← Chapters

အခန်း (၆၅၅-၆၅၆)

Vol. 35 Ch. 655-656

အခန်း (၆၅၅-၆၅၆)

Vol. 35 Ch. 655-656

အပိုင်း (၆၅၅) မင်္ဂလာပွဲကြီး။

မင်္ဂလာပွဲ နီးကပ်လာပြီဖြစ်ရာ ဤအချိန်ကာလအတွင်း ဖန်ကျန်းရီသည်လည်း အားမနေခဲ့ချေ။ အရှက်မကွဲစေရန် အတွက် အလုပ်ရှိရှိ ၊ မရှိရှိ ဓလေ့ထုံးတမ်းဝန်ကြီးဌာနသို့ ပြေးကာ ထပ်မံ လေ့လာသင်ယူရသေး၏။

ကျင်းယီဝေ၏ အလုပ်လုပ်ငန်းစဉ်များကိုလည်း ပိုမို အသေးစိတ်ကျစေရန် ပြန်လည် စီစဉ်ပြီး အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်နေရ၏။ ပို၍ အရေးကြီးသည်မှာ အရှေ့ဘက် ဆင်ခြေဖုံးရပ်ကွက်ရှိ မြေနေရာ ရွေးချယ်ရေး ပြဿနာပင် ဖြစ်သည်။ မြေနေရာ တစ်ကွက်ကို သတ်မှတ်ပြီးပြီဖြစ်ရာ အသေးစိတ် အစီအစဉ်များ ရေးဆွဲနေရသည်။

သိပ္ပံအကယ်ဒမီရှိ လူတိုင်းက သိပ်ပြီး ဂရုမစိုက်ကြသော်လည်း ဖန်ကျန်းရီ၏ အမြင်တွင်မူ ဤအရာက အရေးအကြီးဆုံး ကိစ္စရပ်ပင် ဖြစ်သည်။ သူ လက်ထပ်ရမည့် ကိစ္စမှလွဲလျှင် ဤကမ္ဘာပေါ်တွင် သိပ္ပံအကယ်ဒမီထက် ပို၍ အရေးကြီးသော ကိစ္စရပ် မရှိတော့ချေ။ တစ်ကြိမ် လမ်းကြောင်းမှန်ပေါ် ရောက်သွားသည်နှင့် တာ့ကျင်း၏ ဖွံ့ဖြိုးတိုးတက်မှုသည် အမြန်လမ်းပေါ်သို့ ရောက်ရှိသွားမည်နှင့် အတူတူပင် ဖြစ်သည်။ ထို့အပြင် တောက်ယွမ်ခရိုင်ရှိ သုတေသနဌာန အများအပြားသည် ငွေများကို မီးရှို့ပစ်နေသကဲ့သို့ ကုန်ကျနေခဲ့ရာ ယခုအခါ တရားဝင် နန်းတော်၏ ငွေများကို ဗြောင်ကျကျ သုံးစွဲခွင့် ရရှိသွားပြီ ဖြစ်၏။

နောက်ဆုံးတွင်တော့ မင်္ဂလာပွဲ နေ့ရက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ဖန်ကျန်းရီသည် အနီရဲရဲ မင်္ဂလာဝတ်စုံကို ဝတ်ဆင်ကာ ခေါင်းတွင် အနက်ရောင် ဦးထုပ်ကို ဆောင်းထားပြီး ရင်ဘတ်တွင် ပိုးသားဖြင့် ပြုလုပ်ထားသော အနီရောင် ပန်းပွင့်ကြီး တစ်ပွင့်ကို ချိတ်ဆွဲထားသည်။

နန်းတွင်းမှ လာရောက်သော လူများ၏ ခြံရံမှုဖြင့် နန်းတော်တွင်းသို့ ဝင်ရောက်ကာ တော်ဝင်မိသားစုအား သွားရောက် ကြိုဆိုရန် ပြင်ဆင်နေ၏။

ဖန်ကျန်းရီဘက်မှလည်း မိသားစုဝင်များကို ထည့်သွင်း လွှတ်ပေးသင့်သော်လည်း တကယ်တမ်း သူ့တွင် မိသားစုဝင်ဟူ၍ တစ်ယောက်မျှ မရှိချေ။ ရှောင်ထောင်နှင့် ကျန်းပြောင်တို့သည်လည်း ဆွေမျိုးများစာရင်းတွင် ထည့်သွင်း၍ မရနိုင်သေးရာ အိမ်တွင်သာ အရက်ဝိုင်းများဖြင့် ဧည့်ခံပွဲ ကျင်းပနေရသည်။

မိသားစုဝင်များအကြောင်း ပြောရလျှင် ယခင်ခန္ဓာကိုယ်ပိုင်ရှင်မှာ တကယ့်ကို သနားစရာ ကောင်းလှပသည်။ ခေါင်းမာသော စရိုက်ရှိသဖြင့် အရာရှိလောကသို့ ဝင်ရောက်စကပင် လူများနှင့် ထိပ်တိုက်တွေ့ကာ ဆင်းရဲလှသော တောင်ကြားရွာလေးထဲသို့ ပို့ဆောင်ခြင်း ခံခဲ့ရ၏။ ညီအစ်ကို မောင်နှမများလည်း မရှိသလို မိဘများလည်း ကွယ်လွန်သွားခဲ့ပြီဖြစ်ရာ ခရိုင်ထဲတွင် ဝိညာဉ်အဖြစ်သာ ကျန်ရှိတော့သည်။ ဖန်ကျန်းရီသည် ပွဲတော်ရက်များ ရောက်တိုင်း သူတို့အတွက် နံ့သာတိုင် ထွန်းညှိပေးရသေးသည်။ အနည်းငယ် စိတ်မကောင်းစရာ ဖြစ်သော်လည်း ယနေ့အတွက်မူ များစွာ အဆင်ပြေသွားခဲ့၏။

လီမြောင်ဟန်သည် ကျင်းဘုရင်မင်းမြတ်၏ အချစ်ဆုံး သမီးငယ်လေး ဖြစ်ရာ မင်းသမီးအိမ်တော်ကို အစောကြီးတည်းက တည်ဆောက်ပေးထားခဲ့ပြီး ဖြစ်သည်။ တည်နေရာမှာမူ ဆိုဖွယ်ရာပင် မရှိတော့ချေ။ နန်းတော်နှင့် ကပ်လျက်ရှိပြီး နန်းတော်တံတိုင်းကို အဖော်ပြုကာ ကျုံးရေဖြင့် ဝိုင်းရံထားသည်။ ကြီးကျယ်ခမ်းနားမှုကို ပိုင်ဆိုင်ထားပြီး တိတ်ဆိတ်ငြိမ်သက်မှုကိုပါ ခံစားနိုင်သည်ဟု ဆိုရမည်။

ပို၍ အရေးကြီးသည်မှာ မြေနေရာ အလွန်ကျယ်ဝန်းပြီး အတွင်းအိမ်တော်နှင့် အပြင်အိမ်တော်ဟူ၍ နှစ်ပိုင်းခွဲထားကာ အလှဆင်ထားမှုမှာလည်း အလွန်တရာ ခမ်းနားလှသည်။ ထို့အပြင် များပြားလှသော စည်းစိမ်ဥစ္စာများနှင့်အတူ အရာရှိများ၊ ရုံးခန်းများနှင့် အစေခံများကိုပါ တစ်ပါတည်း ထည့်သွင်းပေးထားပြီး အစောကြီးတည်းကပင် ကြိုတင် နေရာချထားပြီး ဖြစ်သည်။ အတွင်းရှိ လူတိုင်းသည် ကိုယ့်တာဝန်ကိုယ် ယူကြပြီး စနစ်တကျ လည်ပတ်နေကြ၏။ ခြုံငုံကြည့်ရလျှင် အစီအစဉ် တစ်ခုလုံးသည် အလတ်စား ရုံးတော်တစ်ခုနှင့်ပင် တူညီနေသည်။ သို့ပေမည့် ဤအရာအားလုံးသည် မင်းသမီး ပိုင်ဆိုင်သော အရာများသာ ဖြစ်၏။

မင်းသမီး၏ ခင်ပွန်းနေရာမှာမူ စည်းကမ်းချက်များအရ အတော်လေး နိမ့်ကျနေပြီး အတွင်းအိမ်တော်၌ နေထိုင်ရသည်မှာလည်း ကန့်သတ်ချက်များစွာ ရှိသည်။ လင်မယားကိစ္စကို ကိုယ့်သဘောဆန္ဒအတိုင်း လုပ်ချင်လျှင်ပင် မရနိုင်ချေ။ တစ်ဖက်လူက ခွင့်ပြု၊ မပြုကို စောင့်ကြည့်ရသေးသည်။

သို့သော်ငြား သခင်လေးဖန်သည် တစ်ခါမှ စည်းကမ်းများကို ဂရုစိုက်လေ့ရှိသူ မဟုတ်ချေ။ ဓလေ့ထုံးတမ်း ဝန်ကြီးဌာနမှ ဤအကြောင်းများကို ပြောပြစဉ်က လေလည်သံကို နားထောင်နေရသကဲ့သို့ပင် သဘောထားခဲ့၏။

ငါက ဂုဏ်သိက္ခာရှိတဲ့ ၂၁ ရာစုက အလုပ်သမား တစ်ယောက်ပဲလေ။ ကိုယ့်မိန်းမကိုတောင် ကိုယ်မနိုင်ဘူးဆိုရင် အသက်ရှင်နေစရာ အကြောင်း ရှိသေးလို့လား။

မင်္ဂလာဦးညတွင် အနီရောင် ဖယောင်းတိုင်များ ထွန်းလင်းနေပြီး ပိုးသားလိုက်ကာများနှင့် ရွှေဟင်္သာစုံတွဲပုံ ပန်းချီကားများဖြင့် အလှဆင်ထားသည်။

လီမြောင်ဟန်သည် အနီရောင် ခေါင်းဆောင်းကို ဆောင်းထားလျက် လှပသော ကုတင်ပေါ်တွင် ကိုယ်ကို အနည်းငယ် စောင်းကာ ထိုင်နေ၏။

ဖန်ကျန်းရီသည် အရက်အနည်းငယ် သောက်ထားသဖြင့် မျက်နှာမှာ အနည်းငယ် ပူထူနေပြီး အနီးသို့ တိုးသွားကာ လီမြောင်ဟန်၏ လက်သေးသေးလေးကို ဖွဖွလေး ဆုပ်ကိုင်လိုက်သည်။ ထိတွေ့လိုက်ရသော အတွေ့အထိမှာ နူးညံ့ချောမွေ့နေသော်လည်း အနည်းငယ် အေးစက်နေသဖြင့် ကြည့်ရသည်မှာ စိတ်လှုပ်ရှားနေပုံ ရသည်။

ဖန်ကျန်းရီသည် ပြုံးလိုက်ပြီး အရက်ရှိန် အနည်းငယ်ဖြင့် ပြောလိုက်၏။ "မိန်းမ ... နောက်ဆုံးတော့ ကိုယ်တို့ လက်ထပ်နိုင်ခဲ့ပြီနော်။ မင်းရဲ့ ခေါင်းဆောင်းကို ကိုယ် ဖယ်ပေးမယ်။"

လီမြောင်ဟန်က တိုးတိုးလေး အသံပြုလိုက်သည်။

ထို့နောက် ခေါင်းဆောင်းမှာ ဖန်ကျန်းရီ၏ လက်ထဲသို့ ရောက်သွားခဲ့၏။ မက်မွန်ပွင့်ကဲ့သို့ လှပသော မျက်နှာလေးနှင့် ရှက်သွေးဖြာနေသော အလှပိုင်ရှင်လေးကို ကြည့်ရင်း ဖန်ကျန်းရီ၏ ရင်ထဲတွင် ပူနွေးလာခဲ့သည်။

"မိန်းမ ... မင်္ဂလာဦးအရက် သောက်ရမယ့် အချိန်ရောက်ပြီ။"

ဖန်ကျန်းရီသည် နှုတ်ခမ်းကို သပ်လိုက်ပြီး စားပွဲဘေးသို့ ပြန်သွားကာ အရက်ခွက်ကို ယူ၍ လီမြောင်ဟန်အား ကမ်းပေးလိုက်သည်။ နှစ်ယောက်သား အချစ်မျက်ဝန်းများဖြင့် အချင်းချင်း စိုက်ကြည့်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်ကြ၏။

ဖန်ကျန်းရီသည် အရက်ခွက်ကို အနောက်ဘက်သို့ ခပ်မိုက်မိုက် လွှင့်ပစ်လိုက်ပြီး လူဆိုးလေး တစ်ယောက်လို ပြုံးကာ မေးလိုက်သည်။ "ပြီးတော့ရော ... ပြီးရင် ဘာဆက်လုပ်ရမှာလဲ။"

လီမြောင်ဟန်သည် နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး မနေနိုင်ဘဲ ခေါင်းကို ဘေးသို့ လှည့်ကာ ရှက်သွေးဖြာလျက် ပြောလိုက်၏။ "နန်းတော်ထဲမှာ ... သင်ပေးလိုက်တယ် ... အတူတူ ... အိပ်ရမယ်တဲ့။"

ဖန်ကျန်းရီသည် ရယ်မိမတတ် ဖြစ်သွားခဲ့၏။ နန်းတော်ထဲတွင် ရွံစရာကောင်းသော စည်းကမ်းချက်များ အများကြီး ရှိသော်လည်း လုံးဝ အကျိုးမရှိသည်တော့ မဟုတ်ချေ။ အကောင်းဆုံးကတော့ ဤအချက်ပဲ ဖြစ်သည်။ လုပ်ငန်းစဉ် တစ်ခုလုံးကို သင်ပေးလိုက်သေးသည် မဟုတ်ပါလား။ လူသားဆန်မှု ဆိုသည်မှာ ဘယ်အချိန်ဖြစ်ဖြစ် မရှိမဖြစ် လိုအပ်ကြောင်း ထင်ရှားလှသည်။

"အို ... ဒီလိုကိုး။ ဒါဆို ကိုယ်တို့ စကြရအောင်လေ။ ခဏနေရင် ကိုယ့်ကို သင်ပေးနော်။" ဖန်ကျန်းရီက ပြောလိုက်သည်။

"ခဏလေး နေအုံး။"

ဖန်ကျန်းရီသည် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ချိန်တွင် လီမြောင်ဟန်က ရုတ်တရက် ခေါင်းကို ပြန်လှည့်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် သူ့ကို ကြည့်လိုက်၏။

"ဟင် ... ဘာဖြစ်လို့လဲ။" ဖန်ကျန်းရီက နားမလည်စွာဖြင့် မေးလိုက်သည်။

လီမြောင်ဟန်က ဖန်ကျန်းရီကို စိုးရိမ်တကြီး ကြည့်ကာ မေးလိုက်၏။ "ရှင် ... အရင်က ကျွန်မကို ပြောခဲ့ဖူးတယ်နော်။ ရှင့်သူငယ်ချင်း တစ်ယောက်မှာ အပြင်မှာ မယားကြီးမယားငယ်တွေ ရှိပြီး နောက်ပိုင်း မဖြစ်မနေ လက်ထပ်ရမယ့် မိန်းမ တစ်ယောက် ရှိနေတယ်ဆိုတာလေ ... အဲဒီ သူငယ်ချင်းဆိုတာ ရှင်ကိုယ်တိုင်များလား။"

"..."

ဖန်ကျန်းရီမှာ ကြောင်အမ်းသွားခဲ့ပြီး တိတ်ဆိတ်သွား၏။ ဆန့်ထုတ်ထားသော လက်ကို ဆက်လက် ဆန့်ထုတ်ရမလို၊ ပြန်ရုတ်ရမလို ဖြစ်နေခဲ့သည်။ မင်္ဂလာဦးညလို လှပလှသော အချိန်လေးတွင် ရုတ်တရက် ဖမ်းမိခံလိုက်ရခြင်းက တကယ်ကို အနေရခက်စရာ ကောင်းလှပေသည်။

မူလက နောက်ပိုင်းမှ အခွင့်အရေး ကောင်းကောင်းရှာ၍ ရှင်းပြမည်ဟု တွေးထားခဲ့သော်လည်း ယခုတော့ ရှာနေစရာ မလိုတော့ချေ။ ခေါင်းထဲတွင် အတွေးများ လျင်မြန်စွာ လည်ပတ်သွားပြီးနောက် နောက်ဆုံးတွင်တော့ အထစ်ထစ်အငေါ့ငေါ့ဖြင့် ဖြေလိုက်ရ၏။ "အာ ... အင်း ... ဟုတ်တယ်။"

လီမြောင်ဟန်အပေါ်တွင်မူ သူ့အနေဖြင့် ထူးခြားသော သံယောဇဉ် အချို့ ရှိနေဆဲ ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဤမိန်းကလေးမှာ သူ ကိုယ်တိုင် အစပြုကာ မြင်မြင်ချင်း ချစ်မိသွားခဲ့သော အမျိုးသမီး ဖြစ်သည်။ ထို့အပြင် လီမြောင်ဟန်သည် သဘောထား ပြည့်ဝပြီး လိမ္မာယဉ်ကျေးသူ တစ်ဦးအဖြစ် သတ်မှတ်၍ ရသည်။ သူ မည်မျှပင် မျက်နှာပြောင်တိုက်ချင်စေကာမူ လျှောက်ပြောရဲတော့မည် မဟုတ်ချေ။ "ဟုတ်တယ်" ဆိုသော စကားတစ်ခွန်း ထွက်သွားသည်နှင့် ဖန်ကျန်းရီသည် အားအင်ကုန်ခမ်းသွားသကဲ့သို့ လက်နှစ်ဖက်ကို အောက်ချကာ သက်ပြင်းတစ်ချက် ချလိုက်ပြီး တရားစီရင်ခြင်းကို စောင့်ဆိုင်းနေတော့သည်။

လီမြောင်ဟန်သည်လည်း တိတ်ဆိတ်နေခဲ့ပြီး မျက်နှာပေါ်တွင် တခြား ပိုလျှံသော အမူအရာများ မရှိခဲ့ချေ။ အချိန်အနည်းငယ် ကြာပြီးနောက်မှ သူမက စကားစလိုက်၏။ "ကျွန်မ သိသားပဲ ... အရင်တစ်ခေါက်က ရှင် ကျွန်မကို စကားပြောတဲ့ ပုံစံကကို မမှန်ဘူးလေ။"

ဖန်ကျန်းရီသည် အတင်း ဟန်လုပ်ရယ်ကာ မေးလိုက်သည်။ "ဒါဆိုရင် မိန်းမက ဘယ်လို သဘောရလဲ။"

"ဘယ်လိုသဘော ရရမှာလဲ ... ကျွန်မက ဘာပြောနိုင်အုံးမှာလဲ။ ကျွန်မက ရှင့်ကို လက်ထပ်ပြီးသွားပြီပဲ ... ပြန်ရုပ်သိမ်းလို့ ရနိုင်သေးလို့လား။"

လီမြောင်ဟန်သည် နှုတ်ခမ်းအောက်ကို ကိုက်ထားပြီး သူမ၏ မျက်လုံးများထဲတွင် မျက်နှာငယ်မှုများ ပြည့်နှက်နေခဲ့၏။ "ရှင် ပြောမယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်း ပြောပေါ့။ ကျွန်မကို ဘာလို့ ဖုံးကွယ်ထားရတာလဲ။"

ဖန်ကျန်းရီ၏ မျက်နှာပြောင်တိုက်နိုင်မှုသည် မြို့ရိုးကဲ့သို့ ထူထဲလှသော်လည်း မနေနိုင်ဘဲ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်မိသည်။ လီမြောင်ဟန် အသံမထွက်တော့သည်ကို မြင်သောအခါ ဖန်ကျန်းရီက ယောကျ်ားပျက်တို့၏ စကားတစ်ခွန်းကို ကောက်ကာငင်ကာ ပြောလိုက်၏။ "ကိုယ်က ကမ္ဘာပေါ်က ယောကျ်ားတိုင်း လုပ်မိတတ်တဲ့ အမှားတစ်ခုကို လုပ်မိသွားတာပါ။"

ထိုအခါ လီမြောင်ဟန်က ဒေါသတကြီးဖြင့် ပြောလိုက်သံကို ကြားလိုက်ရသည်။ "ဟုတ်တာပေါ့။ မင်္ဂလာမဆောင်ခင်တည်းက အစ်မတွေ ပြောတာကို ကြားခဲ့ပြီးပါပြီ ... ကမ္ဘာပေါ်က ကျီးကန်းတိုင်းက အမည်းရောင်ချည်းပဲတဲ့။"

ဖန်ကျန်းရီ၏ မျက်ထောင့်များ တုန်လှုပ်သွားခဲ့ပြီး အသံပင် မထွက်ရဲတော့ချေ။

ကြည့်ရသည်မှာ တာ့ကျင်းရှိ ခွေးကောင် ယောကျ်ားများ အားလုံးက ဤသို့ပင် ဖြစ်ပုံရသည်။ သူ ဖန်ကျန်းရီက သာမန် မင်းသမီး၏ ခင်ပွန်း တစ်ယောက်မျှသာ ဖြစ်ပြီး ဒါတွေ အကုန်လုံးက ခေတ်ကြီးရဲ့ အမှားတွေပင်။

ဖန်ကျန်းရီသည် စဉ်းစားခန်း ဝင်ပြီးနောက် နောက်ဆုံးတွင်တော့ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး လီမြောင်ဟန်ကို လေးနက်စွာ ကြည့်ကာ မေးလိုက်သည်။ "မိန်းမ ... မင်း စိတ်ဆိုးသွားတာလား။"

"ဟုတ်တယ် ... ကျွန်မ စိတ်ဆိုးသွားပြီ။" လီမြောင်ဟန်သည် သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်ရာ ဆွဲဆောင်မှု အပြည့် ရှိနေ၏။

ဖန်ကျန်းရီသည် တစ်ခဏမျှ ကြောင်အမ်းသွားခဲ့၏။ ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးလှသော သူမထံမှ ဤကဲ့သို့ မျက်နှာအမူအရာမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

လီမြောင်ဟန်က ပြောလိုက်သည်။ "ကျွန်မ သူတို့ကို တွေ့ချင်တယ်။"

ဖန်ကျန်းရီ၏ ရင်မှာ အထိတ်တလန့် ဖြစ်သွားခဲ့ပြီး မေးလိုက်၏။ "ပြဿနာ သွားရှာဖို့တော့ မဟုတ်ဘူးမလား။"

"ရှင့်မျက်လုံးထဲမှာ ကျွန်မက မနာလိုဝန်တိုတတ်တဲ့ မိန်းမတစ်ယောက်လို့ မြင်နေတာလား။ ဒီတိုင်း တွေ့ပြီး စကားလေး ဘာလေး ပြောချင်ရုံပါပဲ။"

လီမြောင်ဟန်သည် မျက်ထောင့်များကို လျင်မြန်စွာ သုတ်လိုက်ပြီး ဆက်ပြောသည်။ "တခြား ဘာမှ မရှိပါဘူး ... ရှင် အများကြီး မတွေးပါနဲ့။ ကိစ္စတွေက ဒီအခြေအနေထိ ရောက်နေပြီပဲ ... ဒါတွေကို ခမည်းတော် သိသွားရင် ဘယ်လိုလုပ်ရမလဲ ဆိုတာကိုသာ ရှင် တွေးထားလိုက်တော့။"

ဖန်ကျန်းရီသည် အခွင့်အရေးကို အမိအရဖမ်းကာ အရှေ့သို့ တိုး၍ သူမကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "ကိုယ် တစ်ခါမှ အဲဒီလို မတွေးဖူးပါဘူး။ နောက်ပိုင်း အခွင့်အရေး ရတဲ့အခါ ကျင်းဘုရင်မင်းမြတ်ကို သေချာ ရှင်းပြလိုက်ပါ့မယ်။"

လီမြောင်ဟန်သည် ဖန်ကျန်းရီ၏ ပခုံးပေါ်တွင် ခေါင်းကို အပ်လိုက်ပြီး ညည်းတွားသံလေးဖြင့် ပြောလိုက်၏။ "ရှင်သာ ကျွန်မကို တိုက်ရိုက် ပြောပြခဲ့မယ်ဆိုရင် ကျွန်မလည်း ဘာမှ ပြောမှာ မဟုတ်ပါဘူး။ သူငယ်ချင်း တစ်ယောက် ရှိတယ်လို့ ပြောရသေးတယ် ... ကျွန်မကို ကြည့်ရတာ အရမ်း အရူးကျနေလို့လား။ ဘာလို့ ဖုံးကွယ်ထားရတာလဲ။"

အပိုင်း (၆၅၆) တိရစ္ဆာန်လေးဖန်။

လီမြောင်ဟန်က ဝမ်းနည်းမှုများကို ရင်ဖွင့်နေစဉ် ဖန်ကျန်းရီသည် သူ၏ ပခုံးတစ်ဝိုက်တွင် စိုစွတ်မှုကို ခံစားလိုက်ရသည်။ ထို့ကြောင့် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။

ယနေ့လိုမျိုး ဖြစ်လာမည်ကို ကြိုသိထားသော်လည်း ဤမျှ မြန်ဆန်စွာ ရောက်လာလိမ့်မည်ဟု သူ တကယ် မထင်မှတ်ထားခဲ့ချေ။ ယနေ့က မင်္ဂလာပွဲ နေ့ရက်ပင် ဖြစ်သည် မဟုတ်ပါလား။ သို့ပေမည့် ပြန်တွေးကြည့်သောအခါ ရှက်ရွံ့မှုကို ခံစားလိုက်ရသဖြင့် လက်ကို ဆန့်ထုတ်ကာ လီမြောင်ဟန်၏ ကျောကိုသာ အဆက်မပြတ် ခပ်ဖွဖွ ပုတ်ပေးနေလိုက်တော့သည်။

လီမြောင်ဟန်က ဆက်ပြောနေခဲ့၏။ "ရှင်က လူကောင်းတစ်ယောက်ဆိုတာ ကျွန်မ သိပါတယ်။ တခြားလူတွေ ရှင့်နောက်ကို လိုက်လာရင် ရှင် သေချာပေါက် တာဝန်ယူပေးမှာပဲလေ။ ကျွန်မကလည်း သူတို့ကို စွန့်ပစ်ဖို့ အတင်းအကျပ် တောင်းဆိုမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရှင် ကျွန်မကို လုံးဝ မဖုံးကွယ်ထားသင့်ဘူးလေ ... ကျွန်မကို ... အဖြစ် သတ်မှတ်ပြီးတော့။"

"ကိုယ် လုပ်တာ မကောင်းခဲ့ပါဘူး။ ကိစ္စတွေ အကုန်လုံးကို မင်းကို သေချာ ပြောပြမယ် ... ဟုတ်ပြီလား။" ဖန်ကျန်းရီက ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။

လီမြောင်ဟန်သည် ခေါင်းမော့လာခဲ့ပြီး မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ခေါင်းကို ဖြည်းညင်းစွာ ညိတ်ပြလိုက်၏။

ဖန်ကျန်းရီသည် သူမ၏ ဆံပင်များကို သပ်ပေးလိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။ "မိန်းမ ... ဒီနေ့ညက မင်္ဂလာရှိတဲ့ နေ့ရက်လေးလေ ... ကိုယ်တို့ အရင် အိပ်ကြရအောင်။"

မင်္ဂလာရှိသော နေ့ရက်ဟု ကြားသောအခါ လီမြောင်ဟန်သည် မျက်လုံးများ နီရဲနေဆဲ ဖြစ်သော်လည်း အပြုံးတစ်ခုကို အတင်း ဖော်ဆောင်လိုက်၏။

တကယ့်ကို နားလည်မှု ရှိတဲ့ မိန်းမပါလား။

ဖန်ကျန်းရီ၏ ရင်ထဲတွင် အလုံးကြီး တစ်ခု ကျသွားသကဲ့သို့ ပေါ့ပါးသွားခဲ့ပြီး သူမကို ပွေ့ဖက်ကာ အိပ်ရာဝင်ရန် ပြင်ဆင်လိုက်သည်။

ရုတ်တရက် လီမြောင်ဟန်သည် လက်ကို ဆန့်ထုတ်ကာ ဖန်ကျန်းရီ၏ ရင်ဘတ်ကို တွန်းဖယ်လိုက်ပြီး ခေါင်းမာစွာ ပြောလိုက်၏။ "မရဘူး။ ဒီနေ့ည ရှင် ကျွန်မနဲ့ အတူတူ အိပ်လို့ မရဘူး ... ကျွန်မ စိတ်ဆိုးနေတုန်းပဲ။"

"..."

မီးများ ငြိမ်းသွားခဲ့ပြီး အလင်းရောင် မှိန်မှိန်လေး လင်းနေသော ဖယောင်းတိုင်ငယ် တစ်တိုင်သာ ကျန်ရှိတော့သည်။

ဖန်ကျန်းရီသည် မြေပြင်ပေါ်တွင် အိပ်ရာခင်း၍ အိပ်နေရသည်။ ဘဝကြီးကို စိတ်ပျက်နေသကဲ့သို့ အမိုးကို စိုက်ကြည့်ရင်း စိတ်ထဲမှ အဆက်မပြတ် ညည်းတွားနေမိ၏။ ဝဋ်လည်တာပဲ ... ဒါ ဝဋ်လည်တာပဲ ... အကုန်လုံးက ကိုယ့်ဘာသာ လုပ်ခဲ့သော အပြစ်တွေချည်းပင်။ တော်သေးသည်က မိန်းမဖြစ်သူမှာ နားလည်နိုင်စွမ်း ရှိနေသေး၍သာ။ နောက်ပိုင်းမှာ သေချာ ရှင်းပြရမည် ဖြစ်ပြီး ထပ်မံ အထင်လွဲမှုများ မဖြစ်စေရတော့ချေ။

ကုတင်ပေါ်တွင် လိုက်ကာများ ချထားပြီးဖြစ်ကာ လီမြောင်ဟန်သည် အတွင်းဘက်၌ အသံတိတ် အိပ်ပျော်နေပုံ ရ၏။

ဖန်ကျန်းရီသည် ခေါင်းကို စောင်းလိုက်ပြီး စမ်းသပ်သည့်အနေဖြင့် တိုးတိုးလေး မေးလိုက်သည်။ "မိန်းမ ... မင်း အိပ်သွားပြီလား။"

မည်သူကမှ ပြန်မဖြေချေ။

ဖန်ကျန်းရီသည် အသံမထွက်စေရန် ခြေဖျားထောက်ကာ မတ်တပ်ရပ်လိုက်ပြီး ကုတင်ဘေးသို့ သွား၍ ကုတင်လိုက်ကာကို ဖြည်းညင်းစွာ ဆွဲဖွင့်လိုက်သည်။ မျက်စိရှေ့တွင် မြင်လိုက်ရသည်မှာ ပြူးကျယ်နေသော လီမြောင်ဟန်၏ မျက်လုံးလှလှလေးများ ဖြစ်ပြီး ထိုမျက်လုံးများထဲတွင် စိုးရိမ်မှုများ ပြည့်နှက်နေ၏။

"ရှင် ဘာလုပ်မလို့လဲ။" လီမြောင်ဟန်က မေးလိုက်သည်။

ဖန်ကျန်းရီသည် လက်နှစ်ဖက်ကို ပွတ်သပ်ကာ တဟားဟား ရယ်ရင်း ပြောလိုက်၏။ "ကိုယ်က မင်း အိပ်၊ မအိပ် လာကြည့်တာပါ။"

"အိပ်ပြီ။"

လီမြောင်ဟန်သည် မျက်လုံးများကို မှိတ်လိုက်ပြီး ကိုယ်ကို တစ်ဖက်သို့ လှည့်ကာ ဖန်ကျန်းရီကို ကျောခိုင်းထားလိုက်သည်။

ဖန်ကျန်းရီသည် သူမ၏ ဘေးသို့ တန်းတန်းမတ်မတ် ဝင်လှဲလိုက်ပြီး အတွင်းဘက်သို့ စတင် တိုးဝင်တော့သည်။ တိုးဝင်နေရင်းမှ အော်ပြောလိုက်၏။ "မိန်းမရေ ... ကြမ်းပြင်က အရမ်းအေးတော့ ကိုယ့်ခါးတွေ နာနေပြီ။ တအားကို နာနေတာ။"

လီမြောင်ဟန်သည် အတွင်းဘက်သို့ တိတ်တဆိတ် နှစ်ချက်ခန့် တိုးသွားပြီး ပြောလိုက်သည်။ "အလယ်က နယ်မြေစည်းပဲ ... စည်းမကျော်နဲ့နော်။"

"ကိုယ်သာ စည်းကျော်ခဲ့ရင် ကိုယ်က တိရစ္ဆာန်ပဲ။"

ဆယ်မိနစ် ကြာပြီးနောက် ဖယောင်းတိုင်လည်း ကုန်သွားခဲ့ပြီ ဖြစ်သည်။ အမှောင်ထုထဲမှ လီမြောင်ဟန်၏ အထိတ်တလန့် အော်သံ ထွက်ပေါ်လာခဲ့၏။ "အာ ... ရှင် ဘာလုပ်တာလဲ။ စည်းမကျော်ရဘူးလို့ ပြောထားတယ်လေ ... တိရစ္ဆာန်ကြီး။"

"ကိုယ် မင်းကို ဖက်ထားရုံလေးပါပဲ ... တခြား ဘာမှ မလုပ်ပါဘူး။"

မင်္ဂလာဦး ဇနီးမောင်နှံတို့မှာ အမြဲတမ်း သာယာလှပမှုများနှင့် ရစ်ပတ်မှုများ ရှိနေတတ်သည်။ သူတို့နှစ်ဦးသည် တစ်ခါတစ်ရံ လအတော်ကြာမှ တစ်ခါသာ တွေ့ရတတ်သော်လည်း ယခုအခါ စကားများလည်း ပွင့်လင်းသွားခဲ့ပြီ ဖြစ်သည်။ ဖန်ကျန်းရီ၏ ရူးသွပ်ဖွယ်ရာ နှုတ်ရေးစွမ်းရည်ဖြင့် အခြေအနေကို အပြည့်အဝ ထိန်းချုပ်ထားနိုင်မှုကြောင့် နှစ်ယောက်သား သဘာဝကျကျပင် အလွန်တရာ ချစ်ခင်ကြင်နာနေကြတော့သည်။

နောက်ရက်များတွင် ဖန်ကျန်းရီသည် အပျိုတော်များ၏ တားဆီးမှုကို လျစ်လျူရှုကာ မင်းသမီးအိမ်တော်တွင် တန်းတန်းမတ်မတ် ဝင်ရောက် နေထိုင်တော့သည်။

အကြောင်းပြချက်များအရ သူ နေထိုင်ရန် ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။ နေထိုင်မည် ဆိုလျှင်ပင် အပြင်အိမ်တော်တွင်သာ နေထိုင်ခွင့် ရှိသည်။ တော်ဝင်မိသားစု၏ မျက်နှာကို မည်သို့ပင်ဖြစ်စေ ထိန်းသိမ်းရမည် ဖြစ်၏။ အိမ်ထောင်ကျပြီးသော မင်းသမီး ဖြစ်စေကာမူ တည်ငြိမ်မှု ရှိရမည်။ သာမန် ဇနီးမောင်နှံများကဲ့သို့ တစ်နေ့လုံး ပူးကပ်နေခြင်းမျိုး မလုပ်သင့်ဘဲ ထိုသို့ လုပ်ဆောင်ခြင်းက လုံးဝ အမြင်မတင့်တယ်ချေ။

တစ်နေ့ သုံးကြိမ်လောက် လုပ်ချင်နေတာလား ... အဲဒါက ကြည့်ကောင်းလို့လား။ လုံးဝ ကြည့်မကောင်းဘူးလေ ... တကယ့်ကို တိရစ္ဆာန်ပဲ မဟုတ်လား။

သို့သော်ငြား ဖန်ကျန်းရီမှာ ငွေကြေးအင်အား ရှိသော တိရစ္ဆာန်တစ်ကောင် ဖြစ်ရာ ဒုတိယနေ့တွင်ပင် မင်းသမီးအိမ်တော်ရှိ လူတိုင်းကို လာဘ်ထိုးလိုက်သည်။ ပထမဆုံးအနေဖြင့် လီမြောင်ဟန်၏ လေးစားအားကျနေသော အကြည့်များအောက်တွင် မင်းသမီးအိမ်တော်ရှိ လူတိုင်းအတွက် လူပုံအလယ်တွင် အသိပညာပေး ဟောပြောပွဲ တစ်ခုကို ပြုလုပ်ခဲ့ပြီးနောက် ငွေတုံးများနှင့် ကျင်းယီဝေ ကြယ်ပွင့်ကတ်များကို စတင် ဝေငှတော့သည်။

အပျိုတော်များနှင့် အစေခံ အများအပြားမှာ လှပသော အနာဂတ်မျှော်လင့်ချက်များကြောင့် ချက်ချင်းပင် မျက်စိလည်သွားကြပြီး တစ်ခဏအတွင်းမှာပင် သခင်ကိုပါ မှားယွင်း သတ်မှတ်မိသွားကြတော့၏။ သူတို့၏ သခင်က မင်းသမီး မဟုတ်တော့ဘဲ ဖန်ကျန်းရီ ဖြစ်သွားသလိုပင်။

မင်းသမီး၏ ခင်ပွန်း ဖြစ်လာသော်လည်း အရာရှိ ရာထူးက ရှိနေဆဲဖြစ်ပြီး အသက်ကလည်း ငယ်၊ ငွေကလည်း ပေါများလှသည်။ အစေခံများအပေါ်တွင် နွေဦးလေနုအေးလေးကဲ့သို့ နွေးထွေးစွာ ဆက်ဆံတတ်သော်လည်း သူတို့၏ မျက်နှာပေါ်သို့ ငွေများ ပစ်ပေါက်သည့် အချိန်တွင်မူ ဆောင်းရာသီကဲ့သို့ ကြမ်းတမ်းလှပေသည်။

ထို့အပြင် လီမြောင်ဟန်က သူ၏ ဘေးတွင် ငှက်ကလေးတစ်ကောင်ကဲ့သို့ မှီခိုနေသည့် ပုံစံကြောင့် သူ၏ အာဏာမှာ ချက်ချင်းပင် အခိုင်အမာ တည်ဆောက်ပြီးသား ဖြစ်သွားခဲ့၏။

ဒီလို မင်းသမီးရဲ့ ခင်ပွန်းမျိုးကို ဘယ်နေရာ သွားရှာရမလဲ။ ဒီလို သခင်မျိုးကို မချစ်ဘဲ နေလို့ မရတော့ဘူးလေ။

မင်းသမီးအိမ်တော်ကို သိမ်းပိုက်ပြီး သခင်ဖြစ်လာပြီဖြစ်ရာ ဖန်ကျန်းရီသည် လုံးဝကို အားနာမနေတော့ချေ။ အလုပ်သမား အများအပြားကို အိမ်တော်တွင်းသို့ ခေါ်ယူကာ မင်းသမီးအိမ်တော်အား အကြီးအကျယ် ပြန်လည် မွမ်းမံတော့သည်။

ပထမဆုံးအနေဖြင့် ကျုံးရေပြင်သို့ တိုက်ရိုက် ဆက်သွယ်ထားသော အလွန်ခမ်းနားသည့် အိမ်သာတစ်ခုကို တပ်ဆင်လိုက်သည်။ ထို့နောက် အစေခံများအတွက်ပါ ခမ်းနားသော အိမ်သာ ဆယ်လုံး တည်ဆောက်ပေးလိုက်ပြီး သန့်ရှင်းရေး စည်းမျဉ်းသစ်များကိုပါ တစ်ပါတည်း ကြေညာလိုက်၏။

ပန်းခြံကိုလည်း ရှင်းလင်းပစ်လိုက်ပြီး ဟင်းသီးဟင်းရွက် စိုက်ခင်းအဖြစ် ပြောင်းလဲလိုက်သည်။ နောင်တွင် ငရုတ်သီး၊ ခရမ်းချဉ်သီး၊ ခရမ်းသီးစသည့် သီးနှံများကို ကိုယ်တိုင် စိုက်ပျိုးရန် ပြင်ဆင်ထား၏။ ထို့အပြင် ကိုယ်ကာယလေ့ကျင့်ရေးခန်း တစ်ခုကိုလည်း တည်ဆောက်လိုက်ပြီး အားလပ်ချိန်များတွင် လေ့ကျင့်ခန်း လုပ်ရန် စီစဉ်ထားသည်။

အရေးအကြီးဆုံးမှာ မီးဖိုချောင်ရှိ စားဖိုမှူးများ အားလုံးကို အစားထိုးလိုက်ခြင်း ဖြစ်ပြီး တောက်ယွမ်ခရိုင်မှ သေချာ ရွေးချယ်ထားသော စားဖိုမှူးများဖြင့် အစားထိုးလိုက်ခြင်းပင်။ မင်းသမီးအိမ်တော်အတွင်းရှိ အစားအသောက် အဆင့်အတန်းမှာ တစ်မုဟုတ်ချင်း များစွာ မြင့်တက်သွားခဲ့၏။

တစ်နေ့တွင် ဖန်ကျန်းရီသည် ခြံဝန်းထဲ၌ ရပ်ကာ သူကိုယ်တိုင် ပြင်ဆင်ထားသော လက်ရာများကို ကြည့်ရင်း ကျေနပ်နေမိသည်။ ယခုမှသာလျှင် မင်းသမီးအိမ်တော်ဟူသော စကားလုံး သုံးလုံးနှင့် ထိုက်တန်တော့သည်။ အရင်က ဟာကြီးက ဘာအိမ်သာ အစုတ်ကြီးမှန်းကို မသိ။

လီမြောင်ဟန်သည် တံခါးဘောင်ကို မှီလျက် လှပစွာ ပြုံးကာ ဖန်ကျန်းရီ၏ ကျောပြင်ကို ကြည့်ရင်း အော်ခေါ်လိုက်သည်။ "ယောက်ျား။"

ဖန်ကျန်းရီသည် လှည့်ကာ လီမြောင်ဟန်၏ အရှေ့သို့ လျှောက်သွားပြီး သူမ၏ ခါးလေးကို ဖွဖွလေး ဖက်လိုက်၏။ "လာ ... အိမ်ထဲ သွားရအောင်။"

"မရဘူး ... နေ့ခင်းကြောင်တောင်ကြီးကို။ ရှင်က ဘာလို့ အိမ်သာကိုပဲ အမြဲတမ်း စိုက်ကြည့်နေရတာလဲ။" လီမြောင်ဟန်က စပ်စုချင်သော မျက်နှာထားဖြင့် မေးလိုက်သည်။

ဖန်ကျန်းရီသည် အိမ်သာကို လက်ညှိုးထိုးကာ ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။ "အနာဂတ်မှာ တာ့ကျင်း တစ်ပြည်လုံးမှာ ဒီလို အိမ်သာမျိုးတွေ နေရာအနှံ့ တည်ဆောက်ပြီး လူတိုင်းကို သုံးခွင့်ပေးမယ်။ အဲဒါမှ ခေတ်ကောင်းလို့ ခေါ်လို့ရမှာ။"

"..."

လီမြောင်ဟန်သည် ပါးစပ်ကို အုပ်ကာ ခပ်တိုးတိုး ရယ်မောလိုက်သည်။ ဤယောကျ်ားသည် သူမကို အမြဲတမ်း နားမလည်နိုင်အောင် လုပ်တတ်ပြီး အိမ်သာနှင့် ပတ်သက်သည့် အသိပညာပင်လျှင် သာမန်လူများနှင့် လုံးဝ မတူညီချေ။

"အိမ်နဲ့ ဒီလောက် နီးနီးကပ်ကပ် ဆောက်ထားတာ … တကယ်ရော အဆင်ပြေရဲ့လား။"

"ဘာဖြစ်လို့လဲ။ နောက်ပိုင်းကျရင် ကိုယ်က အိပ်ခန်းထဲမှာတောင် ထည့်ဆောက်အုံးမှာ။"

"ရှင်က အရမ်း ညစ်ပတ်တာပဲ။"

နှစ်ယောက်သား ရယ်မော နောက်ပြောင်နေရင်းမှ ဖန်ကျန်းရီသည် မနေနိုင်ဘဲ စတင်၍ လက်သရမ်းတော့သည်။

ထိုစဉ် အပြင်ဘက်မှ တံခါးစောင့် တစ်ယောက် အပြေးအလွှား ရောက်လာပြီး အပြင်ဘက်မှနေ၍ ကျယ်လောင်စွာ အော်ခေါ်လိုက်၏။ "တပ်မှူးချုပ် ... တောက်ယွမ်ခရိုင်က ပစ္စည်းတွေ လာပို့ပါတယ်။ တပ်မှူးချုပ် ကိုယ်တိုင် လက်ခံရမယ်လို့ ပြောပါတယ်။"

ဖန်ကျန်းရီသည် လီမြောင်ဟန်၏ လက်ကို ခပ်ဖွဖွ ပုတ်လိုက်ပြီး အပြင်သို့ ထွက်သွားခဲ့သည်။ မကြာမီတွင် မျက်နှာပေါ်၌ အပြုံးများ ပြည့်နှက်နေလျက် အထုပ်တစ်ထုပ်ကို ဆွဲကာ ပြန်ရောက်လာ၏။

လီမြောင်ဟန်က ထိုအထုပ်ကို စပ်စုချင်စိတ်ဖြင့် ကြည့်ကာ မေးလိုက်သည်။ "ဒါက ဘာတွေလဲ။"

ဖန်ကျန်းရီက လျှို့ဝှက်သော အမူအရာဖြင့် ပြောလိုက်၏။ "အိမ်ထဲရောက်မှ ပြောမယ်။"

အိမ်ထဲ၌။

နှစ်ယောက်သား စားပွဲဘေးတွင် ထိုင်လိုက်ကြသည်။ ဖန်ကျန်းရီသည် လီမြောင်ဟန်ကို တစ်ချက်ကြည့်ကာ ပြုံး၍ ပြောလိုက်၏။ "မိန်းမ ... ဒီအထဲမှာ ကောင်းတဲ့ ပစ္စည်းတွေပါတယ်။ အိမ်ရှေ့စံမင်းသားဆီမှာ အခုထိ ကလေး မရှိသေးဘူး မဟုတ်လား။ ဒီအထဲက ပစ္စည်းတွေက သူ့ကို ကလေးရစေနိုင်တယ်။"

လီမြောင်ဟန်က အံ့ဩတကြီး ရေရွတ်လိုက်သည်။ "ဒီလောက်တောင် စွမ်းတာလား။ ဆေးတွေများလား။"

ဖန်ကျန်းရီသည် ပြုံးလျက် အထုပ်ကို ဖွင့်လိုက်ရာ အတွင်းမှ အရောင်အသွေး စုံလင်လှသော အဝတ်စများနှင့် ဆံပင်တုများ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။ အရောင်စုံ ကွန်ရက်ခြေအိတ်ရှည်များ၊ သူနာပြုဝတ်စုံ ... အစေခံဝတ်စုံ ... ဟန်မင်းဆက် ဝတ်စုံ ... သမ္မတခေတ် ဝတ်စုံ ... တီဖာဝတ်စုံ ... ပိုင်မွန်ဝတ်စုံစသည်တို့ပင်။

"ဒါ ... ဒါတွေက ဘာတွေလဲ။" လီမြောင်ဟန်မှာ ကြည့်နေရင်း မျက်စိလည်သွားခဲ့ပြီး ဘာလုပ်ရမှန်း မသိဖြစ်သွား၏။

"မိန်းမရေ ... ဒါက သေချာပေါက် ဝတ်ဖို့အတွက်ပေါ့။ ဒါတောင် မသိဘူးလား။"

ဖန်ကျန်းရီသည် မကောင်းဆိုးဝါး တစ်ကောင်လို ပြုံးလိုက်ပြီး ဆက်ပြောသည်။ "ကိုယ်က နောက်ထပ် တစ်စုံ ထပ်ပြင်ထားသေးတယ်။ မင်း အဲဒါကို အိမ်ရှေ့စံမင်းသမီးဆီ သွားပို့ပေးလိုက်။ နောက်ပိုင်း အိမ်ရှေ့စံက သူ့မိန်းမအနားကနေ ခွာနိုင်မှာ မဟုတ်ဘူးလို့ ကိုယ် အာမခံတယ်။ လာ ... ကိုယ်တို့ အရင်ဆုံး အာနိသင် ဘယ်လိုရှိလဲ စမ်းကြည့်ရအောင်။ တကယ်လို့ အာနိသင် မကောင်းဘဲ သွားပေးလိုက်ရင် အရှက်ကွဲမှာပေါ့။"

"ဝတ် ... ဝတ်ဖို့။"

လီမြောင်ဟန်၏ လှပသော မျက်နှာလေးသည် ချက်ချင်းပင် နီရဲသွားခဲ့ပြီး ခေါင်းထဲတွင် မြင်ကွင်းအချို့ ပေါ်လာခဲ့သဖြင့် မျက်နှာကို အလျင်အမြန် အုပ်ကာ ညည်းတွားသံလေးဖြင့် ပြောလိုက်သည်။ "ဒီလို ရှက်စရာကောင်းတဲ့ အရာတွေကို ဘယ်သူက ဝတ်မှာလဲ ... ကျွန်မ မစမ်းဘူး။ လုံးဝ မစမ်းဘူး။"

"မိန်းမ ... ဒါတွေ အကုန်လုံးက နိုင်ငံတော်အတွက်လေ။"

All Chapters