← Chapters

အခန်း ၂၈၉

Vol. 21 Ch. 289

အခန်း ၂၈၉

Vol. 21 Ch. 289

အပိုင်း(၂၈၉)

မိစ္ဆာတစ်ကောင်၏ ပါးစပ်မှ ထွက်ပေါ်လာသော ဤစကားများသည် မိမိကို စော်ကားရန် ရည်ရွယ်ကြောင်း စွန်းဝူခုန်း သိထားသော်လည်း သူ၏ နားထဲတွင်မူ အလွန်တရာ နားဝင်ချိုနေခဲ့သည်။ ဤမိစ္ဆာများက သူ့ကို မရပ်မနား ဆက်တိုက် ဆဲဆိုနေစေရန်ပင် စွန်းဝူခုန်း ဆန္ဒရှိနေမိလေသည်။

စွန်းဝူခုန်း တစ်ယောက် အမြီးတယမ်းယမ်းဖြင့် ပျော်ရွှင်နေပြီး မီးတောက်မိစ္ဆာက သူ့ကို ဆက်တိုက် ချီးမွမ်းလာစေရန် လှည့်စားနေသည်ကို ကြည့်ရင်း ဇီရှားနတ်သမီးသည် စွန်းဝူခုန်း၏ နက်နဲလှသော စွမ်းအားကို အံ့အားသင့်မိသော်လည်း သူ့ကို အလွန် စိတ်ဝင်စားဖွယ်ကောင်းသူအဖြစ် ရှုမြင်လာမိလေသည်။

"ဒီမျောက်က တကယ်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ..."

စွန်းဝူခုန်းကဲ့သို့သော သူမျိုးကို မဆိုထားနှင့် နတ်ပြည်ရှိ သာမန် ကောင်းကင်နတ်အဆင့်ရှိသူ တစ်ဦးပင်လျှင် များသောအားဖြင့် မာနကြီးလွန်းပြီး ဇီရှားနတ်သမီးကဲ့သို့သော သူများအတွက် ချဉ်းကပ်ရန် ခက်ခဲလွန်းလှပေသည်။

သို့သော် စွန်းဝူခုန်းသည် သူ ပိုင်ဆိုင်ထားသည့် အတ္တကြီးသော ဟန်ပန်လေးနှင့်ပင် ဇီရှားနတ်သမီးအတွက် များစွာ ပို၍ ရင်းနှီးလွယ်သူအဖြစ် ခံစားရစေလေသည်။

စွန်းဝူခုန်းကို အချိန်အတော်ကြာအောင် ကျယ်လောင်စွာ ဆဲဆိုပြီးနောက် ပို၍ပင် ပျော်ရွှင်လာသည်ကို မြင်သောအခါ မီးတောက်မိစ္ဆာသည် နောက်ဆုံးတွင် တစ်ခုခုကို သတိပြုမိသွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။

"မဟုတ်သေးဘူး... ဒီမျောက်က ငါတို့ မိစ္ဆာနယ်မြေက မဟုတ်ဘူး... မင်းက အပြင်က လာတဲ့ကောင်ပဲ... မင်း ငါ့ကို လှည့်စားတယ်ပေါ့..."

စကားပြောနေရင်းပင် ဧရာမ ဓားမကြီး တစ်လက်သည် စွန်းဝူခုန်းဆီသို့ ပြင်းထန်စွာ ခုတ်ချလာလေသည်။

ရွှေတင်းပုတ်ကိုမြှောက်ကာ စွန်းဝူခုန်းသည် သားငါးခုတ်ဓားဆီသို့ ပြေးဝင်သွားသော ယင်ကောင်တစ်ကောင်အလား ဧရာမ ဓားမကြီးကို ထိပ်တိုက် ရင်ဆိုင်လိုက်လေသည်။

ဘုန်း...

ကျယ်လောင်သော ရိုက်ခတ်သံကြီးနှင့်အတူ မီးတောက်မိစ္ဆာသည် ဖော်ပြ၍မရနိုင်သော စွမ်းအားကြီးတစ်ခု သူ့ထံသို့ ရိုက်ခတ်လာသည်ကို ခံစားလိုက်ရပြီး အလိုအလျောက် ခြေနှစ်လှမ်း နောက်ဆုတ်သွားကာ သူ၏အောက်ရှိ မြေကြီးပင် တုန်ခါသွားလေသည်။

ထိုနည်းတူစွာပင် စွန်းဝူခုန်းလည်း အတော်လေး ရုန်းကန်လိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှာ ရိုက်ထုတ်ခံလိုက်ရသော ဘောလုံးတစ်လုံးအလား တိုက်ရိုက် လွင့်စင်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားရာ ဧရာမ တွင်းကြီးတစ်ခုပင် ဖြစ်ပေါ်သွားလေသည်။

ဤပြင်းထန်သော စွမ်းအားက သူ့ကိုပင် ခြေနှစ်လှမ်း နောက်ဆုတ်သွားစေခဲ့ရာ ဧရာမ မီးတောက်မိစ္ဆာကြီးသည် အံ့အားသင့်စွာဖြင့် စိတ်ထဲမှ မှင်တက်သွားလေသည်။

"ဒီမျောက်... ဘယ်လောက်တောင် ကြီးမားတဲ့ ခွန်အားပါလိမ့်..."

စွန်းဝူခုန်းသည် လွင့်စဉ်သွားခဲ့ရသော်လည်း သူ၏ မပျက်စီးနိုင်သော ဝရဇိန် ခန္ဓာကိုယ်ကြောင့် အထိအခိုက်မရှိခဲ့ပေ။ သို့သော် တစ်ဖက်လူ၏ စွမ်းအားက သူ၏ စွမ်းအားထက် သာလွန်နေကြောင်း ခံစားလိုက်ရသဖြင့် တိတ်တဆိတ် အံ့အားသင့်စွာ ရေရွတ်လိုက်လေသည်။

"မဆိုးဘူးပဲ... ဒီမီးတောက်မိစ္ဆာရဲ့ ကျင့်စဉ်အဆင့်က တာလော့ နတ်အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့ အခြေအနေမျိုး ဖြစ်ရမယ်..."

ယခင်က ဇီရှားနတ်သမီး ပြောခဲ့သည်မှာ ဤနေရာကို မိစ္ဆာနတ်အဆင့်ရှိ မီးတောက်မိစ္ဆာများသာ စောင့်ကြပ်နေသည်ဟု ဖြစ်သော်လည်း မထင်မှတ်ဘဲ တာလော့ ရွှေရောင် နတ်အဆင့်သို့ ထိုးဖောက်ကျော်လွန်ရန် နီးစပ်နေသူ တစ်ဦး ပေါ်လာခဲ့ခြင်း ဖြစ်ပေသည်။

သူမ ဤနေရာသို့ ပထမဆုံး ရောက်လာခဲ့စဉ်က သူမသည် မီးတောက်မိစ္ဆာ မျိုးနွယ်စုမှ အစွမ်းထက်သူများ၏ အာရုံစိုက်မှုကို ရရှိလောက်အောင် အရေးမပါခဲ့၍များလော။

သို့မဟုတ် စွန်းဝူခုန်း ဖန်တီးခဲ့သော ရုတ်ရုတ်သဲသဲဖြစ်မှုက ကြီးမားလွန်းသဖြင့် မီးတောက်မိစ္ဆာ မျိုးနွယ်စုမှ တကယ့် စွမ်းအားရှင်များပင် ငြိမ်မနေနိုင်တော့ခြင်းများလော။

သို့ရာတွင် ယခုအချိန်သည် ဤအရာများကို စဉ်းစားနေရမည့် အချိန်မဟုတ်ပေ။ ဤမီးတောက်မိစ္ဆာ မျိုးနွယ်စုဝင်၏ စွမ်းအားသည် စွန်းဝူခုန်း၏ မျှော်မှန်းထားချက်များကို ကျော်လွန်နေသော်လည်း စွန်းဝူခုန်းသည် မိမိ၏ စွမ်းအားကို အလွန် ယုံကြည်မှုရှိနေဆဲ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ နည်းစနစ်များသည် မည်သူမဆို အလွယ်တကူ ယှဉ်ပြိုင်နိုင်သော အရာများ မဟုတ်သောကြောင့် ပင်ဖြစ်သည်။

အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးနောက် စွန်းဝူခုန်းသည် သွားဖြီးပြလိုက်ပြီး မီးတောက်မိစ္ဆာကို ကြည့်ကာ ပြောလိုက်လေသည်။

"မျောက်ဘိုးဘိုး ငါနဲ့ အရွယ်အစား လာယှဉ်ချင်တာလား... အဲဒီလိုဆိုရင်လည်း မျောက်ဘိုးဘိုး ငါက သက်ညှာပေးမှာ မဟုတ်ဘူးကွ..."

စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် စွန်းဝူခုန်းသည် သူ၏ 'ကောင်းကင်နှင့် မြေကြီး ဥပဒေသ နတ်စွမ်းအင်' ကို အသုံးပြုလိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည်လည်း ကျန်းတစ်ရာခန့် မြင့်မားသော ဧရာမ မျောက်ဝံကြီး တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။ သူ၏ လက်ထဲရှိ ရူယီ ရွှေတင်းပုတ်မှာလည်း ယခုအခါ ကောင်းကင်ကို ထောက်ကန်ထားသော ဧရာမ တိုင်လုံးကြီးတစ်တိုင်အလား ဖြစ်သွားပြီးနောက် ၎င်းကို ပြင်းထန်ကြမ်းတမ်းစွာ ရိုက်ချလိုက်လေတော့သည်။

အရွယ်အစားအရ ကြည့်မည်ဆိုလျှင် စွန်းဝူခုန်းနှင့် ဤမီးတောက်မိစ္ဆာတို့သည် များစွာ ကွာခြားမှုမရှိတော့ဘဲ ခွန်အားအရ ကြည့်မည်ဆိုလျှင်လည်း 'ကောင်းကင်နှင့် မြေကြီး ဥပဒေသ နတ်စွမ်းအင်' ကို အသုံးပြုထားမှုကြောင့် စွန်းဝူခုန်းသည် မီးတောက်မိစ္ဆာကို အမှန်တကယ်ပင် ကျော်လွန်သွားခဲ့လေသည်။

ထို့ပြင် မပျက်စီးနိုင်သော ဝရဇိန် ခန္ဓာကိုယ်၏ ကာကွယ်မှုဖြင့် သူတို့၏ တိုက်ပွဲသည် ကောင်းကင်ကို ပြိုကွဲစေပြီး မြေကြီးကို အက်ကွဲစေနိုင်လောက်အောင် ပြင်းထန်လှကာ စွန်းဝူခုန်းသည်လည်း အသာစီးရနေကြောင်း သိသာထင်ရှားလှပေသည်။

မီးတောက်မိစ္ဆာ မျိုးနွယ်စုသည် ခွန်အားကြီးမားသော်လည်း သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှုမှာ စွန်းဝူခုန်း၏ မပျက်စီးနိုင်သော ဝရဇိန် ခန္ဓာကိုယ်နှင့် မယှဉ်သာပေ။ ထို့ကြောင့် ဓားဖြင့် ခုတ်ချလိုက်သောအခါ စွန်းဝူခုန်းသည် အထိနာခဲ့လျှင်ပင် ပျက်စီးဆုံးရှုံးမှုမှာ မကြီးမားလှချေ။

သို့ရာတွင် စွန်းဝူခုန်း၏ ပြင်းထန်သော ရိုက်ချက် ထိမှန်သွားသောအခါမူ ခံရသူအတွက် သိပ်တော့ လွယ်ကူမည် မဟုတ်ပေ။

ထို့ပြင် မီးတောက်မိစ္ဆာ မျိုးနွယ်စု၏ အကြီးမားဆုံးသော အားသာချက်မှာ မီးတောက်များကို ထိန်းချုပ်နိုင်သည့် စွမ်းအားပင် ဖြစ်သည်။ သို့သော် မီးတောက်ဆိုသည်မှာ စွန်းဝူခုန်း အနည်းဆုံး ကြောက်ရွံ့သည့် အရာပင် ဖြစ်သည်။ တာအိုဘိုးဘိုးကြီး၏ မှော်မီးဖိုထဲတွင် ခုနစ်ရက် ခုနစ်ကြိမ်တိုင်တိုင် အကျဉ်းချခံခဲ့ရစဉ်က သူသည် အလွန်အမင်း ဒုက္ခခံစားခဲ့ရသော်လည်း သေဆုံးသွားခဲ့ခြင်း မရှိသည်က သူ၏ ခံနိုင်ရည်အားကို သက်သေပြနေပေသည်။

ထို့ကြောင့် ဤမီးတောက်များသည် စွန်းဝူခုန်းကို အနည်းငယ်မျှသာ ထိခိုက်စေနိုင်ပြီး ဤမီးတောက်မိစ္ဆာ၏ စွမ်းအားကို လုံးဝ အသုံးမဝင်ဖြစ်သွားစေခဲ့သည်။

ဘုန်း... ဘုန်း... ဘုန်း...

မိစ္ဆာမီးတောက်များ ကောင်းကင်သို့ ထိုးတက်သွားပြီး ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများက ကမ္ဘာကြီးကို တုန်ခါသွားစေကာ မိစ္ဆာနှင့် စွန်းဝူခုန်းတို့အကြား တိုက်ပွဲမှာ အမှန်တကယ်ပင် ကမ္ဘာမြေကို တုန်လှုပ်စေနိုင်လောက်ပြီး စောင့်ကြည့်နေကြသော မီးတောက်မိစ္ဆာ မျိုးနွယ်စုဝင် များစွာကို အံ့သြဆွံ့အသွားစေခဲ့သည်။

သာမန်ရုပ်ဆင်းသဏ္ဌာန်သာ ရှိသော ဤမျောက်သည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်များကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။

"အရမ်း တော်တာပဲ..."

ဇီရှားနတ်သမီးမှာ ပို၍ပင် မှင်တက်သွားခဲ့လေသည်။ ပေါက်ကွဲထွက်လုမတတ် ကြမ်းတမ်းနေသော စွန်းဝူခုန်းကို ကြည့်ရင်း ဤဧရာမ မျောက်ဝံကြီးမှာ မြှောက်ပင့် စကားကောင်း အနည်းငယ် ကြားရုံဖြင့် ဝမ်းသာလုံးဆို့သွားခဲ့သော မျောက်ငယ်လေးနှင့် တစ်ကောင်တည်း ဖြစ်ကြောင်း ဆက်စပ်မိရန် သူမအတွက် ခက်ခဲနေခဲ့သည်။

"ခေါင်းဆောင်... ဒီမျောက်မိစ္ဆာကို ငါတို့ ယှဉ်နိုင်မယ့်ပုံ မပေါ်ဘူး..."

ဖြစ်ပွားနေသော တိုက်ပွဲကို ကြည့်ရင်း မီးတောက်မိစ္ဆာ၏ ရှုံးနိမ့်မှုမှာ ပို၍ပို၍ ထင်ရှားလာပြီး စောင့်ကြည့်နေကြသော မီးတောက်မိစ္ဆာ အချို့မှာ စိုးရိမ်ပူပန်လာပုံရလေသည်။

သို့သော် ဤတိုက်ပွဲအဆင့်တွင် သူတို့ ဝင်ရောက်စွက်ဖက်ရန် မဖြစ်နိုင်ပေ။ ပါဝင် တိုက်ခိုက်ရန်အတွက် အနည်းဆုံး ထိုက်ရိ အစစ်အမှန် နတ်ဘုရား ကျင့်စဉ်အဆင့် ရှိရမည်ဖြစ်ပြီး သို့မဟုတ်ပါက အခြားသူများအနေဖြင့် အနီးသို့ ချဉ်းကပ်ရန်ပင် အခွင့်အရေး မရှိနိုင်ချေ။

"ဒါဆိုရင် ဒီမိန်းမကို အရင် ဖမ်းကြတာပေါ့..."

သူတို့သည် တိုက်ပွဲတွင် ဝင်မပါနိုင်သောကြောင့် အခြားနည်းလမ်းဖြင့် ကူညီခြင်းက အကောင်းဆုံးဖြစ်မည်ဟု တွေးလိုက်ပြီးနောက် များမကြာမီမှာပင် မီးတောက်မိစ္ဆာ အချို့သည် သူတို့၏ ပစ်မှတ်ကို ဇီရှားနတ်သမီးထံသို့ ပြောင်းလဲလိုက်ကြလေသည်။

မျောက်မိစ္ဆာနှင့် ဤအမျိုးသမီးတို့ အတူရောက်လာကြသည်ကို မြင်ထားသဖြင့် ဤအမျိုးသမီးကို ဖမ်းဆီးထားခြင်းက သေချာပေါက် အသုံးဝင်လိမ့်မည်ဟု သူတို့ ထင်မြင်ကြသည်။

ဤကဲ့သို့သော လုပ်ရပ်မျိုးက ယုတ်မာပြီး အရှက်မရှိသည့်ပုံ ပေါက်နေမည်လား ဆိုသည့်အချက်နှင့် ပတ်သက်၍မူ...။

ကောင်းပြီလေ... စိတ်မကောင်းပါ …။

ယုတ်မာပြီး အရှက်မရှိဘူး …ဆိုသောစကားသည် မိစ္ဆာနယ်မြေတွင် ချီးမွမ်းစကား အဖြစ် သတ်မှတ်ထားကြသည် မဟုတ်ပါလော။

တွေးမိသည်နှင့် တစ်ပြိုင်နက် သူတို့သည် ချက်ချင်း လှုပ်ရှားလိုက်ကြလေသည်။ မီးတောက်မိစ္ဆာ မျိုးနွယ်စုမှ မိစ္ဆာနတ်အဆင့်ရှိသူ နှစ်ဦးသည် ဇီရှားဆီသို့ တည့်တည့် ဦးတည်သွားကြလေသည်။

လိပ်တက်လာသော မိစ္ဆာမီးတောက်များသည် သူတို့၏ လှုပ်ရှားမှုနောက်မှ လိုက်ပါလာပြီး ဇီရှားနတ်သမီးဆီသို့ တိုက်ရိုက် ဖိအားပေးလာလေသည်။

"ဇီရှား..."

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စွန်းဝူခုန်း၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ခိုးဝင်ရန် ဇီရှားက ပြောခဲ့သော်လည်း ယုံကြည်မှု အပြည့်ရှိနေသော စွန်းဝူခုန်းက ခမ်းနားကြီးကျယ်စွာ ဝင်ရောက်ရန် အတင်းအကြပ် ပြောဆိုခဲ့ပြီး သူရှိနေခြင်းဖြင့် သူမ၏ လုံခြုံရေးကို အာမခံခဲ့သည် မဟုတ်ပါလော။

ယခုအခါ ဇီရှား အန္တရာယ်ကြုံတွေ့နေရသဖြင့် ၎င်းမှာ သူ၏ တာဝန်ဖြစ်ကြောင်း စွန်းဝူခုန်း ခံစားလိုက်ရလေသည်။

***

All Chapters