← Chapters

အခန်း (၆၄၁-၆၄၂)

Vol. 35 Ch. 641-642

အခန်း (၆၄၁-၆၄၂)

Vol. 35 Ch. 641-642

အပိုင်း (၆၄၁) ကျုပ် လက်မခံဘူး၊ နောက်တစ်ကြိမ် ထပ်ပြိုင်မယ်။

ဖန်ကျန်းရီက အလျင်အမြန် ဝင်ပြောလိုက်သည်။ "မှန်ပါတယ် .. အမတ်ကြီးကျန်း ပြောတာ မှန်ပါတယ်။ စက်ဘီးက သင်ယူရတာ အရမ်းလွယ်ကူပါတယ်။ တကယ်လို့ အရှင်မင်းကြီးနဲ့ မှူးမတ်တွေက ဒီပစ္စည်းကို စီးရတာ ခက်ခဲတယ်လို့ ထင်နေသေးရင် ဖြေရှင်းလို့ မရတဲ့ ပြဿနာတော့ မဟုတ်ပါဘူး။ အနောက်ဘက်မှာ အကူဘီး အသေးလေး နှစ်ဘီး တပ်လိုက်ရင် ငြိမ်သွားမှာပါ။"

မူလက အကူဘီးကို အပိုပစ္စည်းအနေနဲ့ ရောင်းဖို့ စဉ်းစားထားတာ အခုတော့ လျှို့ဝှက်လက်နက်ကို ကြိုထုတ်သုံးရတော့မယ်။

ပြီးတော့ ဒီနေ့ အဘိုးကြီးကျန်း ဒီလောက်တောင် ကြိုးစားပေးထားတာဆိုတော့ အပြန်ရောက်ရင် အဆင့်မြင့် စက်ဘီး အကောင်းစားလေး နည်းနည်းလောက် ပို့ပေးရမယ်။ မျက်မှန်အသစ်လေးတွေပါ လျော်ကြေးအဖြစ် ပေးလိုက်အုံးမယ်။

ကျန်းလျန် စိတ်ထဲတွင် နောင်တရသွားသည်။

သူနဲ့ သွားပြီး ဘာလို့ အငြင်းပွားနေမိတာလဲ။ ကျန်းတုန်ရှန်းက ခေါင်းမာတဲ့နေရာမှာ နာမည်ကြီးပဲကို။

အခုတော့ ဒီလူ့ကို ဖန်ကျန်းရီဘက်ကို တွန်းပို့လိုက်သလို ဖြစ်သွားပြီ။ အသက်ဒီလောက် ကြီးနေတာတောင် ဒီလောက်ထိ စိတ်လှုပ်ရှားနေသေးတယ်။

ကျန်းလျန်က လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး အမတ်ဖန် သရုပ်ပြတာ အချိန်တော်တော်ကြာနေပါပြီ။ ဒီခဏလေးအတွင်းမှာပဲ လူသုံးယောက်တောင် ဒဏ်ရာရသွားပြီဆိုတော့ ကျွန်တော်မျိုး စကားအများကြီး ဆက်မပြောချင်တော့ပါဘူး။ အခုဆိုရင် နှစ်ဖက်ကြားက ကွာခြားချက်ကို သေချာ မြင်သာနေပါပြီ။ တကယ်လို့ ငွေအမြောက်အမြားကို သိပ္ပံအကယ်ဒမီ တည်ဆောက်တဲ့ နေရာမှာ သုံးမယ်ဆိုရင် ဒါဟာ တကယ်ကို ဖြုန်းတီးရာ ရောက်ပါတယ်။ တကယ်လို့ လုပ်ငန်းဝန်ကြီးဌာနက တောက်ယွမ်ခရိုင်ရဲ့ အကူအညီနဲ့ လက်နက်တိုက် တည်ဆောက်နိုင်မယ် ဆိုရင် ဒါဟာ တိုင်းပြည်အတွက် ကြီးမားတဲ့ အကျိုးကျေးဇူးပါပဲ။"

ဖန်ကျန်းရီက သူ့ကို မျက်စောင်းထိုး ကြည့်လိုက်သည်။

တောက်ယွမ်ခရိုင်က ကူညီမယ်ဟုတ်လား။ လုပ်ငန်းဝန်ကြီးဌာနက တကယ်ကို အကြံပိုင်တာပဲ။

မက်မွန်သီး စိုက်တုန်းက ခင်ဗျား မပါဘဲနဲ့ ဆွတ်မယ့်အချိန်ကျမှ ရောက်လာတာလား။

ဖန်ကျန်းရီက ဒေါသတကြီး ဆဲဆိုလိုက်သည်။ "ထွီ …. ခင်ဗျား မျက်နှာပြောင်တိုက်တာပဲ။ တောက်ယွမ်ခရိုင်ရဲ့ အောင်မြင်မှုတွေကို အခု လုပ်ငန်းဝန်ကြီးဌာနရဲ့ နာမည်အောက်ကို သိမ်းသွင်းချင်နေတာလား။"

ဖန်ကျန်းရီ ရုတ်တရက် ဆဲဆိုလိုက်ရာ ကျန်းလျန် ရင်ထဲတွင် ဒေါသထွက်သွား၏။

ကျန်းလျန်က ပြန်ပြောသည်။ "အမတ်ဖန် ဒါတွေက နိုင်ငံရေးအတွက်ပါ။ နောက်ပြီး တောက်ယွမ်ခရိုင်က တိုင်းပြည်အတွက် အကျိုးပြုတာကို ရုံးတော်ကလည်း သေချာပေါက် ချီးမြှင့်ရမှာပါ။ ဒီအချက်ကို ကျုပ် မငြင်းပါဘူး။"

တကယ်ပဲ ချီးမြှင့်လိုက်ပါတယ်။ တိတ်တဆိတ်နဲ့ ကျုပ်ရသင့်ရထိုက်တဲ့ မိန်းမတစ်ယောက်ကို ပေးလိုက်တာလေ။ တခြား ဘာမှ မရဘူး။

ဖန်ကျန်းရီက ပြောလိုက်သည်။ "အမတ်ကျန်း … ရလဒ် မထွက်သေးခင်မှာ စောစောစီးစီး ကောက်ချက်မချတာ ကောင်းမယ်။"

ဤကိစ္စအတွက် ဖန်ကျန်းရီ အနည်းငယ် ခေါင်းခဲလာသည်။ သူက စဉ်းစားနေမိ၏။

မှူးမတ်တွေက ဈေးကွက်အခြေအနေကို သိပ်နားမလည်ကြဘူး။ ဈေးကွက်ထဲမှာ အလုပ်သမား ငှားရမ်းတဲ့ စနစ်က တဖြည်းဖြည်း ခေတ်စားလာပြီး ပြည်သူတွေရဲ့ လှုပ်ရှားသွားလာမှု နယ်ပယ်ကလည်း မကြာခင်မှာ သိသိသာသာ ကျယ်ပြန့်လာတော့မှာ။

သီအိုရီအရ စက်ဘီးကို ဈေးကွက်တင်တာက ဖြစ်နိုင်ခြေရှိပြီး အရမ်းကောင်းတဲ့ ကိစ္စတစ်ခုပဲ။

ဒါပေမဲ့ မှူးမတ်တွေက အဲဒီလို မစဉ်းစားဘူး။ သူတို့က ဒီအချက်ကို လုံးဝ ထည့်မတွက်ထားဘူး။

အကြမ်းဖျင်းအားဖြင့် ဘဏ္ဍာရေးဌာနကသာ ဒီကိစ္စကို စိတ်ဝင်စားပုံရပေမဲ့ အခုကြည့်ရတာ ဘဏ္ဍာရေးဌာနက ငွေကုန်မှာကြောက်လို့ ငါ့ဘက်ကနေ ဝင်ပြောပေးဖို့ ဆန္ဒမရှိဘူး ဖြစ်နေတယ်။ ကိစ္စတွေက အခုတော့ နည်းနည်း ခက်ခဲလာပြီ။

သိပ္ပံအကယ်ဒမီ တည်ထောင်ဖို့က အနာဂတ်အတွက် အရေးကြီးတယ်။ နောက်မှလုပ်တာထက် အခုလုပ်တာ ပိုကောင်းတယ်။ ဒီတစ်ကြိမ် ရှုံးသွားရင် နောက်ပိုင်း ဖိအားတွေ ပိုများလာလိမ့်မယ်။

အစောတည်းက ပစ္စည်းနှစ်ခုလောက် ပိုပြင်ဆင်ထားသင့်တာ။ တကယ်ပဲ ဘာလုပ်လုပ် အချောချည်းပဲတော့ မဖြစ်နိုင်ဘူး။

ကျင်းဘုရင်မင်းမြတ်က တည်ငြိမ်စွာဖြင့် အမိန့်ပေးလိုက်သည်။ "ကဲပါ … မင်းတို့နှစ်ယောက်လည်း ဆက်မငြင်းကြနဲ့တော့။ အမတ်ဖန်က သဘောမကျဘူး ဆိုမှတော့ နောက်တစ်ကြိမ် မဲထပ်ခွဲတာပေါ့။ လက်မြှောက်ပြီး ဆုံးဖြတ်ကြ။"

မှူးမတ်များ နောက်တစ်ကြိမ် လက်မြှောက် မဲပေးကြရာ ဤတစ်ကြိမ်တွင် လုပ်ငန်းဝန်ကြီးဌာနကို ထောက်ခံသူက ကိုးဆယ်ရာခိုင်နှုန်းအထိ ရှိသွား၏။

ဖန်ကျန်းရီက အိမ်ရှေ့စံနှင့် ကျန်းတုန်ရှန်းတို့ကို မကောင်းသော အကြံဖြင့် လှမ်းကြည့်လိုက်ရာ သူတို့နှစ်ဦးစလုံး မျက်နှာများ နီမြန်းနေပြီး ဘာသံမှ မထွက်ရဲကြတော့ချေ။

ဖန်ကျန်းရီ စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး လျှောက်တင်လိုက်သည်။ "ဒီလို မဲခွဲတာက မတရားဘူးလို့ ကျွန်တော်မျိုး ထင်ပါတယ်။ လုပ်ငန်းဝန်ကြီးဌာနက ကျပ် နဲ့ နောက်တစ်ကြိမ် ထပ်ပြိုင်ရဲလား။"

ကျန်းလျန်က ချက်ချင်း ငြင်းဆိုလိုက်၏။ "မပြိုင်ရဲပါဘူး။ နိုင်နေပြီပဲ ဘာကိစ္စ ခင်ဗျားနဲ့ ထပ်ပြိုင်ရမှာလဲ။"

အခြေအနေက အတည်ဖြစ်သွားပြီ။ သတ်မှတ်ငွေလလည်း ရပြီဆိုတာကို ကျုပ်က ဘာလို့ ခင်ဗျားနဲ့ ဆက် ကစားနေရမှာလဲ။

ဖန်ကျန်းရီ၏ နဖူးပေါ်တွင် မည်းမှောင်သော မျဉ်းကြောင်း သုံးကြောင်း ပေါ်လာသည်။

သောက်ကျိုးနည်း။ အမြဲတမ်း ဒီလိုချည်းပဲ။ သူ့အထင် ရှေးခေတ်လူတွေက ခေတ်နောက်ကျပြီး မျက်နှာလို၊ မျက်နှာရ လုပ်တတ်တယ်။

နည်းနည်းလေး မြှောက်ပင့်ပေးလိုက်တာနဲ့ ကိုယ့်ဘာသာ အဟုတ်ကြီး ထင်သွားကြတာပဲ။

ခင်ဗျားက ဒီလောက် ပွင့်လင်းနေတော့ ကျုပ်က ဘာဆက်လုပ်ရတော့မှာလဲ။

ကျင်းဘုရင်မင်းမြတ်က မတတ်နိုင်သည့်ဟန်ဖြင့် မိန့်ကြားလိုက်သည်။ "အမတ်ဖန် မင်း ဘယ်လိုလုပ်ချင်နေတာလဲ။ အနိုင်ရမှ ဖြစ်မယ်ဆိုတဲ့ သဘောလား။ တကယ်လို့ လောကကြီးက ပြိုင်ပွဲတွေ အားလုံး မင်းလိုမျိုး အရှက်မရှိ လုပ်နေမယ်ဆိုရင် ဘာလို့ ပြိုင်ပွဲတွေ လုပ်နေတော့မလဲ။ တရားမျှတမှု ဆိုတာကရော ရှိပါအုံးမလား။

စက်ဘီးက အသုံးဝင်တဲ့ အချက်တွေ ရှိတယ်ဆိုတာ ကိုယ်တော် မြင်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စမှာ လူအများစုရဲ့ သဘောထားကိုပဲ ကြည့်ရမှာပါ။ မင်း ရှုံးသွားပြီဆိုမှတော့ အရှုံးကို လက်ခံလိုက်ပါ။ ဒါမှ လူကြီးလူကောင်း ပီသမှာပေါ့။"

လူကြီးလူကောင်းလား။ ကျုပ်က လူရည်မွန် တစ်ယောက်သာသာပဲ ရှိတာပါ။

ဖန်ကျန်းရီက ချောင်းနှစ်ချက် ဟန့်ပြီး လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး ဆုံးမတာ မှန်ကန်ပါတယ်။ ဒါပေမယ့် ကျွန်တော်မျိုး ရင်ထဲက စကားကို ပြောရရင် ဒီလို မဲခွဲတာက မတရားသလို စက်ဘီးရဲ့ အစစ်အမှန် အလားအလာကိုလည်း မစမ်းသပ်နိုင်ဘူးလို့ ထင်ပါတယ်။"

ကျင်းဘုရင်မင်းမြတ်က မေးလိုက်၏။ "ဒါဆို ဘယ်လိုလုပ်မှ တရားမျှတမယ်လို့ မင်းထင်လဲ။"

ဖန်ကျန်းရီက စိတ်အားထက်သန်စွာဖြင့် အသံကျယ်ကျယ်ဖြင့် လျှောက်တင်လိုက်သည်။ "ဒီလောကမှာ အတရားမျှတဆုံးက ငွေပါပဲ။ ငွေနဲ့ မဲပေးမှ တရားမျှတမှု ဆိုတာ ဖြစ်လာမှာပါ။"

"လုပ်ငန်းဝန်ကြီးဌာနနဲ့ ကျွန်တော်မျိုးရဲ့ ပစ္စည်းတွေကို ပြည်သူတွေဆီမှာ သွားရောင်းကြည့်ဖို့ အကြံပြုချင်ပါတယ်။ နှစ်လ အချိန်ပေးပြီး ဘယ်သူက ပိုများများ ရောင်းရလဲ ။ ဘယ်သူက ပိုကောင်းကောင်း ရောင်းရလဲဆိုတာ ကြည့်ပြီး အနိုင်အရှုံးကို ဆုံးဖြတ်ကြတာပေါ့။၏

အဲဒီအချိန်ကျမှ ကျွန်တော်မျိုး ထပ်ရှုံးသွားရင် ညည်းတွားတဲ့စကား တစ်ခွန်း ပြောမိရင် အရှင်မင်းကြီးက ကျွန်တော်မျိုးရဲ့ ခေါင်းကို ဖြတ်နိုင်ပါတယ်။"

ကျန်းလျန်က စိုးရိမ်တကြီးဖြင့် ဝင်ရောက် လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး မဖြစ်ပါဘူး။ လုပ်ငန်းဝန်ကြီးဌာနက ဖန်တီးထားတဲ့ အဖိုးတန်ပစ္စည်း နှစ်ခုစလုံးက တန်ဖိုး မဖြတ်နိုင်ပါဘူး။ နောက်ပြီး ဓားတွေလည်း ပါသေးတယ်။ တကယ်လို့ ပြည်သူတွေကို ကြွေထည်တွေပဲ ဝယ်ခိုင်းမယ်ဆိုရင် ဘယ်နှစ်ယောက်က ဝယ်နိုင်မှာလဲ။ စက်ဘီးကတော့ သစ်သားဘောင် အစုတ်ကြီးပဲဆိုတော့ ဒါက တကယ့်ကို မတရားပါဘူး။"

ကျင်းဘုရင်မင်းမြတ်က ပြောလိုက်၏။ "မှန်တယ်။ အကြောင်းပြချက် ခိုင်လုံတယ်။ အမတ်ဖန် ကိုယ်တော်က မင်းဘက်ကိုချည်း ဘက်လိုက်ပေးလို့ မရဘူးလေ။"

ဖန်ကျန်းရီက ကျန်းလျန်ဘက်သို့ လှည့်ကာ အဆိုပြုလိုက်သည်။ "အမတ်ကျန်း လုပ်ငန်းဝန်ကြီးဌာနက လက်နက်တိုက် တည်ဆောက်ချင်တာကို ကျုပ် ကန့်ကွက်စရာ မရှိပါဘူး။ အရှင်မင်းကြီးက ခွင့်ပြုချက် မပေးရင်တောင် ခင်ဗျားတို့ ဘာသာ ခင်ဗျားတို့ သုတေသန ဆက်လုပ်လို့ ရတာပဲ။ ဌာနခွဲတစ်ခု အနေနဲ့ပေါ့။

လုပ်ငန်းဝန်ကြီးဌာနက ယမ်းမှုန့်နဲ့ လက်နက်တွေ ထုတ်လုပ်တဲ့ နေရာမှာ တောက်ယွမ်ခရိုင်က အကောင်းဆုံး လက်မှုပညာရှင်တွေကို လွှတ်ပြီး အကုန်လုံးကို ကူညီပေးပါ့မယ်။ ဘာတစ်ခုမှ လျှို့ဝှက်မထားပါဘူး။

ဒုတိယအချက်အနေနဲ့ လုပ်ငန်းဝန်ကြီးဌာနရဲ့ ကြွေထည်တွေက ဈေးကြီးပေမဲ့ တစ်ခုချင်းစီရဲ့ တန်ဖိုးက မြင့်တယ်။ ကျုပ်တို့က စုစုပေါင်း ရောင်းရငွေ အတိုင်းအတာကိုပဲ ယှဉ်ကြည့်ကြတာပေါ့။ ဘယ်လိုလဲ။"

တောက်ယွမ်ခရိုင်၏ ယမ်းမှုန့်နှင့် လက်နက်များ ပေါ်ပေါက်လာတည်းက သမိုင်း၏ လက်ဆင့်ကမ်း တုတ်တံကို လွှဲပြောင်းပေးပြီးသား ဖြစ်နေပြီ။

ကျင်းအင်ပါယာက ဘာမှ မပြောသော်လည်း ထိုလုပ်ငန်းက အစိုးရလက်အောက်ကို ရောက်သွားဖို့ဆိုတာ အချိန်စောစောနှင့် နောက်ကျတာပဲ ရှိသည်။

အစောပိုင်းမှာတော့ စစ်တပ်၏ အမှာတချို့ကို ရနိုင်ပေမယ့် နောက်ဆုံး ပုံပေးလိုက်ရမည်မှာ ဓမ္မတာပင်။

ငွေက ဆွဲဆောင်မှု ရှိသော်လည်း သိပ္ပံအကယ်ဒမီက ယူဆောင်လာမည့် တောက်ပသော အနာဂတ်နှင့် ယှဉ်လိုက်လျှင် ဘာမှ မဟုတ်တော့ပေ။ မျက်မှောက်တွင် လုပ်ငန်းဝန်ကြီးဌာနကို အလျှော့ပေးလိုက်ပြီး ပြန်ပြိုင်ခွင့် တစ်ကြိမ် ရဖို့ လုပ်သည်က ပိုကောင်း၏။

ထင်သည့်အတိုင်းပင် ကျန်းလျန် စိတ်ဝင်စားသွားသည်။

တောက်ယွမ်ခရိုင်နှင့် ပူးပေါင်းဖို့ဆိုတာ အနှေးနှင့် အမြန်ပင်။ သို့ပေမည့် ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာက ဖန်ကျန်းရီ၏ သဘောထားပေါ်မှာ မူတည်သည်။ ယခု သူ ကိုယ်တိုင် ကမ်းလှမ်းလာသည်ဆိုတော့ ကောင်းသောကိစ္စပင်။

ထို့အပြင် အကယ်၍ ရောင်းရငွေ စုစုပေါင်းကိုပဲ ယှဉ်မည်ဆိုလျှင် ကြွေထည်က အနိုင်ရဖို့ အခွင့်အရေး အများကြီး ရှိသည်။ တန်ဖိုးက အများကြီး မြင့်သလို သူ့၏ အဆက်အသွယ်များနှင့် အချိန်တိုအတွင်း ငွေတုံး သောင်းချီပြီး ရှာနိုင်ဖို့ဆိုတာ မဖြစ်နိုင်သည် မဟုတ်ပေ။

ဤအချက်ကို တွေးမိပြီး ကျန်းလျန်က ပြုံးကာ မေးလိုက်သည်။ "အမတ်ဖန် ပြောတာ တကယ်ပဲလား။ ဒါဆိုရင်တော့ တကယ်ကို ရက်ရောတာပဲ။"

ဖန်ကျန်းရီက ပြန်ပြောလိုက်၏။ "တကယ်ပေါ့။ အရှင်မင်းကြီး ရှေ့မှောက်မှာ ကျုပ်က အလကားစကား လျှောက်ပြောရဲပါ့မလား။ တကယ်လို့ အမတ်ကျန်းက နောက်တစ်ကြိမ် ပြိုင်ဖို့ သဘောတူရင် ကျုပ် ပြောခဲ့တာတွေ အကုန် အတည်ဖြစ်စေရမယ်။ အရှင်မင်းကြီး ဘယ်လို သဘောရပါသလဲ။"

ကျင်းဘုရင်မင်းမြတ်က ဘယ်ညာ လှည့်ကြည့်လိုက်ပြီး ရုတ်တရက် ရယ်ချင်စိတ် ပေါ်လာသည်။

ဖန်ကျန်းရီက တကယ်ကို အရှုံးမပေးတတ်ဘူးပဲ။ လူငယ်တွေမှာ တက်ကြွမှု ရှိတာ ကောင်းတဲ့ကိစ္စပါ။ သိပ္ပံအကယ်ဒမီ တည်ထောင်ဖို့ဆိုတာ အဲဒီလောက်တောင် ဆွဲဆောင်မှု ရှိနေလို့လား။

ကျင်းဘုရင်မင်းမြတ်က ပြောလိုက်သည်။ "တကယ်လို့ မင်းတို့နှစ်ယောက်လုံး သဘောတူတယ်ဆိုရင် ကိုယ်တော်လည်း ကန့်ကွက်စရာ မရှိပါဘူး။"

သို့ပေမည့် မင်္ဂလာဆောင် ရက်ကိုတော့ နည်းနည်း နောက်ဆုတ်ရတော့မည်။ ကျင်းဘုရင်မင်းမြတ် ရင်ထဲတွင် အနည်းငယ် နှမြောသွားမိ၏။ သူ၏ သမီးလေး …။

ကျန်းလျန်က လျှောက်တင်လိုက်သည်။ "လုပ်ငန်းဝန်ကြီးဌာန အနေနဲ့ အမတ်ဖန်နဲ့ နောက်တစ်ကြိမ် ပြိုင်ဖို့ အဆင်သင့်ပါပဲ။”

ကျင်းဘုရင်မင်းမြတ်က ပြုံးကာ အမိန့်ပေးလိုက်၏။ "ကောင်းပြီ။ ဒါဆို မင်းတို့နှစ်ယောက် သဘောတူတဲ့ အတိုင်းပဲ။ နှစ်လ အချိန်ပေးမယ်။ ပြည်သူတွေ ကြားထဲမှာ ယှဉ်ပြိုင်ကြ။ အဲဒီအချိန်ကျရင် ဘယ်သူမှ စကားမပြောင်းနဲ့တော့။"

"ကျွန်တော်မျိုး အမိန့်တော်အတိုင်း နာခံပါ့မယ်။"

အပိုင်း (၆၄၂) စက်ဘီး ဈေးကွက်ဗျူဟာ။

အရှေ့နန်းဆောင်တွင် ဖန်ကျန်းရီသည် နန်းဆောင်ထဲ၌ မှီထိုင်ကာ မုန့်များကို အရသာခံ စားသောက်နေသည်။

လီယွမ်ကျောက်ကတော့ စိုးရိမ်တကြီးဖြင့် ဟိုလျှောက်ဒီလျှောက် သွားနေသည်။

လီယွမ်ကျောက်က မေးလိုက်၏။ "ဖန်ကြီး ဆယ်ရက်ကျော်တောင် ရှိနေပြီကို ခင်ဗျား ဘာလို့ မလောရတာလဲ။ ကျုပ် ကြားတာတော့ လုပ်ငန်းဝန်ကြီးဌာနဘက်က ကြွေထည်တချို့ ရောင်းလိုက်ရပြီး ငွေတုံး ထောင်ချီ မြတ်နေပြီတဲ့။"

ခင်ဗျားကျတော့ တစ်နေ့လုံး ကျုပ်ဆီမှာ စားလိုက် ၊ သောက်လိုက်။ မဟုတ်ရင်လည်း သတင်းစာတိုက် ကျင်းယီဝေတပ်ဖွဲ့တွေဆီ သွားပြီး စားလိုက် ၊ သောက်လိုက်နဲ့ အလုပ်ကိစ္စလေး ဘာလေး လုပ်လို့မရဘူးလား။"

ဖန်ကျန်းရီက လက်ထဲတွင် ကျန်နေသော မုန့်တစ်ဝက်ကို စားလိုက်ပြီး သက်ပြင်းချကာ ရှင်းပြလိုက်သည်။ "အရှင့်သား ဘာကိစ္စမှ လောလို့ မရဘူး။ လောရင် ရှုံးမှာပဲ။ စက်ဘီးက ဘဏ္ဍာရေးဌာနရဲ့ ကြွေထည်တွေနဲ့ မတူဘူး။ သူတို့ ပစ္စည်းက ပိုက်ဆံရှိတဲ့ လူတွေကိုပဲ ရောင်းလို့ရတာ။

ကျုပ်တို့ကရော သာမန် ပြည်သူတွေကို ရောင်းမှာလေ။ ဒါကြောင့် ကျုပ်တို့က ပစ္စည်း အလုံအလောက် ပြင်ဆင်ထားရမယ်။ ဒီဆယ်ရက်ကျော် အတွင်းမှာ ကျုပ် မြို့တော်ထဲက လူတွေကို အမြောက်အမြား ငှားပြီး အလျင်စလို ထုတ်လုပ်နေရတာ။ နောက်ထပ် နှစ်ရက်လောက်နေလို့ ပစ္စည်း အလုံအလောက် ရပြီဆိုရင် အပြင်ထွက်ပြီး ရောင်းလို့ရပြီ။"

လီယွမ်ကျောက်က မေးလိုက်သည်။ "ခင်ဗျား တကယ် ရောင်းရမယ်ဆိုတာ သေချာလို့လား။"

ဖန်ကျန်းရီက ပြန်ပြောလိုက်၏။ "သေချာလား ဟုတ်လား။ ကျုပ်တို့ဆီက ပစ္စည်းတွေ ဝယ်ဖို့ မလောက်တော့ဘူး ဆိုတာ သေချာတယ်။ အဲဒီအချိန်ကျရင် ပစ္စည်းပြတ်လပ်လို့ ဈေးကွက်ဗျူဟာကိုတောင် သုံးရအုံးမယ်။ ဒီပွဲကို အနိုင်ရချင်ရင် ပစ္စည်းရောင်းရတဲ့ ငွေသတ်သတ်နဲ့ မရဘူး ပစ္စည်းထုတ်လုပ်မှု မလောက်တဲ့အတွက် ကြိုတင် မှာယူကြေးတွေနဲ့ပါ သေချာ အနိုင်ယူရမှာ။"

လီယွမ်ကျောက်က မေးလိုက်ပြီးနောက် ဆက်လက်၍ ခန့်မှန်းကြည့်သည်။ "ပြည်သူတွေက သေချာပေါက် ဝယ်မယ်။ ပြီးတော့ ပစ္စည်းတောင် မလောက်ဘူးဆိုတာ ခင်ဗျား ဘယ်လိုလုပ် သေချာနေတာလဲ။ သတင်းစာကို သုံးပြီး ကြော်ငြာလုပ်မှာလား။ ဒါပေမဲ့ ကျုပ် အတွေ့အကြုံအရဆိုရင် ကြော်ငြာက အားကောင်းပေမဲ့ တစ်လခွဲလောက် အချိန်အတွင်းမှာ အကုန်လုံး သိအောင် ဖြန့်ဖို့ဆိုတာ အချိန်သိပ်မလောက်ဘူး ထင်တယ်။"

ဖန်ကျန်းရီက ပြုံးလိုက်ပြီး အင်္ကျီလက်ထဲမှ စာအိတ်တစ်အိတ်ကို ထုတ်ပေးလိုက်ကာ မေးလိုက်၏။ "ဒီမှာ အရှင့်သား ကြည့်ကြည့် … ဒါက ဘာလဲ။"

လီယွမ်ကျောက်က စာအိတ်ကို ယူလိုက်ရာ အတွင်း၌ လိပ်စာများပါဝင်သော နာမည်စာရင်းတစ်ခု ဖြစ်နေသည်ကို တွေ့ရသဖြင့် ဇဝေဇဝါဖြင့် မေးလိုက်သည်။ "နာမည်စာရင်း .. ဒါက ဘာနဲ့ ပတ်သက်တဲ့ စာရင်းလဲ။"

ဖန်ကျန်းရီက ရှင်းပြလိုက်၏။ "ဒါတွေက မြို့တော်ထဲမှာ နောက်ရက်အနည်းငယ်အတွင်း မင်္ဂလာဆောင်မယ့် ပြည်သူတွေရဲ့ စာရင်းပဲ။ အကုန်လုံးတော့ မဟုတ်ပေမဲ့ အယောက်တစ်ရာလောက်တော့ ရှိမယ်။"

လီယွမ်ကျောက်က သဘောပေါက်သွားသည့်ဟန်ဖြင့် မေးလိုက်သည်။ "အဲဒါကြောင့် ခင်ဗျားက စက်ဘီးကို သူတို့ဆီ ဈေးပေါပေါနဲ့ ရောင်းပြီး ကြော်ငြာချင်တာလား။"

ဖန်ကျန်းရီက မတ်တပ်ထရပ်ကာ အကြောဆန့်လိုက်ပြီး ပြောလိုက်၏။ "တော်တယ်။ ဒါပေမဲ့ ရောင်းမှာမဟုတ်ဘူး လက်ဆောင်ပေးမှာ။

အရပ်ထဲမှာ မိန်းမယူရင် အချက်သုံးချက် ရှိတယ်။ တံပိုးမှုတ်မယ် ၊ ဝေါယာဉ်စီးမယ် ၊ သကြားလုံးကြဲမယ်။ ကျုပ်ကြည့်ရတာ နောက်ဆိုရင် အဲဒီအထဲမှာ စက်ဘီး တစ်စီးပါ ထည့်ပေးရမယ် … ဒါမှ ပြည့်စုံတာ။"

လီယွမ်ကျောက်သည် တွေဝေသွားပြီး အချိန်အတော်ကြာ စဉ်းစားပြီးမှ ပြောလိုက်သည်။ "အင်း သိပ်တော့ မလွယ်လောက်ဘူး ထင်တယ်။ ကျုပ်ထင်တာတော့ သိပ်မသေချာလှဘူး။"

ဖန်ကျန်းရီက ပြောလိုက်၏။ "အရှင့်သား ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့မှာ အားအကောင်းဆုံး ကြော်ငြာမယ့် အဖွဲ့ကြီး ရှိသေးတယ်ဆိုတာ မမေ့ပါနဲ့။"

လီယွမ်ကျောက်က မေးလိုက်သည်။ "ဘယ်သူလဲ။"

ဖန်ကျန်းရီက ရုတ်တရက် ပြောလိုက်၏။ "အဲ … သူလာပြီ။ ပြောရင်းဆိုရင်းနဲ့ပဲ ရောက်လာပြီ။"

လီယွမ်ကျောက်က ဘယ်သူလဲဟု စဉ်းစားမနေတော့ဘဲ ခေါင်းမော့ကြည့်လိုက်ရာ လျိုကျင်းက လူတစ်ယောက်ကို ခေါ်လာသည်ကို တွေ့လိုက်ရသည်။

လီယွမ်ကျောက်၏ မျက်လုံးများထဲတွင် ဝမ်းသာမှုများ ရုတ်တရက် ပေါ်ထွက်လာသည်။ "မုန်ဝေ့မင်လား။ ခင်ဗျားက ကျင်းယီဝေတပ်ဖွဲ့ကို သုံးပြီး ကြော်ငြာချင်တာလား။ ဟာ ဟုတ်သားပဲ။ ကျင်းယီဝေတပ်ဖွဲ့ကို အားပေးတဲ့သူတွေက အရူးအမူးတွေလေ။ ကျုပ်တို့ ဒီတစ်ခေါက်တော့ သေချာပေါက် အနိုင်ရပြီပေါ့။"

ဒီအကြီးမားဆုံး လက်နက်ကြီးကို သူ မေ့နေခဲ့တာပဲ။

မုန်ဝေ့မင်ကို မတွေ့ရတာ ရက်အနည်းငယ် ရှိပြီဖြစ်ပြီး ကြည့်ရသည်မှာ အနည်းငယ် ညှိုးနွမ်းနေပုံရ၏။

သူက လီယွမ်ကျောက်ရှေ့တွင် ကြောက်ရွံ့စွာ ဒူးထောက်ကာ တိုးတိုးလေး ပြောလိုက်သည်။ "အရှင့်သားကို ဂါရဝပြုပါတယ်။ သခင်လေးဖန်ကို ဂါရဝပြုပါတယ်။"

လီယွမ်ကျောက်က ပြောလိုက်၏။ "ထပါ။"

ဖန်ကျန်းရီက သူ့ကိုကြည့်ကာ ပြောလိုက်သည်။ "ရှောင်မုန် … လတ်တလော အခြေအနေ သိပ်မကောင်းဘူး ထင်တယ်။ ဘယ်လိုလဲ …ဘဝမှာ အခက်အခဲလေးတွေ ရှိနေရင် ကျုပ် ကူညီပေးမယ်လေ။ မင်း လတ်တလော စွမ်းဆောင်ရည် ကောင်းတယ်လို့ ကျုပ် ကြားတယ်။"

မုန်ဝေ့မင်က တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ဖြေလိုက်၏။ "ဘာ … ဘာပြဿနာမှ မရှိပါဘူး။"

ဖန်ကျန်းရီက သတိပေးလိုက်သည်။ "ပြောစမ်းပါ … ဖုံးကွယ်မထားနဲ့။ ရင်ထဲမှာ အဖုအထစ်တွေ ရှိနေရင် မကောင်းဘူးလေ။ ကျင်းယီဝေတပ်ဖွဲ့ဆိုတာ မေတ္တာတရားတွေ ပြည့်ဝနေတဲ့ မိသားစုကြီးတစ်ခုပါ။"

မေတ္တာတရားတွေ ပြည့်ဝနေသော မိသားစုကြီးဆိုသည့် စကားကို ကြားလိုက်ရသည်နှင့် မုန်ဝေ့မင်၏ မျက်ရည်များ ဒလဟော ကျဆင်းလာတော့၏။

သူက မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး ဖန်ကျန်းရီ၏ ပေါင်ကိုဖက်ကာ ငိုယိုကာ တောင်းဆိုလိုက်သည်။ "သခင်လေးဖန် .. ကျုပ် ရူယွင်နဲ့ အတူ မနေချင်တော့ဘူး။ တခြားတစ်ယောက် ပြောင်းပေးပါ။"

ဖန်ကျန်းရီ၏ မျက်နှာ အေးစက်သွားပြီး သတိပေးလိုက်၏။ "သေချာစဉ်းစားပြီးမှ ပြောနော်။"

မုန်ဝေ့မင်က မျက်ရည်များဖြင့် ငိုယိုပြောဆိုသည်။ "ကျုပ်ကို ခွင့်လွှတ်ပေးပါ သခင်လေးရယ်။ သူက ကျုပ်ကို ဆေးအရက်တွေ နေ့တိုင်း အတင်းသောက်ခိုင်းနေတယ်။ တစ်နေ့ကို သုံးခါ။ အခု ကျုပ် ရေကြည်တွေပဲ ထွက်တော့တယ်။"

လီယွမ်ကျောက်သည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး ဖန်ကျန်းရီကို ကြည့်ကာ ပြောလိုက်၏။ "ဖန်ကြီး … ခင်ဗျား လုပ်ရပ်က အရမ်း ရက်စက်လွန်းတယ်။"

ဖန်ကျန်းရီက တုန်ရီစွာဖြင့် ပြန်ပြောလိုက်သည်။ "ကျုပ်မှ မသိတာ။ သူတို့ လင်မယား ကိစ္စကို ကျုပ်က ဝင်ပါလို့ ရမလား။"

မုန်ဝေ့မင်၏ ခန္ဓာကိုယ်လေးက တောင့်တင်းခိုင်မာပေမဲ့ နေ့ခင်းဘက် အလုပ်လုပ် လေ့ကျင့်ရေးဆင်းရသည့်အပြင် ညဘက်အိမ်ပြန်ရောက်လျှင် ဤသို့ ရက်စက်သော နှိပ်စက်မှုကို ခံရလိမ့်မည်ဟု မထင်ထားခဲ့ချေ။

မုန်ဝေ့မင်က မျက်ရည်ဝဲကာ ခေါင်းမော့ကြည့်ပြီး ပြောလိုက်သည်။ "သခင်လေး … ကျုပ် သူ့ကို ပြန်မပြောရဲဘူး။ ဟို ချန်တယ်ရှန်း ဆိုတဲ့သူကလည်း ကျုပ်ကို အမြဲတမ်း စောင့်ကြည့်နေတာ။"

ဖန်ကျန်းရီက သူ့ကို ညင်သာစွာ ဆွဲထူလိုက်ပြီး ဖြည့်စွက်ပြောလိုက်၏။ "ကလေးတစ်ယောက်လောက် ရရင် ပြီးသွားမှာပဲလေ။ အဓိကကတော့ မင်းရဲ့ ပြဿနာပဲ။ ဘာဖြစ်လို့ အရေကြည်တွေပဲ ထွက်နေရသလဲဆိုတာ မင်းကိုယ်မင်း ပြန်စဉ်းစားသင့်တယ်။

မညည်းညူနဲ့။ ဝနေတဲ့သူက ဆာနေတဲ့သူရဲ့ ဒုက္ခကို မသိဘူး ဆိုသလို ဖြစ်နေပြီ။ အပြင်မှာ မင်းကို အားကျနေတဲ့သူတွေ ဘယ်လောက်များလဲ သိလား။"

မုန်ဝေ့မင်က ဝမ်းနည်းစွာဖြင့် နှုတ်ခမ်းကို ကိုက်ကာ မျက်ရည်များကို သုတ်ရင်း ဘာမှ ဆက်မပြောရဲတော့ဘဲ ဖြေလိုက်သည်။ "ဟုတ်။"

ဖန်ကျန်းရီက မေးလိုက်၏။ "ကဲပါ မင်းရဲ့ မိသားစုကိစ္စကို မင်းဘာသာမင်း ဖြေရှင်းပါ။ ယောကျ်ားကောင်း တစ်ယောက်အနေနဲ့ တစ်နေ့ သုံးကြိမ်လောက်နဲ့ အခက်တွေ့ရလား။ ဒါဆိုရင် ဘယ်လိုလုပ် ယောကျ်ားကောင်း ပီသတော့မလဲ။

အခု မင်းကို ခေါ်လာတာ စက်ဘီး စီးရတာ ဘယ်လိုလဲလို့ မေးမလို့။ မင်းနဲ့ မင်းလက်အောက်က လူတွေ အကုန်လုံး စီးတတ်သွားပြီလား။"

မုန်ဝေ့မင်က နှာရည်ကို ဆွဲရှိုက်ကာ ဖျောက်လိုက်ပြီး ဖြေသည်။ "စီးတတ်သွားပါပြီ။ ပထမနေ့တည်းက တတ်သွားတာပါ။ တပ်မှူးကလည်း မှန်မှန် လာစစ်ဆေးပါတယ်။"

ဖန်ကျန်းရီက ညွှန်ကြားလိုက်သည်။ "ကောင်းတယ်။ နောက်နှစ်ရက်နေရင် မင်းတို့ အလုပ်သွားလုပ်တဲ့အခါ မြင်းမစီးရတော့ဘူး။ အကုန်လုံး စက်ဘီးပြောင်းစီးရမယ်။ လမ်းမပေါ်ရောက်ရင် လမ်းသွားလမ်းလာတွေကို မတိုက်မိအောင် ခေါင်းလောင်းကို ခဏခဏ တီးဖို့ မမေ့နဲ့။

ပြီးတော့ မင်းကို အားပေးတဲ့သူတွေက မင်း ဘာစီးနေတာလဲလို့ သေချာပေါက် မေးကြလိမ့်မယ်။ အဲဒီအခါကျရင် မင်း ဘယ်လိုပြောမလဲ။"

မုန်ဝေ့မင်က ခဏစဉ်းစားပြီးနောက် ဖြေလိုက်၏။ "တောက်ယွမ်ခရိုင်က ထုတ်လုပ်တဲ့ စက်ဘီးပါ။ ကျင်းယီဝေတပ်ဖွဲ့ တစ်ဖွဲ့လုံး သုံးနေကြတယ်။ အားပေးတဲ့သူတွေကို ကျေးဇူးတင်တဲ့ အနေနဲ့ အားလုံးအတွက် တောက်ယွမ်ခရိုင်က ထုတ်လုပ်တဲ့ စက်ဘီး အသစ်စက်စက် တစ်ထောင် ပြင်ဆင်ပေးထားပါတယ်။ တောက်ယွမ်ခရိုင်ရဲ့ ဆိုင်တွေမှာ ဝယ်လို့ရပါတယ်။ ပစ္စည်းက အကန့်အသတ်နဲ့မို့လို့ မြန်မြန်လေး သွားဝယ်ကြပါ။"

ဖန်ကျန်းရီက ဆူပူလိုက်သည်။ "ငတုံး … မင်းကို ပေးထားတဲ့ စာသားအတိုင်း တိုက်ရိုက်ကြီး ကျက်မှတ် ထားတာလား။ အဲဒီအချိန်ကျရင် နည်းနည်းလေး ပြောင်းလွယ်ပြင်လွယ် လုပ်လေ။ တခြားသူတွေ ကိုလည်း ပြန်ပြောပြထားအုံး။ စကားပြောရင် သဘာဝကျကျနဲ့ ပြည်သူတွေ နားလည်အောင် ပြောဖို့လိုတယ် .. သဘောပေါက်လား။"

မုန်ဝေ့မင်က ခေါင်းငုံ့ကာ တိုးတိုးလေး ဖြေလိုက်၏။ "အာ နားလည်ပါပြီ သခင်လေးဖန်။"

ဖန်ကျန်းရီက မေးလိုက်သည်။ "ကောင်းပြီ … နောက်ပြီး သန်ဘက်ခါကစပြီး မြို့တော်ထဲမှာ မင်္ဂလာဆောင်မယ့် ပြည်သူတွေရဲ့ စာရင်းကို မင်း ရပြီးပြီမလား။"

မုန်ဝေ့မင်က ဖြေလိုက်၏။ "ရပါပြီ။"

ဖန်ကျန်းရီက ဆက်ပြောလိုက်သည်။ "အင်း … အဲဒီအချိန်ကျရင် မင်း ကိုယ်တိုင် သွားပြီး ဂုဏ်ပြုစကားပြောရင်း စက်ဘီးကို လက်ဆောင်ပေးရမယ်။ စိတ်ရင်းမှန်နဲ့ ပြောဖို့ မမေ့နဲ့။ ဟန်ဆောင်မနေနဲ့။ အဲဒီအချိန်ကျရင် မင်းအကြောင်းကို သတင်းစာတွေမှာ အကျယ်တဝင့် ရေးဖို့ သတင်းထောက်တွေ အဆင်သင့် ရှိနေလိမ့်မယ်။

နောက်ပြီး အဲဒီနေရာမှာ မင်းကို လက်ဆောင်လာပေးမယ့် လူတွေကိုလည်း ကျုပ် စီစဉ်ထားမယ် အဲဒီ .. အဲဒီ လုပ်ငန်းဝန်ကြီးဌာနရဲ့ ကြွေထည်က နာမည်ဘယ်လိုခေါ်လဲ။"

လီယွမ်ကျောက်က သတိပေးလိုက်၏။ "ကျောက်စိမ်းရောင် ကြွေထည် လို့ ခေါ်တယ်။"

ဖန်ကျန်းရီက မေးလိုက်သည်။ "အာ ဟုတ်တယ်။ ကျောက်စိမ်းရောင် ကြွေထည်။ အဲဒီအချိန်ကျရင် မင်းကို လူတွေက အဲဒါ လာပေးရင် မင်း ဘယ်လိုပြောမလဲ။"

မုန်ဝေ့မင်က ပြန်ဖြေလိုက်၏။ "ဒီပစ္စည်းက လုပ်အားတွေ အများကြီး ကုန်ကျထားတယ်။ အလှကြည့်ဖို့ပဲ ရပြီး ဘာမှ အသုံးမဝင်ဘူး။ ကျောက်စိမ်းရောင် ကြွေထည်ဆိုတာ ဇိမ်ခံပစ္စည်း သတ်သတ်ပဲ။ လူရည်မွန်တွေရဲ့ လမ်းစဉ် မဟုတ်ဘူး။ ဒီလို အဖိုးတန် လက်ဆောင်ကို မုန်ဝေ့မင် လက်မခံရဲပါဘူး။"

ဖန်ကျန်းရီက ဆက်ပြောလိုက်သည်။ "အင်း အင်း .. စကားလုံးတွေက နည်းနည်း တောင့်တင်းနေတယ်။ အိမ်ပြန်ရောက်ရင် သတင်းထောက် တချို့ကို ခေါ်ပြီး သေချာ ပြင်ခိုင်းလိုက်အုံး။"

လီယွမ်ကျောက်က ပါးစပ်အဟောင်းသားဖြင့် မေးလိုက်၏။ "ဖန်ကြီး ခင်ဗျားက ပစ္စည်းရောင်းတာအပြင် သူများပစ္စည်းကိုပါ သိက္ခာချအုံးမလို့လား။"

ဖန်ကျန်းရီက မတရားခံရသလို အော်ပြောလိုက်သည်။ "ဒါကို သိက္ခာချတယ်လို့ ဘယ်ခေါ်မလဲ။ ဒါက စီးပွားရေးစစ်ပွဲပဲ။ စီးပွားရေးလောကဆိုတာ စစ်မြေပြင်ပဲ။ ပြိုင်ဘက်တွေက အမှိုက်တွေချည်းပဲ။ ကျုပ်က အမှန်တရားလေး နည်းနည်း ပြောလိုက်တာ ဘာဖြစ်လို့လဲ။"

ထို့နောက် ဖြည့်စွက်ပြောလိုက်၏။ "ရှောင်မုန် … ဒီရက်ပိုင်း မင်း တော်တော် ပင်ပန်းနေပြီ။ မင်း ဟိုဟိုဒီဒီ သွားဖို့ လိုသေးတယ်။ ရူယွင်ကို မင်းအပေါ် နည်းနည်းလောက် ကောင်းကောင်းဆက်ဆံဖို့ ကျုပ် ပြောပေးမယ်နော်။"

မုန်ဝေ့မင် မျက်နှာမော့လာပြီး ချက်ချင်း ဝမ်းသာသွားကာ ပြောလိုက်သည်။ "သခင်လေးရဲ့ ကျေးဇူးကို ကျေးဇူးတင်ပါတယ်။ တာဝန်ကျေအောင် ထမ်းဆောင်ပါ့မယ်။"

All Chapters