← Chapters

အခန်း ၃၀၄

Vol. 31 Ch. 304

အခန်း ၃၀၄

Vol. 31 Ch. 304

အခန်း (၃၀၄)

စောင့်ကြည့်ခံရခြင်း

ယွမ်ရီဟွေးသည် လုံယုနှင့် ယောင်ရန်ကို ကြည့်ကာ မေးလိုက်လေသည်..။

"ကျွင်းချန် စစ်အခြေစိုက်စခန်းက ထုတ်ပြန်လိုက်တဲ့ နောက်ဆုံး ကြေညာချက်အကြောင်းကို မင်းတို့ ကြားပြီးကြပြီလား..."

လုံယုက မေးလိုက်လေ၏။

"ရာသီဥတု ပြောင်းလဲမှုအကြောင်းလား..."

ယွမ်ရီဟွေးက ခေါင်းခါပြကာ ရှင်းပြလေသည်၊

"မဟုတ်ဘူး၊ အဲဒါ မဟုတ်ဘူး... လွန်ခဲ့တဲ့ သုံးရက်က စစ်တပ်ကနေ အခြေစိုက်စခန်း တည်ဆောက်ရေး ရဲ့ ပထမအဆင့် ပြီးစီးကြောင်း တရားဝင် ကြေညာလိုက်ပြီ..."

"အစက နောက်ထပ် နှစ်လလောက် ကြာဦးမယ်လို့ ခန့်မှန်းထားပေမဲ့ ဟိုင်ချန်မြို့နဲ့ ဟိုင်ချန် အခြေစိုက် စခန်းက ရောက်လာတဲ့ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ကူညီမှုကြောင့် သတ်မှတ်ထားတာထက် စောပြီး ပြီးစီးသွားခဲ့တာလေ..."

ထိုစကားကို ကြားသောအခါ ယောင်ရန်က မေးလိုက်လေ၏...၊

"အခြေစိုက်စခန်း ပြီးစီးတာနဲ့ ရှင်ပြောတဲ့ စီးပွားရေး အခွင့်အလမ်းနဲ့ ဘာဆိုင်လို့လဲ..."

ယွမ်ရီဟွေးက ပြုံးကာ ပြန်ဖြေလိုက်လေသည်...၊

"စစ်တပ်က အိမ်တွေ ဝယ်ယူဖို့အတွက် အမှတ်တွေ လိုအပ်မယ်လို့ ကြေညာထားတယ်... အဲဒီအမှတ် တွေ ရရှိဖို့ဆိုရင် အစားအသောက် ဒါမှမဟုတ် လောင်စာဆီ တစ်ကီလိုဂရမ်၊ ရေ နှစ်လီတာ၊ ဒါမှမဟုတ် ဖိသိပ်ထားတဲ့ ဘီစကစ်မုန့် နှစ်ကီလိုဂရမ်နဲ့ လဲလှယ်ရမှာလေ..."

"ဟိုင်ချန် အခြေစိုက်စခန်းကနေ လွန်ခဲ့တဲ့ လဝက်လောက်က ရောက်လာတဲ့ အသက်ရှင်ကျန်ရစ်သူ တစ်သိန်းကျော် ရှိနေတာကြောင့် ကျွင်းချန် စစ်အခြေစိုက်စခန်းမှာ နေထိုင်စရာ ရှားပါးမှုတွေ ဖြစ်နေ တယ်... အဲဒါကြောင့် အိမ်ဈေးတွေက ဒီရက်ပိုင်းမှာ သိသိသာသာ တက်နေတာပေါ့..."

"အိမ်ဈေးတွေ တက်လာတော့ အသက်ရှင်ကျန်ရစ်သူ အများစုက အမှတ်တွေရဖို့ လုံလောက်တဲ့ ပစ္စည်း တွေနဲ့ မလဲနိုင်ကြတော့ဘူး... ဒါပေမဲ့ အဲဒီလူတွေထဲက အများစုက ကမ္ဘာပျက်ခင်တုန်းက အရမ်းကို ချမ်းသာခဲ့ကြတဲ့သူတွေလေ..."

သူသည် စကားကို ခဏရပ်ကာ ယောင်ရန်ကို ပြုံးကြည့်ရင်း မေးလိုလေသည်...။

"မယောင်ရန်... တခြားသူတွေမှာ မရှိဘဲ သူတို့မှာပဲ ရှိနိုင်တဲ့အရာက ဘာဖြစ်မယ် ထင်လဲ..."

ယွမ်ရီဟွေး၏ ရှင်းပြချက်ကို စဉ်းစားပြီးနောက် ယောင်ရန်၏ မျက်ဝန်းများ ဝင်းလက်သွားကာ ဖြေလိုက်လေသည်။

"ရှေးဟောင်းပစ္စည်းတွေပေါ့..."

ယွမ်ရီဟွေးက ခေါင်းငြိမ့်ပြကာ ၊

"အတိအကျပါပဲ... မိသားစု အမွေအနှစ်တွေနဲ့ ရှေးဟောင်းပစ္စည်း စုဆောင်းမှုတွေကို အစားအသောက်၊ ရေတွေနဲ့ လဲလှယ်ချင်တဲ့ ဖောက်သည်သစ် တချို့ကို ကျွန်တော် ရှာတွေ့ထားတယ်... မင်းတို့ဆီမှာ ဟိုက် ဒရိုပိုးနစ် စိုက်ပျိုးခန်းတွေနဲ့ ဖန်လုံအိမ်တွေ ရှိနေတာဆိုတော့ ဒီအရောင်းအဝယ်က မင်းကို စိတ်ဝင်စား စေလိမ့်မယ်လို့ ကျွန်တော် ထင်မိလို့ပါ..."

ယောင်ရန်၏ နေရာလွတ်မှာ အဆင့်မြှင့်တင်ရန် လိုအပ်နေသေးသဖြင့် ရှေးဟောင်းပစ္စည်းများ ပိုမိုရရှိ နိုင်မည့် အခွင့်အရေးကို သူမ ဝမ်းမြောက်မိခဲ့လေ၏။ ယွမ်ရီဟွေးက စီးပွားရေးကို သူမထံသို့ တိုက်ရိုက် ယူဆောင်လာပေးသဖြင့် ငြင်းပယ်ရန် အကြောင်းမရှိပေ။

ရေနွေးတစ်ခွက်ကို ငှဲ့လိုက်ရင်း ယောင်ရန်က ပြောလိုက်လေ၏...၊

"ရှင်ပြောတာ မှန်တယ်... ကျွန်မ ဒီစီးပွားရေးကို တကယ် စိတ်ဝင်စားတယ်..."

သူမသည် ရေနွေးခွက်ကို ယွမ်ရီဟွေးရှေ့၌ ချပေးရင်း ဆက်ပြောလေသည်...၊

"အရင်အတိုင်းပဲ... ဈေးမညှိနှိုင်းခင် ကုန်ပစ္စည်းတွေကို အရင်ကြည့်ရမယ်နော်..."

ယောင်ရန်၏ စေ့စပ်သေချာသော လုပ်ဟန်ကို သိရှိထားသဖြင့် ယွမ်ရီဟွေးက သဘောတူလိုက်၏။

"ပြဿနာမရှိပါဘူး... ပုံမှန်အတိုင်းပဲ လုပ်ကြတာပေါ့... မယောင်ရန်... ရှေးဟောင်းပစ္စည်းတွေကို ဒီကိုပဲ ပို့ပေးရမလား..."

တစ်နေရာတည်းတွင် တစ်လကျော်ကြာ နေထိုင်ခဲ့ပြီးနောက် ယောင်ရန်သည် အခြေအနေများကို ကိုယ် တိုင် သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်လေသည်။

"မလိုဘူး... ကျွန်မ အခြေစိုက်စခန်းကို လိုက်ခဲ့မယ်... အချိန်ကုန်သက်သာအောင် အဲဒီမှာပဲ အရောင်းအ ဝယ် လုပ်ကြတာပေါ့..."

ထိုစကားကို ကြားသောအခါ ယွမ်ရီဟွေးမှာ အလွန်ဝမ်းသာသွား၏။ ယောင်ရန် အခြေစိုက်စခန်းသို့ လိုက်လာပါက သူသည် လမ်းခရီးအတွက် လောင်စာဆီ သက်သာမည့်အပြင် ကော်မရှင်ခလည်း ရရှိမည် ဖြစ်ပေသည်။ ယခုအခါ ယောင်ရန်က ဆုံးဖြတ်ချက် ချပြီးပြီ ဖြစ်သောကြောင့် သူ၏ ကော်မရှင် ခအတွက် ဆွေးနွေးရန် အချိန်တန်ပြီ ဖြစ်၏။

အချိန်အတော်ကြာ ညှိနှိုင်းပြီးနောက် အရောင်းအဝယ် ပြီးစီးပါက ယွမ်ရီဟွေးကို ကော်မရှင်ခ (၅) ရာခိုင်နှုန်း ပေးရန် သဘောတူညီမှု ရရှိသွားခဲ့ကြလေသည်။

စီးပွားရေးအကြောင်း ဆွေးနွေးပြီးနောက် ယွမ်ရီဟွေးက မေးလိုက်လေ၏...၊

"မယောင်ရန်... အခြေစိုက်စခန်းကို ဘယ်တော့လောက် သွားချင်လဲ..."

ယောင်ရန်က ခဏမျှ စဉ်းစားကာ ပြန်ဖြေလိုက်၏။

"ပစ္စည်းတွေ ပြင်ဆင်ဖို့ အချိန်နည်းနည်း လိုမယ်... မနက်ဖြန် မနက်မှပဲ သွားကြရအောင်လေ..."

ယွမ်ရီဟွေးတွင် ကန့်ကွက်စရာ မရှိပေ။

"ကောင်းပါပြီ..."

ထို့နောက် ယွမ်ရီဟွေးသည် သူတို့နှင့်အတူ နေ့လယ်စာ စားသောက်ကာ ထိုညတွင် အတူတကွ တည်းခို ခဲ့လေသည်။

တစ်ဖက်တွင်လည်း ယောင်ရန်နှင့် သူမ၏ သူငယ်ချင်းများသည် ဆောက်လုပ်ရေးပစ္စည်းများ၊ အစား အသောက်၊ ရေ၊ ဆေးဝါးများနှင့် အမျိုးသမီးသုံး ပစ္စည်းများ အပါအဝင် အထွေထွေ ပစ္စည်းများကို ကုန်တင်ကားပေါ်သို့ တင်နေရင်း အလုပ်ရှုပ်နေခဲ့ကြလေသည်။

နောက်တစ်နေ့တွင် နေမထွက်မီမှာပင် ယောင်ရန်၊ လုံယုနှင့် ယွမ်ရီဟွေးတို့သည် ခရီးစတင်ခဲ့ကြလေ သည်။

ကုန်တင်ကား၏ ရှေ့ခန်းတွင် ထိုင်နေသော ယောင်ရန်သည် နောက်ကြည့်မှန်မှတစ်ဆင့် သူတို့နောက်မှ လိုက်လာသော ယွမ်ရီဟွေး၏ ကားကို တစ်ချက်ကြည့်လိုက်ပြီးမှ ပြတင်းပေါက် အပြင်ဘက်သို့ ငေး ကြည့်နေမိလေသည်။

ပြီးခဲ့သည့် ခရီးစဉ်နှင့် မတူဘဲ ယခုအခါ လမ်းတစ်လျှောက်တွင် မျိုးရိုးဗီဇပြောင်းလဲနေသော အပင်များမှာ သိသိသာသာ ပိုမိုများပြားလာပေခဲ့၏။ ကံမကောင်းစွာဖြင့် ထိုအပင်များ၏ တောက်ပသော အရောင်အ ဆင်းနှင့် ထူးဆန်းသော ပုံပန်းသဏ္ဍာန်များမှာ ၎င်းတို့သည် အလွန်အန္တရာယ်များပြီး အဆိပ်ရှိကြောင်း ဖော်ပြနေခဲ့ကြလေသည်။

နာရီအနည်းငယ်ကြာ ကားမောင်းပြီးနောက် ယောင်ရန်သည် ယနေ့ခရီးစဉ်မှာ ပုံမှန်ထက် ပို၍ ချောမွေ့ နေသည်ကို သတိပြုမိလိုက်လေ၏။

သူမသည် လုံယုဘက်သို့ လှည့်ကာ မေးလိုက်လေသည်...၊

"အာယု... ဒီနေ့ ခရီးက အရမ်း ချောမွေ့နေတယ်လို့ မထင်ဘူးလား... မျိုးရိုးဗီဇပြောင်း တိရစ္ဆာန် တစ်ကောင်တောင် မတွေ့ရသေးဘူး..."

လုံယုက မျက်မှောင်ကြုတ်ကာ ပြန်ဖြေလိုက်လေသည်။

"ငါတို့ စောင့်ကြည့်ခံနေရတယ်လို့ ခံစားနေရတယ်..."

ထိုစကားကို ကြားသောအခါ ယောင်ရန်လည်း မျက်မှောင်ကြုတ်သွားကာ၊

"တစ်ယောက်ယောက် တကယ် စောင့်ကြည့်နေတာလားဆိုတာ ကျွန်မ စစ်ဆေးကြည့်လိုက်မယ်..."

"ကောင်းပြီလေ..." ဟု လုံယုက ပြောလိုက်၏။

ယောင်ရန်သည် မျက်လုံးများကို မှိတ်ကာ သူမ၏ သစ်စွမ်းအင်ကို ပတ်ဝန်းကျင်သို့ ဖြန့်ကြက်လိုက်လေ ၏။ ငါးမိနစ်ခန့် ကြာပြီးနောက် သူမသည် မျက်လုံးများကို ပြန်ဖွင့်ကာ ခေါင်းခါပြလိုက်လေသည်၊

"မီတာ (၅၀၀) အတွင်းမှာတော့ ဘယ်သက်ရှိကိုမှ ကျွန်မ မခံစားရဘူး..."

လုံယု၏ မျက်မှောင်မှာ ပို၍ ကြုတ်သွားကာ အတွေးနက်သွားဟန် ရှိ၏။ သူသည် ဘာမှ ထပ်မပြော တော့ဘဲ လီဗာကို နင်းကာ ကားကို အရှိန်မြှင့် မောင်းနှင်လိုက်တော့သည်။

သူတို့နောက်မှ လိုက်လာသော ယွမ်ရီဟွေးမှာလည်း ရုတ်တရက် အရှိန်မြှင့်သွားသဖြင့် နားမလည်နိုင် ဖြစ်နေသော်လည်း ကားကို အရှိန်မြှင့်၍ လိုက်ပါလာခဲ့လေသည်။

သူတို့ ထိုနေရာမှ ဖြတ်သွားပြီး မကြာမီမှာပင် ကျောက်ဆောင်ကြီး တစ်ခု၏ နောက်ကွယ်မှ လူတစ်စု ထွက်လာခဲ့ကြလေ၏။ ထို့နောက် ကျောက်ဆောင်ကြီးမှာ ပျောက်ကွယ်သွားပြီး ထိုနေရာတွင် မိန်းက လေးငယ် တစ်ဦး ပေါ်လာခဲ့လေသည်။

မိန်းကလေးငယ်သည် ဆံပင်တိုနှင့် အမျိုးသမီးကို မော့ကြည့်ကာ ပြောလိုက်လေ၏...၊

"အစ်မ... သမီး ဗိုက်ဆာပြီ..."

အမျိုးသမီးက မိန်းကလေးငယ်၏ ဆံပင်ကို အသာအယာ ပွတ်သပ်ပေးရင်း ချော့မော့လိုက်လေသည်။

"ခဏလေး စောင့်ဦးနော်... အစ်မ သမီးအတွက် စားစရာ တစ်ခုခု နောက်မှ ရှာပေးမယ်..."

မိန်းကလေးငယ်က ခေါင်းငြိမ့်ပြကာ သူမဘေးတွင် နားထောင်မှုရှိစွာ ရပ်နေသည်ကို မြင်သောအခါ သူမ သည် လုံယုတို့ ထွက်ခွာသွားသော ဘက်သို့ လှည့်ကြည့်လိုက်လေသည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမက ပြောလိုက်လေသည်...၊

"ငါတို့ သူတို့ကို စောင့်ကြည့်နေတာကို သူတို့ သိသွားပုံရတယ်..."

ကတုံးနှင့် အခြားအမျိုးသမီး တစ်ဦးက အံ့သြစွာဖြင့် ရေရွတ်လိုက်လေ၏...၊

"မဖြစ်နိုင်တာ... ငါ့ရဲ့ ကိုယ်ပျောက် စွမ်းအားက ငါတို့ အားလုံးကို ဖုံးကွယ်ထားတာပဲလေ... ပြီးတော့ မင်း ညီမလေးရဲ့ ပုံဖျက်စွမ်းအားနဲ့ဆိုရင် သူတို့ ငါတို့ကို လုံးဝ ရှာတွေ့နိုင်မှာ မဟုတ်ဘူး..."

All Chapters