← Chapters

အခန်း ၁၁၂

Vol. 12 Ch. 112

အခန်း ၁၁၂

Vol. 12 Ch. 112

အခန်း - ၁၁၂

လီကွန်းနင်သည် ရှီလဲ့ကို သေချာစွာ အကဲခတ်လိုက်သည်။ သပ်ရပ်သန့်ပြန့်သော ဝတ်စားဆင်ယင်မှုနှင့် တည်ငြိမ်ရင့်ကျက်သည့် အမူအရာတို့ကို မြင်တွေ့ရသောအခါ လီကွန်းနင်၏ မျက်ဝန်းထဲတွင် စိတ်ကျေနပ်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားပြီး "ဪ...ရှောင်ရှီကိုး၊ အထဲကို မြန်မြန်ဝင်ပါဦး" ဟု လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်လိုက်သည်။

"အဘိုးကြီး... ဘယ်သူလာတာလဲ" မီးဖိုချောင်ထဲမှ ဟွမ်ဖန်၏ စူးစမ်းမေးမြန်းသံ ထွက်ပေါ်လာသည်။ လီကွန်းနင်၏ စစ်တုရင်ကစားဖော် သို့မဟုတ် လက်ဖက်ရည်သောက်ဖော်တစ်ဦးဦး ထုံးစံအတိုင်း လာလည်သည်ဟု သူမ ထင်မှတ်နေခြင်း ဖြစ်သည်။

လီကွန်းနင်က ရှီလဲ့ကို အားနာသလို တစ်ချက်ကြည့်လိုက်ပြီးမှ အံကိုကြိတ်ကာ "ကျစ်ယွဲ့ရဲ့ ရည်းစား လာတာလေ" ဟု လှမ်းပြောလိုက်သည်။

"ဘာ" ဟွမ်ဖန်သည် အံ့သြတကြီး အာမေဍိတ်သံပြုရင်း မီးဖိုချောင်ထဲမှ ပြေးထွက်လာသည်။ သူမသည် ရှီလဲ့ကို အံ့သြတုန်လှုပ်မှု၊ စစ်ဆေးလိုမှုတို့ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်တော့သည်။

ရှီလဲ့က တည်ငြိမ်စွာ ပြုံးပြရင်း "မင်္ဂလာပါ ပရော်ဖက်ဆာဟွမ်၊ ကျွန်တော့်နာမည် ရှီလဲ့ပါ၊ ကျစ်ယွဲ့ရဲ့ ရည်းစားပါခင်ဗျ" ဟု နှုတ်ဆက်လိုက်သည်။

ဟွမ်ဖန်သည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် တောင့်တောင့်ကြီး ခေါင်းငြိမ့်ပြရှာသည်။ အမည်မသိ အစိမ်းသက်သက် ရှီလဲ့နှင့် ယှဉ်လျှင် ဟွမ်ဖန်သည် သူမအနေဖြင့် သေချာသိရှိထားသည့် ဝူပင်းကို ပို၍ သဘောကျပေသည်။ မည်သို့ပင်ဆိုစေ ဝူပင်းက ရွှမ်ချင်းတက္ကသိုလ်တွင် စာသင်ကြားနေသူဖြစ်ရာ ပညာတတ်တစ်ယောက်ဟု သတ်မှတ်နိုင်သည်။ ဟွမ်ဖန်၏ စိတ်နေသဘောထားတွင် ပညာတတ်တို့၏ မောက်မာမှု အနည်းငယ်ရှိပြီး သက်ကြီးပိုင်း အိမ်ထောင်ရှင်အမျိုးသမီးတို့၏ထုံးစံ တွက်ကပ်မှုမျိုးလည်း ရောနှောနေသည်။ ဝူပင်းကိုယ်တိုင်က အနုပညာဌာနမှ လက်ရေးလှဆရာတစ်ဦးဖြစ်ပြီး မိသားစုနောက်ခံကလည်း အတန်အသင့် ကောင်းမွန်ပေသည်။ မည်သို့ပင် နှိုင်းယှဉ်ကြည့်ပါစေ ဝူပင်းက ပို၍ သာလွန်သည်ဟု ဟွမ်ဖန် တွေးထင်နေမိသည်။

"ရှောင်ရှီ မင်းကတကယဲ ကျစ်ယွဲ့ရဲ့ ရည်း" ဟွမ်ဖန်၏ စကားမဆုံးခင်မှာပင် လီကျစ်ယွဲ့က အခန်းထဲမှ ထွက်လာခဲ့သည်။ သူမသည် ဝမ်းမြောက်မှုနှင့် စိုးရိမ်ပူပန်မှုတို့ ရောပြွမ်းနေသော မျက်ဝန်းများဖြင့် ရှီလဲ့ကို အံ့သြတကြီး လှမ်းကြည့်လိုက်သည်။

"ရှီလဲ့... နင် ဘာလို့ ဒီကို ရောက်နေတာလဲ" လီကျစ်ယွဲ့က ရည်ရွယ်ချက်ရှိရှိဖြင့် အပြစ်တင်သည့် လေသံဖြင့် မေးလိုက်သည်။

ရှီလဲ့၏ အပြုံးက ပျက်မသွားဘဲ လီကျစ်ယွဲ့ကို စိုက်ကြည့်ကာ "ငါသာ မလာရင် ငါ့ရည်းစားကို သူများ လုသွားတော့မှာပေါ့" ဟု တိုးတိုးလေး ပြောလိုက်သည်။

"နင်..." လီကျစ်ယွဲ့၏ မျက်နှာတစ်ခုလုံး ချက်ချင်းပင် နီရဲသွားတော့သည်။

ရှီလဲ့က အားရပါးရ ရယ်မောလိုက်ပြီး သူ၏ ဘယ်ဘက်လက်တွင် ကိုင်ဆောင်လာသော သစ်သားသေတ္တာကို လီကွန်းနင်ထံ ကမ်းပေးရင်း "ပရော်ဖက်ဆာလီ၊ ခင်ဗျား လက်ဖက်ရည်သောက်ရတာ ဝါသနာပါတယ် ကြားလို့ပါ... ဒါက လမ်းကြုံလို့ ဝယ်လာတဲ့ လက်ဖက်ခြောက်လေးပါ၊ သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု ဆိုသည်။

လီကွန်းနင်က ပြုံးရွှင်စွာဖြင့် ရှီလဲ့ထံမှ သစ်သားသေတ္တာကို လှမ်းယူလိုက်ပြီး "ရှောင်ရှီရာ... မင်းလာတာတင် အားနာလှပါပြီ၊ ဘာလို့ လက်ဆောင်တွေ သယ်လာရတာလဲ"

လီကျစ်ယွဲ့က ရှီလဲ့ကို မျက်စောင်းထိုးကာ "ရှီလဲ့၊ နင် အခု ပြန်တော့ ငါ ဒီနေ့ မအားဘူး" ဟု နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

"ကျစ်ယွဲ့... နင် ဘာတွေ လျှောက်ပြောနေတာလဲ" လီကွန်းနင်က လီကျစ်ယွဲ့ကို မျက်မှောင်ကုတ်ကာ ငေါက်ငမ်းလိုက်ပြီး "ရှောင်ရှီက ဒီလောက်အဝေးကြီးကနေ လာတာကို၊ အိမ်မှာပဲ ထမင်းတစ်နပ်လောက်တော့ စားသွားရမှာပေါ့"

ဟွမ်ဖန်က မျက်မှောင်ကုတ်လျက် မချိပြုံးပြုံးကာ ချောင်းနှစ်ချက်ဆိုးလိုက်ပြီး "အဘိုးကြီးရယ်... လူငယ်တွေကိစ္စ လူငယ်တွေဘာသာ ရှင်းပါစေဦး" ဟု ပြောလိုက်သည်။

မျက်မှန်နောက်ကွယ်မှ ရှီလဲ့၏ မျက်ဝန်းများက အနည်းငယ် လှုပ်ရှားသွားသည်။ ထို့နောက် သူက ဘောင်းဘီအိတ်ကပ်ထဲမှ လက်ကောက်ဘူးကို ထုတ်ယူကာ ဟွမ်ဖန်ထံ ကမ်းပေးလိုက်ပြီး "ပရော်ဖက်ဆာဟွမ်၊ ကျွန်တော် ကမန်းကတန်းလာရလို့ ဘာကြိုက်တတ်မှန်း မသိတာနဲ့ လက်ကောက်လေးပဲ ရွေးခဲ့မိတယ် ပရော်ဖက်ဆာဟွမ် တစ်နေ့ထက်တစ်နေ့ ပိုပြီး နုပျိုလှပပါစေကြောင်း ဆုတောင်းပါတယ်ခင်ဗျ"

'ပြုံးနေတဲ့မျက်နှာကို လက်သီးနဲ့ မထိုးရက်' ဟူသော စကားပုံအတိုင်း ရှီလဲ့၏ နူးညံ့သောအပြုံးနှင့် လက်ဆောင်ပစ္စည်းကြောင့် ဟွမ်ဖန်မှာ မချိပြုံးလေး ပြုံးလိုက်ရပြီး "ရှောင်ရှီက တကယ့်ကို အားနာစရာကောင်းအောင် ယဉ်ကျေးလွန်းတာပဲ" ဟု ဆိုလိုက်ရတော့သည်။

ရှီလဲ့က ယဉ်ကျေးစွာဖြင့် "မပြောပါနဲ့ခင်ဗျ ဒါက ကျွန်တော့်ရဲ့ စေတနာအနည်းငယ်မို့ ပရော်ဖက်ဆာဟွမ် သဘောကျဖို့ပဲ မျှော်လင့်ပါတယ်" ဟု ပြန်ပြောလိုက်သည်။

လီကွန်းနင်က ဘေးမှနေ၍ လီကျစ်ယွဲ့ကို မျက်စိမှိတ်ပြကာ "ကျစ်ယွဲ့၊ရှောင်ရှီကို ဧည့်ခန်းထဲ ခေါ်သွားလိုက်ဦးလေ... မင်းတို့ လူငယ်သုံးယောက် စကားစမြည် ပြောနေကြ၊ အမေနဲ့အဖေ မီးဖိုချောင်ဝင်ပြီး ဟင်းချက်လိုက်ဦးမယ်၊ ခဏနေရင် စားလို့ရပြီ"

လီကျစ်ယွဲ့က ရှီလဲ့ကို စိတ်ပျက်လက်ပျက် ကြည့်လိုက်ပြီးမှ "ငါ့နောက် လိုက်ခဲ့" ဟု ဆိုသည်။

၎င်းတို့နှစ်ဦး ဧည့်ခန်းထဲသို့ အတူတူ လမ်းလျှောက်ဝင်လာခဲ့ကြရာ ရှီလဲ့သည် ဆိုဖာပေါ်တွင် ထိုင်နေသော အမျိုးသားကို ချက်ချင်းပင် လှမ်းကြည့်လိုက်သည်။ ထိုအမျိုးသားကလည်း ရှီလဲ့ကို ပြန်လည်ကြည့်ရှုကာ ယဉ်ကျေးစွာ ခေါင်းငြိမ့်ပြသည်။

ရှီလဲ့ကလည်း ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ပြုံးလျက် မိမိကိုယ်ကိုယ် မိတ်ဆက်လိုက်သည်။ "မင်္ဂလာပါ၊ ကျွန်တော့်နာမည် ရှီလဲ့ပါ၊ လီကျစ်ယွဲ့ရဲ့ ရည်းစားပါ"

ဆိုဖာပေါ်မှ အမျိုးသားက ရှီလဲ့ကို စိုက်ကြည့်ကာ "မင်္ဂလာပါ၊ ကျွန်တော့်နာမည် ဝူပင်းပါ ရွှမ်ချင်းတက္ကသိုလ် အနုပညာဌာနက လက်ရေးလှဆရာတစ်ယောက်ဖြစ်ပြီး လီကျစ်ယွဲ့နဲ့ အောင်သွယ်ပေးခံထားရတဲ့ သူပါ" ဟု ခပ်ဆတ်ဆတ် တုံ့ပြန်လိုက်သည်။

၎င်းတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြပြီး လက်မတင်လေးမျှပင် အလျှော့မပေးကြချေ။ ရှီလဲ့ မျက်မှောင်ကုတ်သွားကာ 'ဒီပြိုင်ဘက်က မလွယ်ဘူးပဲ' ဟု တွေးလိုက်မိသည်။

ဝူပင်းကလည်း ရှီလဲ့ကို ကြည့်ကာ မျက်လုံးများ လှုပ်ရှားနေမိသည်။ 'ဟင်... ဒီကောင်က ဘာလို့ တစ်နေရာရာမှာ မြင်ဖူးသလိုလို ရှိနေရတာလဲ ဘယ်မှာ တွေ့ဖူးပါလိမ့်'

လီကျစ်ယွဲ့ကမူ လက်ပိုက်လျက် ဘေးတွင် မတ်တတ်ရပ်နေပြီး ရှီလဲ့၏ ပြောစကားကိုလည်း မငြင်းပယ်သလို ဝူပင်း၏ စကားကိုလည်း မချေပဘဲ ကိစ္စအဝဝနှင့်မသက်ဆိုင်သော ပြင်ပလူတစ်ယောက်ကဲ့သို့ ပြုမူနေသည်။

ရှီလဲ့သည် ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး ဝူပင်းကို စတင်၍ စကားစစ်ထိုးတော့သည်။ "ဪ... ရွှမ်ချင်းတက္ကသိုလ်က ဆရာတစ်ယောက်ကိုး ဆရာဝူအနေနဲ့ ပရော်ဖက်ဆာရာထူး ရပြီလားတော့ မသိဘူးနော်.. အာ... ပြီးတော့ ရွှမ်ချင်းတက္ကသိုလ် အနုပညာဌာနမှာ အလှပဂေးတွေ အများကြီးရှိတယ်လို့ ကြားမိတယ်၊ ဆရာဝူအနေနဲ့ အဲဒီအပေါ် ဘယ်လိုသဘောရလဲ " ရှီလဲ့၏ မေးခွန်းများမှာ အတော်လေး ဆူးငြောင့်ခလုတ်ဆန်လှသည်။ ဝူပင်း၏ အသက်အရွယ်နှင့်ဆိုလျှင် ပရော်ဖက်ဆာရာထူးကို မည်သို့မျှ ရရှိနိုင်ဦးမည်မဟုတ်ပေ။

ဝူပင်း၏ မျက်နှာမှာ ရေပြင်ကဲ့သို့ တည်ငြိမ်နေပြီး ရှီလဲ့၏ စကားကြောင့် တုန်လှုပ်သွားခြင်းမရှိပေ။ သူက ပြန်လည်၍ ချေပလိုက်သည်။ "မစ္စတာရှီက တကယ့်ကို ပါရမီရှိပြီး အလားအလာရှိတဲ့ လူငယ်တစ်ယောက်ပဲ မစ္စတာရှီအနေနဲ့ ဘယ်လို အဆင့်မြင့်ရာထူးမျိုးကို တာဝန်ယူထားလဲဆိုတာ သိပါရစေဦး... ပြီးတော့ ကျစ်ယွဲ့နဲ့ ဘယ်လို ဆုံခဲ့ကြတာလဲ"

ရှီလဲ့၏ ရင်ထဲ အနည်းငယ် စိုးရိမ်သွားမိသည်။ ဤကဲ့သို့သော ပြိုင်ဘက်မျိုးက ကိုင်တွယ်ရ မလွယ်ကူလှပေ။

လီကျစ်ယွဲ့က နှာခေါင်းရှုံ့ကာ "နင်တို့နှစ်ယောက် စကားကောင်းကောင်း မပြောကြတော့ဘူးလား" ဟု ဖြတ်ပြောလိုက်သည်။

ရှီလဲ့နှင့် ဝူပင်းတို့နှစ်ဦးစလုံး စိတ်မပါဘဲ ဟန်ဆောင်ရယ်မောလိုက်ကြပြီး တစ်ဦးကိုတစ်ဦး ကြည့်ကာ မျက်ဝန်းထဲ၌ အလေးအနက်ထားမှုကို မြင်တွေ့လိုက်ရသည်။ ၎င်းတို့သုံးဦးကြား လေထုမှာ ထူးဆန်းအုံ့မှိုင်းနေစဉ်မှာပင် လီကျစ်ယွဲ့၏ မိဘများ မီးဖိုချောင်ထဲမှ ထွက်လာကြပြီး မွှေးကြိုင်လှသော အိမ်ချက်ဟင်းလျာများကို စားပွဲပေါ်သို့ သယ်ဆောင်လာကြသည်။

လီကွန်းနင်က ဝူပင်းကို တစ်ချက်လှမ်းကြည့်ကာ ရှီလဲ့ကို လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်လိုက်သည်။ "ရှောင်ရှီ မြန်မြန်လာပြီး ထမင်းစားဖို့ ထိုင်ပါဦး"

ဟွမ်ဖန်ကမူ နှာခေါင်းတစ်ချက်ရှုံ့ကာ ဝူပင်းကိုကြည့်၍ မျက်နှာတစ်ခုလုံး ပြုံးရွှင်စွာဖြင့် "ရှောင်ဝူ... ဗိုက်ဆာနေပြီလား... မြန်မြန်လာပြီး ဒီငါးဟင်းလေး မြည်းကြည့်စမ်းပါဦး" ဟု ပြောလိုက်သည်။

ဝူပင်းသည် ရှီလဲ့ကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ ရှီလဲ့အနေဖြင့် လီကွန်းနင်နှင့် ဤမျှမြန်မြန်ဆန်ဆန် မဟာမိတ်ဖွဲ့နိုင်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ သူသည် စားပွဲဆီသို့ လျှောက်လာပြီး အသက်ကို ပြင်းပြင်းရှူကာ "အန်တီ... ဒီငါးဟင်းက အနံ့လေးနဲ့တင် သွားရည်ကျမိတယ်ဗျာ" ဟု မြှောက်ပင့်ပြောဆိုလိုက်သည်။

ရှီလဲ့က ဝူပင်းကို တိတ်တဆိတ် စောင်းငဲ့ကြည့်လိုက်မိသည်။ 'ဒီကောင်က တကယ့်ကို မျက်နှာပြောင်တိုက်ပြီး လိမ်ပြောတတ်တာပဲ ကြည့်ရတာလည်း သိပ်အဆင်မပြေတဲ့အပြင် အနံ့ကလည်း ဆိုးလှချည်ရဲ့၊ ဒါကို သွားရည်ကျပါတယ်လို့ ပြောထွက်ရက်တယ် အရှက်မရှိလိုက်တာ၊ တကယ့်ကို အရှက်မရှိတာပဲ'

လီကျစ်ယွဲ့၏ မိသားစုနှင့် ရှီလဲ့တို့သည် စားပွဲဝိုင်းတွင် ဝိုင်းဖွဲ့ထိုင်လိုက်ကြသည်။ ရှီလဲ့နှင့် ဝူပင်းတို့က မျက်နှာချင်းဆိုင် ထိုင်ကြပြီး လီကျစ်ယွဲ့က တစ်ယောက်တည်း ထိုင်ကာ လီကွန်းနင်နှင့် ဟွမ်ဖန်တို့က ဘေးချင်းယှဉ်ထိုင်ကြသည်။ စားပွဲပေါ်တွင် ဟွမ်ဖန်သည် ဝူပင်း၏ ပန်းကန်ထဲသို့ ဟင်းများ အမြဲထည့်ပေးနေပြီး ဆရာအတတ်ပညာနှင့် ပတ်သက်၍ မေးခွန်းများ တကွက်ကွက် မေးမြန်းနေသည်။

အခြားတစ်ဖက်တွင်မူ လီကွန်းနင်က ရှီလဲ့၏ ပန်းကန်ထဲသို့ ဟင်းများ ထည့်ပေးရင်း "ရှီလေး... မင်း ဘယ်မှာ အလုပ်လုပ်လဲ" ဟု မေးလိုက်သည်။

ရှီလဲ့သည် လက်သုတ်ပုဝါကို ယူကာ ဆီမရှိသော သူ၏နှုတ်ခမ်းကို သုတ်လိုက်ပြီး "ပရော်ဖက်ဆာလီ... ကျွန်တော် ကိုယ်ပိုင်ကုမ္ပဏီတစ်ခု ထောင်ထားပါတယ်" ဟု ဖြေကြားလိုက်သည်။

"ရှောင်ရှီရာ... အားမနာပါနဲ့၊ ဦးလေးလို့ပဲ ခေါ်ပါ" လီကွန်းနင်က ပြုံးလျက် ဆိုသည်။

ရှီလဲ့တွင် ကိုယ်ပိုင်ကုမ္ပဏီရှိသည်ဟု ကြားသောအခါ ဟွမ်ဖန်ကလည်း စူးစမ်းလိုစိတ်ဖြင့် "ရှောင်ရှီ... မင်းက ဘယ်လိုကုမ္ပဏီမျိုးကို ဦးစီးနေတာလဲ" ဟု မေးပြန်သည်။

ဝူပင်းက ဘေးမှနေ၍ တိုးတိုးလေး ဝင်ပြောလိုက်သည်။ "အန်တီ... အခုခေတ်မှာ တချို့ကုမ္ပဏီတွေက နာမည်ခံတွေပဲ ရှိတာ ဥက္ကဋ္ဌကနေ အောက်ခြေဝန်ထမ်းအထိ တစ်ယောက်တည်းပဲ လုပ်ရတာမျိုးလေ"

ရှီဲ့လဲ့က ဝူပင်းကို တစ်ချက်ကြည့်လိုက်သည်။ အစကတော့ သူ့ကို အဆင့်တူ ပြိုင်ဘက်တစ်ယောက်ဟု သတ်မှတ်ထားသော်လည်း ယခုအခါတွင်မူ စိတ်အေးသွားခဲ့ပြီ ဖြစ်သည်။ "အန်တီ... ကျွန်တော့်ကုမ္ပဏီက နည်းပညာမြင့် လုပ်ငန်း တစ်ခုပါ၊ ရွှမ်ချင်းမြို့မှာတော့ သိပ်ပြီး နာမည်မကြီးပါဘူး"

ဟွမ်ဖန်က အလိုက်သင့် ခေါင်းငြိမ့်ပြလိုက်သော်လည်း စိတ်ထဲတွင်မူ ရှီလဲ့၏ ကုမ္ပဏီမှာ ဝူပင်းပြောသကဲ့သို့ နာမည်ခံ ကုမ္ပဏီတစ်ခုသာ ဖြစ်လိမ့်မည်ဟု ကောက်ချက်ချလိုက်သည်။ လီကွန်းနင်ကမူ ရှီလဲ့ကို သံသယမဖြစ်ဘဲ တက်ကြွစွာဖြင့် "ရှောင်ရှီ... မင်းက တကယ့်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ အလားအလာရှိတာပဲ" ဟု ချီးမွမ်းလေသည်။

ရှီလဲ့က နှိမ့်ချစွာဖြင့် "မပြောပါနဲ့ခင်ဗျာ ဆရာဝူနဲ့ ယှဉ်ရင် ကျွန်တော့်မှာ လိုအပ်ချက်တွေ အများကြီး ရှိပါသေးတယ်" ဟု ဆိုလိုက်သည်။

ဟွမ်ဖန်က ရည်ရွယ်ချက်ရှိရှိဖြင့် စကားဝိုင်းကို လမ်းကြောင်းပြောင်းလိုက်သည်။ "ဝူလေး... ထမင်းစားပြီးရင် သစ်သီးစားပေးတာ ကျန်းမာရေးအတွက် ကောင်းတယ်လို့ ပြောကြတယ် မင်း သယ်လာတဲ့ သစ်သီးတွေက ဘယ်ကနေ သွင်းလာတာလဲ"

ဝူပင်းက ဂရုမစိုက်ဟန် ဆောင်ထားသော်လည်း သူ၏ မျက်နှာပေါ်မှ အပြုံးကိုမူ ဖုံးကွယ်မရပေ။ "အန်တီ... အဲဒါတွေက နယူးဇီလန်က ကီဝီသီး နဲ့ ဩစတြေးလျက လိမ္မော်သီးတွေပါဗျာ၊ လေကြောင်းလိုင်းနဲ့ တိုက်ရိုက်သွင်းထားတဲ့ သစ်သီးတွေပါ"

ဟွမ်ဖန်ကလည်း အလိုက်သင့် မြှောက်ပေးသည်။ "ဒီသစ်သီးတွေက စျေးမနည်းဘူး မဟုတ်လား"

"အန်တီကလည်း ဘာတွေပြောနေတာလဲဗျာ ဒါက ကျွန်တော့်ရဲ့ စေတနာအနည်းငယ်ပါ၊ အန်တီနဲ့ ဦးလေး သဘောကျရင်ပဲ ကျေနပ်ပါပြီ" ဝူပင်းက ရှီလဲ့ကို မောက်မာသော အကြည့်ဖြင့် လှမ်းကြည့်လိုက်ပြီး "မစ္စတာရှီ... မင်းကော ဘာလက်ဆောင် သယ်လာလဲဆိုတာ သိပါရစေဦး"

လီကွန်းနင်က နှာခေါင်းတစ်ချက်ရှုံ့ကာ ဝူပင်းကို မကျေမနပ် စိုက်ကြည့်လိုက်ပြီးမှ "ရှောင်ရှီက ငါ လက်ဖက်ရည်ကြိုက်မှန်းသိလို့ ငါ့အတွက် လက်ဖက်ခြောက် သီးသန့် ဝယ်လာပေးတာ" ဟု ပြောလိုက်သည်။

ဝူပင်းက မျက်မှောင်ကုတ်လျက် "မစ္စတာရှီ... မင်း ဘယ်လို လက်ဖက်ခြောက်မျိုး ဝယ်လာတာလဲ မကြာသေးခင်က သတင်းတွေထဲမှာ စီးပွားပျက် ဝိသမလောဘသားတွေက အရည်အသွေးညံ့တဲ့ လက်ဖက်ခြောက်အတုတွေကို တရားမဝင် ရောင်းချနေကြတယ်လို့ ဖော်ပြထားကြတယ်.. မစ္စတာရှီ ဝယ်တုန်းက သေသေချာချာ စစ်ဆေးခဲ့ရဲ့လား" ၎င်းက သတိပေးသည့် ပုံစံမျိုး ဖြစ်သော်လည်း အမှန်စင်စစ်တွင်မူ ရှီလဲ့ကို လမ်းဘေးဆိုင်မှ အမှိုက် လက်ဖက်ခြောက်များ ဝယ်လာသည်ဟု သွယ်ဝိုက်၍ စောင်းမြောင်းလိုက်ခြင်း ဖြစ်သည်။

လီကွန်းနင်မှာ ပို၍ပင် မကျေမနပ်ဖြစ်သွားပြီး "ရှောင်ဝူ... ဒီနေ့ချက်တဲ့ ဝက်သားကော ကောင်းရဲ့လား" ဟု ငေါ့လိုက်သည်။

ဤကဲ့သို့ ရုတ်တရက် စကားလမ်းကြောင်း ပြောင်းလဲလိုက်ခြင်းက သိသာလွန်းလှသဖြင့် ရှီလဲ့က အခြေအနေကို ကြားဝင်၍ ဖျန်ဖြေပေးလိုက်သည်။ "ဦးလေး... ဆရာဝူက လက်ဖက်ခြောက်အကြောင်း နားလည်တယ်ဆိုတော့ ကျွန်တော် ဝယ်လာတဲ့ လက်ဖက်ခြောက်ကို ထုတ်ပြီး ဆရာဝူကို အကဲဖြတ်ခိုင်းလိုက်ပါလား.. အကယ်၍ ဒါက တကယ့်ကို အတုအပ ဖြစ်နေရင် ကျွန်တော် သေသေချာချာ သွားပြီး ရှင်းရမှာပေါ့"

လီကွန်းနင်သည် ဧည့်ခန်းထောင့်ရှိ သစ်သားသေတ္တာကို သွားရောက်ယူဆောင်လာခဲ့သည်။ ၎င်းကို ဖွင့်လိုက်သောအခါ အတွင်း၌ နောက်ထပ် သစ်သားသေတ္တာတစ်လုံး ရှိနေသည်ကို တွေ့ရသဖြင့် သူ အနည်းငယ် အံ့သြသွားမိသည်။ သူက ဆက်လက်၍ ဖွင့်လှစ်လိုက်ရာ နန်းတွင်းသုံး အဝါရောင် ဖဲကတ္တီပါပေါ်တွင် စီခြယ်ထားသည့် အနုစိတ်လှသော လက်ဖက်ခြောက်တုံးငယ် တစ်ဆယ့်နှစ်တုံးကို တွေ့လိုက်ရသည်။

ထုပ်ပိုးမှုနှင့် အပြင်ပန်းသွင်ပြင်ကို ကြည့်ရုံမျှဖြင့် ဤလက်ဖက်ခြောက်များမှာ စျေးမနည်းကြောင်း အထင်အရှား သိသာလှသည်။

လီကွန်းနင်က သစ်သားသေတ္တာကို ဝူပင်းထံ ကမ်းပေးလိုက်ပြီး စနောက်လိုသော အမူအရာဖြင့် "ရှောင်ဝူ... သေချာကြည့်ပါဦး၊ ဒီလက်ဖက်ခြောက်က ဝိသမလောဘသားတွေရဲ့ အရည်အသွေးညံ့ ပစ္စည်းလားလို့" ဟု ဆိုသည်။

ဝူပင်း၏ နဖူးပြင်တွင် သိသိသာသာ ချွေးစေးများ ပြန်လာခဲ့သည်။ သူသည် လက်ဖက်ခြောက်တုံးငယ်များကို သေသေချာချာ စစ်ဆေးကြည့်လိုက်ရာ နှလုံးသားထဲတွင် အံ့သြတုန်လှုပ်မှုများ ဖြစ်ပေါ်လာသည်။ ဝူပင်းသည် လက်ဖက်ခြောက်အကြောင်း နားလည်သူဖြစ်ပြီး မိမိကိုယ်တိုင်လည်း လက်ဖက်ရည် ကြိုက်နှစ်သက်သူ ဖြစ်သည်။

"ဒါက..." ဝူပင်းက ရှီလဲ့ကို ကြည့်ကာ "ဒါ ပိုင်လော့ချွမ်း မဟုတ်လား" ဟု မေးလိုက်သည်။

လီကွန်းနင်က ရှီလဲ့အတွက် ဝင်ရောက်ဖြေကြားပေးသည်။ "ဝူလေး... မင်း မျက်စိကတော့ တော်တော်စူးတာပဲ ဒါက အထူးအဆင့် ပီလော့ချွန်း လက်ရာမြောက် လက်ဖက်ခြောက်တွေ ဖြစ်ရမယ်" ဤသို့ပြောပြီးနောက် လီကွန်းနင်က ရှီလဲ့ဘက်သို့ လှည့်ကာ "ရှောင်ရှီ.... မင်းပြန်ရင် ဒီလက်ဖက်ခြောက်ကို ပြန်သယ်သွားပါဦး ဦးလေး ဒီလောက်အဖိုးတန်တဲ့ လက်ဖက်ခြောက်ကို မယူဝံ့ပါဘူး"

၂၀၀၆ ခုနှစ်တွင် ပရော်ဖက်ဆာ လီကွန်းနင်ကဲ့သို့ ရာထူးအဆင့်ရှိသူပင်လျှင် ပုံမှန်လစာ ယွမ် နှစ်ထောင်ခန့်သာ ရရှိသည်။ သူသည် သက်တမ်းရင့် လက်ဖက်ရည်သောက်သူတစ်ဦး ဖြစ်သည့်အလျောက် အထူးအဆင့် ပိုင်လော့ချွမ်း၏ တန်ကြေးကို အလွန်ကောင်းမွန်စွာ သိရှိပေသည်။

ရှီလဲ့က စိတ်ပျက်လက်ပျက် အပြုံးဖြင့် "ဦးလေးရယ်... ကျွန်တော့်ကို ချမ်းသာပေးပါဦး ကျွန်တော်က လက်ဖက်ရည် ကြိုက်တဲ့သူ မဟုတ်ပါဘူး အကယ်၍ ခင်ဗျား ဒါကို ကျွန်တော့်ကို အတင်းသောက်ခိုင်းမယ်ဆိုရင်တော့ ယွမ်တစ်ပြားတန် လမ်းဘေးလက်ဖက်ရည်ပဲ သောက်လိုက်ပါတော့မယ်" ဟု ဆိုလိုက်သည်။

ဟွမ်ဖန်က ရှီလဲ့ကို အံ့သြမှု၊ သံသယဖြစ်မှုတို့ဖြင့် လှမ်းကြည့်လိုက်မိသည်။ 'ဒီရှီလဲ့က တကယ်ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတာလား'

လီကွန်းနင်ကမူ ဆက်လက်၍ ငြင်းပယ်နေဆဲပင်။ "ရှောင်ရှီ... ဦးလေး တစ်သက်လုံး စာသင်လာတာ ဒီလောက် တန်ဖိုးကြီးတဲ့ လက်ဆောင်မျိုးကို မယူဖူးဘူး မင်း ပြန်သယ်သွားတာက ပိုကောင်းပါတယ်"

ထိုစဉ် လီကျစ်ယွဲ့က ကြားထဲမှ ဝင်ပြောလိုက်သည်။ "ဖေဖေ... ယူထားလိုက်ပါ ဒီလောက် ပစ္စည်းလေးက သူ့အတွက် ဘာမှမဟုတ်ပါဘူး"

ရှီလဲ့က အလျင်အမြန်ပင် "ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ဦးလေး... ကျေးဇူးပြုပြီး လက်ခံပေးပါဦး" ဟု ဆိုသည်။

ဟွမ်ဖန်သည် လီကျစ်ယွဲ့၏ စကားထဲမှ အဓိပ္ပာယ်ကို ဖမ်းဆွဲမိသွားပြီး စိတ်ထဲတွင် အခြားအတွေးများ ဝင်ရောက်လာခဲ့သည်။ သူမက ပြုံးလျက် "ရှီလေး... ဟို လက်ကောက်ကော၊ အဲဒါလည်း အများကြီး အဖိုးတန်နေတာ မဟုတ်ဘူးမလား အဲဒါဆိုရင်တော့ အန်တီလည်း မင်းကို ပြန်ပေးရလိမ့်မယ်" ဟု မေးမြန်းလိုက်တော့သည်။

All Chapters