အခန်း ၁၇၁
Vol. 18 Ch. 171
အခန်း (၁၇၁) ၂၈-လက်မ စက်ဘီး ငှားရမ်းခြင်း
ဆိတ်သတ်ရသည်မှာ ဝက်ပေါ်ရသည်ထက် များစွာ ပို၍ ဒုက္ခများလှပေသည်။
ဝက်ပေါ်ရာတွင် အမွေးများကို ခြစ်ထုတ်ပစ်ရန်သာ လိုအပ်သော်လည်း ဆိတ်သတ်ရာတွင်မူ ဆ်တ်သားရေတစ်ခုလုံးကို အပြည့်အဝ ခွာချရန် လိုအပ်ပေသည်။
ဤလုပ်ငန်းစဉ်တစ်ခုတည်းကပင် အားအင်များစွာ စိုက်ထုတ်ရန် လိုအပ်ပေသည်။
ကံကောင်းထောက်မစွာဖြင့် အဖေဖြစ်သူမှာ ဤကိစ္စတွင် အတွေ့အကြုံရှိသူ ဖြစ်ပေသည်။ သူသည် ထက်မြက်သော ဓားတစ်ချောင်းကို ယူ၍ သားရေကို အပြည့်အဝ ခွာချလိုက်လေသည်။
"ဒီသားရေကို သိမ်းထားလိုက်... နောက်ကျရင် ငါတို့ သားမွေးအင်္ကျီချုပ်လို့ရတယ်..."
လီတာ့ဟိုင်သည် အခြောက်ခံရန်အတွက် သားရေကို ချိတ်ဆွဲထားရန် လီလန်အား ပြောလိုက်သည်။
တောင်ပေါ်မှ တောင်ဆိတ်သားရေမှာ ထူထဲပြီး သားမွေးမှာ ထူးကဲစွာ နွေးထွေးလှပေသည်။
(တရုတ်ဆိတ်ကတိုးက အဝေးကလှမ်းကြည့်ရင် အပြာရောင်သိုးကြီးတစ်ကောင်နဲ့တူတယ်လို့ထင်ရတဲ့အထိ အမွှေးထူပါတယ်တဲ့)
ဝတ်ဆင်ရသည်မှာ နွေးထွေးပြီး ဝါဂွမ်းအင်္ကျီထက် များစွာ ပိုကောင်းမွန်လေသည်။
လီလန် သားရေကို ချိတ်ဆွဲနေစဉ် လီတာ့ဟိုင်သည် သူ၏ဓားကို သွေးကျောက်ပေါ်တွင် သွေးလိုက်ပြီး ဆိတ်ထီး၏ ရင်အုပ်ရိုးအတွင်းသို့ ဂရုတစိုက် ထိုးသွင်းကာ အောက်ဘက်သို့ ဆွဲချလိုက်သည်။
သူ၏လက်မှာ တည်ငြိမ်သော ခွန်အားဖြင့် ရွေ့လျားသွားပြီး ဓားကို ဖြည်းညင်းစွာ တစ်ချက် ဆွဲချလိုက်ရုံဖြင့် ဆိတ်၏ဝမ်းဗိုက်မှာ ပွင့်ထွက်သွားကာ အဖြူရောင် အဆီခဲကြီးတစ်ခု ပေါ်ထွက်လာတော့သည်။
"ဝိုး ဒီဆိတ်က တကယ့်ကို ဆူဖြိုးတာပဲ..."
လောင်ဟူက အံ့အားသင့်စွာဖြင့် အာမေဍိတ်သံ ပြုလိုက်လေသည်။
ဆိတ်ဆီမှာ အလွန်ကောင်းမွန်သော အရာတစ်ခုဖြစ်ပြီး ဟင်းချက်ရာတွင် အသုံးပြုနိုင်ရုံသာမက ဆပ်ပြာပြုလုပ်ရာတွင်လည်း အသုံးပြုနိုင်ကာ မီးလောင်နာများနှင့် နှင်းကိုက်နာများကို ကုသရာတွင်လည်း အသုံးပြုနိုင်ပေသည်။
“ဒီအဆီခဲက အနည်းဆုံး လေးငါးကျင်းလောက်တော့ အလေးချိန်ရှိရမယ်... ရှောင်လန် ဆပ်ပြာစက်ရုံက လူတစ်ယောက်ကို ငါ သိထားတယ်... မင်း ရောင်းချင်ရင် ငါ့ကိုသာ ပြောလိုက်..."
ကျန်းဝေမင်သည် အဖြူရောင် အဆီခဲကြီးကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ဦးလေးဝေမင် အဆီကိစ္စကိုတော့ မေ့လိုက်ပါတော့... ကျွန်တော်ကိုယ်တိုင်ပဲ သိမ်းထားလိုက်မယ်... ရောင်းဖို့ အစီအစဉ်မရှိဘူး..."
လီလန်က ခေါင်းခါရမ်းလိုက်သည်။
ဆိတ်ဆီမှာ ဝက်ဆီကဲ့သို့ပင် တန်ဖိုးရှိလှပြီး ဆီနှင့် အဆီဓာတ်များ ကြွယ်ဝစွာ ပါဝင်သောကြောင့် မိသားစု၏ အာဟာရကို ဖြည့်တင်းရန်အတွက် အလွန်ပင် သင့်လျော်လှပေသည်။
ဆီဆိုသည်မှာ ဝက်ဆီ၊ ဆိတ်ဆီ၊ သိုးဆီ၊ မုန်ညင်းဆီ၊ မြေပဲဆီ သို့မဟုတ် နှမ်းဆီ မည်သည့်အရာပင်ဖြစ်စေ ဟင်းချက်ရာတွင် မွှေးကြိုင်ပြီး အရသာရှိစေသည်။ ထို့ပြင် ဆီပါသော အစားအစာများက ကိုယ်အလေးချိန် တိုးလာစေရန် ကူညီပေးနိုင်လေသည်။
သူ၏ ဒုတိယညီမနှင့် အငယ်ဆုံးညီမလေးတို့မှာ ငယ်ရွယ်ပြီး ပိန်လှီနေကြသေးရာ ၎င်းမှာ သူတို့အတွက် ကိုယ်အလေးချိန်တိုးရန် အကောင်းဆုံးအချိန်ပင် ဖြစ်သည်။
သူတို့၏ အာဟာရကို ဖြည့်တင်းပေးရန်နှင့် ဆီချက်ရန်အတွက် ဤအဆီခဲကို အသုံးပြုရမည်ဖြစ်သည်။
"တကယ်ပဲ စဉ်းစားမကြည့်တော့ဘူးလား... ဦးလေးက မင်းအတွက် စျေးကောင်းကောင်း ရအောင် လုပ်ပေးနိုင်တယ်..."
ဆိတ်အဆီမှာ ဓာတ်မြေသြဇာစက်ရုံအတွက် လက်ရှိတွင် အလိုအပ်ဆုံးသော ကုန်ကြမ်းဖြစ်ပြီး ကျန်းဝေမင်မှာ မြို့ပေါ်မှ ကုန်ပစ္စည်းဝယ်ယူရေးအေးဂျင့် ဖြစ်သောကြောင့် ဈေးကွက်အခြေအနေကို ကောင်းစွာ သိရှိထားလေသည်။
လီလန်က ထပ်မံ၍ ခေါင်းခါလိုက်ပြန်သည်။
"ကျွန်တော် ငွေရှာလို့ ရနိုင်ပါသေးတယ်... ဒါပေမဲ့ ကျွန်တော့်ဆီမှာ မီးခိုးပြာရောင်တောင်ဆိတ်ကြီး တစ်ကောင်ပဲ ရှိတာလေ..."
လီလန်၏ ဆိုလိုရင်းမှာ ရှင်းလင်းလှပေသည်။ ဤတောင်ဆိတ်ကြီးမှာ အလွန်တန်ဖိုးရှိပြီး တစ်နှစ်လုံးတွင်မှ ဤကဲ့သို့သော တစ်ကောင်သာ ရှိလေသည်။ ကျင်းတစ်ရာကျော် အလေးချိန်ရှိသော တောင်ဆိတ်ကြီး တစ်ကောင်မှာ အဆီ လေးငါးကျင်းခန့် ထွက်ရှိနိုင်သည်။ လူများ ဆီလုံလောက်စွာ မစားရသော ဤငတ်မွတ်ခေါင်းပါးသည့် နှစ်များတွင် ဤအဆီတစ်ခွက်မှာ အရေးကြီးသော အချိန်များ၌ အသက်ကယ်ဆေးတစ်ခွက် ဖြစ်လာနိုင်ပေသည်။
"ကောင်းပြီလေ... ဒါဆိုရင် အသားနည်းနည်းနဲ့ ခြေထောက်နှစ်ချောင်း ယူမယ်..."
လီလန် ငြင်းဆန်လိုက်သည်ကို မြင်သောအခါ ကျန်းဝေမင်မှာ ရွေးချယ်စရာမရှိတော့ဘဲ အသားနှင့် ခြေထောက်များကိုသာ ဝယ်ယူရန် ဆုံးဖြတ်လိုက်ရတော့သည်။
"ကောင်းပါပြီ ဦးလေးဝေမင်... ခင်ဗျားနဲ့ ခေါင်းဆောင်ဟူက အသားကျင်းနှစ်ဆယ်စီနဲ့ ခြေထောက် တစ်ချောင်းစီ ရပါမယ်..."
လီလန်မှာ သူ၏ အပေးအယူများတွင် အလွန်ပင် မျှတလှပေသည်။
ကျန်းဝေမင်နှင့် ဟူလောင်ပါးတို့မှာ တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြပြီး လီလန်၏ အကြံပြုချက်ကို တိတ်ဆိတ်စွာ သဘောတူလိုက်ကြသည်။
ထိုသုံးယောက် စကားပြောဆိုပြီးသွားသည်ကို မြင်သောအခါ လီတာ့ဟိုင်သည် အောက်သို့ငုံ့၍ ဆိတ်၏ ဝမ်းဗိုက်အတွင်းသို့ လက်နှိုက်လိုက်သည်။
သူတို့သည် နှလုံး၊ အဆုတ်နှင့် အူများ အပါအဝင် ကလီစာများ အားလုံးကို ဆွဲထုတ်လိုက်ကြသည်။
ချက်ချင်းပင် ပုပ်အဲ့အဲ့ အနံ့အသက်တစ်ခု ထွက်ပေါ်လာပြီး ခြံဝင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
"ဒီကလီစာတွေက တကယ် နံစော်နေတာပဲ..."
လီလန်က မျက်မှောင်ကြုတ်လိုက်သည်။
"ဒါတွေက တောင်ပေါ်က တောဆိတ်တွေလေ... သေချာပေါက် နံမှာပေါ့... ဘယ်အညစ်အကြေးက မနံဘဲ နေမှာလဲ..."
ကျန်းဝေမင်က ရယ်မောလိုက်သည်။
"ဦးလေးဝေမင် ဒီကလီစာတွေကိုရော ဝယ်ဦးမလား..."
လီလန်က မေးလိုက်သည်။
"ဒီကလီစာတွေက ပိုက်ဆံသိပ်မရနိုင်ပါဘူး... မင်းဘာသာမင်းပဲ သိမ်းထားလိုက်ပါ... အဲဒါတွေကို ပြင်ဆင်ရတာ ခက်ခဲတယ်... သေချာမကိုင်တွယ်တတ်ရင် ထူးဆန်းတဲ့ အရသာကြီး ဖြစ်နေလိမ့်မယ်..."
ကျန်းဝေမင်က ခေါင်းခါရမ်းရင်း ပြောလိုက်သည်။
ဆိတ်သားတစ်ကျင်းလျှင် ဆင့်ခုနစ်ဆယ် ကျသင့်သော်လည်း ကလီစာများမှာ တစ်ကျင်းလျှင် ဆယ့်ရှစ်ဆင့်သာ ကျသင့်ရာ ဈေးနှုန်းကွာဟချက်မှာ အနည်းဆုံး သုံးလေးဆခန့် ရှိနေပေသည်။
ကလီစာများကို မကြိုက်နှစ်သက်ရသည့် အဓိကအကြောင်းရင်းမှာ အူများနှင့် အဆုတ်များကို သန့်စင်ရသည်မှာ ဒုက္ခများလှပြီး စနစ်တကျ မကိုင်တွယ်ပါက ပြင်းထန်သော အညှီနံ့များ ထွက်နေတတ်သောကြောင့် ဖြစ်သည်။
"ခေါင်းဆောင်ဟူ ခင်ဗျားရော ဘယ်လိုလဲ..."
လီလန်သည် ဘေးတွင် နှာခေါင်းကို ပိတ်၍ ရပ်နေသော ဟူလောင်ပါးကို ကြည့်လိုက်သည်။
"ငါက အဲ့လို အစားအစာမျိုးကို မကြိုက်ဘူး... မင်းဘာသာမင်းပဲ သိမ်းထားလိုက်ပါ..."
လောင်ဟူက ခေါင်းခါရင်း ပြောလိုက်သည်။
"ကောင်းပြီလေ... ဒါဆိုရင် ကျွန်တော်ပဲ သိမ်းထားလိုက်မယ်..."
လီလန်သည် ကလီစာများကို စိတ်ထဲထားပုံ မရပေ။
ပါဝင်ပစ္စည်းများဆိုသည်မှာ သက်မဲ့များသာဖြစ်ပြီး လူများမှာမူ သက်ရှိများဖြစ်ကြသည်။ ကလီစာများ၏ ညှီနံ့ကို ဖယ်ရှားပြီး အရသာရှိသော အစားအစာတစ်နပ် ဖန်တီးနိုင်ရန်အတွက် အမြဲတမ်း နည်းလမ်းရှိပေသည်။
"အဖေ ဒီနေရာကစပြီး ကျွန်တော်ပဲ ဆက်လုပ်လိုက်ပါ့မယ်... အဖေ ခဏလောက် အနားယူလိုက်ပါ..."
လီလန်က အသားခုတ်ဓားမကြီးကို ကောက်ကိုင်လိုက်သည်။
"ကောင်းပြီ..."
လီတာ့ဟိုင်သည် သူ၏ လက်များကို ခါးဖုံးအဝတ်ဖြင့် သုတ်လိုက်ပြီး ဘေးသို့ဖယ်ကာ လီလန် အသားခုတ်နေသည်ကို ကြည့်နေလိုက်သည်။
လီလန်သည် ဆိတ်၏ ခေါင်းနှင့် ခြေထောက်လေးချောင်းကို ဦးစွာ ခုတ်ဖြတ်လိုက်သည်။
ထို့နောက် ဆိတ်၏ ကျောရိုးအတိုင်း လိုက်၍ ဆိတ်ကို အပိုင်းနှစ်ပိုင်း ခွဲလိုက်လေသည်။
"အဖေ ချိန်ခွင်ယူခဲ့ပေးပါ..."
လီလန်သည် ဆိတ်နံရိုး အပိုင်းကြီးတစ်ခုကို ခုတ်ဖြတ်လိုက်ပြီး ကြိုတင်ပြင်ဆင်ထားသော ဂုန်နီအိတ်ထဲသို့ ထည့်လိုက်သည်။
အဖိုးအိုသည် ချိန်ခွင်တစ်ခုကို အလျင်အမြန် ယူဆောင်လာခဲ့သည်။ လီလန်သည် အိတ်ကို ချိတ်ဖြင့် ချိတ်လိုက်ပြီး ချိန်ခွင်ကို လက်တစ်ဖက်ဖြင့်မကာ အလေးတုံးကို ကိုင်ထားသော ကျန်လက်တစ်ဖက်ဖြင့် ချိန်သီးကို ညာဘက်သို့ ရွှေ့လိုက်သည်။
"ကျင်းနှစ်ဆယ်ပဲ ကွက်တိပဲ.."
"ခေါင်းဆောင်ဟူ ဒီအိတ်က ခင်ဗျားအတွက်ပဲ..."
လီလန်သည် ဆိတ်ခြေထောက်တစ်ချောင်းကို ယူ၍ အတွင်းသို့ ထိုးထည့်လိုက်သည်။
"ဒီခြေထောက်က ခင်ဗျားအတွက် အလကားပါ..."
တရုတ်နှစ်သစ်ကူးပွဲတော်မှာ နီးကပ်လာပြီဖြစ်ရာ အနာဂတ်တွင် ဟူလောင်ပါးနှင့် ပိုမိုဆက်သွယ်မှုရှိစေရန်နှင့် သူ၏ တာဝန်ကျေပွန်စေရန်အတွက် မျှော်လင့်၍ ဖြစ်သည်။
"ကောင်လေး တော်တယ်... ဒါဆိုရင်လည်း ငါ လက်ခံလိုက်ပါ့မယ်..."
"အိုး စကားမစပ် ဟိုရုပ်ပြစာအုပ်ကို ပြန်ပေးစရာ မလိုတော့ဘူး... မင်းကိုပဲ ပေးလိုက်မယ်..."
လောင်ဟူသည် အသားနှင့် ခြေထောက် ပါဝင်သော အိတ်ကို ယူရင်း ပြုံးကာ ပြောလိုက်သည်။
"ရုပ်ပြစာအုပ်တွေလား... ဘာရုပ်ပြစာအုပ်တွေလဲ..."
ဘေးတွင် ရပ်နေသော ကျန်းဝေမင်သည် လီလန်အား သိချင်စိတ်ပြင်းပြသော အမူအရာဖြင့် ကြည့်လိုက်သည်။
လီလန်မှာ ချက်ချင်းပင် ရှက်ရွံ့သွားပြီး သူ၏မျက်နှာမှာ အနည်းငယ် နီရဲသွားတော့သည်။
"မဟုတ်ပါဘူး... ဘာမှမဟုတ်ပါဘူး..."
ထိုကျိန်ဆဲချင်စရာကောင်းသော ခေါင်းဆောင်ဟူသည် မည်သည့်အချိန်တွင် စကားပြောရမည်ကိုပင် မသိချေ။ သူ၏အဖေနှင့် ဦးလေးဝေမင်တို့ ရှိနေပါလျက်နှင့် ဤကဲ့သို့သော စကားမျိုးကို မည်သို့ ပြောထွက်နိုင်ရသနည်း။
လီလန်၏ ရှက်ရွံ့နေသော မျက်နှာထားကို မြင်သောအခါ ဟူလောင်ပါးသည် ရယ်မောလိုက်ပြီး အသားကျင်းနှစ်ဆယ်နှင့် ခြေထောက်များ ပါဝင်သော အိတ်ကိုဆွဲကာ မထွက်ခွာမီ လီတာ့ဟိုင်ထံသို့ ငွေတစ်ထပ်ကို ကမ်းပေးလိုက်လေသည်။
အသားတစ်ကျင်းလျှင် ဆင့်ခုနစ်ဆယ် ကျသင့်ရာ ကျင်းနှစ်ဆယ်ဆိုလျှင် ၁၄ ယွမ် ကျသင့်မည်ဖြစ်သည်။
ဤငွေထပ်မှာ တိတိကျကျ ၁၅ ယွမ် ဖြစ်နေသည်။
ဟူလောင်ပါးသည် တစ်ယွမ် အပိုပေးခဲ့ပြီး လီလန်၏ဆိတ်ခြေထောက်အပေါ်တွင် အမြတ်မထုတ်လိုကြောင်း ထင်ရှားလှပေသည်။
စီးပွားရေးလောကတွင် ပြန်လည်ပေးဆပ်ရမည့် ကျေးဇူးတရားများ မကြာခဏ ရှိတတ်ပေသည်။ မင်းက ငါ့ကို ကူညီသလို ငါကလည်း မင်းကို ကူညီရမည်ဖြစ်ပြီး ဤကျေးဇူးတရားများမှာ ပြန်လည်ပေးဆပ်ရန် အခက်ခဲဆုံးပင် ဖြစ်သည်။
လီလန်သည် နောက်ထပ် ဆိတ်နံရိုး အပိုင်းကြီးတစ်ခုနှင့် အသားအနည်းငယ်ကို ခုတ်ဖြတ်လိုက်ရာ အလေးချိန် နှစ်ဆယ့်နှစ်ကျင်း ရှိလေသည်။
"ဦးလေးဝေမင် ကျင်းနှစ်ဆယ်လို့ပဲ သတ်မှတ်လိုက်ကြတာပေါ့... အပို နှစ်ကျင်းကိုတော့ ခင်ဗျားအတွက်ပဲ သိမ်းထားလိုက်ပါ... နှစ်သစ်ကူး နှုတ်ဆက်လက်ဆောင်လို့ပဲ သဘောထားလိုက်ပါ..."
လီလန်သည် အိတ်ကို ကျန်းဝေမင်ထံသို့ ကမ်းပေးလိုက်သည်။
"အဲဒီလို လုပ်လို့ မရပါဘူး... အများပြည်သူကိစ္စက အများပြည်သူကိစ္စပဲ... ကိုယ်ရေးကိုယ်တာကိစ္စက ကိုယ်ရေးကိုယ်တာကိစ္စပဲ... ဒီနှစ်ခုကို ပေါင်းစပ်လို့မရဘူး..."
ကျန်းဝေမင်သည် ခေါင်းခါရမ်းလိုက်ပြီး သူ၏ ငွေများကို ထုတ်ယူရန် ပြင်ဆင်လိုက်သည်။
"ဒါ့အပြင် ငါက အခု ဝယ်ယူရေးဌာနရဲ့ ညွှန်ကြားရေးမှူးဆိုတော့ အရာရှိတစ်ယောက် ဖြစ်နေပြီလေ... ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီး ပြောခဲ့သလိုပဲ ငါတို့က ပြည်သူတွေဆီကနေ အပ်တစ်ပေါက် အချည်တစ်မျှင်တောင် ယူလို့ မရဘူး..."
ကျန်းဝေမင်သည် သူ၏ ပိုက်ဆံအိတ်ထဲမှ ဆယ့်ငါးယွမ်နှင့် ဆင့်လေးဆယ်ကို ရေတွက်၍ လီလန်ထံသို့ ကမ်းပေးလိုက်သည်။
လီလန်က ၎င်းကို ယူလိုက်ပြီးနောက် ကျန်းဝေမင်သည် နောက်ထပ် တစ်ယွမ်တန် တစ်ရွက်ကို သူ့ထံသို့ ထပ်မံ ကမ်းပေးလိုက်သည်။
ဤတစ်ယွမ်မှာ ဟူလောင်ပါးကဲ့သို့ပင် ထိုဆိတ်ခြေထောက်အတွက် ဖြစ်ပေသည်။
"ကောင်းပြီ... အပြင်မှာ ချမ်းတယ်... မင်းတို့တွေ မြန်မြန်လုပ်ပြီး အဆုံးသတ်လိုက်ကြတော့... ငါ ပြန်တော့မယ်..."
ကျန်းဝေမင်သည် အသားများကို ဝယ်ယူပြီးနောက် သူ၏ ဦးလေးဖြစ်သူ အဖွဲ့ခေါင်းဆောင်ကျန်းအတွက် ပူနွေးသော ဆိတ်သားစွပ်ပြုတ်တစ်အိုး ချက်ပေးရန် အိမ်သို့ ယူဆောင်သွားရန် ရည်ရွယ်ထားလေသည်။
"ဦးလေးဝေမင် ကျွန်တော့်မှာ ကိစ္စလေးတစ်ခု ရှိသေးတယ်... ခဏလောက် စောင့်ပါဦး..."
ကျန်းဝေမင် ထွက်ခွာတော့မည်ကို မြင်သောအခါ လီလန်သည် အလျင်အမြန်ပင် သူ့အား လှမ်းခေါ်လိုက်သည်။
"ရှောင်လန် ဘာဖြစ်လို့လဲ... ကိစ္စတစ်ခုခု ရှိလို့လား..."
ကျန်းဝေမင်က လှည့်ကြည့်၍ မေးလိုက်သည်။
"ဦးလေးဝေမင် မနက်ဖြန် အားလား..."
"မနက်ဖြန်လား..."
"အခု စက်ရုံက ပိတ်ထားတယ်... ငါလည်း နှစ်စဉ်ခွင့် ယူထားပြီးပြီ..."
"ကွက်တိပဲ... ခင်ဗျားအတွက် အဆင်ပြေရင် မနက်ဖြန် ခင်ဗျားရဲ့ စက်ဘီးကို တစ်ရက်လောက် ငှားလို့ရမလား..."
"စက်ဘီး ငှားမလို့လား..."
ကျန်းဝေမင်သည် သူ၏လက်ထဲရှိ အသားအိတ်ကို တစ်ချက်ကြည့်လိုက်ပြီး ခဏတာ စဉ်းစားလိုက်သည်။
"ကောင်းပြီလေ..."