြောလိုက်သည်။ "အင်း ... ကြည့်ရတာ ရလဒ် ထွက်လာပြီပဲ။ ဒါဆို တော်ဝင်သိပ္ပံအကယ်ဒမီကိုလည်း..."
ဖန်ကျန်းရီက ကြားဖြတ် လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး ... ကျွန်တော်မျိုး သဘောမတူဘူး။ ဒိုင်ဘက်လိုက်မှု ရှိနေတယ်။ ကျွန်တော်မျိုး လူချစ်လူခင် နည်းတာ အားလုံးအသိပဲ။ ဒီလို အကဲဖြတ်တာ လုံးဝ မတရားဘူး။"
ကျင်းဘုရင်မင်းမြတ်က ပြန်ပြောလိုက်၏။ "ကိုယ်တော် စောစောကတည်းက မေးသားပဲ။ တခြား မှူးမတ်တွေက အကဲဖြတ်မယ်ဆိုတာကို မင်း ဘာလို့ မကန့်ကွက်ခဲ့တာလဲ။ အခုမှ လာကန့်ကွက်နေတာ ကတိမတည်တာပဲ။ လောင်းကြေးထပ်ထားရင် ရှုံးတာကို လက်ခံရမယ်။"
ကျန်းလျန်ကလည်း ပြုံးရွှင်စွာ ထွက်လာပြီး မေးလိုက်သည်။ "သခင်လေးဖန် ... ခင်ဗျား ဘယ်နေရာမှာ ရှုံးသွားလဲ ဆိုတာ သိရဲ့လား။"
ဖန်ကျန်းရီက မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်သည်။ "ကျုပ် ဘာရှုံးသွားလို့လဲ။"
ကျန်းလျန်က ခေါင်းခါရင်း ပြုံးကာ ရှင်းပြလိုက်သည်။ "စက်ဘီးက တကယ်ကို အသစ်အဆန်းပါပဲ။ ဒါပေမဲ့ မင်း ပြောသလိုဆိုရင် အဲဒါက လက်တွေ့ အသုံးမဝင်ဘူး။ သာမန်ပြည်သူတွေက သူတို့နေတဲ့ ပတ်ဝန်းကျင်မှာပဲ လှုပ်ရှားကြတာလေ။ မြို့တော်က ပြည်သူတွေက ဒီပစ္စည်းကို တကယ် သုံးဖြစ်မယ်လို့ သေချာလို့လား။ မသုံးဖြစ်တဲ့ ပစ္စည်းတစ်ခုအတွက် သူတို့က ငွေကုန်ခံပြီး ဝယ်ပါ့မလား။ နောက်ပြီး ဒါကို စီးတတ်ဖို့ သင်ယူရဦးမယ်လေ။ ဒီအချက်တွေကို ခင်ဗျား ထည့်မစဉ်းစားထားဘူး မဟုတ်လား။"
အပိုင်း (၆၄၀ ) အဘိုးကြီး အကြောတင်း။
စဉ်းစားမိရဲ့လား။
ဖန်ကျန်းရီက သေချာပေါက် စဉ်းစားမိသည်မှာ အမှန်ပင်။ မဟုတ်လျှင် ဤအချိန်တွင် ဤပစ္စည်းကို သူ ထုတ်ပြမည် မဟုတ်ချေ။
အသုံးဝင်ပြီး ပို၍ မျက်စိကျစရာကောင်းသော ပစ္စည်းများ ခရိုင်ထဲတွင် မရှိသည်တော့ မဟုတ်ပေ။
သို့ပေမည့် အလုပ်သမားငှားရမ်းမှုများ ခေတ်စားလာပြီး ပြည်သူများ၏ သွားလာလှုပ်ရှားမှု နယ်ပယ်များ ကျယ်ပြန့်လာချိန်တွင် စက်ဘီးဆိုသည်မှာ လက်ရှိ ပြည်သူများကြားထဲ၌ အထိရောက်ဆုံး အသုံးချနိုင်မည့် ကိရိယာတစ်ခုပင် ဖြစ်သည်။
ဖန်ကျန်းရီက ပြန်လည်ချေပလိုက်၏။ "မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ သွားလာလှုပ်ရှားမှု နယ်ပယ် မကျယ်ပြန့်ရတဲ့ အကြောင်းရင်းက အဆင်ပြေတဲ့ သွားလာရေး ကိရိယာ မရှိလို့ပါ။ ခင်ဗျားတို့အားလုံး အပြင်ထွက်ရင် မြင်းစီး ဝေါယာဉ်စီးနိုင်ကြတယ်။ တကယ်လို့ ပြည်သူတွေမှာသာ ဒီလိုအခြေအနေမျိုး ရှိရင် သူတို့က နေရာအနှံ့ လျှောက်မသွားချင်ဘဲ နေပါ့မလား။
အမတ်ကျန်း … အမှန်တိုင်းပြောရရင် ခင်ဗျားက မောက်မာလွန်းပြီး ပြည်သူတွေကို လူလိုမမြင်တာပါ။
သူတို့လည်း ခရီးဝေးဝေး သွားချင်ကြတယ် အရာများများကို မြင်ဖူးချင်ကြတယ်။ နေ့စဉ်ဘဝမှာလည်း အားစိုက်ရ သက်သာချင်ကြတာပဲ။"
ကျန်းလျန်၏ မျက်နှာမည်းမှောင်သွားသည်။ "သခင်လေးဖန် … ကျုပ်က လက်တွေ့အခြေအနေအရ ကောက်ချက်ချရတာပါ။ ပြည်သူတွေ တစ်နေ့တာ သွားလာလှုပ်ရှားတဲ့ နယ်ပယ်က အလွန်ဆုံးမှ မိုင်အနည်းငယ်ပဲ ရှိတာပါ။ လက်ရှိအခြေအနေက ဒီလိုဖြစ်နေတာကို ကျုပ် မှားတယ်လို့ ပြောလို့မရပါဘူး။"
ဖန်ကျန်းရီက ပြန်ပြောလိုက်၏။ "ခင်ဗျားပြောတာ အကြောင်းပြချက် ရှိပေမဲ့ ရုံးတော်က တိုးတက်ဖို့ လိုအပ်သလို ပြည်သူတွေကြားမှာလည်း တိုးတက်မှု ရှိသင့်တာပေါ့။" ယမ်းမှုန့်တွေ အမြောက်တွေ ရှိနေပြီဆိုမှတော့ ရန်သူတွေကို ဓား လှံ တုတ်တွေနဲ့ သွားတိုက်နေအုံးမှာလား။"
မှူးမတ်များက တီးတိုးဆွေးနွေးနေကြပြီး တစ်ခါတစ်ရံ ခေါင်းညိတ် ထောက်ခံသူများလည်း ရှိသည်။
ကျန်းလျန်က ပတ်ဝန်းကျင်၏ တုံ့ပြန်မှုကို အကဲခတ်လိုက်ပြီးနောက် သက်ပြင်းရှည်ကြီး တစ်ချက်ချကာ ဘာမှ ဆက်မပြောတော့ချေ။
အမှန်တရားက ဤအတိုင်းပင် ဖြစ်ပြီး ပြောသွားသော စကားများမှာလည်း ယုတ္တိရှိကာ သိပ်အပြစ်ပြောစရာ မရှိပေ။
ကျန်းလျန်က ဆက်ပြောသည်။ "ဒါပေမယ့် သခင်လေးဖန် … ကျုပ် ခုနက ကြည့်ရသလောက်ဆိုရင် ဒီပစ္စည်းက သင်ယူဖို့ လိုအပ်အုံးမယ်။ စီးရတာလည်း မငြိမ်ဘူးဆိုတော့ ပြည်သူတွေက လက်ခံမှာ မဟုတ်ဘူး။"
ကျန်းတုန်ရှန်းက လူအုပ်ထဲမှ ထွက်လာရင်း ပြောလိုက်သည်။ "ဘယ်သူပြောလဲ။ ကျုပ်ကြည့်ရတာတော့ အရမ်းလွယ်ပါတယ်။ အမတ်ကျန်းက ခုနက ကျုပ်ကို စမ်းကြည့်ခိုင်းတယ် မဟုတ်လား။ အခု ကျုပ် စမ်းကြည့်မယ်။"
ဖန်ကျန်းရီက လက်မထောင်ပြကာ တိတ်တဆိတ် ချီးကျူးလိုက်၏။
ဒါမှ တကယ့် ဦးလေးသုံးပဲ။
ဟိုနှစ်ယောက်လို လူအုပ်ထဲမှာ ပုန်းပြီး စကားမပြောရဲတာမျိုး မဟုတ်ဘူး။
ကျင်းဘုရင်မင်းမြတ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "အမတ်ကျန်း .. မစမ်းတာပဲ ကောင်းပါတယ်။ တကယ်လို့ လဲကျသွားရင် မကောင်းဘူးလေ။"
အမှန်တိုင်းပြောရလျှင် သူကိုယ်တိုင်လည်း စိုးရိမ်နေသည်။ ဤအရွယ်ကြီးနှင့် လဲကျသွားလျှင် ဒုက္ခရောက်သွားနိုင်၏။
ဘာပဲဖြစ်ဖြစ် စက်ဘီးက ကြည့်ရတာ တကယ်ကို မငြိမ်မသက် ဖြစ်နေသည် မဟုတ်ပါလား။
ကျန်းတုန်ရှန်းက လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး … ကျွန်တော်မျိုးက လမ်းမလျှောက်နိုင်တဲ့အထိ မအိုသေးပါဘူး။ စမ်းကြည့်ခွင့် ပြုပါ။"
ကျင်းဘုရင်မင်းမြတ်လည်း မတတ်နိုင်သဖြင့် ခေါင်းညိတ်လိုက်၏။ "အမတ်ကျန်းက ဒီလောက်တောင် စမ်းကြည့်ချင်နေမှတော့ စမ်းကြည့်လိုက်ပါ။ အမတ်ဖန် … မလဲကျအောင် သေချာ ထိန်းပေးထားအုံး။"
ဖန်ကျန်းရီက သူ့အနားသို့ ကပျာကယာ ကပ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။ "ဦးလေးသုံး .. မစမ်းရင်လည်း ရပါတယ်။ တကယ်လို့ တစ်ခုခုဖြစ်သွားရင် ကျုပ် လျော်မပေးနိုင်ဘူးနော် မခံချင်စိတ်နဲ့တော့ မလုပ်ပါနဲ့။"
ကျန်းတုန်ရှန်းက မျက်လုံးပြူးကာ ပြောလိုက်၏။ "ငါက အသုံးမကျတဲ့လူ မဟုတ်သေးပါဘူး။ ဒီပစ္စည်းက ဘာခက်တာမှတ်လို့ အံ့သြစရာ လုပ်မနေနဲ့။ ဒီနေ့ ငါ ဝင်ကူညီတာက မင်းကို ကူညီတာ မဟုတ်ဘူး ကျန်းလျန်ရဲ့ အချိုးကို မျက်စိနောက်လို့။"
ထို့နောက် စက်ဘီးပေါ်သို့ ခွတက်လိုက်သည်။
ဟိုက်။ တကယ့် အကြောတင်းသော အဘိုးကြီးပင်။
အိုတာကို လက်မခံဘူး။ ကောင်းပြီလေ။
ဖန်ကျန်းရီက နောက်ထိုင်ခုံကို ကပျာကယာ ကိုင်ထားရင်း သေချာ မှာကြားလိုက်သည်။ "လက်ကိုင်ကို သေချာကိုင်ထား ဟန်ချက်ညီအောင် ထိန်း ဘယ်ညာ နင်းတံကို နင်းလိုက်ရုံပဲ။ အလယ်က လက်ကိုင်ကို ဆွဲရင် အရှိန်လျော့ပြီး ရပ်သွားလိမ့်မယ်။ နှစ်ခါလောက် စမ်းကြည့်ရင် ဘာမှ မခက်တော့ပါဘူး။"
ကျန်းတုန်ရှန်းက စိတ်ငြိမ်ငြိမ်ထားကာ လက်ကိုင်ကို နှစ်ဖက်စလုံးဖြင့် ကိုင်၍ ဖြည်းညင်းစွာ စတင် နင်းလိုက်သည်။
ကျင်းဘုရင်မင်းမြတ်နှင့် မှူးမတ်များ၏ ရင်ထဲတွင်လည်း စိုးရိမ်ပူပန်နေကြ၏။
သိချင်စိတ်ရော၊ စိုးရိမ်စိတ်ပါ ရောယှက်နေသည်။ အခြားအရာများထက် စက်ဘီးက စီးရတာ တကယ်ကို စိတ်ဝင်စားစရာ ကောင်းပုံရသည်။
လီယွမ်ကျောက်က ဘေးမှနေ၍ အားပေးနေ၏။ "အားထည့်နင်း။ ပိုမြန်လေ ပိုငြိမ်လေပဲ။"
ကျင်းဘုရင်မင်းမြတ်က သူ့ကို မျက်စောင်းခဲ၍ အော်လိုက်သည်။ "မင်း ပါးစပ်ပိတ်ထားစမ်း။"
ကျန်းတုန်ရှန်း ထိုင်နေသော စက်ဘီးသည် ဖြည်းညင်းစွာ ရွေ့လျားလာပြီး ဖန်ကျန်းရီက အနောက်မှ ထိန်းပေးထားသည်။ တစ်ခါတစ်ရံ ယိမ်းယိုင်သွားသော်လည်း တော်တော်လေး ငြိမ်ငြိမ်သက်သက် သွားနိုင်လာ၏။
ဘေးဘက်မှ ရှုခင်းများ ချောမွေ့စွာ နောက်သို့ ရွေ့လျားသွားသည်နှင့်အမျှ ကျန်းတုန်ရှန်း၏ စိုးရိမ်နေသော စိတ်များလည်း ပေါ့ပါးသွားပြီး ခြေထောက်များက အလိုအလျောက် အရှိန်မြှင့်လာသည်။
ဖန်ကျန်းရီလည်း အနောက်မှ အနီးကပ် တွန်းပေးလိုက်၏။
လေညင်းလေးများ မျက်နှာကို တိုက်ခတ်နေပြီး အရှိန်ကလည်း အတော်အသင့် ရှိနေသည်။ ကျန်းတုန်ရှန်းသည် ကျယ်ဝန်းသော မြေပြင်ကို ကြည့်ရင်း ရင်ထဲတွင် ရုတ်တရက် လန်းဆန်းသော ခံစားချက်တစ်ခု ပေါ်ပေါက်လာသည်။
ဤသည်မှာ မြင်းစီးခြင်း ၊ ဝေါယာဉ်စီးခြင်းတို့နှင့် လုံးဝ မတူညီသော ခံစားချက်ဖြစ်၏။
မတူညီသည့်အချက်မှာ ထိန်းချုပ်နိုင်မှုပင်။ ဤထိန်းချုပ်နိုင်မှုက မြင်းစီးသည်ထက် ပိုကောင်းသည်။ လူနှင့် စက်ဘီး တစ်သားတည်း ဖြစ်သွားသလိုပင်။
ကျန်းတုန်ရှန်း၏ ရင်ထဲတွင် ပိုမို ကြည်လင်လာပြီး အရှိန်ကိုလည်း ပို၍ မြန်မြန် နင်းလာသည်။ "ကောင်းတယ် တကယ်ကောင်းတယ်။ အားသိပ်စိုက်စရာ မလိုဘဲ ကျုပ် အစွမ်းကုန် ပြေးတာထက် ပိုမြန်နေတယ်။ တကယ်ကို ပစ္စည်းကောင်းပဲ။"
ဖန်ကျန်းရီက အနောက်မှ တွန်းရသည်မှာ အနည်းငယ် ပင်ပန်းလာသဖြင့် လှမ်းပြောလိုက်၏။ "ဖြည်းဖြည်း ဦးလေးသုံး ဖြည်းဖြည်းသွားပါ။"
ကျန်းတုန်ရှန်းက ဝင့်ကြွားစွာ ပြောလိုက်သည်။ "ဘယ်သူက မင်းရဲ့ ဦးလေးသုံးလဲ လွှတ်လိုက်စမ်း။ ငါ စီးတတ်သွားပြီ။ ဒီပစ္စည်းက တကယ်ကို လွယ်လွန်းတယ်။"
နားထဲသို့ တိုက်ခတ်လာသော လေတိုက်သံများနှင့် လျင်မြန်စွာ ရွေ့လျားနေသော ရှုခင်းများက ဤအာရုံခံစားမှု ကျဆင်းနေသော သက်ကြီးရွယ်အိုကို လှုံ့ဆော်ပေးနေ၏။
ကြည့်ရတာ ငယ်ငယ်တုန်းကလည်း သိပ်ငြိမ်တဲ့လူ ဟုတ်ပုံမပေါ်ဘူး။ ဖန်ကျန်းရီ စိတ်ထဲမှ တွေးလိုက်သည်။
ဖန်ကျန်းရီက အော်ပြောလိုက်သည်။ "ဒါဆို ကျုပ် လွှတ်လိုက်ပြီနော်။"
ကျန်းတုန်ရှန်းက အော်လိုက်၏။ "လွှတ်။"
လက်ကို လွှတ်လိုက်သည်နှင့် ကျန်းတုန်ရှန်းသည် တည့်မတ်စွာဖြင့် ပြေးထွက်သွားပြီး အရှိန်က နောက်တစ်ဆင့် ထပ်တက်သွားသည်။
အတော်လေး ငြိမ်ငြိမ်သက်သက် စီးနိုင်သည်ကို မြင်သောအခါ ဖန်ကျန်းရီက နဖူးမှ ချွေးစေးများကို သုတ်ကာ ကျေနပ်စွာ ပြုံးလိုက်၏။
ဒီအဘိုးကြီး တကယ်တော်တာပဲ … ဒီအရွယ်နဲ့ လှုပ်ရှားမှု စွမ်းရည်က ဒီလောက် …..။
ဝုန်း …..။
ဖန်ကျန်းရီ၏ အပြုံးသည် တစ်ဝက်တစ်ပျက်နှင့် အေးခဲသွားသည်။
ကျန်းတုန်ရှန်းသည် ခြောက်ကိုက် ခုနစ်ကိုက်ခန့်မျှသာ ပြေးထွက်သွားပြီး လူရော စက်ဘီးပါ မြေပြင်ပေါ်သို့ မှောက်ကျသွားသည်။ အရှိန်ပြင်းလွန်းသဖြင့် မြေကြီးပေါ်တွင် တစ်ကိုက်ခန့်မျှပင် လျှောတိုက်သွားသေး၏။
သောက်ကျိုးနည်း။ ခြေထောက်နဲ့ ထောက်ထားလိုက်လေ။ ဘယ်လိုဖြစ်ပြီး တိုက်ရိုက်ကြီးကို လျောထွက်သွားရတာပဲ။
ဖန်ကျန်းရီ စိတ်ထဲတွင် ဒေါသတကြီး အော်ဟစ်လိုက်မိသည်။
မှူးမတ်များ အားလုံး အသက်ရှူမှားသွားကြပြီး လူတော်တော်များများ ချက်ချင်း ပြေးသွားကြ၏။
ကျင်းဘုရင်ကလည်း စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။ "မြန်မြန် … ဖန်ကျန်းရီ မြန်မြန်သွားကြည့်စမ်း။"
အနီးဆုံးတွင် ရှိနေသော ဖန်ကျန်းရီသည် ချက်ချင်း သတိဝင်လာပြီး ကပျာကယာ သွားကြည့်လိုက်၏။
သူ့အနားသို့ ရောက်ချိန်တွင် ကျန်းတုန်ရှန်းက ဖြည်းညင်းစွာ ထလာနေပြီဖြစ်သည်။ ကိုယ်ပေါ်မှ ဖုန်များကို ခါလိုက်ပြီး အေးအေးဆေးဆေးပင် ပြောလိုက်သည်။ "ဟားဟား ဘာမှ မခက်ပါဘူး။ တစ်ခဏတာ အမှားအယွင်းလေး ဖြစ်သွားတာပါ။"
ဖန်ကျန်းရီ အနီးကပ် ကြည့်လိုက်သောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
အရာရှိဝတ်စုံက တစ်နေရာ ပွန်းပဲ့ပြဲကွဲနေပြီး မျက်မှန်ကလည်း တစ်ဝက်ကျိုးနေသည်။ လက်ဝါးမှာ အရေခွံများ စုတ်ပြဲနေပြီး သွေးများ စိမ့်ထွက်နေသည်ကို တွေ့လိုက်ရ၏။
ကျန်းတုန်ရှန်းက သူ့ကို မျက်စောင်းခဲ ကြည့်ကာ ပြောလိုက်သည်။ "ငါ့ကို ဘာကြည့်နေတာလဲ။ ထပ်စမ်းကြည့်မယ်။"
ထိုအချိန်တွင် ကျင်းဘုရင်မင်းမြတ်၊ လီယန်စုန့် ၊ ကျိန့်ချောင်နှင့် ကျန်းလျန်တို့ပါ အနားသို့ ရောက်ရှိလာကြ၏။
သူ၏ စုတ်ပြတ်နေသော အခြေအနေကို မြင်သောအခါ ကျင်းဘုရင်မင်းမြတ်က အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်သည်။ "သမားတော်ကို ခေါ် … အမတ်ကျန်းကို မြန်မြန် ကုသပေးစမ်း။"
ကျန်းတုန်ရှန်းက စက်ဘီးကို ကုန်းကောက်ရင်း လျှောက်တင်လိုက်၏။ "အရှင်မင်းကြီးကို ဒုက္ခမပေးပါရစေနဲ့။ သေးငယ်တဲ့ ဒဏ်ရာလေးပါ။ ကျွန်တော်မျိုး ဘာမှမဖြစ်ပါဘူး။ အရှင်မင်းကြီးအတွက် ထပ်ပြီး သရုပ်ပြပါရစေ။"
ဖန်ကျန်းရီက မကြည့်ရက်တော့ဘဲ ပြောလိုက်သည်။ "တော်ပါတော့ ဦးလေးသုံးရယ် … တော်ပါတော့။ ကျုပ် အရှုံးပေးပါတယ်။"
ကျန်းတုန်ရှန်းက ဒေါသတကြီး ပြောရင်း စက်ဘီးပေါ်သို့ ပြန်ခွလိုက်၏။ "ဘာစကားလဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အလွယ်တကူ အရှုံးပေးရလား။ ငါတောင် အရှုံးမပေးသေးဘူး။"
လူများက မတားဆီးနိုင်ခင်မှာပင် ခြေနှစ်လှမ်းခန့် နင်းလိုက်သည်။ မြေပြင်ပေါ်သို့ ထပ်လဲကျသွားပြန်သည်။
အားလုံး တိတ်ဆိတ်သွားကြသည်။
တအားခေါင်းမာလွန်းတယ်။ ဒါက ဖန်ကျန်းရီဘက်ကို ဝင်ပါပေးနေတာလား။ တကယ့် ဆွေမျိုးရင်းချာ ဖြစ်နေရင်တောင် ဒီလောက်ထိ အသက်စွန့်စရာ မလိုပါဘူး။
ကျန်းတုန်ရှန်းသည် ရှက်ရွံ့စွာဖြင့် ပြန်ထလာပြန်၏။
သူ စက်ဘီးကို ထပ်ကောက်ရန် ပြင်လိုက်သည်ကို မြင်သောအခါ မှူးမတ်များ အားလုံး ဝိုင်းအုံသွားကြသည်။
မှူးမတ်တစ်ဦးက ဝင်တားလိုက်၏။ "တော်ပါတော့ အမတ်ကြီးကျန်းရယ်။ တော်လောက်ပါပြီ။"
နောက်တစ်ဦးကလည်း ပြောလိုက်သည်။ "ဟုတ်တယ် … နောက်မှ ခင်ဗျားရဲ့ တူလေးကို အိမ်ကို တစ်စီးပို့ပေးခိုင်းပြီး လေ့ကျင့်ပါတော့။"
အခြားတစ်ဦးကလည်း ဖြည့်စွက်ပြောလိုက်၏။ "ဒီအရွယ်ကြီးရောက်နေမှ ဒီလောက်ကြီး အသက်စွန့်မနေပါနဲ့တော့။"
ကျင်းဘုရင်မင်းမြတ် လည်း အလွန် အနေခက်သွားပြီး တင်းကြပ်စွာ ပြောလိုက်သည်။ "အမတ်ကျန်း ခင်ဗျား ဆက်မစီးဖို့ ကိုယ်တော် အမိန့်ပေးတယ်။"
ဘုရင်မင်းမြတ်က အမိန့်ပေးလိုက်သဖြင့် ကျန်းတုန်ရှန်းလည်း ဆက်မခေါင်းမာရဲတော့ဘဲ သက်ပြင်းချကာ လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး ကျွန်တော်မျိုး ဒီတစ်ခေါက် တကယ်ကို အရှက်ကွဲသွားပါပြီ။ ဒါပေမဲ့ ခုနက စမ်းသပ်မှုအရ ကျွန်တော်မျိုး သေချာပေါက် ပြောရဲတာက အလွန်ဆုံး နောက်နှစ်ခေါက်လောက် လဲကျပြီးရင် လုံးဝ ပြဿနာမရှိတော့ပါဘူး။"
လီယန်စုန့်က မျက်နှာရှုံ့မဲ့ကာ သူ့အနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။ "မပြောပါနဲ့တော့။ ဘာလို့ ဆက်ပြောနေသေးတာလဲ။ အရှက်ကွဲတာ မလုံလောက်သေးဘူးလား။"
ကျန်းတုန်ရှန်းက ခေါင်းမာမာဖြင့် ဆက်လျှောက်တင်လိုက်၏။ "ဘာအရှက်ကွဲတာလဲ။ ဒါက တရားမျှတမှု အတွက် ပြောတာ။ အရှင်မင်းကြီး တကယ်လို့ လူငယ်တွေသာဆိုရင် နံ့သာတိုင်တစ်တိုင်စာ အချိန်တောင် မလိုဘဲ တတ်သွားမှာပါ။ ဒီပစ္စည်းက ပြည်သူတွေရဲ့ သွားလာရေးအတွက် သေချာပေါက် အကျိုးပြုမှာပါ။"