အခန်း (၆၄၉-၆၅၀)
Vol. 35 Ch. 649-650
အပိုင်း (၆၄၉) ကျွမ်းကျင်လှသော စကားအရာ။
ကျင်းဘုရင်မင်းမြတ်သည် စကားကို ကြားသောအခါ နောက်သို့ မှီချလိုက်ပြီး နည်းဗျူဟာမြောက် နောက်သို့ ဆုတ်ပေးလိုက်သည်။
ဖန်ကျန်းရီက ဆက်လက်၍ အားပါးတရ ပြောလိုက်၏။ "နန်းတွင်းက အမတ်ကြီးတွေ၊ ပြင်ပက သူဌေးတွေကို ကြည့်လိုက်ရင် သွားလာတဲ့အခါတိုင်း မြင်းလှည်းတွေ ရှိကြတယ်။ ဒါပေမဲ့ ပြည်သူတွေကတော့ ခြေနှစ်ဖက်ကိုပဲ အားကိုးပြီး ပင်ပန်းဆင်းရဲစွာ ပြေးလွှားနေရတယ်။
အခုဆိုရင် မြို့တော်အနီးတစ်ဝိုက်မှာ စက်ရုံအသစ်တွေ အများကြီး တည်ဆောက်နေသလို မြို့ထဲမှာလည်း ရေကြောင်း သယ်ယူပို့ဆောင်ရေးနဲ့ ဆိုင်တွေ အများကြီး ရှိနေတော့ အလုပ်သမားတွေ အများကြီး လိုအပ်နေတာပါ။
အဲဒီအထဲမှာ အလုပ်သမား အများစုက ဝေးလံတဲ့ နေရာတွေမှာ နေထိုင်ကြတော့ မိုးမလင်းခင်တည်းက အလုပ်သွားဖို့ ထွက်လာကြပြီး မိုးချုပ်မှပဲ အိမ်ပြန်ရောက်ကြတယ်။ ဒီကြားထဲမှာ ဘယ်လောက်တောင် ပင်ပန်းဆင်းရဲရလဲ ဆိုတာကို အားလုံး တွေးကြည့်ဖူးကြရဲ့လား။
မကြာသေးခင် နှစ်တွေအတွင်းမှာ အိမ်ရှေ့စံက ပန်းရှန်းရပ်ကွက်ကို အခြေခံပြီး ပြည်သူတွေရဲ့ နေထိုင်မှု ဘဝကို မြှင့်တင်ပေးခဲ့သလို မြို့တော်တစ်ခုလုံးကိုလည်း လမ်းပန်းဆက်သွယ်ရေးတွေ အသစ်တဖန် ဖြစ်လာအောင် အများကြီး ကြိုးပမ်းပေးခဲ့တယ်။ အဲဒါကြောင့် စက်ဘီးဆိုတာ အချိန်ကိုက် ပေါ်ထွက်လာတာပါပဲ။"
လီယွမ်ကျောက်၏ မျက်လုံးများတွင် အရောင်များ တောက်ပလာပြီး ဖန်ကျန်းရီကို စူးစိုက်ကြည့်လိုက်သည်။
ဒီအထဲမှာ ငါ့အကြောင်းပါ ပါသေးတာလား။ ညီအစ်ကိုကောင်းပဲ။ နောက်ဆုံးတော့ ခမည်းတော်ကို မြှောက်ပင့်မနေဘဲ ငါ့ကို တစ်ခါလောက် မြှောက်ပင့်ပေးလိုက်ပြီပေါ့။
ဖန်ကျန်းရီသည် ခဏရပ်လိုက်ပြီး ဆက်ပြောလိုက်၏။ "နောက်ပြီး မိတ်ဆွေတို့ အားလုံးက ပုံမှန်အားဖြင့် စာဖတ်၊ သတင်းစာဖတ်တဲ့ အလေ့အကျင့် ရှိကြမှာပါ။ ဒါကြောင့် စျေးကွက်ထဲမှာ ရောင်းချနေတဲ့ စက်ဘီးကနေ ရတဲ့ အမြတ်ငွေထဲက တစ်စိတ်တစ်ပိုင်းကို ဝေးလံခေါင်ဖျားတဲ့ ဒေသက ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေအတွက် လှူဒါန်းသွားမယ်ဆိုတာကိုလည်း သိကြမှာပါ။
စက်ဘီးက အခုလိုမျိုး အောင်မြင်နေရတဲ့ အကြောင်းရင်းတွေထဲမှာ ဒါလည်း တစ်ခု အပါအဝင်ပါပဲ။ ပြည်သူတွေက တက်တက်ကြွကြွ ဝယ်ယူနေကြတာဟာ ကျင်းတိုင်းပြည်က ပြည်သူတွေရဲ့ အချင်းချင်း ကူညီရိုင်းပင်းမှု နဲ့ စည်းလုံးညီညွတ်မှုကို ပြသနေတာပါပဲ။ ဒါကို ပြည်သူတွေရဲ့ ရိုးသားဖြူစင်မှု၊ စည်းလုံးညီညွတ်မှု နဲ့ တစ်ခဲနက် ပူးပေါင်းဆောင်ရွက်မှုလို့ ခေါ်ဆိုနိုင်ပါတယ်။
စျေးကွက်ထဲက ပြည်သူတွေကတော့ စက်ဘီးစျေးနှုန်းက ဒီလောက်ချိုသာနေတာတောင် အမြတ်ငွေ အနည်းငယ်ထဲကနေ ပြည်သူတွေဆီက ရတာကို ပြည်သူတွေအတွက် ပြန်လည်အသုံးပြုပေးတယ်လို့ ပြောဆိုနေကြတယ်။
ဒါတွေအကုန်လုံးက အရှင်မင်းကြီးရဲ့ ကျေးဇူးတော်နဲ့ နန်းတော်ရဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်မှုကြောင့်ပါပဲ။ ဉာဏ်ပညာကြီးမားတဲ့ ဘုရင်မင်းမြတ်နဲ့ တော်လွန်းတဲ့ အမတ်တွေက စည်းစည်းလုံးလုံးနဲ့ အတူတကွ ကြိုးပမ်းကြလို့ နိုင်ငံရဲ့ ပြည်သူတွေအားလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြပြီး ဒီလို ခေတ်ကောင်းကြီးမှာ မွေးဖွားလာရတာကို ဂုဏ်ယူနေကြပါတယ်။ ဒီဘဝမှာ နောင်တရစရာ မရှိတော့ပါဘူး..."
ဖန်ကျန်းရီသည် တည်ငြိမ်သော အမူအရာဖြင့် အလောတကြီး မဟုတ်ဘဲ ပြောဆိုနေသည်။ အလွန် သာမန်ဖြစ်သော အမှန်တရား တစ်ခုကို ပြောပြနေသကဲ့သို့ပင်။ သို့သော်ငြား စိတ်ထဲတွင်တော့ အဆက်မပြတ် တွက်ချက်နေမိသည်။ အခြေအနေအရ ကျန်းလျန် ဆိုတဲ့လူက အရှုံးပေးမည့်ပုံ မပေါ်ပေ။
ပါးစပ်ကနေ အသာစီးရအောင် ပြောထားမှ ခဏနေကျရင် သူက ခြေထိုးခံတာ၊ တခြားလူတွေက ဝင်ပါတာမျိုး မလုပ်နိုင်မှာ။ ငါက အခု ကျင့်ဝတ်ပိုင်းဆိုင်ရာ အမြင့်ဆုံး နေရာကို ယူထားလိုက်ပြီ။ ဘယ်သူကများ ထပ်ပြီး ပြဿနာ ရှာရဲသေးလဲ ကြည့်ရသေးတာပေါ့။
ဖန်ကျန်းရီသည် ဤဘက်တွင် ဆက်လက်၍ စကားတွေ အများကြီး ပြောနေဆဲဖြစ်ပြီး အမတ်အချို့သည် ခေါင်းကို ဖြည်းညင်းစွာ ညိတ်ကာ အလွန် သဘောကျနေပုံရသည်။ ပထမဆုံးအကြိမ် ဖန်ကျန်းရီ၏ သိမ်မွေ့လှသော မြှောက်ပင့်မှု အစွမ်းကို တိုက်ရိုက် ခံစားလိုက်ရခြင်း ဖြစ်သည်။
ဒီအကောင် ဘုရင်မင်းမြတ် ရှေ့တော်မှောက်မှာ ရေဝနေတဲ့ ငါးလို အမြဲတမ်း အဆင်ပြေနေတာ မဆန်းပါဘူး။ ဒီလို ခံစားချက်မျိုးကိုး... သူသာ နေ့တိုင်း ဒီလို ပြောနေရင် ဘယ်လောက်ကောင်းမလဲ။
ကျင်းဘုရင်မင်းမြတ်၏ အသက်ရှူသံသည်လည်း တဖြည်းဖြည်း ပြင်းထန်လာပြီး သွေးများ ဆူပွက်လာသလို ခံစားနေရသည်။
မူလက အကြောင်းရင်း ခွဲခြမ်းစိတ်ဖြာမှုကို ရိုးရိုးလေးပဲ နားထောင်ချင်ခဲ့တာ။ အခုကျမှ ဘာလို့ ရုတ်တရက်ကြီး စိတ်လှုပ်ရှားလာရတာလဲ။
ကော်ထျန်းယန်သည် ကျင်းဘုရင်မင်းမြတ်၏ ဘေးတွင် ကြောင်အမ်းအမ်းဖြင့် ရပ်နေသည်။ အစောကြီးတည်းက လက်ခံထားပြီး ဖြစ်သော်လည်း စိတ်ထဲတွင် သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
မြင့်တယ်။ တကယ့်ကို မြင့်မားလွန်းတယ်။ တကယ်ကို ဘုရင့်သမက် ပီသပါပေတယ်။
ကျန်းလျန် တစ်ယောက်တည်းသာ မျက်နှာ ပို၍ ပို၍ မည်းမှောင်လာခဲ့၏။
ဖန်ကျန်းရီသည် လည်ချောင်းကို ရှင်းလိုက်ပြီး အနည်းငယ် ခြောက်သွေ့နေသည်ဟု ခံစားရသဖြင့် တဆက်တည်း ပြောလိုက်သည်။ "...နောက်ပြီး ပြည်သူအတော်များများက နန်းတွင်း အမတ်ကြီးတွေ မြင်းလှည်းတွေ မသုံးဘဲ စက်ဘီးစီးပြီး ညီလာခံ တက်ကြတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကျင်းတိုင်းပြည်ရဲ့ နိုင်ငံရေး လေထုက ဘယ်လောက် ရှင်းလင်းသန့်စင်လဲ။
အမတ်တွေက ကျင့်ဝတ်ကို ဘယ်လောက် တန်ဖိုးထားလဲ။ မိသားစုကို ဖြူစင်စွာ အုပ်ချုပ်ပြီး ပြည်သူတွေနဲ့ ဘယ်လောက် ရင်းနှီးကြလဲဆိုတာကို သိနိုင်ပါတယ်။ ပြည်သူ မြောက်မြားစွာကလည်း ဒါကို စံပြအနေနဲ့ ယူပြီး အားတက်သွားကြပါတယ်။ ဒါကလည်း စက်ဘီး ရောင်းအားကောင်းရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ။
ကျွန်တော်မျိုး ပြောလို့ ပြီးပါပြီ။ လိုအပ်တာတွေ ရှိရင် အရှင်မင်းကြီး ထောက်ပြပေးတော်မူပါ။"
ကျင်းဘုရင်မင်းမြတ်သည် အနည်းငယ် လွင့်မျောနေသလို ခံစားရသဖြင့် အမူအရာကို တည်ငြိမ်အောင် ပြန်လုပ်ကာ ပြောလိုက်သည်။ "အဟမ်း... အဟမ်း... ကောင်းတယ်။ ရလဒ်လည်း ထွက်လာပြီဆိုတော့ ကန့်ကွက်စရာ မရှိလောက်တော့ဘူး မလား။"
ကျန်းလျန်က အသံကျယ်ကျယ်ဖြင့် လျှောက်တင်လိုက်သည်။ "ကျွန်တော်မျိုး ကန့်ကွက်စရာ ရှိပါတယ်။ စောစောက အမတ်မင်းဖန် ပြောတာ ယုတ္တိရှိပေမဲ့ အဲဒီအထဲက အများစုဟာ ကြိုတင်ရောင်းချထားတာဖြစ်ပြီး တကယ့်ရောင်းရငွေ မဟုတ်ပါဘူး။ ဒါက လိမ်လည်တာ မဟုတ်ဘူးလား။
လုပ်ငန်းဝန်ကြီးဌာနရဲ့ ကျောက်စိမ်းကြွေထည်ကတော့ တစ်လုံးထွက်ရင် တစ်လုံး ရောင်းရတာပါ။ ပိုက်ဆံနဲ့ ပစ္စည်း ချက်ချင်း ဖလှယ်ကြတာပါ။ တကယ်လို့သာ ကြိုတင်ရောင်းချခွင့် ရှိမယ်ဆိုရင် စက်ဘီးထက် လျော့နည်းမှာ မဟုတ်ပါဘူး။ ဒါကြောင့် အနောက်က ငွေတစ်သိန်း နှစ်သောင်းကျော်ကို အတည်ပြုလို့ မရဘူးလို့ ကျွန်တော်မျိုး ထင်ပါတယ်။"
ထင်ထားတဲ့အတိုင်းပဲ။
ဖန်ကျန်းရီသည် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "အမတ်မင်းကျား... စကားကို အဲဒီလို ပြောလို့ မရဘူးလေ။ ခင်ဗျားတို့ရဲ့ ကြွေထည်က ဖိုတစ်ခုကို ဘယ်လောက် ဖုတ်နိုင်လဲဆိုတာ မသိပေမဲ့ စက်ဘီးကတော့ လုပ်ရတာ အများကြီး ပိုရှုပ်ထွေးတယ်။ အရွယ်အစားကလည်း အများကြီး ကွာခြားတော့ ထုတ်လုပ်မှု ပမာဏကို ဘယ်လိုလုပ် ယှဉ်လို့ ရမှာလဲ။ နှစ်ခုရဲ့ စျေးနှုန်းကလည်း မိုးနဲ့မြေလို ကွာခြားနေတာပဲ။ ကျုပ်ဆီက ပစ္စည်းက တစ်ခုကို ငွေငါးမူးပဲ ရှိတာ။ ခင်ဗျားတို့ဆီကဟာက ငွေတစ်ရာကျော်တောင် တန်တယ်။ အကုန်လုံးကို လက်ငင်းပဲ ရောင်းမယ်ဆိုရင် ယုတ္တိရှိပါ့မလား။ လုံးဝ ယုတ္တိမရှိဘူး။
နောက်ပြီး တချို့ကိစ္စတွေကို ကျုပ် မပြောရသေးဘူး။ ကျောက်စိမ်းကြွေထည်က စက်ဘီးလိုမျိုး စျေးကွက်ထဲမှာ အကြီးအကျယ် ကြော်ငြာတာမျိုး တစ်ခါမှ မလုပ်ခဲ့ဘူး။ ဒီနေ့လို စျေးကောင်းရအောင် ဘယ်လို ရောင်းခဲ့လဲဆိုတာ ခင်ဗျား စိတ်ထဲမှာ အသိဆုံးပါ။ အဆက်အသွယ်တွေ၊ ပတ်သက်မှုတွေကို အားကိုးပြီး ရောင်းခဲ့တာပဲ မဟုတ်လား။
ဒါပေမဲ့ ကျုပ်တို့ ယှဉ်ပြိုင်တာက ပြည်သူတွေရဲ့ အလိုဆန္ဒ၊ စျေးကွက်ထဲက ရောင်းချရတဲ့ ရလဒ်လေ။ ဒါက မတရားဘူးဆိုပေမဲ့ ကျုပ်လည်း လက်ခံခဲ့ပြီးပြီပဲ။ တကယ်လို့ တရားမျှတစွာ ယှဉ်ပြိုင်မယ်၊ စျေးကွက်ထဲမှာပဲ တိုက်ရိုက်ရောင်းမယ်ဆိုရင် ရလဒ်က ဘယ်လိုဖြစ်မလဲဆိုတာ ကျုပ် အများကြီး ပြောနေစရာ မလိုတော့ပါဘူး။"
ကျန်းလျန် ၏ ရင်ထဲတွင် ဆို့နင့်သွားပြီး ပြန်လည် ချေပလိုက်သည်။ "ကျောက်စိမ်းကြွေထည်ရဲ့ နာမည်ကောင်းကို အားကိုးပြီး ကြော်ငြာတွေပါ ထပ်ပေါင်းထည့်လိုက်မယ်ဆိုရင် စက်ဘီးထက် ရှုံးမှာ မဟုတ်ဘူး။"
ဖန်ကျန်းရီသည် သက်ပြင်းချကာ ပြောလိုက်၏။ "နာမည်ကောင်း။ ကျောက်စိမ်းကြွေထည်မှာ ဘာနာမည်ကောင်း ရှိလို့လဲ။ ပြည်သူတွေ ကြားထဲမှာ... အေးလေ ထားလိုက်ပါတော့။ အမတ်မင်းကျန်း... တချို့စကားတွေကို ကျုပ် မပြောချင်ပါဘူး။ အားလုံးက နန်းတွင်းက အမတ်တွေဆိုတော့ ပြောထွက်လိုက်ရင် မျက်နှာပျက်စရာတွေ ဖြစ်လာလိမ့်မယ်။"
ကျန်းလျန်သည် စူးရဲစွာ ကြည့်ကာ ပြောလိုက်သည်။ "ပြောစမ်းပါ။ ပြည်သူတွေ ဘယ်လို ပြောနေကြလဲဆိုတာ ကျုပ် ကြားချင်တယ်။"
ဖန်ကျန်းရီသည် သက်ပြင်းချလိုက်ပြီး အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ "ကောင်းပြီ။ ခင်ဗျား ကြားချင်တယ်ဆိုမှတော့ ကျုပ်က ပြည်သူတွေ ဘယ်လိုပြောလဲဆိုတာ အတုခိုးပြီး ပြောပြမယ်။ ပြည်သူတွေ အကုန်လုံးက ပြောကြတယ်... ကျောက်စိမ်းကြွေထည် … ချီးတဲ့မှ ဘယ်သူက ဝယ်မှာလဲ။ အကျင့်ပျက် ခြစားတဲ့ အမတ်တွေပဲ အဲဒီပစ္စည်းကို ဝယ်တာ။"
လူအတော်များများသည် ထိုသို့ အော်ဟစ်လိုက်သောအခါ တစ်ကိုယ်လုံး တုန်လှုပ်သွားကြပြီး အကြည့်များကို အလိုအလျောက် ရှောင်လွှဲသွားကြသည်။
ကျင်းဘုရင်မင်းမြတ်က အံ့သြတကြီးဖြင့် မေးလိုက်၏။ "ပြည်သူတွေက တကယ်ပဲ အဲဒီလို ပြောကြတာလား။"
ဖန်ကျန်းရီသည် ခေါင်းညိတ်ကာ လျှောက်တင်လိုက်သည်။ "တကယ်ပါ။ လမ်းမပေါ်မှာ လူတွေ အဲဒီလို အော်နေတာကို ကျွန်တော်မျိုး ကြားခဲ့ရတာပါ။"
ကျန်းလျန်သည် ရုတ်တရက် ခေါင်းမူးသွားသလို ခံစားလိုက်ရသည်။
မိုက်ရိုင်းတယ်။ တကယ့်ကို မိုက်ရိုင်းလွန်းတယ်။ အရင်ဆုံး မြှောက်ပင့်ပေးပြီးမှ ပြန်နင်းချတယ်။ ပြီးတော့ အကျင့်ပျက် ခြစားတဲ့ အမတ်တွေမှ ကျောက်စိမ်းကြွေထည် ဝယ်တယ်ဆိုတော့ ဒါက လူတွေရဲ့ အသက်သွေးကြောကို ရိုက်နှက်လိုက်တာပဲ။
ကျန်းလျန်သည် နောက်ဆုံးအနေဖြင့် ရုန်းကန် ကြိုးစားကာ အော်ဟစ်လိုက်သည်။ "လိမ်တာ။ ဒါတွေ အကုန်လုံးက လိမ်နေတာ။ ဘာခိုင်လုံတဲ့ သက်သေမှ မရှိဘူး။"
ဖန်ကျန်းရီသည် ကျင်းဘုရင်မင်းမြတ်ကို ချက်ချင်း ကြည့်ကာ လက်သီးဆုပ်၍ လျှောက်တင်လိုက်၏။ "ပြောသင့်တာတွေ အကုန်လုံး ကျွန်တော်မျိုး ပြောပြီးပါပြီ။ အရှင်မင်းကြီး မှန်ကန်စွာ ဆုံးဖြတ်ပေးတော်မူပါ။"
ကျင်းဘုရင်မင်းမြတ်သည် ကျန်းလျန်ကို ကြည့်ကာ ခပ်အေးအေး ပြောလိုက်သည်။ "အမတ်ကျန်း ... လောင်းကြေးထပ်ရင် ရှုံးတာကို လက်ခံရမယ်။ ဘယ်သူမှ ကန့်ကွက်စရာ မရှိတော့ဘူးဆိုမှတော့ အရင်က သဘောတူညီချက်အတိုင်းပဲ ဘဏ္ဍာရေးဌာနက ငွေထုတ်ပေးပြီး တော်ဝင်သိပ္ပံအကယ်ဒမီကို တည်ဆောက်စေ။
တွဲဖက်ကျောင်းတော်ကိုတော့ ဖန်ကျန်းရီ ကိုယ်တိုင် တည်ထောင်ခွင့်ပြုတယ်။ အမတ်ဖန်... မင်း နောက်ကျရင် စည်းမျဉ်းစည်းကမ်းတွေကို ရေးဆွဲပြီး အတွင်းဝန်အဖွဲ့ဆီ တင်ပြရမယ်။ စိစစ်ပြီးသွားရင်တော့ တာ့ကျင်းအနှံ့ကို ကြေညာပေးမယ်။"
ဖန်ကျန်းရီသည် အလွန် ကျေနပ်သွားသည်။ ကိစ္စက ဤအဆင့်အထိ ရောက်လာပြီဆိုတော့ ပြီးပြည့်စုံသွားပြီလို့ ဆိုရမည်။
သိပ္ပံအကယ်ဒမီကို တည်ထောင်နိုင်ရင် ရပြီ။ ကျောင်းတော်ကို တော်ဝင်ဆိုတဲ့ နာမည် တပ်ထားတာက တကယ်တော့ မသင့်တော်ဘူး။ ကျောင်းတော်ထဲ ဝင်သွားတာနဲ့ ဘုရင်မင်းမြတ်ရဲ့ တပည့်တွေ ဖြစ်သွားရင် ကမ္ဘာပေါ်က ပညာတတ်တွေ အကုန်လုံး ပုန်ကန်ကုန်လိမ့်မယ်။
ဖန်ကျန်းရီက အသံကျယ်ကျယ်ဖြင့် လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး ဉာဏ်ပညာကြီးမားလှပါတယ်။"
အပိုင်း (၆၅၀) အစမ်းမင်္ဂလာဆောင်ခြင်း။
ညီလာခံ ပြီးဆုံးသွားသည်။
ဖန်ကျန်းရီသည် နန်းဆောင်တံခါး အပြင်ဘက်တွင် ရပ်ကာ နံနက်ခင်း နေရောင်ခြည်ကို ဝမ်းသာပီတိဖြင့် ကြည့်နေမိ၏။
မလွယ်ကူဘူး။ ဘာလုပ်လုပ် ဘာတစ်ခုမှ မလွယ်ကူဘူး။ အားကုန်ထုတ်ပြီးမှ ဒီအုတ်မြစ်ကို ချနိုင်ခဲ့တာ။ နောက်ပိုင်း ဆက်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အများကြီး ပိုလွယ်သွားပြီ။ တောက်ယွမ်ခရိုင်မှာ ရှိပြီးသား ရလဒ်တချို့ကို ယူလာပြီး အမတ်တွေ အားလုံးကို သိပ္ပံပညာရဲ့ အလားအလာတွေကို စောစောစီးစီး မြင်တွေ့ခွင့် ပေးလိုက်ရုံနဲ့ ဘယ်သူမှ အထင်သေးရဲတော့မှာ မဟုတ်ဘူး။ လက်ဆုပ်လက်ကိုင်ပြလို့ရတဲ့ အကျိုးအမြတ်တွေကို ဘယ်သူကမှ ငြင်းဆန်မှာ မဟုတ်ဘူး။
ငါ သိပ္ပံဖခင်ကြီး ဖန်ကျန်းရီက သမိုင်းမှတ်တမ်းတွေထဲမှာ ကျိန်းသေပေါက် ပါဝင်ရလိမ့်မယ်။ နောင်လာနောက်သားတွေအတွက် သတိပေးစရာ စကားတချို့နဲ့ စည်းမျဉ်းတချို့ကို ချမှတ်ခဲ့ရအုံးမယ်။ ပြဋ္ဌာန်းစာအုပ်တွေပေါ်က ငါ့ရဲ့ မျက်နှာကို ဘယ်သူမှ လျှောက်မခြစ်ရဘူး။ မဟုတ်ရင် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ အမှတ်လျှော့ပစ်မယ်။
စဉ်းစားရင်း စဉ်းစားရင်းဖြင့် ဖန်ကျန်းရီသည် ရယ်မောလိုက်မိသည်။
လီယွမ်ကျောက်သည် သူ၏ အနောက်မှ ထွက်လာပြီး ထူးဆန်းသော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။ "ဖန်ကြီး... ခင်ဗျား အပြုံးက တော်တော် ယုတ်မာတဲ့ပုံ ပေါက်နေတယ်။"
ဖန်ကျန်းရီက ပြန်ပြောလိုက်၏။ "အို... ပျော်စရာကောင်းတဲ့ ကိစ္စလေး တွေးမိသွားလို့ပါ။"
လီယွမ်ကျောက်က မေးလိုက်သည်။ "သိပ္ပံအကယ်ဒမီနဲ့ ကျောင်းတော်ကို ခင်ဗျား ဘယ်လို လုပ်ဖို့ စီစဉ်ထားလဲ။"
ဖန်ကျန်းရီသည် ခဏမျှ စဉ်းစားပြီးနောက် ပြန်ပြောလိုက်၏။ "ကျုပ် အစောကြီးတည်းက စဉ်းစားထားတာတွေ ရှိပါတယ်။ အစိုးရရုံးတွေနဲ့ နီးတဲ့နေရာက သုတေသနလုပ်ဖို့ မသင့်တော်ဘူး။ နောက်ပိုင်း လုပ်ငန်းဝန်ကြီးဌာနက လူတွေ ပြဿနာ လာရှာတာကို ရှောင်လွှဲနိုင်အောင် ကျုပ်က အဝေးကြီးမှာ တည်ဆောက်ချင်တာ။
အရှေ့ဘက် ဆင်ခြေဖုံးမှာ မြေလွတ်မြေရိုင်းတွေ အများကြီး ရှိသေးတယ်။ အဲဒီမှာ တည်ဆောက်လိုက်တာက ပိုကောင်းမယ်။ တော်ဝင်သိပ္ပံအကယ်ဒမီနဲ့ ကျောင်းတော်က ကပ်လျက်ရှိနေရင် နောင်ကျရင် သုတေသနလုပ်ဖို့နဲ့ သင်ယူဖို့လည်း အဆင်ပြေတယ်။
ပိုပြီး တိတိကျကျ ပြောရရင်တော့... အသေးစိတ် အစီအစဉ်တွေ ဆွဲဖို့ လိုလိမ့်မယ်။ ကျုပ် အိမ်ပြန်ရောက်ရင် သေချာ ပြန်လေ့လာပြီး စာမေးပွဲ အဆင့်တွေ၊ ရာထူး အခေါ်အဝေါ်တွေ သတ်မှတ်ရမယ်။"
လီယွမ်ကျောက်က မေးလိုက်၏။ "အင်း... စာမေးပွဲ အဆင့်တွေလား။"
ဖန်ကျန်းရီသည် အပြုံးဖျော့ဖျော့လေးဖြင့် ပြန်ပြောလိုက်သည်။ "ရိုးရိုးလေး ပြောရရင် အမှတ်စာရင်းကို ကြည့်ပြီး တစ်ဆင့်ပြီးတစ်ဆင့် တက်သွားရမှာ။ အနိမ့်ဆုံး အဆင့်ကို ပထမအဆင့်လို့ ခေါ်တယ်။ စာမေးပွဲ အောင်ရင် ဒုတိယအဆင့်ကို တက်မယ်။ ပညာလည်း တတ်၊ ကိုယ်ကျင့်တရားလည်း ကောင်း၊ အရည်အချင်းလည်း ပြည့်ဝပြီး အလားအလာလည်း ကောင်းတဲ့သူတွေမှ တတိယအဆင့်ကို တက်ခွင့်ရမှာ။"
လီယွမ်ကျောက်က နားမလည်ဟန်ဖြင့် ပြောလိုက်၏။ "မဟုတ်သေးဘူးလေ။ ဂဏန်းက ပိုငယ်လေ၊ အဆင့်က ပိုမြင့်လေ ဖြစ်ရမှာပေါ့။"
ဖန်ကျန်းရီက ရှင်းပြလိုက်သည်။ "မဟုတ်ဘူး။ ဂဏန်းပိုကြီးလေ ပိုကောင်းလေပဲ။ သုံးက တစ်ထက် ပိုကြီးတာဆိုတော့ တတိယအဆင့်က အကောင်းဆုံးပဲ။"
လီယွမ်ကျောက်သည် နှုတ်ခမ်းကို မဲ့ကာ သဘောတူခြင်း၊ မတူခြင်း မပြဘဲ ဆက်မေးလိုက်၏။ "ဒါပေမဲ့ တော်ဝင်သိပ္ပံအကယ်ဒမီကို အရှေ့ဘက် ဆင်ခြေဖုံးမှာ တည်ဆောက်တာက သိပ်မသင့်တော်ဘူး ထင်တယ်။ အရမ်းဝေးလွန်းတယ်။ အပြင်လူတွေ တစ်ခုခု ပြောမှာကို ခင်ဗျား မကြောက်ဘူးလား။"
ဖန်ကျန်းရီသည် တစ်ချက် ကြောင်အမ်းသွားသည်။
တော်ဝင်ဆိုတဲ့ နာမည်ကို တပ်ထားပြီး ဝေးလံတဲ့ ဆင်ခြေဖုံးမှာ တည်ဆောက်တာက လူတွေ အပြောခံရနိုင်စရာ ရှိတာ အမှန်ပဲ။ ဒါပေမဲ့ လက်တွေ့ အခြေအနေအရ ကြည့်ရင် အဝေးကြီးမှာ တည်ဆောက်တာက ပိုကောင်းတယ်။
“အင်း … မကောင်းတဲ့ အလေ့အကျင့်တွေ ကူးမှာစိုးလို့လေ။” ဖန်ကျန်းရီက ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
လီယွမ်ကျောက်က စိတ်ဝင်တစား မေးလိုက်၏။ "ဘယ်လို မကောင်းတဲ့ အလေ့အကျင့်တွေလဲ။"
ဖန်ကျန်းရီက ပြန်ပြောလိုက်သည်။ "ဟဲဟဲ... သုတေသနဆိုတာက တကယ့် ပညာရပ်ကို ကြည့်တာလေ။ အာဏာဆိုတာကတော့ ကြီးတာ၊ ငယ်တာကိုပဲ ကြည့်တာ အိမ်ရှေ့စံရဲ့။
လူတွေရဲ့ စိတ်နှလုံးဆိုတာ အမြဲတမ်း တူညီတဲ့ဘက်ကိုပဲ သွားကြတာ။ ကျင်းတိုင်းပြည် အထက်အောက် မရွေး ပြည်သူအားလုံးရဲ့ အယူအဆက အစိုးရရုံးတွေထဲကို အတင်း ဝင်ချင်နေကြတာပဲ။ အစိုးရရုံးတွေက ဘာလုပ်နိုင်လို့လဲ။ စီမံခန့်ခွဲရေး ရာထူးတွေက သုတေသန ရာထူးတွေကို အမြဲတမ်း ဖိနှိပ်ထားတာပဲ။
တကယ်လို့ သိပ္ပံအကယ်ဒမီထဲကို မမှန်ကန်တဲ့ အလေ့အကျင့်တွေ ဝင်လာရင် နောက်ပိုင်း ခေါ်လာတဲ့ ကျောင်းသားတွေက သိပ္ပံပညာကို လေ့လာဖို့ မစဉ်းစားကြတော့ဘူး။ တစ်နေကုန် 'ခေါင်းဆောင် ငါးယောက် လာတယ်၊ ထိုင်ခုံက လေးခုံပဲ ရှိတယ်၊ ကျုပ် ဘယ်လို စီစဉ်ပေးရမလဲ' ဆိုတဲ့ အရူးလို မေးခွန်းမျိုးကိုပဲ စဉ်းစားနေကြမှာ။ အဲဒါဆိုရင် ဘာသုတေသန သွားလုပ်လို့ ရတော့မှာလဲ။
ကျုပ်က သိပ္ပံအကယ်ဒမီကို အသုံးပြုပြီး ကမ္ဘာမြေ အနှံ့ကို သိပ္ပံ အယူအဆတွေ ဖြန့်ဝေပေးချင်သေးတာ။ ကျင်းတိုင်းပြည်မှာက သိပ္ပံပညာအတွက် မြေဆီလွှာ မရှိသလောက် ရှားပါးနေပြီ။ အဲဒီအပြင် လူတွေရဲ့ စိတ်ထဲမှာ ရှေးဟောင်းပစ္စည်းတွေကို ကိုးကွယ်တဲ့ စိတ်ဓာတ်တွေကလည်း လွှမ်းမိုးနေတော့ သိပ္ပံပညာကို ဖြန့်ဝေဖို့ဆိုတာ တွေးကြည့်ရုံနဲ့တင် အရမ်း ခက်ခဲမယ်ဆိုတာ သိသာတယ်။
အိမ်ရှေ့စံ... သိပ္ပံအကယ်ဒမီ ဖွံ့ဖြိုးတိုးတက်လာတဲ့ အစပိုင်းမှာ သေချာပေါက် အဆင်မပြေမှုတွေ ရှိမှာပဲ။ ကျုပ်တို့က အစကနေ သေချာ ရှင်းလင်းရမယ်။ အစပိုင်းမှာ တခြား အစိုးရရုံးတွေနဲ့ ဆက်ဆံရေးကို တတ်နိုင်သမျှ ရှောင်ရှားရမယ်။ ဒါမှ မလိုအပ်တဲ့ သက်ရောက်မှုတွေ မဖြစ်မှာ။ နောက်ပိုင်း အင်အားကြီးလာပြီး ကိုယ်ပိုင် အင်အားနဲ့ ယဉ်ကျေးမှု ရှိလာတဲ့ အချိန်ကျမှ နေရာပြောင်းတာပဲဖြစ်ဖြစ် ဘာပဲလုပ်လုပ် ရပါတယ်။ အစပိုင်းမှာတော့ သီးသန့် လည်ပတ်တာက ပိုအဆင်ပြေတယ်။ နောက်ပြီး... နန်းတော်နဲ့ ဝေးတော့ လွတ်လပ်တာပေါ့။ ကျုပ်တို့ နှစ်ယောက်လည်း နောင်ကျရင် ခဏခဏ လာရအုံးမှာလေ။"
လီယွမ်ကျောက်သည် ပါးစပ်ကြီး ဖြဲကာ ရယ်မောပြီး ပြောလိုက်သည်။ "ဟုတ်တယ်။ နန်းတော်နဲ့ ဝေးတော့ ပြဿနာတွေ နည်းတာပေါ့။ အခုဆိုရင် သိပ္ပံအကယ်ဒမီကနေ ဘာပစ္စည်းတွေများ ထွက်လာမလဲဆိုတာ ကျုပ် တော်တော်လေး မျှော်လင့်နေပြီ။"
ဖန်ကျန်းရီက ပြန်ပြောလိုက်၏။ "အိမ်ရှေ့စံ... စောင့်သာကြည့်နေလိုက်ပါ။ ခင်ဗျား မျက်စိပွင့်သွားစေမဲ့ ပစ္စည်းတွေ အများကြီး ပေါ်လာအုံးမှာ။"
သူတို့နှစ်ယောက် စကားပြောရင်း ရယ်မောနေစဉ် မိန်းမစိုးလေး တစ်ယောက်သည် ဖန်ကျန်းရီတို့ နှစ်ယောက်နှင့် တိုက်မိလုမတတ်ပင် နန်းဆောင်ထဲမှ ပြေးထွက်လာသည်။
ဖန်ကျန်းရီကို ကြည့်ကာ ဖားယားသော အမူအရာဖြင့် ပြောလိုက်၏။ "အမတ်မင်းဖန်... ဒီမှာ ရှိနေတာကိုး။"
ဖန်ကျန်းရီသည် မျက်တောင်တစ်ချက် ခတ်လိုက်ပြီး အနည်းငယ် သံသယဖြစ်စွာဖြင့် မေးလိုက်သည်။ "ဘာကိစ္စများ ရှိလို့လဲ။"
မိန်းမစိုးလေးသည် ဖားယားသော အပြုံးဖြင့် ပြန်ပြောလိုက်သည်။ "ကိစ္စတော့ မရှိပါဘူး။ ကျွန်တော်မျိုး အမတ်မင်းဖန်ကို ဂုဏ်ပြုချင်လို့ပါ။ ဓလေ့ထုံးစံရေးရာ ဌာနက မင်္ဂလာရက် သတ်မှတ်ပြီးပါပြီ။ မိဖုရားခေါင်ကြီးရဲ့ အမိန့်တော်အရ မနက်ဖြန် အမတ်မင်းကို နန်းတော်ထဲ ဝင်ပြီး အစမ်းမင်္ဂလာဆောင်ဖို့ ခေါ်ထားပါတယ်။"
လီယွမ်ကျောက် "..."
ဖန်ကျန်းရီ "..."
သူတို့နှစ်ယောက်သည် အကြည့်ချင်း ဖလှယ်လိုက်ကြရာ နှစ်ယောက်လုံး၏ မျက်လုံးများက ကြောင်အမ်းအမ်း ဖြစ်နေကြ၏။
ဖန်ကျန်းရီသည် ချက်ချင်းပင် ခေါင်းတွေ ထုံကျဉ်သွားပြီး အော်မေးလိုက်သည်။ "အစမ်းမင်္ဂလာဆောင်။ ဘယ်သူ့ရဲ့ မင်္ဂလာဆောင်ကို စမ်းရမှာလဲ။ ဒီကိစ္စက စမ်းလို့ ရသေးတာလား။"
လီယွမ်ကျောက်သည် ထူးဆန်းသော အမူအရာဖြင့် ဖန်ကျန်းရီကို ကြည့်ကာ စကားတစ်ခွန်းမှ မပြောပေ။
မိန်းမစိုးလေးက မျက်လွှာချကာ ရိုကျိုးစွာဖြင့် ရှင်းပြလိုက်၏။ "သေချာပေါက် ပဉ္စမမင်းသမီးပေါ့။ ဒါတွေက နန်းတော်ရဲ့ စည်းမျဉ်းတွေပါ။ မင်္ဂလာရက် သတ်မှတ်ပြီးပေမဲ့ အဲဒီမတိုင်ခင် အစမ်းမင်္ဂလာဆောင်ဆိုတဲ့ အဆင့်လေး ရှိသေးတယ်။ လုပ်ထုံးလုပ်နည်း တစ်ခု အနေနဲ့ လုပ်ရုံလေးပါ။"
လီယွမ်ကျောက်သည် ချက်ချင်းပင် မျက်လုံးပြူးကာ ဒေါသတကြီးဖြင့် အော်လိုက်သည်။ "ဖန်... ကြီး … ခင်ဗျား ရှင်းမပြတော့ဘူးလား။"
ဖန်ကျန်းရီသည် တစ်ကိုယ်လုံး အေးစက်သွားပြီး အလောတကြီး ပြန်ပြောလိုက်၏ "ကျုပ် ဘာရှင်းပြရမှာလဲ။ မဟုတ်ဘူး... ခင်ဗျား ကျုပ် ရှင်းပြတာကို နားထောင်ဦး...
ကျုပ်နဲ့ မင်းသမီးက တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြိုက်နေကြတာလေ။ ခင်ဗျား ဘာလုပ်ချင်တာလဲ။ ခင်ဗျား ဘာလုပ်ချင်တာလဲ။"
လီယွမ်ကျောက်သည် တစ်လှမ်းချင်း ရှေ့သို့ တိုးလာပြီး ရုတ်တရက် ခုန်အုပ်လိုက်ရာ သူတို့နှစ်ယောက်လုံး လုံးထွေးသွားကြသည်။
ဖန်ကျန်းရီက အော်ဟစ်လိုက်၏။ "အိမ်ရှေ့စံ … အိမ်ရှေ့စံ … ဘာလုပ်တာလဲ။ လူအများကြီး ရှေ့မှာကြီး... ကျုပ် ရှင်းပြတာကို နားထောင်ပါဦး။"
လီယွမ်ကျောက်က ပြန်အော်လိုက်သည်။ "ကျုပ် နားမထောင်ဘူး။ နားမထောင်ဘူး။ ကျုပ်က ခင်ဗျားကို ညီအစ်ကိုလို သဘောထားတာ၊ ခင်ဗျားက ကျုပ်ညီမကို ခိုးစားတယ်ပေါ့။"
လီယွမ်ကျောက်က အသေအလဲ မလုပ်ပေမဲ့ ဖန်ကျန်းရီ၏ လက်မောင်းပေါ်မှ အသားများကိုတော့ တစ်ဆုပ်ပြီး တစ်ဆုပ် ဆွဲလိမ်နေသည်။
ဖန်ကျန်းရီသည် အဆက်မပြတ် ညည်းတွားအော်ဟစ်ရင်း အကြံတစ်ခု ရသွားသဖြင့် အသံကျယ်ကျယ်ဖြင့် အော်လိုက်၏။ "အား... ခင်ဗျား အရှက်မရှိဘူးလား။ ကျုပ် မိန်းမယူတာ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ။ သေနတ်တို တစ်ရာ။ အမြောက် သုံးလက်... မလုပ်နဲ့တော့၊ ကျည်ဆန် နှစ်ထောင်ပါ ထပ်ပေါင်းပေးမယ်။"
လီယွမ်ကျောက်က ချက်ချင်း ပြန်ပြောလိုက်သည်။ "သဘောတူတယ်။"
လီယွမ်ကျောက်သည် အသက်ပြင်းပြင်း ရှူရင်း လက်ကို လွှတ်ပေးလိုက်သော်လည်း သူ့ကို အေးစက်စွာ ပြုံး၍ စိုက်ကြည့်နေဆဲပင်။
ဖန်ကျန်းရီသည် နှမကို အလွန်ကာကွယ်သော အရူး၏ အကြည့်ကြောင့် ကြက်သီးထသွားကာ ပြောလိုက်၏။ "ခင်ဗျား စကားမပြောင်းနဲ့နော်။ မြောင်ဟန်ကို တခြားလူနဲ့ ပေးစားပြီး တစ်သက်လုံး ကံမကောင်းအောင် လုပ်ချင်လို့လား။ ဒါမှမဟုတ် သူ့ကို တစ်သက်လုံး အထီးကျန်ဆန်စွာ နေစေချင်တာလား။"
ထိုစကားကို ကြားလိုက်သည်နှင့် လီယွမ်ကျောက်သည် အားအင်ကုန်ခမ်းသွားသလို ပခုံးများပင် ကျဆင်းသွားသည်။ မျက်နှာပျက်ပျက်ဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။ "ကျုပ် သိသားပဲ။ ခင်ဗျားတို့ နှစ်ယောက် တိတ်တိတ်လေး ဆက်သွယ်နေကြတာ... တားလို့လည်း မရဘူး။ ထားလိုက်ပါတော့... ထားလိုက်ပါတော့။ မြေသြဇာကောင်းတဲ့ ရေက သူစိမ်းတွေရဲ့ လယ်ထဲ မစီးဆင်းသွားတာပဲ ကောင်းပါတယ်။"
ဖန်ကျန်းရီသည် သက်ပြင်းချလိုက်ပြီး ရှေ့သို့ ကမန်းကတန်း တိုးသွားကာ နှစ်သိမ့်ပေးလိုက်သည်။ "ဒါမှ မှန်တာပေါ့။ နောက်ပိုင်းကျရင် ကျုပ်တို့က မိသားစု တစ်ခုတည်း ဖြစ်သွားပြီလေ။ ခင်ဗျား စိတ်ရှင်းရှင်းထားရမယ်။"
လီယွမ်ကျောက်က ပြန်ပြောလိုက်၏။ "ခံစားချက်က တကယ့်ကို ထူးဆန်းလိုက်တာ... ဒါပေမဲ့ မနက်ဖြန် အမြောက်တွေ ပို့ပေးဖို့ မမေ့နဲ့နော်။"
ဖန်ကျန်းရီသည် ချွေးစေးများကို တစ်ချက် သုတ်လိုက်သည်။ ပို့ပေးဆိုလည်း ပို့ပေးရမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အမြောက်ကျည်ဆန်တွေ ပေးမယ်လို့ ကတိမပေးထားဘူးလေ။ သေနတ်တော့ ကြိုက်သလောက် ပစ်ပေါ့။
သူတို့နှစ်ယောက်သည် နန်းဆောင်ရှေ့ရှိ လှေကားထစ်ပေါ်တွင် စကားမပြောဘဲ ထိုင်နေကြသည်။ ဘေးရှိ မိန်းမစိုးလေးမှာ အစောကြီးတည်းက ကြက်သီးထနေပြီး သွားရမလို၊ နေရမလို ဖြစ်နေ၏။
အချိန်အတော်ကြာပြီးနောက် လီယွမ်ကျောက်သည် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ "သူ့ကို ဂရုစိုက်ပါ။ ငယ်ငယ်ကတည်းက ကျုပ်နဲ့ အရင်းနှီးဆုံး ညီမလေးဆိုလို့ ဒီတစ်ယောက်ပဲ ရှိတာ။"
ဖန်ကျန်းရီသည် စိုးရိမ်နေသော စိတ်ကို နောက်ဆုံးတော့ ချထားနိုင်သွားပြီး စမ်းသပ်သလို မေးလိုက်၏။ "ဒါပေါ့ … အစမ်းမင်္ဂလာဆောင်ဆိုတာ ဘာအဓိပ္ပာယ်လဲ။"
လီယွမ်ကျောက်က ပြန်ပြောလိုက်သည်။ "ဘာအဓိပ္ပာယ် ရှိရမှာလဲ။ ခင်ဗျားက ယောက်ျားစစ်စစ် ဟုတ်မဟုတ် ဆိုတာကို စမ်းသပ်တာလေ။"
"ဟမ် .. "