အခန်း (၆၅၁-၆၅၂)
Vol. 35 Ch. 651-652
အပိုင်း (၆၅၁) အစမ်းမင်္ဂလာဆောင်သည့်ည။
ဖန်ကျန်းရီသည် တစ်ဝက်ယုံ တစ်ဝက်မယုံဖြင့် မေးလိုက်သည်။ "ဒီလို ကောင်းတဲ့ ကိစ္စမျိုး ရှိသေးတာလား။ အဲဒါဆို နောက်ပိုင်း မင်္ဂလာဦးညရဲ့ ခံစားချက်ကြီး ပျောက်မသွားဘူးလား။"
လီယွမ်ကျောက်သည် ခေါင်းကို လှည့်ကာ မထီမဲ့မြင် တစ်ချက် ရယ်မောလိုက်ပြီး ပြောလိုက်၏။ "ယောက်ျားကြီးတန်မဲ့ ဘာခံစားချက်တွေ လုပ်နေတာလဲ။ ဘယ်သမက်တော်ကများ ဒီလို မဖြတ်သန်းခဲ့ရလို့လဲ။ ခင်ဗျားနဲ့ ဆက်မပြောတော့ဘူး။ အရှေ့နန်းဆောင်ကို ပြန်ပြီး အိပ်ရာဝင်လိုက်အုံးမယ်။ ပြီးမှ ကျုပ်တို့ အရှေ့ဘက် ဆင်ခြေဖုံးကို သွားကြတာပေါ့။"
ပြောပြီးသည်နှင့် လီယွမ်ကျောက်သည် ခြေလှမ်းစကာ ထွက်သွားတော့၏။
မူလနေရာတွင် မိန်းမစိုးလေးနှင့် ဖန်ကျန်းရီတို့သာ အကြည့်ချင်း ဖလှယ်လျက် ကျန်ရစ်ခဲ့သည်။ သူတို့နှစ်ယောက် အချင်းချင်း စိုက်ကြည့်နေကြရာ မိန်းမစိုးလေးက မခံနိုင်တော့ဘဲ ခြောက်ကပ်ကပ် ရယ်မောကာ ပြောလိုက်သည်။ "အမတ်မင်းဖန်... မဟုတ်ဘူး၊ အခုဆိုရင် သမက်တော် လို့ ခေါ်ရမှာပေါ့။ အဲဒါဆို မနက်ဖြန် အလုပ်ဆင်းရင် ကျွန်တော်မျိုး လူလွှတ်ပြီး သမက်တော်ကို နောက်ဖေးနန်းဆောင်ဆီ ခေါ်ဖို့ ဝေါယာဉ် စီစဉ်ခိုင်းလိုက်မယ်နော်။"
ဖန်ကျန်းရီသည် ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။ "ကောင်းပြီ။ မင်း သွားတော့။"
မိန်းမစိုးလေးလည်း ထွက်သွားရာ ဖန်ကျန်းရီ တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။ ကောင်းကင်ကို မော့ကြည့်ရင်း စိတ်ထဲတွင် တွေးတောနေမိသည်။
မင်္ဂလာမဆောင်ရသေးဘဲ အရင် အိပ်ရမယ်တဲ့၊ တော်ဝင်မိသားစုက တော်တော် ခေတ်မီတာပဲ။ ဒါပေမဲ့ မင်းသမီးလေးအတွက်တော့ တော်တော်လေး နစ်နာသွားတာပေါ့။
ငါ ဖန်ကျန်းရီက တကယ့် ယောက်ျားစစ်စစ်ပါ။ မကြာသေးခင် လတွေမှာ အမြဲတမ်း လေ့ကျင့်ခန်း လုပ်နေတာ၊ လက်မောင်းပေါ်မှာ မြင်းတောင် ပြေးလို့ရတယ်၊ လက်သီးပေါ်မှာ လူတောင် ရပ်လို့ရတယ်။ ယောက်ျားစစ်စစ် ဟုတ်မဟုတ် မျက်စိနဲ့ ကြည့်ရုံနဲ့ မသိနိုင်ဘူးလား။ ဒီလောက် ယုံကြည်မှုလေးတောင် မရှိဘူးလား။
ဒါပေမဲ့ ဒီလို လုပ်တာ သင့်တော်ပါ့မလား။ သောက်ကျိုးနည်း ဓလေ့ထုံးစံရေးရာ ဌာနကလည်း လာသင်ပေးမယ့်သူ တစ်ယောက်မှ မရှိဘူး။
သို့သော်ငြား မင်္ဂလာဆောင်ရတော့မည်ကို တွေးမိသောအခါ ဖန်ကျန်းရီ၏ စိတ်ထဲတွင် ရုတ်တရက် ဝမ်းနည်းမှု အနည်းငယ် ဝင်ရောက်လာသည်။ ဘဝနှစ်ဆက်တိုင်အောင် နေလာခဲ့ပြီးနောက် ယခုတော့ အိမ်ထောင်ပြုရမည့် အချိန်ကို ရောက်လာခဲ့သည်။
မိဘဆွေမျိုးတွေရော ဘယ်လို နေကြလဲ။ ငါ သူတို့ကို မပြုစုပေးနိုင်တော့ ပိုက်ဆံရော လောက်ငပါ့မလား။
နောက်တစ်နေ့ ညနေစောင်းတွင် နန်းတော်ထဲမှ ဝေါယာဉ် အချိန်မှန် ရောက်လာသည်။ ဖန်ကျန်းရီသည် ဝေါယာဉ်ထဲတွင် ထိုင်ကာ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ အပြည့်ရှိနေသည်။
ပထမဆုံးအကြိမ်ပဲ။ အနောက်နန်းဆောင်ကို ပထမဆုံးအကြိမ် တရားဝင် ဝင်ရတာ။ အရင်တုန်းက အမြဲတမ်း တိတ်တိတ်လေး သွားနေရတာ။ ဒီတစ်ခါတော့ တကယ့်ကို ဂုဏ်ယူစရာပဲ။
လိုက်ပါလာသူကတော့ မနေ့က အမိန့်တော် လာပို့သည့် မိန်းမစိုးလေးပင် ဖြစ်သည်။ ဝေါယာဉ် ရပ်သွားသောအခါ မိန်းမစိုးလေးက ဝေါယာဉ်ခန်းဆီးကို ရိုကျိုးစွာ လှန်ပေးလိုက်၏။
ဖန်ကျန်းရီသည် ဖြည်းညင်းစွာ ထွက်လာပြီး အကြောဆန့်လိုက်ရာမှ ရုတ်တရက် ကြောင်အမ်းသွားသည်။ ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပြီး မေးလိုက်သည်။ "ဟင်... ဒီနေရာက မင်လွမ်နန်းဆောင် မဟုတ်ဘူး။ ဒါ ဘယ်နေရာလဲ။"
မိန်းမစိုးလေးက တိုးတိုးလေး ပြန်ပြောလိုက်၏။ "သမက်တော်... ဒါက ဘေးဘက် နန်းဆောင် တစ်ခုပါ။ အစမ်းမင်္ဂလာဆောင်ကို ဘယ်လိုလုပ် မင်လွမ်နန်းဆောင်မှာ သွားလုပ်လို့ ရမှာလဲ။ အဲဒါက ဓလေ့ထုံးစံနဲ့ မညီဘူးလေ။"
ဖန်ကျန်းရီသည် ပတ်ဝန်းကျင်ကို ထပ်မံ၍ အကဲခတ်ကြည့်လိုက်ရာ ဤနေရာသည် အနည်းငယ် စိမ်းသက်နေသည်။ ဓလေ့ထုံးစံ ကိစ္စတွေကို သူလည်း နားမလည်တော့ မင်းသမီးကို တွေ့ရဖို့က ပိုအရေးကြီးသည်။ မတွေ့ရသည်မှာ လပေါင်းများစွာ ကြာခဲ့ပြီ။
ဖန်ကျန်းရီက ပေါ့ပေါ့ပါးပါးပဲ ပြန်ပြောလိုက်သည်။ "ဘယ်လို စီစဉ်ထားလဲဆိုတာကို ကြည့်တာပေါ့။ လမ်းပြစမ်း။"
မိန်းမစိုးလေးသည် တိုးတိုးလေး ရယ်မောကာ ရှေ့သို့ ခြေလှမ်း အနည်းငယ် တိုးသွားပြီး ဘေးဘက် နန်းဆောင်၏ တံခါးကို ဖွင့်ပေးလိုက်သည်။ ဖန်ကျန်းရီကို အခန်းတစ်ခန်း၏ တံခါးဝသို့ ခေါ်သွားကာ ပြောလိုက်၏။ "သမက်တော်... ဝင်သွားလိုက်ပါ။ ကျွန်တော်မျိုးက အပြင်မှာ စောင့်နေပါ့မယ်။ သမက်တော် ပြီးသွားရင် ဒါမှမဟုတ် တစ်ခုခု လိုအပ်ရင် ကျွန်တော်မျိုးကို တိုက်ရိုက် ခေါ်လိုက်လို့ ရပါတယ်။"
ဖန်ကျန်းရီသည် သူ့ကို စွေကြည့်ကာ ပြောလိုက်သည်။ "မင်း ဒီမှာ မနေလို့ မရဘူးလား။ နည်းနည်း အနေရခက်တယ်။ ကျုပ်တို့ နှစ်ယောက် စကားပြောနေတာကို မင်းက တံခါးဝမှာ ရပ်နေတာ သင့်တော်လို့လား။"
မိန်းမစိုးလေးက ပြန်ပြောလိုက်၏။ "အမတ်မင်းဖန်... ဒါတွေ အကုန်လုံးက စည်းမျဉ်းတွေပါ။ နားလည်ပေးပါ။"
ဖန်ကျန်းရီက နှာခေါင်းရှုံ့လိုက်သည်။ "ချီးတဲ့မှ … ။"
စည်းမျဉ်း။ နေရာတိုင်းမှာ လူသားဆန်မှု မရှိတဲ့ အစုတ်အပြတ် စည်းမျဉ်းတွေချည်းပဲ။ ကြည့်ရတာ ဒီညတော့ ချစ်ရတဲ့ မင်းသမီးလေးနဲ့ စကားကောင်းကောင်း ပြောရုံပဲ ရတော့မယ် ထင်တယ်။
ဖန်ကျန်းရီသည် ခေါင်းကို ခါယမ်းကာ တံခါးကို တွန်းဖွင့်ပြီး ဝင်သွားလိုက်သည်။ မိန်းမစိုးလေးက သူ၏ နောက်မှ တံခါးကို အလျင်အမြန် ပိတ်ပေးလိုက်သည်။
အခန်းထဲတွင် ခပ်ဖျော့ဖျော့ ရနံ့သင်းသင်းလေး တစ်ခု ပျံ့နှံ့နေပြီး လီမြောင်ဟန်၏ အိပ်ခန်းထဲရှိ ရနံ့နှင့် လုံးဝ မတူညီပေ။ ဖန်ကျန်းရီသည် နှာခေါင်းကို ရှုံ့၍ အနံ့ခံလိုက်ပြီးနောက် မျက်နှာပေါ်တွင် ယုတ်မာသော အမူအရာတစ်ခု ပေါ်လာ၏။
ခံစားချက်ကောင်းလိုက်တာ။ အမွှေးနံ့သာတောင် ပြောင်းထားသေးတယ်။ တော်ဝင်မိသားစုရဲ့ အဆင့်အတန်းကိုတော့ ချီးကျူးရမှာပဲ။
ဖန်ကျန်းရီသည် လက်နှစ်ဖက်ကို ပွတ်သပ်ကာ ကုတင်အနီးသို့ ဖြည်းညင်းစွာ ရွှေ့သွားပြီး တိုးတိုးလေး ပြောလိုက်သည်။ "မင်းသမီး... မတွေ့ရတာ ကြာပြီနော်။ ဒီနေ့တော့ နောက်ဆုံး တွေ့ခွင့်ရပြီ။ ကျုပ်က မင်းသမီးဆီ မလာချင်လို့ မဟုတ်ပါဘူး။ အရှင်မင်းကြီးရဲ့ အမိန့်ကြောင့်ပါ။ ကျုပ်တို့ရဲ့ မင်္ဂလာရက်ကလည်း နီးနေပြီဆိုတော့ ဓလေ့ထုံးစံတွေကို လိုက်နာရမှာပဲလေ။"
စကားပြောပြီးသော်လည်း ကုတင်အနောက်ဘက်မှ ဘာလှုပ်ရှားမှုမှ မရှိပေ။ ဖန်ကျန်းရီသည် မျက်တောင်တစ်ချက် ခတ်လိုက်၏။
ဘာအခြေအနေလဲ။ ဘာလို့ စကားမပြောတာလဲ။ အရမ်း ရှက်နေလို့လား။
ဖန်ကျန်းရီ၏ နှုတ်ခမ်းထောင့်တွင် ညစ်ညမ်းသော အပြုံးတစ်ခု ပေါ်လာပြီး ဆံပင်ကို သပ်ကာ ဝတ်စုံကို သပ်ရပ်အောင် လုပ်လိုက်သည်။
ခဏနေရင် မြှူဆွယ်တဲ့ စကားလေးတွေ ပြောပြအုံးမယ်။ ကောင်မလေး။ မင်း လုံးဝ အရည်ပျော် သွားလိမ့်မယ်။
ဖန်ကျန်းရီသည် ရှေ့သို့ တိုးသွားကာ ကုတင်ခန်းဆီးကို ဖြည်းညင်းစွာ လှန်လိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။ "ရှက်နေသေးတာလား။ အရင်တုန်းက မင်း အဲဒီလို မဟုတ်ပါဘူး။ ကျုပ်ရဲ့ အချွဲလေး ကြောင်ပေါက်လေး... ကျုပ် လာပြီ... ဟ … ချီးတဲ့မှ။"
ခန်းဆီးနောက်က မြင်ကွင်း ရုတ်တရက် ပေါ်လာသောအခါ ဖန်ကျန်းရီသည် ချက်ချင်းပင် မိုးကြိုးပစ်ချ ခံလိုက်ရသလို ဖြစ်သွားသည်။ ကုတင်ပေါ်တွင် လီမြောင်ဟန် လုံးဝ မရှိဘဲ အသက်ဆယ့်ခြောက်နှစ်ခန့် အရွယ် မိန်းကလေး တစ်ယောက်သာ ရှိနေသည်။ မျက်လုံးဝိုင်းဝိုင်း၊ သွားညီညီနှင့် လှပချောမောပြီး သူ့ကို ရှက်သွေးဖြာကာ ကြည့်နေ၏။
ဖန်ကျန်းရီ၏ လည်စလုတ် တစ်ချက် လှုပ်သွားပြီး တံတွေးမြိုချလိုက်ကာ ခေါင်းတွေ ထူပူသွားသည်။ ယောင်ယောင်အအဖြင့် မေးလိုက်သည်။ "မင်းက ဘယ်သူလဲ။"
မိန်းကလေးက စကားပြောရန် ပြင်လိုက်စဉ် မိန်းမစိုးလေးသည် တံခါးဝမှ အလောတကြီး ဝင်လာသည်။ မျက်နှာပေါ်တွင် ထိတ်လန့်နေသော အမူအရာဖြင့် မေးလိုက်သည်။ "သမက်တော်... ဘာဖြစ်လို့လဲ။"
ဖန်ကျန်းရီက အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။ "ဟုတ်တယ်။ ချီးတဲ့မှပဲ ဘာဖြစ်သွားတာလဲ။ သူက ဘယ်သူလဲ။ မင်းသမီးကော။"
မိန်းမစိုးလေးက ငိုသံပါကြီးဖြင့် ပြန်ပြောလိုက်သည်။ "မင်း... မင်းသမီးလား။ မင်းသမီးက မင်လွမ် နန်းဆောင်မှာလေ။"
ဖန်ကျန်းရီက ဆက်အော်လိုက်၏။ "အစမ်းမင်္ဂလာဆောင်ဆို။ ကျုပ်က သူ့ကိုမှ မသိတာ ဘာသွားစမ်းရမှာလဲ။"
မိန်းမစိုးလေးသည် ကြောင်အမ်းအမ်း ဖြစ်သွားပြီး ပြန်ပြောလိုက်သည်။ "အစမ်းမင်္ဂလာဆောင်ဆိုတာ... နန်းတွင်း အစေခံမလေးတွေနဲ့ စမ်းရတာ မဟုတ်ဘူးလား။ ဒါတောင် နန်းတော်က သမက်တော်အတွက် အသေအချာ ရွေးချယ်ပေးထားတာနော်... သမက်တော်က ဘယ်လို ထင်နေလို့လဲ။"
ဖန်ကျန်းရီ၏ စိတ်ထဲတွင် ရူးသွပ်စွာ အော်ဟစ်နေမိသည်။ ငါ ဘယ်လိုထင်လဲ။ သေချာပေါက် ငါ့မိန်းမနဲ့ စမ်းရမယ်လို့ ထင်တာပေါ့။
"ချီးတဲ့မှပဲ။ မစမ်းတော့ဘူး။ ဒါက ကစားနေတာ မဟုတ်ဘူးလား။ ကျုပ်က မသိတဲ့ မိန်းကလေး တစ်ယောက်ကို အိမ်ခေါ်သွားရမှာလား။"
မိန်းမစိုးလေးက မခံနိုင်တော့ဘဲ ပြန်ပြောလိုက်သည်။ "မင်းသမီး သဘောတူရင်တော့ ရပါတယ်။ မဟုတ်ရင် နန်းတော်ထဲမှာပဲ ကျန်ခဲ့မှာပါ။ အမတ်မင်းဖန်... ခင်ဗျား ဘာတစ်ခုမှ နားမလည်ဘူးလား။"
အရင်တုန်းက သမက်တော်တွေထဲမှာ ဘယ်သူမှ ဒီလို မဖြစ်ခဲ့ဖူးဘူး။ ဒါက တကယ့် အရိုင်းအစိုင်းလေးပဲ။ စည်းမျဉ်းတွေကို နည်းနည်းလေးမှ နားမလည်ဘူး။
ဖန်ကျန်းရီသည် မျက်မှောင်ကုတ်ကာ အင်္ကျီလက်စကို ခါယမ်းပြီး ဒေါသတကြီးဖြင့် အခန်းထဲမှ ထွက်သွားရင်း ပြောလိုက်သည်။ "ကျုပ်က ဘာနားလည်ရမှာလဲ။ ကျုပ်တို့ နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက်မှ မသိတာ။ ဒါက အတင်းအကျပ် ပြည့်တန်ဆာ လုပ်ခိုင်းပြီး သူများရဲ့ ဖြူစင်မှုကို ညစ်ညမ်းစေတာ မဟုတ်ဘူးလား။ ကျုပ် မစမ်းဘူး … ပြန်တော့မယ်။"
မူလက ညဘက် ကောင်းတဲ့ ကိစ္စလေးတွေ ရှိမယ်လို့ ထင်ခဲ့တာ။ နောက်ဆုံးတော့ တရားဝင် သတ်မှတ်ထားတဲ့ တစ်ညတာ အချစ်ဇာတ်လမ်း ဖြစ်နေတယ်။ အဲဒီ အစေခံမလေး နောင်ကျလို့ ယောက်ျား မရတော့ရင် အဲဒီအပြစ်တွေ အကုန်လုံး ငါ ဖန်ကျန်းရီ ခေါင်းပေါ် ကျမလာဘူးလား။
မိန်းမစိုးလေးသည် လန့်သွားပြီး ရှေ့သို့ တိုးကာ ဖန်ကျန်းရီ၏ အင်္ကျီလက်စကို ဆွဲထားပြီး ငိုယိုကာ ပြောလိုက်၏။ "အမတ်မင်းဖန်... သမက်တော်။ ဒါတွေက နန်းတော်ရဲ့ စည်းမျဉ်းတွေပါ။ ခေတ်အဆက်ဆက် ဒီလိုပဲ လက်ဆင့်ကမ်းလာခဲ့တာပါ။ တကယ်လို့ ဘယ်သူမှ မစမ်းသပ်ဘဲ နောင်ကျရင် သမက်တော်ရဲ့ ခန္ဓာကိုယ် ကျန်းမာရေး မကောင်းရင် ဘယ်သွားပြောရမလဲ။ ဒါကလည်း မင်းသမီးရဲ့ အနာဂတ်အတွက် စဉ်းစားပေးတာပါ။"
ဖန်ကျန်းရီက အော်လိုက်သည်။ "ချီးပဲ … မင်းက ငါ ဖန်ကျန်းရီကို ဘယ်လိုလူလို့ ထင်နေတာလဲ။ မြို့တော် အနှံ့မှာ ငါ ဖန်ကျန်းရီက လူကြီးလူကောင်း တစ်ယောက်ဆိုတာ ဘယ်သူမသိလို့လဲ။ မင်းက ငါ့ကို ဒီလိုကိစ္စမျိုး လုပ်ခိုင်းတာ ငါ့ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတာပဲ။ ဖြူစင်တဲ့ ဝိညာဉ်ကို အမည်းစက် စွန်းထင်းခံလို့ မရဘူး။"
မိန်းမစိုးလေးသည် သနားစရာ ကောင်းသော အမူအရာဖြင့် ပြောလိုက်သည်။ "သမက်တော် … ကျွန်တော်မျိုး တောင်းပန်ပါတယ်။ စမ်းကြည့်လိုက်ပါနော်။ ဒီကိစ္စ သေးသေးလေးကိုတောင် သေချာ မလုပ်နိုင်ရင် ကျွန်တော်မျိုး ပြန်သွားရင် အသက်ရှင်မှာ မဟုတ်တော့ဘူး။ သမက်တော်က နာမည်ကြီး လူကြီးလူကောင်း တစ်ယောက်ဆိုတာ ကျွန်တော်မျိုး သိပါတယ်။ ဒီအကြပ်အတည်းကနေ လွတ်အောင် ကျွန်တော်မျိုးကို ကူညီပေးပါလား။"
ချီးတဲ့မှပဲ။ ကိုယ်ကျင့်တရားနဲ့ ဖိအားပေးတာလား။ အမြဲတမ်း ငါကပဲ သူများကို ဖိအားပေးနေတာ။
ဖန်ကျန်းရီသည် ဂရုမစိုက်ချင်တော့ဘဲ ဝတ်စုံကို အားကုန် ဆွဲဖြုတ်လိုက်ပြီး မိန်းမစိုးလေးကို ကျောပြင်သာ ပြကာ ထွက်သွားရင်း ပြောလိုက်သည်။ "လွှတ်စမ်း။"
နာရီဝက်ခန့် ကြာပြီးနောက်။ မိန်းမစိုးလေးသည် ကျင်းဘုရင်မင်းမြတ် ရှေ့တွင် ဒူးထောက်နေပြီး ကော်ထျန်းယန် က ဘေးတွင် ရှိနေသည်။ သူတို့နှစ်ယောက်သည် မိန်းမစိုးလေး ငိုယို ပြောပြနေသည်ကို တိတ်ဆိတ်စွာ နားထောင်နေကြ၏။
မိန်းမစိုးလေးသည် စကားပြောပြီးသောအခါ တုန်တုန်ယင်ယင်ဖြင့် ခေါင်းမော့လာပြီး ကော်ထျန်းယန်၏ တုံ့ပြန်မှုကို တိတ်တဆိတ် အကဲခတ်ကြည့်လိုက်ကာ ပြောလိုက်သည်။ "... နောက်ဆုံးတော့ အမတ်မင်းဖန်က သေရင်တောင် လက်မခံဘူးဆိုပြီး ထွက်သွားပါတယ်။"
ကျင်းဘုရင်မင်းမြတ်နှင့် ကော်ထျန်းယန်တို့ နှစ်ယောက်လုံး မျက်မှောင်ကုတ်နေကြသည်ကို တွေ့လိုက်ရသည်။ ခဏအကြာတွင် ကော်ထျန်းယန်သည် ကျင်းဘုရင်မင်းမြတ် အနီးသို့ ကပ်သွားကာ သတိထား၍ လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး... အမတ်မင်းဖန်က မိန်းမ မကြိုက်တာများလား။"
အပိုင်း (၆၅၂) ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ဆိုတာ ဘာလဲ။
ကျင်းဘုရင်မင်းမြတ်က မကျေမနပ်ဖြင့် ပြောလိုက်သည်။ "အလကား လျှောက်ပြောနေတယ်။ သူနဲ့ မြောင်ဟန်က တစ်ယောက်နဲ့ တစ်ယောက် သဘောကျနေကြတာလေ။ မိန်းမ မကြိုက်ရင် နေ့တိုင်း မင်လွမ်နန်းဆောင်ကို သွားနေပါ့မလား။"
ကော်ထျန်းယန်က စတင် ခွဲခြမ်းစိတ်ဖြာပြလိုက်၏။ "ကျွန်တော်မျိုး အရင်က တောက်ယွမ်ခရိုင်ကို စုံစမ်းကြည့်ဖူးပါတယ်။ တောက်ယွမ်ခရိုင်မှာ အစောပိုင်းတုန်းက ပြည့်တန်ဆာရုံ တစ်ရုံမှ မရှိခဲ့ဘူး။ အခု နှင်းလမင်းစံအိမ် ကို တစ်ယောက်ယောက်က ဦးစီးနေပေမဲ့ တကယ်တော့ တောက်ယွမ်ခရိုင်ရဲ့ နာမည်အောက်မှာ ရှိတာပါ။
ဒါပေမဲ့ အမတ်မင်းဖန်က ပြည့်တန်ဆာရုံကို တစ်ခါမှ မသွားဘူးလေ။ နန်းတွင်းမှာ ပြည့်တန်ဆာရုံ မသွားတဲ့သူဆိုတာ အရမ်းကို ရှားပါးပါတယ်။ သူ့လို အရွယ်မျိုးဆိုရင် ပိုပြီးတောင် ရှားပါးသေးတယ်။ ပြည့်တန်ဆာရုံ ဖွင့်ထားပြီး ပြည့်တန်ဆာရုံ မသွားဘူးဆိုတာ အရမ်း ထူးဆန်းနေတယ်။
ပြီးတော့ အရှင်မင်းကြီး သတိထားမိလား မသိဘူး။ အမတ်မင်းဖန်နဲ့ ဟိုကျန်းပြောင်က ခွဲမရအောင် အမြဲတမ်း တွဲနေကြတာ။ အဲဒီကျန်းပြောင်က အရမ်း ယုတ်ညံ့တာနော်။ သာမန်လူသာဆိုရင် အဝေးကြီး ရှောင်သွားမှာပဲ။ နောက်ပြီး..."
အိမ်ရှေ့စံ... အန္တရာယ်ရှိနေပြီ။
ကျင်းဘုရင်မင်းမြတ်၏ မျက်ထောင့်တစ်ချက် လှုပ်သွားပြီး ဒေါသတကြီး အော်လိုက်သည်။ "ပါးစပ်ပိတ်ထားစမ်း။ မင်း ပြောနေတာတွေက ဘာတွေလဲဆိုတာ မင်းဘာသာ ပြန်နားထောင်ကြည့်အုံး။ ဖြစ်နိုင်လို့လား။ ပြောလေ ပိုဆိုးလေပဲ။"
စကားပြောပြီးသောအခါ သူ၏ အမူအရာသည်လည်း အနည်းငယ် ထူးဆန်းလာ၏။
ဖန်ကျန်းရီက ယောက်ျားကြိုက်တယ်ဆိုတာကို သူ မယုံပေမဲ့ မိန်းမစိုးလေး ပြောပြပုံက အရမ်း အသက်ဝင်နေသလို ဖန်ကျန်းရီက အစမ်းမင်္ဂလာဆောင် ကိစ္စကြောင့် ဒေါသထွက်သွားတယ်ဆိုတော့ နည်းနည်းတော့ ထူးဆန်းနေတယ်။ ပြီးတော့ ဒီလို အခြေအနေမျိုးက ပထမဆုံးအကြိမ် ကြားဖူးတာပဲ။ အစမ်းမင်္ဂလာဆောင်ဆိုတာ ကောင်းတဲ့ကိစ္စ တစ်ခုပဲ။ ဘယ်သမက်တော်ကမှ ငြင်းဆန်မှာ မဟုတ်ဘူး။
ကြားတောင် မကြားဖူးဘူး။ ဖန်ကျန်းရီက ဒီကိစ္စမှာတောင် တခြားလူတွေနဲ့ မတူဘူးလား။
ကော်ထျန်းယန်သည် အဆူခံလိုက်ရသဖြင့် ခေါင်းကို ပုလိုက်သည်။ ကျင်းဘုရင်မင်းမြတ် စိတ်ရှုပ်ထွေးနေသည်ကို မြင်သောအခါ ထပ်မံ၍ ရှင်းပြလိုက်သည်။ "အရှင်မင်းကြီး... ကျွန်တော်မျိုး စကားများတာကို ခွင့်လွှတ် ပေးတော်မူပါ။ အမတ်မင်းဖန်က အဲဒီအကြောင်းရင်းကြောင့် မဟုတ်ဘူးဆိုရင်... သူက ခန္ဓာကိုယ်... အဟမ်း... အဟမ်း..."
ကျင်းဘုရင်မင်းမြတ်က တိုးတိုးလေး ရေရွတ်လိုက်၏။ "မဖြစ်နိုင်ပါဘူး။ ကိုယ်တော် ကြည့်ရသလောက်တော့ သူ ဘာမှ မူမမှန်တာ မရှိပါဘူး..."
ရုတ်တရက် ကျင်းဘုရင်မင်းမြတ်၏ အမူအရာ ပြောင်းလဲသွားပြီး တည်ကြည်စွာ ပြောလိုက်သည်။ "တော်ပြီ။ ဒီလို ပြဿနာမျိုးတွေကို ဆက်မဆွေးနွေးနဲ့တော့။ မနက်ဖြန် ညီလာခံ ပြီးရင် သူ့ကို ခေါ်လိုက်။ ကိုယ်တော် ကိုယ်တိုင် မေးကြည့်လိုက်ရင် အကုန် သိရမှာပေါ့။ သမီးငယ်လေးရဲ့ ပျော်ရွှင်တဲ့ဘဝနဲ့ ပတ်သက်နေတော့ သေချာ ဂရုတစိုက် ကိုင်တွယ်မှ ရမယ်။"
နောက်တစ်နေ့ ညီလာခံ ပြီးသောအခါ ဖန်ကျန်းရီသည် ထင်ထားသည့်အတိုင်းပင် အခေါ်ခံလိုက်ရသည်။ သူ၏ စိတ်ထဲတွင်လည်း အစောကြီးတည်းက ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်၏။
မနေ့ညက ကိစ္စက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပေမဲ့ ဘာပဲဖြစ်ဖြစ် တော်ဝင်မိသားစုရဲ့ စည်းမျဉ်းဆိုတော့ မလိုက်နာရင် ပြဿနာ တက်မှာ သေချာတယ်။ အပြစ်တင်စရာ ရှိရင် ဒီသောက်ကျိုးနည်း ပဒေသရာဇ် ခေတ်ကြီးကိုပဲ အပြစ်တင်ရမှာပေါ့။ ကိုယ်က ချစ်စကားတွေတောင် ပြောပြီးပြီ … နောက်ဆုံးကျတော့ မသိတဲ့သူ ဖြစ်နေတယ်။ အရမ်းကို အနေခက်တာပဲ။
စာကြည့်ဆောင်အတွင်း။
ဖန်ကျန်းရီ ဝင်လာတည်းက ကျင်းဘုရင်မင်းမြတ်၏ အကြည့်များသည် သူ့ကိုယ်ပေါ်တွင် အထက်အောက် အကဲခတ်နေသည်။
ဖန်ကျန်းရီ ထိုင်ပြီးမှသာ ကျင်းဘုရင်မင်းမြတ်က မေးလိုက်၏။ "အမတ်ဖန်... မနေ့က မင်းကို အစမ်း မင်္ဂလာဆောင်ဖို့ အမိန့်ပေးတာကို မင်း ဘာလို့ မစမ်းတာလဲ။"
ဖန်ကျန်းရီသည် အစောကြီးတည်းက အပြောအဆိုများကို ပြင်ဆင်ထားပြီးဖြစ်ရာ တည်ကြည်သော အမူအရာဖြင့် လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး... ကျွန်တော်မျိုး မစမ်းချင်လို့ မဟုတ်ပါဘူး။ တကယ်ကို ဂုဏ်သိက္ခာ ကျဆင်းစေလို့ပါ။"
ကျင်းဘုရင်မင်းမြတ်က မေးလိုက်၏။ "အင်း... ဂုဏ်သိက္ခာ ကျဆင်းတယ်ဆိုတာ ဘယ်လို စကားမျိုးလဲ။"
ဖန်ကျန်းရီက လျှောက်တင်လိုက်သည်။ "အစမ်းမင်္ဂလာဆောင်ရမယ့် အစေခံမလေးကို ကျွန်တော်မျိုးက အခုမှ ပထမဆုံး မြင်ဖူးတာလေ။ ဒါက အရမ်း ယုတ္တိမရှိဘူး မဟုတ်လား။"
ကျင်းဘုရင်မင်းမြတ်က ခဏလောက် စကားမပြောနိုင်ဘဲ ဖြစ်နေသည်။ ပြီးနောက် ပြန်ပြောလိုက်၏။ "ဘာ ယုတ္တိမရှိစရာ ရှိလို့လဲ။ ဘယ်သမက်တော်ကများ ဒီအဆင့်ကို မဖြတ်သန်းရလို့လဲ။ အကုန်လုံးကသာ မင်းလိုမျိုး လျှောက်လုပ်နေရင် နန်းတော်ထဲမှာ နောင်ကျရင် စည်းမျဉ်းဆိုတာ ရှိပါအုံးမလား။ ပြီးတော့ ဒါက မင်းတို့ရဲ့ အနာဂတ်အတွက် တာဝန်ယူပေးတာပါ။"
ဖန်ကျန်းရီက လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး... အနာဂတ်အတွက် တာဝန်ယူပေးတယ်ဆိုရင်တောင် အပြစ်မရှိတဲ့ မိန်းကလေး တစ်ယောက်ရဲ့ အနာဂတ်ကို ဖျက်ဆီးလို့ မရပါဘူး။ အစမ်းမင်္ဂလာဆောင်တဲ့ အစေခံမလေးတွေက နောင်ကျရင် မင်းသမီးအိမ်တော်ကို လိုက်သွားရမယ်၊ ဒါမှမဟုတ် နန်းတော်ထဲမှာ တစ်သက်လုံး အထီးကျန်စွာ နေရမယ်လို့ ကျွန်တော်မျိုး ကြားဖူးပါတယ်။
ဘယ်လို ရွေးချယ်မှုမျိုးပဲ ဖြစ်ဖြစ် အဆုံးသတ်က မကောင်းပါဘူး။ အရှင်မင်းကြီးက ကျွန်တော်မျိုးကို ခေါ်လိုက်တော့ ကျွန်တော်မျိုး အစောကြီးတည်းက ပြောချင်နေတဲ့ စကားတချို့ ရှိပါတယ်။ ဒီလို ခေတ်နောက်ကျနေတဲ့ ဓလေ့ထုံးစံတွေကို အရှင်မင်းကြီး ဖျက်သိမ်းလိုက်ဖို့ ကျွန်တော်မျိုး အကြံပြုချင်ပါတယ်။"
ကျင်းဘုရင်မင်းမြတ်သည် မျက်မှောင်ကုတ်ကာ အနည်းငယ် စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။ "မင်း ကိစ္စကို ပြောနေတာလေ။ ခွေးက ကြွက်ကို ဖမ်းသလို နန်းတော်က စည်းမျဉ်းတွေကို မင်းက ဘာလို့ ဝင်ပါနေရတာလဲ။"
ဤအချိန်တွင် ဖန်ကျန်းရီ၏ မျက်နှာပေါ်၌ တရားမျှတမှုများ အပြည့်ရှိနေပြီး လျှောက်တင်လိုက်၏။ "မဟုတ်ပါဘူး။ ဒါက ကျွန်တော်မျိုးရဲ့ သစ္စာရှိတဲ့ အကြံပေးချက်ပါ။ နန်းတော်ဆိုတာ ကမ္ဘာမြေရဲ့ ကိုယ်ကျင့်တရား စံပြအနေနဲ့ ရှိနေတာမို့လို့ အပြုအမူတိုင်းက ကိုယ်ဟောပြောနေတဲ့ အရာတွေနဲ့ ကိုက်ညီရပါမယ်။ မဟုတ်ရင် လူတွေကို ဘယ်လိုလုပ် ယုံကြည်အောင် လုပ်နိုင်မှာလဲ။
အစေခံမလေးတွေလည်း လူတွေပါပဲ၊ ကိရိယာတွေ မဟုတ်ပါဘူး။ အခုဆိုရင် မြို့တော် အနှံ့မှာ သတင်းစာဖတ်တဲ့ အလေ့အကျင့် ရနေကြပါပြီ။ နန်းတော်ထဲက ခေတ်နဲ့ မညီတော့တဲ့ ဒီလို စည်းမျဉ်းတွေက အသက်ကြီးလို့ နန်းတော်က ထွက်သွားတဲ့ အစေခံမကြီးတွေရဲ့ ပါးစပ်ကနေတစ်ဆင့် ပြည်သူတွေဆီကို စောစောနဲ့ နောက်ကျ ရောက်သွားမှာပါပဲ။
တကယ်လို့ ပြည်သူတွေသာ သိသွားရင် နောင်တစ်ချိန်ကျရင် သတင်းတွေကြားမှာ အကြီးအကျယ် ဂယက်ရိုက်သွားနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကျင့်တရား သိတတ်တဲ့ ဘယ်မိဘကမှ ကိုယ့်သမီးကို ဒီလို ဒုက္ခမျိုး မခံစားစေချင်ပါဘူး။ နောင်တစ်ချိန်ကျရင်လည်း သာမန် ပြည်သူမိန်းကလေးတွေက နန်းတော်ထဲကို လိုလိုလားလား ဝင်ချင်ကြတော့မှာ မဟုတ်ပါဘူး။ ဒီလို တွေးကြည့်လိုက်ရင် နောင်တစ်ချိန်မှာ တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှာပါပဲ။ နောက်ပြီး..."
မူလက ရိုးရိုးလေးပဲ မေးချင်ခဲ့တာ။ ဖန်ကျန်းရီက ဒီနေရာမှာ စကားတွေ အများကြီး ပြောလာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။
ကျင်းဘုရင်မင်းမြတ်သည် အတော်လေး အံ့သြသွားပြီး မျက်ခုံးကြားကို ပွတ်သပ်ကာ ပြောလိုက်သည်။ "အင်း... အင်း... မင်းပြောတာ ယုတ္တိရှိပါတယ်။ ဒီကိစ္စကို ကိုယ်တော် သိပါပြီ။ နောက်မှ အမိန့်ထုတ်ပေးမယ်။ အဲဒါဆို မင်း ခန္ဓာကိုယ် ဘာမှ ပြဿနာ မရှိဘူးဆိုတဲ့ သဘောပေါ့။ တော်ဝင်သမားတော်ရုံးက မင်းကို ထပ်ပြီး စစ်ဆေးပေးဖို့ လိုသေးလား။"
ဖန်ကျန်းရီ၏ မျက်နှာသည် တဖြည်းဖြည်း နီရဲလာသည်။ ဘာအဓိပ္ပာယ်လဲ။ ငါ မစွမ်းဆောင်နိုင်ဘူးလို့ သံသယဝင်နေတာလား။ ချီးတဲ့မှပဲ ငါ ဘယ်နေရာက မစွမ်းဆောင်နိုင်တဲ့ပုံ ပေါက်နေလို့လဲ။ ငါ ဖန်ကျန်းရီ... တစ်ညကို ခုနစ်ခါ၊ ရှစ်ခါ လုပ်နိုင်တဲ့သူက တစ်ခါမှ မရှုံးဖူးဘူး။
ကျင်းဘုရင်မင်းမြတ်က သူ့ကို စိုက်ကြည့်နေဆဲဖြစ်သည်ကို မြင်သောအခါ ဖန်ကျန်းရီသည် တိတ်ဆိတ်စွာ ထရပ်လိုက်ပြီး အင်္ကျီများကို စတင် ချွတ်လိုက်သည်။
ကျင်းဘုရင်မင်းမြတ်၏ အံ့သြနေသော အကြည့်များအောက်တွင် ဖန်ကျန်းရီသည် ကိုယ်တစ်ပိုင်းဗလာ ဖြစ်သွားသည်။ လက်မောင်းကြွက်သားများကို တင်းထားလိုက်ပြီး ဟန်ရေးပြကာ လျှောက်တင်လိုက်၏။ "အရှင်မင်းကြီးက ကျွန်တော်မျိုးရဲ့ စွမ်းရည်ကို သံသယဝင်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ကိစ္စက ဒီအဆင့်ထိ ရောက်လာပြီဆိုတော့ ကျွန်တော်မျိုး ထပ်ပြီး ဖုံးကွယ်ထားစရာ မလိုတော့ပါဘူး။"
အရင်တစ်ခေါက် တောင်ထဲမှာ မျက်စိလည်လမ်းမှား ဖြစ်တုန်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တကယ် ထိခိုက်ခဲ့ရတယ်။ မြို့တော်ကို ပြန်ရောက်ကတည်းက လေ့ကျင့်ခန်း လုပ်တာ တကယ်ပဲ မရပ်နားဖြစ်ခဲ့ဘူး။ ပြီးတော့ ထိပ်တန်း ကိုယ်ပိုင် လေ့ကျင့်ရေးဆရာ ကျန်းပြောင် ကိုယ်တိုင် လေ့ကျင့်ပေးတာလေ။
အခု ခန္ဓာကိုယ်က လူတွေကို အော်ဟစ်သွားစေလောက်တယ်။ ဘယ်လောက်တောင် တောက်ပသလဲဆိုတာ မပြောနဲ့တော့။ ဗိုက်ကြွက်သား ရှစ်ကွက်တော့ လောလောဆယ် မရှိသေးပေမဲ့ လေးကွက်တော့ ရှိနေပြီ။ လက်မောင်း ကြွက်သားတွေကလည်း ဖောင်းကားနေတာပဲ။”
ကျင်းဘုရင်မင်းမြတ်သည် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး အံ့သြသံသယဖြစ်စွာဖြင့် မေးလိုက်သည်။ "မင်း ဘာလို့ ဒီလောက်တောင် ပိန်သွားတာလဲ။ အသားတွေရော။ အရင်တုန်းက မင်း ပုံမှန်ပဲလို့ ကိုယ်တော် မှတ်မိပါတယ်။"
ဖန်ကျန်းရီ၏ မျက်နှာသည် တောင့်တင်းသွားပြီး ပြန်ပြောလိုက်၏။ "ပိန်တယ်... ကျွန်တော်မျိုးက သန်မာတောင့်တင်းနေတာ မဟုတ်ဘူးလား။"
ကျင်းဘုရင်မင်းမြတ်က အမူအရာမရှိဘဲ ခပ်တည်တည်ဖြင့် ပြန်ပြောလိုက်သည်။ "သန်မာတောင့်တင်းတယ် ဟုတ်လား။ ကျန်းပြောင်လိုမျိုးကိုမှ သန်မာတောင့်တင်းတယ်လို့ ခေါ်တာ။ မင်းလိုမျိုး အဆီနည်းနည်းမှ မရှိတဲ့ကောင်က စစ်မြေပြင်သွားရင် ဓားတစ်ချက်တောင် ခံနိုင်မှာ မဟုတ်ဘူး။ အိမ်ပြန်ရင် များများ စားလိုက်အုံး။ သောက်ချီး … ပိန်ညှောင်နေတာပဲ။"
စစ်မြေပြင်။ ဖန်ကျန်းရီသည် ရုတ်တရက် သဘောပေါက်သွားပြီး အင်္ကျီကို တိတ်ဆိတ်စွာ ပြန်ဝတ်လိုက်သည်။
အရှင်မင်းကြီး သဘောကျတာက စစ်သူကြီးတွေလို ဗိုက်ရွှဲရွှဲ ခန္ဓာကိုယ်မျိုး ဒါမှမဟုတ် ကျန်းပြောင်လို ကြွက်သား အကြီးကြီးတွေဆိုတာ ကိုယ်မှ မသိတာ။ ကိုယ့်လိုမျိုး ပြီးပြည့်စုံတဲ့ ကြွက်သားတွေကို သဘောမကျဘူးလား။
ဟား... တကယ့် ရှေးခေတ် အဘိုးကြီးတွေရဲ့ အလှအပ အမြင်ပဲ။
ကျင်းဘုရင်မင်းမြတ်သည်လည်း စကားမပြောနိုင်တော့ပေ။ မင်းက ထွားကျိုင်းတုတ်ခိုင်တဲ့ ပုံစံမျိုးနဲ့ နည်းနည်းလောက် နီးစပ်နေရင်လည်း တော်သေးတယ်။ ဒီလို အမှိုက်လို ခန္ဓာကိုယ်မျိုးကိုများ ထုတ်ပြရဲသေးတယ်။
ဖန်ကျန်းရီက ပြောလိုက်သည်။ "အဟမ်း... ဘယ်လိုပဲဖြစ်ဖြစ် အရှင်မင်းကြီး မြင်တဲ့အတိုင်းပဲ၊ ကျွန်တော်မျိုးမှာ ဘာရောဂါမှ မရှိပါဘူး။ ပြီးတော့ ခန္ဓာကိုယ်ကလည်း အရမ်း သန်မာပါတယ်။"
ကျင်းဘုရင်မင်းမြတ်က သက်ပြင်းချကာ ပြောလိုက်၏။ "ကိုယ်တော် မြင်ပါတယ်။ ခန္ဓာကိုယ်က ဘာရောဂါမှ မရှိပေမဲ့ ဦးနှောက်ကတော့ သာမန်လူတွေနဲ့ သိပ်မတူဘူး။"
ဖန်ကျန်းရီ "..."
ကျင်းဘုရင်မင်းမြတ်က ဆက်ပြောလိုက်သည်။ "ကိစ္စတွေ အကုန် ပြီးသွားပြီဆိုတော့ မင်း မြောင်ဟန်နဲ့ မြန်မြန် မင်္ဂလာဆောင်လိုက်တော့။ ဒီကိစ္စက စောတာ ပိုကောင်းတယ်။ ကိုယ်တော် ဓလေ့ထုံးစံရေးရာ ဌာနကို မင်္ဂလာရက် သတ်မှတ်ခိုင်းထားပြီးပြီ။
နောက်ဆယ်ရက်လောက် နေရင် ဖြစ်လိမ့်မယ်။ မင်း အရင်ဆုံး ဓလေ့ထုံးစံရေးရာ ဌာနကို သွားပြီး ဓလေ့ထုံးစံတွေကို သွားမေးလိုက်အုံး။ နားမလည်တာ ရှိရင် သေချာ ရှင်းအောင် မေးရမယ်။ ကိုယ်တော် ထပ်ပြီး အမှားအယွင်း ဖြစ်တာကို မမြင်ချင်တော့ဘူး။ နားလည်လား။"
ဖန်ကျန်းရီသည် စိတ်ထဲတွင် ရယ်ချင်နေသည်ကို အောင့်ထားလိုက်သည်။ ကောင်းလိုက်တာ။ အရင်တုန်းက တောင်းဆိုတော့ သဘောမတူဘူး။ အခု သဘောတူတော့လည်း နောက်ကနေ အသေအလဲ လိုက်လောနေတယ်။ တကယ့်ကို ဆန့်ကျင်ဘက်ပဲ။
ဖန်ကျန်းရီက လျှောက်တင်လိုက်၏။ "အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို ကျွန်တော်မျိုး အထူး ကျေးဇူးတင်ရှိပါတယ်။"