အခန်း ၁၈၇
Vol. 19 Ch. 187
အခန်း (၁၈၇) အသားတင်အမြတ် ငါးဆယ့်ငါးယွမ်
တောင်ပိုင်းဒေသ၌ နာမည်ကြီးသော ဟင်းလျာတစ်ပွဲ ရှိသည်။ ယင်းမှာ လယ်ကြွက်ကင်ပင်ဖြစ်၏။
ပြင်ဆင်ထားသော လယ်ကြွက်များကို တံကျင်လျှို၍ သစ်သီးများဖြင့် မှိုင်းတိုက်ကင်ကြသည်။
ပြည့်ဖြိုးနေသော လယ်ကြွက်များမှာ ကင်ပြီးသွားသောအခါ ရွှေညိုရောင်ပြောင်းသွားပြီး ကြွပ်ရွသော အရသာရှိလှသည်။
သူတို့သည် ကြွက်များကို ကင်စားရုံသာမက နှပ်၍လည်း စားတတ်ကြသည်။ ဥပမာအားဖြင့် လယ်ကြွက်နှပ်၊ လယ်ကြွက်ပြုတ်နှင့် လယ်ကြွက်စားသောက်ပွဲကြီး ဟူ၍ပင် ရှိသေးသည်။ (စာရေးသူလည်း လယ်ကြွက်ကြော် တော်တော်ကြိုက်တယ်။ တောပြန်ရင် အိမ်ကခွေးနှစ်ကောင်နဲ့ မောင်နှမတွေစုပြီး ကြွက်လိုက်ကြတယ်။ ငယ်ဘဝအမှတ်တရထဲက တစ်ခုကို စားမြုံ့ပြန်ခြင်းပါ(≧▽≦))
တောင်ပိုင်းသားများ၊ အထူးသဖြင့် ကွမ်တုံးနှင့် ကွမ်ရှီးဒေသများရှိ ဟတ်ကားလူမျိုးများကြားတွင် ကြွက်တစ်ကောင်သည် ကြက်သုံးကောင်နှင့် ညီမျှသည်ဟူသော ဆိုရိုးစကားတစ်ခု ရှိလေသည်။
ပိုင်ရှန်းမြို့သည် ကျီလင်ပြည်နယ်ရှိ မြို့ငယ်လေးတစ်မြို့သာ ဖြစ်သော်လည်း ၎င်း၌ တောင်ပိုင်းသား အတော်များများ ရှိနေသည်။
မှောင်ခိုဈေးကွက်၌ လီလန် ဈေးခင်းလိုက်သည်နှင့် တစ်ပြိုင်နက် တောင်ပိုင်းသား အတော်များများ ပြေးလာကြပြီး လယ်ကြွက်များကို ဝယ်ယူရန် စိတ်အားထက်သန်စွာ ငွေပေးချေကြတော့သည်။
အရှေ့မြောက်ပိုင်းသားများသည် လယ်ကြွက်များကို မစားကြသော်လည်း ယခုအချိန်သည် အငတ်ဘေးကြုံနေရသော အချိန်ဖြစ်ပြီး လူများ ဆာလောင်နေချိန်တွင် လယ်ကြွက်သာမက နှံကောင်များနှင့် သစ်ပင်အမြစ်များကိုပင် မရွေးဘဲ စားကြမည်သာ ဖြစ်သည်။
ကျန်သည့်အရာအားလုံးမှာ အတုအယောင်များသာ ဖြစ်သည်။ ဗိုက်ဝအောင်စားနိုင်ပြီး အသက်ရှင်သန်နိုင်ခြင်းကသာ အစစ်အမှန် ဖြစ်၏။
ထို့ကြောင့် တောင်ပိုင်းသားများသာမက ဒေသခံ အတော်များများလည်း ဧရာမလယ်ကြွက်များကို လုဝယ်ရန် ရောက်လာကြလေသည်။
ဝက်သား မဝယ်နိုင်လျှင်တောင်မှ အသားအရသာကို မြည်းစမ်းနိုင်ရန် လယ်ကြွက်သား အနည်းငယ်လောက်တော့ ဝယ်လို့ရသည် မဟုတ်ပါလား။
ထို့အပြင် လီလန်၏ ဈေးနှုန်းမှာလည်း မျှတလှသည်၊ တစ်ကျင်း သို့မဟုတ် နှစ်ကျင်းခန့် အလေးချိန်ရှိသော လယ်ကြွက်ကြီးတစ်ကောင်ကို တစ်ယွမ်သာ ကျသင့်သည်။
မှောင်ခိုဈေးကွက်တွင် ဤသည်မှာ ပေးရသည့် ငွေနှင့် အလွန်တန်သော ဈေးနှုန်းပင် ဖြစ်သည်။
တစ်ကျင်းလျှင် ပြားရှစ်ဆယ်သာ ရှိသော ဝက်သားသည် မှောင်ခိုဈေးကွက်၌ အဆပေါင်းများစွာ ဈေးရနိုင်သည်ကို သိထားသင့်ပေသည်။
ပြားရှစ်ဆယ်ဖြင့် ဝယ်ပြီး သုံးယွမ်နှင့် နှစ်ဆယ်ပြားဖြင့် ပြန်ရောင်းမည်သာ ဖြစ်သည်။
မဝယ်ဘူးဆိုလျှင်လည်း ဝယ်မည့်သူ အများအပြား ရှိနေသည်လေ။
မည်သို့ပင်ဆိုစေကာမူ ပစ္စည်းပြတ်လပ်နေသဖြင့် ဝယ်ချင်တိုင်း ဝယ်၍မရနိုင်ပေ။
လီလန်သည် လယ်ကြွက်ဆယ့်ငါးကောင်လုံးကို လျင်မြန်စွာ ရောင်းချလိုက်သည်။
"ဆယ့်ငါးယွမ်ရပြီ..."
လီလန်သည် မျက်လုံးများ မှေးကျဉ်းသွားသည်အထိ ပြုံးလိုက်သည်။
ဤဧရာမလယ်ကြွက်မှာ မူလက သတင်းအချက်အလက် အစီရင်ခံစာမှ အပိုဆုတစ်ခု ဖြစ်သောကြောင့် မမျှော်လင့်ထားသော လာဘ်ကြီးတစ်ခု ဖြစ်နေလေသည်။
"ဆရာမလု စကားကို နားထောင်ပြီး ဒီလယ်ကြွက်တွေကို လွှင့်မပစ်လိုက်တာ ကံကောင်းသွားတယ်..."
လီလန်သည် မည်သို့ပင်ဆိုစေ မုဆိုးတစ်ယောက်ဖြစ်သည်။ သူဖမ်းမိသော လယ်ကြွက်ကြီးများမှာ သားကောင်များဖြစ်ပြီး ၎င်းတို့တွင် အသားများပါရှိသဖြင့် သူစားသုံးနိုင်ပေသည်။
အသားဖြစ်နေသရွေ့ ဈေးကွက်ဝယ်လိုအား ပြတ်လပ်မှု မရှိနိုင်ပေ။ မြို့ထဲတွင် အသားမစားရသည်မှာ နှစ်ဝက်ကျော်နေပြီဖြစ်သော လူများစွာ ရှိနေသောကြောင့် ဤလယ်ကြွက်သားကို ရောင်းရရန် ပူပန်နေစရာ မလိုချေ။
ဖြစ်ရပ်များက လီလန်၏ ဆုံးဖြတ်ချက် မှန်ကန်ကြောင်း သက်သေပြနေသည်။
လယ်ကြွက်ကြီး ဆယ့်ငါးကောင်မှာ မှောင်ခိုဈေးကွက်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ရောင်းမလောက်သော ကုန်ပစ္စည်းတစ်ခု ဖြစ်လာတော့သည်။
သုံးမိနစ်ပင် မကြာလိုက်ဘဲ အားလုံး ရောင်းထွက်သွားလေသည်။
လီလန်သည် ဆယ့်ငါးယွမ်ကို အိတ်ကပ်ထဲ ထည့်လိုက်ရင်း စိတ်အလွန်ကြည်လင်နေတော့၏။
"ပဲပိစပ်၊ မြေပဲနဲ့ အပ်ချုပ်စက်လက်မှတ်တွေကို မြန်မြန်ရောင်းပြီး ဆရာမလုနဲ့ သွားတွေ့မှပဲ..."
လီလန်သည် ကောင်းကင်ကို တစ်ချက်ကြည့်လိုက်ရာ မွန်းတည့်ချိန် နီးပါး ရောက်နေပြီ ဖြစ်သည်။
သူ ငွေများကို သိမ်းဆည်းလိုက်ပြီးချိန်တွင် အက်ကွဲကွဲ အသံတစ်သံ ထွက်ပေါ်လာ၏။
"ဒီပဲပိစပ်နဲ့ မြေပဲတွေကို ဘယ်ကရတာလဲ..."
"ရိတ်သိမ်းပြီးလို့ အိမ်မှာကျန်တဲ့ အရာတွေပါ..."
ထိုလူသည် ပဲပိစပ်တစ်ဆုပ်ကို ယူ၍ သေချာစွာ စစ်ဆေးပြီးနောက် ခေါင်းကို ဆက်တိုက် ညိတ်ပြလေသည်။
"အရည်အသွေး တော်တော်ကောင်းတယ်... ဒါတွေက ပဲကောင်းတွေပဲ..."
"အကုန်ယူမယ်... ဘယ်လောက်လဲ..."
"ပေါက်ဈေးရဲ့ သုံးဆပေးရင် ရပါပြီ..."
ထိုလူက တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။
"ကောင်းပြီလေ..."
ပဲပိစပ်နှင့် မြေပဲတို့ကို ဆီကြိတ်နိုင်ပြီး ဝက်သားကဲ့သို့ပင် မှောင်ခိုဈေးကွက်၌ ဝယ်လိုအားများသော ကုန်ပစ္စည်းများအဖြစ် သတ်မှတ်ခံရသည်။
လီလန်သည် ဈေးကွက်ပေါက်ဈေး၏ သုံးဆကို လိုချင်ခဲ့ပြီး မှောင်ခိုဈေးကွက်သို့ မလာမီ ကျိုးတာ့ဖူက ဤအကြောင်းကို သူ့အား အထူးမှာကြားခဲ့ဖူးသည်။
ပေါက်ဈေး၏ သုံးဆဆိုသည်မှာ ကျိုးကြောင်းဆီလျော်သော အတိုင်းအတာတစ်ခုအတွင်းရှိပြီး ဈေးမကြီးလှပေ။
မည်သို့ပင်ဆိုစေ ဤပဲပိစပ်နှင့် မြေပဲများကို ဝယ်ယူရန်အတွက် ပဲပိစပ်လက်မှတ်နှင့် မြေပဲလက်မှတ်တို့ လိုအပ်လေသည်။
မှောင်ခိုဈေးကွက်တွင်မူ မည်သည့်လက်မှတ်မှ မလိုအပ်ဘဲ ငွေရှိရုံဖြင့် မိမိလိုချင်သမျှကို ဝယ်ယူနိုင်ပေသည်။
ထိုလူသည် ငွေတစ်ထပ်ကို ထုတ်၍ လီလန်ထံ ကမ်းပေးရင်း ပြောလိုက်၏။
"ရေကြည့်လိုက်ဦး..."
လီလန်သည် ငွေများကို ရေတွက်လိုက်ပြီး ကောက်နှံအိတ်နှစ်အိတ်ကို လွှဲပြောင်းပေးလိုက်သည်။
မြေပဲဆီ၊ ပဲပိစပ်ဆီနှင့် ကုန်ကြမ်းပစ္စည်းများ၏ ဈေးနှုန်းများမှာ ကွာခြားလှသည်။
ဆီကြိတ်ထားသော ပဲပိစပ်များသည် အနည်းဆုံး ငါးဆယ်ရာခိုင်နှုန်းခန့် ပို၍ ဈေးကြီးပေသည်။
လက်ရှိတွင် မြေပဲဆီနှင့် ပဲပိစပ်ဆီတို့မှာ ဈေးကွက်အတွင်း ဈေးနှုန်းတူညီကြပြီး တစ်ကျင်းလျှင် ပြားခုနစ်ဆယ်ဝန်းကျင်ခန့် ရှိသည်။
ဆီမကြိတ်ရသေးပါက ကုန်ကြမ်းများမှာ တစ်ကျင်းလျှင် ပြားသုံးဆယ်ခန့်သာ ကျသင့်သည်။
သုံးဆဈေးဆိုလျှင် တစ်ကျင်းကို ကိုးဆယ်ပြား ဖြစ်သည်။
ကျင်းသုံးဆယ်ဆိုလျှင် ယွမ်နှစ်ဆယ့်ခုနစ်ယွမ် ဖြစ်၏။
လီလန်သည် ပဲပိစပ်နှင့် မြေပဲအိတ်နှစ်အိတ်ကို ရောင်းချလိုက်ခြင်းဖြင့် အသားတင်အမြတ် ယွမ်နှစ်ဆယ့်ခုနစ်ယွမ် ရရှိခဲ့လေသည်။
လယ်ကြွက်ကြီး ဆယ့်ငါးကောင် ရောင်းရငွေ ဆယ့်ငါးယွမ်နှင့်ပါ ပေါင်းလိုက်လျှင် မှောင်ခိုဈေးကွက်သို့ ရောက်ခါစပင် ရှိသေးသော်လည်း သူသည် လေးဆယ့်နှစ်ယွမ်ကို ရှာဖွေနိုင်ခဲ့ပြီ ဖြစ်သည်။
"မှောင်ခိုဈေးကွက်က အမြတ်အစွန်း အများဆုံးပဲ..."
လီလန်က ရေရွတ်လိုက်သည်။
မှောင်ခိုပေါက်ဈေးများသည် ပုံမှန်ဈေးကွက်ပေါက်ဈေးထက် အဆပေါင်းများစွာ မြင့်မားနေတတ်ရာ ယင်းမှာ လုံးဝကို အဓိပ္ပာယ်မရှိလောက်အောင်ပင် ဖြစ်သည်။
"စိတ်ပျက်စရာကောင်းတာက အဖမ်းအဆီးတွေ မကြာခဏ ကြုံရတာပဲ..."
လီလန်သည် သက်ပြင်းချကာ ခေါင်းခါမ်းရုံမှလွဲ၍ မတတ်နိုင်ခဲ့ပေ။
လယ်ကြွက်ရောင်းသော ဈေးသည်လေးတစ်ယောက်နှင့် စကားပြောကြည့်ရာတွင် သူတို့သည် တစ်နေရာတည်းသော မှောင်ခိုဈေးကွက်ဖြစ်သော်လည်း ယနေ့တွင် နေရာပေါင်း ဆယ်ကြိမ်ထက်မက ပြောင်းရွှေ့ခဲ့ရကြောင်း သိလိုက်ရသည်။
နေရာတိုင်းကို ရက်အနည်းငယ်အတွင်း ဒေသခံရဲစခန်းမှ ရဲအရာရှိများက ဖမ်းဆီးတတ်ကြပြီး ထိုအခါ သူတို့အားလုံး အဖမ်းခံရမည်သာ ဖြစ်သည်။
မှောင်ခိုဈေးကွက်သည် အလွန်အမြတ်အစွန်းများသော်လည်း ၎င်းမှာ ဖမ်းဆီးခံရနိုင်ခြေများပြီး အမြဲတမ်း ကြောက်ရွံ့ထိတ်လန့်စွာ နေထိုင်ရမည်ဟုလည်း ဆိုလိုပေသည်။
နိုင်ငံတော်သည် မှောင်ခိုဈေးကစားခြင်းနှင့် အမြတ်ကြီးစားလုပ်ငန်းများကို နှိမ်နင်းလျက်ရှိသည်။ ရဲများ၏ ဖမ်းဆီးခြင်းခံရပြီး ထောင်ထဲတွင် အကျဉ်းချခံရပါက ပြဿနာကြီးကြီးမားမား ကြုံရမည်သာ ဖြစ်၏။
"ဒါက နောက်ဆုံးကျန်တဲ့ အပ်ချုပ်စက်လက်မှတ်ပဲ..."
ဤအပ်ချုပ်စက်လက်မှတ်ကို ရောင်းချပြီးနောက် လီလန်သည် လုအန်းနာနှင့် တွေ့ဆုံရန် စားနပ်ရိက္ခာရုံသို့ သွားရန် စီစဉ်ထားသည်။
လီလန်သည် မိမိကုန်ပစ္စည်းများကို မည်သို့ အော်ဟစ်ရောင်းချရမည်ကို မသိသောကြောင့် အပ်ချုပ်စက်လက်မှတ်များကို သူ၏ ဈေးခင်းရှေ့တွင်ချကာ ကျောက်ခဲတစ်လုံးဖြင့် ဖိထားလိုက်ရုံသာ ပြုလုပ်ခဲ့သည်။
အချိန်အနည်းငယ် စောင့်ဆိုင်းပြီးနောက် ဆယ်မိနစ်ခန့် ကုန်လွန်သွားလေသည်။
နောက်ဆုံးတွင် အတော်လေး ချမ်းသာပုံရသော ဖောက်သည်တစ်ဦး ရောက်လာပြီး လီလန်ထံမှ အပ်ချုပ်စက်လက်မှတ်ကို ယွမ်ဆယ့်သုံးယွမ်ဖြင့် ဝယ်ယူသွားလေသည်။
အပ်ချုပ်စက်လက်မှတ်များ ရှားပါးလှသော်လည်း ၎င်းတို့မှာ လက်မှတ်များသာဖြစ်ပြီး တကယ့်ကုန်ကျစရိတ်မှာ ငွေကြေးပင် ဖြစ်သည်။
ခွဲတမ်းလက်မှတ် ရှိလျှင်တောင်မှ ယွမ်တစ်ရာကျော်မရှိပါက ထိုအပ်ချုပ်စက်ကို ဝယ်ယူနိုင်မည် မဟုတ်ချေ။
"လယ်ကြွက်က ဆယ့်ငါးယွမ်၊ ကောက်နှံတွေက နှစ်ဆယ့်ခုနစ်ယွမ်၊ ပြီးတော့ အပ်ချုပ်စက်လက်မှတ်က ဆယ့်သုံးယွမ်... စုစုပေါင်းဆိုရင် ဒီတစ်ခေါက် ငါ ငါးဆယ့်ငါးယွမ် ရလိုက်ပြီပဲ..."
လီလန်သည် ငွေများကို ရေတွက်လိုက်ရာ ကွက်တိ ငါးဆယ့်ငါးယွမ် ဖြစ်နေလေသည်။
သူသည် တိတ်တဆိတ် ဝမ်းသာပီတိဖြစ်နေ၏။ နှစ်သစ်ကူးပစ္စည်းများ ဝယ်ရန် မြို့ပေါ်သို့ ဈေးလာဝယ်သော ဤခရီးစဉ်သည် လယ်ကြွက်ကြီးနှင့် ကောက်နှံ ကျင်းသုံးဆယ်အကြောင်း သတင်းအချက်အလက်များကို ရရှိရန် အခွင့်အရေးတစ်ခုသာဖြစ်ပြီး အပ်ချုပ်စက်လက်မှတ်မှာမူ ရွာမှ ချီးမြှင့်သော ဆုလာဘ်တစ်ခု ဖြစ်သည်။
ဤအရာသုံးခု ပေါင်းစပ်လိုက်ခြင်းက ယနေ့တွင် သူ့အား ငါးဆယ့်ငါးယွမ် အမြတ်အစွန်း ရရှိစေခဲ့ပြီ ဖြစ်သည်။
ငါးဆယ့်ငါးယွမ်ဆိုသည်မှာ မြို့ပေါ်ရှိ နိုင်ငံပိုင်စက်ရုံမှ အလုပ်သမားတစ်ဦး၏ လစာထက် အနည်းဆုံး နှစ်ဆခန့် ပိုများလေသည်။
အလုပ်သမားတစ်ယောက်သည် တစ်လလျှင် ယွမ်နှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့်သာ ရရှိသည်။
လီလန်၏ တစ်ရက်တာ လုပ်အားခသည် ထိုအလုပ်သမားများ၏ နှစ်လစာ လုပ်အားခနှင့် ညီမျှနေလေသည်။
လီလန်သည် မူလက မှောင်ခိုဈေးကွက်အတွင်း လှည့်လည်ကြည့်ရှုကာ ဈေးတန်သည့် ပစ္စည်းများ ရနိုင်မရနိုင် ရှာဖွေရန် စီစဉ်ထားသော်လည်း သူ၏ နာရီကို တစ်ချက်ကြည့်လိုက်ပြီးနောက် အချိန်ကုန်လုနီးပါးဖြစ်နေကြောင်း သိလိုက်ရသဖြင့် ဆရာမလုနှင့် သူ၏ ညီမငယ်နှစ်ယောက်ကို သွားခေါ်ရန် စားနပ်ရိက္ခာရုံသို့ အမြန်သွားရမည် ဖြစ်သည်။
လီလန်သည် တံတားအောက်မှ ထွက်ခွာလာပြီး စက်ဘီးစီးထွက်ရန် ပြင်နေစဉ်မှာပင် တံတားအောက်ရှိ မှောင်ခိုဈေးကွက်ကို ဝိုင်းရံထားသော အမျိုးအစား ၅၈ ရဲယူနီဖောင်း ဝတ်ဆင်ထားသည့် ရဲအရာရှိတစ်စုကို မြင်လိုက်ရလေသည်။
"ဒီမှောင်ခိုသမားတွေနဲ့ အမြတ်ကြီးစားတွေကို ဖမ်းကြစမ်း... တစ်ယောက်မှ အလွတ်မပေးနဲ့..."
"ငြိမ်ငြိမ်ထိုင်နေကြ... မလှုပ်နဲ့..."
"..."
"သီသီလေးလွတ်သွားတာပဲ... ငါလည်း အဖမ်းခံရတော့မလို့..."
လီလန်သည် စက်ဘီးစီးလာရင်း သူ၏ ကံကောင်းခြင်းအဆောင်ကို အသုံးမပြုရသေးကြောင်း ရုတ်တရက် သတိရလိုက်သည်။
"ဒါကလည်း... ကံကောင်းမှုတစ်မျိုးလို့ သတ်မှတ်လို့ ရနိုင်မလား..."