အခန်း ၂၉၀
Vol. 21 Ch. 290
အပိုင်း(၂၉၀)
ကောင်းကင်ဘုံ၊ မယ်တော်ကြီး၏ နန်းဆောင်အတွင်း၌…
ခွမ်း...
မယ်တော်ကြီး၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲဖြစ်သော်လည်း သူမ၏လက်ထဲရှိ အလွန်တရာ လှပခမ်းနားသော ကြွေခွက်လေးသည် ရှေ့ရှိ စားပွဲခုံပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားလေသည်။ အောက်ဘက်တွင် ဒူးထောက်နေကြသော ကောင်းကင်စစ်သည်များနှင့် စစ်ဗိုလ်များမှာ တုန်လှုပ်သွားကြပြီး သူတို့၏ ခေါင်းများကို ပို၍ပင် ငုံ့ချလိုက်ကြလေသည်။
"မင်းတို့ ပြောတာ ဘာအဓိပ္ပာယ်လဲ... မိစ္ဆာတစ်ကောင်က ကောင်းကင်ဘုံကို ကျူးကျော်ဝင်ရောက်ရဲပြီး ငါ့ရဲ့ သစ်ဖုနွယ်ချို ဥယျာဉ်ထဲကို ဝင်လာတယ်ပေါ့... ဥယျာဉ်တစ်ခုလုံးလည်း ဖရိုဖရဲ ဖြစ်သွားရတဲ့အပြင် မင်းတို့က အဲဒီမိစ္ဆာကို အခုထိ ဖမ်းမမိသေးဘူးဆိုတော့ ဒါက ဘာသဘောလဲ..."
မယ်တော်ကြီး၏ အသံမှာ တည်ငြိမ်နေသော်လည်း အောက်ဘက်ရှိ ကောင်းကင်စစ်သည်များနှင့် စစ်ဗိုလ်များသည် သူတို့၏ တစ်ကိုယ်လုံး ရေခဲသွားသကဲ့သို့ ခံစားလိုက်ရပြီး ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်သွားကြလေသည်။
ဤကောင်းကင်စစ်သည်များနှင့် စစ်ဗိုလ်များ၏ အဖြေကို မစောင့်ဘဲ မယ်တော်ကြီးက ဆက်ပြောလေသည်။
"ငါ တကယ်ကို စူးစမ်းချင်စိတ်ဖြစ်ပြီး အံ့သြမိတယ်... သစ်ဖုနွယ်ချို ဥယျာဉ်ကို ကျူးကျော်ဝင်ရောက်ရဲတဲ့အပြင် တောင်ဘက် ကောင်းကင်တံခါးကနေတောင် လွတ်အောင် ပြေးသွားနိုင်တဲ့ အဲဒီမိစ္ဆာက ဘယ်သူများလဲ..."
"မယ်တော်ကြီးကို လျှောက်တင်ပါတယ်... ထွက်ပြေးသွားတာက သမာဓိ လေပြင်းကို ကျွမ်းကျင်စွာ အသုံးပြုတတ်တဲ့ အမွေးဝါကြွက်မိစ္ဆာ တစ်ကောင်ပါ... သူ မှုတ်ထုတ်လိုက်တဲ့ လေပြင်းက သဲတွေကိုပါ လွင့်စဉ်လာစေတော့… ကျွန်တော်တို့ မျက်စိဖွင့်ထားဖို့တောင် ခက်ခဲသွားပါတယ်... ဒါကြောင့် ခဏတာ ပေါ့ဆသွားတဲ့အချိန်မှာပဲ သူက လူ့ပြည်ကို ထွက်ပြေးလွတ်မြောက် သွားခဲ့တာပါ..."
ကောင်းကင်စစ်ဗိုလ် တစ်ဦးက လျှောက်တင်လိုက်လေသည်။
"ခဏတာ ပေါ့ဆသွားတယ် ဟုတ်လား..."
မယ်တော်ကြီးသည် ခေါင်းကို အနည်းငယ် ယမ်းလိုက်ပြီးနောက် မေးလိုက်သည်။
"ခဏတာ ပေါ့ဆသွားတာဆိုရင်တောင် ဘာလို့ လက်ဗလာနဲ့ ပြန်လာခဲ့ကြတာလဲ... တောင်ဘက် ကောင်းကင်တံခါးကို ကျော်သွားတာနဲ့ပဲ မင်းတို့ ဆက်ပြီး လိုက်မဖမ်းနိုင်တော့ဘူးလား..."
"မယ်တော်ကြီးကို လျှောက်တင်ပါတယ်... ကျွန်တော်တို့ ဆက်ပြီး လိုက်ဖမ်းခဲ့ပါတယ်… ဒါပေမဲ့ လမ်းမှာ ကောင်းကင်နဲ့ ရင်ပေါင်တန်းနိုင်တဲ့ မဟာပညာရှိကြီး စွန်းဝူခုန်းနဲ့ ဆုံတွေ့ခဲ့ရပါတယ်... ဘယ်လိုဖြစ်ပြီး သူက ဒြပ်စင်ငါးပါးတောင်အောက်ကနေ လွတ်မြောက်လာခဲ့လဲတော့ မသိပါဘူး... သူက အဲဒီ အမွေးဝါကြွက်မိစ္ဆာဟာ သူ့ရဲ့ အကာအကွယ်အောက်မှာ ရှိတယ်လို့ ပြောပါတယ်... ကျွန်တော်တို့က အဲဒီမျောက်နဲ့ မယှဉ်နိုင်တာမို့လို့ပါ..."
ကောင်းကင်စစ်ဗိုလ်သည် မယ်တော်ကြီးကို သတိထား၍ ကြည့်လိုက်ပြီးနောက် ပြန်လည်ဖြေကြားလိုက်လေသည်။
"စွန်းဝူခုန်း..."
ထိုစကားကို ကြားသောအခါ အမြဲတမ်း တည်ငြိမ်နေတတ်သော မယ်တော်ကြီးသည် မျက်မှောင်အနည်းငယ် ကျုတ်သွားပြီး ကိုယ်နေဟန်ထားကို အနည်းငယ် မတ်လိုက်ကာ မေးလိုက်သည်။
"သစ်ဖုနွယ်ချို ဥယျာဉ်ထဲမှာ ပျက်စီးဆုံးရှုံးမှု တစ်ခုခု ရှိခဲ့သေးလား..."
"ထူးထူးခြားခြား ပျက်စီးဆုံးရှုံးမှုတော့ မရှိခဲ့ပါဘူး... အဲဒီ အမွေးဝါကြွက်မိစ္ဆာက သစ်ဖုနွယ်ချို ဥယျာဉ်ထဲကို ထူးဆန်းတဲ့ ဆေးဖက်ဝင်အပင်တွေ လာရှာတဲ့ပုံပါပဲ… ပြန်သွားတော့လည်း လက်ဗလာနဲ့ပါပဲ... ဒါပေမဲ့ ဥယျာဉ်ထဲက ပန်းတွေနဲ့ အပင်တွေကို ပြုစုစောင့်ရှောက်ရတဲ့ နတ်သမီးတစ်ပါးကိုတော့ ကြွက်မိစ္ဆာက အတင်းအကြပ် ပြန်ပေးဆွဲသွားပါတယ်..."
ကောင်းကင်စစ်ဗိုလ်က ခေါင်းယမ်းကာ လျှောက်တင်လိုက်လေသည်။
သူမ၏ သစ်ဖုနွယ်ချို ဥယျာဉ်သည် မည်သည့် ပျက်စီးဆုံးရှုံးမှုမျှ မကြုံတွေ့ခဲ့ရကြောင်း သိလိုက်ရသဖြင့် မယ်တော်ကြီး၏ မျက်နှာအမူအရာမှာ အနည်းငယ် ကြည်လင်သွားခဲ့သည်။
ခေတ္တမျှ စဉ်းစားပြီးနောက် သူမသည် လက်ကို ဝှေ့ယမ်းလိုက်ကာ ကြေညာလိုက်လေသည်။
"အဲဒီမျောက်ဆိုးလေး ဖြစ်နေမှတော့… ပြီးတော့ သစ်ဖုနွယ်ချို ဥယျာဉ်ထဲမှာလည်း ကြီးကြီးမားမား ဆုံးရှုံးမှု မရှိခဲ့ဘူးဆိုတော့ ဒီကိစ္စကို ဒီလောက်နဲ့ပဲ ထားလိုက်ကြတာပေါ့... သစ်ဖုနွယ်ချို ဥယျာဉ်ထဲက တခြားနတ်သမီးတွေကို ဥယျာဉ်ကို သေသေချာချာ ပြန်လည်ပြင်ဆင်ထားဖို့ အကြောင်းကြားလိုက်ပါ..."
မယ်တော်ကြီးက ဤကိစ္စကို အလွယ်တကူ လျစ်လျူရှုလိုက်သည့် စကားကို ကြားသောအခါ ဤကောင်းကင်စစ်သည်များနှင့် စစ်ဗိုလ်များသည် တိတ်တဆိတ် အံ့အားသင့်သွားခဲ့ကြသည်။
စွန်းဝူခုန်း ဝင်ရောက်စွက်ဖက်ခဲ့ခြင်းကြောင့် သူတို့ကို အပြစ်တင်၍ မရနိုင်သည်မှာ မှန်သော်လည်း ဤတစ်ကြိမ်တွင် မယ်တော်ကြီးက ဤမျှ အလွယ်တကူ သဘောတူလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။
မယ်တော်ကြီးပင်လျှင် ကောင်းကင်နှင့် ရင်ပေါင်တန်းနိုင်သော မဟာပညာရှိကြီး စွန်းဝူခုန်း၏ အဆင့်အတန်းနှင့် စွမ်းဆောင်ရည်များကို အတိုင်းအတာတစ်ခုအထိ အလေးထားရပုံ ပေါ်နေသည် မဟုတ်ပါလော။
တိတ်တဆိတ် အံ့အားသင့်နေခဲ့ကြသော်လည်း ဤကောင်းကင်စစ်သည်များနှင့် စစ်ဗိုလ် အနည်းငယ်သည် သူတို့၏ အတွေးများကို မျက်နှာပေါ်တွင် မပြရဲကြဘဲ ခေါင်းငုံ့ထားကာ လေးနက်စွာ ခေါင်းညိတ်လိုက်ကြလေသည်။
"မှန်လှပါ မယ်တော်ကြီး..."
...
မိစ္ဆာနယ်မြေတွင်မူ စွန်းဝူခုန်းနှင့် မီးတောက်မိစ္ဆာ ခေါင်းဆောင်ကြီးတို့အကြား တိုက်ပွဲသည် အလွန်အမင်း ပြင်းထန်သော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
တာလော့ ရွှေရောင်အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သော မီးတောက်မိစ္ဆာ ခေါင်းဆောင်ကြီးသည် ကြီးမားလှသော ခွန်အားကို ပိုင်ဆိုင်ထားသော်လည်း ယေဘုယျအားဖြင့် ကြည့်မည်ဆိုလျှင် စွန်းဝူခုန်းထက် အနည်းငယ် နိမ့်ကျနေဆဲ ဖြစ်လေသည်။
အကယ်၍ ဤနေရာတွင် ကျန်းလျိုသာ ရှိနေမည်ဆိုလျှင် မီးတောက်မိစ္ဆာ ခေါင်းဆောင်ကြီး၏ အဆင့်မှာ ၈၀ ဖြစ်ပြီး သူ၏ အတွေ့အကြုံမှတ်များသည် အဆင့် ၈၁ သို့ ထိုးဖောက်ကျော်လွန်ရန် နီးပါးလောက် လုံလောက်နေပြီဖြစ်ကြောင်း သူ မြင်တွေ့ရမည် ဖြစ်သည်။ သူ၏ ဇာတ်ကောင်အချက်အလက်ပြဘုတ်မှာလည်း အပြာရောင် အရည်အသွေးမြင့် အဆင့်တွင် ရှိနေပေသည်။
သို့ရာတွင် ကျင့်စဉ်အဆင့်အရ စွန်းဝူခုန်းထက် အနည်းငယ် သာလွန်နေသော်လည်း စွန်းဝူခုန်း၏ ရွှေရောင်ဘော့စ် အဆင့်အတန်းက သူ၏ အောင်ပွဲကို ပို၍ပို၍ သေချာလာစေခဲ့ပေသည်။
ရွှေတင်းပုတ်သည် ပြင်းထန်သော မုန်တိုင်းတစ်ခုအလား ကျဆင်းလာခဲ့ရာ မီးတောက်မိစ္ဆာ ခေါင်းဆောင်ကြီးကို တစ်လှမ်းပြီးတစ်လှမ်း နောက်ဆုတ်သွားစေခဲ့သည်။
သို့တိုင်အောင် ထိုမီးတောက်မိစ္ဆာများသည် ဇီရှားအပေါ်သို့ အာရုံစိုက်နေကြခြင်းက စွန်းဝူခုန်းကို ပို၍ပို၍ စိုးရိမ်ပူပန်လာစေခဲ့သည်။
မိစ္ဆာမီးတောက် လှိုင်းလုံးကြီးများသည် ဇီရှားဆီသို့ ဖိအားပေး လာခဲ့ရာ ၎င်းတို့မှာ ဇီရှား ခံနိုင်ရည်မရှိသော စွမ်းအားအဆင့်ပင် ဖြစ်ပေသည်။
ဤလွှမ်းမိုးထားသော မီးတောက်များအောက်တွင် ဇီရှား၏ မျက်နှာအမူအရာမှာ ထိတ်လန့်ကြောက်ရွံ့နေပြီး နောက်သို့ ဆက်တိုက် ဆုတ်ခွာနေခဲ့လေသည်။
"ဟွန့်... လူများတာနဲ့ အနိုင်ကျင့်ချင်တာလား... မျောက်ဘိုးဘိုး ငါက မင်းတို့ကို အလိုဆန္ဒ ပြည့်ဝသွားစေရမယ်..."
ဇီရှား ထိတ်လန့်တကြား ဆုတ်ခွာနေရသော မြင်ကွင်းကို မြင်သောအခါ စွန်းဝူခုန်းသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ ခေါင်းနောက်ဘက်မှ အမွေးတစ်ပင်ကို နုတ်ယူကာ မှုတ်ထုတ်လိုက်လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေရောင်တင်းပုတ်များကို ကိုင်ဆောင်ထားသော စွန်းဝူခုန်း၏ ကိုယ်ပွား ဆယ်ဂဏန်းကျော် ထွက်ပေါ်လာပြီး ထိုမီးတောက်မိစ္ဆာများဆီသို့ ကျယ်လောင်စွာ အော်ဟစ်လျက် ပြေးဝင်သွားကြလေသည်။
တစ်ချိန်တည်းမှာပင် သူက အော်ဟစ်လိုက်သည်။
"မင်းတို့ကောင်တွေ... တကယ့်ကို အရှက်မရှိတဲ့ ကောင်တွေပဲကွ..."
"မင်းတို့ ငါတို့ကို ချီးမွမ်းရင်တောင်မှ ငါတို့ကတော့ ရပ်တန့်ပေးမှာ မဟုတ်ဘူးကွ..."
စွန်းဝူခုန်း၏ ဒေါသတကြီး ပြစ်တင်မောင်းမဲမှုကို ကြားသောအခါ ဤမီးတောက်မိစ္ဆာများသည် ရှက်ရွံ့ခြင်း မရှိသည့်အပြင် ဂုဏ်ယူဝင့်ကြွားနေသကဲ့သို့ပင် ပြန်လည်တုံ့ပြန်လိုက်ကြလေသည်။
ဘုန်း... ဘုန်း...
စွန်းဝူခုန်း၏ ကိုယ်ပွား ဆယ်ဂဏန်းကျော်သည် ရွှေတင်းပုတ်များ ဝှေ့ယမ်းလိုက်ရာ ကောင်းကင်သို့ ထိုးတက်နေသော မီးတောက်များကို တိုက်ရိုက်ပင် အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်လိုက်လေသည်။ ၎င်းတို့သည် ဇီရှားကို ဘေးမှ ကာကွယ်ပေးထားပြီး မီးတောက်မိစ္ဆာနယ်မြေ၏ အစွန်အဖျားဆီသို့ ဖောက်ထွက်နိုင်ရန် ကူညီပေးကြလေသည်။
စွန်းဝူခုန်းသည် သူတစ်ယောက်တည်းသာ ဆိုလျှင် ကြောက်စရာ ဘာမှမရှိသော်လည်း သူ၏ဘေးတွင် ဇီရှားရှိနေသဖြင့် သူမကို စောင့်ရှောက်ရန် အာရုံစိုက်ရသောကြောင့် တိုက်ပွဲကို အပြည့်အဝ အာရုံမစိုက်နိုင်ကြောင်း သဘောပေါက်သွားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် သူသည် ဇီရှား ထွက်ခွာရန် အတွက် ကိုယ်ပွားများကို စေလွှတ်ကာ မူလခန္ဓာကိုယ်ကမူ ပြင်းထန်သော တိုက်ပွဲကို ဆက်လက်ဆင်နွှဲရန် ကျန်ရစ်နေခဲ့ခြင်း ဖြစ်သည်။
ဒြပ်ငါးပါးတောင်အောက်မှ လွတ်မြောက်လာပြီးကတည်းက ဤသည်မှာ သူနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ပြိုင်ဘက်တစ်ဦးကို ပထမဆုံးအကြိမ် တွေ့ဆုံရခြင်းဖြစ်ရာ စွန်းဝူခုန်းကို အလွန်အမင်း စိတ်လှုပ်ရှား တက်ကြွနေခဲ့သည်။
ကိုယ်ပွားအချို့ကို ခွဲထုတ်လိုက်ရသဖြင့် သူ၏ စွမ်းအားကို အနည်းငယ် ထိခိုက်စေခဲ့သော်လည်း ၎င်းမှာ သေးငယ်သော အကျိုးသက်ရောက်မှုသာ ဖြစ်သည်။ သူနှင့် မီးတောက်မိစ္ဆာ ခေါင်းဆောင်ကြီးတို့အကြား တိုက်ပွဲသည် အလွန်အမင်း ပြင်းထန်ပြီး ကြည့်ကောင်းနေဆဲ ဖြစ်လေသည်။
မည်သို့ပင်ဆိုစေ မိုလီချင်းသည် ထိုက်ရိ အစစ်အမှန် နတ်ဘုရားအဆင့်သို့ အောင်မြင်စွာ ထိုးဖောက်ကျော်လွန်နိုင်ခဲ့ချိန်တွင် သူ၏ ကျင့်စဉ်အဆင့်မှာ စွန်းဝူခုန်း၏ ဆယ်ရာခိုင်နှုန်းမှ နှစ်ဆယ်ရာခိုင်နှုန်းခန့်သာ ရှိခဲ့ပြီး စွန်းဝူခုန်း၏ ရှေ့မှောက်တွင် သူသည် ပြန်လည်ခုခံနိုင်စွမ်း လုံးဝ မရှိခဲ့ပေ။
တူညီသော အဆင့်ရှိသူများအကြားတွင်ပင် ကွာဟချက်မှာ အလွန် ကြီးမားနေခဲ့ရာ ဤမိစ္ဆာနတ်အဆင့်ရှိ မိစ္ဆာများကိုမူ ပြောနေစရာပင် မလိုတော့ချေ။
***