အခန်း ၃၀၅
Vol. 31 Ch. 305
အခန်း (၃၀၅)
ကျွင်းချန် စစ်အခြေစိုက်စခန်း
ဆံပင်တိုနှင့် အမျိုးသမီးသည် ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်လေ၏...၊
"ဒီလမ်းပေါ်မှာ သွားလာနေတဲ့လူတွေ ပိုများလာပြီ... သူတို့အားလုံး ကျွင်းချန် စစ်အခြေစိုက်စခန်းကို သွားနေကြတာပဲ ဖြစ်ရမယ်... ငါတို့လည်း အဲဒီကို သွားဖို့ အချိန်တန်ပြီလို့ ထင်တယ်..."
အခြားအမျိုးသမီးများမှာမူ သူမ၏ အကြံပြုချက်ကြောင့် စိုးရိမ်ပူပန်သွားကြလေသည်။ ကတုံးနှင့် အမျိုးသမီးက တုံ့ဆိုင်းစွာဖြင့် ပြောလိုက်လေ၏...၊
"ခေါင်းဆောင်... ကျွန်မတို့မှာ ခဝင်ကြေးပေးဖို့ အပိုပစ္စည်း ဘာမှမရှိဘူးလေ..."
ထိုစကားကို ကြားသောအခါ ဆံပင်တိုနှင့် အမျိုးသမီးမှာ တိတ်ဆိတ်သွားခဲ့လေ၏။
သူမသည် လက်သီးကို တင်းတင်းဆုပ်ကာ ပြောလိုက်လေသည်...၊
"လှေနံဓားထစ် မလုပ်ပါနဲ့... လှေဆိပ်ရောက်ရင် လှေဆိပ်အလျောက် ဖြစ်သွားမှာပါ... ဒီမှာပဲ ဆက်နေ ရင် ငါတို့ သေရမှာပဲ... အသေစောင့်နေမယ့်အစား ကျွင်းချန် စစ်အခြေစိုက်စခန်းကို သွားပြီး အလုပ်တစ် ခုခု ရနိုင်မလားဆိုတာ ကံစမ်းကြည့်တာက ပိုကောင်းလိမ့်မယ်..."
သူတို့၏ ခေါင်းဆောင်က ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်သောကြောင့် အခြားအမျိုးသမီးများကလည်း မတတ်သာဘဲ သဘောတူ ခေါင်းငြိမ့်လိုက်ကြတော့သည်။
တစ်ဖက်တွင်လည်း ကီလိုမီတာ နှစ်ဆယ်ခန့် ထပ်မံ မောင်းနှင်ပြီးနောက် လုံယုက ရုတ်တရက် ပြော လိုက်လေ၏...၊
"စောင့်ကြည့်ခံနေရတဲ့ ခံစားချက် ပျောက်သွားပြီ..."
ထိုစကားကို ကြားသောအခါ ယောင်ရန်သည် စိတ်အေးသွားကာ သက်ပြင်းတစ်ချက် ချလိုက်လေသည်၊သူမက ပြောလိုက်လေသည်...။
"ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားပြီး လူတွေကို စောင့်ကြည့်နိုင်တဲ့ စွမ်းအားရှင် တစ်ယောက်ယောက် ရှိနေတာ ဖြစ်ရမယ်..."
လုံယုက ခေါင်းငြိမ့်ပြလိုက်လေ၏...၊
"အင်း... ကမ္ဘာပျက်ကတည်းက စွမ်းအားတွေက အမျိုးမျိုးပဲလေ... တစ်ယောက်ယောက်မှာ အဲဒီလို စွမ်းအားမျိုး ရှိနေတာက အံ့သြစရာတော့ မဟုတ်ပါဘူး..."
ထို့နောက်တွင်မူ သူတို့၏ ခရီးစဉ်မှာ ချောမွေ့စွာ ကုန်ဆုံးသွားခဲ့လေသည်။ မျိုးရိုးဗီဇပြောင်း တိရစ္ဆာန် အုပ်စုနှင့် ကြုံတွေ့ရသည့် အခါတိုင်း ယောင်ရန်သည် ကားပေါ်မှ ဆင်း၍ ၎င်းတို့ကို ရှင်းလင်းလေ့ ရှိ၏။
မျိုးရိုးဗီဇပြောင်းလဲမှု၏ အစောပိုင်း အဆင့်တွင် မျိုးရိုးဗီဇပြောင်း တိရစ္ဆာန်များ၏ အရေပြားမှာ သာမန် တိရစ္ဆာန်များထက် အနည်းငယ်မျှသာ ပို၍ ထူထဲမာကျောသေးသည်။ ထို့ကြောင့် သူမအနေဖြင့် သေနတ် များနှင့် ဓားရှည်ကို အသုံးပြု၍ သတ်ဖြတ်နိုင်သေးခြင်း ဖြစ်လေ၏။
ယောင်ရန် မျိုးရိုးဗီဇပြောင်း တိရစ္ဆာန်များကို ကျွမ်းကျင်စွာ သတ်ဖြတ်နေသည်ကို ကြည့်ရင်း လုံယုက ဝင်ရောက် မနှောင့်ယှက်ခဲ့ပေ။ သူသည် ကားမောင်းရုံသာ လုပ်ဆောင်ခဲ့ပြီး သူ၏ ချစ်သူ၏ တိကျပြတ် သားသော လှုပ်ရှားမှုများကိုသာ ငေးကြည့်နေခဲ့လေသည်။
ကားထဲတွင် စောင့်နေသော ယွမ်ရီဟွေးမှာမူ ယောင်ရန် မည်မျှ သန်မာသည်ကို ယခုမှပင် အမှန်တကယ် သိရှိသွားတော့သည်။ သူမကို သိခဲ့သည်မှာ တစ်နှစ်နီးပါး ရှိပြီ ဖြစ်သော်လည်း သူမ တိုက်ခိုက်သည်ကို မြင်ဖူးသည်မှာ ယခုအကြိမ်သည် ပထမဆုံးပင် ဖြစ်ချေ၏။
သူမက မျိုးရိုးဗီဇပြောင်း ကြွက်ကြီးတစ်ကောင်၏ ခေါင်းကို တည်ငြိမ်စွာ ဖြတ်ချလိုက်သည်ကို ကြည့် ရင်း ယွမ်ရီဟွေးသည် နဖူးမှ ချွေးအေးများကို သုတ်ကာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်လေ သည်...။
"ငါ သူမကို အမြဲတမ်း ရိုရိုသေသေ ဆက်ဆံခဲ့လို့ တော်သေးတာပေါ့... မဟုတ်ရင် ငါ့ခေါင်းလည်း အဲဒီ ကြွက်လိုပဲ ပြတ်သွားလောက်ပြီ..."
နောက်ဆုံး မျိုးရိုးဗီဇပြောင်း ကြွက်ကို သတ်ဖြတ်ပြီးနောက် ယောင်ရန်သည် ၎င်းတို့၏ အလောင်း များကို လမ်းဘေးသို့ ရွှေ့လိုက်လေ၏။ သူမသည် ဓားရှည်ပေါ်မှ သွေးစများကို ခါထုတ်ကာ ကားပေါ်သို့ ပြန်တက်ခဲ့လေသည်။ လုံယုက ကားကို ဆက်လက် မောင်းနှင်နေစဉ် သူမသည် သူမ၏ လက်နက်ကို သန့်ရှင်းရေး လုပ်နေခဲ့လေ၏။
ကျွင်းချန် စစ်အခြေစိုက်စခန်းကို လှမ်းမြင်ရသည့် အချိန်တွင် ညဉ့်နက်နေပြီ ဖြစ်သည်။ တံခါးများ ပိတ် ထားသည်ကို မြင်သောအခါ ယွမ်ရီဟွေးသည် သူ၏ ကားကို အနီးအနားတွင် ရပ်လိုက်ပြီး အပြင်သို့ ထွက်လာခဲ့လေသည်။
ကုန်တင်ကားဆီသို့ လျှောက်လာရင်း သူက လုံယုကို ပြောလိုက်လေ၏...၊
"အစ်ကိုလုံ... ကျွန်တော်တို့ ရောက်တာ နောက်ကျသွားပြီ... တံခါးတွေ ပြန်ဖွင့်တဲ့အထိ ဆိုရင် မနက်အ ထိ စောင့်ရတော့မယ်..."
လုံယုက ပိတ်ထားသော တံခါးကြီးကို ခဏမျှ ကြည့်လိုက်ပြီးနောက် ပြောလိုက်လေသည်၊
"ကောင်းပြီလေ..."
လုံယုက သဘောတူသဖြင့် ယွမ်ရီဟွေးသည် စိတ်အေးသွားကာ၊
"အစ်ကိုလုံ... တစ်ခုခု လိုအပ်ရင် ကျွန်တော့်ကို ပြောနော်... ကျွန်တော်တော့ သွားနားလိုက်တော့မယ်..."
လုံယုကိုယ်တိုင်လည်း တစ်နေ့လုံး ကားမောင်းလာရသဖြင့် ပင်ပန်းနေပြီ ဖြစ်ရာ ယွမ်ရီဟွေး၏ ပင်ပန်း မှုကို နားလည်ပေးနိုင်ပေသည်။
"ကောင်းပါပြီ..." ဟု သူက ပြန်ဖြေလိုက်၏။
အမျိုးသားနှစ်ဦး စကားပြောနေစဉ် ယောင်ရန်သည် ပတ်ဝန်းကျင်ကို အကဲခတ်ရန် အခွင့်အရေး ယူ လိုက်လေသည်။ သူမသည် မြင့်မားလှသော တံတိုင်းကြီးကို ငေးကြည့်နေစဉ် တစ်ခုခုကို သတိပြုမိသွား ခဲ့လေ၏။
တံတိုင်းကြီး၏ အပေါ်တွင် ငါးမီတာခြားတိုင်း စစ်သည်များကို ချထားပြီး မီတာ (၅၀) ခြားတိုင်းတွင် မီးမောင်းကြီးများ တပ်ဆင်ထားသော ကင်းမျှော်စင်များ ရှိလေသည်။ အဓိက ဝင်ပေါက်မှာ ကြီးမားလှ သော သံတံခါးကြီး ဖြစ်ပြီး ဘေးတစ်ဖက်တစ်ချက်တွင် သံတံခါးငယ် နှစ်ချပ်စီ ရှိနေလေသည်။
ယောင်ရန်က မချီးကျူးဘဲ မနေနိုင်တော့ပေ...၊
"ပစ္စည်းကိရိယာနဲ့ လုပ်အား အကန့်အသတ် ရှိနေတဲ့ ကြားကနေ ခြောက်လမပြည့်ခင်မှာ ဒီလို အခြေ စိုက်စခန်းမျိုးကို တည်ဆောက်နိုင်ခဲ့တာ တကယ့်ကို အံ့သြစရာပဲ..."
သူမ၏ စကားကြောင့် လုံယုသည်လည်း တံတိုင်းကြီးပေါ်မှ စစ်သည်များ၏ အစီအစဉ်ကို လိုက်လံ ကြည့်ရှုလိုက်လေသည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက ဆိုလေသည်...။
"စစ်တပ်မှာ အမြင့်ဆုံး ရာထူးရထားတဲ့လူတွေက သာမန်လူတွေ မဟုတ်ဘူးလေ... သာမန်လူတွေ အတွက် ဒီလို အခြေစိုက်စခန်း တည်ဆောက်ဖို့က မဖြစ်နိုင်ပေမဲ့ စစ်တပ်ကလူတွေ အတွက်တော့ အခက်အခဲ တစ်ခုတော့ မဟုတ်လောက်ဘူး..."
"သူတို့မှာ ကိုယ်ပိုင် အဆက်အသွယ်တွေနဲ့ လျှို့ဝှက် အင်အားတွေ ရှိနေတာဆိုတော့ အချိန်တိုအတွင်းမှာ ဒီလို အခြေစိုက်စခန်းမျိုး တည်ဆောက်နိုင်တာက အံ့သြစရာတော့ မဟုတ်ပါဘူး... ဒါပေမဲ့ တံတိုင်းကို ကာကွယ်ဖို့ ဘာလို့ စစ်သည်တွေ အများကြီး ချထားတာလဲဆိုတာတော့ ကျွန်တော် စဉ်းစားလို့ မရဘူး... တစ်ယောက်ယောက် ကျူးကျော်လာမှာကို စိုးရိမ်နေသလိုပဲ..."
ခဏမျှ စဉ်းစားပြီးနောက် ယောင်ရန်က အကြံပြုလိုက်လေ၏...၊
"ရှင် သိချင်တယ်ဆိုရင် ကျွန်မတို့ ဒီမှာ ရက်နည်းနည်းလောက် နေပြီး စုံစမ်းကြည့်ကြမလား..."
လုံယုသည် သူမ၏ အကြံပြုချက်ကို စဉ်းစားပြီးနောက် ခေါင်းငြိမ့်လိုက်၏။
"ကောင်းပြီလေ..."
ဗိုက်ဆာလာသဖြင့် ယောင်ရန်က မေးလိုက်လေသည်...၊
"ညစာအတွက် ဘာစားချင်လဲ..."
ညဘက် အပူချိန်မှာ (၂၁) ဒီဂရီ ဆဲလ်စီးယပ်စ်ခန့် ရှိနေသဖြင့် ပူပူနွေးနွေး အစားအသောက်မှာ အသင့် တော်ဆုံး ဖြစ်၏။ သူမ၏ လက်ရာကို လွမ်းဆွတ်နေသော လုံယုက လျင်မြန်စွာ ပြန်ဖြေလိုက်လေ၏။
"ဝမ်တွန်စွပ်ပြုတ်..."
သူ့အဖြေကို ကြားသောအခါ ယောင်ရန်သည် နေရာလွတ်ထဲမှ ဝမ်တွန်စွပ်ပြုတ် နှစ်ပွဲကို ထုတ်ယူလိုက် လေသည်။ အစားအသောက်ဗူးများကို ဖွင့်လိုက်သည်နှင့် မွှေးကြိုင်လှသော အငွေ့အသက်များမှာ ပျံ့လွင့်လာပြီး ဝမ်တွန်စွပ်ပြုတ်၏ မွှေးရနံ့မှာ လေထုထဲတွင် ပြည့်နှက်သွားတော့သည်။
ယောင်ရန်သည် လုံယုအား ဇွန်းတစ်ချောင်း ပေးလိုက်ပြီး သူမ၏ ဝမ်တွန်စွပ်ပြုတ်ကို စတင် သုံးဆောင် တော့သည်။ သူတို့နှစ်ဦး ပူနွေးသော ညစာကို အရသာရှိရှိ သုံးဆောင်နေစဉ်မှာပင် ယွမ်ရီဟွေးမှာမူ ဖိသိပ်ထားသော ဘီစကစ်မုန့်များနှင့် ရေအနည်းငယ်ကိုသာ သုံးဆောင်၍ ဗိုက်ဖြည့်ကာ အိပ်စက်ရန် မျက်လုံးများကို မှိတ်လိုက်ရတော့သည်။
နောက်တစ်နေ့ နံနက်အစောပိုင်း၊ မိုးသောက်ယံ အချိန်တွင် စစ်သည်များက သံတံခါးကြီးများကို ဖွင့် ပေးလိုက်ကြ၏။ ထိုအသံကို ကြားသောအခါ လုံယုသည် နိုးလာခဲ့လေသည်။ ယောင်ရန်မှာမူ နှစ်ခြိုက် စွာ အိပ်ပျော်နေသေးသဖြင့် သူမကို မနှိုးရန် သူ ဆုံးဖြတ်လိုက်လေသည်။
သူသည် ကားပေါ်မှ တိတ်တဆိတ် ဆင်းကာ ယွမ်ရီဟွေးကို သွားနှိုးခဲ့လေသည်။ ကားဘေးတွင် ရပ်ရင်း ယွမ်ရီဟွေး အိပ်ပျော်နေသေးသည်ကို မြင်သောအခါ လုံယုက ပြတင်းပေါက်ကို ခေါက်၍ ခေါ်လိုက်၏။
"အစ်ကိုယွမ်... ထတော့... တံခါးတွေ ပွင့်ပြီ..."
အကြိမ်အနည်းငယ် ခေါ်ပြီးနောက် ယွမ်ရီဟွေးမှာ နိုးလာခဲ့လေသည်။ သူက ပြတင်းပေါက်မှန်ကိုချ လိုက်ကာ အိပ်ချင်မူးတူးဖြင့် မေးလိုက်၏...။
"အစ်ကိုလုံ... တစ်ခုခု လိုလို့လား..."
လုံယုက တံခါးဝတွင် တန်းစီနေသော ကားများကို လက်ညှိုးထိုးပြကာ ပြောလိုက်လေသည်...။
"တံခါးတွေ ပွင့်နေပြီ..."