အခန်း (၆၅၃-၆၅၄)
Vol. 35 Ch. 653-654
အပိုင်း (၆၅၃) နောက်ပြန်တွန်းလှန်ခြင်း။
မင်္ဂလာပွဲရက် သတ်မှတ်ပြီးဖြစ်ရာ ဖန်ကျန်းရီသည် သဘာဝကျစွာပင် သေချာစွာ ပြင်ဆင်နေတော့သည်။
သူသည် ဓလေ့ထုံးတမ်းဝန်ကြီးဌာနသို့ သွားရောက်ကာ သက်ဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ် မေးမြန်းခဲ့၏။ ယခင်ဘဝကပင် လက်ထပ်ခြင်း၏ လုပ်ငန်းစဉ်များကို သေသေချာချာ မသိခဲ့ရာ ဤသို့ ရှုပ်ထွေးလှသော တော်ဝင်မိသားစု ၏ ဓလေ့ထုံးစံများကို ဆိုဖွယ်ရာပင် မရှိတော့ချေ။
သူသည် အလွန်အမင်း ဂရုတစိုက် လေ့လာခဲ့သော်လည်း နံ့သာတိုင်တစ်ဝက်စာ အချိန်ခန့် နားထောင်ပြီးနောက်တွင်တော့ ခြေဦးလှည့်ကာ ထွက်ပြေးခဲ့သည်။ နားထောင်ရသည်မှာ ခေါင်းကိုက်လွန်းလှရာ အချိန်တန်လျှင် သူတို့ စီစဉ်သည့်အတိုင်းသာ လိုက်လုပ်ရန် ဆုံးဖြတ်လိုက်သည်။ သူများ ခိုင်းသည့်အတိုင်းသာ လုပ်လိုက်လျှင် အဆင်ပြေသွားမည်ဟုသာ တွေးလိုက်၏။
အလုပ်ဆင်းပြီးနောက် ဖန်ကျန်းရီသည် အိမ်သို့ အလျင်စလို မပြန်ခဲ့ချေ။ ကောင်းကင်ယံသည် မှောင်မိုက်နေပြီဖြစ်သော်လည်း မြို့တော်၏ လမ်းမကြီးပေါ်တွင် တစ်ယောက်တည်း လမ်းလျှောက်နေခဲ့ပြီး မြင်းလှည်းက သူ၏ နောက်မှ ကပ်လျက် လိုက်ပါလာခဲ့သည်။
ဤသီးသန့်ဆန်လှသော တိတ်ဆိတ်မှုကို ခံစားနေရင်း သူ၏ ရင်ထဲတွင် ပြောမပြတတ်သော အရသာတစ်မျိုး ဖြစ်ပေါ်နေခဲ့၏။ မည်သို့ပင်ဖြစ်စေ သေချာသည်ကတော့ ဝမ်းသာပျော်ရွှင်မှု မဟုတ်ခဲ့ချေ။
မူလက လက်ထပ်ခြင်းသည် ပျော်ရွှင်စရာကိစ္စဟု ထင်မှတ်ထားခဲ့သော်လည်း တကယ်တမ်း ဤနေ့ရက်သို့ ရောက်လာသောအခါ ပို၍ပင် တွေးတောစရာများ များလာခဲ့သည်။ မင်္ဂလာပွဲတွင် ယခင်ဘဝက ဆွေမျိုးများနှင့် သူငယ်ချင်းများကိုလည်း တွေ့မြင်ရမည် မဟုတ်ချေ။ ယခင်ဘဝက ပေးခဲ့သော မင်္ဂလာလက်ဖွဲ့များ အားလုံး အလကားဖြစ်သွားခဲ့ပြီဖြစ်ရာ တံတွေးပင် ထွေးပစ်ချင်စိတ် ပေါက်သွားခဲ့၏။
ဖန်ကျန်းရီသည် ကောင်းကင်ကို မော့ကြည့်လိုက်ရာ လမင်းကြီးသည် တိတ်ဆိတ်စွာ ထွက်ပေါ်နေခဲ့ပေပြီ။ လမင်းကို ငေးကြည့်နေရင်း မျက်ထောင့်များ ရုတ်တရက် စိုစွတ်လာခဲ့သည်။
ဖန်ကျန်းရီသည် လက်ဖြင့် သုတ်ပစ်လိုက်ပြီး စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်၏။
နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း မူလအိမ်ကို မေ့ဖျောက်၍ မရနိုင်သေးချေ။ ယခင်ဘဝက ဖတ်ခဲ့ဖူးသော ဝတ္ထုများထဲမှ ဇာတ်လိုက်များသည် မည်သို့ လုပ်ဆောင်ခဲ့ကြသည်ကို သူ နားမလည်နိုင်ခဲ့ပေ။ ယခုအခါ သူ့တွင် အိမ်သစ်တစ်ခု ရှိနေပြီဖြစ်ကာ မိသားစုဝင်များလည်း အများအပြား ရှိနေပြီဖြစ်သည်။ မကြာမီတွင် လက်ထပ်တော့မည်။ အတိတ်ကို အဆုံးသတ်ရမည့် အချိန်ရောက်လာပြီ ဖြစ်သည်။
နောက်ထပ် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ဖန်ကျန်းရီသည် ကဗျာရွတ်ချင်စိတ်များ ပေါက်လာကာ လမင်းကို ကြည့်၍ အော်ဟစ်လိုက်၏။ "ကုတင်ရှေ့က လမင်းကြီး ...။"
ထိုစဉ် လမ်းဘေးမှ အော်ဆဲသံများ ထွက်ပေါ်လာခဲ့သည်။ "ချီးတဲ့မှ ... ဘယ်ကောင် အသုဘချနေတာလဲ။ လူတွေ အိပ်လို့ မရတော့ဘူးလား။"
"ချီးပဲ ... ကိုယ်ချင်းစာတရားလေး ဘာလေး မရှိဘူးလား... မိုးတောင် မှောင်နေပြီကွ။"
"အခု ချက်ချင်း ထွက်မသွားရင် အရာရှိကို တိုင်လိုက်မယ်။"
လမ်းဘေးမှ နှစ်ခွန်းသုံးခွန်းခန့် ဆဲရေးသံများ ထွက်ပေါ်လာသောအခါ ဖန်ကျန်းရီ၏ မျက်နှာသည် မည်းမှောင်သွားခဲ့ပြီး ကဗျာရွတ်ချင်စိတ်များ အားလုံး ပျောက်ကွယ်သွားသည်။ အရှက်တကွဲဖြင့် အမြန် လစ်ထွက်လာခဲ့ရသည်။ ထို့နောက် မြင်းလှည်းစီးကာ အိမ်သို့ ပြန်လာခဲ့၏။ အိမ်သို့ရောက်သော် ဖန်ကျန်းရီသည် အကျင့်ပါနေသည့်အတိုင်း ခြံဝန်းထဲတွင် လှဲလျောင်းနေလိုက်၏။
ယနေ့ညသည် အနည်းငယ် ထူးဆန်းနေသည်။ ပုံမှန်ဆိုလျှင် ရှောင်ထောင်က သူ့ကို ထွက်ကြိုလေ့ရှိပြီး အခြားသူများကိုပါ ထမင်းစားရန် ခေါ်လေ့ရှိ၏။ သူ အပြန်နောက်ကျသွားသဖြင့် အခြားသူများ စားပြီးကြလောက်ပြီဟုသာ တွေးလိုက်သည်။ သူလည်း များများစားစား မတွေးတော့ဘဲ မျက်လုံးကို တစ်ဝက်ခန့် မှိတ်ထားကာ အနားယူနေလိုက်သည်။
ရုတ်တရက် လူရိပ်တစ်ခုသည် အသံတိတ် ချဉ်းကပ်လာခဲ့ပြီး မုန့်ပန်းကန်တစ်ခုကို ဖန်ကျန်းရီ၏ လက်ဘေးရှိ ကျောက်စားပွဲပေါ်သို့ ဖွဖွလေး ချပေးလိုက်၏။
ထိုသူက မေးလိုက်သည်။ "ညစာ စားပြီးပြီလား။"
အသံကို နားထောင်ကြည့်ရုံဖြင့် ရှောင်ထောင်မှန်း သိသာပေ၏။
ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့ပြီး မျက်လုံးကိုပင် မဖွင့်ဘဲ ပြောလိုက်သည်။ "ငါ မင်းသမီးကို လက်ထပ်တော့မယ်ဆိုတာ မင်း ဘယ်လိုလုပ် သိသွားတာလဲ။"
"..."
ဆယ်စက္ကန့်ခန့် ကြာသည်အထိ မည်သူကမှ ပြန်မဖြေသောအခါ ဖန်ကျန်းရီသည် တစ်စုံတစ်ခု မှားယွင်းနေပြီဟု ခံစားလိုက်ရပြီး အလျင်အမြန် မျက်လုံးဖွင့်ကြည့်လိုက်၏။ မီးရောင်အောက်တွင် ရှောင်ထောင်သည် သူ့ရှေ့တည့်တည့်၌ လှပစွာ ရပ်လျက် သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူ မျက်လုံးဖွင့်လာသည်ကို မြင်သောအခါမှ ရှောင်ထောင်က ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် ပြောလိုက်သည်။ "ရှင် မင်းသမီးကို လက်ထပ်တော့မယ်လို့ ကျွန်မ သိနေတယ်ဆိုတာကို ရှင်က ဘယ်လိုလုပ် သိနေတာလဲ။"
ဖန်ကျန်းရီသည် ခေါင်းထဲတွင် ရှုပ်ထွေးသွားခဲ့၏။ "ဒါဆို မင်း ဘယ်လိုလုပ် သိတာလဲ။"
ရှောင်ထောင်က မျက်နှာသေဖြင့်သာ ဆက်ပြောလိုက်သည်။ "ဒီနေ့ ညနေက ဓလေ့ထုံးတမ်းဝန်ကြီးဌာနက လူတွေ အိမ်ကို ရောက်လာပြီး ပစ္စည်းတချို့ ပြင်ဆင်ခိုင်းတယ်။ အဲဒီကနေတစ်ဆင့် ဒီကိစ္စကိုပါ ပြောပြသွားတာပါ။ ဂုဏ်ယူပါတယ် သခင်လေး ... ရှင်က မင်းသမီးရဲ့ ယောက်ျား ဖြစ်လာတော့မှာပဲ။"
ဖန်ကျန်းရီက ရယ်မောလိုက်၏ "အာ ... ဟားဟားဟား ... သခင်လေး ငါက မင်းသမီးကို လက်ထပ်ရမယ်ဆိုတာ သဘာဝကျတဲ့ ကိစ္စပဲ မဟုတ်လား။ ဒါတွေက ကိစ္စသေးသေးလေးတွေပါ ... တည်တည်ငြိမ်ငြိမ်ပဲ နေစမ်းပါ။"
ဖန်ကျန်းရီသည် စိတ်လွတ်ကိုယ်လွတ် ရယ်မောနေခဲ့သော်လည်း မကြာမီမှာပင် ထိုအရာက အတင်းလုပ်ရယ်သော အပြုံးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ရှေ့ရှိ ရှောင်ထောင်ထံတွင် ဝမ်းသာပျော်ရွှင်နေသည့် အရိပ်အယောင် တစ်စက်လေးမှ မရှိပေ။ လေထုမှာ ပို၍ပင် တစ်မူထူးခြားလာခဲ့ပြီး ကျန်းပြောင် ရှိနေလျှင်ပင် ပြဿနာတစ်ခုခု ရှိနေမှန်း သိနိုင်လောက်သည်။
ဖန်ကျန်းရီသည် အနေရခက်စွာ ချောင်းနှစ်ချက် ဟန့်လိုက်ပြီး သတိကြီးစွာဖြင့် မေးလိုက်၏။ "ဘာဖြစ်လို့လဲ ရှောင်ထောင် ... အိမ်မှာ ပြဿနာ တစ်ခုခုများ ဖြစ်လို့လား။"
ရှောင်ထောင်သည် နှုတ်ခမ်းကို ဖိကိုက်ပြီး ပြောလိုက်သည်။ "ဘာမှမဖြစ်ပါဘူး။"
ဖန်ကျန်းရီသည် စိတ်အနည်းငယ် အေးသွားခဲ့ပြီး လေထုကို ပေါ့ပါးသွားစေရန် စကားနှစ်ခွန်းသုံးခွန်းခန့် ပြောမည်ပြုစဉ် ရှောင်ထောင်၏ မျက်ထောင့်များ နီရဲနေသည်ကို ရိပ်ကနဲ မြင်လိုက်ရ၏။ ထို့ကြောင့် သူ အလျင်အမြန် ပါးစပ်ပိတ်လိုက်သည်။
ထို့နောက် ရှောင်ထောင်၏ အသံတုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သံကို ကြားလိုက်ရသည်။ "ကြား ... ကြားရသလောက်တော့ ... မင်းသမီးရဲ့ ယောက်ျားတွေမှာ စည်းကမ်းတွေ အရမ်းများတယ်တဲ့။ အကယ်၍ ရှင်သာ မင်းသမီး အိမ်တော်ကို သွားရမယ်ဆိုရင် ကျွန်မ နောက်ကနေ လိုက်လာခွင့် မရှိတော့ဘူး မဟုတ်လား။"
ဖန်ကျန်းရီက နှစ်သိမ့်လိုက်၏။ "ဘာတွေ လျှောက်တွေးနေတာလဲ။ စည်းကမ်းဆိုတာ အပြင်လူတွေကို ပြဖို့ သတ်သတ်ပဲလေ ... မင်းက ဘာလို့ အတည်ပေါက် တွေးနေရတာလဲ။ ပုံမှန် အချိန်တွေမှာ နေသလိုပဲ ဆက်နေပေါ့။ မင်းရဲ့ သခင်လေး ငါ ရှိနေသရွေ့ ဘယ်သူကမှ မင်းကို အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး။"
ဒီကောင်မလေး ... တွေးတာကတော့ တော်တော်လေး များသားပဲ။ မင်းသမီးကို လက်ထပ်လိုက်ရုံနဲ့ ဘာဖြစ်သွားမှာမို့လို့လဲ။ ငါက စည်းကမ်းတွေရဲ့ ချုပ်နှောင်တာကို ခံရမယ့်လူလား။ အရင်က တောက်ယွမ်ခရိုင်မှာဆိုရင် ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ ရှောင်ထောင်က အခုတော့ ကြောက်တတ်နေပြီပဲ။ ဖန်ကျန်းရီသည် စိတ်ထဲမှ တိတ်တဆိတ် ရယ်မောလိုက်သည်။
ထို့နောက် သူက ဆက်ပြောလိုက်၏။ "ဒီမှာ ဘာရပ်လုပ်နေသေးတာလဲ။ ပြန်ပြီး အနားယူတော့လေ။"
ထိုစကားကို ကြားသော်လည်း ရှောင်ထောင်သည် မည်သို့မျှ လှုပ်ရှားခြင်း မရှိဘဲ ထိုနေရာတွင် ငေးကြောင်၍သာ ရပ်နေခဲ့သည်။ ဖန်ကျန်းရီသည် အစိုက်ကြည့်ခံရလွန်းသဖြင့် ကြက်သီးများပင် ထလာခဲ့ပြီး မေးလိုက်သည်။ "မင်း ဘာဖြစ်နေတာလဲ။ ငါ့ကို ဘာလို့ စိုက်ကြည့်နေရတာလဲ။"
ရှောင်ထောင်က စကားကို ခက်ခက်ခဲခဲ ပြောလိုက်၏။ "ကျွန်မ ... ကျွန်မ ..."
ရှောင်ထောင်သည် စကားပြောရန် အခက်တွေ့နေပြီးနောက် နောက်ဆုံးတွင်တော့ စိတ်ကို ဒုံးဒုံးချလိုက်ပုံရသည်။ သူမသည် ဖန်ကျန်းရီ၏ အနီးသို့ တိုးကပ်လာခဲ့ပြီး တောက်ပနေသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။ "ရှင် ကျွန်မကို မိန်းမတစ်ယောက်လို့ သတ်မှတ်ဖူးရဲ့လား။"
ဖန်ကျန်းရီက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ဖြေလိုက်၏။ "ဒါ ... ဒါက ဘယ်လို စကားမျိုးလဲ။ ငါက မင်းကို မိန်းမတစ်ယောက်လို့ မသတ်မှတ်လို့ ယောက်ျားလို့ သတ်မှတ်ရမှာလား။"
ယနေ့ ရှောင်ထောင်၏ အခြေအနေနှင့် ထူးဆန်းလှသော စကားဝိုင်းကြောင့် ဖန်ကျန်းရီသည် မနေနိုင်ဘဲ ကြက်သီးထလာခဲ့ရသည်။ ထို့ကြောင့် သူသည် ကိုယ်ကို မတ်မတ် ထိုင်လိုက်ပြီး ရှောင်ထောင်အား ကြည့်လိုက်သည်။
ဖန်ကျန်းရီ ဤသို့ ပြောလိုက်သည်ကို ကြားသောအခါ ရှောင်ထောင်၏ မျက်ရည်များသည် တသွင်သွင် စီးကျလာခဲ့ပြီး ပြောလိုက်၏။ "အိမ်မှာ သခင်မကြီး ရှိလာမယ်ဆိုရင် ကျွန်မ သေချာပေါက် ဝမ်းသာတာပေါ့ ... ရှင် မိန်းမယူမယ်ဆိုရင် ကျွန်မက ဘယ်သူ့ထက်မဆို ပိုပြီး ဝမ်းသာပါတယ်။
ဒါပေမဲ့ မင်းသမီးကို လက်ထပ်လိုက်ပြီဆိုရင် မယားငယ် ထပ်ယူခွင့် မရှိတော့ဘူးလေ။ အဲဒီလိုဆိုရင် ကျွန်မ ရှင့်နောက်ကို ဆက်လိုက်လို့ ရပါ့မလား။ ရှင် ကျွန်မကို မိန်းမတစ်ယောက်အနေနဲ့ မြင်တယ်ဆိုရင် ဘာလို့ သေသေချာချာ မကြည့်ပေးရတာလဲ။
ရှင်က ကျွန်မကို အမြဲတမ်း ကလေးမလေး တစ်ယောက်လို့ပဲ သတ်မှတ်တယ်။ အပ်ချုပ်ပညာတွေ သင်ခိုင်းတယ် ... သင်္ချာတွေ တွက်ခိုင်းတယ် ... နောက်ပြီး စာအုပ်တွေလည်း ဖတ်ခိုင်းသေးတယ်။ ကျွန်မရဲ့ အသက်က ရှင်ပေးထားတာမို့ ကျွန်မက ရှင့်ကို တစ်သက်လုံး ပြုစုစောင့်ရှောက်သွားချင်တာပါ။ တခြား ဘာကိုမှ မမျှော်လင့်ထားပါဘူး ... အနာဂတ်မှာ ရှင့်ဘေးနားမှာ အမြဲတမ်း နေခွင့်ရဖို့လောက်ပဲ မျှော်လင့်ထားတာ။ ဒါပေမဲ့ အခု ရှင်က မင်းသမီးရဲ့ ယောက်ျား ဖြစ်သွားပြီဆိုတော့ ကျွန်မ ရှင့်ကို ဘယ်လိုဆက်ပြီး ပြုစု စောင့်ရှောက်ရတော့မှာလဲ။
ကျွန်မရဲ့ ခံစားချက်တွေကို ရှင် တကယ်ရော နားလည်ရဲ့လား။ ရှင်က မသိချင်ယောင် ဆောင်နေတာလား ... ဒါမှမဟုတ် တကယ်ပဲ နားမလည်တာလား။ ကျွန်မလည်း မိန်းမ တစ်ယောက်ပါပဲ ... ကျွန်မ ရှင့်ကို သဘောကျတယ်။ ဒါပေမဲ့ ရှင်က အိမ်ကို မိန်းမ နှစ်ယောက်တောင် ခေါ်လာခဲ့ပြီးတော့ ကျွန်မကိုကျတော့ သေသေချာချာတောင် မကြည့်ပေးဘူး။ ဒီနေ့ ရှင် ကျွန်မကို ပြတ်ပြတ်သားသား အဖြေပေးပါ။ ရှင် ကျွန်မကို သဘောကျလား ... မကျဘူးလား။"
ခံစားချက်များကို ပေါက်ကွဲထုတ်ပြီးနောက် မျက်ရည်များကို ဆက်လက် ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ဘဲ မျက်နှာကို လက်ဖြင့် အုပ်ကာ ထိုနေရာတွင်ပင် အဆက်မပြတ် ရှိုက်ငိုနေတော့သည်။ သူမ၏ ငိုသံမှာ အသည်းနှလုံး ကွဲကြေမတတ် နာကျင်စရာ ကောင်းလှသည်။
ဖန်ကျန်းရီမှာ အံ့အားသင့်သွားခဲ့ပြီး ဘာလုပ်ရမှန်းမသိဘဲ ကုလားထိုင်ပေါ်တွင် ထိုင်နေမိသည်။ ရှောင်ထောင်၏ ဤစကားများသည် သူ၏ နားစည်ကို ကွဲမတတ် ရိုက်ခတ်သွားသည်ဟု ဆိုလျှင်ပင် မမှားနိုင်ချေ။ သူမသည် သူ့နောက်သို့ လိုက်ပါလာသည်မှာ အချိန်ကြာမြင့်ပြီဖြစ်ပြီး အတွေးအခေါ်များလည်း ပွင့်လင်းလာပြီ ဖြစ်သော်လည်း လက်ရှိ ပတ်ဝန်းကျင် အခြေအနေက ရှိနေသေးသည်။ ဤကဲ့သို့သော စကားမျိုးကို ပြောထွက်ရန်အတွက် မည်မျှ ကြီးမားသော သတ္တိမျိုး လိုအပ်မည်ကို ခန့်မှန်းကြည့်၍ ရနိုင်၏။
ဖန်ကျန်းရီသည်လည်း မည်သို့ ပြန်ဖြေရမည်ကို မသိတော့ချေ။ အရင်က ရှောင်ထောင်သည် အရွယ်အစား သေးငယ်လှပြီး နေ့စဉ် နှပ်ချေးတွဲလောင်းဖြင့် သူ၏ နောက်သို့ တစ်ကောက်ကောက် လိုက်နေခဲ့သူ ဖြစ်သည်။ ယခုအခါတွင်မူ လှပသော မိန်းမပျိုလေး တစ်ဦး ဖြစ်လာခဲ့ပြီဖြစ်ရာ အတွေးများ ရှိနေသည်ဆိုလျှင်လည်း ... အနည်းငယ်တော့ ရှိနိုင်သော်လည်း များများစားစားတော့ မဟုတ်ပေ။ ၎င်းမှာ သာမန် ယောက်ျားတစ်ယောက်၏ စိတ်ကူးယဉ်မှုမျှသာ ဖြစ်သည်။ ပုံမှန်အားဖြင့် ရင်းနှီးစွာ နေထိုင်လာခဲ့ပြီး အချိန်အကြာကြီး အတူ နေလာခဲ့သောကြောင့် သူမကို ညီမလေး တစ်ယောက်လိုသာ သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
ရှောင်ထောင်၏ အတွေးများကို လုံးဝ မသိခဲ့ဘူးဟု ဆိုလျှင်လည်း မဖြစ်နိုင်ပေ။ ဤမျှ နှစ်ပေါင်းများစွာ ကြာလာခဲ့ပြီဖြစ်ရာ သူသည်လည်း သစ်တုံးတစ်တုံး မဟုတ်ချေ။ သို့သော်ငြား ဤကိစ္စကို တွေးမိတိုင်း အလိုအလျောက်ပင် ရှောင်ဖယ်နေခဲ့မိသည်။ သွေးသားရင်းချာကဲ့သို့ သံယောဇဉ်က မိန်းမနှင့် ယောက်ျားကြားမှ ချစ်ခြင်းမေတ္တာထက် ပို၍ ကြီးမားနေခဲ့သည်။ သို့ပေမည့် မျက်ရည်များဖြင့် ပြည့်နှက်နေသော ရှောင်ထောင်ကို ကြည့်ရင်း ဖန်ကျန်းရီလည်း ဝေခွဲမရ ဖြစ်သွားခဲ့ရ၏။
အချိန်အကြာကြီး အဖြေမပေးဘဲ နေသောအခါ ရှောင်ထောင်က လက်ကို ဖယ်ရှားလိုက်ပြီး နီရဲနေသော မျက်ထောင့်များဖြင့် မေးလိုက်သည်။ "ရှင် ဘာလို့ စကားမပြောတာလဲ။ ဒီလိုကိစ္စမျိုးကိုတောင် တွေးနေရအုံးမှာလား။"
ဖန်ကျန်းရီက ပြန်လည်ဖြေကြားရန် ကြိုးစားလိုက်၏။ "ရှောင်ထောင် ... တကယ်တော့ ငါက မင်းကို ... အု။"
ဖန်ကျန်းရီ စကားပင် ဆုံးအောင် မပြောရသေးမီ ရှောင်ထောင်သည် ဖန်ကျန်းရီ၏ ကိုယ်ပေါ်သို့ ပေါ့ပါးစွာ ခုန်အုပ်လိုက်သည်။ သူမ၏ ချယ်ရီသီးလေးကဲ့သို့ နှုတ်ခမ်းလေးသည် ဖန်ကျန်းရီ၏ ပါးစပ်ကို ပိတ်ဆို့သွားခဲ့၏။
ဖန်ကျန်းရီ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားခဲ့ပြီး အလိုအလျောက်ပင် ရှောင်ထောင်ကို တွန်းဖယ်လိုက်ကာ မျက်လုံးပြူးလျက် ပြောလိုက်သည်။ "မင်း ... မင်းက တော်တော် သတ္တိကောင်းနေပါလား။ ဒီလို လုပ်ဖို့ မင်းကို ဘယ်သူ သင်ပေးထားတာလဲ။"
ရှောင်ထောင်သည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး မျက်နှာပေါ်တွင် မျက်ရည်စများ ရှိနေဆဲဖြစ်သော်လည်း အားမာန်အပြည့်ဖြင့် ပြောလိုက်၏။ "ရှင် သင်ပေးထားတာလေ။ ရှင်က ငယ်ငယ်ကတည်းက သင်ပေးခဲ့တာ ... ပျော်ရွှင်တဲ့ ဘဝကို ရဖို့အတွက် ကိုယ်တိုင် ကြိုးစားရမယ်ဆိုတာလေ။ အဲဒီစကားကို ကျွန်မ ဘယ်နှစ်ခါတောင် ကြားခဲ့ဖူးလဲ။ ရေတွက်လို့တောင် မရတော့ဘူး။ အခု ကျွန်မ တခြားလူကို လက်မထပ်နိုင်တော့ဘူး ... ရှင် တာဝန်ယူမှာလား။"
အပိုင်း (၆၅၄) ပျော်ရွှင်စရာ ပြဿနာ။
ဖန်ကျန်းရီမှာ လုံးဝကို ကြောင်အမ်းသွားခဲ့ပြီ ဖြစ်သည်။ စောစောက အလျင်စလို တွန်းဖယ်လိုက်စဉ်က သူ၏ လက်တစ်ဖက်သည် ရှောင်ထောင်၏ ရင်ဘတ်ပေါ်တွင် ဖိမိနေဆဲဖြစ်ပြီး ထိုအနေအထားအတိုင်း တောင့်တင်းစွာ ရပ်တန့်နေခဲ့၏။ ရှောင်ထောင် ဤမျှအထိ ရဲတင်းလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။ အစပိုင်းကတည်းက အဆင့်အတန်းတွေကို ပစ်ပယ်လိုက်ခြင်းဖြစ်ရာ မုန်တိုင်းများစွာကို ကျော်ဖြတ်ဖူးသော ဖန်ကျန်းရီပင်လျှင် ထိန်းချုပ်ခြင်း ခံလိုက်ရသည်။
ဖန်ကျန်းရီက တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်၏။ "မင်း ... မင်း ... မူလကတော့ မင်း ကြီးလာရင် ကောင်းမွန်တဲ့ မိသားစုတစ်ခုကို ရှာပြီး လက်ထပ်ပေးမယ်လို့ တွေးထားတာ ...။"
"အဲဒါက ရှင် ကျွန်မကို သေခိုင်းနေတာပဲ။ ရှင်သာ ကျွန်မကို သေစေချင်တယ်ဆိုရင် အခုချက်ချင်းတောင် သေပေးလို့ ရတယ်။" ရှောင်ထောင်က ပြန်ပြောလိုက်သည်။
ရှောင်ထောင်က ဆက်ပြောလိုက်၏။ "လက်ထပ်မယ်ဆိုရင်တောင် ဒီတစ်သက် ကျွန်မ တခြားလူကို လုံးဝ လက်ထပ်မှာ မဟုတ်ဘူး။ ရှင် ကျွန်မကို နမ်းပြီးသွားပြီလေ ... နောက်ပြီး ...။"
ရှောင်ထောင်သည် စကားပြောနေရင်း မနေနိုင်ဘဲ အောက်သို့ ငုံ့ကြည့်လိုက်ရာ ဖန်ကျန်းရီ၏ လက်သည် ဖော်ပြ၍ မရနိုင်သော နေရာတွင် ဖိမိနေသည်ကို မြင်လိုက်ရသဖြင့် ကြောင်အမ်းသွားခဲ့သည်။
ဖန်ကျန်းရီလည်း သတိဝင်လာပြီး သူ၏ လက်ကို အလျင်အမြန် ပြန်ရုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် ထင်မှတ်မထားစွာပင် ရှောင်ထောင်သည် သူ၏ လက်ကို အလျင်အမြန် ဖမ်းဆုပ်လိုက်ပြီး ကြမ်းတမ်းစွာ ပြောလိုက်၏။ "နမ်းလည်း နမ်းပြီးပြီ ... ကိုင်လည်း ကိုင်ပြီးပြီဆိုတော့ ကျွန်မရဲ့ သန့်စင်မှုကို ရှင် ပြန်ပေး။ မဟုတ်ရင်လည်း တာဝန်ယူပေး။"
"..."
ထိုသို့ တွေဝေနေစဉ်အတွင်း ဖန်ကျန်းရီ၏ အကြည့်သည် တိတ်တဆိတ် ချောင်းကြည့်နေသော လူရိပ်တချို့ကို ရိပ်ကနဲ မြင်လိုက်ရသည်။
သောက်ကျိုးနည်း ... ဒီချောင်းကြည့်တဲ့ အရူးတွေ ... ခဏနေရင် ဘယ်သူမှ ကောင်းကောင်း နေရမယ် မထင်နဲ့။
သတိပြန်ဝင်လာသောအခါ ခြင်္သေ့ပေါက်လေးတစ်ကောင်နှင့် တူနေသော ရှောင်ထောင်ကို ကြည့်ရင်း ဖန်ကျန်းရီသည် မတတ်သာတော့ဘဲ လက်လှမ်းကာ သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ရတော့သည်။ ထို့နောက် သူမ၏ ကျောကို ခပ်ဖွဖွ ပုတ်ပေးရင်း နှစ်သိမ့်လိုက်သည်။ "သိပါပြီ ... သိပါပြီ ... အခုတော့ မင်းကို တကယ် မထိန်းနိုင်တော့ဘူး။"
ရှောင်ထောင်သည် အသံတိတ်နေခဲ့သော်လည်း မကြာမီမှာပင် ခပ်တိုးတိုး ရှိုက်ငိုသံများ ထပ်မံ ထွက်ပေါ်လာခဲ့၏။
ဖန်ကျန်းရီသည် စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။ "မငိုပါနဲ့တော့ ... မင်း ငိုနေတာ ကြည့်ပြီး ငါ့အသည်းတွေပါ နာလာပြီ။"
ညီမလေးအဖြစ် သတ်မှတ်ထားတာကို သောက်ဂရုစိုက်နေစရာ မလိုတော့ဘူး။ တစ်ယောက်ယူယူ ... အများကြီး ယူယူ အကုန်လုံးက မိန်းမယူတာပဲ။ အရင်ဘဝက ဆင်းရဲလွန်းလို့ ရွေးချယ်ခွင့် မရှိခဲ့ဘူး။ ဒီဘဝမှာတော့ အရမ်းကို အစွမ်းထက်နေပြီဆိုတော့ ငါ အကုန်လုံးကို ယူမယ်။
ငါက ကမ္ဘာပေါ်မှာ မိန်းမတွေကို သဘောကျတတ်တဲ့ တစ်ဦးတည်းသော ယောက်ျားမှ မဟုတ်တာ။ အောင်မြင်တဲ့ လူတစ်ယောက်အနေနဲ့ ကိုယ်ပိုင် အယူအဆတွေနဲ့ ကိုယ်ကျင့်တရားကို လိုအပ်သလို ပြောင်းလဲနိုင်စွမ်း ရှိတာက အခြေခံ လုပ်ဆောင်ချက်ပဲလေ။
ခဏမျှ စဉ်းစားပြီးနောက်တွင်တော့ သူ အဖြေပေါ်သွားခဲ့သည်။
ရှောင်ထောင်မှာ သူ့နောက်ကို လိုက်တာကလွဲပြီး တခြား ဘာရွေးချယ်စရာ ရှိဦးမှာလဲ ... သူကလွဲရင် သူမကို တစ်သက်လုံး ကာကွယ်ပေးမယ့်သူ ဘယ်သူရှိအုံးမှာလဲ။ ဒါဆိုလည်း ဒီလိုပဲ အဆုံးသတ်လိုက်တော့မယ်။
ရှောင်ထောင်သည် ခေါင်းမော့လာပြီး သတိထားကာ မေးလိုက်၏။ "ဒါဆို ... ရှင့်သဘောက ဘယ်လိုလဲ။"
ဖန်ကျန်းရီသည် သူမ၏ ဆံပင်များကို ဖွဖွလေး သပ်ပေးရင်း နူးညံ့စွာ ပြောလိုက်သည်။ "ဘယ်လိုသဘော ရှိရမှာလဲ ... မင်းရဲ့ သဘောက ငါ့ရဲ့ သဘောပဲလေ။"
ရှောင်ထောင်သည် ပြုံးသွားခဲ့ပြီး ဖန်ကျန်းရီ၏ ရင်ခွင်ထဲသို့ ထပ်မံ မှီချလိုက်သည်။ နှစ်ယောက်သား အချိန်အတော်ကြာ တိတ်ဆိတ်သွားကြ၏။
ဖန်ကျန်းရီက စကားစလိုက်သည်။ "ဒီနေ့ မင်းကတော်တော် သတ္တိကောင်းနေပါလား။ ငါ မစောင့်ကြည့်မိတဲ့ အချိန်လေးမှာကို တော်တော် အရိုင်းဆန်လာတာပဲ။"
"ဒါတွေ အကုန်လုံးက သခင်လေး ကောင်းကောင်း သင်ပေးထားလို့လေ။"
"..."
အချိန်အတော်ကြာသောအခါ ဖန်ကျန်းရီသည် အဖိခံထားရသဖြင့် အသက်ရှူရ အနည်းငယ် ခက်ခဲလာခဲ့သည်။ ထို့ကြောင့် ရှောင်ထောင်ကို ဖြည်းညင်းစွာ တွန်းဖယ်လိုက်ပြီး ပြောလိုက်၏။ "မင်း အရင် ပြန်ပြီး အနားယူတော့။ ဟိုဘက်မှာ လူတချို့ ကျန်နေသေးတယ် ... ငါ သူတို့ကို ပညာနည်းနည်း ပေးလိုက်အုံးမယ်။"
ရှောင်ထောင်သည် မခွဲခွာချင်စွာဖြင့် မတ်တပ်ထရပ်လိုက်ပြီး တိုးတိုးလေး အဖြေပေးလိုက်သည်။ သူမ၏ မျက်နှာသည် ပန်းသီးနီနီလေး တစ်လုံးကဲ့သို့ နီရဲနေပြီဖြစ်ပြီး ခြေလှမ်းသွက်သွက်ဖြင့် ခြံဝန်းထဲမှ ထွက်ခွာသွားခဲ့သည်။
ဖန်ကျန်းရီသည် အကြည့်စူးစူးဖြင့် စင်္ကြံလမ်းဘက်သို့ လှမ်းကြည့်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။ "အကုန်လုံး ထွက်လာခဲ့ကြစမ်း။"
လူရိပ်တချို့သည် တုန်တုန်ယင်ယင်ဖြင့် ဖန်ကျန်းရီ၏ အရှေ့သို့ ရောက်လာကြ၏။ သူတို့မှာ ကျန်းပြောင်၊ လော့နင်ရှင်း နှင့် ရွှေယီပိုင်တို့ပင် ဖြစ်သည်။
ဖန်ကျန်းရီသည် မေးစေ့ကို ပွတ်သပ်လိုက်ပြီး ကျန်းပြောင်ကို အရင်ဆုံး ကြည့်လိုက်သည်။ "ကျန်းပြောင် ... မင်းက ခွေးကောင်ပဲ။ ဘာကိုမဆို ရဲရဲတင်းတင်း ချောင်းကြည့်ရဲတယ်ပေါ့လေ။ ဟုတ်လား။"
ကျန်းပြောင်သည် ခေါင်းငုံ့ကာ ပြန်ဖြေလိုက်၏။ "အို ... ကျုပ်က အသံကြားလို့ လာကြည့်တာပါ။ တခြားလူတွေကိုတော့ ကျုပ် တားထားလိုက်ပါတယ်။ သခင်လေး မင်းသမီးရဲ့ ယောက်ျား ဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ် ... ချစ်သူတွေ နောက်ဆုံးတော့ ချစ်သူတွေ ဖြစ်သွားကြပြီပေါ့။"
"သောက်ရူး။" ဖန်ကျန်းရီသည် ဒေါသထွက်လွန်းသဖြင့် ရယ်ပင် ရယ်ချင်သွားခဲ့၏။ "မင်းလိုကောင်ကတောင် မင်္ဂလာစကား ပြောတတ်နေပြီပေါ့။"
ကျန်းပြောင်က ရိုးအအဖြင့် ရယ်မောကာ ပြန်ပြောလိုက်သည်။ "သခင်လေး မင်းသမီးကို လက်ထပ်တော့မယ်လို့ ကြားတည်းက နေ့လယ်ကတည်းက ကျုပ် ကြိုပြီး စဉ်းစားထားတာပါ။ ဒီနေ့တော့ ရှောင်ထောင်က ပွင့်ပွင့်လင်းလင်း ပြောလိုက်ပြီပဲ။ သခင်လေး ... ခရိုင်ထဲမှာတော့ ရှောင်ထောင်က သခင်မကြီးလို့ သတင်းတွေ ထွက်နေတာ ကြာပြီ။ သခင်လေး မသိချင်ယောင် ဆောင်နေလည်း အလကားပဲ။"
ထို့နောက် သူက ဆက်ပြောလိုက်သည်။ "မိန်းမယူရမှာကို ကြောက်စရာ မလိုပါဘူး။ ကျုပ်နဲ့အတူ လေ့ကျင့်ခန်းသာ မှန်မှန် လုပ်မယ်ဆိုရင် ဆယ်ယောက်ယူလည်း ပြဿနာ မရှိပါဘူး။ အိမ်အရောက် လာပို့တာကိုတောင် မယူဘူးဆိုရင်တော့ သခင်လေး ညံ့လို့ပဲ။"
ဖန်ကျန်းရီက ကျယ်လောင်စွာ ဆဲရေးလိုက်၏။ "မင်းက တမင်တကာ လာပြီး ဒေါသဆွနေတာလား ... ထွက်သွားစမ်း။"
ကျန်းပြောင်သည် အတင်း ဟန်လုပ်ရယ်ကာဖြင့် နောက်လှည့် ထွက်သွားတော့သည်။
ထိုနေရာတွင် လော့နင်ရှင်းနှင့် ရွှေယီပိုင်သာ ကျန်ရစ်ခဲ့တော့သည်။ ဖန်ကျန်းရီသည် သူ၏ ရှေ့တွင် လှပစွာ ရပ်နေကြသော မိန်းကလေး နှစ်ဦး၏ မတူညီသော မျက်နှာအမူအရာများကို ကြည့်ရင်း ခေါင်းကိုက်လာခဲ့၏။ မင်းသမီးဆိုသော ဤထူးဆန်းသည့် အဆင့်အတန်းက တကယ့်ကို ပြဿနာပင် ဖြစ်သည်။ မလွှဲမရှောင်သာ ထပ်မံ၍ ရှင်းပြရဦးမည်။
ဖန်ကျန်းရီက မေးလိုက်သည်။ "ကိစ္စတွေကိုလည်း အကုန်လုံး သိပြီးပြီဆိုတော့ ... မင်းတို့ ဘာပြောချင်သေးလဲ။"
လော့နင်ရှင်းက အနည်းငယ် စိုးရိမ်စွာဖြင့် ပြောလိုက်၏။ "ကျွန်မက ဘာမှတော့ မမေးချင်ပါဘူး။ ဒီတိုင်း သိချင်တာက ... မင်းသမီးကို လက်ထပ်ပြီးသွားရင် ... ။"
ဖန်ကျန်းရီက အလျင်အမြန် ဖြတ်ပြောလိုက်သည်။ "မစွန့်ပစ်ဘူး ... နောက်ဆုတ်မှာလည်း မဟုတ်ဘူး။"
"ကျွန်မ သဘောပေါက်ပါပြီ။" လော့နင်ရှင်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့ပြီး အရိုအသေပေးကာ နောက်လှည့် ထွက်ခွာသွားခဲ့၏။
ဖန်ကျန်းရီသည် အကြည့်လွှဲလိုက်၏။ ထိုနေရာတွင် ရွှေယီပိုင် တစ်ယောက်သာ ကျန်နေခဲ့ပြီး သူမသည် အဝတ်စကို ပွတ်သပ်လျက် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် မေးလိုက်သည်။ "ကျွန်မ ... ကျွန်မ မေးချင်တာက ... အရင်တစ်ခေါက်က မိန်းမစိုးချန်ကို စစ်ကြောရေး လုပ်တုန်းက ရှင်ပြောခဲ့တဲ့ မင်းသမီးကို လက်ထပ်မယ်ဆိုတာက ... ကျွန်မကို ပြောတာလား။"
ဖန်ကျန်းရီ၏ မျက်နှာသည် ချက်ချင်းပင် ပျက်ယွင်းသွားခဲ့သော်လည်း နောက်တစ်စက္ကန့်တွင် အလျင်အမြန် ပြုံးပြလိုက်သည်။ သူသည် မတ်တပ်ရပ်ကာ ရွှေယီပိုင်ကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး နူးညံ့စွာ မေးလိုက်၏။ "မင်းက ဘယ်လိုထင်လို့လဲ။"
"မဟုတ်သလိုပဲ ... လို့။"
"မင်းက တကယ်ကို အရူးမလေးပဲ။ တစ်နေ့လုံး ဘာတွေများ တွေးနေပြီး တွေဝေနေရတာလဲ။"
ရွှေယီပိုင်သည် ခေါင်းမော့လာခဲ့ပြီး မေးလိုက်သည်။ "ဒါဆိုရင် ... ကျွန်မကို ပြောတာပေါ့ ဟုတ်လား။"
ဖန်ကျန်းရီသည် ပြုံးလျက် သူမ၏ ကျောကို ခပ်ဖွဖွ ပွတ်သပ်ပေးနေလိုက်သည်။ သူ လိမ်မပြောချင်ပေ ... ထိုသို့မဟုတ်လျှင် သောက်သုံးမကျသည့် ယောကျ်ားတစ်ယောက် ဖြစ်သွားမည် မဟုတ်လား။ သို့သော်ငြားအထင်လွဲသွားသည်ဆိုလျှင်တောင် ... မရှင်းပြဘဲ နေ၍ ရ၏။
ဖန်ကျန်းရီက တိုးတိုးလေး ပြောလိုက်သည်။ "မင်းက အရမ်းကို ထူးခြားတယ်။ တခြား မိန်းမတွေနဲ့ မတူဘူး။ မင်းရဲ့ အဆင့်အတန်းက တကယ်ကို ပြဿနာပဲ။ နောက်ပိုင်း အပြင်ထွက်တဲ့အခါကျရင် ပိုင်ရီ ဆိုတဲ့ နာမည်ကိုပဲ သုံးပေးပါ။ အဲဒီလိုမှ မဟုတ်လို့ တစ်ယောက်ယောက်ကများ ရိပ်မိသွားခဲ့ရင် သေဘေး အန္တရာယ် ကျရောက်လာနိုင်တယ်။
နောက်ပြီး တာ့ကျင်းရဲ့ မင်းသမီးက ... မင်းစိတ်ထဲမှာ ဘယ်လို တွေးနေမလဲဆိုတာ ငါ မသိဘူး။ အကယ်၍များ အနာဂတ်မှာ ပြဿနာ တစ်ခုခု ဖြစ်လာခဲ့ရင် ...။"
ရွှေယီပိုင်သည် လိမ္မာစွာဖြင့် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ "ကျွန်မ သိပါတယ် ... ကျွန်မ ဘာမှ ပြောမှာ မဟုတ်ပါဘူး။ ပြဿနာလည်း မဖြစ်စေရပါဘူး ... လက်ရှိ ဘဝကိုပဲ ကျွန်မ တကယ်ကို ကျေနပ်နေပါပြီ။"
ဖန်ကျန်းရီသည် ရုတ်တရက် ရှက်ရွံ့မှုကို ခံစားလိုက်ရပြီး ရင်ခွင်ထဲမှ ရွှေယီပိုင်ကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ကာ ပြောလိုက်၏။ "မင်းကို မျက်နှာငယ်စေခဲ့ပြီ။ ဒါပေမဲ့ မင်း စိတ်ချပါ ... ဖန်မိသားစုထဲကို ရောက်လာတာနဲ့ စည်းကမ်းချက်တွေ အများကြီး မရှိတော့ပါဘူး။ အဆင့်အတန်း ခွဲခြားတာတွေလည်း မရှိဘဲ အကုန်လုံးက တန်းတူညီမျှ နေထိုင်ရမှာပါ။ ငါ မင်းတို့ကို မျက်နှာမငယ်စေချင်ပါဘူး။ မကြာခင် တစ်နေ့နေ့မှာ အခွင့်အရေးရှာပြီး လူရှစ်ယောက်ထမ်းတဲ့ ဝေါယာဉ်နဲ့ တခမ်းတနား တင်မြှောက်တဲ့ အခမ်းအနားမျိုးကို မင်းတို့အတွက် ပြန်လုပ်ပေးပါ့မယ်။"
"ကျွန်မ သိပါတယ်။"
ရွှေယီပိုင်သည် ခေါင်းမော့လာခဲ့ပြီး မျက်လုံးများ တောက်ပလျက် မေးလိုက်သည်။ "တကယ် ပြန်လုပ်ပေးနိုင်မှာလား။"
ဟူး ... မသိသေးဘူး။ ... ယောက္ခမကြီးကို အရင်ဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာရဦးမည်။ သို့ပေမည့် သူ၏ အရည်အချင်းများအရ အနာဂတ်တွင် သေချာပေါက် ဖြေရှင်းနိုင်မည့် အခွင့်အရေး ရလာမည်သာ ဖြစ်သည်။ သူရဲကောင်းဆန်ဆန် လုပ်ဆောင်ချက်မျိုး ဆိုသည်မှာ သူ့အတွက် လက်တစ်ဖျစ်စာမျှသာ မဟုတ်ပါလား။
ဖန်ကျန်းရီသည် လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။ "သေချာပေါက် လုပ်ပေးနိုင်ရမယ် ... ငါ့ကို ယုံကြည်လိုက်ပါ။"
"ကျွန်မ ရှင့်ကို ယုံပါတယ်။" ရွှေယီပိုင်သည် အပြုံးတစ်ခု ပေါ်လာခဲ့ပြီး သူ၏ ရင်ခွင်ထဲသို့ ထပ်မံ မှီချလိုက်၏။
ဖန်ကျန်းရီသည် သူမ၏ ဆံပင်များကို မြတ်နိုးစွာ ပွတ်သပ်ပေးလိုက်ပြီး ပြောလိုက်သည်။ "မစောတော့ဘူး ... မင်း အရင် ပြန်ပြီး အနားယူတော့။"
နောက်ဆုံးတွင်တော့ လူအကုန်လုံးကို ပြန်လွှတ်လိုက်နိုင်ခဲ့ပြီ ဖြစ်သည်။ ဖန်ကျန်းရီသည် ကုလားထိုင်ပေါ်တွင် ပြန်လည် လှဲလျောင်းလိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်၏။ လမင်းကို ကြည့်ရင်း အရူးတစ်ယောက်လို ပြုံးနေမိသည်။
တကယ့်ကို ပြဿနာပင် ... နောက်ပိုင်းမှာ ကြီးမားလှသော လှိုင်းတံပိုးတွေ သူ့ကို စောင့်ကြိုနေပေဦးမည်။