← Chapters

အခန်း ၁၇၈

Vol. 18 Ch. 178

အခန်း ၁၇၈

Vol. 18 Ch. 178

အခန်း (၁၇၈) ဂျပန်ဆန့်ကျင်ရေးစစ်ပွဲ၊ အာဇာနည်တို့၏ သူရဲကောင်းဆန်သော လုပ်ရပ်များကို မေ့ပျောက်၍မရ...

စစ်မှုထမ်းဟောင်းကြီးကိုလည်း လျှပ်စစ်မီး ရရှိစေရမည်

နောက်တစ်နေ့နံနက်တွင် လီလန်က အလွန်စောစော နိုးထလာခဲ့လေသည်။

သူသည် ကြွေရည်သုတ်လက်ဖက်ရည်ခွက်ကို ယူ၍ ရေနွေးအချို့ လောင်းထည့်ကာ မီးဖိုချောင်တံခါးဝသို့ သွားပြီး နှင်းတစ်ဆုပ်ကို ဆုပ်ယူလိုက်သည်။

ခွက်ထဲရှိ နှင်းများမှာ လျင်မြန်စွာ အရည်ပျော်သွားပြီး ရေနွေးမှ ရေနွေးနွေးလေးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"အဖေ... သွားတိုက်ဆေး ဘယ်မှာလဲ..."

လီလန်သည် သွားတိုက်တံ ယူလိုက်ချိန်တွင် သွားတိုက်ဆေး ညှစ်ရန် မေ့နေကြောင်း သတိပြုမိသွားသည်။

"အစ်ကို... ညီမလေး ယူပေးမယ်..."

ထိုခေါ်သံကို ကြားသောအခါ ဒုတိယညီမ ရှောင်ထျန်းသည် အခန်းထဲရှိ ဘီဒိုဆီသို့ ပြေးသွားပြီး သွားတိုက်ဆေးဘူးအသစ် တစ်ဘူးကို ယူလာပေးလေသည်။

ထိုသွားတိုက်ဆေးမှာ ပြည်တွင်းဖြစ် နာမည်ကြီးတံဆိပ်တစ်ခုဖြစ်သော ကျုံးဟွာဖြစ်သည်။ ၎င်းကို မြို့နယ် ကုန်စည်ထောက်ပံ့ရေးနှင့် ဈေးကွက်သမဝါယမအသင်းတွင် သွားတိုက်ဆေးလက်မှတ်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်၏။

လီလန်သည် သွားတိုက်တံပေါ်သို့ ပဲစေ့ခန့်ရှိသော သွားတိုက်ဆေးကို ညှစ်တင်လိုက်ပြီး ကြွေရည်သုတ်လက်ဖက်ရည်ခွက်ထဲမှ ရေနွေးနွေးလေးကို တစ်ငုံငုံကာ ထွေးထုတ်လိုက်ပြီးနောက် သွားစတင်တိုက်တော့သည်။

ယခုကာလ၌ သွားတိုက်ဆေးလက်မှတ်များနှင့် ဆပ်ပြာလက်မှတ်များမှာ အလွန်ရှားပါးလှသဖြင့် ချွေတာသုံးစွဲရလေသည်။

ရိက္ခာလက်မှတ်များခေတ်တွင် လက်မှတ်မရှိလျှင် မည်သည့်အရာကိုမျှ ဝယ်ယူ၍မရနိုင်ပေ။

ကြက်ဥဝယ်ရန် ကြက်ဥလက်မှတ်၊ ဆပ်ပြာဝယ်ရန် ဆပ်ပြာလက်မှတ်၊ အဝတ်အစားဝယ်ရန် အထည်လက်မှတ်များ လိုအပ်သည်။ လက်မှတ်မပါလျှင် အရောင်းစာရေးက သင့်ကို ရောင်းပေးမည် မဟုတ်ချေ။ (အဲ့ခေတ်ကာလမှာဆို ဆိုင်တွေက တို့မြန်မာနိင်ငံမှာရှိတဲ့ သမဝါယမဆိုင်တွေနဲ့အတူတူပါ)

"ဒီနေ့ ဓာတ်တိုင်ကိစ္စ ပြီးအောင်လုပ်ရမယ်... ဒါမှ မနက်ဖြန်မြို့ထဲက ဈေးကို သွားလို့ရမှာ..."

လီလန်က သွားတိုက်နေရင်း စိတ်ထဲမှ တွေးလိုက်သည်။

ယနေ့ သူ၏ တစ်ခုတည်းသော တာဝန်မှာ တောင်ပေါ်သို့တက်၍ သစ်ခုတ်ရန်ပင် ဖြစ်သည်။

"တောအုပ်ထဲမှာ သစ်လုံးတွေ ရှိလောက်မလား မသိဘူး..."

လီလန်သည် ဓာတ်တိုင်အဖြစ် အသုံးပြုရန်အတွက် ယနေ့ သစ်လုံး အနည်းဆုံး ဆယ်လုံးခန့် ခုတ်လှဲရန် စီစဉ်ထားလေသည်။

ထိုသစ်လုံးများ၏ အခေါက်ကို ခွာပစ်ရန် လိုအပ်ပြီး ပိုးမွှားများ ကိုက်ခဲခြင်းနှင့် ပုပ်သိုးခြင်းမှ ကာကွယ်ရန် မီးဖြင့် အနည်းငယ် ကင်ပေးရမည် ဖြစ်သည်။

တောအုပ်စိုက်ခင်းတွင်သာ သစ်လုံးများရှိနေပါက သူ ဤမျှဒုက္ခခံနေစရာ မလိုဘဲ ရှန်းဖူကွေ့ကို တိုက်ရိုက်သွားရှာလိုက်ရုံပင် ဖြစ်၏။

ရွာ၏ တောအုပ်စိုက်ခင်းမှာ ရွှမ်းရွှေကွန်မြူနစ်အဖွဲ့ပိုင်ဖြစ်ပြီး တပ်ဖွဲ့ခေါင်းဆောင်ရှန်းက တာဝန်ယူထားခြင်း းဖြစ်သည်။ သူ သဘောတူပါက အရာအားလုံး အဆင်ပြေနိုင်လေသည်။

"အဖေ... ကျွန်တော် အပြင်သွားလိုက်ဦးမယ်..."

နံနက်စာကို အမြန်စားပြီးနောက် လီလန်သည် သူ၏အဖေကို နှုတ်ဆက်ကာ ရွာအရှေ့ဘက်စွန်းရှိ ကွန်မြူနစ်အဖွဲ့ဆီသို့ ထွက်ခွာသွားလေသည်။

လမ်းခရီးတွင် အရေးကြုံလာပါက အသုံးပြုနိုင်ရန် လီလန်သည် ပုဆိန်နှင့် ဓားမြှောင်တစ်လက်ကိုလည်း ယူဆောင်လာခဲ့သည်။

တောအုပ်စိုက်ခင်းတွင် သစ်လုံးများ မရှိပါက သူတို့ကိုယ်တိုင် တောင်ပေါ်တက်၍ သစ်ပင်ခုတ်ရမည် ဖြစ်သည်။

"ဟေးလုံ ပိုင်လုံ... သွားကြစို့..."

လီလန်သည် အိမ်မှထွက်ကာ မည်သည့်နေရာသို့သွားသွား ဟေးလုံနှင့် ပိုင်လုံတို့ကို အမြဲခေါ်ဆောင်သွားလေ့ရှိသည်။

ဟေးလုံနှင့် ပိုင်လုံတို့မှာ အမဲလိုက်ခွေးများဖြစ်ကြပြီး ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးရန် လိုအပ်သည်။ သို့မဟုတ်ပါက အသားများများ စားထားသဖြင့် အလွယ်တကူ ဝဖြိုးလာနိုင်ပြီး အမဲလိုက်ခွေးတစ်ကောင် ဝလာပါက ၎င်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာ များစွာ ကျဆင်းသွားမည် ဖြစ်၏။

ဤအဆင့်မြင့်လုပ်ငန်းခွေးသည် ကြွက်သားအပြည့်ဖြင့် တောင့်တင်းသော ခန္ဓာကိုယ်၊ ပြင်းထန်သော ပေါက်ကွဲအားတို့ရှိပြီး အတော်လေး ရန်လိုတတ်သည်။ အရှေ့ဖျားကျားသစ်နှင့် ကြုံတွေ့ရလျှင်ပင် အကောင်းဆုံး တိုက်ခိုက်နိုင်စွမ်း ရှိလေသည်။

"ဟင်... မင်းလည်း လိုက်ချင်လို့လား..."

အပြင်ရောက်သောအခါ အမဲလိုက်ခွေးနှစ်ကောင်၏ အနောက်တွင် တောကြောင်ရိုင်းလေးတစ်ကောင် ကပ်ပါလာသည်ကို လီလန် သတိပြုမိသွားသည်။

“မြောင်…”

“မြောင်... မြောင်... မြောင်…”

"ကောင်းပါပြီ... ကောင်းပါပြီ... မင်းလည်း လိုက်ခဲ့တော့... ငါ ခေါ်သွားပေးမယ်..."

လီလန်က လက်မြှောက်အရှုံးပေးကာ ပြောလိုက်သည်။

တောကြောင်ရိုင်းလေးမှာ ယခုအခါ အမြီးလေးတစ်ချောင်းပမာ သူ သွားလေရာသို့ လိုက်နေတော့သည်။ သူ့ကို မခေါ်သွားပါက စိတ်ကောက်ပြီး ကိုက်ပင်ကိုက်တတ်သေး၏။

(စာရေးသူအိမ်က ကလေးတွေလိုပဲ)

လီလန်သည် ဤနတ်ဆိုးလေးကို မစရဲပေ။ ၎င်း၏ အနောက်တွင် မိဘများက အခိုင်အမာ ကျောထောက်နောက်ခံ ရှိနေသည်။

အကယ်၍ ဤကောင်လေးသာ အနိုင်ကျင့်ခံရပါက တစ်နေ့ လမ်းလျှောက်နေစဉ် လမ်းဆုံတစ်ခုမှ ကျားသစ်အရွယ်ခန့်ရှိသော တောကြောင်ရိုင်းကြီးနှစ်ကောင် ရုတ်တရက် ခုန်ထွက်လာပြီး သူ့ကို သွားဖြဲပြနိုင်လေသည်။ တွေးကြည့်ရုံဖြင့်ပင် အလွန် ကြောက်မက်ဖွယ်ကောင်းလှ၏။

"ဟူး... ဒီကောင်လေး အိမ်မှာနေရတာ ပျင်းနေလောက်ပြီ... နှစ်သစ်ကူးပြီးရင် သူ့ကို တောင်ပေါ်ခေါ်သွားပြီး တောယုန်တွေ၊ မိုးပျံနဂါးတွေ ဖမ်းခိုင်းရမယ်..."

နှစ်သစ်ကူးပွဲတော် နီးကပ်လာပြီဖြစ်ရာ လီလန်သည် တောင်ပေါ်တက်၍ အမဲမလိုက်တော့ရန် ဆုံးဖြတ်လိုက်ပြီး နှစ်သစ်ကူးပြီး၍ နွေဦးပေါက်သည်အထိ စောင့်ဆိုင်းတော့မည် ဖြစ်သည်။

ဆောင်းရာသီတွင် သားကောင်များနှင့် တောင်ပေါ်စာများ ရှားပါးလှသည်။ သို့သော် နွေဦးရောက်၍ နှင်းများ အရည်ပျော်သွားချိန်တွင် တောင်ပေါ်၌ အရသာရှိသော အစားအစာများ ပြည့်နှက်နေတတ်သည်။ ထိုအချိန်မှသာ တုတ်ဖြင့် ဆားဖောင်ဇီကို ရိုက်၊ ဘူးသီးခြောက်ရေမှုတ်ဖြင့် ငါးကိုခပ်၊ မိမိဒယ်အိုးထဲသို့ တောကြက်များ ပျံဝင်လာခြင်း ဆိုသည့်အတိုင်း အမှန်တကယ် ဖြစ်လာနိုင်လေသည်။

လီလန်သည် ခွေးနှစ်ကောင်နှင့် ကြောင်တစ်ကောင်ကို ဦးဆောင်ကာ ရွာအရှေ့ဘက်စွန်းသို့ ထွက်လာခဲ့သည်။ သူသည် ကျန်းဝေ့ကော်နှင့် ကျောက်လျူတို့၏ အိမ်များကို ဖြတ်သွားချိန်တွင် သူတို့ကို လှမ်းခေါ်လိုက်ပြီး သူတို့၏ ပုဆိန်များနှင့် သစ်ခုတ်ဓားများကိုပါ ယူဆောင်လာရန် ပြောလိုက်သည်။

လီလန်သည် ကျန်းဝေ့ကော်၏ အိမ်သို့ ရောက်သောအခါ တံခါးဝတွင် ရပ်၍ ကျန်းဝေ့ကော်ကို အပြင်ထွက်လာရန် ခေါ်လိုက်သည်။ ကျန်းဝေ့ကော် အပြင်သို့ ထွက်လာမည့်ဆဲဆဲတွင် ကျန်းဝေ့ကော်၏ အဘိုးဖြစ်သူ အဘိုးကျန်းက လီလန်ကို တားလိုက်လေသည်။

"ရှောင်လန်... မင်း ဓာတ်တိုင်တွေစိုက်ပြီး လျှပ်စစ်မီးကြိုးတွေ သွယ်တန်းမယ်လို့ ဝေ့ကော်ပြောတာ ကြားတယ်..."

"ဟုတ်ပါတယ် အဘိုးကျန်း..."

လီလန်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ ခေါင်းညိတ်ပြလိုက်သည်။

ထိုနေ့က သူ ကွန်မြူနစ်အဖွဲ့သို့ သွား၍ သူ၏ အလုပ်မှတ်များကို ရှင်းလင်းစဉ် တပ်ဖွဲ့ခေါင်းဆောင်ရှန်းထံမှ မှတ်စုတစ်ခု ရခဲ့သည်။ ထိုအကြောင်းကို လူတိုင်းအား ပြောပြပြီးနောက် အိမ်ဝိုင်းအတွင်းရှိ အဘိုးကြီး အဘွားကြီးအားလုံး သိသွားကြခြင်း ဖြစ်သည်။

လီလန်သည် ရွှမ်းရွှေရွာတွင် လျှပ်စစ်မီးကြိုးများ သွယ်တန်းလိုကြောင်းမှာ လျှို့ဝှက်ချက် တစ်ခုမဟုတ်တော့ဘဲ မကြာသေးမီက တစ်ရွာလုံး၏ ပြောစမှတ်တစ်ခု ဖြစ်လာခဲ့သည်။

ရွာသားများ၊ လူကြီးလူငယ်မရွေး အားလုံးက လီလန်သည် ဤကိစ္စကို အမှန်တကယ် ပြီးမြောက်အောင် လုပ်နိုင်မည်လားဟု တွေးတောနေကြသည်။

သူတစ်ပါးကို အထင်ကြီးစေရန် ကြိုးစားရင်း ကိုယ့်ကိုယ်ကိုယ် အရူးမလုပ်မိစေရန်သာ အရေးကြီးသည်။

မည်သို့ပင်ဆိုစေ မြို့မှ ရွာသို့ လျှပ်စစ်မီးကြိုးများ သွယ်တန်းရန် မည်မျှ ခက်ခဲကြောင်းနှင့် ကုန်ကျစရိတ် မည်မျှရှိကြောင်းကို ရွာရှိ လူတိုင်း သိကြလေသည်။

လီလန်၏ မိသားစုသည် အမှန်တကယ်ပင် ထိုမျှချမ်းသာသလား။ သူတို့ တတ်နိုင်ပါ့မလား။

လူအနည်းငယ်မှလွဲ၍ မည်သူကမျှ လီလန်အပေါ် မျှော်လင့်ချက်ကြီးကြီးမားမား မထားကြပေ။ သူတို့အားလုံးက လီလန်သည် လျှပ်စစ်မီးရရှိရေး စီမံကိန်းကို အကောင်အထည်ဖော်နိုင်မည် မဟုတ်ဟု ထင်မြင်နေကြသည်။

ရွာသားအများစုက လီလန်သည် ဤကိစ္စတွင် အောင်မြင်နိုင်မည်ဟု မထင်ကြချေ။

ကျန်းတာ့ပေါင်သည် အိမ်တွင် နေသော်လည်း ဤကိစ္စအကြောင်းကို ကြားသိထားသည်။ ယနေ့ လီလန်က ကျန်းဝေ့ကော်ကို လာရှာသည်ကို မြင်သောအခါ သူ အမြန် တားလိုက်ခြင်းဖြစ်သည်။

"ရှောင်လန်... မင်းအိမ်ကို လျှပ်စစ်မီးရဖို့ ဘယ်လောက် ယုံကြည်မှုရှိလဲ..."

အဘိုးကျန်းက မေးလိုက်သည်။

"အဘိုး... ရှောင်လန်က ဓာတ်တိုင်တွေလုပ်ဖို့ သစ်ပင်တွေ သွားခုတ်တော့မလို့တဲ့... အဘိုးက သူ့ကို ဘယ်လို ထင်လို့လဲ..."

ကျန်းဝေ့ကော်က ဘေးမှ ဝင်ပြောလိုက်သည်။

"ငါက အစ်ကိုလန်ကို မေးနေတာ... မင်းကို မေးနေတာ မဟုတ်ဘူး..."

ကျန်းတာ့ပေါင်သည် သူ၏ မြေးဖြစ်သူကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။

ကျန်းဝေ့ကော်သည် သူ့ကို လျှာထုတ်၍ မျက်နှာပြောင်ပြလိုက်သည်။

"အဘိုးကျန်း... စိတ်မပူပါနဲ့... ဒီနေ့ လျှပ်စစ်မီးရအောင်လုပ်မှာပါ... ပြဿနာ မရှိပါဘူး..."

လီလန်သည် တည်ငြိမ်စွာနှင့် ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"တကယ်လား..."

အဘိုးကျန်းပင် အလွန်အံ့အားသင့်သွားလေသည်။

"တကယ်ပါ..."

လီလန်က ခေါင်းညိတ်ပြလိုက်သည်။

"ဝေ့ကော်... ငါ့အခန်းထဲက သံသေတ္တာ သွားယူချေ..."

ကျန်းက မြေးဖြစ်သူကို မျက်စိမှိတ်ပြလိုက်သည်။

"အဘိုး... အဘိုးက ဘာလုပ်မလို့လဲ..."

ထိုစကားကို ကြားသောအခါ ကျန်းဝေ့ကော်မှာ အံ့သြသွားပုံရသည်။

အဘိုး၏ သံသေတ္တာထဲတွင် သူ၏ တပ်မှ အငြိမ်းစားယူစဉ်က ရရှိခဲ့သော လျော်ကြေးငွေများရှိပြီး ငွေပမာဏ အတော်များပြားလေသည်။

"မြန်မြန်သွားစမ်းပါ..."

ကျန်းတာ့ပေါင်က ဒေါသတကြီး အော်လိုက်သည်။

အခြားရွေးချယ်စရာမရှိသဖြင့် ကျန်းဝေ့ကော်သည် အဘိုး၏ အိပ်ခန်းထဲသို့ သံသေတ္တာ သွားယူရန် ပြေးသွားရတော့သည်။

လီလန်သည် ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေရင်း အဘိုးကျန်း ဘာတွေးနေသည်ကို ခန့်မှန်းမိပုံရသည်။

ကျန်းဝေ့ကော်သည် သံချေးတက်နေသော သံသေတ္တာတစ်ခုကို လက်ထဲတွင် ကိုင်ဆောင်၍ အမြန် ပြေးထွက်လာခဲ့သည်။

ထိုမုန့်သေတ္တာမှာ လေးထောင့်ပုံစံဖြစ်၏။

"ဝေ့ကော်... သေတ္တာကို ဖွင့်လိုက်..."

ကျန်းဝေ့ကော်သည် ညွှန်ကြားချက်အတိုင်း သံသေတ္တာကို ဖွင့်လိုက်သည်။

အဖုံးကို ဖယ်ရှားလိုက်ပြီးနောက် အတွင်း၌ ငွေထပ်တစ်ထပ်ကို လီလန် မြင်လိုက်ရသည်။

သူသည် ပေါ့ပေါ့ပါးပါးပင် တစ်ချက်ကြည့်လိုက်ပြီး ထိုငွေပုံမှာ အနည်းဆုံး ယွမ်တစ်ရာခန့် ရှိမည်ဟု ခန့်မှန်းမိလိုက်သည်။

အဘိုးကျန်းက အတော်လေး ချမ်းသာပေသည်။

ယခုကာလ၌ ယွမ်တစ်ရာကျော်ကို တစ်ကြိမ်တည်းဖြင့် ထုတ်ပြရန်မှာ လွယ်ကူသောကိစ္စ မဟုတ်ချေ။

သို့သော် ပြန်တွေးကြည့်ပါက အဓိပ္ပာယ်ရှိပေသည်။ မည်သို့ပင်ဖြစ်စေ သူ ငယ်ရွယ်စဉ်က တပ်ရင်းမှူးလီနှင့်အတူ ဂျပန်များကို ဆန့်ကျင်တိုက်ခိုက်ခဲ့ပြီး စစ်တပ်မှ အငြိမ်းစားယူပြီးနောက်တွင်ပင် ဥစ္စာဓန အတော်အသင့် စုဆောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ဤသေတ္တာထဲရှိ ငွေများမှာ အဖွဲ့ခေါင်းဆောင်ကျန်း၏ အငြိမ်းစားပင်စင်လစာ ဖြစ်တန်ရာ၏။

"အဘိုးကျန်း... ဘာဖြစ်လို့လဲ..."

လီလန်က မေးလိုက်သည်။

"ဒီပိုက်ဆံကို ယူလိုက်... ငါ ရင်းနှီးမြှုပ်နှံမယ်... မင်း လျှပ်စစ်မီးရတဲ့အခါ ငါ့အိမ်ရှေ့မှာ ဓာတ်တိုင်တစ်တိုင်စိုက်ပြီး ငါ့အိမ်ကိုပါ မီးရအောင် လုပ်ပေး..."

"ရှောင်လန်... အဲ့ဒီလိုဆိုအဆင်ပြေလား..."

အဘိုးကျန်း၏ မျက်လုံးများမှာ မျှော်လင့်ချက်များ တောက်ပနေပြီး လီလန်ကို စိုက်ကြည့်နေသည်။

သူသည် ပေကျင်းတွင် နေထိုင်ခဲ့ဖူးပြီး ထိုနေရာတွင် အိမ်တစ်လုံး ပိုင်ဆိုင်ကာ အိမ်၌ လျှပ်စစ်မီးရှိခြင်း၏ အဆင်ပြေမှုကို တွေ့ကြုံခံစားခဲ့ဖူးသူ ဖြစ်သည်။

လျှပ်စစ်မီးဆိုသည်မှာ အလွန်အံ့သြဖွယ်ကောင်းသော အရာပင်တည်း။

လျှပ်စစ်မီးရှိနေသရွေ့ ညဘက်သည်လည်း နေ့ခင်းဘက်ကဲ့သို့ ဖြစ်နေမည်ဖြစ်ပြီး ရေဒီယိုနားထောင်ခြင်းနှင့် ပန်ကာလေညင်းခံခြင်းတို့ကို ပြုလုပ်နိုင်မည် ဖြစ်သည်။

ရွှမ်းရွှေရွာတွင်သာ လိုအပ်သော အခြေအနေများရှိနေပါက ကျန်းတာ့ပေါင်သည် သူ၏အိမ်ကို လျှပ်စစ်မီး ရစေချင်နေသည်မှာ ကြာပြီဖြစ်သည်။

လီလန်က သူ၏အိမ်ကို လျှပ်စစ်မီးရအောင် လုပ်မည်ဟု ကြားသောအခါ သူလည်း ပါဝင်ရင်းနှီးမြှုပ်နှံ၍ လီလန်၏ သြဇာလွှမ်းမိုးမှုကို အခွင့်ကောင်းယူရန် တွေးလိုက်ခြင်းဖြစ်သည်။

လီလန်သည် တစ်ခဏမျှ စဉ်းစားလိုက်ရာ အဘိုးကျန်း၏ အိမ်မှာ သူ၏အိမ်နှင့် စန်းဟော့ရွာရှိ လောင်ဟူ၏ အိမ်ကြား အတိအကျ ကျရောက်နေသဖြင့် လျှပ်စစ်မီးကြိုးများ သွယ်တန်းရန်နှင့် ဓာတ်တိုင်များနှင့် ချိတ်ဆက်ရန် အဆင်ပြေကြောင်း သဘောပေါက်သွားသည်။

နောက်ထပ်တစ်အိမ် ထပ်တိုးခြင်းမှာ ပြဿနာ မဟုတ်သော်လည်း လောင်ဟူကို ကြိုတင် အသိပေးထားရန် လိုအပ်သည်။ နှစ်အိမ် သုံးအိမ် ထပ်တိုးခြင်းမှာလည်း ပြဿနာ မရှိနိုင်ပေ။

ထို့ပြင်အဖွဲ့ခေါင်းဆောင်ကျန်းမှာ ဂျပန်ဆန့်ကျင်ရေးစစ်ပွဲတွင် တိုက်ပွဲဝင်ခဲ့သော စစ်မှုထမ်းဟောင်းကြီးနှင့် တော်လှန်ရေးအာဇာနည်တစ်ဦးလည်း ဖြစ်ပေသည်။

ဂျပန်ဆန့်ကျင်ရေးစစ်ပွဲမှ သူရဲကောင်းများအတွက် လျှပ်စစ်မီး သွယ်တန်းပေးခြင်းမှာလည်း သင့်လျော်သော လုပ်ရပ်ပင်ဖြစ်၏။

"ကောင်းပါပြီ..."

လီလန်က သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။

All Chapters