အခန်း ၂၈၁
Vol. 21 Ch. 281
အပိုင်း(၂၈၁)
အနောက်ဘက် နတ်ဝိညာဉ်တောင်တော်၊ မဟာမိုးကြိုးကျောင်းတော်ကြီးအတွင်း၌…
တထာဂတမြတ်စွာဘုရားသည် သူ၏ကြာပန်းပလ္လင်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေစဉ် ရုတ်တရက် ကောင်းကင်မိုးကြိုးသံများ ထွက်ပေါ်လာကာ သူ၏စိတ်နှလုံးကို လှုပ်ခတ်စေပြီး ကြိုတင်သိမြင်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ကျန်းလျိုနှင့် ဆရာကြီး ကျန်းယွမ်တို့ သွေးသောက်ညီနောင်များ ဖြစ်သွားကြကြောင်းကို ရှင်းလင်းစွာ သိမြင်သွားခဲ့လေသည်။ ဤသိမြင်မှုက တထာဂတမြတ်စွာဘုရား၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုနှင့် ဒေါသကို တစ်ပြိုင်နက်တည်း ဖြစ်ပေါ်စေခဲ့သည်။
"ကျစ်... အရှက်မရှိတဲ့ ဆရာကြီး ကျန်းယွမ်... သူက လူကြီးတစ်ယောက်ဖြစ်ရက်နဲ့ ရွှေပုစဥ်းနဲ့ ညီအစ်ကိုတွေ သွားမဟာမိတ်ဖွဲ့လိုက်တယ်ပေါ့... ဒီလိုလုပ်တာက ငါတို့ရဲ့ အနောက်ဘက် ခရီးစဉ်က စကြဝဠာကံကြမ္မာနဲ့ ကုသိုလ်တရားတွေကို ခွဲဝေယူလိုက်တာပဲ... တော်တော် ဒေါသထွက်စရာကောင်းတာပဲ..."
...
ကိုးထပ်မြေအောက်ကမ္ဘာ၏ အောက်ဘက်၊ နီရဲနေသော မရဏသွေးပင်လယ် အလယ်၌ ဆိုးယုတ်ပြီး မကောင်းဆိုးဝါး အငွေ့အသက်များဖြင့် ပြည့်နှက်နေသော အနီရောင် သမုဒ္ဒရာကြီးသည် ဧရာမ လှိုင်းလုံးကြီးများနှင့်အတူ လှုပ်ခတ်သွားလေသည်။
"ဆရာကြီး ကျန်းယွမ်လား... တော်တော် ကောက်ကျစ်တဲ့ကောင်ပဲ… ဗုဒ္ဓဂိုဏ်းဆီကနေ ကုသိုလ်တရားနဲ့ ကံကြမ္မာ အချိုးကျကို တကယ်ပဲ ယူနိုင်ခဲ့တယ်ပေါ့... တော်တော် ပါးနပ်တဲ့ လှည့်ကွက်ပဲ... ကံကြမ္မာတစ်ခုကို အရယူနိုင်တာက အဓိက ထီပေါက်သလိုပဲဆိုတော့ မျက်နှာပူတာကို ဘယ်သူက ဂရုစိုက်နေမှာလဲ... နှမြောစရာပဲ အနောက်ဘက်ကို ခရီးသွားမယ့်သူက ဒီနားကနေ ဖြတ်သွားမှာ မဟုတ်ဘူး… မဟုတ်ရင် ငါလည်း ဒီလိုမျိုး တစ်ခုခု စမ်းလုပ်ကြည့်မိမှာ သေချာတယ်..."
…
အခြား လျှို့ဝှက်ဆန်းကြယ်ပြီး မှောင်မိုက်နေသော ပတ်ဝန်းကျင်တစ်ခုအောက်၌ အနက်ရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး နှုတ်ခမ်းများက အနည်းငယ် ကွေးတက်သွားလေသည်။
"အဲဒီ ကံကောင်းတဲ့ကောင် ဆရာကြီး ကျန်းယွမ်... သူတော့ တကယ့် ရတနာသိုက်ကြီးကို သွားတွေ့လိုက်တာပဲ... အဟွတ်... အဟွတ်... အဟွတ်..."
...
"နဂါးမြင်းဖြူ... အနောက်ဘက်ကို ဆက်သွားကြမယ်..."
ကျန်းလျိုသည် နဂါးမြင်းဖြူ၏ ကျောပေါ်တွင် ထိုင်ရင်း နောက်သို့ လှည့်ကြည့်လိုက်၏။ သူတို့ ဝေးသည်ထက်ဝေးအောင် သွားလာခဲ့သည်နှင့်အမျှ ဝမ်ရှိုးတောင်ကြီးမှာ သေးငယ်သည်ထက် သေးငယ်သွားပုံရပေသည်။
ကျန်းလျိုအတွက် ဤဝမ်ရှိုးတောင် ခရီးစဉ်သည် အပြည့်အဝ ကျေနပ်အားရစရာ မကောင်းခဲ့သော်လည်း ကြီးမားသော အကျိုးအမြတ်များကိုတော့ ဆောင်ကြဉ်းပေးနိုင်ခဲ့ပေသည်။
ပထမအချက်အနေဖြင့် နှစ်လကြာ နေထိုင်ခဲ့ရခြင်းမှာ ကျန်းလျို၏ အနောက်ဘက် ခရီးစဉ်တစ်လျှောက် အကြာဆုံး ရပ်နားခဲ့ရခြင်းပင် ဖြစ်သည်။ ယေဘုယျအားဖြင့် ဆိုရလျှင် အတော်လေး ကောင်းမွန်သည်ဟု ဆိုရပေမည်။
သေချာသည်က အကြီးမားဆုံး အကျိုးအမြတ်မှာ လူသစ်သီးကြောင့် သူ၏ ပါရမီစွမ်းရည်များ ပြောင်းလဲသွားခြင်းပင် ဖြစ်သည်။ မူလက ကောင်းကင်နဂါး ဓမ္မတေးသံသည် သူ့အား အတွေ့အကြုံမှတ် ၄ မှတ်သာ ပေးစွမ်းနိုင်သော်လည်း လူသစ်သီး၏ ပြောင်းလဲမှုကြောင့် ၆ မှတ်အထိ တိုးလာခဲ့သည်။ သူ၏ အနာဂတ် တိုးတက်မှုနှုန်းကို သိသိသာသာ မြင့်တက်စေခဲ့သည်။
နှစ်လတာ ကာလအတွင်း သူ၏ အဆင့်မှာလည်း ၃၃ သို့ ရောက်ရှိလာခဲ့ရာ ဤသည်မှာ သေးငယ်သော အောင်မြင်မှုတော့ မဟုတ်ပေ။
ထို့ပြင် ကျန်းလျို၏ သိုလှောင် နေရာလွတ်ထဲတွင် နောက်ထပ် လူသစ်သီး သုံးလုံး ရှိနေသေးသည်။
ယခင်က တစ်လုံး စားသုံးခဲ့ပြီး တစ်လုံးကို သိမ်းဆည်းထားခဲ့ရာ လူသစ်သီး ပွဲတော်အတွင်း၌ လူသစ်သီး ကိုးလုံးကို သူကိုယ်တိုင် ဆရာကြီး ကျန်းယွမ်၏ တပည့်သုံးဦး၊ သူ၏ တပည့်သုံးဦးနှင့် နဂါးမြင်းဖြူတို့အကြား ခွဲဝေပေးခဲ့သည်။ အားလုံး တစ်လုံးစီ စားသုံးပြီးနောက် နှစ်လုံး ကျန်ရစ်ခဲ့ရာ ၎င်းတို့ကိုလည်း ကျန်းလျိုကပင် သိမ်းဆည်းထားလိုက်သည်။
"ဝူကျွမ်ကျောင်းတော်မှာ ကာလရှည် ကျင့်ကြံဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပဲ... နှစ်လလောက်နေပြီး ငါ့ရဲ့အဆင့်ကို ၃၃ အထိ မြှင့်တင်နိုင်ခဲ့တာရယ် လူသစ်သီးရဲ့ စွမ်းရည်မြှင့်တင်မှု အကျိုးသက်ရောက်တာတွေကို ခံစားခဲ့ရတာရယ်ဆိုတော့ ဝူကျွမ်ကျောင်းတော်က ဒီအဖြစ်အပျက်တွေဟာ ငါ့ရဲ့ခရီးစဉ်မှာ အခုအချိန်အထိ အကြီးမားဆုံး အကျိုးအမြတ်လို့ သတ်မှတ်လို့ရတယ်မလား..."
ဝမ်ရှိုးတောင်ဘက်သို့ လှမ်းကြည့်ပြီးနောက် ကျန်းလျိုက ဝူကျွမ်ကျောင်းတော် ခရီးစဉ်အတွက် အတော်လေး ကျေနပ်အားရနေသည့် ခံစားချက်ဖြင့် တီးတိုးရေရွတ်လိုက်လေသည်။
ထို့ပြင်... သူနှင့် ဆရာကြီး ကျန်းယွမ်တို့အကြား ကောင်းကင်တာအိုမှ အသိအမှတ်ပြုသော သွေးသောက်ညီနောင် သံယောဇဉ်ကိုလည်း တည်ဆောက်နိုင်ခဲ့ပေသေးသည်။
ကျန်းလျို၏ အမြင်တွင် ဤအဆင့်အတန်းသည် လတ်တလောတွင် သိသာထင်ရှားသော အသုံးဝင်မှု မရှိသော်လည်း အဆုံးတစ်နေ့တွင် အလွန်တရာ အကျိုးရှိလာနိုင်သည်ဟု ယုံကြည်ထားပေသည်။
ထို့ပြင် တစ်နေ့နေ့တွင် ကောင်းကင်ဘုံရှိ နတ်ဘုရားများ၊ ဗုဒ္ဓများနှင့် ရန်သူများ ဖြစ်လာခဲ့မည်ဆိုလျှင် ဆရာကြီး ကျန်းယွမ်က သူ၏ဘက်မှ ရပ်တည်ပေးခြင်းသည် ကြီးမားလှသော အကျိုးအမြတ်ကြီး တစ်ခုဖြစ်ပေလိမ့်မည်။
ကျန်းလျို၏ ရင်ထဲတွင် မည်သို့ပင် အကြံအစည်များ ရှိနေစေကာမူ သူ၏ဘေးမှ စွန်းဝူခုန်းသည်ကား ပျင်းရိလွန်း၍ သေတော့မည့်ပုံ ပေါက်နေပေသည်။
ဝူကျွမ်ကျောင်းတော်တွင် နှစ်လကြာ နေထိုင်စဉ်အတွင်း ပေါ့ပေါ့ပါးပါး အရက်သောက်ခြင်း၊ အသားစားခြင်း၊ မာဂျောင်နှင့် 'အိမ်ရှင်ကိုတိုက်ခိုက်ခြင်း' ဖဲကစားနည်းများကို ကစားခဲ့ရသဖြင့် စွန်းဝူခုန်းသည် ဤဘဝကို အလွန်အမင်း သက်တောင့်သက်သာရှိလှသည်ဟု ခံစားခဲ့ရသည်။ ယခုအခါ အနောက်ဘက် ခရီးစဉ်ကို တစ်ဖန်ပြန်လည် စတင်ရသောအခါ သူသည် အနည်းငယ် ပျင်းရိစရာကောင်းသည်ဟု ခံစားနေရသည်။
စွန်းဝူခုန်းပင်လျှင် ဤသို့ ခံစားနေရပါက ဘေးနားရှိ ကျူးပါကျဲ၏ စိတ်အခြေအနေမှာ မည်သို့ရှိမည်ကို အလွယ်တကူ မှန်းဆနိုင်ပြီး ပို၍ပင် စိတ်အားထက်သန်မှု ကင်းမဲ့နေပုံပေါ်ပေသည်။
သေချာသည်မှာ... သူတို့နှစ်ဦးနှင့် နှိုင်းယှဉ်ပါက ရှားဝူကျင်းသည် သိသာစွာပင် ပိုမိုကောင်းမွန်သော စိတ်အခြေအနေတွင် ရှိနေပြီး လမ်းလျှောက်နေစဉ် တစ်ခါတစ်ရံ သီချင်းလေးပင် ညည်းနေတတ်သေးသည်။
ရှားဝူကျင်း၏ အမြင်တွင် လူသစ်သီး တစ်လုံး စားလိုက်ရခြင်းမှာ ကြီးမားသော အမြတ်ကြီးတစ်ခု ပင်ဖြစ်သည်။
ထို့ပြင် ပျင်းရိဖွယ်ကောင်းသော နှစ်လအကြာတွင် နောက်ဆုံး၌ အနောက်ဘက်သို့ ခရီးစဉ်ကို ပြန်လည်စတင်နိုင်ခဲ့သဖြင့် ရှားဝူကျင်းကို ပျော်ရွှင်စေခဲ့ပေသည်။
ကျန်းလျိုတို့ ထွက်ခွာသွားချိန်၌ ဝူကျွမ်ကျောင်းတော်သို့ ယွီရွှီနန်းတော်တွင် ကျန်ရစ်နေခဲ့သော ထိုတပည့်များလည်း ပြန်လည်ရောက်ရှိလာကြလေသည်။
ဝူကျွမ်ကျောင်းတော်တွင် နှစ်လတာ အချိန်ကုန်လွန်သွားခဲ့သော်လည်း ကောင်းကင်ဘုံရှိ တစ်ရက်သည် လူ့ပြည်တွင် တစ်နှစ်နှင့် ညီမျှသောကြောင့် ထိုတပည့်များသည် ယွီရွှီနန်းတော်၌ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရခြင်း မရှိပေ။
ဝူကျွမ်ကျောင်းတော်အတွက်မူ ကျန်းလျို ရောက်ရှိလာခြင်းသည် သေးငယ်သော ဂယက်တစ်ခုမျှသာ ဖြစ်ပုံရပြီး သူတို့ ထွက်ခွာသွားပြီးနောက် ကျောင်းတော်သည် ယခင်ကဲ့သို့ပင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေသည်။
ဤဂယက်လေးသည် တဖြည်းဖြည်း မှေးမှိန်သွားမည်လား သို့မဟုတ် အချိန်ကြာလာသည်နှင့်အမျှ ပြင်းထန်သော မုန်တိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားမည်လား ဆိုသည်ကိုမူ အချိန်ကသာ စကားပြောသွားမည် ဖြစ်သည်။
တပည့်များအား ကြိုးစား၍ တရားကျင့်ကြံကြရန် ညွှန်ကြားပြီးနောက် ဆရာကြီး ကျန်းယွမ်သည် ရင်ထဲ၌ နက်နဲသော အရာတစ်ခုကို ခံစားလိုက်ရသဖြင့် ရက်ပေါင်း လေးဆယ့်ကိုးရက်တိုင်တိုင် တရားကျင့်ကြံရန်အတွက် တိတ်ဆိတ်သော အခန်းထဲသို့ ဝင်ရောက်သွားခဲ့လေသည်။
ဆရာကြီး ကျန်းယွမ် မသိလိုက်သည်က သူ တရားဝင်သွားပြီးနောက် တာအို ကျောင်းသားလေးများဖြစ်သော ချင်းဖုန်းနှင့် မင်ယွဲ့တို့သည် သစ်သားတုံးငယ် တစ်ရာကျော်ကို အသေအချာ ဂရုတစိုက် ထွင်းထုနေကြခြင်းပင် ဖြစ်သည်။
သူတို့၏ ထွင်းထုမှုစွမ်းရည်မှာ ကျန်းလျိုထက် များစွာ သာလွန်လှပေသည်။ မာဂျောင်တုံးများပေါ်ရှိ ပုံစံများသည် အလွန် သေသပ်လှပပြီး ဟင်္သာပြဒါးနှင့် အခြားဆေးရောင်များ ပေါင်းထည့်လိုက်သောအခါ များမကြာမီမှာပင် လှပသော မာဂျောင်တစ်စုံကို အမြန်ဆုံး ဖန်တီးနိုင်ခဲ့ကြသည်။
"ဟင်... ချင်းဖုန်း… မင်ယွဲ့... မင်းတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ..."
အမှတ်မထင် ဖြတ်လျှောက်လာသော ဝူကျွမ်ကျောင်းတော်မှ တပည့်အချို့သည် ချင်းဖုန်းနှင့် မင်ယွဲ့တို့ မာဂျောင်တုံးများ ပြုလုပ်နေသည်ကို မြင်တွေ့သွားကြသဖြင့် စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်ကြသည်။
"အာ... နောင်တော်ကြီး… ကျွန်တော်တို့ မာဂျောင်ဆိုတဲ့ အရာတစ်ခုကို လုပ်နေတာပါဗျ… နောင်တော်ကြီးရော စမ်းကစားကြည့်ချင်လား..."
နောင်တော်ကြီး၏ အမေးကို ကြားသောအခါ ချင်းဖုန်းနှင့် မင်ယွဲ့တို့ အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး ချက်ချင်းပင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုဖြင့် ဝင်ကစားရန် ဖိတ်ခေါ်လိုက်ကြသည်။
"ကစားစရာတစ်ခုလား... မင်းတို့ကောင်တွေ 'အပျော်အပါးမက်ရင် ရည်မှန်းချက် ပျောက်တတ်တယ်' ဆိုတဲ့ စကားကို သိရဲ့လား..."
မာဂျောင်သည် သာမန် ကစားစရာတစ်ခုမျှသာ ဖြစ်ကြောင်း ကြားသောအခါ ထိုနောင်တော်ကြီးသည် မျက်မှောင်ကြုတ်ကာ ပြင်းထန်စွာ ဆုံးမလေတော့သည်။
"ဟုတ်... ဟုတ်ကဲ့ပါ နောင်တော်ကြီး… ကျွန်တော်တို့ တရားကျင့်တာကို မပေါ့ဆရဲပါဘူးဗျာ..."
နောင်တော်ကြီး၏ စကားကို ကြားသောအခါ တာအို ကျောင်းသားလေးများဖြစ်သော ချင်းဖုန်းနှင့် မင်ယွဲ့တို့မှာ ဘာမှ ထပ်မပြောနိုင်တော့ဘဲ ခေါင်းငုံ့ကာ လိမ္မာရေးခြားရှိစွာဖြင့် တောင်းပန်သည့်ပုံစံ ပြုလုပ်နေကြသည်။
နောင်တွင် သူတို့ နားထောင်မည်၊ မထောင်မည်ကို မသိနိုင်သော်လည်း အနည်းဆုံးတော့ မိမိအမှားကို ဝန်ခံခြင်းမှာ အလေ့အကျင့်ကောင်း တစ်ခုပင် ဖြစ်လေသည်။
"မင်းတို့နှစ်ယောက်ကတော့ တကယ်ပါပဲ… အားလပ်ချိန်မှာ ပျင်းနေတယ်ဆိုရင် တေးဂီတ၊ စစ်တုရင်၊ လက်ရေးလှနဲ့ ပန်းချီဆွဲတာတွေက အချိန်ဖြုန်းစရာတွေချည်းပါပဲ… ဘာလို့ ဒီကစားစရာတွေကို ဖန်တီးနေရတာလဲ... အပေါ်မှာ ပုံစံတွေပါတဲ့ ဒီသစ်သားတုံးလေးတွေက ဘာတွေလဲ... ကလေးကစားစရာတွေလား..."
နောင်တော်ကြီးသည် သူတို့ကောင်းကျိုးအတွက် ရည်ရွယ်၍ စေတနာအပြည့်ဖြင့် ခေါင်းယမ်းကာ ပြောလိုက်သည်။
"အဲဒီလို မဟုတ်ပါဘူး နောင်တော်ကြီးရဲ့… ဒီကစားစရာကို ကျွန်တော်တို့ဘာသာ တီထွင်ထားတာ မဟုတ်ပါဘူး… ထန်ဆရာတော်က ကျွန်တော်တို့ကို သင်ပေးသွားတာပါ… သူနဲ့ သူ့ရဲ့ တပည့်တွေအားလုံးလည်း ဒါကို ကစားကြတယ်ဗျ..."
နောင်တော်ကြီး၏ ဆုံးမစကားကို ကြားသောအခါ တာအို ကျောင်းသားလေး ချင်းဖုန်းက ရှင်းပြလိုက်သည်။
"ဟေ... ထန်ဆရာတော်... သူတို့အားလုံး ကစားကြတယ်ပေါ့... မင်းတို့ကို သူက သင်ပေးသွားတာလား..."
ဤစကားကို ကြားသောအခါ မရပ်မနား ဆူပူနေသော နောင်တော်ကြီးသည် အံ့အားသင့်သွားပြီး ခေတ္တမျှ ရပ်တန့်သွားလေသည်။
ထန်ဆရာတော် ဆိုသည်မှာ မိမိတို့ဆရာ၏ သွေးသောက်ညီနောင် မဟုတ်ပါလော။ ထို့ပြင် အနောက်ဘက်သို့ ခရီးသွား၍ ကျမ်းစာပင့်ဆောင်သူ၏ တာဝန်ကို ယူထားရသူဖြစ်ပြီး သူ၏ တပည့်များမှာလည်း သာမန်မဟုတ်သော နောက်ခံများ ရှိကြသူများ ဖြစ်သည်။ သူတို့အားလုံးက ဤကစားစရာကို ကစားကြသည်ဆိုတော့ကာ သူ နားမလည်နိုင်သော အကျိုးကျေးဇူးများ များစွာ ရှိနေမည်လော။
စစ်တုရင်ကစားသလိုမျိုးများ ဖြစ်နေမည်လော။ သာမန် အဖြူနှင့် အမည်း ကျောက်ခဲလေးတွေပဲ ဖြစ်သော်လည်း အထဲက ဗျူဟာမြောက် ရွှေ့ကွက်တွေက အဆုံးမရှိ ဉာဏ်ပညာများကို ဖြစ်ထွန်းစေနိုင်သည် ဆိုတာမျိုးလော။
"ချင်းဖုန်း... ထန်ဆရာတော်နဲ့ သူ့ရဲ့ တပည့်တွေက သင်ပေးသွားတာဆိုတော့လည်း ငါလည်း ဝင်စမ်းကစားကြည့်မယ်လေ..."
ထန်ဆရာတော်၏ တပည့်များအားလုံး ပါဝင်ကစားကြပြီး ချင်းဖုန်းနှင့် မင်ယွဲ့တို့ကိုပင် အထူးတလည် သင်ကြားပေးခဲ့သည်ဟု တွေးမိပြီးနောက် ၎င်းတွင် နက်နဲသော အဓိပ္ပာယ်တစ်ခုခု ရှိနိုင်သည်ဟု နောင်တော်ကြီးသည် ခေတ္တမျှ စဉ်းစားကာ ပြောလိုက်ခြင်း ဖြစ်သည်။
"ကောင်းပြီလေ... ဒါပေမဲ့ မာဂျောင်ကစားဖို့က လူလေးယောက် လိုတယ်ဗျ... နောက်ထပ် နောင်တော်ကြီး တစ်ယောက်လောက် သွားခေါ်လိုက်ကြရအောင်..."
ထိုစကားကို ကြားသောအခါ ချင်းဖုန်းနှင့် မင်ယွဲ့ နှစ်ဦးစလုံး၏ မျက်နှာများမှာ ဝမ်းသာအားရ ဖြစ်သွားကြပြီး သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။
များမကြာမီတွင် ကစားသမား တစ်ယောက် ထပ်လိုနေသေးသဖြင့် နောက်ထပ် နောင်တော်ကြီး တစ်ဦးကိုပါ အဖွဲ့ပြည့်သွားစေရန် ဆွဲခေါ်လာခဲ့ကြလေသည်။
***