အခန်း (၆၄၅-၆၄၆)
Vol. 35 Ch. 645-646
အပိုင်း (၆၄၅) ဈေးကွက်ရှာဖွေရေး အကွက်အဆန်း။
"ဒီကောင်တွေ သက်သက် လာနှောင့်ယှက်တာပဲ။"
ကျန်းလျန်သည် သတင်းစာကို အားရပါးရ ပစ်ချလိုက်ပြီး မျက်နှာတစ်ခုလုံး ဒေါသများဖြင့် ပြည့်နှက်နေသည်။
မနက်ခင်း နိုးလာချိန်တွင် မူလက စိတ်ရွှင်လန်းနေခဲ့သည်။ လွန်ခဲ့သည့် ကာလများက ကျောက်စိမ်းရောင် ကြွေထည်၏ အရောင်းအဝယ်မှာ အလွန် ကောင်းမွန်နေခဲ့သည် မဟုတ်ပါလား။ သို့သော်ငြား ညီလာခံ ပြီးဆုံး၍ ရုံးခန်းသို့ ပြန်ရောက်သောအခါ အကျင့်ပါနေသဖြင့် သတင်းစာကို ကောက်ကိုင်ကြည့်လိုက်ရာ ပထမစာမျက်နှာ ခေါင်းကြီးပိုင်းတွင် လုပ်ငန်းဝန်ကြီးဌာန၏ ကျောက်စိမ်းရောင် ကြွေထည် အကြောင်း ပါလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
[လူရည်မွန်မုန်က မသင့်တော်ကြောင်း မျက်နှာချင်းဆိုင် ငြင်းဆို၊ ပြည်သူများက ကျောက်စိမ်းရောင် ကြွေထည်ကို ရှက်ရွံ့စွာ ရိုက်ခွဲကြ]
အပေါ်တွင် ရေးသားထားသော အကြောင်းအရာများမှာ ကျောက်စိမ်းရောင် ကြွေထည်ကို လုံးဝ သိက္ခာကျ စေလောက်အောင် အမည်ဖျက်ထားခြင်း ဖြစ်သည်။ ကျောက်စိမ်းရောင် ကြွေထည်ကို ဝယ်လိုက်လျှင်ပဲ လောဘကြီးပြီး ရတနာကို မက်မောသော လူယုတ်မာ တစ်ယောက် ဖြစ်သွားသလိုမျိုး ပုံဖော်ထားသည်။
ပန်းရှန်း နေ့စဉ်သတင်းစာ၏ မြို့တော်အတွင်း အရောင်းရဆုံး အခြေအနေကို အားလုံးက ပါးစပ်က ထုတ်မပြောသော်လည်း ရင်ထဲတွင်တော့ အသေအချာ သိနေကြသည်။ ဌာနခြောက်ခုစလုံးတွင် ယခုအခါ ကိုယ်ပိုင် သတင်းစာများ ရှိနေပြီ ဖြစ်သော်လည်း ရုံးတော်၏ သိက္ခာကို ထိန်းသိမ်းရန် စကားလုံး အသုံးအနှုန်းနှင့် အကိုးအကားများကို အလွန် ဂရုစိုက်ကြသည်။ ထို့ကြောင့် ပြည်သူများကြားတွင် ကြော်ငြာနိုင်စွမ်းမှာ သာမန်အရပ်သုံး စကားများကိုသာ အသုံးပြုသော ပန်းရှန်း နေ့စဉ်သတင်းစာကို လုံးဝ မယှဉ်နိုင်ချေ။
ဤအတိုင်း ဆက်သွားနေပါက ကျောက်စိမ်းရောင် ကြွေထည်ကို မည်သူမှ ဝယ်ရဲတော့မည် မဟုတ်ပေ။
ပြည်သူတွေက ဘယ်လို မြင်ကြမလဲ။ အရာရှိတစ်ယောက်ရဲ့ သိက္ခာကရော ဘယ်ရောက်သွားမလဲ။
လုပ်ငန်းဝန်ကြီးဌာန ဒုဝန်ကြီး ကျန်က သတင်းစာကို ချထားကာ စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ "အမတ်မင်း... ဒီအတိုင်း ဆက်သွားရင် ဖန်ကျန်းရီ နိုင်သွားလိမ့်မယ်။
ပန်းရှန်း နေ့စဉ်သတင်းစာက တစ်ဖက်မှာ စက်ဘီးကို အပြည့်အဝ ကြော်ငြာပေးနေပြီး အခြားတစ်ဖက်မှာ ကျုပ်တို့ရဲ့ ပစ္စည်းကို သိက္ခာချနေတယ်။ ဒီကိစ္စကို ဘယ်လို ဖြေရှင်းကြမလဲ။"
ထိုအချိန်အတောအတွင်း ကျန်းလျန်လည်း ပြန်လည် တည်ငြိမ်သွားပြီး အမိန့်ပေးလိုက်၏။ "လုပ်ငန်းဝန်ကြီးဌာနရဲ့ မနက်ဖြန် ထုတ်မယ့် သတင်းစာမှာ ရှင်းလင်းချက် ထည့်ဖို့ ချက်ချင်း စီစဉ်လိုက်။ ပြီးတော့ မြို့တော်ထဲက အပေါင်ဆိုင်တွေကို လူလွှတ်ပြီး ကျောက်စိမ်းရောင် ကြွေထည် အရောင်းအဝယ်ကို ထိခိုက်မှု ရှိမရှိ သွားစစ်ဆေးခိုင်းလိုက်။"
လုပ်ငန်းဝန်ကြီးဌာနက ကိုယ်တိုင် စီးပွားရေး လုပ်မည်မဟုတ်သဖြင့် အရောင်းပမာဏကို ယှဉ်ပြိုင်လိုပါက မြို့တော်အတွင်းရှိ နာမည်ကြီး အပေါင်ဆိုင်များကိုသာ ကိုယ်စားလှယ်အဖြစ် ရောင်းချခိုင်းရသည်။ ထိုနေရာများတွင် အထက်တန်းလွှာ အရာရှိကြီးများနှင့် သူဌေးများ အများအပြား ရှိနေတတ်သည်။
ကျန်က ခေါင်းညိတ်ကာ မေးလိုက်၏။ "အမတ်မင်း... ဒါဆို ဖန်ကျန်းရီ ဘက်ကိုကျတော့ ဘယ်လိုလုပ်မလဲ။"
ကျန်းလျန်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "ဖန်ကျန်းရီ ဆီကို ခင်ဗျား ကိုယ်တိုင် သွားပြီး ဖိတ်ခေါ်ခဲ့။ ကျုပ် သူ့ကို လူချင်း တွေ့ပြီး စကားပြောမယ်။ ဒီလို အောက်တန်းကျတဲ့ နည်းလမ်းတွေကို သုံးနေတာ၊ သူ့မျက်လုံးထဲမှာ တာ့ကျင်း ဥပဒေဆိုတာ မရှိတော့ဘူးလား။ ဒါက အသရေဖျက်တာပဲ။ ကျင်းယီဝေ တပ်မှူးချုပ် တစ်ယောက်အနေ နဲ့ ဥပဒေကို သိသိကြီး ချိုးဖောက်နေတာ၊ လိုအပ်လာရင် အရှင်မင်းကြီး ရှေ့မှောက်မှာ ကျုပ် သူ့ကို တိုင်တန်းမယ်။ အရှင်မင်းကြီးရှေ့မှာ သူ့ကို မျက်နှာချင်းဆိုင် ရင်ဆိုင်ရရင်တောင် ရင်ဆိုင်မယ်။
လုပ်ငန်းဝန်ကြီးဌာနရဲ့ လက်နက်တိုက် တည်ဆောက်မယ့် ကိစ္စ နောက်ကျချင် ကျပါစေ၊ သူ ဘာသိပ္ပံအကယ်ဒမီမှ တည်ထောင်ခွင့် မရစေရဘူး။ မဟုတ်ရင် လုပ်ငန်းဝန်ကြီးဌာနရဲ့ မျက်နှာကို နောင်ဆို ဘယ်နား သွားထားရမလဲ။ ဖန်ကျန်းရီရဲ့ လက်တွေက လုပ်ငန်းဝန်ကြီးဌာန အထိတောင် လှမ်းဝင်လာတော့မလို့လား။"
ကျန်က သက်ပြင်းချကာ ပြန်ပြောလိုက်၏။ "အမတ်မင်း... ဒီလိုဖြစ်မယ်မှန်း ကြိုသိရင် ကျုပ်တို့ သူနဲ့ နောက်တစ်ကြိမ် ထပ်ပြိုင်ဖို့ သဘောမတူခဲ့သင့်ဘူး။ အရင်တစ်ခေါက်တုန်းက ကျုပ်တို့ နိုင်နေပြီပဲဟာ။"
ထိုကိစ္စကို ပြန်ပြောလိုက်သဖြင့် ကျန်းလျန်၏ မျက်နှာတွင်လည်း နောင်တရနေသည့် အရိပ်အယောင်များ ပေါ်လာကာ ပြောလိုက်သည်။ "သူ့ရဲ့ နည်းလမ်းတွေက ဒီလောက် အောက်တန်းကျမယ်မှန်း ဘယ်သူက သိမှာလဲ။ ဒါပေမဲ့... အကျိုးအမြတ် လုံးဝ မရှိတာတော့ မဟုတ်ပါဘူး။ အနည်းဆုံးတော့ တောက်ယွမ်ခရိုင်က လွှတ်လိုက်တဲ့ လက်မှုပညာရှင်တွေက တကယ်ကို ကြိုးကြိုးစားစား အလုပ်လုပ်ပေးကြတယ်။
ကိစ္စမရှိပါဘူး။ ကျောက်စိမ်းရောင် ကြွေထည်က စက်ဘီးကို မနိုင်စရာ အကြောင်းမရှိဘူး။ ခင်ဗျား သွားပြီး သူ့ကို သွားဖိတ်လိုက်ပါ။"
...
လမ်းဘေးရှိ စက်ဘီး စမ်းသပ်စီးကြည့်သည့် နေရာရှေ့တွင် လူများ အုံခဲနေသည်။
ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့သည် လူအုပ်ထဲတွင် ပုန်းကွယ်ကာ အခြေအနေကို စောင့်ကြည့်နေကြသည်။ စမ်းသပ်သည့် နေရာတွင် စက်ဘီးများကို စတင် ရောင်းချနေပြီဖြစ်ပြီး အခြေအနေကို ကြည့်ရသည်မှာ စိတ်ဝင်စားသူ အများအပြား ရှိနေ၏။
နည်းလမ်းမျိုးစုံ သုံးပြီး အပြည့်အဝ ကြော်ငြာထားမှတော့ ရောင်းအားမကောင်းဘူး ဆိုလျှင် တကယ်ကို သရဲတစ္ဆေ ခြောက်နေလို့သာ ဖြစ်ရမည်။ စမ်းသပ်စီးကြည့်သော ပြည်သူ ဆယ်ယောက်တွင် ရှစ်ယောက် ကိုးယောက်ခန့်က တစ်စီးစီ ကြိုတင်မှာယူသွားကြသည်။ အများစုကတော့ သုံးဘီးကား ဝယ်ယူခွင့်ကို ပို၍ မျက်စိကျနေကြသည်။
ယခုအချိန်တွင် စမ်းသပ်စီးကြည့်သည့် နေရာ၌ အလွန် စည်ကားနေပြီး သာမန် ပြည်သူများအပြင် ကလေးတစ်အုပ် ကလည်း တွန့်လိမ်ကားကို ကြည့်ကာ သွားရည်ကျနေကြသည်။ ကလေးတစ်ယောက် မဝင့်မရဲ ဆင်းလာသည်နှင့် နောက်ကလေးတစ်ယောက်က ချက်ချင်း ခုန်တက်သွားကာ ဝမ်းသာအားရဖြင့် ကစားနေကြ၏။
ခုနကမှ ကစားပြီးသွားသော ကလေးက သူ့မိဘများကို ပူဆာနေသည်။ "မေမေ... သား တွန့်လိမ်ကား ဝယ်ချင်တယ်။"
"တွန့်လိမ်ကားက ဘယ်လောက်လဲ။"
"ငွေတုံး ငါးဆယ်ပါ။ ဈေးဆစ်လို့ မရပါဘူး။"
"ဘာ... ရှင်တို့ ရူးနေလား။ သစ်သားစုတ်လေးနဲ့ လုပ်ထားတာကို ငွေတုံး ငါးဆယ်တောင် ပေးရမှာလား။"
"မေမေ... သား တွန့်လိမ်ကား ဝယ်ချင်တယ်။"
"လိမ်လိမ်မာမာ နေစမ်း။ မဝယ်ဘူး။"
"ဝယ်ပေး။ ဝယ်ပေး။"
"ဖြောင်း... ဖြောင်း..."
"ဝူး... ဝူး... ဝူး..."
အရိုက်ခံရပြီး ငိုယိုနေသော ကလေးကို ဆွဲခေါ်သွားသည့် မိဘများကို ကြည့်ကာ ဖန်ကျန်းရီက လူဆိုးတစ်ယောက် လို ရယ်မောနေသည်။
လီယွမ်ကျောက်က သူ့ကို အထင်သေးစွာ ကြည့်ကာ ပြောလိုက်၏။ "ဖန်ကြီး... ခင်ဗျားက တကယ်ကို လူစိတ်မရှိတဲ့လူပဲ။"
ဖန်ကျန်းရီက ပခုံးတွန့်ကာ ပြန်ပြောလိုက်သည်။ "အရှင့်သား... ဒါတွေ အကုန်လုံးက လှပတဲ့ ကလေးဘဝ အမှတ်တရတွေလေ။ နောင်တစ်ချိန်ကျရင် အဲဒီကလေးတွေက ကျုပ်ကို ကျေးဇူးတင်ရအုံးမှာ။"
လီယွမ်ကျောက်က နှုတ်ခမ်းမဲ့ကာ ပြောလိုက်၏။ "တခြားဟာတွေ မပြောနဲ့အုံး။ ဒီနေရာမှာ စည်ကားနေတယ် ဆိုပေမဲ့ ပြည်သူတွေက စမ်းစီးကြည့်ပြီးမှ ဝယ်ချင်ကြတာ။ ဒီအရှိန်အတိုင်း ဆက်သွားရင် လုပ်ငန်းဝန်ကြီးဌာနကို တကယ် နိုင်ပါ့မလား။
ကျောက်စိမ်းရောင် ကြွေထည် တစ်လုံးကို ငွေတုံး တစ်ရာကျော် ရောင်းရတယ်ဆိုတာ မေ့မထားနဲ့။ အဆင့်မြင့် အရာရှိကြီးတွေနဲ့ သူဌေးတွေက ဒီလောက် ငွေလေးကို ဂရုမစိုက်ကြဘူး။
တစ်အိမ်ကို ကြွေပန်းအိုး တစ်လုံး နှစ်လုံးလောက် ဝယ်လိုက်ရင်တင် ငွေဘယ်လောက် ရသွားပြီလဲ။ စက်ဘီးကို ငွေစငါးမူးနဲ့ ရောင်းနေတာဆိုတော့ နိုင်ဖို့ အခွင့်အရေး သိပ်မရှိလောက်ဘူး။"
ဖန်ကျန်းရီက ပြုံးကာ ပြန်ရှင်းပြလိုက်သည်။ "အရှင့်သား မလောပါနဲ့။ လောလောဆယ် ပြည်သူတွေက ဝယ်သွားပြီးရင် အလကား ဖြစ်သွားမလား ဆိုပြီး စိုးရိမ်နေကြတုန်းပါ။ ဒါပေမဲ့ ပထမအသုတ် ရောင်းထွက်သွားပြီး ဒီပစ္စည်းက စီးရတာ လွယ်ကူတယ်ဆိုတာကို အားလုံး သိသွားရင် အဲဒီလောက် စိုးရိမ်တော့မှာ မဟုတ်ဘူး။ နောက်ထပ် ဆယ်ရက်လောက် နေရင် သူတို့ စမ်းမစီးကြည့်ရရင်တောင် ဝယ်ချင်ကြလိမ့်မယ်။ နောက်ပြီး... ကျုပ်ရဲ့ ဖဲချပ်တွေ အကုန် မချရသေးဘူးလေ။"
"နောက်ထပ် ဘာဖဲချပ်တွေ ရှိသေးလို့လဲ" လီယွမ်ကျောက်က စိတ်ဝင်စားသွား၏။
"မျိုးချစ်ဗျူဟာ"
"……"
လီယွမ်ကျောက် ပုံစံက ဘာမှ နားမလည်သည့် ပုံဖြစ်နေသဖြင့် ဖန်ကျန်းရီက ပြုံးကာ ရှင်းပြလိုက်သည်။ "စက်ဘီး ရောင်းရငွေထဲက တစ်စိတ်တစ်ပိုင်းကို တခြား ဝေးလံခေါင်ဖျားတဲ့ ဒေသက ဆင်းရဲသား ပြည်သူတွေဆီ လှူဒါန်းသွားမယ်လို့ ကြေညာလိုက်မယ်။ စက်ဘီးဝယ်တာက ကုသိုလ်ပြုရာလည်း ရောက်တယ်၊ တိုင်းပြည်အတွက်လည်း ဂုဏ်ယူစရာ ဖြစ်တယ်ဆိုတော့ ပြည်သူတွေက သူတို့ကိုယ်သူတို့ ကုသိုလ်ယူနေတယ်လို့ ခံစားရမှာပေါ့။"
ဤကိစ္စက မြို့တော်ဧရိယာမှာတော့ အလုပ်ဖြစ်နိုင်သေးသည်။ အရှင်မင်းမြတ် နေထိုင်ရာ မြို့တော်ဖြစ်သဖြင့် ဝင်ငွေနှင့် ပညာအရည်အချင်းက နှိုင်းယှဉ်ကြည့်လျှင် ပိုမြင့်မားသည်။ ယခင်က ကျန်းနန်ဒေသမှာ စားနပ်ရိက္ခာ ပြတ်လပ်တုန်းကလည်း မြို့တော်က ပြည်သူတွေ အများအပြား လှူဒါန်းခဲ့ကြသည်။ ထို့ကြောင့် ဤတစ်ခေါက်လည်း အလုပ်ဖြစ်နိုင်လောက်၏။
သို့သောငြား တာ့ကျင်းတိုင်းပြည်တွင်... ပြည်ပက ဝင်လာသည့် ပစ္စည်းဆိုတာ မရှိသေးပေ။ ထိုအရာက ပြဿနာတစ်ခုပင်။ ပုံမှန်အားဖြင့် လူတွေ၏ သဘောထား ကွဲလွဲမှုကို အသုံးချနိုင်မှ ဤဖဲချပ်က အလုပ်ဖြစ်ပေမည်။
သို့ပေမည့် ဖန်ကျန်းရီမှာ အစောကတည်းက အစီအစဉ် ရှိပြီးသားဖြစ်သည်။ မူရင်းအတိုင်း တိုက်ရိုက်ကူးယူလို့ မရလျှင် ဒေသခံတွေနဲ့ ကိုက်ညီအောင် ပြုပြင်ပြောင်းလဲရမည်။
ထို့ကြောင့် ကြော်ငြာထဲတွင် ကိုယ်ပိုင် တီထွင်ထားသော ကုသိုလ်ယူသည့် နည်းလမ်းကို ထည့်သွင်းလိုက်ခြင်း ဖြစ်သည်။
ဘာသာတရား ယုံကြည်မှုကို အသုံးချပြီး စက်ဘီးဝယ်တာက ဆင်းရဲသားတွေကို လှူဒါန်းရာ ရောက်တယ်၊ တစ်နည်းအားဖြင့် စက်ဘီးဝယ်တာက ကိုယ့်အတွက် ကုသိုလ်ယူနေတာပဲ။
ထိုသို့ ပြောပြရမည်။
ဘုရားကျောင်းတွေ၊ ကျောင်းသင်္ခမ်းတွေကိုပါ လူလွှတ်ပြီး ကြော်ငြာခိုင်းဖို့ ပြင်ဆင်ထားသေးသည်။
လီယွမ်ကျောက်က မေးစေ့ကို ပွတ်သပ်ရင်း သံသယဖြင့် မေးလိုက်၏။ "ဒါက အလုပ်ဖြစ်ပါ့မလား။"
ဖန်ကျန်းရီက ရယ်မောကာ ပြန်ဖြေလိုက်သည်။ "အလုပ်ဖြစ်တာပေါ့။ အရောင်းဆိုင်တွေဆီ လာပြီး စက်ဘီးကို ဦးညွှတ် အရိုအသေပေးမယ့် သူတွေတောင် ရှိလာနိုင်သေးတယ်။ နောက်ပိုင်း ကြော်ငြာမယ့် ကိစ္စတွေကို သတင်းစာတိုက်ကို လွှဲပေးလိုက်ပြီ။ သူတို့ ဘယ်လို ကြော်ငြာမလဲ ဆိုတာကိုသာ စောင့်ကြည့်နေလိုက်။"
"ဒါဆို စက်ဘီးရောင်းရတဲ့ ငွေတွေကို ဘယ်ကို လှူမှာလဲ။"
"တောက်ယွမ်ခရိုင်ကို"
"..."
လီယွမ်ကျောက်က ဖန်ကျန်းရီကို စကားမပြောနိုင်တော့ဘဲ စိုက်ကြည့်နေရင်း မေးလိုက်၏။ "တောက်ယွမ်ခရိုင်က ဝေးလံခေါင်ဖျားတဲ့ ဒေသဖြစ်ပြီး ဆင်းရဲသား ပြည်သူတွေ ရှိသေးလို့လား။"
ဖန်ကျန်းရီက ချောင်းနှစ်ချက် ဟန့်လိုက်ပြီး တိုးတိုးလေး ရှင်းပြလိုက်သည်။ "အရှင့်သား... ကြော်ငြာဆိုတာလေ... အမှန်တရားချည်းပဲ ပြောနေရင် ကြော်ငြာလို့ ခေါ်ပါ့မလား။ နောက်ပြီး ဒီစက်ဘီးက အရင်းအတိုင်း ရောင်းနေတာပါ။ အဲဒီအပြင် နောက်ပိုင်း ရောင်းမယ့် သုံးဘီးကနေလည်း ကျုပ် အမြတ်မယူဖို့ ဆုံးဖြတ်ထားပါတယ်။
သိပ်မကြာခင်မှာပဲ ဈေးကွက်ထဲမှာ စက်ဘီးတွေကို အတုခိုးပြီး ထုတ်လုပ်မယ့် သူတွေ သေချာပေါက် ပေါ်လာမှာပါ။ ကျုပ်က ဈေးကွက်လမ်းကြောင်းကို ဖောက်ပေးပြီးရင် ဆက်မလုပ်တော့ပါဘူး။ ကျန်တာကိုတော့ ပြည်သူတွေ သူတို့ဘာသာ ဆက်လုပ်ကြပါစေ။"
လီယွမ်ကျောက်က စည်ကားနေသော စမ်းသပ်စီးကြည့်သည့် နေရာကို ကြည့်ရင်း စဉ်းစားဟန်ဖြင့် ခေါင်းညိတ်ကာ ပြောလိုက်၏။ "ဒါဆိုရင်တော့ တကယ် ပင်ပန်းတာပဲ။ ခင်ဗျားက ဉာဏ်များတဲ့ လူပဲ။ ဒါပေမဲ့ ခုနက ကျုပ်လည်း နည်းလမ်းတစ်ခု စဉ်းစားမိတယ်။"
"ဘာနည်းလမ်းလဲ။"
"မြို့တော်ကနေ တောက်ယွမ်ခရိုင်အထိ စက်ဘီးပြိုင်ပွဲ တစ်ခု လုပ်ရင်ရော။ ဘယ်သူ ပိုမြန်မြန် ရောက်လဲ ပြိုင်မယ်၊ ပထမဆုကို ငွေတုံး တစ်ရာ ချီးမြှင့်မယ်။ ဒီငွေကို ကျုပ် စိုက်ထုတ်ပေးမယ်။ ခင်ဗျား ဘယ်လိုထင်လဲ။"
ဖန်ကျန်းရီ၏ မျက်လုံးများထဲတွင် အံ့သြမှုများ ဖြတ်ပြေးသွားပြီး လက်မထောင်ကာ ချီးကျူးလိုက်သည်။ "ကောင်းတယ်။ အရှင့်သား တကယ် တော်တယ်။ အဲဒီလိုပဲ လုပ်ကြတာပေါ့။ ပထမအသုတ် ရောင်းလို့ တော်တော်လေး ကုန်သွားရင် ပြည်သူတွေကို ပြိုင်ပွဲ လုပ်ခိုင်းမယ်။ ပထမဆု၊ ဒုတိယဆု၊ တတိယဆု သတ်မှတ်ပြီး ဆုငွေတွေ ပေးမယ်။
ကျုပ် ထင်တာတော့ စက်ဘီး အလှဆင်ပြိုင်ပွဲ တစ်ခုပါ လုပ်သင့်တယ်။ နိုင်ငံတစ်ဝန်းက လက်မှုပညာရှင်တွေကို စက်ဘီးကို ပြုပြင်မွမ်းမံဖို့ အားပေးရမယ်။ အကျိုးပြုတဲ့ သူတွေကို ငွေပေးပြီး ချီးမြှင့်မယ်။"
လီယွမ်ကျောက်၏ မျက်လုံးများ အရောင်လက်သွားပြီး ဝမ်းသာအားရဖြင့် ပြောလိုက်၏။ "ဒီနည်းလမ်း ကောင်းတယ်။"
သူတို့နှစ်ဦးသည် အဆက်မပြတ် ဆွေးနွေးတိုင်ပင်နေကြသည်။
ထိုအချိန်မှာပဲ ကျင်းယီဝေတပ်ဖွဲ့ဝင် တစ်ဦးက ရုတ်တရက် ပေါ်လာပြီး သူတို့နှစ်ဦး အနားသို့ ကပ်လာသည်။ မောဟိုက်စွာဖြင့် လက်သီးဆုပ်ကာ ပြောလိုက်၏။ "အရှင့်သား၊ သခင်လေးဖန်... လုပ်ငန်းဝန်ကြီးဌာနက လူလွှတ်ပြီး သခင်လေးဖန်ကို စကားပြောဖို့ ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်။"
အပိုင်း (၆၄၆) လုပ်ငန်းဝန်ကြီးဌာနက လူတောင်းခြင်း။
ရုံးခန်းအတွင်းတွင် ကျန်းလျန်သည် အဆက်မပြတ် လမ်းလျှောက်နေပြီး အလွန် စိုးရိမ်နေသည့် ပုံပေါ်သည်။
ပန်းရှန်း နေ့စဉ်သတင်းစာ၏ သြဇာလွှမ်းမိုးမှုက အလွန် လျင်မြန်စွာ ပျံ့နှံ့သွားသည်မှာ တကယ်ပင်။
မွန်းလွဲပိုင်း ရောက်သည်နှင့် အပေါင်ဆိုင်များတွင် ကျောက်စိမ်းရောင် ကြွေထည် လာပြန်အမ်းသူ အများအပြား ရှိနေပြီ ဖြစ်သည်။ ဝယ်ယူနိုင်သူ အများစုမှာ အဆင့်အတန်း မြင့်မားသူများ ဖြစ်ကြသဖြင့် ပြန်အမ်းရမလိုလို မအမ်းရမလိုလို ဖြစ်နေကြသည်။ ဤအတိုင်း ဆက်သွားနေပါက သေချာပေါက် ရှုံးနိမ့်သွားမည်မှာ အသေအချာပင်။
ကျောက်စိမ်းရောင် ကြွေထည်၏ နာမည်ကို ပြောင်းလိုက်လျှင်ရော။ ထိုအရာလည်း အလုပ်မဖြစ်ပေ။ ဒုတိယနေ့ သတင်းစာတွင် နောက်ထပ် အမည်ဖျက်သည့် သတင်းများ ထပ်ထွက်လာမည်ကို စိုးရိမ်ရသည်။ ဖြေရှင်းမည့် နည်းလမ်းကို ခေါင်းခဲစွာ စဉ်းစားနေစဉ် အပြင်ဘက်မှ တံခါးစောင့်၏ အသံကျယ်ကျယ်ဖြင့် သတင်းပို့သံကို ကြားလိုက်ရ၏။
လီယွမ်ကျောက်နှင့် ဖန်ကျန်းရီတို့ ဝင်လာကြသည်။
ဖန်ကျန်းရီက ပြုံးရွှင်စွာဖြင့် မေးလိုက်၏။ "အမတ်ကျန်း... ကျုပ်ကို ဘာကိစ္စများ ရှိလို့လဲ။"
ကျန်းလျန်က အရင်ဆုံး လီယွမ်ကျောက်ကို အရိုအသေပေးလိုက်သည်။ "အရှင့်သားကို ဂါရဝပြုပါတယ်။"
ထို့နောက် ဖန်ကျန်းရီကို မလိုလားအပ်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။ "သခင်လေးဖန်... အကွက်တွေ တော်တော် ဆန်းတာပဲ။ ခင်ဗျား စက်ဘီး ခင်ဗျား ရောင်းတာ၊ ကျုပ်တို့ လုပ်ငန်းဝန်ကြီးဌာနရဲ့ ကျောက်စိမ်းရောင် ကြွေထည်ကို ဘာလို့ လာသိက္ခာချရတာလဲ။"
ဖန်ကျန်းရီက မေးစေ့ကို ပင့်ကာ အထင်သေးသော အပြုံးဖြင့် ပြန်ပြောလိုက်သည်။ "ဪ .. အမတ်ကျန်းက အားထုတ်ပြီး ကျုပ်ကို ရှာနေတာ ကျုပ်ကို အပြစ်လာတင်ဖို့ကိုး။ ကျုပ်က လုပ်ငန်းဝန်ကြီးဌာနရဲ့ ကျောက်စိမ်းရောင် ကြွေထည်ကို ဘယ်တုန်းက သိက္ခာချဖူးလို့လဲ။"
ကျန်းလျန်သည် သူ၏ ဂရုမစိုက်သော ပုံစံကို မြင်သောအခါ ဒေါသတကြီးဖြင့် သတင်းစာကို ထုတ်ကာ စားပွဲပေါ်သို့ ပုတ်ချလိုက်ပြီး အော်ပြောလိုက်၏။ "သခင်လေးဖန်... ကျုပ်တို့ ဖုံးကွယ်မနေတော့ဘူး။ ဒါက သတင်းစာတိုက်က လုပ်တဲ့ အလုပ် မဟုတ်ဘူးလား။ ခင်ဗျားက ကျောက်စိမ်းရောင် ကြွေထည်ကို ဒီလို အခြေအမြစ်မရှိ သိက္ခာချနေတာ။ ဒါက ကောလာဟလ ဖြန့်ပြီး ပြဿနာ ရှာနေတာပဲ။ ခင်ဗျားရဲ့ မျက်လုံးထဲမှာ တာ့ကျင်း ဥပဒေဆိုတာ ရှိသေးရဲ့လား။"
"တာ့ကျင်း ဥပဒေ"
ဖန်ကျန်းရီက လှောင်ပြောင်စွာ ရယ်မောလိုက်ပြီး မေးလိုက်သည် "ခင်ဗျားက တာ့ကျင်း ဥပဒေနဲ့ ကျုပ်ကို လာဖိအားပေးတာလား။ ကျုပ်က ဘယ်ဥပဒေကို ချိုးဖောက်မိလို့လဲ။ ခင်ဗျား ပြောစမ်း။"
ကျန်းလျန်က ဒေါသတကြီးဖြင့် ပြောလိုက်၏။ "အချက်အလက်တွေကို လုပ်ကြံဖန်တီးပြီး ရန်ငြိုးဖွဲ့ကာ သိက္ခာချမှု။"
ဖန်ကျန်းရီက သတင်းစာကို တစ်ချက် ကြည့်လိုက်ပြီး လက်နှစ်ဖက်ကို ယှက်ကာ ပြန်ပြောလိုက်သည်။ "မုန်ဝေ့မင်က လက်ဆောင်ကို လက်မခံတာနဲ့ ကျောက်စိမ်းရောင် ကြွေထည်ရဲ့ နာမည် ပျက်သွားတာက ကျုပ် ဖန်ကျန်းရီနဲ့ ဘာဆိုင်လို့လဲ။ နောက်ပြီး ကျုပ်တို့ နှစ်ယောက်ကြားမှာ ဘာရန်ငြိုးမှလည်း မရှိပါဘူး။"
ကျန်းလျန်က မေးလိုက်၏။ "သခင်လေးဖန်... ဒါ ခင်ဗျား ခိုင်းတာ မဟုတ်ဘူးလို့ ပြောရဲလား။"
ဖန်ကျန်းရီက ချက်ချင်း ပြန်ဖြေလိုက်သည်။ "ပြောရဲတာပေါ့။ အရှင့်သားက ကျုပ်အတွက် သက်သေပြပေးနိုင်တယ်။"
လီယွမ်ကျောက်ကလည်း ချက်ချင်း ဝင်ထောက်ခံလိုက်၏။ "ဟုတ်တယ်လေ။ ကျုပ် သက်သေပြနိုင်တယ်။"
ကျန်းလျန်က တံတွေးမြိုချလိုက်ပြီး သူတို့နှစ်ဦးကို ဟိုကြည့်ဒီကြည့် လုပ်နေမိသည်။
ဒီကောင်တွေက ကြွက်နဲ့မြွေလို တစ်ကျိတ်တည်း တစ်ဉာဏ်တည်းပဲ... ဒီနေ့ အိမ်ရှေ့စံပါ ပါလာတော့ ဒေါသထွက်ပြလို့လည်း အဆင်မပြေတော့ဘူး။
ကျန်းလျန်က ဒေါသတကြီးဖြင့် မေးလိုက်၏။ "သခင်လေးဖန်... ဘာပဲဖြစ်ဖြစ် ပန်းရှန်း သတင်းစာတိုက်က ခင်ဗျားရဲ့ နာမည်အောက်မှာ စီမံခန့်ခွဲနေတာလေ။ ဒီလိုကိစ္စမျိုး ဖြစ်လာပြီး ကျောက်စိမ်းရောင် ကြွေထည်ရဲ့ နာမည်ပျက်သွားတာက ခင်ဗျားမှာလည်း တာဝန်ရှိတယ် မဟုတ်လား။
ဒီကိစ္စက တော်တော်လေး ကြီးကျယ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရားမျှတစွာ ယှဉ်ပြိုင်ဖို့၊ ပွင့်လင်းမြင်သာဖို့တော့ လိုအပ်တယ်လေ။ မဟုတ်ရင် ခင်ဗျားက ဒီလို အောက်တန်းကျတဲ့ နည်းလမ်းတွေနဲ့ နိုင်သွားရင်တောင် နောင်တစ်ချိန် သိပ္ပံအကယ်ဒမီ တည်ထောင်တဲ့အခါ လူတွေက လက်ခံမှာ မဟုတ်ဘူး။"
ဖန်ကျန်းရီက ခေါင်းခါရင်း ပြန်ပြောလိုက်သည်။ "ခင်ဗျားက ဒီလို တွေးနေရင်တော့ ကျုပ်လည်း ဘာမှ မတတ်နိုင်ဘူး။ ဘာကိစ္စမှ မရှိရင် ကျုပ် ပြန်တော့မယ်နော်။"
ပြောပြီးသည်နှင့် လီယွမ်ကျောက်နှင့် ဖန်ကျန်းရီတို့ နှစ်ဦးလုံး တစ်ပြိုင်နက် လှည့်ကာ ထွက်သွားရန် ပြင်လိုက်ကြ၏။
ကျန်းလျန်က ကပျာကယာ တားလိုက်သည်။ "နေပါအုံး။ ကျုပ် ပြောလို့ မပြီးသေးဘူး။ ပန်းရှန်း နေ့စဉ်သတင်းစာက ဒီအတိုင်း ဆက်ပြီး ကြော်ငြာနေရင် ကျောက်စိမ်းရောင် ကြွေထည်က ဈေးကွက်ထဲမှာ လူတိုင်းက ဝိုင်းပြီး ကဲ့ရဲ့မယ့် အခြေအနေ ရောက်သွားတော့မယ်။
သခင်လေးဖန်... ခင်ဗျား လုပ်ရပ်က စည်းမျဉ်းချိုးဖောက်ပြီး ယှဉ်ပြိုင်နေတာပဲ။ ကျုပ်က အရှင်မင်းကြီး ရှေ့မှောက်မှာ ခင်ဗျားနဲ့ မျက်နှာချင်းဆိုင် ရှင်းဖို့ အဆင်သင့်ပဲ။ ခင်ဗျား ကျုပ်နဲ့ အတူတူ လိုက်ရဲလား။"
"မလိုက်ရဲပါဘူး။ အရှင့်သား... ကျုပ်တို့ သွားကြစို့" ဖန်ကျန်းရီက အသံကျယ်ကျယ်ဖြင့် ပြောကာ ခြေလှမ်း စတင်လိုက်၏။
ကျန်းလျန်သည် နှလုံးခုန် ရပ်သွားမတတ် ခံစားလိုက်ရသည်။ သူက ဖန်ကျန်းရီ အရှေ့သို့ အမြန်ပြေးသွားကာ လက်နှစ်ဖက်ကို ဆန့်တန်း၍ ပိတ်ရပ်ပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "သခင်လေးဖန်... ခင်ဗျားက ဒီလို အောက်တန်းကျတဲ့ နည်းလမ်းတွေနဲ့ နိုင်သွားရင်တောင် အရှင်မင်းကြီး ရှေ့မှောက်မှာ ဒါကို အတည်ပြုလို့ မရဘူး။ အဲဒီအချိန်ကျရင် ကျုပ်က တခြား မှူးမတ်တွေနဲ့ ပူးပေါင်းပြီး ခင်ဗျားကို တိုင်တန်းမယ်။ ခင်ဗျားက မသမာတဲ့ နည်းလမ်းနဲ့ ရောင်းနေတာပဲ။"
မသမာတဲ့ နည်းလမ်းနဲ့ ရောင်းနေတာလား။
ဖန်ကျန်းရီ ပြုံးလိုက်မိ၏။ ဒီရှေးရိုးစွဲ အဘိုးကြီး ပါးစပ်ကနေ ဒီလိုစကားမျိုး ထွက်လာတာ တကယ်ကို ဂန္ထဝင်မြောက်တာပဲ။
ဖန်ကျန်းရီက မေးလိုက်သည်။ "အမတ်ကျန်း... ခင်ဗျားက ဘာသဘောလဲ။ ကျုပ်ကို ပေးမထွက်ဘူးပေါ့။"
ကျန်းလျန်က ဖန်ကျန်းရီကို စိုက်ကြည့်ကာ မျက်တောင်မခတ်ဘဲ ပြောလိုက်၏။ "ကျုပ် ခင်ဗျားကို ခေါ်လာတာ တခြားကြောင့် မဟုတ်ဘူး။ ပန်းရှန်း နေ့စဉ်သတင်းစာမှာ ရှင်းလင်းချက် ပြန်ထုတ်ပေးဖို့နဲ့ ကျောက်စိမ်းရောင် ကြွေထည်ရဲ့ နာမည်ဆိုးကို ဆေးကြောပေးဖို့ပါ။ ဒီနေ့ကစပြီး အလားတူ သတင်းတွေ ထပ်မပါစေရဘူး။ ကျုပ် လိုချင်တာက တရားမျှတတဲ့ ယှဉ်ပြိုင်မှု တစ်ခုပဲ။ ပြဿနာ မရှိဘူး မဟုတ်လား။"
ဖန်ကျန်းရီကလည်း လုံးဝ အလျှော့မပေးဘဲ မျက်လုံးချင်း ဆုံကာ ပြန်လည် တုံ့ပြန်လိုက်သည်။ "အမတ်ကျန်း... ကြည့်ရတာ ခင်ဗျားက စီးပွားရေးလောကအကြောင်း နားမလည်ဘူးပဲ။ စီးပွားရေးလောကဆိုတာ စစ်မြေပြင်လိုပဲ၊ အပြောင်းအလဲများတယ်၊ တရားမျှတမှု ဆိုတာတွေ မရှိဘူး။
ခင်ဗျားက ကျုပ် လုပ်တာလို့ အတိအကျ ထင်နေမှတော့ ကျုပ်လည်း ဘာမှ ပြောစရာ မရှိတော့ပါဘူး။ လုပ်ငန်းဝန်ကြီးဌာနမှာလည်း သတင်းစာ ရှိတယ် မဟုတ်လား။ ခင်ဗျားတို့လည်း သတင်းစာကို သုံးပြီး ကြော်ငြာလို့ ရတာပဲ။
နောက်ပြီး လုပ်ငန်းဝန်ကြီးဌာနက ရှုံးသွားရင်တောင် ခင်ဗျားတို့အတွက် ဘာနစ်နာမှု ရှိလို့လဲ။ ကျုပ်က တောက်ယွမ်ခရိုင် က လူတွေကို လွှတ်ပြီး လက်နက်တွေ၊ ယမ်းမှုန့်တွေ ထုတ်လုပ်တဲ့ နေရာမှာ ခင်ဗျားတို့ကို ကူညီပေးမယ်လို့ ပြောထားပြီးပြီလေ။ ခင်ဗျားတို့က သိပ္ပံအကယ်ဒမီ တည်ထောင်မှာကို အဲဒီလောက်တောင် မလိုလားဘူးလား။
သိပ္ပံအကယ်ဒမီ တည်ထောင်တာက တကယ်တော့ အလွန်ကောင်းတဲ့ ကိစ္စပါ။ နောင်တစ်ချိန်ကျရင် လုပ်ငန်းဝန်ကြီးဌာနနဲ့ အပြန်အလှန် အထောက်အကူ ပြုနိုင်မှာပါ။ ကျုပ် အမြင်ကို ပြောရရင် ကျုပ်တို့ရဲ့ ဒီလောင်းကြေးက အပိုတွေပါ။ ခင်ဗျားက ကျုပ်ကို ထောက်ခံသင့်တာ။"
ကျန်းလျန်က ခဏမျှ မှင်သက်သွားပြီးနောက် လှောင်ပြောင်စွာ ရယ်မောကာ ပြန်ပြောလိုက်၏။ "ဒီစကားတွေကို ဆက်ပြောနေစရာ မလိုတော့ပါဘူး။ သိပ္ပံအကယ်ဒမီ လုပ်နိုင်တဲ့ ကိစ္စတွေကို လုပ်ငန်းဝန်ကြီးဌာနက အကုန် လုပ်နိုင်ပါတယ်။ အပိုတွေ လုပ်နေစရာ မလိုပါဘူး။"
ရှင်းရှင်းပြောရရင် ခင်ဗျားရဲ့ သိပ္ပံအကယ်ဒမီက လုပ်ငန်းဝန်ကြီးဌာနရဲ့ အာဏာကို ခွဲဝေယူမှာလေ။ စကားတွေကတော့ နားထောင်လို့ ကောင်းတာပဲ၊ အပြန်အလှန် အထောက်အကူ ပြုတယ်တဲ့လား။ အရင်တုန်းက ခင်ဗျား .. ဖန်ကျန်းရီ ပြောခဲ့သေးတယ်၊ လက်မှုပညာရှင်တွေကို အများအပြား လက်ခံမယ်၊ အရာအားလုံး ပါဝင်မယ် ဆိုပြီးတော့။ တောက်ယွမ်ခရိုင်ရဲ့ နည်းပညာတွေပါ ပေါင်းထည့်လိုက်ရင် နောင်ဆို လက်နက်တွေ အားလုံးကို ခင်ဗျားရဲ့ သိပ္ပံအကယ်ဒမီကပဲ ထုတ်လုပ်ရတော့မယ်။ ဒီလိုဆိုရင် အချိန်တစ်ခု ကြာလာတဲ့အခါ လုပ်ငန်းဝန်ကြီးဌာန အသစ်တစ်ခု ထပ်ပေါ်လာတာနဲ့ အတူတူပဲပေါ့။ အဲဒီအချိန်ကျရင် လုပ်ငန်းဝန်ကြီးဌာနက ဘာလုပ်ဖို့ လိုတော့မှာလဲ။
ဖန်ကျန်းရီ စိတ်ရှုပ်သွားပြီး အပိုစကားတွေ ဆက်မပြောချင်တော့သဖြင့် အပြင်သို့ ဆက်လျှောက်သွားလိုက်သည်။
ကျန်းလျန်က ရှေ့သို့တိုးကာ သူ၏ အင်္ကျီလက်ကို ဆွဲထားပြီး ပြောလိုက်၏။ "လာ... ကျုပ်နဲ့ လိုက်ခဲ့။ ခင်ဗျားနဲ့ စကားပြောလို့ နားမလည်မှတော့ အရှင်မင်းကြီးကိုပဲ ဖြေရှင်းခိုင်းလိုက်မယ်။"
သူက အဆက်မပြတ် နှောင့်ယှက်နေသည်ကို မြင်သောအခါ ဖန်ကျန်းရီက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။
"ဒီလိုလုပ်ပါ အမတ်ကျန်း... ခင်ဗျား ကျုပ်ကို ဆက်ပြီး ဒုက္ခမပေးပါနဲ့တော့။ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခု ကျုပ်တို့ စဉ်းစားကြတာပေါ့။"
ကျန်းလျန်၏ လက်က မလွှတ်သေးဘဲ သတိထားကာ မေးလိုက်၏။ "ဘာနည်းလမ်း စဉ်းစားမလို့လဲ။"
ဖန်ကျန်းရီက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။ "လုပ်ငန်းဝန်ကြီးဌာနက... ကျုပ်ကို လက်မှုပညာရှင် အယောက်တစ်ရာ ပေးပါ။ ကျုပ် ကိုယ်တိုင် ရွေးမယ်။ အဲဒီအစား ကျောက်စိမ်းရောင် ကြွေထည်ရဲ့ နာမည်ဆိုးကို ရှင်းပေးဖို့ သတင်းစာတိုက်ကို ကျုပ် ခိုင်းလိုက်မယ်။ ဘယ်လိုလဲ။"
"မဖြစ်ဘူး"
ကျန်းလျန်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ "ဘာကိစ္စ ခင်ဗျားကို လက်မှုပညာရှင် အယောက်တစ်ရာ ပေးရမှာလဲ။"
ဖန်ကျန်းရီက သူ၏ လက်ကို ပုတ်ချလိုက်ပြီး ပြုံးကာ ရှင်းပြလိုက်သည်။ "သိပ္ပံအကယ်ဒမီကို တည်ထောင်ဖြစ်ခဲ့ရင်... အဲဒီအချိန်ကျမှ လုပ်ငန်းဝန်ကြီးဌာနဆီက လက်မှုပညာရှင် အယောက်တစ်ရာကို ကျုပ် တောင်းမယ်လေ။
ခင်ဗျားကို ကျုပ် ကတိပေးပါတယ်။ ပန်းရှန်း နေ့စဉ်သတင်းစာက မနက်ဖြန်မှာ ကျောက်စိမ်းရောင် ကြွေထည်ကို သေချာ ပြန်ပြီး ကြော်ငြာပေးမယ်။ သတင်းစာထဲမှာ ပါမယ့် စာသားကိုတောင် ခင်ဗျား ကိုယ်တိုင် သတ်မှတ်ပေးလို့ ရတယ်။ နောက်ပြီး ကျုပ်တို့ ပြိုင်ပွဲ ကာလအတွင်းမှာ ကျောက်စိမ်းရောင် ကြွေထည်နဲ့ ပတ်သက်တဲ့ မကောင်းတဲ့ သတင်းတွေ လုံးဝ မပါစေရဘူးလို့ ကျုပ် အာမခံတယ်။ ဘယ်လိုလဲ။"
ကျန်းလျန်သည် မျက်မှောင်ကြုတ်ကာ အသေအချာ စဉ်းစားနေ၏။
လက်မှုပညာရှင် အယောက်တစ်ရာ ဆိုသည်မှာ လုပ်ငန်းဝန်ကြီးဌာနအတွက် သိပ်ပြီး အရေးမကြီးလှပေ။
တကယ်လို့ ကျောက်စိမ်းရောင် ကြွေထည်ရဲ့ နာမည်ဆိုးကို ရှင်းပေးနိုင်ရင်၊ ကိုယ့်ရဲ့ အဆက်အသွယ်တွေကိုပါ အသုံးပြုလိုက်မယ်ဆိုရင် စုစုပေါင်း ဝင်ငွေက သေချာပေါက် ငွေတုံး သောင်းချီပြီး ရနိုင်လောက်တယ်။ အဲဒီအချိန်ကျရင် ငါက နိုင်ဖို့ သေချာနေပြီ။ ဒါပေမဲ့ ဖန်ကျန်းရီက တကယ်ပဲ ဒီလောက် သဘောကောင်းနေလို့လား။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် ကျန်းလျန်က တွန့်ဆုတ်စွာဖြင့် ပြန်ပြောလိုက်သည်။ "ခင်ဗျား ပြောတဲ့ အချက်ကို ကျုပ် လောလောဆယ် လက်ခံလိုက်မယ်။ ဒါပေမဲ့ လက်မှုပညာရှင် အယောက်တစ်ရာထဲမှာ လက်နက် ထုတ်လုပ်တဲ့ သူတွေကို ခင်ဗျား ယူလို့ မရဘူး။ ပြီးတော့ သတ်မှတ်ထားတဲ့ လူတချို့ကိုလည်း ခင်ဗျား ခေါ်သွားလို့ မရဘူး။"
ဒီအဘိုးကြီး... တော်တော်လေး သတိထားနေတာပဲ။ ဒါပေမဲ့ လက်မှုပညာရှင်ဆိုတာ လုပ်ငန်းဝန်ကြီးဌာနက လက်မှုပညာရှင်တွေပဲလေ။ ဘာပဲဖြစ်ဖြစ် တန်ဖိုးရှိတာပဲ။ ကိုယ့်လက်အောက် ရောက်လာရင် သူတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေကို ထုတ်မသုံးနိုင်မှာ ပူစရာ မလိုဘူး။
အခွင့်အရေးရတုန်း လုပ်ငန်းဝန်ကြီးဌာနက လူတချို့ကို ခိုးထုတ်ရတာပေါ့။ ဒါတွေ အကုန်လုံးက နောင်တစ်ချိန် ငါ့အတွက် အခြေခံအုတ်မြစ်တွေပဲလေ။
ဖန်ကျန်းရီက ပြုံးကာ ပြောလိုက်၏။ "ဒါဆိုရင်လည်း ကတိအတိုင်းပဲပေါ့။"