အခန်း ၃၀၉
Vol. 31 Ch. 309
အခန်း (၃၀၉)
ပုံသဏ္ဍာန် ပျက်ပြားခြင်း
လုံယု၏ ပြင်းထန်သော တုံ့ပြန်မှုကြောင့် လီထျန်းယုသည် ခဏမျှ ဆွံ့အသွားလေတော့သည်...။
"..."
*မဟုတ်ဘူးလေ အစ်ကိုရာ... ကျွန်တော်က ခင်ဗျားရဲ့ ချစ်သူကို တစ်ခုခု လုပ်တော့မယ့်လူလိုမျိုး ဘာလို့ အဲဒီလောက်တောင် ဖြစ်နေရတာလဲ...*
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူသည် သူ၏ ယူနီဖောင်းနှင့် အတွင်းခံအင်္ကျီကို ချွတ်လိုက်ရာ သူ၏ ဗလာကျင်းနေသော ရင်ဘတ်မှာ ပေါ်လာခဲ့လေသည်။
"ကျွန်တော် ပြချင်တာ ဒါပါပဲ..." ဟု သူက ဆိုလေသည်...။
လုံယု၏ ခန္ဓာကိုယ် တောင့်တင်းသွားသည်ကို ခံစားမိသောအခါ ယောင်ရန်သည် သူ၏ လက်ဖဝါးကို ဖယ်ရှားလိုက်ပြီး လီထျန်းယုကို ကြည့်လိုက်လေ၏။ သူမ၏ အကြည့်မှာ သူ၏ ရင်ဘတ်ဆီသို့ ရောက် သွားသောအခါ သူမ၏ မျက်နှာမှာ ချက်ချင်းပင် တည်တံ့သွားတော့သည်...။
သူတို့၏ တုံ့ပြန်မှုကို မြင်သောအခါ လီထျန်းယုက သက်ပြင်းချလိုက်၏။
ကျောက်တုံးကဲ့သို့ ဖြစ်နေသော သူ၏ ရင်ဘတ်ကို လက်ညှိုးထိုးပြရင်း သူက ရှင်းပြလေသည်...။
"ကျွန်တော့် ခန္ဓာကိုယ်က ဘာလို့ ဒီလို ဖြစ်သွားရတာလဲဆိုတာ ကျွန်တော်လည်း မသိဘူး... ဒါကို တခြား ဘယ်သူ့ကိုမှလည်း ပြောပြလို့ မရတာကြောင့် ခင်ဗျားတို့ဆီကို လာခဲ့တာပါ... ခင်ဗျားတို့ ကျွန်တော့်ကို ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်..."
လီထျန်းယု၏ မျက်ဝန်းများထဲတွင် အကူအညီမဲ့မှုနှင့် ကြောက်ရွံ့မှုများကို လုံယု ပထမဆုံးအကြိမ် မြင် တွေ့လိုက်ရခြင်းပင် ဖြစ်ချေသည်။ သူသည် ခဏမျှ တိတ်ဆိတ်နေပြီးမှ မေးလိုက်လေ၏...။
"ဘာလို့ ဝူလျန် ဒါမှမဟုတ် တပ်ကြပ်ရွှီဆီက အကူအညီ မတောင်းတာလဲ... သူတို့မှာ ခင်ဗျားကို ကူညီ နိုင်မယ့် ဆရာဝန်တွေ အများကြီး ရှိမှာပဲလေ..."
လီထျန်းယုသည် နေရာတွင် ပြန်ထိုင်လိုက်ရင်း ပြန်လည် ဖြေလိုက်လေသည်..။
"ခင်ဗျားတို့ မသိသေးဘူး ထင်တယ်..."
"ဘာကိုလဲ..." ဟု လုံယုက မေးလိုက်၏။
လီထျန်းယုက ခဏမျှ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်လေသည်...၊
"တပ်ကြပ်ရွှီနဲ့ အဆင့်မြင့် အရာရှိတွေက စွမ်းအားရှင်တွေအပေါ် စမ်းသပ်မှုတွေ လုပ်ဖို့အတွက် ရန်ပုံ ငွေတွေ ထောက်ပံ့ပေးနေကြတာ... ဝူလျန်ကလည်း စီမံကိန်းရဲ့ အဓိက သိပ္ပံပညာရှင် ရွှယ်ဝန်ကျယ်ကို ကူညီပေးနေတယ်..."
ထိုစကားကို ကြားလိုက်ရသည်နှင့် ယောင်ရန်နှင့် လုံယုတို့၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွား လေတော့၏။
ယောင်ရန်သည် သူမ၏ လက်သီးကို တင်းတင်းဆုပ်ကာ အေးစက်စွာ မေးလိုက်လေသည်...။
"သူတို့က ဘယ်လို စမ်းသပ်မှုမျိုးတွေ လုပ်နေတာလဲ..."
လီထျန်းယုက ခေါင်းခါပြကာ ရှင်းပြလေသည်..။
"အသေးစိတ်ကိုတော့ ကျွန်တော် မသိဘူး...၊ ကျွန်တော် သိတာကတော့ လွန်ခဲ့တဲ့ ငါးလခွဲလောက်က အမျိုးသမီး တစ်ယောက် ဒီကို ရောက်လာပြီး လေဟာနယ်ထဲကနေ ရေတွေကို ဖန်တီးနိုင်တယ်လို့ ပြောခဲ့တယ်... သူမကြောင့် ယုံကြည်သူတွေ အများကြီး စုမိသွားပြီး အခြေစိုက်စခန်းမှာ ရုန်းရင်းဆန် ခတ်တွေ ဖြစ်ခဲ့တာလေ... "
"ဝူလျန်က ဒီအကြောင်းကို သိသွားပြီး သူမကို ဖမ်းဆီးသွားခဲ့တယ်... အဲဒီနောက်မှာ ကျွန်တော့်ကို စွမ်းအားရှင်တွေ ရှာဖွေပြီး အခြေစိုက်စခန်းကို ဖိတ်ခေါ်ဖို့ လျှို့ဝှက် တာဝန်တစ်ခု ပေးခဲ့တယ်... ဒါပေမဲ့ ဒီကို ရောက်လာတဲ့ စစ်သည်တွေ အပါအဝင် လူအားလုံးဟာ တစ်စုံတစ်ရာ အစအန မကျန်ဘဲ ပျောက် ကွယ်သွားကြတယ်..."
"အဲဒါကြောင့် သူတို့ ဘယ်ရောက်ကုန်သလဲဆိုတာကို ကျွန်တော် စုံစမ်းခဲ့တာပေါ့... လပေါင်းများစွာ စုံစမ်းပြီးတဲ့နောက်မှာ ရွှယ်ဝန်ကျယ်က စွမ်းအားရှင်တွေအပေါ် စမ်းသပ်မှုတွေ လုပ်နေတယ်ဆိုတာ ကျွန်တော် သိလိုက်ရတယ်... အခု ကျွန်တော်တို့ စကားပြောနေတဲ့ အချိန်မှာတောင် အဲဒီလူတွေဟာ ဓာတ်ခွဲခန်းထဲမှာ စမ်းသပ်ခံ သက်ရှိတွေအဖြစ် ရှိနေကြတုန်းပဲ..."
ထိုစကားကို ကြားသောအခါ လုံယုက ပြောလိုက်လေသည်...။
"အဲဒါကြောင့်ပဲ ခင်ဗျားက တပ်ကြပ်ရွှီဆီမှာ အကူအညီ မတောင်းဘဲ ကျွန်တော်တို့ကို လာရှာတာပေါ့..."
လီထျန်းယုက ခေါင်းငြိမ့်ပြလိုက်၏...။
"ဟုတ်ပါတယ်..."
အတည်ပြုချက် ရရှိပြီးနောက် လုံယုသည် ယောင်ရန်ဘက်သို့ လှည့်ကာ မေးလိုက်လေသည်...။
"ရန်ရန်... မင်း ကပ္ပတိန်လီကို ကူညီနိုင်မယ့် နည်းလမ်း ရှိမလား..."
ယောင်ရန်က ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေလေသည်...။
"ကူညီနိုင်မယ့် နည်းလမ်း ရှိနိုင်ပေမယ့် ကျွန်မ တစ်ခါမှတော့ မစမ်းသပ်ဖူးဘူး... အဆင်ပြေမပြေတော့ ကျွန်မ မသေချာဘူး..."
သူမတွင် နည်းလမ်း ရှိသည်ဟု ကြားသောအခါ လီထျန်းယုက ချက်ချင်းပင် ပြောလိုက်လေ၏...၊
"ကျွန်တော် စမ်းကြည့်ဖို့ အသင့်ပါပဲ..."
သူ၏ ပြတ်သားမှုကို မြင်သောအခါ ယောင်ရန်သည် သူမ၏ ကျောပိုးအိတ်ကို ဖွင့်လိုက်လေ၏။ သူမ သည် အိတ်ကို အကာအကွယ်ယူ၍ သူမ၏ နေရာလွတ်ထဲရှိ ရေကန်မှ ရေများ ထည့်ထားသော ပုလင်း ငယ်လေးကို သတိမထားမိအောင် ထုတ်ယူလိုက်လေသည်။
သူမက လီထျန်းယုကို ကြည့်ကာ ညွှန်ကြားလိုက်လေ၏...။
"ကျွန်မကို ခွက်တစ်ခွက်လောက် ပေးပါဦး..."
လီထျန်းယုသည် ထရပ်ကာ ခွက်တစ်ခွက် ယူလာပေးလိုက်လေသည်။ ယောင်ရန်သည် ထိုခွက်ထဲသို့ ရေကန်မှ ရေအနည်းငယ် လောင်းထည့်ကာ သူ့အား ကမ်းပေးလိုက်၏။
"ဒါကို သောက်လိုက်ပါ..."
လီထျန်းယုသည် ထိုရေကို ကြည့်လိုက်ရာ သာမန်ရေကဲ့သို့ပင် မြင်ရသော်လည်း သူက နားခံမှုရှိစွာ သောက်လိုက်လေသည်။
သုံးစက္ကန့်ခန့် ကြာသောအခါ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး နွေးထူးသွားသည်ကို သူ ခံစားလိုက်ရ၏။ သူက ယောင်ရန်အား ထိုရေမှာ မည်သို့သော ရေမျိုးလဲဟု မမေးနိုင်ခင်မှာပင် သူ၏ ရင်ဘတ်မှ ပြင်းထန်သော နာကျင်မှုတစ်ခု ပေါ်ထွက်လာခဲ့လေသည်။
လီထျန်းယုသည် သူ၏ ရင်ဘတ်ကို ဖိဆုပ်ထားရင်း ချွေးစေးများ ထွက်လာကာ နာကျင်မှုကို အံကြိတ် ခံစားနေရတော့သည်။
ယောင်ရန်သည် သူ့ကို တည်ငြိမ်စွာ စောင့်ကြည့်ရင်း မေးလိုက်လေ၏...။
"နာကျင်တာအပြင် တခြား ဘာတွေ ခံစားရသေးလဲ..."
လီထျန်းယုက သွားကို တင်းတင်းစေ့ထားရင်း ခက်ခဲစွာ ပြန်ဖြေလေသည်...။
"ပထမတော့ နွေးထွေးသလို ခံစားရတယ်... အခုတော့ ရင်ဘတ်က ရုတ်တရက် နာလာတာပဲ... အသား တွေ ဆွဲဖြဲခံနေရသလို ခံစားရတယ်... ပူပြီးတော့လည်း ယားနေတယ်..."
သူ၏ ပြောပြချက်ကို နားထောင်ပြီးနောက် ယောင်ရန်သည် လုံယုဘက်သို့ လှည့်ကာ ပြောလိုက်လေ သည်...။
"အာယု... ကပ္ပတိန်လီကို ကုတင်ပေါ်မှာ လှဲပေးပါဦး... သူ့ရင်ဘတ်ကို ကျွန်မ စစ်ဆေးဖို့ လိုတယ်..."
"ကောင်းပြီလေ..."
လုံယုက ပြောရင်း လီထျန်းယုကို ကုတင်ပေါ်သို့ မပြီး တင်ပေးလိုက်လေ၏။
ယောင်ရန်သည် ကုလားထိုင် တစ်လုံးကို ဆွဲယူကာ ခေါက်ကုတင် ဘေးတွင် ထိုင်လိုက်လေသည်။ လီထျန်းယုသည် နာကျင်မှုကြောင့် သတိလစ်သွားသည်ကို မြင်သောအခါ သူမသည် နေရာလွတ်ထဲမှ ဆရာဝန်သုံး နားကြပ်ကို ထုတ်ယူကာ သူ၏ ခန္ဓာကိုယ်ကို စတင် စစ်ဆေးလေတော့သည်။
သူမ စစ်ဆေးနေစဉ်မှာပင် လုံယုသည် လီထျန်းယု၏ ရင်ဘတ်ကို ငေးကြည့်နေမိ၏။ ရင်ဘတ် ဧရိယာရှိ အသားစများမှာ သဲများကဲ့သို့ စတင်၍ ကွဲအက်ကာ ကြွေကျလာသည်ကို သတိပြုမိသောအခါ သူက မေးလိုက်လေသည်...။
"ရန်ရန်... မင်း သူ့ကို ဘာတွေ တိုက်လိုက်တာလဲ... ဒါက တကယ် အလုပ်ဖြစ်နေတာလား..."
"ရေကန်ထဲက ရေတွေပါ..."
ယောင်ရန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်လေ၏...။
"ဒီရေကို ပုံသဏ္ဍာန် ပျက်ပြားခြင်းကို ကုသဖို့ အသုံးပြုတာက ပထမဆုံးအကြိမ်ဆိုတော့ ကျွန်မလည်း အလုပ်ဖြစ်မဖြစ် မသေချာခဲ့ဘူး..."
သူမ ရှင်းပြပြီးနောက် သူတို့နှစ်ဦးသည် လီထျန်းယုကို ဆက်လက် စောင့်ကြည့်နေကြလေသည်။
နှစ်နာရီခန့် ကြာပြီးနောက် လီထျန်းယု၏ ရင်ဘတ်ပေါ်ရှိ ကျောက်တုံးကဲ့သို့သော အသားစများမှာ လုံးဝ ပျောက်ကွယ်သွားပြီး အသားနုအသစ်များ စတင်၍ ထွက်ပေါ်လာခဲ့လေသည်။ ထိုအသားစများမှာ ပန်းရောင်သန်းနေကာ နူးညံ့ချောမွေ့နေပြီး အရင်က ပုံပျက်နေခဲ့သည့် အစအနအဖြစ် အနည်းငယ် ချိုင့် ဝင်နေသော နေရာလေးသာ ကျန်ရှိတော့ပေသည်။
ရေကန်မှ ရေများသည် ပုံသဏ္ဍာန် ပျက်ပြားခြင်းကို အမှန်တကယ် ကုသနိုင်သည်ကို သိလိုက်ရသော အခါ ယောင်ရန်၏ မျက်ဝန်းများမှာ ဝင်းလက်သွားကာ ပြောလိုက်လေသည်...။
"အာယု... ကပ္ပတိန်လီကို ရေနည်းနည်း ထပ်တိုက်လိုက်ပါဦး..."
လုံယုက ခေါင်းငြိမ့်ပြကာ ကျန်ရှိနေသော ရေများကို လီထျန်းယုအား တိုက်လိုက်လေ၏။ ခဏအကြာ တွင် သူ၏ ရင်ဘတ်ရှိ ချိုင့်ဝင်နေသော နေရာမှာ ပုံမှန် ပြန်ဖြစ်သွားပြီး သူ၏ မျက်နှာ အသားအရေမှာ လည်း သိသိသာသာ ကောင်းမွန်လာခဲ့လေသည်။
ထိုအပြောင်းအလဲကို ကိုယ်တိုင် မြင်တွေ့လိုက်ရပြီးနောက် ယောင်ရန်က ကောက်ချက်ချလိုက်၏...။
"ပုံသဏ္ဍာန် ပျက်ပြားခြင်းကို ကုသဖို့ လိုအပ်တဲ့ ရေပမာဏက အခြေအနေရဲ့ ဆိုးရွားမှုပေါ်မှာ မူတည်ပုံ ရတယ်..."
လုံယုသည်လည်း ရလဒ်ကို ကျေနပ်သဖြင့် ပြောလိုက်လေသည်...။
"ဒါက တကယ်ကို အံ့သြစရာပဲ... မင်းရဲ့ ဒီရေတွေနဲ့ဆိုရင် လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ပြောင်းလဲပစ် နိုင်လိမ့်မယ်..."
ယောင်ရန်ကလည်း သဘောတူကြောင်း ခေါင်းငြိမ့်ပြလိုက်၏။ ယခုအခါ လီထျန်းယု၏ ခန္ဓာကိုယ်မှာ ပုံမှန် ပြန်ဖြစ်သွားပြီ ဖြစ်ရာ၊ သူ နိုးလာသည့် အခါတွင် သူ၏ စွမ်းအားများ ရှိနေသေးသလား ဆိုသည်ကို သာ စောင့်ကြည့်ရန် ကျန်ရှိတော့ပေသည်။
ယောင်ရန်သည် စားပွဲတွင် ထိုင်ကာ သူမ၏ နေရာလွတ်ထဲမှ ရောင်ခြည်တိုင်းစက်ကို ထုတ်၍ ဖွင့်လိုက် လေ၏။ မျက်နှာပြင်ထက်တွင် (၆၀၀) mSv ဟု ပြသလာသောအခါ ယောင်ရန်နှင့် လုံယုတို့သည် တစ်ဦး ကိုတစ်ဦး ကြည့်လိုက်ကြလေသည်...။