← Chapters

အခန်း ၂၈၇

Vol. 21 Ch. 287

အခန်း ၂၈၇

Vol. 21 Ch. 287

အပိုင်း(၂၈၇)

မှော်ကြေးမုံကို ကိုင်ဆောင်ထားသော ကျန်းလျိုသည် စွန်းဝူခုန်းနှင့် လေဝါမိစ္ဆာတို့ကြားရှိ အရာအားလုံးကို မြင်တွေ့ခဲ့ရသည်။ သို့ရာတွင် မှော်ကြေးမုံသည် မြင်ကွင်းကိုသာ ပြသနိုင်ပြီး အသံကိုမူ မထုတ်လွှင့်နိုင်ပေ။

လေဝါမိစ္ဆာနှင့် စွန်းဝူခုန်းတို့ လမ်းခွဲသွားကြသည်ကို ကြည့်ရင်း ကျန်းလျို၏ ရင်ထဲတွင် တိတ်တဆိတ် စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။

ကံကောင်းသည်က လေဝါမိစ္ဆာသည် လေကိုစီး၍ ခရီးသွားသဖြင့် မနှေးကွေးလှပေ။ နေ့ဝက်ခန့် စောင့်ဆိုင်းပြီးနောက် နောက်ဆုံးတွင် လေဝါမိစ္ဆာသည် ကျန်းလျို၏ အနီးသို့ ရောက်ရှိလာခဲ့သည်။

မှော်ကြေးမုံဖြင့် ကျန်းလျိုသည် လေဝါမိစ္ဆာ သူ့ထံသို့ ပျံသန်းလာနေကြောင်းကို မြင်တွေ့နိုင်ခဲ့သည်။ အချိန် အနေတော်ဖြစ်ပြီဟု မြင်သောအခါ ကျန်းလျိုသည် သူ့ကို ကြိုဆိုရန် အကင်တုတ်ထိုး အချို့ကို ပြင်ဆင်ထားလိုက်လေသည်။

လွန်ခဲ့သော လအနည်းငယ်အတွင်း လေဝါမိစ္ဆာသည် ငရုတ်သီးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ရှာဖွေနေခဲ့ရပြီး ထိုလုပ်ငန်းစဉ်အတွက် အားထုတ်မှု အတော်လေး များပြားခဲ့ပေသည်။

"ကျေးဇူးတင်ပါတယ် ဆရာတော်... အခုလို ဧည့်ခံကျွေးမွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ..."

အကင်တုတ်ထိုး ဆယ်ချောင်းကျော်ကို ကိုင်ထားရင်း လေဝါမိစ္ဆာသည် ကျန်းလျိုအား စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

ဆရာတော်အတွက် ငရုတ်သီးများ ရှာဖွေပေးနေရသည် မှန်သော်လည်း ၎င်းမှာ အပြစ်ကြေစေရန် လုပ်ဆောင်ပေးရခြင်း ဖြစ်ကြောင်း လေဝါမိစ္ဆာ ကောင်းစွာ သိရှိထားပေသည်။ ဆရာတော်က သူ့အတွက် အကင်များ ပြင်ဆင်ပေးထားခြင်းက လေဝါမိစ္ဆာကို အမှန်တကယ် ကျေးဇူးတင်မိစေခဲ့သည်။

"အင်း... မင်းလည်း တောင်တွေ၊ ပင်လယ်တွေ အနှံ့ သွားခဲ့ရတာဆိုတော့... ကြီးကြီးမားမား အောင်မြင်မှု မရခဲ့ရင်တောင် တော်တော်လေး ပင်ပန်းခဲ့မှာ သေချာတယ်..."

ကျန်းလျိုက ပြန်ပြောလိုက်သည်။

"ဒါနဲ့... ဟိုမျောက်စုတ်ရော... ဘာလို့ မင်းနဲ့အတူ ပြန်မပါလာတာလဲ..."

လက်တစ်ဆုပ်စာ အကင်များကို ကိုင်ထားသော ကျူးပါကျဲသည် ပါးစပ်အပြည့် အကင်များ ပလုတ်ပလောင်းဝါးရင်း လေဝါမိစ္ဆာအား မေးလိုက်သည်။

"အာ... ဟုတ်သားပဲ... ဆရာတော် ကျွန်တော် ဆရာတော့်ကို အဲဒီအကြောင်း လျှောက်တင်မလို့ပါပဲ..."

လေဝါမိစ္ဆာသည် သူ၏ ခေါင်းကို ရိုက်လိုက်ပြီး အစားအသောက်ကြောင့် မူလတာဝန်ကို မေ့သွားသည့် မိမိကိုယ်ကို စိတ်ထဲမှ ကျိန်ဆဲလိုက်ရင်း ပြောလိုက်သည်။

"မဟာပညာရှိကြီးနဲ့ ကျွန်တော်က ငရုတ်သီးရှာတွေ့နိုင်မယ့် နေရာနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်ကို ရခဲ့ပြီဗျ..."

"အို... တကယ်လား... ဘယ်မှာလဲ... ပြစမ်းပါဦး... ဆရာ ပြောဖူးတဲ့ စပိုက်စီဟော့ပေါ့နဲ့ စပိုက်စီ အကင်တွေအတွက် သဲလွန်စ ရသွားပြီပေါ့ ဟုတ်လား..."

ကျန်းလျို ပြန်မဖြေရသေးမီမှာပင် ကျူးပါကျဲသည် စိတ်လှုပ်ရှားစွာဖြင့် အံ့သြတကြီး အော်ဟစ်လိုက်လေသည်။

"ဒီလိုပါဗျ... ကျွန်တော် လူ့ပြည် တစ်ခွင်လုံးနီးပါးကို ရှာခဲ့ပေမယ့် ငရုတ်သီးကို မတွေ့ခဲ့ရဘူး... အဲဒီနောက်တော့ ဘုံအသီးသီးက ထူးဆန်းတဲ့ ဆေးဖက်ဝင်အပင်တွေကို စုဆောင်းထားတဲ့ မယ်တော်ကြီးရဲ့ သစ်ဖုနွယ်ချို ဥယျာဉ်ကို သတိရသွားပြီး အဲဒီမှာ သွားရှာကြည့်ဖို့ စဉ်းစားမိခဲ့တယ်..."

လေဝါမိစ္ဆာက သစ်ဖုနွယ်ချို ဥယျာဉ်သို့ လျှို့ဝှက်သွားရောက်ခဲ့သည့် အကြောင်းကို အားလုံးအား စတင်ပြောပြလေတော့သည်။

"နောက်ဆုံးတော့ မဟာပညာရှိကြီးနဲ့ ဇီရှားတို့က ငရုတ်သီးရဲ့ သဲလွန်စကို ရှာဖို့ မိစ္ဆာနယ်မြေကို အတူတူ သွားကြတယ်ဗျ... ဆရာတော် ဒီမှာ စောင့်နေရင်း စိတ်ပူနေမှာစိုးလို့ ကျွန်တော် လာလျှောက်တင်တာပါ..."

"ဇီရှား..."

ငရုတ်သီးနှင့် ပတ်သက်သည့် သတင်းက ကျန်းလျိုကို ဝမ်းသာသွားစေသော်လည်း စွန်းဝူခုန်းနှင့်အတူ မိစ္ဆာနယ်မြေသို့ သွားခဲ့သော နတ်သမီး၏ အမည်ကို ကြားလိုက်ရသောအခါ သူ၏ မျက်နှာအမူအရာမှာ ထူးဆန်းသွားခဲ့သည်။

‘ဒါက 'စစ်မှန်သော ရနံ့ ဥပဒေသ' လို့ခေါ်တဲ့ ကြောက်မက်ဖွယ် စွမ်းအားကြီးများလား...’

စွန်းဝူခုန်းသည် အမျိုးသားနှင့် အမျိုးသမီးကြားရှိ ချစ်ခြင်းမေတ္တာနှင့် သံယောဇဉ်များကို မထီမဲ့မြင်ပြုကြောင်း အမြဲတမ်း ကြေညာလေ့ရှိပြီး ထိုကဲ့သို့သော ခံစားချက်များ၏ ကျော့ကွင်းတွင် ဘယ်တော့မှ မိမည်မဟုတ်ကြောင်း ဆိုလေ့ရှိသည်။ ထို့ကြောင့် ယခုအခါ 'စစ်မှန်သော ရနံ့ ဥပဒေသ' က သူ့အပေါ် သက်ရောက်လာတော့မည်လော။

"ဒါနဲ့... ဆရာတော် ဘာဖြစ်လို့လဲ... ဆရာတော်က ဒီဇီရှားဆိုတဲ့ နတ်သမီးကို သိလို့လား..."

ကျန်းလျို၏ မျက်နှာအမူအရာကို မြင်သောအခါ လေဝါမိစ္ဆာက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"အာ... ဘာမှမဟုတ်ပါဘူး... နာမည်လေးက တော်တော်လှလို့ပါ..."

ကျန်းလျိုက လက်ကိုဝှေ့ယမ်းလိုက်ပြီး ထပ်မံ ရှင်းပြခြင်း မပြုတော့သော်လည်း သူ၏ စိတ်နှလုံးမှာမူ တိတ်တဆိတ် လေးလံသွားခဲ့သည်။

ယခင်က ကျူးပါကျဲ ပြောပြခဲ့ဖူးသော ဖူးစာရေးနတ်မင်းထံမှ ဗောဓိသတ်က ကြိုးနီအချို့ ရယူခဲ့သည့် ကိစ္စကို ပြန်တွေးကြည့်လိုက်ရာ ဤသည်က ဗောဓိသတ်၏ နောက်ထပ် အကြံအစည်တစ်ခုများ ဖြစ်နေမည်လော။

...

ကျွီးလုတိုက်ရှိ မီးတောင်အစုအဝေးများထဲတွင် ဇီရှား၏ လမ်းညွှန်မှုဖြင့် မြေအောက်သို့ ဦးတည်နေသော အက်ကြောင်းတစ်ခုကို စွန်းဝူခုန်း လျင်မြန်စွာ ရှာတွေ့ခဲ့သည်။ ဇီရှားနှင့်အတူ အောက်သို့ ခုန်ချလိုက်ပြီးနောက် သူတို့သည် အက်ကြောင်းကို ထိုးဖောက်ကာ မိစ္ဆာနယ်မြေအတွင်းသို့ ဝင်ရောက်သွားကြလေသည်။

မိစ္ဆာနယ်မြေသည် မှိုင်းညို့နေပြီး ကောင်းကင်မှာလည်း အနီရင့်ရောင် ဖြစ်နေသည်။ မြေပြင်မှာမူ အများအားဖြင့် အနက်ရောင်ဖြစ်ပြီး ဝင်ရောက်လိုက်သည်နှင့် ဖိနှိပ်ချုပ်ချယ်မှု ခံရသည့် ခံစားချက်ကို ပေးစွမ်းနေလေသည်။

မိစ္ဆာနယ်မြေသည် လူ့ပြည်နှင့် သီးခြားဖြစ်သော်လည်း ၎င်းသည် လူ့ပြည်နှင့် ရှုပ်ထွေးစွာ ဆက်စပ်နေသောကြောင့် လူ့ပြည်နှင့် မိစ္ဆာနယ်မြေကို ဆက်သွယ်ပေးသည့် လမ်းကြောင်းများ နေရာအများအပြားတွင် ရှိနေပေသည်။

"ဒါက မိစ္ဆာနယ်မြေလား... သိပ်ပြီး အထင်ကြီးစရာတော့ မကောင်းပါလား... မိစ္ဆာနယ်မြေကို ရောက်တာ ဒါက ပထမဆုံးအကြိမ်ပဲ..."

စွန်းဝူခုန်းသည် အတော်လေး စိတ်ဝင်စားသွားကာ ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်ပြီးနောက် မိစ္ဆာနယ်မြေကို သိပ်မနှစ်သက်ဟန်ဖြင့် ခေါင်းယမ်းလိုက်လေသည်။

"မျောက်လေး... မီးတောက်မိစ္ဆာနယ်မြေက ဒီကနေ ရှေ့ကို လီရှစ်ရာလောက် သွားရမယ်... ငါတို့ သတိထားပြီး ခိုးဝင်သွားကြရအောင်..."

သူတို့သည် သာမန် ငရုတ်သီးဆိုသောအရာကို လာရှာဖွေခြင်းသာ ဖြစ်သောကြောင့် ပြဿနာ မရှာဘဲ ခိုးဝင်ကာ ခူးယူသွားခြင်းက အကောင်းဆုံးဖြစ်မည်ဟု ဇီရှားက တွေးလိုက်သည်။

"မိစ္ဆာနယ်မြေဆိုတာ မင်းပြောသလိုပါပဲ မိစ္ဆာနတ်အဆင့်ရှိတဲ့ မိစ္ဆာအနည်းငယ်လောက် စောင့်ကြပ်နေတာပဲ... ဘာမှ စိုးရိမ်စရာ မရှိပါဘူး... စိတ်ချပါ... ငါရှိနေသရွေ့ ဘာမှ အမှားအယွင်း မဖြစ်စေရဘူး..."

စွန်းဝူခုန်းသည် လက်ကိုဝှေ့ယမ်းကာ ခိုးဝင်သွားရန် အကြံပြုသော ဇီရှား၏ စကားကို ပယ်ချလိုက်ပြီး မီးတောက်မိစ္ဆာနယ်မြေဆီသို့ ဇီရှားကို ဆွဲခေါ်ကာ ရဲဝံ့ပွင့်လင်းစွာဖြင့် လျင်မြန်စွာ သွားလေတော့သည်။

"ဘယ်က ကောင်လေးက ငါ့ရဲ့ မီးတောက်မိစ္ဆာနယ်မြေထဲကို ကျူးကျော်ရဲတာလဲ..."

စွန်းဝူခုန်းနှင့် ဇီရှားတို့ ရှေ့သို့ ပျံသန်းလာစဉ် များမကြာမီမှာပင် ကိုယ်ခန္ဓာတွင် မီးတောက်များ လောင်ကျွမ်းနေသော မိစ္ဆာတစ်ကောင် ထွက်ပေါ်လာပြီး စွန်းဝူခုန်းနှင့် ဇီရှားတို့၏ လမ်းကို ပိတ်ဆို့လိုက်လေသည်။

ထိုမိစ္ဆာကို ကြည့်ရသည်မှာ ဦးခေါင်းတွင် ဦးချိုများရှိပြီး ရုပ်ဆိုးအကျည်းတန်သော မျက်နှာနှင့် ဆိတ်ခွာကဲ့သို့သော ခြေထောက်များ ရှိလေသည်။ သူ၏ ကိုယ်ခန္ဓာမှ မီးတောက်များ ထွက်ပေါ်နေပြီး အရပ်မှာ ကျန်း ခုနစ်ဆယ်မှ ရှစ်ဆယ် (ပေ ၇၀၀ မှ ၈၀၀ ခန့်) အထိ မြင့်မားကာ ခုနစ်ထပ် သို့မဟုတ် ရှစ်ထပ်တိုက် တစ်လုံးခန့် ရှိပေသည်။ သူကိုင်ဆောင်ထားသော တင်းပုတ်မှာလည်း တိုင်လုံးကြီးတစ်လုံးလောက် ကြီးမားပြီး အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်ကြမ်းကြုတ်သည့် ရုပ်သွင်ရှိပေသည်။

"တော်တော် အရုပ်ဆိုးတဲ့ကောင်ပဲ..."

ဦးချိုပါသော ခေါင်းနှင့် ရက်စက်ကြမ်းကြုတ်သော ရုပ်သွင်ရှိသည့် မီးတောက်မိစ္ဆာကို လေ့လာကြည့်ပြီးနောက် စွန်းဝူခုန်းသည် သူနှင့်ယှဉ်လျှင် သေးငယ်နေပုံရသော်လည်း မည်သည့် ကြောက်ရွံ့မှုမျှ မပြဘဲ သူ၏ နှုတ်ခမ်းစွန်းကို ကွေးကာ လှောင်ပြောင်လိုက်လေသည်။

"ဟဲဟဲဟဲ... မင်းလို ကောင်သေးသေးလေးက တော်တော် အကဲခတ်တတ်တာပဲ... သေချာတာပေါ့ ငါက ဒီနယ်မြေမှာ အရုပ်အဆိုးဆုံး မီးတောက်မိစ္ဆာပဲလေ..."

သို့ရာတွင် စွန်းဝူခုန်း၏ လှောင်ပြောင်မှုကို ကြားသောအခါ မီးတောက်မိစ္ဆာသည် လုံးဝ ဒေါသမထွက်ဘဲ အလွန် ဝမ်းသာသွားပုံရကာ လက်ကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။

"ကောင်းပြီ... မင်းက တော်တော် လိမ္မာပါးနပ်တာကို တွေ့ရလို့ ငါ စိတ်အခြေအနေ ကောင်းနေတယ်... မင်း အမြန်ထွက်သွားတာ ပိုကောင်းမယ်… မဟုတ်ရင် ငါ သက်ညှာပေးမှာ မဟုတ်ဘူးနော်..."

"ဘာ... ဘာအခြေအနေကြီးလဲဟ..."

စွန်းဝူခုန်းသည် ပြိုင်ဘက်ကို လှောင်ပြောင်ခဲ့သော်လည်း သူက ဒေါသမထွက်သည့်အပြင် အလွန် ပျော်ရွှင်နေပုံရသဖြင့် စွန်းဝူခုန်းမှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားလေတော့သည်။

"မျောက်လေး... ဒီမိစ္ဆာနယ်မြေက ငါတို့ သိထားတာတွေနဲ့ လုံးဝ ပြောင်းပြန်ပဲ... သူတို့ကို စော်ကားရင် သူတို့က အရမ်း သဘောကျကြတယ်… သူတို့ကို ချီးမွမ်းရင်တော့ ဒေါသထွက်ကြတယ်..."

စွန်းဝူခုန်း၏ ဇဝေဇဝါဖြစ်နေသော မျက်နှာကို မြင်သောအခါ မိစ္ဆာနယ်မြေသို့ အရင်က ရောက်ဖူးပြီး အခြေအနေကို နားလည်သော ဇီရှားက တိတ်တဆိတ် သတိပေးလိုက်လေသည်။

"သြော်... မိစ္ဆာနယ်မြေက တကယ်ကို ဒီလိုမျိုးပေါ့... တော်တော် ထူးဆန်းတဲ့ နေရာပဲ..."

ဇီရှား၏ တိတ်တဆိတ် ရှင်းပြမှုကို ကြားသောအခါ စွန်းဝူခုန်းသည် ချက်ချင်း နားလည်သွားသော်လည်း ယုံကြည်ရန် ခက်ခဲနေဆဲ ဖြစ်သည်။

သူသည် ဘုံသုံးပါးနှင့် လမ်းကြောင်းခြောက်သွယ်ရှိ နေရာများစွာသို့ သွားရောက်ခဲ့ဖူးသော်လည်း မိစ္ဆာနယ်မြေသည် ဤသို့ ဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။ ဘုံသုံးပါးနှင့် လမ်းကြောင်းခြောက်သွယ်မှ သက်ရှိများသည် မိစ္ဆာနယ်မြေမှ သက်ရှိများနှင့် မည်သည့်အခါမျှ မတည့်ကြသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

"ဒါဆို သူ့ကို ဒေါသထွက်အောင် ဘာပြောရမလဲ..."

စွန်းဝူခုန်းက သူ၏ဘေးမှ ဇီရှားကို မေးလိုက်သည်။

"သူ့ကို ချီးမွမ်းလိုက်လေ..."

ဇီရှားက တိုတိုနှင့် လိုရင်းကိုသာ ဖြေလိုက်သည်။

"စိတ်မကောင်းပါဘူး... မျောက်ဘိုးဘိုး ငါ အခုလေးတင် စကားမှားသွားတယ်... မင်းက အရုပ်မဆိုးပါဘူး... တကယ်တော့ တော်တော်လေး ချောမောခန့်ညားတဲ့ ရုပ်ရည်ရှိတာပါ..."

မိမိရှေ့ရှိ ရုပ်ဆိုးအကျည်းတန်ပြီး ကြောက်မက်ဖွယ်ကောင်းသော မီးတောက်မိစ္ဆာကို ကြည့်ရင်း စွန်းဝူခုန်းသည် သူ၏စကားမှာ သူ၏ စိတ်ဆန္ဒနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု ခံစားလိုက်ရလေသည်။

မျှော်လင့်ထားသည့်အတိုင်းပင် ဤနည်းဗျူဟာသည် အလွန် ထိရောက်မှုရှိပေသည်။ စွန်းဝူခုန်း၏ စကားကြောင့် မီးတောက်မိစ္ဆာ၏ မျက်လုံးများ ပြူးထွက်လာပြီး သူ၏ ကိုယ်ပေါ်တွင် လောင်ကျွမ်းနေသော မီးတောက်များမှာ ပို၍ပင် ပြင်းထန်လာပုံရကာ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

"မင်းလို ကောင်စုတ်လေးက သေချင်နေတာပဲ..."

တစ်ချိန်တည်းမှာပင် ဧရာမ ဝံပုလွေစွယ် တင်းပုတ်ကြီး တစ်လက်သည် စွန်းဝူခုန်းဆီသို့ ပြင်းထန်ကြမ်းတမ်းစွာ ရိုက်ချလာလေတော့သည်။

***

All Chapters