← Chapters

အခန်း ၁၁၁

Vol. 12 Ch. 111

အခန်း ၁၁၁

Vol. 12 Ch. 111

အခန်း - ၁၁၁

ရှားပူခရိုင်သည် ရွှယ်ချင်းမြို့၏ သက်တမ်းရင့် မြို့ပြခရိုင်များထဲမှ တစ်ခုဖြစ်သည်။ ပညာရေးဇုန် ဖြစ်သည့်အလျောက် စီးပွားရေးအငွေ့အသက်က သိပ်မပြင်းထန်လှသော်လည်း ရှားပူခရိုင်၏ ကုန်သွယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မရှိဟုတော့ မဆိုလိုပေ။

ဆန့်ကျင်ဘက်အနေဖြင့် ရှားပူခရိုင်၏ ကုန်သွယ်ရေးမှာ အလွန်တရာ ဖြစ်ထွန်းအောင်မြင်ပြီး ရှားပူလူသွားလမ်းစျေးဆိုလျှင် ရွှယ်ချင်းမြို့၏ နာမည်ကျော် ကုန်သွယ်မှုဇုန်များထဲမှ တစ်ခုပင် ဖြစ်သည်။

ရှီလဲ့သည် သင့်တော်မည့် အဝတ်အထည်ဆိုင်တစ်ဆိုင်ကို လိုက်လံရှာဖွေရင်း ရှားပူလူသွားလမ်းစျေးတစ်လျှောက် ဘေးဘယ်ညာရှိ ဆိုင်ခန်းများကို အကဲခတ်ကာ လမ်းလျှောက်လာခဲ့သည်။ လမ်းဘေးဝဲယာတွင် အားကစားအမှတ်တံဆိပ် ဆိုင်များစွာရှိသော်လည်း ရှီလဲ့က ချက်ချင်းပင် စာရင်းမှ ပယ်လိုက်သည်။

လီကျစ်ယွဲ့ သည် ယခုနှစ်တွင် အသက် နှစ်ဆယ့်ခြောက်နှစ် ရှိပြီဖြစ်ပြီး ရှီလဲ့၏ ရုပ်ရည်သွင်ပြင်ကလည်း ကလေးကလား နိုင်လှသည်မဟုတ်ပါ။ အကယ်၍ သူသာ အားကစားဝတ်စုံများကို ဝတ်ဆင်မည်ဆိုပါက လီကျစ်ယွဲ့နှင့် လိုက်ဖက်ညီမည်မဟုတ်ပေ။

အားကစားအမှတ်တံဆိပ်များကို လက်လျှော့ပြီးနောက် ရှီလဲ့သည် လမ်းပေါ်တွင် အချိန်မဖြုန်းတော့ဘဲ ဝမ်ဖူကျင်းကုန်တိုက် ထဲသို့ တိုက်ရိုက်ဝင်လာခဲ့လိုက်သည်။ ဝမ်ဖူကျင်း ကုန်တိုက်သည် ရှားပူခရိုင်ရှိ ထိပ်တန်းအဆင့်မြင့် စီးပွားရေးကုန်တိုက်ကြီးများထဲမှ တစ်ခုဖြစ်ပြီး အတွင်း၌ နာမည်ကြီးအမှတ်တံဆိပ် အမျိုးမျိုးကို ခင်းကျင်းပြသထားပေသည်။

ရှီလဲ့ အမျိုးသားဝတ်စုံခန်းမသို့ ရောက်ရှိသောအခါ ကမ္ဘာကျော် အမျိုးသားအဝတ်အထည် အမှတ်တံဆိပ်များစွာနှင့် ပြည်တွင်းဖြစ် နာမည်ကြီးအမှတ်တံဆိပ်အချို့ကို တွေ့လိုက်ရသည်။ အကယ်၍ သူပြန်လည်မွေးဖွားခြင်း မတိုင်မီကသာဆိုလျှင် ဤနေရာရှိ အဝတ်အစားများကို ဝယ်ယူလိုစိတ် အနည်းငယ်မျှ ရှိလိမ့်မည်မဟုတ်ပေ။

သို့သော် ယခုအခါတွင်မူ ရှီလဲ့၌ အတန်အသင့်ရှိသော အရင်းအမြစ်များ ရှိနေပြီဖြစ်ရာ အဝတ်အစား တစ်စုံနှစ်စုံ ဝယ်ယူသည့် အသုံးစရိတ်ကို အရေးတကြီး တွက်ချက်နေစရာမလိုတော့ပါ။

ဆိုင်ထဲသို့ လမ်းလျှောက်ဝင်သွားစဉ် အရပ်ရှည်ရှည်နှင့် အမျိုးသမီးအရောင်းစာရေး နှစ်ဦးက ရှီလဲ့ကို တစ်ချက်လှမ်းကြည့်ပြီးနောက် မည်သည့်စိတ်ဝင်စားမှုမျှမရှိဘဲ ခေါင်းလွှဲသွားကြသည်။ လူကို အပြင်ပန်းသွင်ပြင်ဖြင့် ဆုံးဖြတ်သည်ဟု ၎င်းတို့အား အပြစ်တင်၍မရပေ။ ရှီလဲ့ ဝတ်ဆင်ထားသည့် ဝတ်စုံများကို ကြည့်ခြင်းအားဖြင့် အီတလီဇိမ်ခံအမှတ်တံဆိပ်ဖြစ်သော ဗာ‌ဆေ့ကို ဝယ်ယူနိုင်ခြေမှာ အလွန်နည်းပါးလွန်းလှသည်။

သို့သော်လည်း အလုပ်သင်တံဆိပ် ရင်ထိုးထိုးထားသည့် အမျိုးသမီးအရောင်းစာရေးလေးတစ်ဦးကမူ ရှီလဲ့အနားတွင် ကြောက်ကြောက်လန့်လန့်ဖြင့် ရပ်ကာ "မင်္ဂလာပါရှင်၊ ဗာဆေ့မှ ကြိုဆိုပါတယ်" ဟု နှုတ်ဆက်ရှာသည်။

ရှီလဲ့က ခေါင်းငြိမ့်ပြကာ ရည်ရွယ်ချက်ရှိရှိဖြင့် မေးလိုက်သည်။ "ငါ တကယ် သိချင်လို့ပါ၊ ဘယ်လိုပဲကြည့်ကြည့် ငါက မင်းတို့ ဗာဆေ့ရဲ့ အလားအလာရှိတဲ့ ဝယ်သူတစ်ယောက် မဟုတ်ပါဘူး မင်း ဘာလို့ ငါ့ကို လာနှုတ်ဆက်တာလဲ... မင်းရဲ့ လုပ်ဖော်ကိုင်ဖက်နှစ်ယောက်က တကယ့်ကို အမြော်အမြင်ရှိကြတယ်၊ ငါက ဝယ်မယ့်သူမဟုတ်မှန်း သူတို့သိလို့ ငါ့အတွက် ‌လေကုန်ခံပြီး စကားပြောမနေကြဘူးလေ"

ရှီလဲ့သည် မည်သည့်အရှက်အကြောက်မျှမရှိဘဲ ယုံကြည်ချက်အပြည့်ဖြင့် ပြောဆိုလိုက်ခြင်းဖြစ်သည်။

အလုပ်သင်အရောင်းစာရေးလေး၏ မျက်နှာမှာ အနည်းငယ်နီရဲသွားပြီး ရှီလဲ့ကို တစ်ချက်ကြည့်ကာ "တောင်းပန်ပါတယ်ရှင့်၊ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်နှစ်ယောက်က လူကြီးမင်းကို အထင်သေးတဲ့သဘောနဲ့ လုပ်တာမဟုတ်ပါဘူး" ဟု ဆိုသည်။

ရှီလဲ့က ပြုံးလျက် အရောင်းစာရေးလေး၏ အမည်ကတ်ကို လှမ်းကြည့်လိုက်သည်။ "ဪ... မင်းနာမည်က ပိုင်လင်းကိုး၊ နာမည်လေးက လှသားပဲ"

ပိုင်လင်း၏ မျက်နှာမှာ ပို၍ပင် နီမြန်းသွားကာ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့သွားတော့သည်။

ငွေကောင်တာရှိ အမျိုးသမီးအရောင်းစာရေးတစ်ဦးက နှာခေါင်းရှုံ့ကာ ရှီလဲ့ကို မထီမဲ့မြင် ကြည့်လိုက်ပြီးနောက် "ပိုင်လင်း ဟိုဘက်က ရှပ်အင်္ကျီတွေကို သွားရေလိုက်ဦး" ဟု ခိုင်းလိုက်သည်။

ပိုင်လင်းက "မမဟွမ်၊ ဟုတ်ကဲ့ပါရှင့်" ဟု အလျင်အမြန် ပြန်ပြောလိုက်သည်။

ထိုစဉ် ဗာဆေ့ဆိုင်အပြင်ဘက်မှ ပျိုမြစ်နုနယ်ပြီး လှပသောအမျိုးသမီးတစ်ဦးသည် သက်လတ်ပိုင်းအမျိုးသားတစ်ဦး၏ လက်မောင်းကို ချိတ်၍ လမ်းလျှောက်ဝင်လာသည်။ ရှီလဲ့သည် ထိုမလိုက်ဖက်သည့် စုံတွဲကို လှမ်းကြည့်လိုက်ရာ သူ၏မျက်ဝန်းထဲတွင် စနောက်လိုသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။

ရှီလဲ့ကို မြင်သည်နှင့် တပြိုင်နက် ထိုသက်လတ်ပိုင်းအမျိုးသားသည် အမျိုးသမီးငယ်၏ လက်မောင်းကို အမြန်ရုန်းထွက်လိုက်ပြီး ရှက်ရွှံ့သော အမူအရာဖြင့် "အို... မစ္စတာရှီ၊ မင်း ဘာလို့ ဒီကို ရောက်နေတာလဲ" ဟု နှုတ်ဆက်လေသည်။

ဤသက်လတ်ပိုင်းအမျိုးသားကား ဖုန်းခဲ့ပင် ဖြစ်သည်။

သူသည် ရှီချောင်ခရိုင်၊ ပိုင်နောင်အဆောက်အအုံရှိ ဟွမ်းရှီလုံခြုံရေးကုမ္ပဏီမှ ဖုန်းခဲ့ ဖြစ်ပြီး ရှီလဲ့အတွက် ပထမဆုံးသော ရွှေအိုးကြီးကို ဖော်ဆောင်ပေးခဲ့သည့် ရင်းမြစ်လည်း ဖြစ်သည်။

ရှီလဲ့က အမျိုးသားအချင်းချင်း နားလည်နိုင်သော အပြုံးမျိုးဖြင့် ပြုံးပြလိုက်ပြီး "အထွေထွေမန်နေဂျာဖုန်း၊ ခင်ဗျားရဲ့ အရသာက တကယ့်ကို အဆင့်မြင့်တာပဲ" ဟု ဆိုလိုက်သည်။

"အဟွတ် အဟွတ်" ဖုန်းခဲ့က အဆက်မပြတ် ချောင်းဆိုးလိုက်ပြီး "မစ္စတာရှီ၊ မတွေ့ရတာ ကြာပြီနော် မစ္စတာရှီ၊ အဝတ်အစား ဝယ်မလို့လား ဘယ်တစ်ခုကို သဘောကျလဲ၊ ကျွန်တော် လက်ဆောင်ပေးပါရစေ မစ္စတာရှီ"

ဖုန်းခဲ့သည် ရက်ရောချင်ယောင်ဆောင်နေသော်လည်း အမှန်စင်စစ်တွင်မူ နှုတ်ပိတ်ခ ပေးနေခြင်းသာ ဖြစ်သည်။

ရှီလဲ့က ရယ်မောလျက် ခေါင်းခါပြကာ "အထွေထွေမန်နေဂျာဖုန်း၊ အဝတ်အစား တစ်စုံနှစ်စုံလောက်တော့ ကျွန်တော် ကိုယ်တိုင် ဝယ်နိုင်ပါသေးတယ်" ဟု ဆိုသည်။

ဖုန်းခဲ့၏ မျက်နှာအမူအရာမှာ အနည်းငယ် ပျက်သွားပြီး ရှီလဲ့က ငွေပိုလိုချင်၍ ငြင်းသည်ဟု ထင်မှတ်ကာ "မစ္စတာရှီ၊ ကျွန်တော် ပြီးခဲ့တဲ့အကြိမ်က မင်းကို ထမင်းတစ်နပ် ကျွေးဖို့ အကြွေးကျန်သေးတယ်လေ ဒီနေ့တော့ အချိန်အခါကောင်းပဲ၊ နေ့လယ်စာ အတူတူ စားကြမလား" ဟု ကမ်းလှမ်းပြန်သည်။

"အထွေထွေမန်နေဂျာဖုန်း၊ ခင်ဗျား အထင်လွဲနေပြီ" ရှီလဲ့က စိတ်ပျက်လက်ပျက် အပြုံးဖြင့် "ကျွန်တော့်မှာ ဒီနေ့ လုပ်စရာ ကိစ္စတွေရှိလို့ပါ အကယ်၍ ခင်ဗျား တကယ်ပဲ အားနာတယ်ဆိုရင် ပြီးရင် ကျွန်တော့်ကို လက်ဖက်ခြောက်ကောင်းကောင်းလေးတွေ မိတ်ဆက်ပေးပါဦး၊ လက်ဆောင်ပေးဖို့ ဝယ်ချင်လို့ပါ"

ငွေကောင်တာမှ အမျိုးသမီးအရောင်းစာရေးနှစ်ဦးမှာ ရှီလဲ့နှင့် ဖုန်းခဲ့တို့ကို အံ့သြတုန်လှုပ်စွာ ကြည့်နေကြပြီး ဆင်းရဲသားကောင်လေးတစ်ယောက်က အောင်မြင်ကျော်ကြားပုံရသည့် သက်လတ်ပိုင်းလူကြီးတစ်ယောက်နှင့် မည်သို့သိကျွမ်းနေသည်ကို နားမလည်နိုင် ဖြစ်နေကြသည်။

ရှီလဲ့က ပိုင်လင်းကို လက်လှမ်းပြလိုက်ပြီး "ပိုင်လင်၊ ဒါလေးတွေ အထုပ်ထုတ်ပေးပါဦး"

ရှီလဲ့သည် ရှပ်အင်္ကျီတစ်ထည်၊ ခါးပတ်တစ်ခု၊ သားရေဖိနပ်တစ်ရံနှင့် စမတ်ဘောင်းဘီတစ်ထည်ကို ရွေးချယ်ထားပြီး ဖြစ်သည်။

ပိုင်လင်း ဘာလုပ်ရမှန်းမသိ ဖြစ်နေစဉ် ရှီလဲ့က သူ၏ ICBC ဘဏ်၏ဗွီအိုင်ပီရွှေကတ်ကို ကမ်းပေးလိုက်ကာ "ဒါနဲ့ ငွေရှင်းပေးပါ" ဟု ပြောလိုက်သည်။

ဖုန်းခဲ့၏ မျက်လုံးများ တောက်ပသွားပြီး "ဟဲဟဲ၊ မစ္စတာရှီရဲ့ စီးပွားရေးက မကြာသေးမီက တော်တော်လေး အဆင်ပြေနေပုံရတယ်နော်"

ပိုင်လင်းသည် ရွှေကတ်ကို လှမ်းယူလိုက်သည်။ သူမသည် ဤကဲ့သို့သော ဘဏ်ကတ်မျိုးကို မြင်ဖူးပြီး ချမ်းသာသောသူများသာ ပိုင်ဆိုင်သည့် ဘဏ်ကတ်ဖြစ်ကြောင်း သိပေသည်။

"အထွေထွေမန်နေဂျာဖုန်း၊ ကျွန်တော့်စီးပွားရေးက ခင်ဗျားလောက် မကောင်းပါဘူးဗျာ...မကြာသေးခင်ကမှ လခနည်းနည်း ပိုရလာလို့ပါ" ရှီလဲ့က နှိမ့်ချစွာ ပြောလိုက်သည်။

ပိုင်လင်းက ငွေရှင်းစက်ကို ကိုင်ဆောင်ကာ လျှောက်လာပြီး ရှီလဲ့ကို တိုးတိုးလေး သတိပေးသည်။ "လူကြီးမင်း ကျေးဇူးပြုပြီး လျှို့ဝှက်နံပါတ် နှိပ်ပေးပါရှင်"

ရှီလဲ့သည် ‌ငွေရှင်းစက်ကို ယူကာ လျှို့ဝှက်နံပါတ်ကို ပေါ့ပေါ့ပါးပါးပင် နှိပ်လိုက်ပြီး ငွေပေးချေမှု အောင်မြင်သွားပြီးနောက် စက်ကို ပိုင်လင်းထံ ပြန်ပေးလိုက်သည်။

ပိုင်လင်းသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး အဝတ်အစားများထည့်ထားသည့် စက္ကူစျေးဝယ်အိတ်ကို ရှီလဲ့ထံ ကမ်းပေးကာ ရိုးသားစွာ ပြုံးလျက် "ဗာဆေ့ကို ဝယ်ယူအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင် ဗာဆေ့က လူကြီးမင်းကို ကံကောင်းခြင်းတွေ သယ်ဆောင်လာပေးပါစေလို့ ဆုတောင်းပေးပါတယ်" ဟု ဆိုသည်။

ရှီလဲ့သည် ဗာဆေ့ဆိုင်၏ အဝတ်လဲခန်းထဲတွင် အဝတ်အစားသစ်များကို လဲလှယ်ဝတ်ဆင်လိုက်ပြီးနောက် သူ၏ အဝတ်ဟောင်းများကို စက္ကူအိတ်ထဲသို့ ထည့်ကာ အပြင်ဘက်ရှိ မှန်အရှေ့တွင် မတ်တတ်ရပ်ကြည့်လိုက်သည်။

ဗာဆေ့အဝတ်အထည်များသည် ရှီလဲ့၏ ပင်ကိုယ်စရိုက်နှင့် အလွန်တရာ လိုက်ဖက်လှပြီး အထူးသဖြင့် ရှီလဲ့၏ မျက်ဝန်းထဲမှ ရံဖန်ရံခါ ဖြတ်ပြေးသွားတတ်သော ထက်မြက်သည့် အကြည့်များ၊ အပြုံးအရိပ်အယောင်များနှင့် ခပ်ရွဲ့ရွဲ့ အမူအရာတို့က သူ့ကို မြို့ပြမှ အဆင့်အတန်းမြင့်လှသော သခင်လေးတစ်ဦးကဲ့သို့ ထင်မှတ်ရစေသည်။

ဖုန်းခဲ့က ရှီလဲ့၏ ပုခုံးကို ပုတ်ကာ မျက်စိမှိတ်ပြရင်း "ချောလိုက်တာဗျာ ဒါနဲ့ မစ္စတာရှီ၊ ဟိုအရောင်းစာရေးမလေး မင်းကို စိတ်ဝင်စားနေပုံပဲ မင်းမှာ ရည်းစားမရှိသေးဘူးလို့ ငါကြားမိသလိုပဲ"

ရှီလဲ့က ချောင်းအနည်းငယ် ဆိုးလိုက်ပြီး "အထွေထွေမန်နေဂျာဖုန်း၊ ကျွန်တော်နဲ့အတူ လက်ဖက်ခြောက် သွားဝယ်ပေးဖို့ပဲ အာရုံစိုက်ပါဦးဗျာ"

လီကျစ်ယွဲ့၏ ဖခင်သည် လက်ဖက်ခြောက်သောက်ရသည်ကို နှစ်သက်ပြီး အထူးသဖြင့် ပိုင်လော့ချွမ်း လက်ဖက်ခြောက်ကို ခံတွင်းတွေ့ပေသည်။ သို့သော် ရှီလဲ့က လက်ဖက်ခြောက်အကြောင်း နားမလည်သည့်အပြင် ကုန်တိုက်ကြီးများရှိ ပိုင်လော့ချွမ်း လက်ဖက်ခြောက်များမှာလည်း အရည်အသွေး အမျိုးမျိုး ကွဲပြား၏။

ပြီးခဲ့သည့်အကြိမ်က ဟွမ်းရှီလုံခြုံရေးကုမ္ပဏီတွင် ဖုန်းခဲ့သည် လက်ဖက်ခြောက် အလွန်ကြိုက်ကြောင်း ကြားသိခဲ့ရသဖြင့် ရှီလဲ့က သူ့ကို အတင်းခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

၎င်းတို့နှစ်ဦး လက်ဖက်ခြောက် အထူးအရောင်းဆိုင်သို့ လမ်းလျှောက်ဝင်လာခဲ့ကြပြီး ရှီလဲ့က မေးလိုက်သည်။ "အထွေထွေမန်နေဂျာဖုန်း၊ ကျွန်တော် ပိုင်လော့ချွမ်း လက်ဖက်ခြောက် ဝယ်ချင်လို့ပါ ဘယ်အမျိုးအစားက အကောင်းဆုံးလဲဆိုတာ သိချင်ပါတယ်"

ပိုင်လော့ချွမ်း လက်ဖက်ခြောက်ကို အဆင့်ငါးဆင့် ခွဲခြားထားသည်။ ၎င်းတို့မှာ အထူးအဆင့် ၁၊ အထူးအဆင့် ၂၊ အဆင့် ၁၊ အဆင့် ၂ နှင့် အဆင့် ၃ တို့ ဖြစ်ကြသည်။

ထိုငါးဆင့်အနက် အထူးအဆင့် ၁ သည် အမြင့်မားဆုံးဖြစ်သော်လည်း အထွက်နှုန်းမှာ အနည်းဆုံးဖြစ်ပြီး စျေးကွက်ထဲတွင် အတုအပ အလွန်များလှသည်။

ဖုန်းခဲ့က ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် "မစ္စတာရှီ၊ လက်ဖက်ခြောက်အကြောင်း ဆိုရင်တော့ မင်း လူမှန်ကို မေးမိတာပဲ အထူးအဆင့် ၁ ပိုင်လော့ချွမ်းက သဘာဝအတိုင်း အကောင်းဆုံးပဲ၊ ဒါပေမဲ့ အထူးအဆင့် ၁ ပိုင်လော့ချွမ်းရဲ့ ပမာဏက အရမ်းနည်းတယ် ဒီဆိုင်မှာ ရှိ၊ မရှိတော့ ငါလည်း မသေချာဘူး"

ရှီလဲ့က ဆိုင်ရှင်ကို ချက်ချင်းပင် လှမ်းမေးလိုက်သည်။ "သူဌေးကြီး၊ အထူးအဆင့် ၁ ပိုင်လော့ချွမ်း ရှိပါသလား"

ဆိုင်ရှင်မှာ အသက်ကြီးပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။ သူက ရှီလဲ့ကို တစ်ချက်ကြည့်ကာ ခေါင်းငြိမ့်ပြရင်း "ရှိတာပေါ့ မနှစ်ကထွက်တဲ့ လက်ဖက်သစ်ပဲ၊ အထူးအဆင့် ၁ ပိုင်လော့ချွမ်း၊ တစ်ကျပ်သားကို ယွမ် ၃၀၀ ပါ"

ဖုန်းခဲ့က ကြားဖြတ်ပြောလိုက်သည်။ "အဘိုးကြီး၊ ခင်ဗျားရဲ့ အထူးအဆင့် ၁ ပိုင်လော့ချွမ်းကို ထုတ်ပြပြီး အကဲခတ်ခွင့်ပေးလို့ ရမလား"

အဘိုးအိုက မငြင်းပယ်ဘဲ လှည့်ကာ သူ၏နောက်ကွယ်ရှိ ဗီရိုထဲမှ သစ်သားသေတ္တာတစ်လုံးကို ထုတ်ယူ၍ ကောင်တာပေါ်တွင် တင်လိုက်သည်။

အဘိုးအိုက သစ်သားသေတ္တာကို ဖွင့်လိုက်ရာ အတွင်း၌ နောက်ထပ် သစ်သားသေတ္တာငယ်တစ်လုံး ရှိနေပြန်သည်။ ၎င်းကို ထပ်မံဖွင့်လိုက်သောအခါတွင်မူ ဖဲကတ္တီပါအောက်ခံပေါ်တွင် စနစ်တကျ စီခြယ်ထားပြီး ပလတ်စတစ်ဖြင့် လေလုံအောင် ထုပ်ပိုးထားသည့် လက်ဖက်ခြောက်လေးများကို တွေ့လိုက်ရသည်။

ဖုန်းခဲ့က လက်ဖက်ခြောက်တစ်ဖက်ကို ကောက်ယူကာ သေချာစွာ စစ်ဆေးပြီးနောက် နှာခေါင်းနားသို့ ကပ်၍ အနံ့ခံကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။ "မဆိုးဘူး၊ တကယ့်ကို အထူးအဆင့် ၁ ပိုင်လော့ချွမ်းပဲ လေလုံပိတ်ထားတာတောင် လက်ဖက်နံ့က လျှံထွက်နေတုန်းပဲ"

ရှီလဲ့၏ မျက်လုံးများ တောက်ပသွားပြီး "အထွေထွေမန်နေဂျာဖုန်း၊ လက်ဖက်ခြောက်က ဘာပြဿနာမှ မရှိဘူးမလား"

"မစ္စတာရှီ၊ စိတ်ချပါ ငါ လူအိုကြီးဖုန်းက လက်ဖက်ခြောက်ရဲ့ သဘောတရားနဲ့ ပတ်သက်ရင် ဘယ်တုန်းကမှ မမှားဖူးဘူး" ဖုန်းခဲ့က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

အဘိုးအိုကလည်း ပြုံးလျက် ခေါင်းငြိမ့်ကာ "လူငယ်လေးက မဆိုးဘူးပဲ.. ငါ့ရဲ့ အထူးအဆင့် ၁ ပိုင်လော့ချွန်းတွေက တစ်ခုချင်းစီတိုင်း လက်ရာမြောက် ပစ္စည်းကောင်းတွေချည်းပဲ"

ရှီလဲ့က "သူဌေးကြီး၊ ဒီတစ်သေတ္တာလုံးကို စုစုပေါင်း ဘယ်လောက်လဲ" ဟု မေးလိုက်သည်။

အဘိုးအိုက ရှီလဲ့ကို အံ့သြတကြီး ကြည့်ကာ "လူငယ်လေး စုစုပေါင်း ယွမ် ၃,၆၀၀ ကျသင့်မယ် အကယ်၍ မင်း တစ်သေတ္တာလုံး ဝယ်မယ်ဆိုရင်တော့ သေတ္တာဖိုးကို အလကားပေးပါ့မယ်၊ သီးသန့် ထပ်မကောက်တော့ဘူး"

ရှီလဲ့သည် ငွေပေးချေရန် ဘဏ်ကတ်ကို ကမ်းပေးပြီးနောက် ဖုန်းခဲ့ဘက်သို့ လှည့်ကာ "အထွေထွေမန်နေဂျာဖုန်း၊ ဒီနေ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် နောက်ရက်ကျရင် အစ်ကိုဖုန်းကိုပါ ခေါ်လိုက်ပါ၊ ကျွန်တော် ခင်ဗျားတို့ကို ထမင်းတစ်နပ် ပြန်ကျွေးပါ့မယ်" ဟု ပြောလိုက်သည်။

ဖုန်းခဲ့က ပျော်ရွှင်စွာ ပြုံးလျက် "မစ္စတာရှီ၊ ငါ ဒါကို မှတ်ထားလိုက်မယ်နော်.. အကယ်၍ မင်း မေ့သွားရင် မင်းကို ဖုန်းဆက်ပြီး အတင်းကျွေးခိုင်းမှာ"

"အထွေထွေမန်နေဂျာဖုန်း၊ စိတ်ချပါ၊ ကျွန်တော် မှတ်ထားပါတယ်... ဒီနေ့ ကျွန်တော့်မှာ လုပ်စရာရှိသေးလို့ အရင်သွားနှင့်ပါရစေဦး" ရှီလဲ့သည် အထူးအဆင့် ၁ ပိုင်လော့ချွမ်း လက်ဖက်ခြောက်ကို သယ်ဆောင်ကာ အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။

ဝမ်ဖူကျင်း ကုန်တိုက်၏ ပထမထပ်ရှိ ရတနာပစ္စည်း အရောင်းခန်းမတွင် ရှီလဲ့သည် စျေးနှုန်းအသင့်အတင့်ရှိသော လက်ကောက်တစ်ကွင်းကို ရွေးချယ်လိုက်ရာ ယွမ် ၃,၀၀၀ သာ ကျသင့်ပြီး ၎င်းကို လီကျစ်ယွဲ့၏ မိခင်အား ပေးအပ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

ဤစျေးနှုန်းက ဆရာမတစ်ဦးဖြစ်သော ဟွမ်ဖန် ကို စိတ်အနှောင့်အယှက် မဖြစ်စေဘဲ မိမိ၏ ရိုသေလေးစားမှုကို ဖော်ပြရန် အကောင်းဆုံး စျေးနှုန်းပင် ဖြစ်သည်။

လက်ဖက်ခြောက်၊ အဝတ်အစားများနှင့် လက်ကောက်တို့ကို ကား၏ ရှေ့ခရီးသည်ထိုင်ခုံပေါ်တွင် တင်လိုက်ပြီးနောက် ရှီလဲ့သည် အချိန်ကို စစ်ဆေးကြည့်ရာ ဆယ့်နှစ်နာရီထိုးကာနီးနေပြီ ဖြစ်သည်။

သူသည် စက်ကို ချက်ချင်းနှိုးကာ ရွှမ်ချင်းမြို့ဆီသို့ အမြန်နှုန်းမြှင့်၍ မောင်းနှင်ခဲ့တော့သည်။

ဆယ်မိနစ်ကျော် ခရီးနှင်ပြီးနောက် ရှီလဲ့သည် လီကျစ်ယွဲ့တို့ အိမ်အောက်တွင် ကားကို အသာအယာ ရပ်လိုက်သည်။

ယခုအချိန်တွင် လီကျစ်ယွဲ့တို့ အိမ်အောက်၌ နောက်ထပ် ကားတစ်စီး ရပ်ထားသည်ကို တွေ့ရပြီး ၎င်းမှာ တောင်ကိုရီးယားနိုင်ငံထုတ် ဟွန်ဒိုင်းအီလန်ထရာ ကားတစ်စီးဖြစ်ကာ အလွန်ဆုံးရှိမှ ယွမ် ၁၀၀,၀၀၀ သာ တန်ကြေးရှိသော ကားအစုတ်ကလေး ဖြစ်သည်။

ရှီလဲ့သည် ထိုအီလန်ထရာကားကို အာရုံမစိုက်တော့ဘဲ ကားကို သေသေချာချာ ရပ်နားပြီးနောက် အထူးအဆင့် ၁ ပိုင်လော့ချွမ်းနှင့် လက်ကောက်တို့ကို သယ်ဆောင်ကာ အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။

ရွှမ်ချင်းတက္ကသိုလ်၏ ဆရာ၊ ဆရာမများ အဆောင်မှာ ဆောက်လုပ်ထားသည်မှာ ဆယ်စုနှစ်တစ်ခုကျော်ပြီဖြစ်ပြီး ခြောက်ထပ်သာ ရှိသဖြင့် ဓာတ်လှေကားမပါရှိသော်လည်း ပတ်ဝန်းကျင် သဘာဝရှုခင်းမှာမူ အလွန်တရာ ကောင်းမွန်လှသည်။

လီကျစ်ယွဲ့တို့အိမ်မှာ တတိယထပ်တွင် ရှိသည်။ ရှီလဲ့သည် လက်ဖက်ခြောက်သေတ္တာကို ဘယ်ဘက်လက်ဖြင့် သယ်ဆောင်ထားပြီး လက်ကောက်ထည့်ထားသည့် ဘူးလေးကိုမူ ဘောင်းဘီအိတ်ကပ်ထဲသို့ ထည့်ထားသည်။

တတိယထပ်သို့ လမ်းလျှောက်တက်လာစဉ် ရှီလဲ့သည် အနည်းငယ် ရင်ခုန်စိတ်လှုပ်ရှားလာမိသည်။

သူသည် အရင်ဘဝက လီကျစ်ယွဲ့၏ မိဘများနှင့် တွေ့ဆုံဖူးသော်လည်း ယခုဘဝတွင်မူ ဒါပထမဆုံးအကြိမ် ဖြစ်သဖြင့် ရှီလဲ့အနေဖြင့် စိတ်လှုပ်ရှားမိခြင်းမှာ မလွှဲမရှောင်သာပေ။

အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် ရှီလဲ့သည် မျက်နှာတွင် အပြုံးနုနုလေး ဆင်မြန်းကာ တံခါးကို ခေါက်လိုက်သည်။

အိမ်ထဲမှနေ၍ တည်ကြည်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။ "ဘယ်သူလဲ"

ဤသူကား လီကျစ်ယွဲ့၏ ဖခင်ဖြစ်သူ ရွှမ်ချင်းတက္ကသိုလ်၊ စက်မှုနှင့် အီလက်ထရွန်းနစ် အင်ဂျင်နီယာဌာနမှ ပရော်ဖက်ဆာ လီကွန်းနင် ပင် ဖြစ်သည်။

ရှီလဲ့က ပြန်လည်ဖြေကြားလိုက်သည်။ "မင်္ဂလာပါ ခင်ဗျာ၊ ကျွန်တော် လီကျစ်ယွဲ့ကို လာရှာတာပါ"

လီကွန်းနင် တံခါးဖွင့်ပေးပြီးနောက် ရှီလဲ့ကို တစ်ချက်ကြည့်ကာ ဇဝေဇဝါဖြင့် မေးလိုက်သည်။ "မင်းက ဘယ်သူလဲ"

"ကျွန်တော်က ကျစ်ယွဲ့ရဲ့ ရည်းစားပါ၊ ကျွန်တော့်နာမည်က ရှီလဲ့လို့ ခေါ်ပါတယ် ပရော်ဖက်ဆာလီ၊ မင်္ဂလာပါခင်ဗျာ...အခုလို တွေ့ရတာ ဝမ်းမြောက်မိပါတယ်" ရှီလဲ့က ယဉ်ကျေးပျူငှာစွာ ပြုံးပြရင်း သူ၏ ညာဘက်လက်ကို ကမ်းပေးလိုက်လေသည်။

All Chapters