အခန်း ၃၀၂
Vol. 31 Ch. 302
အခန်း (၃၀၂)
လျှို့ဝှက်ချက်
ဟယ်ယွိဖန်၏ စကားကို ကြားသောအခါ လီချန်ကျွင်းသည် စားပွဲတင်ဗန်းကို ကိုင်လိုက်ရင်း ပြောလေ သည်...၊
"ကမ္ဘာကြီးက အရင်လို ပုံစံမျိုး ပြန်ဖြစ်လာဖို့ မလွယ်တော့ဘူးလို့ ကျွန်တော် ထင်မိတယ်... ဒီအခြေ အနေ အသစ်ကပဲ နောင်အနာဂတ်မှာ ပုံမှန်လို ဖြစ်သွားလိမ့်မယ်..."
အစားအသောက်များကို ယူပြီးနောက် လီချန်ကျွင်းသည် လစ်လပ်နေသော နေရာတစ်ခုတွင် ထိုင်၍ စားသောက်နေလိုက်၏။ သူသည် အလွန်ဆာလောင်နေသော်လည်း မြင့်မြတ်သော အသိုင်းအဝိုင်းမှ လူတစ်ယောက်ကဲ့သို့ပင် ယဉ်ကျေးသိမ်မွေ့စွာ စားသောက်နေခဲ့လေသည်။
ဘေးစားပွဲတွင် ထိုင်နေသော ဟွမ်ကျိဟွေးက တန်ချီချီကို တံတောင်ဖြင့် အသာတို့ကာ ပြောလိုက်၏...၊
"ချီချီ... ဟိုလူစားနေတာ ကြည့်ပါဦး... သူစားတာက တကယ့် မင်းမျိုးမင်းနွယ်တစ်ယောက်လိုပဲ..."
ထိုစကားကို ကြားသောအခါ ယောင်ရန်က ဝင်ရောက်မှတ်ချက်ပေးလိုက်သည်...၊
"သူ့မိသားစုက ရှေးဟောင်းမင်းဆက်တစ်ခုရဲ့ တိုက်ရိုက်မျိုးဆက်လေ... ရှေ့နေလီက တစ်နည်းအားဖြင့် ပြောရရင် မင်းသားတစ်ပါးပေါ့..."
ယောင်ရန် ပြောပြသည်ကို ကြားသောအခါ ဟွမ်ကျိဟွေး၏ မျက်ဝန်းများမှာ အရည်လဲ့သွားတော့သည်။ သူမသည် အလွန်အမင်း စိတ်လှုပ်ရှားနေသော်လည်း အသံကို ထိန်းကာ တိုးတိုးလေး ပြောလိုက်လေ၏၊
"တကယ့် မင်းသားအစစ်ပေါ့... ကျွန်မ တစ်သက်မှာ မင်းသားတစ်ပါးကို မြင်ရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး..."
ဟွမ်ချန်က သူ၏ ညီမဖြစ်သူကို မျက်စောင်းထိုးကာ မကျေမနပ် ပြောလိုက်လေသည်...၊
"စိုက်ကြည့်မနေဘဲ မြန်မြန်စားစမ်း... လူတွေကို အဲဒီလို စိုက်ကြည့်နေတာ ရိုင်းတယ်..."
ဟွမ်ကျိဟွေးက ပြန်၍ ရန်တွေ့လိုက်၏...၊
"ကျွန်မ်က ခဏလေး ကြည့်ရုံတင်ပါ... ပြီးတော့ သက်ရှိထင်ရှား မင်းသားတစ်ပါးကို နေ့တိုင်း မြင်ရ တာမှ မဟုတ်တာ..."
"မင်းရဲ့ အကြည့်တွေက မင်းရဲ့ အတွေးတွေကို ဖော်ပြနေတာ မင်းသိလား..." ဟု ဟွမ်ချန်က မေးလိုက်လေသည်။
ဟွမ်ကျိဟွေးက သူမ၏ အစ်ကိုဖြစ်သူကို စိတ်ပျက်စွာ ကြည့်ရင်း မေးလိုက်၏...၊
"ကျွန်မက သူ့ကို ဘယ်လိုအကြည့်နဲ့ ကြည့်လို့လဲ..."
"နောက်တစ်စက္ကန့်နေရင် သူ့ကို ဝါးစားတော့မယ့် အကြည့်မျိုးလေ..."
ဟွမ်ချန်က ပေါက်စီကို အားရပါးရ ကိုက်ရင်း ပြန်ပြောလိုက်လေသည်။
ဟယ်ယွိဖန်နှင့် ကုကျောက်ယန်တို့သည် လီချန်ကျွင်းနှင့်အတူ ထမင်းစားပွဲ၌ ဝင်ထိုင်လိုက်သည်ကို မြင် သောအခါ ဟွမ်ကျိဟွေးသည် အစ်ကိုဖြစ်သူနှင့် ငြင်းခုံနေသည်ကို ရပ်လိုက်ပြီး ထိုအမျိုးသားသုံးဦးကို ကြည့်ရင်း အစားစားနေတော့သည်။
သူမသည် သက်ပြင်းတစ်ချက်ချကာ မှတ်ချက်ပေးလိုက်၏...၊
"ဟိုဦးလေးကြီးကတောင် ချောလိုက်တာ... သူငယ်ငယ်တုန်းကဆိုရင် မိန်းကလေး အများကြီးရဲ့ အသည်းစွဲ ဖြစ်ခဲ့မှာ သေချာတယ်..."
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဟွမ်ကျိဟွေးက စိတ်ပျက်လက်ပျက်ဖြင့် ထပ်မံ ပြောဆိုပြန်လေ သည်။
"အင်တာနက်သာ ရှိနေသေးရင် ငါ့အတန်းထဲက အမြင်ကတ်စရာ ကောင်းတဲ့ ကောင်မလေးတွေကို ကြွားလိုက်လို့ ရတာကို..."
တန်ချီချီက ရယ်မောကာ ပြောလိုက်လေ၏...၊
"အခုလိုက ပိုမကောင်းဘူးလား... နင်တစ်ယောက်တည်းပဲ ဒီလိုချောတဲ့လူတွေကို ကြည့်ခွင့်ရတာ လေ..."
သူမ၏ သူငယ်ချင်းစကားကို ကြားသောအခါ ဟွမ်ကျိဟွေးက ရယ်မောလိုက်လေသည်...၊
"နင်ပြောတာ မှန်တယ် ချီချီ..."
သူတို့နှစ်ဦး ပျော်ရွှင်စွာ စကားပြောနေကြစဉ် လုံယုက ယောင်ရန်ဘက်သို့ လှည့်ကာ မေးလိုက်လေ၏...၊
"ရန်ရန်... မင်း သူတို့ကို ဘာမေးချင်လို့လဲ..."
လူများရှိနေသဖြင့် ယောင်ရန်သည် အသံကို နှိမ့်ကာ လုံယုကို တိုးတိုးလေး ပြောလိုက်လေသည်...၊
"ယောင်ယွဲ့ချွမ် ပြောခဲ့တာ ရှင်မှတ်မိလား... လက်ထောက်ဟယ်က ယောင်လုံခြုံရေးကုမ္ပဏီရဲ့ လျှို့ဝှက် ချက်တချို့ကို သိထားတယ်ဆိုတာလေ..."
လုံယုက ခေါင်းငြိမ့်ပြလိုက်၏...၊
"အင်း..."
သူမသည် တိတ်ဆိတ်စွာ အစားစားနေသော အမျိုးသားသုံးဦးကို တစ်ချက်ကြည့်လိုက်ရင်း ရှင်းပြလေ သည်။
"အဘိုးရဲ့ ကိုယ်ရေးကိုယ်တာ လက်ထောက်တစ်ယောက်အနေနဲ့ သူဟာ တပ်ဖွဲ့က အဆင့်မြင့်အရာရှိ တွေတောင် မသိနိုင်တဲ့ အကြောင်းအရာတွေကို သိမှာ သေချာတယ်... ကုမ္ပဏီအကြောင်းနဲ့ အဘိုးက ဘာကြောင့် ကျွန်မကို အမှန်တရားတွေ ဖုံးကွယ်ထားခဲ့တာလဲဆိုတာကို ကျွန်မ သိချင်တယ်..."
"မင်း သူ့ကို ဘယ်တော့ မေးမှာလဲ..."
လုံယုက ခဏမျှ စဉ်းစားပြီးနောက် မေးလိုက်ခြင်းဖြစ်လေ၏။
"အခုတော့ မဟုတ်သေးဘူး..." ဟု ယောင်ရန်က ပြန်ဖြေလိုက်လေသည်။
"သူ့ကြည့်ရတာ နေကောင်းပုံမရသေးဘူး... သူ အနားယူလို့ သက်သာလာတဲ့အထိ ကျွန်မ စောင့်ပါဦး မယ်..."
"ကောင်းပြီလေ... အကူအညီ လိုအပ်ရင် ငါ့ကို ပြောနော်..."
လုံယုက ပြောရင်း ယောင်ရန်၏ ပန်းကန်ထဲသို့ အသားတစ်တုံး ထည့်ပေးလိုက်လေသည်။
ယောင်ရန်က ပြုံး၍ ခေါင်းငြိမ့်ပြလိုက်လေ၏။
"အင်း... ပြောမှာပေါ့..."
နံနက်စာ စားပြီးနောက် ယောင်ရန်သည် သိုလှောင်ခန်းရှိ ရေကန်များကို ဖြည့်တင်းခြင်း၊ ဖန်လုံအိမ်များ နှင့် ဟိုက်ဒရိုပိုးနစ် စိုက်ပျိုးခန်းများရှိ သီးနှံများကို ပြုစုပျိုးထောင်ခြင်း စသည်တို့ကို လုပ်ဆောင်နေခဲ့ လေသည်။ သူမ အလုပ်ရှုပ်နေစဉ် ကုကျောက်ယန်၊ ဟယ်ယွိဖန်နှင့် လီချန်ကျွင်းတို့မှာမူ အနားယူရန် သူတို့၏ အခန်းများသို့ ပြန်သွားခဲ့ကြလေသည်။
မွန်းလွဲပိုင်းတွင် ယောင်ရန်သည် သူတို့အား ရိုးရှင်းသော ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ပေ သည်။ စစ်ဆေးမှုပြီးနောက် သူမသည် သူတို့အား ရက်အနည်းငယ်ခန့် အနားယူရန် ပြောကြားခဲ့ပြီး ထို သုံးဦးအတွက် အဟာရဖြစ်စေမည့် အစားအစာများ ပြင်ဆင်ပေးရန် အန်တီဟန်နှင့် အန်တီစီမာ တို့ကို အကူအညီတောင်းလိုက်လေသည်။
နောက်တစ်နေ့ နံနက်တွင် ယောင်ရန် နိုးလာသောအခါ အပြင်မှ ပြန်လာသော လောင်ဟန်ကို တွေ့လိုက် ရသဖြင့် သူမက မေးလိုက်လေ၏။
"ဦးလေးဟန်... အပြင်မှာ ဟိုလူတွေ ရှိနေသေးလား..."
လောင်ဟန်က ခေါင်းခါပြကာ ပြန်ဖြေလေသည်...။
"သူတို့ ဒီနေ့မနက် အစောကြီးကတည်းက ထွက်သွားကြပြီ... ကျွန်တော်နဲ့ ကျွန်တော့်သားတွေ အပြင်မှာ သန့်ရှင်းရေး သွားလုပ်တုန်းကတော့ ဘယ်သူ့ကိုမှ မတွေ့ခဲ့ရဘူး..."
ထိုစကားကို ကြားသောအခါ ယောင်ရန်က နားလည်ကြောင်း ခေါင်းငြိမ့်ပြလိုက်၏။
"အဲဒါဆိုရင်တော့ ကောင်းတာပေါ့..."
သူမတွင် ထပ်မံ မေးမြန်းစရာ မရှိတော့သည်ကို မြင်သောအခါ လောင်ဟန်က ပြောလိုက်လေသည်၊
"မယောင်ရန်... ကျွန်တော် ဖန်လုံအိမ်ထဲက သီးနှံတွေကို သွားကြည့်လိုက်ဦးမယ်... အရင်သွားနှင့်တော့ မယ်နော်..."
"အင်း... ဦးလေးဟန် ပင်ပန်းသွားပြီ..." ဟု ယောင်ရန်က ပြန်ပြောလိုက်လေသည်။
အပြင်ဘက်တွင် ဒုက္ခသည်များ မရှိတော့သဖြင့် လူတိုင်းသည် မိမိတို့၏ နေ့စဉ်လုပ်ငန်းဆောင်တာ များကို အေးအေးချမ်းချမ်း ပြန်လည် လုပ်ဆောင်ကြတော့သည်။
ယောင်ရန်သည် ထမင်းစားခန်းသို့ ဝင်လာကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း လုံယုကို မတွေ့ ရပေ။ သူမသည် နံနက်စာကို ယူ၍ ကျားရှန်း၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး မေးလိုက်၏။
"မမကျား... အာယုကို တွေ့မိသေးလား..."
ပုံမှန်ဆိုလျှင် လုံယုသည် နံနက်စာ အတူတူစားရန် သူမကို အမြဲ စောင့်ဆိုင်းနေကျ ဖြစ်သောကြောင့် ယ နေ့ သူ့ကို မတွေ့ရသဖြင့် ယောင်ရန်မှာ အနည်းငယ် အထူးအဆန်း ဖြစ်နေမိလေသည်။
ကျားရှန်းက ပေါင်မုန့်ကို အသာအယာ ကိုက်လိုက်ရင်း ပြန်ဖြေလေသည်...၊
"ခေါင်းဆောင်က အာရွှမ်းတို့၊ အာချန်တို့နဲ့ မနက်အစောကြီးကတည်းက ထွက်သွားတယ်လို့ ချွမ်ယွမ်ဝေ့ ဆီက ကြားလိုက်တယ်... သူတို့ ဘာတွေလုပ်နေလဲ၊ ဘယ်ကိုသွားသလဲဆိုတာ ကျွန်မလည်း မသိဘူး... ဒါပေမဲ့ တစ်ခုခုတော့ ထူးဆန်းနေသလိုပဲ..."
ယောင်ရန်က မျက်ခုံးပင့်ကာ စူးစမ်းစွာ မေးလိုက်၏...။
"ဘာကို ဆိုလိုတာလဲ..."
ကျားရှန်းသည် ဘေးပတ်ဝန်းကျင်တွင် လူမရှိသည်ကို သေချာအောင် ကြည့်လိုက်ပြီးမှ ဆက်ပြောလေ သည်။
"ခေါင်းဆောင်က မနေ့ကတည်းက တစ်ခုခုကို လျှို့ဝှက်နေသလိုပဲ... သူ တစ်ခုခုနဲ့ အလုပ်ရှုပ်နေပုံရ ပေမယ့် အာရွှမ်းနဲ့ အာချန်ကလွဲရင် ဘယ်သူ့ကိုမှ မပြောဘူး... ကျွန်မ မေးကြည့်တော့လည်း သူက ရိုးရိုး လေးပဲ ပြန်ဖြေတယ်... ကျွန်မက ခေါင်းဆောင် နဲ့ လက်တွဲလာတာ ကြာပြီဆိုတော့ သူ တစ်ခုခုကို ဖုံးကွယ်နေတယ်ဆိုတာ သိနိုင်တာပေါ့..."
ထိုစကားကို ကြားသောအခါ ယောင်ရန်သည် မျက်မှောင်ကြုတ်သွားပြီး ခဏမျှ တိတ်ဆိတ်သွားခဲ့၏။
သူမ၏ တုံ့ပြန်မှုကို မြင်သောအခါ ကျားရှန်းက စိတ်အေးစေရန် ပြောလိုက်လေသည်။
"သူတို့အတွက် စိတ်မပူပါနဲ့... မကြာခင် သူတို့ ဘာတွေ ကြံစည်နေသလဲဆိုတာ သိလာရမှာပါ... ကျွန်မ တို့ စစ်တပ်ထဲမှာ ရှိတုန်းကလည်း သူတို့သုံးယောက်က အချိန်မတန်မချင်း ကျွန်မနဲ့ တခြားညီအစ်ကို တွေကို ဘာမှမပြောဘဲ လျှို့ဝှက်ထားတတ်ကြတယ်လေ..."
ယောင်ရန်က ခေါင်းငြိမ့်ပြရင်း အသာအယာ ပြုံးလိုက်၏၊
"အင်း..."
ကျားရှန်းနှင့် စကားပြောပြီးနောက် လုံယုသည် ဘာတွေဖြစ်နေသနည်း ဆိုသည်ကို သူမအားလာရောက် ပြောပြမည့် အချိန်ကိုသာ စောင့်ဆိုင်းနေရန် ယောင်ရန် ဆုံးဖြတ်လိုက်တော့သည်။