← Chapters

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း (၁၈၄) ကောက်နှံစုဆောင်းသူ၊ ပဲပိစပ်များ၊မြေပဲများ၊ ကြွက်သူဌေးကြီး…

"ကြွက်... ကြွက်ကြီး... ကြွက်အကြီးကြီးပဲ..."

တွင်းထဲမှ ထွက်ပြေးလာသော လယ်ကြွက်ကြီးကို မြင်လိုက်ရသည့်အခါ လုအန်းနာမှာ ကြောက်လန့်တကြားဖြင့် မျက်နှာပင် ဖြူရော်သွားတော့သည်။

လုအန်းနာသည် မြို့ကြီးပြကြီးတွင် ကြီးပြင်းလာသူဖြစ်၍ ကြွက်များကို အလွန်ကြောက်ရွံ့လေသည်။

"လယ်ကြွက်ပါ ဘာကြောက်စရာရှိလို့လဲ..."

လီလန်သည် ဓားကို ဆွဲထုတ်လိုက်ပြီး လျှပ်စီးလက်သည့်အဟုန်ဖြင့် ခုတ်ချလိုက်လေသည်။

ဓားချက်ထိသွားသော လယ်ကြွက်ကြီးမှာ ခြေလက်များ အကြိမ်အနည်းငယ် တွန့်လိမ်သွားပြီးနောက် ချက်ချင်းပင် ပွဲချင်းပြီး သေဆုံးသွားတော့သည်။

ကြွက်ကြီး သေဆုံးသွားသည်ကို မြင်လိုက်ရသောအခါမှ လုအန်းနာသည် သက်ပြင်းချနိုင်သွားပြီး ရင်ဘတ်ကိုဖိကာ စိတ်ငြိမ်သွားစေရန် အသက်ပြင်းပြင်း ရှူလိုက်လေသည်။

"အစ်ကိုလန်..."

သူမ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ပထမကြွက်နှင့် အရွယ်အစားတူညီသော နောက်ထပ်ကြွက်တစ်ကောင် တွင်းထဲမှ ထပ်မံ ထွက်ပြေးလာပြန်သည်။

"သေစမ်း..."

သူ စကားပင် မဆုံးသေးခင်မှာပင် လီလန်သည် ဓားဖြင့် ထပ်မံခုတ်ချလိုက်ရာ လယ်ကြွက်ကြီးမှာ သေဆုံးသွားပြန်လေသည်။

"နှစ်ကောင်ရှိသွားပြီ မဆိုးဘူးပဲ..."

လီလန်က ပြုံး၍ ခေါင်းညိတ်လိုက်သည်။

ဘေးတွင် ရပ်နေသော လုအန်းနာမှာ နားမလည်နိုင်ဖြစ်သွားပြီး သိချင်စိတ်ဖြင့် မေးလိုက်၏။

"အစ်ကိုလန် ဘာဖြစ်လို့လဲ..."

လီလန်က ပြုံးလျက် ပြောလိုက်သည်။

"ဒီအထဲမှာ ပစ္စည်းကောင်းတွေ ရှိတယ်..."

"ပစ္စည်းကောင်း..."

လုအန်းနာမှာ ပို၍ပင် နားမလည်နိုင် ဖြစ်သွားတော့သည်။

စပါးခင်းထဲရှိ ကြွက်တွင်းတစ်ခုထဲတွင် မည်သည့်ပစ္စည်းကောင်းများ ရှိနေနိုင်မည်နည်း။ ကြွက်တွေသာ ရှိနေနိုင်သည် မဟုတ်ပါလား။

အစ်ကိုလန် ပြောသည့် ပစ္စည်းကောင်းဆိုသည်မှာ ဤကြွက်များကို ပြောခြင်းများလားဟူသော အတွေးကြောင့် လုအန်းနာမှာ ကျောချမ်းသွားတော့သည်။

ရွာထဲရှိ အချို့လူများသည် ငတ်မွတ်ဒဏ်ကို မခံစားနိုင်သဖြင့် လယ်ကွင်းထဲသို့သွားကာ လယ်ကြွက်များကို ဖမ်းစားတတ်ကြောင်း တာဝန်ခံဟွမ် ပြောဖူးသည်ကို လုအန်းနာ ကြားဖူးထားလေသည်။ လယ်ကြွက်ဆိုသည်မှာလည်း ကြွက်ပင်ဖြစ်ရာ သူတို့သည် ကြွက်များကို စားကြခြင်းပင် ဖြစ်သည်။

ဤ... ဤအရာက...

"သုံးကောင်မြောက်..."

ထိုအခိုက်တွင် လုအန်းနာသည် လီလန်၏စကားသံကို ထပ်မံကြားလိုက်ရပြီး အောက်သို့ငုံ့ကြည့်လိုက်ရာ လီလန်က နောက်ထပ်ကြွက်ကြီးတစ်ကောင်ကို ထပ်မံတူးထုတ်လိုက်သည်ကို တွေ့လိုက်ရသည်။

ထိုလယ်ကြွက် သုံးကောင်မှာ အရွယ်အစား တူညီကြပြီး ဆူဖြိုးကာ သန်မာကြလေသည်။ အမွှေးအမျှင်များမှာလည်း ချောမွေ့နေပြီး ကြောင်ပေါက်လေးတစ်ကောင်ခန့် အရွယ်အစားရှိကာ သေးသွယ်ရှည်လျားသော အမြီးများလည်း ရှိကြသည်။

လီလန်သည် ခွဲစိတ်ဓားကို ကိုင်၍ အကြိမ်အနည်းငယ် ထပ်တူးလိုက်ပြီးနောက် သူ၏မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ ဖြတ်ပြေးသွားကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။

"တွေ့ပြီ..."

"အစ်ကိုလန် ဘာတွေ... ဘာတွေတွေ့တာလဲ..."

လုအန်းနာသည် တွင်းထဲသို့ အမြန်လှမ်းကြည့်လိုက်သည်။

လီလန် ခွဲစိတ်ဓားဖြင့် တူးထုတ်လိုက်သော မြေကြီးများထဲတွင် ပဲပိစပ်များ ရောနှောနေလေသည်။

"အစ်ကိုလန် အဲဒါက ပဲပိစပ်တွေပဲ..."

"ကြွက်တွင်းထဲမှာ ပဲပိစပ်တွေ ရှိနေတယ်..."

လုအန်းနာက အံ့သြတကြီးဖြင့် အော်ပြောလိုက်လေသည်။

"ဆရာမလု မင်းက မြို့ကြီးပြကြီးကနေ လာတဲ့ ပညာတတ်လူငယ်လေ ခုလိုမျိုး မြင်ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ မဟုတ်လား..."

"ဟုတ်တယ် ကြွက်တွင်းထဲမှာ စားစရာတွေ ဖွက်ထားတာကို မြင်ဖူးတာ ဒါပထမဆုံးပဲ၊ တကယ့်ကို မယုံနိုင်စရာပဲ..."

လီလန်သည် ဓားကိုကိုင်၍ လယ်ကြွက်ကြီးများကို ဆော့ကစားနေရင်း လုအန်းနာကို ရှင်းပြလိုက်သည်။

"မကြာသေးမီနှစ်တွေအတွင်းမှာ ငါတို့ရွာက သဘာဝဘေးအန္တရာယ်တွေကို ခံစားခဲ့ရတယ်၊ ပြီးတော့ ဒီကောင်လေးတွေကလည်း တရားခံတွေထဲက တစ်ကောင်ပဲ..."

"သီးနှံတွေက အထွက်နှုန်း မကောင်းရတဲ့အထဲ ဒီလယ်ကြွက်ကြီးတွေက ကောက်နှံတွေကို ခိုးယူနေကြသေးတယ်၊ တောင်သူလယ်သမားတွေအတွက် တကယ့်ကို ခက်ခဲလွန်းပါတယ်..."

"ဒီလယ်ကြွက်တွေက ကောက်နှံတွေကို အများကြီး စုဆောင်းတတ်တဲ့ ကောင်တွေပဲ၊ ကောက်နှံတွေ မှည့်လာတာနဲ့ တစ်ပြိုင်နက် သူတို့မိသားစုတစ်စုလုံးကို ခေါ်လာပြီး ကောက်နှံတွေကို သူတို့တွင်းထဲ ခိုးယူသိမ်းဆည်းတတ်ကြတယ်..."

"ကြည့်စမ်း ဒီကောင်လေးတွေဆို စားထားလိုက်ကြတာ ဗိုက်ကြီးတွေ ပူထွက်နေပြီး သူတို့အမွှေးတွေက ပိုးသားထက်တောင် ပိုပြီး ချောမွေ့နေသေးတယ်…”

လုအန်းနာသည် ထိုကြွက်ကြီးများ၏ ဗိုက်များကို ကြည့်လိုက်ရာ အလွန်ဖောင်းကားနေပြီး ယခုဆောင်းရာသီတွင် ကောက်နှံများကို အများအပြား စားသုံးထားကြောင်း သိသာနေလေသည်။

"ဒီလယ်ကြွက်ကြီးတွေ အကုန်လုံးက ဆူဖြိုးပြီး ဝိုင်းစက်နေကြတာပဲ သူတို့ဗိုက်တွေလည်း တင်းကားနေတယ် သူတို့တွင်းထဲမှာ စားစရာတွေ အများကြီး ကျန်နေသေးမှာ သေချာတယ်..."

လီလန်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။

"အစ်ကိုလန် ငါတို့ ဘာစောင့်နေဦးမှာလဲ..."

"မြန်မြန်တူးကြရအောင်လေ..."

လုအန်းနာမှာလည်း အလွန်စိတ်လှုပ်ရှားနေလေသည်။ သူမသည် အမြန်ထိုင်ချလိုက်ပြီး မြေကြီးများနှင့် ရောနှောနေသော ပဲပိစပ်များကို တစ်စေ့ချင်းစီ လိုက်ကောက်ရာ သူမ၏ လက်ဖဝါးတစ်ဝက်ခန့် ပြည့်သွားတော့သည်။

"အစ်ကိုလန် ဒီပဲပိစပ်တွေကို ဘယ်မှာ ထည့်ရမလဲ..."

လုအန်းနာက မေးလိုက်သည်။

"မင်းရဲ့ အိတ်ထဲကို အရင်ထည့်ထားလိုက်..."

လီလန်က ပြန်ဖြေလိုက်၏။

လုအန်းနာသည် ကြယ်ငါးပွင့်ပုံပါရှိသော စစ်စိမ်းရောင်အိတ်တစ်လုံးကို သယ်ဆောင်လာခဲ့ပြီး ထိုအိတ်ကို ပဲပိစပ်များ ထည့်ရန် အသုံးပြုလိုက်သည်။

"ကောင်းပါပြီ..."

လုအန်းနာက ခေါင်းညိတ်လိုက်ပြီး သူမ၏ လက်ကောက်ဝတ်ကို လှုပ်ခါကာ ပဲပိစပ်များကို လက်ဆွဲအိတ်ထဲသို့ လောင်းထည့်လိုက်လေသည်။

လီလန်က မြေကြီးများကို တူးဆွပေးပြီး လုအန်းနာက အနောက်မှ လိုက်ကောက်လေသည်။

အချိန်တိုအတွင်းမှာပင် သူတို့သည် ပဲပိစပ် အိတ်ဝက်ကျော်ခန့်၊ အလေးချိန်အားဖြင့် သုံးကျင်းခန့် ကောက်ယူနိုင်ခဲ့ပြီး အိတ်ထဲတွင် ပြည့်လုနီးပါး ဖြစ်သွားတော့သည်။

"အစ်ကိုလန် ကျွန်မအိတ်က ပြည့်တော့မယ် ထည့်စရာ နေရာမရှိတော့ဘူး..."

လုအန်းနာက လှမ်းပြောလိုက်သည်။

"စက်ဘီးပေါ်က ဂုန်နီအိတ်တွေကို သွားယူလိုက် ငါ ဂုန်နီအိတ် တော်တော်များများ ယူလာခဲ့တယ်..."

လုအန်းနာသည် စက်ဘီးရှိရာသို့ ပြေးသွားပြီး ပြန်ရောက်လာချိန်တွင် သူမ၏ လက်ထဲ၌ ဂုန်နီအိတ်နှစ်လုံး ပါလာလေသည်။

လီလန်က ဆက်လက်တူးဆွနေပြီး လုအန်းနာက အနောက်မှ ပဲပိစပ်များကို လိုက်ကောက်လေသည်။ ပဲပိစပ်များ အလွန်များပြားလှသဖြင့် လုအန်းနာမှာ လိုက်ကောက်ရလွန်း၍ လက်မောင်းများပင် ညောင်းညာလာတော့သည်။

ညောင်းညာပြီး ပင်ပန်းသော်လည်း သူမ၏ ရင်ထဲတွင်မူ ကြည်နူးနေပြီး အလွန်ပင် နှစ်သက်သဘောကျနေလေသည်။

ဤအရာတွေက ပဲပိစပ်တွေပဲလေ။

စားစရာတွေပင် ဖြစ်သည်။

ဆီကြိတ်ရန်၊ ပဲနို့လုပ်ရန်နှင့် ပဲပြားလုပ်ရန်အတွက်ပါ အသုံးပြုလို့ရပေသည်။

တစ်ယောက်တည်း လုပ်ရသည်မှာ မတွင်ကျယ်သောကြောင့် လုအန်းနာသည် လီထျန်းနှင့် လီရွှယ်တို့ ကောင်မလေးနှစ်ယောက်ကို ခေါ်လိုက်ပြီး သူတို့သုံးယောက် အတူတူ ပဲပိစပ်များကို ကောက်ယူကြလေသည်။

လူများများဖြင့် အတူတကွ လုပ်ဆောင်ကြရာ အလုပ်မှာ ပိုမိုမြန်ဆန်လာပြီး အချိန်တိုအတွင်းမှာပင် ဂုန်နီအိတ် တစ်ဝက်ခန့်ကို ကောက်ယူစုဆောင်းနိုင်ခဲ့ကြသည်။

"ဘုရားရေ ဘာလို့ ဒီလောက်တောင် များနေရတာလဲ..."

တွင်းထဲမှ တူးထုတ်လိုက်တိုင်း ပဲပိစပ်များ ထွက်လာနေသေးသည်ကို မြင်လိုက်ရသဖြင့် လုအန်းနာမှာ အံ့သြတကြီး အော်ပြောလိုက်လေသည်။

ဤလယ်ကြွက်က စားစရာဘယ်လောက်များများကို စုဆောင်းထားခဲ့တာလဲ။

ဆောင်းဦးနဲ့ ဆောင်းရာသီ တစ်ရာသီတည်းမှာပဲ ဤမျှလောက်များပြားအောင် ဘယ်လိုလုပ်ပြီး စုဆောင်းနိုင်ခဲ့တာလဲ။

"နောက်ထပ် လယ်ကြွက်ကြီးတစ်ကောင် ထပ်တူးမိပြီ... မင်းတို့တွေ အဝေးကို သွားနေကြ..."

မြေကြီးတူးနေသော လီလန်သည် အသံကြားသောအခါ သူတို့ကို သတိပေးလိုက်လေသည်။

လုအန်းနာသည် ကောင်မလေးနှစ်ယောက်ကို ဘေးသို့ အမြန်ဆွဲဖယ်လိုက်သည်။

ကောက်နှံတွေ စုဆောင်းရတာ ပျော်စရာကောင်းပေမယ့် ကြွက်ကြီးတွေကတော့ ကြောက်စရာကောင်းလှသည်။

"ကျွီ..."

"ကျွီ.."

"ကျွီ... ကျွီ... ကျွီ..."

လယ်ကြွက်ကြီးများသည် တွင်းထဲမှ တစ်ကောင်ပြီးတစ်ကောင် အလန့်တကြား ထွက်ပြေးလာကြပြီး ကြောက်လန့်တကြားဖြင့် အရပ်မျက်နှာ အနှံ့အပြားသို့ ပြေးလွှားနေကြတော့သည်။

လီလန်သည် အခွင့်အရေးကို အရယူကာ ဓားဖြင့် အဆက်မပြတ် ခုတ်ချလိုက်လေသည်။

တစ်ဟုန်ထိုးတည်းဖြင့် ခြောက်ကောင် ခုနစ်ကောင်ခန့် သေဆုံးသွားပြီး သုံးလေးကောင်ခန့်မှာမူ ထွက်ပြေးလွတ်မြောက်သွားကြသည်။

"ဒီတွင်းထဲမှာ ကြွက်ကြီးတွေ အများကြီးပဲ..."

လုအန်းနာက အံ့သြတကြီးဖြင့် အော်ပြောလိုက်၏။

လီလန်မှာလည်း အံ့သြသွားတော့သည်။

အသိပညာများအရ လယ်ကြွက်တွင်းတစ်ခုတွင် အနည်းဆုံး ကောက်နှံ ကျင်း ဆယ်ဂဏန်းခန့် ပါရှိတတ်သည်။

သို့သော် လယ်ကြွက်ကြီးများ ဤမျှလောက် အများအပြား ရှိနေလိမ့်မည်ဟု သူ တစ်ခါမှ မထင်ထားခဲ့ပေ။

ထွက်ပြေးသွားသော သုံးလေးကောင်အပါအဝင် လယ်ကြွက်တွင်း တစ်တွင်းတည်း၌ ပုန်းအောင်းနေသော လယ်ကြွက်ကြီး အရေအတွက်မှာ အနည်းဆုံး ဆယ့်ငါးကောင်ခန့် ရှိနေလေသည်။

"ငါတို့ သူခိုးတွင်းကို သွားဆွမိတာပဲ..."

လီလန်က တီးတိုးရေရွတ်လိုက်သည်။

သို့သော် သူ၏ လက်များကတော့ ဆက်လက်လှုပ်ရှားနေဆဲပင်။

သူတို့ ဆက်တူးနေကြဆဲပင်။ တူးရမည်။ ကောက်နှံများကို တူးထုတ်ရမည်။

"နောက်ထပ်တစ်ကောင် ထပ်တွေ့ပြန်ပြီ..."

"အစ်ကို မြေပဲတွေ... ဒါက မြေပဲတွေပဲ..."

မျက်စိရှင်သော လီထျန်းသည် ယခုတစ်ကြိမ် တူးထုတ်လိုက်သော ကောက်နှံများမှာ မြေပဲများဖြစ်ကြောင်း မြင်လိုက်ရသဖြင့် အမြန်ပြေးသွားကာ ကောက်ယူလိုက်လေသည်။

"အိုး... မြေပဲတွေပဲ... ဒီကြွက်တွင်းထဲမှာ မြေပဲတွေတောင် ဖွက်ထားသေးတာပဲ..."

All Chapters