← Chapters

အခန်း (၆၄၇-၆၄၈)

Vol. 35 Ch. 647-648

အခန်း (၆၄၇-၆၄၈)

Vol. 35 Ch. 647-648

အပိုင်း (၆၄၇) မြို့တော်တစ်ခုလုံး စက်ဘီးစီးကြပြီ။

လုပ်ငန်းဝန်ကြီးဌာနမှ အထွက်တွင် လီယွမ်ကျောက်သည် ဇဝေဇဝါ ဖြစ်နေသည့်ပုံဖြင့် မေးလိုက်သည်။ "ဖန်ကြီး... ခင်ဗျား ဘယ်အချိန်တည်းက ဒီလောက် သဘောကောင်းသွားတာလဲ။"

ဖန်ကျန်းရီက ရယ်မောကာ ပြန်ဖြေလိုက်၏။ "တရားမျှတတဲ့ ယှဉ်ပြိုင်မှုလေ... ကျုပ်တို့က သူ့ကို လုံးဝ လက်ခံသွားအောင် လုပ်ရမှာပေါ့။ ပစ္စည်းရဲ့ အရည်အသွေးက ရှိနေပြီးသားပဲ၊ ကျုပ်တို့ ရှုံးနိုင်ပါ့မလား။ နောက်ပြီး... ကောလာဟလ ဖြန့်တာက ပါးစပ်နဲ့တင် ရပေမဲ့၊ ပြန်ရှင်းရတာက ခြေထောက် ကျိုးမတတ် လိုက်ရှင်းရတာလေ။ ရွှံ့တွေ ဘောင်းဘီထဲ ရောက်သွားပြီဆိုရင် ဘယ်သူက သူ ရှင်းပြတာကို နားထောင်တော့မှာလဲ။"

"ခင်ဗျား တကယ် လည်တာပဲ။"

ကျန်းလျန်ကို ကတိပေးလိုက်ပြီးပြီ ဖြစ်၍ ဖန်ကျန်းရီကလည်း သေချာပေါက် ကတိဖျက်မည် မဟုတ်ပေ။ ရှင်းပေးမယ်လို့ ကတိပေးထားလျှင် သေချာပေါက် ရှင်းပေးရပေမည်။

ယခု ဈေးကွက်အတွင်းတွင် စက်ဘီး၏ ရေပန်းစားမှုက မျှော်မှန်းထားသည့် အတိုင်းအတာသို့ ရောက်ရှိနေပြီ ဖြစ်၍ အခြားပြိုင်ဘက်များကို တိုက်ရိုက် အနိုင်ယူနိုင်နေပြီ ဖြစ်သဖြင့် မတရားသည့် နည်းလမ်းများကို ဆက်သုံးနေရန် မလိုအပ်တော့ပေ။

ထို့အပြင် ကျန်းလျန် ပြောသည်မှာလည်း အကြောင်းပြချက် ရှိသည်။ အကယ်၍ သူက အပျက်သဘောဆောင်သည့် နည်းလမ်းများကို အမြဲတမ်း အသုံးပြုနေမည်ဆိုလျှင် စီးပွားရေးလောက၏ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီသော်လည်း ရုံးတော်ရှိ ကိုယ်ကျင့်တရား အမြင်များနှင့် ကိုက်ညီမည် မဟုတ်ပေ။ ထိုအချိန်ရောက်၍ မှူးမတ်တွေ အားလုံးက ဝိုင်းပြီး ကန့်ကွက်လာလျှင် ခေါင်းကိုက်စရာ ကိစ္စ နောက်တစ်ခု ဖြစ်လာလိမ့်မည်။

ထို့ကြောင့် အခွင့်အရေးကို အသုံးချပြီး လုပ်ငန်းဝန်ကြီးဌာနက လူတွေကို တတ်နိုင်သလောက် ခေါ်ယူထားသည်က ပိုကောင်းသည်။ နောင်တစ်ချိန် သိပ္ပံအကယ်ဒမီ တည်ထောင်လိုက်လျှင် လုပ်ငန်းဝန်ကြီးဌာနနဲ့ ယှဉ်ပြိုင်ရဖို့က သေချာသလောက် ရှိနေပြီး ကျန်းလျန်၏ စိုးရိမ်မှုကလည်း လုံးဝ ဖြစ်လာနိုင်သည့် အရာပင်။ နောက်ခေတ်တွေမှာ ခေါ်သော ထုတ်လုပ်ရေးနဲ့ သုတေသန ပေါင်းစပ်သည်ဆိုသော သဘောတရားမျိုးက ယခုခေတ်မှာ လုံးဝ မရှိသေးပေ။

လုပ်ငန်းဝန်ကြီးဌာန၏ လက်မှုပညာရှင်တွေက ထုတ်လုပ်ရေးနှင့် သုတေသန ပေါင်းစပ်ထားတယ် ဆိုပေမည့် ထိုအထဲတွင် သုတေသန လုပ်သည့် အပိုင်းက တကယ်ကို နည်းပါးလွန်းသည်။

ဤအချက်ကို ဖန်ကျန်းရီ ကောင်းကောင်း နားလည်သည်။ အခု ကျန်းလျန်ကို နှစ်သိမ့်ထားလိုက်လျှင် အချိန်တန်၍ အလုပ်ဖြစ်သွားသောအခါ ဘာဖိအားမှ ရှိတော့မည် မဟုတ်ပေ။

"အရှင့်သား... နေ့လယ်ပိုင်း အချိန်ရသေးတုန်း၊ မနက်ဖြန် သတင်းစာ မထွက်ခင်လေး သူ့ကို သိက္ခာချမယ့် လူတွေကို မြန်မြန် ထပ်ရှာလိုက်ရအောင်။"

"သွားမယ်။"

...

တစ်လကျော် ကာလအတွင်းတွင် မြို့တော်၌ အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့ပြီး သတင်းစာတိုက်၊ ကျင်းယီဝေ တပ်ဖွဲ့နှင့် အခြား အဖွဲ့အစည်းငယ်လေးများ၏ ပူးပေါင်းလှုံ့ဆော်မှုကြောင့် စက်ဘီးသည် ခေတ်ရေစီးကြောင်း တစ်ခုပြီးတစ်ခု ဖန်တီးနိုင်ခဲ့သည်။

ပထမအကြိမ်မြောက် တောက်ယွမ်ဖလား စက်ဘီးပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ မြို့တော်မှ စတင်ထွက်ခွာပြီး တောက်ယွမ်ခရိုင်အထိ ယှဉ်ပြိုင်ရမည်ဖြစ်ကာ တောက်ယွမ်ခရိုင်က ညအိပ် ညစာ အခမဲ့ စီစဉ်ပေးမည် ဖြစ်၏။

ဆုကြေးများကလည်း အလွန် များပြားပြီး ဆွဲဆောင်မှု ရှိလှသည်။

ပထမဆု - ကျင်းယီဝေ မုန်ဝေ့မင်၏ 'ဝေ့မင် သစ်တော်သီးဝေခြင်း' အထူးထုတ် ရွှေကတ်ပြား တစ်ကတ်။

ဒုတိယဆု - ကျင်းယီဝေ မုန်ဝေ့မင်၏ 'ဝေ့မင် ရေအိုးခွဲခြင်း' အထူးထုတ် ငွေကတ်ပြား တစ်ကတ်။

တတိယဆု - မုန်ဝေ့မင် လက်မှတ်ထိုးထားသော ပန်းချီကား တစ်ချပ်။

စတုတ္ထဆုမှ အယောက်ငါးဆယ်အထိ - စက်ဘီးပုံ ထွင်းထားသော သံပြား တစ်ခုစီ။

ဆုကြေး အားလုံးပေါင်း၏ ကုန်ကျစရိတ်မှာ ငွေတုံး ငါးတုံးပင် မပြည့်ပေ။

သို့သော်ငြား မြို့တော်ရှိ ပြည်သူများမှာ ချက်ချင်း စိတ်လှုပ်ရှားသွားကြပြီး စက်ဘီးများကို နေရာအနှံ့ အပူတပြင်း လိုက်လံ ဝယ်ယူကြတော့သည်။ မူလက ငွေစငါးမူးသာ တန်သော စက်ဘီးမှာ မှောင်ခိုသမားများ၏ ဈေးကစားမှုကြောင့် ငွေတုံး ငါးတုံးအထိ ဈေးတက်သွားသည်။ စက်ဘီး၏ နာမည်ကောင်းကို မှောင်ခိုသမားများ ဖျက်ဆီးမည်ကို စိုးရိမ်သဖြင့် ဖန်ကျန်းရီက ဖုန်းဟော့ဂိုဏ်းကို အထူး တာဝန်ပေးကာ နေရာအနှံ့ လိုက်လံ ဖမ်းဆီးခိုင်းလိုက်သည်။

အိမ်ရာစီမံခန့်ခွဲရေး အတွေ့အကြုံရှိတဲ့ သူတွေပဲ၊ မှောင်ခိုသမားတွေကို မနှိမ်နင်းနိုင်ဘူး ဆိုတာ ရှိပါ့မလား။

မည်သို့ပင် တင်းကျပ်စွာ တားဆီးစေကာမူ ဤကဲ့သို့သော ကိစ္စရပ်များကို အလုံးစုံ ထိန်းချုပ်ရန်မှာ ခက်ခဲလှပြီး အားနည်းချက် အနည်းငယ်တော့ ရှိနေမြဲပင်။ သို့သော်ငြား အခြေအနေတစ်ခုလုံးကို ထိခိုက်မှု မရှိနိုင်တော့ပေ။ ငွေရှိပြီး ကြိုတင်မှာယူရန် မစောင့်နိုင်သူများကတော့ မှောင်ခိုသမားများထံမှ အရင်ဆုံး ဝယ်ယူနေကြသည်။ မည်သို့ပင်ဖြစ်စေ မုန်ဝေ့မင်၏ ရွှေကတ်၊ ငွေကတ်တွေကိုသာ ရသွားလျှင် အဆပေါင်း ရာချီ ထောင်ချီ မြတ်သွားမှာပင်။

နှစ်ရက်အတွင်းမှာပဲ မြို့တော်တစ်ခုလုံး၌ စက်ဘီး ထောင်ပေါင်းများစွာ ရောင်းချခဲ့ရသည်။

တောက်ယွမ်ခရိုင် အပြင်ဘက်ရှိ မြေလွတ်များတွင် အိမ်ဆောက်နေသော လျိုကျုံးရွှန်းသည် ဖန်ကျန်းရီပေးသော သတင်းအချက်အလက်များနှင့် လမ်းညွှန်ချက်များကို ကြိုတင်ရရှိထားသဖြင့် ညတွင်းချင်း စံပြအိမ်အချို့နှင့် ယာယီ အရောင်းဆိုင်များကို ဆောက်လုပ်ထားလိုက်သည်။ ထို့အပြင် လမ်းဘေးတွင် ကြီးမားလှသော ကြော်ငြာဘုတ် သုံးခုကိုလည်း စိုက်ထူထားလိုက်သည်။

'တောက်ယွမ်မြို့သစ်၊ ပန်းချီကားတစ်ချပ်လို လှပတဲ့ ရှုခင်းတွေ၊’

‘အခမဲ့ ကျောင်းတွေ၊ မြို့တော်ကို တိုက်ရိုက်သွားလို့ရတဲ့ လမ်းတွေ၊ သွားလာရေး အဆင်ပြေမှု၊’

‘ကျင်းယီဝေတပ်ဖွဲ့ရဲ့ တရားဝင် လေ့ကျင့်ရေးကွင်းတွေ...' စသဖြင့် ရေးသားထား၏။

ထို့အပြင် ဖြစ်နိုင်ခြေ မသေချာသေးသည့် အနာဂတ်၏ သာယာလှပသော စီမံကိန်းများကိုလည်း ထည့်သွင်း ကြော်ငြာထားသေးသည်။

တရားဝင် ပြိုင်ပွဲ စတင်သည့်နေ့တွင် မြို့တံခါးအပြင်ဘက်၌ ယခင်က တစ်ခါမှ မမြင်ဖူးလောက်အောင် စည်ကားနေသော မြင်ကွင်းကို တွေ့လိုက်ရသည်။ လူတွေ အုံခဲနေပြီး ကြက်ပျံမကျ စည်ကားနေကာ မရေမတွက်နိုင်သော ပြည်သူများက လာရောက် ကြည့်ရှု အားပေးနေကြ၏။

သမားတော် အများအပြားကလည်း ဆေးအိတ်များကို ကိုယ်စီလွယ်ကာ တပည့်များကို ခေါ်ပြီး လမ်းတစ်ဝက်တွင် အစောကြီးကတည်းက ကြိုတင် စောင့်ဆိုင်းနေကြသည်။

ဒီနေ့ ဒဏ်ရာရမယ့်လူ နည်းမှာ မဟုတ်ဘူး၊ သေချာပေါက် စီးပွားဖြစ်မှာပဲ။

ပထမဆုံးအကြိမ် ဤကဲ့သို့သော အကြီးစား ပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်၍ လူများ ဒဏ်ရာရမည်ကို ဖန်ကျန်းရီ စိုးရိမ်သဖြင့် ပြိုင်ပွဲအစတွင် လူအများစု ပြိုင်တူ အရှိန်ကုန် မနင်းကြစေရန် ခွန်အား ခွဲဝေသုံးစွဲမှု နည်းစနစ်များကို အထူး ရှင်းပြပေးခဲ့ရ၏။

ထိုနေ့က ယှဉ်ပြိုင်မှု အပြီးတွင် အကောင်းဆုံး သုံးယောက်ကို အောင်မြင်စွာ ရွေးချယ်နိုင်ခဲ့သည်။

ပထမဆု ကျန်းပြောင်၊ ဒုတိယဆု ကျိုးထျဲ့... တတိယဆု မြို့တော်က လူတစ်ယောက်။

ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သော်လည်း ထိုနေ့တွင် ပြင်းထန်စွာ ဒဏ်ရာရရှိသူ ရာနှင့်ချီ ရှိခဲ့သည်။ မြို့တော်မှ သမားတော်များကတော့ နှစ်သစ်ကူးသလို ပျော်ရွှင်နေကြပြီး စက်ဘီး၏ အမာခံ ပရိသတ်များ ဖြစ်သွားကြ၏။

သေးငယ်သည့် ဒဏ်ရာများသာ ဖြစ်သော်လည်း ပြိုင်ပွဲကို ဦးစီးကျင်းပသူ ဖန်ကျန်းရီမှာမူ ညီလာခံတွင် ကျင်းဘုရင်မင်းမြတ်၏ အပြင်းအထန် ဆူပူကြိမ်းမောင်းမှုကို ခံခဲ့ရသည်။ အဆူခံရသော်လည်း ကြော်ငြာ၏ အကျိုးသက်ရောက်မှုကတော့ နောက်ထပ် အထွတ်အထိပ်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်မှာ ထင်ရှားသည်။

စက်ဘီး ပြိုင်ပွဲအပြီးတွင် စက်ဘီး ပြုပြင်မွမ်းမံမှု ပြိုင်ပွဲက ဆက်လက် ထွက်ပေါ်လာသည်။ ဒိုင်လူကြီးများက အသုံးဝင်သည်ဟု အကဲဖြတ်ပါက ဆုငွေ ငွေတုံး ဆယ်ကျပ် ရရှိမည်ဖြစ်၏။

လက်မှုပညာ အနည်းငယ် တတ်ကျွမ်းသော ပြည်သူအများအပြားက ကိုယ်တိုင် ပါဝင်ယှဉ်ပြိုင်ကြသည်။ ၎င်းတို့အထဲတွင် ထူးဆန်းပြီး အသုံးမဝင်သော ဒီဇိုင်းပုံစံများက လူတွေကို အံ့သြသွားစေခဲ့သည်။ နင်းတံကို လက်လှည့်အဖြစ် ပြောင်းထားတာတွေ၊ လှဲစီးလို့ရအောင် လုပ်ထားတာတွေ၊ စက်ဘီးခေါင်းမှာ လှံတပ်ထားတာတွေ၊ ထိုင်ခုံမှာ နောက်မှီတပ်ထားတာတွေ...။

ထိုအထဲတွင် လူတစ်ယောက်က ထူးထူးဆန်းဆန်း စဉ်းစားပြီး စက်ဘီးမှာ နောက်ကြည့်မှန် တပ်ဆင်ထားသည်ကိုတောင် တွေ့ရသေးသည်။ လက်ရှိ စက်ဘီး၏ စွမ်းဆောင်ရည်အရဆိုရင် သိပ်အသုံးမဝင်သော်လည်း တီထွင်ဖန်တီးနိုင်စွမ်းကတော့ အံ့မခန်းပင်။ ဖန်ကျန်းရီကိုတောင် အံ့သြသွားစေခဲ့၏။

တာ့ကျင်းတိုင်းပြည်ရှိ ပြည်သူတို့သည် ငွေကြေး၏ လှုံ့ဆော်မှုအောက်တွင် တီထွင်ဖန်တီးနိုင်စွမ်းများ အပြည့်အဝ နိုးကြားလာခဲ့ကြသည်။ ထိုအရာများအနက် အများစုမှာ သိပ် အသုံးမဝင်လှသော်ငြားလည်း၊ ထိုအထဲမှ အသုံးဝင်မည့် အရာတစ်ချက်၊ နှစ်ချက်လောက်ကို သေချာပေါက် ရွေးချယ်ထုတ်နှုတ်နိုင်ပေလိမ့်မည်။

ဤအခွင့်အရေးကို အသုံးချကာ အနာဂတ်တွင် သိပ္ပံအကယ်ဒမီ တည်ထောင်ရန်အတွက် လူရည်ချွန်များကို စုဆောင်းရာလည်း ရောက်ပေသည်။ ဆုရရှိသူ အားလုံး၏ ကိုယ်ရေးမှတ်တမ်းများကို သိမ်းဆည်းထားခြင်းဖြင့် နောင်တစ်ချိန်တွင် တိကျသေချာစွာ ခေါ်ယူနိုင်မည်။ ဤသည်မှာ အချိန်ကို များစွာ သက်သာစေပြီး တစ်ချက်ခုတ် နှစ်ချက်ပြတ်သော အကြံအစည်ပင် ဖြစ်သည်။

ပြုပြင်မွမ်းမံမှု ပြိုင်ပွဲကြီးမှတစ်ဆင့် ထပ်မံ၍ ကြီးမားလှသော ရိုက်ခတ်ပျံ့နှံ့မှုကြီးကို ဖြစ်ပေါ်လာစေခဲ့ပြန်၏။

ထိုပြိုင်ပွဲ ပြီးဆုံးသွားပြီးနောက်တွင် တတိယမြောက် ပြိုင်ပွဲကို ဆက်လက် ကျင်းပခဲ့သည်။ သို့သော် ဤပြိုင်ပွဲ၏ သတ်မှတ်ချက်မှာ များစွာ နိမ့်ကျသွားခဲ့၏။ ဤတစ်ကြိမ်တွင် အခြားအရာများကို ယှဉ်ပြိုင်မည် မဟုတ်ဘဲ အလှအပဆိုင်ရာ အမြင်ကိုသာ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

၎င်းကို အလှဆင်ပြိုင်ပွဲဟု ခေါ်ဆို၏

အမည်နှင့်လိုက်ဖက်စွာပင် စက်ဘီးအား အသွင်သစ် ပြောင်းလဲပေးရမည်။ မည်သူက စက်ဘီးကို အလှပဆုံး ဆေးသုတ်နိုင်မည်နည်း ဆိုသည်ကို ယှဉ်ပြိုင်ကာ အနိုင်ရသူက ဆုရရှိမည် ဖြစ်သည်။ အကဲဖြတ်သည့် အပိုင်းတွင်လည်း ပြည်သူတို့၏ မဲပေးရွေးချယ်မှုဖြင့် ဆုံးဖြတ်မည် ဖြစ်၏။ ပြင်းထန်လှသော မဲပေးရွေးချယ်မှုများ အပြီးတွင်တော့ ပထမဆုကို အောင်မြင်စွာ ရွေးချယ်နိုင်ခဲ့သည်။

ဆုရရှိသွားသူကား တာ့ကျင်းတိုင်းပြည်၏ အိမ်ရှေ့စံမင်းသား လီယွမ်ကျောက်ပင် ဖြစ်၏။

ဆုချီးမြှင့်ပွဲနေ့တွင် လီယွမ်ကျောက်သည် ခါးထောက်ကာ အောင်နိုင်သူ၏ ဟန်ပန်ဖြင့် ဆုပေးစင်မြင့်ပေါ်တွင် မားမားမတ်မတ် ရပ်နေပြီး လက်တစ်ဖက်ကိုမူ သူ၏ စက်ဘီးပေါ်သို့ တင်ထားသည်။ ပါးစပ်ကြီးဖြဲကာ စင်အောက်မှနေ၍ အဆက်မပြတ် အော်ဟစ်အားပေးနေကြသော ပြည်သူများကို ကြည့်ပြီး အားရပါးရ လက်ပြနှုတ်ဆက်နေသည်။

ဖန်ကျန်းရီကမူ စင်အောက်မှနေ၍ တိတ်တဆိတ် အထင်သေးနေမိသည်။

ဤအရှက်မရှိသောအကောင်သည် သူ၏စက်ဘီးပေါ်တွင် နဂါးရုပ်ဝတ်စုံပုံစံကို ဆေးသုတ်ထားပြီး၊ သုံးစွဲထားသော အရောင်မှာလည်း တောက်ပလွန်းလှသော အဝါရောင်ကြီး ဖြစ်၏။

ဤသည်မှာ "ငါ့အဖေက သူကြီးကွ" ဟု အာဏာပြကာ ပထမဆုကို ယူဆောင်သွားခြင်းနှင့် ဘာများ ကွာခြားတော့မည်နည်း။

...

ပြိုင်ပွဲသုံးခုလုံး ပြီးဆုံးသွားပြီးနောက် သတင်းစာတိုက်၏ ပြင်းထန်သော ကြော်ငြာမှုများကြောင့် လမ်းမများပေါ်တွင် စက်ဘီးများကို နေရာအနှံ့ တွေ့မြင်နေရပြီ ဖြစ်သည်။ စက်ဘီးဆိုသည့်အရာသည် မြို့တော်၏ ရေပန်းအစားဆုံး ဆွေးနွေးစရာ အကြောင်းအရာတစ်ခုအဖြစ် လုံးဝ အသွင်ပြောင်းသွားခဲ့သည်။

စက်ဘီး ... မင်္ဂလာဆောင်လျှင် စက်ဘီး လက်ဖွဲ့မပေးဘဲ နေ၍ ဖြစ်ပါမည်လား။ ယခုအချိန်တွင် မည်သူကများ မိန်းမယူလျှင် စက်ဘီး မပေးဘဲ နေတော့မည်နည်း။

အိမ်မှာ စက်ဘီး မရှိလျှင် မျက်နှာငယ်ရမည်။

ငွေစငါးမူးလောက်တောင် မထုတ်နိုင်ဘူးလား။ အိမ်ရှေ့စံတောင် စက်ဘီး စီးနေတာ၊ ကျုပ်တို့ ပြည်သူတွေလည်း တစ်စီးလောက် ဝယ်ထားရမှာပေါ့။

တဖြည်းဖြည်းနှင့် စက်ဘီး အရောင်းအဝယ်က အရှိန်အဟုန်ဖြင့် တိုးတက်လာပြီး အဆက်မပြတ် မြင့်တက် နေတော့သည်။

အပိုင်း (၆၄၈) ပြိုင်ပွဲရလဒ်။

ဝူမန်တံခါး အပြင်ဘက်။ အမတ်များ စုဝေးနေကြပြီး ညီလာခံ မတိုင်မီ အချိန် ဖြစ်သည်။

ဖန်ကျန်းရီသည် အစောကြီးကတည်းက ရောက်နေပြီး ဝူမန်တံခါး အပြင်ဘက်တွင် ရပ်ကာ သမ်းဝေနေသည်။ ရုတ်တရက် မလှမ်းမကမ်းရှိ ကျားလျန်သည် မိမိကို ကြည့်ကာ တောက်ပသော အပြုံးတစ်ခု ပြုံးပြနေသည်ကို မြင်လိုက်ရသည်။ ကျားလျန်သည် ပြုံး၍ ခေါင်းညိတ်ပြလိုက်ရာ အောင်ပွဲခံတော့မည့် အမူအရာ ပေါက်နေသည်။ သို့သော်ငြား ထိုအပြုံးသည် ပေါ်လာပြီးသည်နှင့် ချက်ချင်း ပြန်လည် ပျောက်ကွယ်သွား၏။

မလှမ်းမကမ်းတွင် အဘိုးကြီး အနည်းငယ်သည် စက်ဘီးများကို အတူတကွ စီးနင်းလာကြပြီး အနီးသို့ ရောက်သောအခါ စက်ဘီးဘဲလ်ကိုပင် တီးလိုက်သေးသည်။

"ဒေါင် ဒေါင် ဒေါင်..."

စက်ဘီးဘဲလ်သံ ပြီးဆုံးသွားသောအခါ အဘိုးကြီးများသည် ကျွမ်းကျင်စွာဖြင့် အရှိန်လျှော့ကာ စက်ဘီးကို ရပ်လိုက်ကြသည်။ ဘယ်ခြေကို မြေပြင်ပေါ် ထောက်ကာ နောက်ခြေကို ပင့်တင်ပြီး စက်ဘီးပေါ်မှ ဆင်းလိုက်ကြသည်။ အပြုအမူများက အလွန် ကျွမ်းကျင်နေ၏။

ထို့နောက် စက်ဘီးများကို ဝူမန်တံခါး အပြင်ဘက်ရှိ နံရံအောက်သို့ ဖြည်းညင်းစွာ တွန်းသွားကြသည်။ ထိုနေရာတွင် အစောကြီးတည်းက စက်ဘီး တစ်တန်းကြီး ရပ်ထားနှင့်ပြီး ဖြစ်ရာ... မြင်ကွင်းက အနည်းငယ် မဆီလျော်သလို ဖြစ်နေသည်။

စက်ဘီးကို နေရာချပြီးနောက် ကျိန့်ချောင်သည် ဖန်ကျန်းရီရှိရာသို့ ဖြည်းညင်းစွာ လျှောက်လာပြီး လက်သီးဆုပ်ကာ ပြုံး၍ ပြောလိုက်၏။ "အမတ်မင်းဖန်... ဒီနေ့ အစောကြီး ရောက်နေပါလား။"

ဖန်ကျန်းရီက ပြုံး၍ ပြန်ပြောလိုက်သည်။ "ဒီနေ့က သာမန်မှ မဟုတ်တာ။ ကျုပ်နဲ့ လုပ်ငန်းဝန်ကြီးဌာန ရဲ့ လောင်းကြေးကို မိတ်ဆွေတို့ အားလုံး သက်သေလုပ်ပေးဖို့ လိုသေးတယ်လေ။"

ဤသို့သော မြင်ကွင်းမျိုးကို သူ အထူးအဆန်း မဖြစ်တော့ပေ။ သတင်းစာတိုက်က စက်ဘီးစီးခြင်း၏ ကျန်းမာရေး လေ့ကျင့်ခန်း အကျိုးကျေးဇူးများကို အများကြီး ကြော်ငြာထားသည် မဟုတ်ပါလား။ ဒ

ဤအဘိုးကြီးတွေက လုံးဝ မထိန်းနိုင်တော့ဘဲ ကိုယ်တိုင် ပြေးဝယ်ကြခြင်းပင်။ ဝယ်ရုံတင်မကဘဲ စီးရသည်ကိုလည်း တော်တော်လေး ပျော်နေကြသေးသည်။ တစ်ဖက်က ကျန်းမာရေးအတွက် ဖြစ်သလို တစ်ဖက်ကလည်း လေလို မြန်မြန်သွားရငသာ ခံစားချက်ကို နှစ်သက်ကြလို့ ဖြစ်ပေမည်။

ကျိန့်ချောင်က စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။ "အို... ကျုပ်တောင် မေ့နေတယ်။ မင်းရဲ့ ဒီစက်ဘီးက တကယ်ကို ကောင်းတဲ့ ပစ္စည်းပဲ။ နိုင်မယ်လို့ရော သေချာရဲ့လား။"

ဖန်ကျန်းရီသည် ပခုံးတွန့်ကာ ပြန်ပြောလိုက်၏။ "လုပ်ငန်းဝန်ကြီးဌာနဘက်က အခြေအနေကို မသိရသေးတော့ နိုင်မယ်၊ မနိုင်ဘူးဆိုတာ ပြောရခက်တယ်။ ခင်ဗျားလည်း လုပ်ငန်းဝန်ကြီးဌာနရဲ့ ကျောက်စိမ်းကြွေထည်ကို ဝယ်ထားတယ်လို့ ကြားတယ်။"

ကျိန့်ချောင်က ခပ်အေးအေး ပြန်ပြောလိုက်သည်။ "ဟေး... ကျုပ်က ဘယ်သူ့ဘက်ကိုမှ မလိုက်ပါဘူး။ စက်ဘီး ဝယ်ပြီးမှတော့ ကျောက်စိမ်းကြွေထည်လည်း ဝယ်ရမှာပေါ့။"

ဖန်ကျန်းရီက နှုတ်ခမ်းကို မဲ့ကာ ပြောလိုက်၏။ "စက်ဘီးက ဘယ်လောက်တန်လို့လဲ။ ကျောက်စိမ်း ကြွေထည်ကကော ဘယ်လောက်တန်လဲ။ အဲဒါက ယှဉ်လို့ ရလား။ ဒါကို ဘက်လိုက်တယ်လို့ မခေါ်ဘူးလား။ ကျုပ် ခင်ဗျားကို ဦးလေးလတ်လို့ ခေါ်ရတာတောင် နှမြောတယ်။"

ဘယ်သူက မင်းရဲ့ ဦးလေးလတ်လဲ။ ငါ့ကို လာပြီး ဒုက္ခပေးနေပြန်ပြီ။

ကျိန့်ချောင်သည် မျက်နှာကြီး မည်းမှောင်ပြီး ထွက်သွားတော့သည်။

မကြာမီတွင် ညီလာခံ စတင်ပြီး နန်းတော်သို့ ဝင်ရောက် တွေ့ဆုံကြ၏။

ကျင်းဘုရင်မင်းမြတ်သည် နဂါးပလ္လင်ပေါ်တွင် ထိုင်ကာ ဖန်ကျန်းရီကို လေးနက်သော အမူအရာဖြင့် ကြည့်နေသည်။ ဤနှစ်လအတွင်း ဒင်း လှုပ်ရှားနေသည်မှာ မြို့တော်တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်မတတ်ပင်။ သာမန် စက်ဘီးလေး တစ်စီးက မြို့တော်တစ်ခုလုံးကို ပွက်လောရိုက်သွားစေသည်။ နေ့စဉ် ရောက်လာသော သတင်းပို့စာတွေထဲတွင် စက်ဘီးအကြောင်း မပါတာ မရှိသလောက်ပင်။ သူကိုယ်တိုင်တောင် စိတ်ဝင်စားလွန်းလို့ တစ်စီး ယူလာပြီး နောက်ဖေးဥယျာဉ်မှာ စမ်းစီးကြည့်ခဲ့သေးသည်။ အတွေ့အကြုံကတော့ တော်တော်လေး ကောင်းသည်။

လုပ်ငန်းဝန်ကြီးဌာနဘက်ကို ပြန်ကြည့်တော့ ဘာလှုပ်ရှားမှုမှ သိပ်မရှိပေ။ မည်သို့သော ရလဒ်မျိုး ထွက်လာမည်နည်း ဆိုသည်ကို သူလည်း တော်တော်လေး သိချင်နေ၏။

အစီအစဉ်အရ ပြောရမည့် စကားများ ပြီးဆုံးသွားသောအခါ ကျင်းဘုရင်မင်းမြတ်က ချက်ချင်းပင် ပြောလိုက်သည်။ "ဒီနေ့ တခြားကိစ္စတွေ အရင် မပြောသေးဘူး။ လုပ်ငန်းဝန်ကြီးဌာနနဲ့ အမတ်ဖန်ရဲ့ လောင်းကြေး ကိစ္စက နှစ်လ အချိန်ပြည့်သွားပြီ။ မင်းတို့ နှစ်ယောက်ဆီမှာ အခု ရလဒ် ရှိပြီလား။"

အမတ်များအားလုံး အာရုံစိုက်သွားကြ၏။

ကျားလျန်သည် အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး... လုပ်ငန်းဝန်ကြီးဌာနမှာ ရလဒ် ရှိနေပါပြီ။ ကျွန်တော်မျိုး မနေ့ညကတည်းက လူတွေကို စာရင်းချုပ် ခိုင်းထားပါတယ်။ အရှင်မင်းကြီး ကျေးဇူးပြုပြီး ကြည့်ရှုပေးတော်မူပါ။"

ပြောပြီးသည်နှင့် အင်္ကျီလက်စထဲမှ စာအိတ်ကို ထုတ်ယူကာ မိန်းမစိုးမှတစ်ဆင့် ဆက်သလိုက်၏။

ကျင်းဘုရင်မင်းမြတ်သည် စာအိတ်ကို ဖွင့်လိုက်ရာ မျက်လုံးထဲတွင် အံ့သြသွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး မေးလိုက်သည်။ "အို... ငွေသုံးသောင်း ခြောက်ထောင် ငါးရာတောင် ရှိတာလား။"

ကျားလျန်က အပြုံးဖျော့ဖျော့လေးဖြင့် လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး... လုပ်ငန်းဝန်ကြီးဌာနက ထုတ်လုပ်တဲ့ ယွီကွမ်ကြွေထည်က အချိန်ကုန် လူပန်းဖြစ်ပေမဲ့ အရည်အသွေး ကောင်းမွန်ပါတယ်။ သူ့ရဲ့ အလှတရားက စျေးကွက်ထဲက ကြွေထည်တွေထက် အများကြီး သာလွန်ပါတယ်။ ချမ်းသာတဲ့ မိသားစုကြီးတွေရဲ့ အထူးအားပေးမှုကို ရရှိထားပါတယ်။ တစ်လတောင် မပြည့်သေးဘူး၊ နာမည်က အဝေးကြီးအထိ ပြန့်နှံ့သွားပါပြီ။ ဒါကြောင့် မြို့တော်အတွင်းမှာတင် မကဘဲ မြို့တော်အပြင်က မိသားစုတွေတောင် လူလွှတ်ပြီး လာဝယ်ကြပါတယ်။ ဒါကြောင့် ငွေသုံးသောင်း ခြောက်ထောင်အထိ အများကြီး ရရှိတာပါ။ ဒီကနေ ရတဲ့ အကျိုးအမြတ် အားလုံးကို နိုင်ငံတော် ဘဏ္ဍာတိုက်ထဲကို သွင်းပြီးပါပြီ။"

အမတ်များသည် အကြည့်ချင်း ဖလှယ်ကာ သတင်းစကားများ ပေးပို့နေကြသည်။ တချို့က အံ့သြနေပြီး တချို့က စိတ်လှုပ်ရှားနေကြသည်။ လူအတော်များများ၏ မျက်လုံးထဲတွင်တော့ အနည်းငယ် စိတ်ပျက်နေသည့် အရိပ်အယောင်များ ပေါ်ထွက်နေသည်။

ကျင်းဘုရင်မင်းမြတ်သည် လက်ထဲရှိ စာကို ထပ်မံ ကြည့်ရှုလိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဖန်ကျန်းရီကို ကြည့်ကာ မေးလိုက်၏။ "အမတ်ဖန်... မင်းရဲ့ ရလဒ်ကရော။"

ငွေသုံးသောင်း ခြောက်ထောင်ကျော်တောင်ပဲ...။

ဖန်ကျန်းရီ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး လျှောက်တင်လိုက်သည်။ "ကျွန်တော်မျိုးလည်း ပြင်ဆင်ပြီးပါပြီ။ အရှင်မင်းကြီး ကြည့်ရှုပေးတော်မူပါ။"

နောက်ထပ် စာအိတ်တစ်အိတ်ကို ဆက်သလိုက်ရာ ကျင်းဘုရင်မင်းမြတ်သည် မစောင့်နိုင်တော့ဘဲ ဖွင့်ကြည့်လိုက်၏။

အမတ်များအားလုံး ခေါင်းမော့လာကြပြီး မျက်လုံးများထဲတွင် မျှော်လင့်ချက် အပြည့်ရှိနေကြသည်။ စက်ဘီးက အဲဒီလောက် ခေတ်စားနေတာ။ အဆမတန် စျေးတွေနဲ့ ရောင်းရမှာပဲ မဟုတ်လား။

တစ်ချက် ကြည့်လိုက်သည်နှင့် မျက်နှာက ရုတ်တရက် ပြောင်းလဲသွားပြီး မေးလိုက်သည်။ "ငွေခုနစ်ထောင်ကျော်ပဲ ရှိတာလား။"

မြို့တော်ထဲမှာ ဒီလောက်တောင် ပွက်လောရိုက်နေတာ။ လူတော်တော်များများက ဖန်ကျန်းရီ သေချာပေါက် နိုင်မယ်လို့ အစောကြီးတည်းက သတ်မှတ်ထားကြတာ။ တိတ်တဆိတ်တောင် လောင်းကြေး ထပ်ထားကြသေးတယ်။ အခု ရလဒ်ထွက်လာတော့ ဒီလိုမျိုးကြီးလား။ ငွေခုနစ်ထောင်နဲ့ ဘာလုပ်ရမှာလဲ။ အနည်းဆုံး ငွေတုံး သုံးသောင်းလောက်တော့ ရအောင် ကြိုးစားရမှာပေါ့။

ကျားလျန်နှင့် အခြားသော လုပ်ငန်းဝန်ကြီးဌာနမှ အရာရှိများ၏ မျက်လုံးများတွင် ချက်ချင်း ဝမ်းသာအားရ ဖြစ်မှုများ ပေါ်ထွက်လာသည်။ ဖန်ကျန်းရီကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကြည့်လိုက်ကြသည်။

ဖန်ကျန်းရီသည် မလောဘဲ အင်္ကျီလက်စထဲမှ နောက်ထပ် စာအိတ်တစ်အိတ်ကို ထုတ်ယူကာ တည်ငြိမ်စွာဖြင့် လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး... ကျွန်တော်မျိုးဆီမှာ နောက်ထပ် တစ်စောင် ရှိပါသေးတယ်။ အရှင်မင်းကြီး ကြည့်ရှုပေးတော်မူပါ။"

ကျင်းဘုရင်မင်းမြတ်က ပြောလိုက်သည်။ "ယူလာခဲ့။"

ကျင်းဘုရင်မင်းမြတ်က စာကို ဖြည်းညင်းစွာ ဖွင့်လိုက်သောအခါ အမတ်များအားလုံး စိတ်ဝင်တစား လှမ်းကြည့်နေကြသည်။ အသစ်စက်စက် ကိန်းဂဏန်း အချက်အလက် တစ်ခု မျက်စိရှေ့တွင် ပေါ်လာသောအခါ ကျင်းဘုရင်မင်းမြတ်၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွား၏။

"ငွေတစ်သိန်း... နှစ်သောင်း ရှစ်ထောင် ကိုးရာ။"

အမတ်များအားလုံး အံ့သြတုန်လှုပ်သွားကြသည်။

အဲဒါက ငွေတစ်သိန်း သုံးသောင်း နီးပါး ဖြစ်သွားပြီ မဟုတ်လား။ ကစားနေတာလား။ သူ ကိန်းဂဏန်း အတုတွေ လုပ်လာတာတော့ မဟုတ်ပါဘူးနော်။ စက်ဘီးက ဘယ်လောက်ပဲ ရောင်းကောင်းကောင်း လူတချို့ရဲ့ အမြင်အရဆိုရင် ငွေသောင်းဂဏန်းလောက်ပဲ ရောင်းရမှာပါ။ အခု ငွေတစ်သိန်းကျော်ဆိုတာက လေလုံး ထွားလွန်းရာ မကျဘူးလား။

ဖန်ကျန်းရီက လျှောက်တင်လိုက်၏။ "မှန်ပါတယ် အရှင်မင်းကြီး။"

ကျားလျန်က ရုတ်တရက် ထွက်လာပြီး အော်ဟစ်လိုက်သည်။ "မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။"

သူလည်း စျေးကွက်ထဲကို လူလွှတ်ပြီး အကြမ်းဖျင်း စာရင်းကောက်ခိုင်းခဲ့ဖူးသည်။ မြို့ထဲမှာ အရမ်း ခေတ်စားနေပြီး စက်ဘီးစီးသော လူတွေကို ခဏခဏ တွေ့ရပေမဲ့ ငွေတစ်သိန်း သုံးသောင်းဖိုး ရောင်းရမည်ဆိုလျှင် နေရာအနှံ့မှာ စက်ဘီးစီးတဲ့ လူတွေချည်းပဲ ဖြစ်နေရပေမည်။ မည်သို့ပင်ဆိုစေကာမူ ဤမျှ မရောင်းရနိုင်ပေ။

ကျင်းဘုရင်မင်းမြတ်သည် လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။ "အမတ်ဖန်... ဒီစာနှစ်စောင်က ဘာအဓိပ္ပာယ်လဲ။"

ဖန်ကျန်းရီက တည်ငြိမ်စွာဖြင့် လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး... ပထမစာက လက်ရှိ ရောင်းချပြီးတဲ့ စုစုပေါင်း ငွေပမာဏ ဖြစ်ပြီး၊ ဒုတိယစာကတော့ ကြိုတင်မှာယူထားတဲ့ စုစုပေါင်း ငွေပမာဏပါ။ အဲဒီ ငွေတစ်သိန်း နှစ်သောင်းကျော်က တကယ်တော့ ငွေပေးချေပြီးပေမဲ့ ပစ္စည်းမရသေးတဲ့ ပြည်သူတွေဆီကပါ။ တကယ်တော့ စက်ဘီး ဝယ်ချင်တဲ့သူတွေက မြို့တော်တစ်ခုလုံးမှာ လူဦးရေ နှစ်သိန်းကျော်အထိ ရှိနေပါပြီ။ ကျွန်တော်မျိုးက တောက်ယွမ်ခရိုင်ရဲ့ အင်အား အားလုံးကို သုံးပြီး ပြည်သူ မြောက်မြားစွာကို ခေါ်ယူခဲ့ပေမဲ့ နှစ်လအတွင်းမှာ စက်ဘီး တစ်သောင်းကျော်ပဲ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အဲဒီ တစ်သောင်းကျော်ကလည်း ရောင်းဖို့ မလောက်သေးပါဘူး။"

လူဦးရေ နှစ်သိန်းကျော်က စက်ဘီး ဝယ်ချင်တယ်ပေါ့။

အမတ်များအားလုံး ပွက်လောရိုက်သွားကြပြီး မျက်လုံးများထဲတွင် အံ့သြမှင်သက်မှုများ ပြည့်နှက်နေသည်။ ပစ္စည်းတစ်ခုက နှစ်လအတွင်းမှာ လူသိန်းချီပြီး အားပေးမှု ရသည်ကို တစ်ခါမှ မကြားဖူးပေ။ ထိုအရာက ဆားဝယ်ခြင်း၊ ဆန်ဝယ်ခြင်း မဟုတ်ပေ။

ကျင်းဘုရင်မင်းမြတ်သည်လည်း တုန်လှုပ်သွားသည်။ စက်ဘီးက ရေပန်းစား နာမည်ကြီးလှသည်ကို သိရှိထားသော်ငြားလည်း လူပေါင်း နှစ်သိန်းကျော်က သူတို့၏ ငွေကြေးများကို ထုတ်ယူကာ ဤမျှအထိ အားပေးကြလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။ ဤအခြေအနေမှာ အနည်းငယ်တော့ လွန်ကဲလွန်းနေချေသည်။

ကျားလျန်မှာ ကိုယ့်နားကို မယုံနိုင်အောင် ဖြစ်သွားပြီး ချက်ချင်း ပြန်လည် ချေပလိုက်၏။ "မဖြစ်နိုင်ဘူး။ ဒီပစ္စည်းက ဘယ်လောက်ပဲ နာမည်ကြီးပါစေ … နေ့စဉ်သုံး ပစ္စည်းမှ မဟုတ်တာ။ လူနှစ်သိန်းကျော်က ပိုက်ဆံပေးပြီး ဝယ်ချင်ကြတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

ကျင်းဘုရင်မင်းမြတ်သည် စာရွက်ပေါ်ရှိ အချက်အလက်များကို အကြိမ်ကြိမ် သေချာ ကြည့်ရှုပြီးနောက် မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။ "တကယ်ပဲ လူနှစ်သိန်းကျော် ရှိတာလား။ ကိုယ်တော်လည်း နည်းနည်း မယုံနိုင်သေးဘူး။ မင်း ဒါကို ဘယ်လို လုပ်လိုက်တာလဲ။"

ဖန်ကျန်းရီသည် စိတ်ကို ငြိမ်အောင်ထားကာ လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး... စကားတစ်ခွန်းတည်းပါပဲ၊ ပြည်သူတွေရဲ့ အလိုဆန္ဒပါ။"

All Chapters