အခန်း (၆၄၃-၆၄၄)
Vol. 35 Ch. 643-644
အပိုင်း (၆၄၃) နောက်ထပ် ကူညီပေးမယ့် အဖိုးတန်ပစ္စည်းများ။
စက်ဘီးကို စီစဉ်ထားသည့်အတိုင်း ဈေးကွက်သို့ စတင်မိတ်ဆက်လိုက်သည်။
ခံ့ညားထည်ဝါသော ကျင်းယီဝေတပ်ဖွဲ့ဝင်များ အားလုံး မြင်းအစား စက်ဘီးပြောင်းစီးလိုက်သည့်အခါ ဈေးကွက်ထဲတွင် ကြီးမားသော ဂယက်တစ်ခု ရိုက်ခတ်သွားသည်မှာ ယုံမှားဖွယ် မရှိချေ။
အထူးသဖြင့် လူအများကြားထဲတွင် ဖြတ်သန်းသွားသည့်အခါ ဖန်ကျန်းရီ၏ အမိန့်အရ ၎င်းတို့သည် စက်ဘီးလက်ကိုင်ရှိ ခေါင်းလောင်းကို အဆက်မပြတ် တီးကြသည်။
ကြည်လင်သော ဒင်ဒင် ဟူသည့် အသံများ ထွက်ပေါ်လာကာ လမ်းသွားလမ်းလာများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့၏။
မုန်ဝေ့မင်ဆိုလျှင် ပို၍ပင် ကျွမ်းကျင်သေးသည်။ ပြည်သူများကို လက်ပြနှုတ်ဆက်ဖို့ လွယ်ကူစေရန်အတွက် သူသည် လက်တစ်ဖက်တည်းဖြင့် စက်ဘီးစီးသည့် အဆင့်မြင့် နည်းစနစ်ကိုပင် ပထမဆုံး တတ်မြောက ်ထားသည်။
စက်ဘီး စတင်ပေါ်ပေါက်လာချိန်တွင် ထူးဆန်းနေမည်မှာ မလွဲဧကန်ပင်။
သို့ပေမည့် ပြည်သူနှင့် တစ်သားတည်းဖြစ်သော ကျင်းယီဝေတပ်ဖွဲ့က စီးနင်းနေခြင်းဖြစ်၍ လှောင်ပြောင်သူ မရှိပေ။
ပြည်သူများက အံ့အားသင့်ကာ အချင်းချင်း ဒါက ဘာပစ္စည်းလဲဟု မေးမြန်းနေကြသည်။
ကလေးများကတော့ စိတ်လှုပ်ရှားစွာ အော်ဟစ်ရင်း ကျင်းယီဝေတပ်ဖွဲ့နောက်သို့ အတင်း ပြေးလိုက်ကြသည်။ အဝေးအထိ လိုက်လာသော ကလေးများကို ကျင်းယီဝေတပ်ဖွဲ့ဝင်များက သဘောကောင်းစွာဖြင့် နောက်ထိုင်ခုံတွင် တင်ကာ အိမ်အရောက် ပြန်ပို့ပေးကြ၏။
ဤလုပ်ရပ်များကြောင့် ပြည်သူတော်တော်များများ မျက်စိကျသွားကြသည်။
လေလို မြန်မြန်သွားနိုင်တယ် လူလည်း တင်လို့ရတယ် ဒါက တကယ်ကို ဘာပစ္စည်းများလဲ။
ဒုတိယနေ့တွင် ပြည်သူများ၏ ရင်ထဲမှ သံသယများကို ဖြေရှင်းပေးနိုင်ခဲ့၏။
အဘယ်ကြောင့်ဆိုသော် သတင်းစာတိုက်က လှုပ်ရှားလာသောကြောင့်ပင်။ သတင်းစာ အသစ်တွင် စီစဉ်ထားသည့် အတိုင်း စက်ဘီးအကြောင်း အပြည့်အစုံ ပါဝင်လာပြီး သတင်းဖတ်ပေးသူများ၏ ဘေးတွင် လူများ ကြက်ပျံမကျ စည်ကားနေသည်။
စာမတတ်သော ပြည်သူအများစုသည် မြို့တော်၏ နောက်ဆုံးရ သတင်းများကို သတင်းဖတ်ပေးသူများထံမှသာ ရရှိကြသည်။ လူတော်တော်များများက ဤအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြရသည် မဟုတ်ပါလား။ တစ်ရက်လောက် သတင်းမနားထောင်လိုက်ရလျှင် အဒေါ်ကြီးများ ၊ အပျိုကြီးများကြားမှာ ဝင်ပြောစရာ စကားတောင် ရှိမည်မဟုတ်ချေ။
သတင်းဖတ်ပေးသူများလည်း အထူး ဝမ်းသာနေကြ၏။
ပုံမှန်ဆိုလျှင် လူများသော်လည်း ဤမျှလောက် အထိတော့ မများပေ။ ယနေ့တော့ ဆုငွေတွေ သေချာပေါက် တက်တော့မှာပဲဟု တွေးမိကြသည်။
သတင်းဖတ်ပေးသူက ချောင်းဟန့်လိုက်ပြီး ရှင်းပြလိုက်၏။ "အားလုံးပဲ တိတ်တိတ်နေကြပါ။ ဒီနေ့ အားလုံး ဘာအတွက် လာကြတယ်ဆိုတာ ကျုပ်သိပါတယ်။ ဒါကြောင့် စကားချီး မခံတော့ပါဘူး။
မနေ့က လမ်းမပေါ်မှာ ကျင်းယီဝေတပ်ဖွဲ့တွေ စီးသွားတဲ့ ပစ္စည်းကို စက်ဘီးလို့ ခေါ်ပါတယ်။
စက်ဘီးမှာ အရှေ့အနောက် ဘီးနှစ်ဘီးပါတယ်။ အလယ်မှာ ထိုင်ခုံပါတယ်။ ရှေ့ဘီးရဲ့ ဘေးနှစ်ဖက်မှာ နင်းတံပါတယ်။ ပြီးတော့ ချိန်းကြိုးလည်း ပါတယ်။ ရှေ့ဘီးရဲ့ အပေါ်မှာ လက်ကိုင်တန်း ပါတယ်။ လူက စက်ဘီးပေါ်ထိုင် ခြေထောက်နှစ်ဖက်က နင်းတံကို နင်းလိုက်ရင် အရမ်းမြန်မြန် သွားနိုင်တယ်။ လက်နှစ်ဖက်က လက်ကိုင်တန်းကို ကိုင်ပြီး ထိန်းရတယ်။ အမြန်နှုန်းက မြင်းလှည်းလောက် မြန်တယ်။"
ပြည်သူများက အံ့အားသင့်သွားကြသည်။
ပြည်သူတစ်ဦးက ပြောလိုက်၏။ "ဪ စက်ဘီးလို့ ခေါ်တာကိုး။ ကြည့်ရတာ အားအများကြီး သက်သာမယ့်ပုံပဲ တကယ်ကို ပစ္စည်းကောင်းပဲ။"
နောက်တစ်ဦးက ထောက်ခံလိုက်သည်။ "ဟုတ်တယ် … ကလေးတွေလည်း တင်လို့ရတယ်။ ဈေးဝယ်လည်း သွားလို့ရတယ်။"
အခြားတစ်ဦးကလည်း မေးလိုက်၏။ "ဘယ်မှာ ဝယ်လို့ရလဲ။ ကျုပ်လည်း ဝယ်ပြီး စမ်းစီးကြည့်ချင်တယ်။"
တစ်ယောက်က ပြန်ပြောလိုက်သည်။ "ဘာတွေ တွေးနေတာလဲ။ အဲဒါ ကျင်းယီဝေတပ်ဖွဲ့တွေ စီးတဲ့ ပစ္စည်းလေ ဝယ်မယ်ဆိုရင် အနည်းဆုံး ငွေတုံး အနည်းငယ်လောက် ပေးရမှာပေါ့။ မသုံးနိုင်ပါဘူး .. မသုံးနိုင်ပါဘူး။"
အောက်ခြေမှ ကိုယ့်ဘာသာကိုယ် ဆွေးနွေးနေကြသဖြင့် သတင်းဖတ်ပေးသူက အာရုံလွဲသွားကာ အလျင်အမြန် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏။ "မလောကြပါနဲ့။ မလောကြပါနဲ့။ ကျုပ် ပြောလို့ မပြီးသေးဘူး။"
"စက်ဘီးက သွားရေးလာရေး အဆင်ပြေတဲ့အပြင် လေ့ကျင့်ခန်း လုပ်ရာလည်း ရောက်ပြီး ကျန်းမာရေး အတွက်လည်း ကောင်းတယ်။
ဒီစက်ဘီးကို တောက်ယွမ်ခရိုင်က ထုတ်လုပ်တာပါ။ ဒီနေ့ကစပြီး မြို့တော်ထဲက ရပ်ကွက်တိုင်းမှာ စမ်းသပ် စီးကြည့်လို့ရတဲ့ နေရာတွေ ဖွင့်လှစ်ထားပါပြီ။ စီးကြည့်ချင်တဲ့သူတွေ အနီးဆုံး နေရာကို သွားပြီး အခမဲ့ စမ်းစီးကြည့်လို့ ရပါတယ်။"
ပြည်သူတစ်ယောက်က လှမ်းအော်မေးလိုက်သည်။ "ဘယ်လောက် ရောင်းလဲဆိုတာ ဘာလို့ မပြောတာလဲ။"
သတင်းဖတ်ပေးသူက ပြန်ဖြေလိုက်သည်။ "ကျုပ်လည်း မသိဘူးလေ။ သတင်းစာထဲမှာလည်း မပါဘူး။ စမ်းသပ်တဲ့ နေရာမှာတော့ ပြောပြမယ့်သူ ရှိမှာပါ။ အဲဒီကို သွားမေးကြည့်လိုက်လေ။"
ပြည်သူများက အော်ဟစ်ရင်း လူစုကွဲသွားကြ၏။ "သွားကြစို့ …. သွားကြစို့ … စက်ဘီး သွားစီးကြမယ်။"
နေရာတွင် ကြေးပြားအနည်းငယ်မျှသာ ကျန်ရစ်ခဲ့သည်။
သတင်းဖတ်ပေးသူက ဆက်ဖတ်ရန် ပြင်နေဆဲမှာပဲ လူများ ထွက်ပြေးသွားသည်ကို မြင်သောအခါ ကပျာကယာ အော်ဟစ်လိုက်၏။ "ဟေး မပြီးသေးဘူးလေ။ မြန်မြန် ပြန်လာကြအုံး။"
"မနက်ဖြန် မြို့တော်ထဲမှာ မင်္ဂလာဆောင်မယ့် အိမ်တွေကို ကျင်းယီဝေတပ်ဖွဲ့က ကိုယ်တိုင် လာပြီး မင်္ဂလာလက်ဆောင် ပေးလိမ့်မယ်။ အဆိုအရ ပထမဆုံးပွဲကို မုန်ဝေ့မင် ကိုယ်တိုင် လာပေးမယ်လို့ ကြားတယ်။ လိပ်စာက ဒီရပ်ကွက်ထဲမှာပဲ … ဒီရပ်ကွက်ထဲမှာပဲ။"
ထိုနေ့၏ ကြော်ငြာလှုံ့ဆော်မှုက အလွန် ပြင်းထန်ပြီး မြို့တော်ရှိ ပြည်သူအားလုံးလိုလို စက်ဘီးအကြောင်းကို စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။
ကျင်းယီဝေ ဌာနချုပ်အတွင်းတွင်တော့ ….
သတင်းများက နှင်းပွင့်များကဲ့သို့ ဖန်ကျန်းရီ၏ လက်ထဲသို့ အဆက်မပြတ် ရောက်ရှိနေ၏။
သတင်းစာ ဆယ်စောင်ခန့် ဖတ်ပြီးနောက် သူက ငြီးငွေ့လာသဖြင့် ဘေးသို့ ပစ်ချလိုက်သည်။ လီယွမ်ကျောက်ကတော့ သတင်းကောင်းများကို စိတ်အားထက်သန်စွာ ဖတ်နေဆဲဖြစ်သည်။
သူ့ပုံစံကို မြင်သောအခါ လီယွမ်ကျောက်က မေးလိုက်၏။ "ဖန်ကြီး ဘာလို့ ဆက်မဖတ်တော့တာလဲ။ ကြည့်ရတာ ခင်ဗျားပြောသလို ပစ္စည်းမလောက်မယ့် ပုံပဲနော်။"
ဖန်ကျန်းရီက ပြန်ပြောလိုက်သည်။ "အင်း အဲဒါတော့ သေချာတယ်။ ဒါပေမဲ့ ကျုပ် … ဆက်မဖတ်နိုင်တော့ဘူး။ ကျုပ် အားမထုတ်ရသေးဘူး သူ ရှုံးသွားပြီလေ။ နိုင်လွန်းလို့ ထုံတောင်နေပြီ … ညကျမှပဲ ဆက်ဖတ်တော့မယ်။"
လီယွမ်ကျောက်က မေးလိုက်သည်။ "မနိုင်သေးဘဲနဲ့ ထုံနေပြီလား။ အဲဒီလောက်တောင် သေချာနေတာလား။"
ဖန်ကျန်းရီက ပြုံးလိုက်ပြီး ရှင်းပြလိုက်၏။ "အနိုင်အရှုံး သေးသေးလေးကို ဂရုမစိုက်ပါနဲ့။ ကျင်းယီဝေတပ်ဖွဲ့ သတင်းထောက်တွေ ၊ ကျန်းမာရေးအဖွဲ့ ၊ ဖုန်းဟော့ဂိုဏ်း ဌာနအားလုံးက ကျုပ်တို့ လူတွေချည်းပဲ။ လုပ်ငန်းဝန်ကြီးဌာနက ကျုပ်တို့ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။
ကျင်းယီဝေတပ်ဖွဲ့ အပြင် ဒုတိယအသုတ် စက်ဘီးတွေကို သတင်းထောက်တွေ ၊ ကျန်းမာရေးအဖွဲ့နဲ့ ဖုန်းဟော့ဂိုဏ်းဆီ ပေးပို့ပြီး ကြော်ငြာပိုလုပ်ခိုင်းထားတယ်။
ဒါတွေက ဘာမှ မဟုတ်သေးပါဘူး။ နည်းလမ်းလေးတွေ သတ်သတ်ပဲ။ ကျုပ်ဆီမှာ ပစ္စည်းကောင်းတွေ ရှိသေးတယ်။"
လီယွမ်ကျောက်က မေးလိုက်သည်။ "ဘာပစ္စည်းကောင်းတွေလဲ။"
ဖန်ကျန်းရီက မတ်တပ်ထရပ်ကာ အပြင်ဘက် ဂိုဒေါင်ဆီသို့ ထွက်လာရင်း ပြောလိုက်၏။ "အရှင့်သား ကျုပ် နောက်ကို လိုက်ခဲ့ပါ။"
ဂိုဒေါင်စောင့်ကို တံခါးဖွင့်ခိုင်းလိုက်ရာ တံခါးဝတွင် ပစ္စည်းသုံးခု ထင်ရှားစွာ ပေါ်ထွက်လာသည်။
လီယွမ်ကျောက်က သံသယဖြင့် ကြည့်ရှုနေသည်။ သစ်သားနှင့် လုပ်ထားပြီး ဘီးတွေ ပါသည်။ ထို့ကြောင့် စိတ်ဝင်တစားဖြင့် မေးလိုက်၏။ "ဒါကလည်း စက်ဘီးပဲလား။"
ဖန်ကျန်းရီက လက်ညှိုးထိုးပြကာ ရှင်းပြလိုက်သည်။ "အင်း ဒါကို သုံးဘီးလို့ ခေါ်တယ်။ ဟိုဟာကိုကျတော့ နောက်ပြန်သုံးဘီး လို့ ခေါ်တယ်။"
သုံးဘီးဆိုသည်မှာ ရှေးဟောင်းသုတေသန ပညာရှင်များ၏ အဆိုအရ အမြန်ချောပို့လုပ်သားများ၏ ဖခင် ဖန်ကျန်းရီ တီထွင်ခဲ့သော အစောဆုံး သယ်ယူပို့ဆောင်ရေး ယာဉ်များထဲမှ တစ်ခုဖြစ်၏။
နောက်ပြန်သုံးဘီးမှာမူ ပြောင်းပြန်သုံးဘီးကားဖြစ်ပြီး အရှေ့မြောက်ဒေသတွင် အများဆုံး တွေ့ရသည်။ အထိန်းအကွပ် ပိုကောင်းပြီး လမ်းကြားများထဲတွင် သွားလာရလွယ်ကူကာ ပစ္စည်းပျောက်ရှခြင်းမှလည်း ကာကွယ်ပေးနိုင်သဖြင့် သုံးဘီးများထဲတွင် အကောင်းဆုံးဟု ဆိုနိုင်သည်။
ဖန်ကျန်းရီက ဆက်ရှင်းပြလိုက်၏။ "ဒီနှစ်ခုက ကုန်တင်ဖို့ အရမ်းကောင်းတယ်။ အောက်ခြေသိမ်း အလုပ်ကြမ်းသမား ပြည်သူ ဘယ်နှစ်ယောက်က ပစ္စည်းသယ်ဖို့ တိရစ္ဆာန်တွေ ဝယ်သုံးနိုင်လို့လဲ။ ဒါလေး ရှိရင် ဝင်ငွေ ပိုရှာနိုင်ပြီပေါ့။"
လီယွမ်ကျောက်က မေးလိုက်သည်။ "ရှေ့တစ်မျိုး နောက်တစ်မျိုးက ဘာကွာခြားလို့လဲ။"
ဖန်ကျန်းရီက ဖြေလိုက်သည်။ "အာ သိပ်မကွာပါဘူး။ ရွေးချယ်စရာ ပိုများသွားတာပေါ့။"
လီယွမ်ကျောက်က ရှေ့သို့ တစ်လှမ်းတိုးကာ နောက်ပြန်သုံးဘီးပေါ်သို့ တက်ထိုင်လိုက်သည်။ ဖန်ကျန်းရီက ခေါင်းပိုင်းကို မေးဆတ်ပြပြီး ဝင်ထိုင်စေ၏။
လီယွမ်ကျောက်က တစ်ပတ်လောက် စီးကြည့်ပြီးနောက် ဝမ်းသာအားရဖြင့် မေးလိုက်သည်။ "တကယ်ကို ကောင်းတာပဲ။ အားသက်သာတယ် ပစ္စည်းလည်း အများကြီး တင်လို့ရတယ်။ ဒါပေမဲ့ ဒီလိုပစ္စည်းကောင်းကို တောက်ယွမ်ခရိုင်က ဘာလို့ မသုံးတာလဲ။"
ဖန်ကျန်းရီက ပြန်ဖြေလိုက်၏။ "ကျုပ်တို့ ခရိုင်မှာ ဘယ်သူက ဒီလို အလုပ်ကြမ်းတွေ လုပ်နေလို့လဲ။ အဆိုးဆုံးဆိုရင်တောင် အိမ်မှာ မြည်းတစ်ကောင်လောက်တော့ ရှိကြတာပဲလေ။"
လီယွမ်ကျောက်က နောက်ထပ် နှစ်ပတ်လောက် ထပ်စီးပြီးနောက် ဝမ်းသာစွာဖြင့် မေးလိုက်သည်။ "တကယ်ကို မဆိုးဘူး။ ဒါပေမဲ့ ဒီမှာ ပြဿနာတစ်ခု ရှိတယ် ဖန်ကြီး။ အရင်က ခင်ဗျား လုပ်ငန်းဝန်ကြီးဌာနနဲ့ သဘောတူထားတာ ပစ္စည်းတစ်ခုစီ ထုတ်ဖို့လေ။ အခု ခင်ဗျားက ပစ္စည်းသုံးခု ဖြစ်နေတော့ လူတွေက လက်ခံပါ့မလား။"
ဖန်ကျန်းရီက ရယ်မောကာ ဖြေလိုက်၏။ "ဒါကတော့ သေချာတာပေါ့။ ဒါပေမဲ့ ပြည်သူတွေက ဒီပစ္စည်းကို အရမ်း လိုအပ်ကြလိမ့်မယ်။ ကျုပ်တို့က သုံးဘီးကို မြှူဆွယ်တဲ့အနေနဲ့ သုံးလို့ရတယ်။ စက်ဘီးဝယ်တဲ့ သူတွေပဲ သုံးဘီးကို ဝယ်ခွင့်ရှိမယ်ပေါ့။
လောလောဆယ်တော့ စမ်းသပ်တဲ့ နေရာတွေမှာပဲ ပြသထားမယ်။ လုပ်ငန်းဝန်ကြီးဌာနနဲ့ ကိစ္စပြီးသွားမှ ဈေးကွက်ထဲမှာ ရောင်းမယ်။"
လီယွမ်ကျောက်က မေးလိုက်သည်။ "ဒါဆို ဘယ်လောက်နဲ့ ရောင်းမလဲ။"
ဖန်ကျန်းရီက ပြန်ဖြေ၏။ "စက်ဘီးက ငွေစငါးမူး ၊ သုံးဘီးက ငွေစခုနစ်မူး။"
လီယွမ်ကျောက်က မျက်မှောင်အနည်းငယ် ကြုတ်ကာ ပြောလိုက်သည်။ "နှစ်ခုပေါင်းရင် တစ်ကျပ်နဲ့ နှစ်မူးလေ။ သိပ်မများပေမဲ့ ပြည်သူတွေအတွက် ဖိအား နည်းနည်းတော့ ကြီးမယ်ထင်တယ်။"
ဖန်ကျန်းရီက ရှင်းပြလိုက်၏။ "သုံးဘီးကို အရစ်ကျ စနစ်နဲ့ ဝယ်လို့ရတယ်။ အဲဒီအချိန်ကျရင် ကျင်းယီဝေတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး မှတ်တမ်းသေချာ လုပ်ထားလိုက်ရုံပဲ။"
လီယွမ်ကျောက်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ "အင်း… အင်း။ ဒါက နည်းလမ်းကောင်းပဲ။ နည်းနည်းတော့ ရှုပ်ထွေးပေမဲ့ပေါ့။ ဒါနဲ့ ဟိုနောက်ဆုံးက ထူးဆန်းတဲ့ ပစ္စည်းက ဘာလဲ အရောင်တွေစုံနေတာပဲ။ ဘာလို့ အပြားကြီး ဖြစ်နေတာလဲ။ အပေါ်မှာလည်း ဘီးတစ်ဘီး ပါသေးတယ်။"
ဖန်ကျန်းရီက ဂိုဒေါင်ဘက်သို့ လှည့်ကြည့်လိုက်ပြီး ရှင်းပြလိုက်သည်။ "ဒါက တကယ့်ကို အံ့သြစရာပဲ။ ဒါကမှ တကယ့် စက်ဘီးအစစ်။ ဒါပေမဲ့ သူ့ကို နာမည်တစ်မျိုး ခေါ်တယ်။"
လီယွမ်ကျောက်က မေးလိုက်သည်။ "ဟင် ဘယ်လိုခေါ်လဲ။"
ဖန်ကျန်းရီက ဖြေလိုက်၏။ "တွန့်လိမ်ကား လို့ ခေါ်တယ်။ အရှင့်သား တက်ထိုင်ကြည့် အပေါ်က ဘီးကို လှည့်လိုက်ရင် သူ့ဘာသာသူ သွားလိမ့်မယ်။"
လီယွမ်ကျောက်က ကြားသည်နှင့် တွန့်ဆုတ်မနေဘဲ တွန့်လိမ်ကားပေါ်သို့ တက်ထိုင်လိုက်သည်။ တစ်ချက် လှည့်လိုက်သည်နှင့် တကယ်ကို သွားလေသည်။
လီယွမ်ကျောက်က ပြောလိုက်၏။ "ဒီပစ္စည်းက နည်းနည်းတော့ ကစားလို့ကောင်းတယ်။ ဒါပေမဲ့ဘာမှ အသုံးမဝင်သလိုပဲ။"
ဖန်ကျန်းရီက ပြန်ပြောလိုက်သည်။ "ကစားလို့ကောင်းရင် ရပြီပေါ့။ ကစားလို့ကောင်းတာ မှန်တယ်။ ကျုပ်က ဒါကို စမ်းသပ်တဲ့ နေရာတွေမှာ ပြသထားဖို့ စဉ်းစားထားတယ်။ ရောင်းတော့ မရောင်းဘူး။"
လီယွမ်ကျောက်က မေးလိုက်သည်။ "ဘာလို့ မရောင်းတာလဲ။ ကလေးတော်တော်များများ သဘောကျလောက်တယ်။ ကြည့်ရတာလည်း သိပ်ရှုပ်ထွေးတဲ့ပုံ မပေါ်ဘူး။"
ရောင်းမယ်ဟုတ်လား။ ကျုပ်တောင် ငယ်ငယ်တုန်းက မကစားခဲ့ရတာ ဘာကိစ္စ ရောင်းရမှာလဲ။
ဖန်ကျန်းရီက ဘာမှ မပြောဘဲ ထူးဆန်းသော အပြုံးတစ်ခုသာ ပြုံးလိုက်၏။
ကလေးဘဝကို ပျော်ရွှင်စွာ မဖြတ်သန်းခဲ့ရသော ဖန်ကျန်းရီသည် သူ၏ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှု ရရှိစေရန် အခြားကမ္ဘာမှ ကလေးများကို အရုပ်များဖြင့် ရက်စက်စွာ လက်စားချေရန် ကြံစည်နေလေသည်။
အပိုင်း (၆၄၄) မင်္ဂလာဆောင် ကြော်ငြာ။
နောက်တစ်နေ့။
မုန်ဝေ့မင်သည် လူများကိုခေါ်ကာ အချိန်မှန် ထွက်ခွာလာခဲ့သည်။
ကြိုတင် ဇာတ်တိုက်ထားသည့်အတိုင်း မင်္ဂလာဆောင်မည့် အိမ်များဆီသို့ ဦးတည်သွားနေကြပြီး သူ့နောက်တွင် တပ်ဖွဲ့ဝင် ငါးခြောက်ယောက်က စက်ဘီးကိုယ်စီ စီးနင်းကာ လိုက်ပါလာကြသည်။ စက်ဘီးရှေ့ ခြင်းတောင်းထဲတွင် တောက်ယွမ်ခရိုင်မှ ယူဆောင်လာသော ဗျောက်အိုးများကို ထည့်ထား၏။
မုန်ဝေ့မင်၏ စက်ဘီးစီး ကျွမ်းကျင်မှုက မဆိုးလှပေ။ သူက စက်ဘီးတစ်စီးကို စီးနင်းထားပြီး ဘယ်ဘက်လက်ဖြင့် လူမပါသော စက်ဘီးအလွတ် တစ်စီးကို ကိုင်ကာ ထိန်းကျောင်းလာသည်။ ထိုစက်ဘီးအလွတ်က သာမန်မဟုတ်ချေ။ သေချာစွာ ဆီသုတ်ပြီး ပြုပြင်ထိန်းသိမ်းထားသဖြင့် တဖိတ်ဖိတ် တောက်ပနေပြီး စက်ဘီးခေါင်း တွင် အနီရောင် ပန်းပွင့်ကြီးတစ်ခုကိုပင် တပ်ဆင်ထားသေးသည်။ ကြည့်ရသည်မှာ အလွန်တရာ ကျက်သရေမင်္ဂလာ ရှိလှသည်။
ကျင်းယီဝေတပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန်တွင် သတင်းစာထဲမှ ကြိုတင် ကြေညာထားမှုကြောင့် လူအုပ်ကြီးမှာ ကြက်ပျံမကျ စည်ကားနေပြီ ဖြစ်သည်။ ဖန်ကျန်းရီတို့ လူစုသည်လည်း ထိုလူအုပ်ထဲတွင် ရောနှောနေကြ၏။
မုန်ဝေ့မင် ရောက်လာသည်နှင့် တစ်ပြိုင်နက် သတင်းလာနားထောင်ကြသော ပြည်သူများက ဝိုင်းအုံ သွားကြသည်။ မင်္ဂလာမောင်နှံ နှစ်ဦးကလည်း မုန်ဝေ့မင်ရှိရာဘက်သို့ မျှော်ကြည့်နေကြသည်။
ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့က လူအုပ်ထဲတွင် ရောနှောကာ ပွဲကြည့်နေကြပြီး မုန်ဝေ့မင်နှင့်အတူ လိုက်ပါလာသော ချန်တယ်ရှန်းက ဖန်ကျန်းရီ အနားသို့ ချက်ချင်း တိုးဝင်လာသည်။
ချန်တယ်ရှန်းက လျှောက်တင်လိုက်၏။ “သခင်လေး... အကုန်လုံး စီစဉ်ပြီးပါပြီ။ ခင်ဗျား ဘာများ ထပ်ခိုင်းစရာ ရှိသေးလဲ။"
ဖန်ကျန်းရီက ပြန်ပြောလိုက်သည်။ "ခိုင်းစရာ... သိပ်တော့ မရှိပါဘူး။ ကျွတ်... သူတို့ လင်မယားကို သွားနှောင့်ယှက်သလိုများ ဖြစ်နေမလား။ မုန်ဝေ့မင်က နာမည်အရမ်းကြီးနေပြီလေ။"
ချန်တယ်ရှန်းက ရှင်းပြလိုက်၏။ "မနှောင့်ယှက်ပါဘူး သခင်လေး။ ကျုပ် အကုန်လုံး ကြိုပြီး စီစဉ်ထားပြီးပါပြီ၊ အဲဒီလင်မယားက ဝမ်းသာလို့တောင် မဆုံးနိုင်ဖြစ်နေတာ။
ဒီနေ့ မင်္ဂလာဧည့်ခံပွဲ ကုန်ကျစရိတ် အကုန်လုံးကို ကျုပ်တို့က တာဝန်ယူပေးထားတာလေ။ ပွဲပြီးသွားရင်လည်း မုန်ဝေ့မင်က သူတို့ကို သီးသန့် တွေ့ပေးအုံးမှာ၊ ဒါက သူတို့ကိုယ်တိုင် တောင်းဆိုထားတာပါ။ အဲဒီလင်မယားရဲ့ မိသားစုတွေကိုလည်း... ကျုပ် အကုန် စီစဉ်ပေးထားပါတယ်။"
ဖန်ကျန်းရီက ခေါင်းညိတ်ပြလိုက်သည်။ ချန်တယ်ရှန်းက အတွေ့အကြုံ ရင့်ကျက်ပြီး အလုပ်လုပ်ရာတွင် သေသပ်သူပီပီ အကုန်လုံးကို ကြိုတင်စီစဉ်ထားပြီးဆိုမှတော့ ဘာပြဿနာမှ မရှိနိုင်တော့ချေ။
သာမန်ပြည်သူများအတွက် မင်္ဂလာဆောင်သည်ဆိုသည်မှာ တစ်သက်တွင်မှ တစ်ခါသာ ရှိတတ်ရာ သူတို့၏ ပွဲကို သွားဖျက်ဆီးမိလျှင် မကောင်းပေ။ လင်မယား နှစ်ယောက်လုံးက သဘောတူထားပြီးမှတော့ နောက်ပိုင်း အစီအစဉ်များကို ဆက်လုပ်ရုံသာ ရှိတော့သည်။
ဖန်ကျန်းရီက မေးလိုက်၏။ "လတ်တလော မုန်ဝေ့မင်ရဲ့ လုပ်ဆောင်ချက်တွေ မဆိုးဘူး မဟုတ်လား။"
ချန်တယ်ရှန်းက ဖြေလိုက်သည်။ "မဆိုးပါဘူး၊ တစ်ခါတလေ ညည်းတွားတာလေးပဲ ရှိတာပါ။"
ဖန်ကျန်းရီက သတိပေးလိုက်၏။ "အင်း... ရူယွင်ကို အရမ်း မလွန်ကျူးဖို့ ခင်ဗျား သွားပြောလိုက်အုံး။ တိရစ္ဆာန်ကိုတောင် သူ့လောက် အသုံးမချဘူး၊ တော်သင့်ရုံပဲ လုပ်ဖို့ ပြောလိုက်။"
ချန်တယ်ရှန်းက မျက်နှာပူစွာဖြင့် ပြန်ပြောလိုက်သည်။ "ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ... အပြန်ကျရင် ကျုပ် သေချာ သွားမှာလိုက်ပါ့မယ်။
နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ် သခင်လေး။ လတ်တလော ပြည်သူတချို့က ကျင်းယီဝေတပ်ဖွဲ့အပေါ် နည်းနည်း အမြင်မကြည်ဖြစ်နေကြတယ်။"
ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့ နှစ်ဦးလုံး ချက်ချင်း သတိထားမိသွားကြသည်။
ဖန်ကျန်းရီက အမိန့်ပေးလိုက်၏။ "ပြောစမ်းပါ။"
ချန်တယ်ရှန်းက ခေါင်းညိတ်ကာ ရှင်းပြလိုက်သည်။ "ဟုတ်ကဲ့... ပြည်သူတချို့က ပြောနေကြတယ်၊ ကျင်းယီဝေတပ်ဖွဲ့ဝင်တွေက အရမ်းသန့်ပြန့်လွန်းနေတယ်၊ ယောကျ်ားနဲ့ မတူဘူး၊ မိန်းမလျာတွေလိုပဲတဲ့။ အများစုက မနာလိုလို့ ပြောကြတာပါ၊ ဒါပေမဲ့ ကျုပ်တို့ကလည်း သွားပြီး လက်ပါလို့ မရဘူးလေ။"
ဖန်ကျန်းရီက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ "အဲဒါ ကျုပ်တို့လူတွေကို မိန်းမဆန်တဲ့သူတွေလို့ ပြောနေတာ မဟုတ်ဘူးလား။"
ချန်တယ်ရှန်းက တွန့်ဆုတ်စွာ ပြန်ဖြေလိုက်သည်။ "မိန်းမဆန်တဲ့သူ... အယ်... နားတော့ မလည်ပေမဲ့ အဲဒီစကားလုံးက တော်တော်လေး လိုက်ဖက်သလိုပဲ။ သခင်လေး... အမှန်တိုင်းပြောရရင် ကျုပ်ထင်တာကလေ၊ တစ်နေ့ကို ရေတစ်ခါချိုးရမယ်ဆိုတဲ့ သတ်မှတ်ချက်က နည်းနည်းတော့ လွန်လွန်းနေသလားလို့...။"
လီယွမ်ကျောက်က ဟက်ဟက်ပက်ပက် ရယ်မောကာ ဝင်ပြောလိုက်၏။ "ဟုတ်တယ်လေ။ ဖန်ကြီး... ခင်ဗျားရဲ့ လက်အောက်က ကောင်တွေ အကုန်လုံးက မိန်းမတွေလိုပဲ၊ သနပ်ခါးတွေ ဘာတွေလူးပြီး နေ့တိုင်း ရေချိုးနေကြတာ၊ မိန်းမတွေထက်တောင် ဖြူနေသေးတယ်။ မိန်းမဆန်တဲ့သူတွေ မဟုတ်လို့ ဘာလဲ။"
ဖန်ကျန်းရီ၏ မျက်နှာ မည်းမှောင်သွားပြီး ပြန်လည်ချေပလိုက်သည်။ "ပေါက်ကရတွေ... မိန်းမဆန်တော့ ဘာဖြစ်လဲ။ အရင်က ထမင်းတောင် မစားရတဲ့ အချိန်တုန်းက မိန်းမဆန်တဲ့သူ ဆိုတာမှ မရှိတာ။ မိန်းမဆန်တယ်ဆိုတာ ဘဝမှာ ပြည့်စုံကြွယ်ဝလာလို့ပဲ။ ခေတ်ကောင်းကြီးထဲက ယောကျ်ားတွေမှ အလှပြင်ကြတာလေ။
နောက်ပြီးတော့ ဒါက ကြော်ငြာဖို့ သတ်မှတ်ထားတဲ့ ပုံစံတစ်ခု သတ်သတ်ပဲ။ အခုချိန်မှာ လူကြိုက်များနေသေးတယ်။ နောင်တစ်ချိန် ခေတ်ရေစီးကြောင်း ပြောင်းသွားရင် ကြော်ငြာမယ့် ပုံစံကို ပြောင်းလိုက်လို့ ရတာပဲ။ သံမဏိယောကျ်ားဘသား ပုံစံမျိုးလည်း သူတို့ကို ပြောင်းပေးလို့ ရတာပဲ။"
စကားပြောနေစဉ်မှာပင် မုန်ဝေ့မင်က ပြည်သူများနှင့် နှုတ်ဆက်စကား ပြောဆိုပြီးသွားပြီ ဖြစ်သည်။ မင်္ဂလာအခမ်းအနားကို ပုံမှန်အတိုင်း ပြန်လည်စတင်လိုက်သည်။ သို့သော်ငြား လူအများစု၏ အာရုံကတော့ မုန်ဝေ့မင်ဆီသို့သာ မကြာခဏ ရောက်ရှိနေသည်။
ဖန်ကျန်းရီက ခဏမျှ အကဲခတ်ပြီးနောက် ပြောလိုက်၏။ "ဒါက တော်တော်လေး ကောင်းပါတယ်၊ ပြည်သူတွေ အကုန်လုံးက သူ့ကို သဘောကျနေကြတာပဲ။"
လီယွမ်ကျောက်က နှုတ်ခမ်းမဲ့ကာ ပြန်ပြောလိုက်သည်။ "ကျုပ်ကတော့ သူ့ကို အမြင်မကြည်ပါဘူး။ မျက်နှာဖြူဖြူနဲ့ အချောင်သမား ရုပ်မျိုး။ ကျင်းယီဝေတပ်ဖွဲ့ဆိုတာ စစ်ရေးစစ်ရာကို တာဝန်ယူရတာလေ။"
ဖန်ကျန်းရီက အထင်သေးစွာ ပြုံးလိုက်၏။ ယခင်ဘဝက အလှအပကြိုက်သော ယောကျ်ားလေးများဆိုသည်မှာ လူတွေ အထင်အကြီးဆုံးနှင့် အကြံ့ခိုင်ဆုံးနေရာများကနေ စတင်ပြီး ခေတ်စားလာခဲ့ခြင်း ဖြစ်သည်။ အလှအပကို မြတ်နိုးခြင်းဆိုသည်မှာ လူတိုင်းမှာ ရှိတတ်သော သဘာဝဖြစ်၍ ဘာမှ ထူးဆန်းနေစရာ မလိုချေ။ တကယ်တမ်း ရွံစရာကောင်းသည်မှာ မိမိကိုယ်တိုင် လှချင်လျက်နှင့် လှနေသူများကို လက်ညိုးထိုး ဝေဖန်နေသူများပင်။
ဖန်ကျန်းရီက ပြန်လည်ချေပလိုက်သည်။ "ကဲပါ အရှင့်သား... ပွဲကိုသာ ဆက်ကြည့်ပါ။ ပြည်သူတွေကြားထဲမှာ ပုံစံအမျိုးမျိုး ရှိနေတာက မကောင်းဘူးလား။ ဘဝဆိုတာ အရောင်သွေးစုံလင်မှ အရသာရှိတာလေ။ မကြည့်ချင်ရင် မကြည့်နဲ့ပေါ့။"
လီယွမ်ကျောက်က ခေါင်းညိတ်လိုက်ပြီး ဘာမှ ဆက်မပြောတော့ချေ။
နောက်ထပ် အချိန်အနည်းငယ် ကြာပြီးနောက် မင်္ဂလာအခမ်းအနားမှာ ပြီးဆုံးလုနီးပါး ဖြစ်သွား၏။
မုန်ဝေ့မင်က အချိန်ကိုက် ရှေ့သို့ထွက်လာကာ လက်သီးဆုပ်၍ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "ကျုပ် အခုလာတာက ကျင်းယီဝေတပ်ဖွဲ့ကိုယ်စား ခင်ဗျားတို့ နှစ်ယောက်ရဲ့ မင်္ဂလာပွဲကို လာပြီး ဂုဏ်ပြုပေးတာပါ။ ကျင်းယီဝေတပ်ဖွဲ့က တန်ဖိုးကြီး လက်ဆောင်တစ်ခုလည်း ယူလာခဲ့ပါတယ်၊ ခင်ဗျားတို့ နှစ်ယောက်လုံး ဒါကို သေချာပေါက် လက်ခံပေးပါ။"
ပြောပြီးသည်နှင့် စက်ဘီးကို ဆွဲကာ မင်္ဂလာမောင်နှံ နှစ်ဦးထံသို့ လျှောက်သွားလိုက်သည်။ မုန်ဝေ့မင်၏ အနောက်မှ သတင်းထောက်များကလည်း ကလောင်တံများဖြင့် အဆက်မပြတ် မှတ်တမ်းတင်နေကြ၏။
လူသုံးယောက် အတူတကွ ရပ်လိုက်ပြီးနောက် မုန်ဝေ့မင်က စက်ဘီးအသုံးပြုပုံကို ရှင်းပြပေးနေပြီး မင်္ဂလာမောင်နှံ နှစ်ဦးမှာမူ အလွန်အမင်း ပျော်ရွှင်နေကြသည်။ မုန်ဝေ့မင်ကို ကြည်ညိုလေးစားသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။
ဘေးမှ ကြည့်ရှုနေသော ပြည်သူများကလည်း သူ၏ ရှင်းပြချက်ကို သေချာစွာ နားထောင်နေကြရင်း အသစ်စက်စက် စက်ဘီးကို မနာလိုသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြ၏။
မုန်ဝေ့မင်က ရှင်းပြပြီးနောက် လူအုပ်ကြီးဘက်သို့ လှည့်ကာ အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။ "ဒီနှစ်ယောက် ရာသက်ပန် ပေါင်းဖက်နိုင်ပါစေလို့ ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းယီဝေတပ်ဖွဲ့က ဒုတိယမြောက် လက်ဆောင်ကိုပါ ပြင်ဆင်ထားပါတယ်။ အဲဒါကတော့ မင်္ဂလာမောင်နှံတွေနဲ့ ပွဲတော်ရက်တွေမှာ အထူးအသုံးပြုဖို့ တောက်ယွမ်ခရိုင်က ထုတ်လုပ်ထားတဲ့ ဗျောက်အိုးပါပဲ။ မကောင်းတဲ့ အရာတွေကို မောင်းထုတ်ပြီး နှစ်သစ်ကို ကြိုဆိုတယ် ဆိုတဲ့ အဓိပ္ပာယ်ဆောင်ပါတယ်။
ဗျောက်အိုးကို မီးညှိလိုက်ရင် အသံကျယ်ကြီး ထွက်လာပါလိမ့်မယ်၊ အားလုံးပဲ လန့်ပြီး မပြေးကြပါနဲ့။"
ပြောပြီးသည်နှင့် မလှမ်းမကမ်းရှိ နေရာတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။ ထိုနေရာတွင် ကျင်းယီဝေတပ်ဖွဲ့ဝင် အချို့က ဝါးလုံးရှည်များကို စိုက်ထူထားပြီး ဗျောက်အိုးများကို ချိတ်ဆွဲလိုက်ကြသည်။ မီးညှိလိုက်သည်နှင့် တပြိုင်နက် တဖြောင်းဖြောင်း အသံများ ဆူညံစွာ ထွက်ပေါ်လာသည်။ ယမ်းခိုးများက နေရာအနှံ့ လွင့်ပျံသွားသည်။
ပြည်သူအများအပြားမှာ အလွန်အံ့သြသွားကြသော်လည်း မုန်ဝေ့မင်အပေါ် ယုံကြည်မှု ရှိနေသောကြောင့် အလွန်အမင်း ထိတ်လန့်သွားခြင်းတော့ မရှိခဲ့ပေ။ ဆယ်စက္ကန့်ခန့် အကြာတွင် အခြေအနေကို အမြန် သဘောပေါက်သွားကြပြီး ဤထူးဆန်းသော မြင်ကွင်းကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြ၏။
ဗြောက်အိုးများ ပေါက်ကွဲပြီးသွားသောအခါ ပြည်သူများ၏ လက်ခုပ်သံများက ဒီရေလှိုင်းများကဲ့သို့ ထွက်ပေါ်လာပြီး လူတိုင်း၏ မျက်နှာတွင် အပြုံးကိုယ်စီ ထင်ဟပ်နေကြသည်။ ပွဲတော်ရက်တစ်ခုလိုပင် ပျော်ရွှင်စရာ ကောင်းနေသည်။
လီယွမ်ကျောက်ကလည်း ငတုံးတစ်ယောက်လို ရယ်မောကာ ပြောလိုက်၏။ "တကယ်ကောင်းတာပဲ၊ ဖန်ကြီး... ဒီလိုပစ္စည်းကောင်းကို ခင်ဗျား ကျုပ်ကိုတောင် ဖုံးကွယ်ထားသေးတယ်။ ဒါလည်း ယမ်းမှုန့်နဲ့ လုပ်ထားတာ မဟုတ်လား။"
ဖန်ကျန်းရီက ချီးကျူးလိုက်သည်။ "အရှင့်သားက တကယ်ကို ဉာဏ်ကောင်းတာပဲ။"
လီယွမ်ကျောက်က ပြန်ပြောလိုက်၏။ "အနံ့ခံကြည့်ရုံနဲ့ သိသာပါတယ်။"
ကြည့်ရှုနေသော ပြည်သူများ၏ အော်ဟစ်သံများနှင့် လက်ခုပ်သံများ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။ အခမ်းအနားကို ပြန်လည်စတင်လိုက်သော်လည်း မုန်ဝေ့မင်ကတော့ စင်မြင့်ပေါ်တွင် ရှိနေဆဲဖြစ်သည်။
ထိုအချိန်မှာပင် အဘိုးအို တစ်ယောက်က လူအုပ်ရှေ့သို့ ရုတ်တရက် ခုန်ထွက်လာသည်။ လက်နှစ်ဖက်ဖြင့် ပန်းအိုးတစ်လုံးကို ပိုက်ထားသည်။ မင်္ဂလာမောင်နှံ နှစ်ဦးက အံ့သြစွာဖြင့် "အဖေ" ဟု ခေါ်လိုက်ပြီးနောက် ဆက်မပြောကြတော့ပေ။
အဘိုးအိုက ပန်းအိုးကို ပိုက်ထားရင်း စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။ "သူရဲကောင်းမုန်... ဒီနေ့ ကျုပ်သမီးရဲ့ မင်္ဂလာပွဲကို လာရောက် ချီးမြှင့်ပေးတဲ့အတွက် အရမ်း ကျေးဇူးတင်ပါတယ်။ ဒီကျောက်စိမ်းရောင် ကြွေထည်က ကျုပ် ငွေအများကြီး အကုန်ခံပြီး စုဆောင်းထားတာပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါ။"
ဖန်ကျန်းရီသည် ရှက်လွန်း၍ မျက်နှာကို လက်ဖြင့် အုပ်ထားလိုက်မိသည်။
ဒီလောက် အဆင့်နိမ့်တဲ့ သရုပ်ဆောင်မှုကြီးကို ကြည့်ပါအုံး။ ယာယီ ငှားလာတဲ့ သရုပ်ဆောင်တွေက တကယ်ကို သုံးစားမရပါလား။ အစောကတည်းက ကျွမ်းကျင်တဲ့ သရုပ်ဆောင် တစ်ယောက်ကို ရှာခဲ့သင့်တာ။
မုန်ဝေ့မင်က မျက်နှာကို တည်ထားပြီး ပန်းအိုးကို စူးစိုက်ကြည့်ကာ ခပ်ပြင်းပြင်း တွန်းထုတ်လိုက်ရင်း အလွန် လေးနက်သော အသံဖြင့် ပြောလိုက်၏။ "ဦးလေးကြီး... ဒီလက်ဆောင်ကို ကျုပ် လုံးဝ လက်မခံရဲပါဘူး။
ကျောက်စိမ်းရောင် ကြွေထည်ရဲ့ နာမည်ကို ကျုပ် ကြားဖူးတာ ကြာပါပြီ။ လုပ်ငန်းဝန်ကြီးဌာနက လုပ်တာလို့... ဒီပစ္စည်းက လူရည်မွန်တွေရဲ့ လမ်းစဉ်နဲ့ ဖီလာဆန့်ကျင်နေပါတယ်။ ဒီလက်ဆောင်အတွက် စေတနာကိုပဲ လက်ခံပါရစေ၊ ကျေးဇူးပြုပြီး ပြန်သိမ်းထားလိုက်ပါ။"
ကျောက်စိမ်းရောင် ကြွေထည်၊ တန်ဖိုးကြီးမားတယ်၊ ဇိမ်ခံပစ္စည်း သတ်သတ်ပဲ၊ လူရည်မွန်တွေရဲ့ လမ်းစဉ်နဲ့ ဖီလာဆန့်ကျင်တယ်၊ ရုံးတော် အရာရှိတွေက ဇိမ်ခံပစ္စည်းတွေကို သုံးစွဲတယ်... ဤစကားလုံးများကို ကြားသည်နှင့် သတင်းထောက်များသည် ခေါင်းငုံ့ကာ သတင်းများကို ရူးသွပ်စွာ အဆက်မပြတ် ရေးမှတ်နေကြတော့သည်။
အဘိုးအိုက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ "ဟာ... ဒီလောက် အောက်တန်းကျတဲ့ ပစ္စည်းဖြစ်နေတာကို၊ ကျုပ်က သူရဲကောင်းမုန်လို လူရည်မွန် သူရဲကောင်းကို ဒီပစ္စည်းနဲ့ လာစော်ကားမိတာ တကယ်ကို မဖြစ်သင့်ဘူး။ ဒါဆိုရင်လည်း ဒီပစ္စည်းကို ကျုပ် ရိုက်ခွဲလိုက်တာပဲ ကောင်းမယ်။"
ပြောပြီးသည်နှင့် အဘိုးအိုက ပန်းအိုးကို ကိုင်ကာ မြေပြင်ပေါ်သို့ အားရပါးရ ပေါက်ခွဲချလိုက်သည်။ ပန်းအိုး ကွဲအက်သွားပြီး အပိုင်းအစများ နေရာအနှံ့ လွင့်စင်သွားတော့သည်။