အခန်း ၁၁၃
Vol. 12 Ch. 113
အခန်း - ၁၁၃
လီကျစ်ယွဲ့၏ အိမ်ထဲရှိ ဧည့်ခန်းအတွင်းတွင် ဟွမ်ဖန်သည် လက်ကောက်ကို ထုပ်ပိုးမှုထဲမှ ထုတ်ယူလိုက်သည်။ ဝူပင်းက ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ဝေဖန်ဆန်းစစ်ကာ "မစ္စတာရှီ... ဒီလက်ကောက်ကို ဘယ်နေရာက ဝယ်လာတာလဲဗျာ" ဟု မေးလိုက်သည်။
ရှီလဲ့က ပျာပျာသလဲ ဖြစ်သွားဟန် ဆောင်လိုက်ပြီး "ဆရာဝူ... ဒီလက်ကောက်က တစ်ခုခု မှားနေလို့လား" ဟု မေးလိုက်သည်။
ဝူပင်းက မိမိကိုယ်ကိုယ် ကျွမ်းကျင်သူတစ်ဦးကဲ့သို့ ဟန်ပန်ထုတ်ကာ ခပ်ပြုံးပြုံးဖြင့် "မစ္စတာရှီ... ဒီလက်ကောက်က တော်တော်လေး နီရဲနေတာ မှန်ပေမဲ့ အလင်းပေါက်နိုင်စွမ်းက အရမ်းညံ့လွန်းတယ် ဒီပုတီးစေ့တွေကို ကြည့်လိုက်စမ်းပါ၊ တစ်စေ့ချင်းစီတိုင်းက နောက်ကျိနေပြီး ကြည်လင်တောက်ပတဲ့ အထိအတွေ့မျိုး နည်းနည်းငယ်တောင် မရှိဘူး" ဟု ဆိုသည်။
ဟွမ်ဖန်ကလည်း ထောက်ခံချက်ပေးသည်။ "ရှောင်ဝူ ပြောတာ မှန်တယ်ဟ၊ ကြည့်ရတာ အဲဒီလို ပြဿနာတွေ ရှိနေပုံပဲ ရှောင်ရှီ... ဒါက ဘယ်လိုဖြစ်ရတာလဲ"
ရှီလဲ့က အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် ရှင်းပြလေသည်။ "အာ... ဘယ်လိုလုပ် အဲဒီလို ဖြစ်နိုင်မှာလဲ ကျွန်တော် ဝမ်ဖူကျင်းကုန်တိုက်မှာ ဝယ်တုန်းက အရောင်းစာရေးမလေး ပြောတော့ အလင်းပေါက်အား အရမ်းကောင်းတဲ့ ဟာတွေက လူလုပ်အတုတွေတဲ့ ဒီလိုမျိုး အလင်းပေါက်အားနည်းပြီး အတွင်းထဲမှာ နောက်ကျိနေတာမျိုးကမှ သဘာဝအတိုင်း ဖြစ်တည်လာတဲ့ကျောက်စိမ်းအစစ်တဲ့...သူတို့များ ကျွန်တော့်ကို လိမ်လိုက်တာလား မသိဘူး" ရှီလဲ့သည် ဇဝေဇဝါဖြစ်နေသည့် အမူအရာဖြင့် လက်ကောက်ကို သံသယစိတ်ဖြင့် သေသေချာချာ စိုက်ကြည့်ကာ တည်ကြည်သော လေသံဖြင့် ပြောနေသော်လည်း မည်သူမဆို သူ၏စကားထဲတွင် ကဲ့ရဲ့လှောင်ပြောင်သည့် အရိပ်အယောင် အနည်းငယ်ကို အာရုံခံမိနိုင်သည်။
လီကျစ်ယွဲ့ကမူ ပါးစပ်ကိုပိတ်၍ တခစ်ခစ် ရယ်မောလိုက်ပြီး ရှီလဲ့ကို မျက်စောင်းထိုးလိုက်သော်လည်း သူမ၏ မျက်ဝန်းထဲတွင်မူ အတိုင်းထက်အလွန် ကျေနပ်အားရမှုများဖြင့် ပြည့်နှက်နေသည်။ လီကျစ်ယွဲ့ကိုယ်တိုင်လည်း ထိုဝူပင်းကို အလွန်တရာ အမြင်ကတ်နေသည်မှာ အထင်အရှားပင်။
လီကွန်းနင်က ချောင်းတစ်ချက်ဆိုးကာ မျက်နှာတွင် အပြုံးတစ်ခု ဆင်မြန်းလျက် အခြေအနေကို ကြားဝင်စေ့စပ်ပေးလိုက်သည်။ "ကဲ... ထားလိုက်ကြပါတော့၊ လာစားကြ၊ စားကြ"
ဝူပင်းသည် အလွယ်တကူ လက်မလျှော့လိုဘဲ "မစ္စတာရှီ... ဒီလက်ကောက်ကို ဘယ်လောက် ပေးခဲ့ရလဲ ကျွန်တော့်မှာေကျာက်စိမ်းလုပ်ငန်းလုပ်တဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်လေ၊ မင်း အလှည့်စားခံလိုက်ရလားဆိုတာ သိရအောင် သူ့ကို လှမ်းမေးပေးမယ်" ဟု ဆိုပြန်သည်။
ရှီလဲ့က စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်ပြီးမှ "ဝယ်ယူမှု ပြေစာက သေတ္တာအောက်ခြေမှာ ရှိမယ်ထင်တယ် ဘယ်လောက်လဲဆိုတာ ကျွန်တော်လည်း သေချာမမှတ်မိတော့ဘူး၊ ကြည့်လိုက်လေ" ဟု ပြောလိုက်သည်။
ဟွမ်ဖန်သည် နီရဲနေသောကျောက်စိမ်းလက်ကောက်ကို သူမ၏ လက်ကောက်ဝတ်တွင် ချက်ချင်း ဝတ်ဆင်လိုက်ပြီးနောက် သေတ္တာ၏ အပေါ်ထပ်ကို မကာ ဖဲကတ္တီပါအောက်မှ ပြေစာကို ထုတ်ယူလိုက်သည်။
ပုံနှိပ်ထားသော ပြေစာပေါ်တွင် စျေးနှုန်းကို အထင်အရှား ပြသထားသည်။ ၎င်းမှာ ယွမ် ၃,၂၈၈ ဖြစ်သည်။ ထို့အပြင် အောက်ဆုံးတွင် ဝမ်ဖူကျင်း ကုန်တိုက်၏ တံဆိပ်အမှတ်အသားလည်း ပါရှိသည်။
ဝူပင်း၏ မျက်နှာမှာ အနည်းငယ် ပြာနှမ်းသွားပြီးနောက် သူ၏ ဖုန်းကို ထုတ်ယူကာ ဟွမ်ဖန်ကို "အန်တီ... ကျွန်တော့်သူငယ်ချင်းကို မေးကြည့်ဖို့ ဒါလေးကို အရင် ဓာတ်ပုံရိုက်လို့ ရမလား" ဟု မေးမြန်းလိုက်သည်။
ဟွမ်ဖန်က ရက်ရောစွာဖြင့် လက်ကောက်ကို လက်မှ ချွတ်ကာ ရတနာဘူးထဲသို့ ပြန်ထည့်ပေးလိုက်သည်။ ဝူပင်းက အလျင်အမြန်ပင် ဓာတ်ပုံရိုက်ယူကာ သူ၏ သူငယ်ချင်းထံသို့ ပေးပို့လိုက်တော့သည်။
အကြောင်းပြန်ကြားချက်ကို စောင့်ဆိုင်းနေစဉ် ဝူပင်းသည် ဖုန်းဖွင့်ပြီးကျောက်စိမ်းနှင့် ပတ်သက်သည့် အချက်အလက်များကို ရှာဖွေတော့သည်။ ရွှမ်ချင်းမြို့ ဒေသတွင်းရှိ ကျောက်မျက်ရတနာဖိုရမ်တစ်ခုတွင် ရှာဖွေနေစဉ်အတွင်း သူသည် သတင်းတစ်ပုဒ်ကို ရုတ်တရက် တွေ့ရှိသွားခဲ့သည်။
"မင်းက ကျစ်ယွဲ့ရဲ့ကျောင်းသားပဲ၊မင်းတို့ကတကယ်ပဲဘာလဲ"
လီကျစ်ယွဲ့က အလောတကြီးပင် "ကျွန်မ သူ့ကို ကျွန်မချစ်သူအဖြစ် ဟန်ဆောင်ခိုင်းထားတာပါ"
ဝူပင်းက သက်ပြင်းတစ်ချက်ချကာ စိတ်အေးသွားဟန်ဖြင့် "အာ... ဒီလိုကိုး ကျောင်းသားနဲ့ ဆရာမ အချစ်ဇာတ်လမ်း မဟုတ်တာ တော်သေးတာပေါ့ ကျစ်ယွဲ့... မင်းက ငါ့ကို သဘောမကျဘူးဆိုမှတော့ ငါလည်း အတင်းအကျပ် မလုပ်တော့ပါဘူး" ဟု ဆိုသည်။ ဝူပင်းသည် မတ်တတ်ရပ်လိုက်ပြီး သူ၏ ယဉ်ကျေးသိမ်မွေ့သော အမူအရာကို ပြန်လည်ထိန်းသိမ်းကာ ခပ်ပြုံးပြုံးဖြင့် "အန်တီနဲ့ ဦးလေး... ဧည့်ခံကျွေးမွေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒီနေ့ နေ့လယ်ပိုင်း ကျွန်တော့်မှာ လုပ်စရာ ကိစ္စလေးတွေ ရှိသေးလို့ အရင် ပြန်ခွင့်ပြုပါဦး" ဟု နှုတ်ဆက်လိုက်လေသည်။
ဟွမ်ဖန်က သူ့ကို ဆက်နေရန် တားမြစ်လိုသော်လည်း လက်ရှိအခြေအနေမှာ မည်သို့မျှ မသင့်တော်ကြောင်း ထင်ရှားလှသည်။ သူမက နှမြောတသစွာဖြင့် "ရှောင်ဝူ... အချိန်ရရင် နောက်လည်း လာလည်ဦးနော်" ဟု ပြောလိုက်သည်။
ဝူပင်းက ခေါင်းငြိမ့်ပြကာ "သေချာပေါက် လာမှာပါ အန်တီ့လက်ရာကို နောက်လည်း လာမြည်းစမ်းချင်ပါသေးတယ်" ဟု ဆိုသည်။
ဟွမ်ဖန်က ဝူပင်းကို အောက်ထပ်အထိ လိုက်လံပို့ဆောင်ပေးခဲ့ရာ ဧည့်ခန်းထဲတွင် ရှီလဲ့နှင့် လီမိသားစု သုံးဦးသာ ကျန်ရှိတော့သည်။ အခြေအနေကို အကဲခတ်ပြီးနောက် ရှီလဲ့သည်လည်း ကျောင်းသားနှင့် ဆရာမ အချစ်ဇာတ်လမ်းကို လောလောဆယ်တွင် အသိအမှတ်ပြု၍ မဖြစ်နိုင်ကြောင်း ကောင်းစွာ နားလည်လိုက်သည်။
သူ၏ ပြီးခဲ့သောဘဝတွင် လီကျစ်ယွဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့သည့်တိုင်အောင် လီကွန်းနင်သည် ရှီလဲ့နှင့် လီကျိယွဲ့တို့၏ ပတ်သက်မှုကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ပြီး ရှီလဲ့ ကျောင်းပြီးသွားသည့်တိုင်အောင် မည်သည့်အခါတွင်မျှ အလျှော့မပေးခဲ့ပေ။ ထိုအချက်ကြောင့်ပင် ရှီလဲ့သည် အဝေးသို့ ထွက်ခွာသွားခဲ့ပြီး မိမိ၏ ပင်ကိုယ်မိဘအရင်းအမြစ်ကို လိုက်လံရှာဖွေသည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိခဲ့ရခြင်း ဖြစ်သည်။
သူ ပြန်လည်မွေးဖွားလာပြီးနောက်တွင်မူ ရှီလဲ့သည် သူ၏ မိဘအရင်းအမြစ်ကို ချက်ချင်း လိုက်မရှာခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သောဘဝတွင် သူသည် အချက်အလက်အချို့ကို ရှာဖွေတွေ့ရှိခဲ့ဖူးပြီး ထိုအချက်အလက်များက ဖော်ပြနေသည့် အကြောင်းအရာများမှာ ရှီလဲ့ကို ထိတ်လန့်ကြောက်ရွံ့စေသောကြောင့် ဖြစ်သည်။
မိမိတွင် ကိုယ်ပိုင်အင်အားအာဏာ မရှိသေးမီ အချိန်အထိ ရှီလဲ့သည် ထိုအချက်အလက်များကို အလွယ်တကူ ထိတွေ့ရန် မဝံ့ရဲသေးပေ။
လီကွန်းနင်က ရှီလဲ့ကို သံသယစိတ်ဖြင့် စိုက်ကြည့်လိုက်သည်။ သူသည် လီကျစ်ယွဲ့၏ မျက်ဝန်းထဲမှ တစ်စုံတစ်ရာကို ရိပ်မိနေခဲ့သည်။ "ရှောင်ရှီ... ကျစ်ယွဲ့က မင်းကို ရည်းစားအဖြစ် ဟန်ဆောင်ခိုင်းတာဆိုမှတော့ ဒီလက်ဖက်ခြောက်တွေကို မင်း ဘာပဲဖြစ်ဖြစ် ပြန်သယ်သွားပါ"
ထိုစဉ် ဟွမ်ဖန် ပြန်လည်ရောက်ရှိလာသည်။ သူမက နှမြောတသစွာဖြင့် လက်ကောက်ကို လက်မှချွတ်ကာ ရတနာဘူးထဲသို့ ပြန်ထည့်လိုက်ပြီး "လက်ကောက်ကိုလည်း ပြန်သယ်သွားပါ ပြီးတော့ ကျစ်ယွဲ့ရဲ့ အရူးကွက်တွေထဲမှာ မင်း နောက်နောင် ဒီလိုမျိုး ဝင်မပါနဲ့တော့" ဟု ဝင်ရောက်ပြောဆိုလိုက်သည်။
ရှီလဲ့က လီကွန်းနင်ကို အားနာသော အမူအရာဖြင့် ကြည့်ကာ "ပရော်ဖက်ဆာလီ... တကယ့်ကို တောင်းပန်ပါတယ် ကျွန်တော် လူကြီးမင်းတို့ကို တမင်လိမ်ညာဖို့ ရည်ရွယ်ချက်မရှိပါဘူး" ဟု ဆိုသည်။
လီကျစ်ယွဲ့က နှာခေါင်းတစ်ချက်ရှုံ့ကာ "ရှီလဲ့... အဲဒီတော့ နင်က ငါကပဲ ငါ့မိဘတွေကို တမင်သက်သက် လိမ်တယ်လို့ ပြောချင်တာလား" ဟု စွက်ဖက်လိုက်သည်။
"ဒါ... ကျစ်ယွဲ့၊ ငါ့စကားကို နားထောင်ဦး၊ ငါ အဲဒီလို သဘောနဲ့ ပြောတာမဟုတ်ဘူး" ရှီလဲ့က ပျာပျာသလဲ ရှင်းပြလိုက်သော်လည်း သူ၏နှုတ်မှ 'ကျစ်ယွဲ့' ဟု ခေါ်မိသွားသည်နှင့် တပြိုင်နက် မိမိကိုယ်ကိုယ် မှားသွားပြီဟု စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
လီကွန်းနင်၏ မျက်ဝန်းထဲမှ သံသယများမှာ ပို၍ နက်ရှိုင်းလာခဲ့သည်။ သို့သော် ဟွမ်ဖန်၏ အကြည့်ကမူ အခြားအဓိပ္ပာယ်တစ်မျိုး သက်ရောက်နေပြီး ရှီလဲ့ကို အသိအမှတ်ပြုသည့် အရိပ်အယောင်များဖြင့် ကြည့်ရှုနေသည်။
လီကျစ်ယွဲ့က မိမိကိုယ်ကိုယ် တည်ငြိမ်အောင် အတင်းထိန်းချုပ်ရင်း "ရှီလဲ့... ပြဇာတ်က ပြီးသွားပြီလေ၊ နင် ဘာတွေ လျှောက်အော်နေတာလဲ" ဟု ဆိုသည်။
ရှီလဲ့က ဟဟ ရယ်မောလိုက်ပြီး "ဆရာမလီ... ကျွန်တော် နှုတ်ကျိုးပြီး ထွက်သွားတာပါ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်" ဟု အလျင်အမြန် ဖုံးဖိလိုက်သည်။
၎င်းတို့နှစ်ဦးက ဖုံးကွယ်ရန် ကြိုးပမ်းနေကြသော်လည်း လီကွန်းနင်၏ မျက်ဝန်းထဲမှ သံသယများမှာ လွယ်လွယ်နှင့် ပျောက်ကွယ်မသွားဘဲ " ရှောင်ရှီ... ပြီးခဲ့တဲ့အကြိမ်က လမင်းရေအိုင်မှာ မင်း ကျစ်ယွဲ့ကို ကယ်ခဲ့တယ်လို့ ငါကြားတယ်" ဟု ထပ်မံမေးမြန်းလိုက်သည်။
ရှီလဲ့၏ နဖူးပြင်တွင် ချွေးစေးများ အနည်းငယ် ပြန်လာခဲ့သည်။ လီကွန်းနင်က ဤကိစ္စကို မည်သို့ သိရှိသွားရသနည်း။ သို့သော် ရှီလဲ့သည် ယခုအချိန်တွင် မည်သို့မျှ ပျာယာခတ်၍မရကြောင်း ကောင်းစွာသိရှိသည်၊ မဟုတ်ပါက အကျိုးဆက်မှာ အလွန်ဆိုးရွားသွားလိမ့်မည်။
"အာ... ပရော်ဖက်ဆာလီ၊ ခင်ဗျား ဒါကိုပါ သိနေလိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူး" ရှီလဲ့က အံ့သြချင်ယောင်ဆောင်လိုက်ပြီး "အဲဒီအကြိမ်တုန်းက ကိစ္စကြောင့်ပဲ ဆရာမလီနဲ့ ကျွန်တော် ပိုပြီး ရင်းနှီးသွားခဲ့တာပါ၊ အဲဒါကြောင့်လည်း သူမက ကျွန်တော့်ကို ရည်းစားအဖြစ် ဟန်ဆောင်ပေးဖို့ အကူအညီတောင်းခဲ့တာ" ဟု ပြောလိုက်သည်။
လီကွန်းနင်က စဉ်းစားကြည့်ရာ ဖြစ်နိုင်ခြေရှိသည်ဟု ထင်မှတ်သဖြင့် သံသယကို အနည်းငယ် လျှော့ချလိုက်ပြီး လက်ဖက်ခြောက်ကိစ္စကို ထပ်မံပြောဆိုပြန်သည်။ "ရှောင်ရှီ... ဒီလက်ဖက်ခြောက်တွေကိုတော့ ပြန်သယ်သွားပါ"
ရှီလဲ့၏ မျက်လုံးများက အကဲခတ်ရင်း ဟွမ်ဖန်ထံသို့ ကျရောက်သွားသည်။ ဟွမ်ဖန်သည် ငွေမက်သူတစ်ဦး ဖြစ်သော်လည်း ရှီလဲ့အနေဖြင့် သူမ၏ ဤစရိုက်ကို မုန်းတီးခြင်းမရှိပေ။ မည်သို့ပင်ဆိုစေ သူမသည် လီကျစ်ယွဲ့၏ အနာဂတ်အတွက် စဉ်းစားပေးခြင်းဖြစ်ပြီး ယခုအချိန်တွင် ရှီလဲ့သည် သူမ၏ ငွေမက်မှုကိုပင် ကျေးဇူးတင်မိမလို ဖြစ်နေသည်။
"ပရော်ဖက်ဆာဟွမ်... ခင်ဗျားကော ဒီလက်ကောက်ကို ကျွန်တော့်ဆီ ပြန်ပေးတော့မလို့လားဗျာ" ရှီလဲ့က ရည်ရွယ်ချက်ရှိရှိဖြင့် စိတ်ပျက်ရခက်ခဲနေသည့် အမူအရာမျိုး ပြုလုပ်ကာ "ပရော်ဖက်ဆာဟွမ်... ခင်ဗျား သိချင်မှ သိပါလိမ့်မယ်၊ ကျွန်တော် ကျောင်းဝင်းဆော့ဖ်ဝဲလ် ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆု ယွမ်တစ်သောင်း ရရှိခဲ့တဲ့အပြင် မထင်မှတ်ဘဲ နောက်ထပ် ယွမ်သန်းနှစ်ဆယ်လည်း ရရှိခဲ့ပါသေးတယ် ဒီကိစ္စတွေ အားလုံးထဲမှာ ဆရာမလီရဲ့ ပံ့ပိုးကူညီမှုတွေကို လျစ်လျူရှုထားလို့ မရပါဘူး"
ဟွမ်ဖန်သည် ကျောင်းထဲမှ ကောလာဟလများကို နောက်ဆုံးတွင် သတိရသွားပြီး "မင်းက... ဟို ရှီလဲ့လား" ဟု မေးလိုက်သည်။
ရှီလဲ့က ခေါင်းငြိမ့်ပြကာ "ဟုတ်ပါတယ် ပရော်ဖက်ဆာဟွမ်၊ ကျွန်တော်က အဲဒီရှီလဲ့ပါပဲ အဲဒီတော့ ဆရာမလီအပေါ် ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီအဂိတ်လက်ကောက်ကို ကျေးဇူးပြုပြီး သိမ်းထားပေးပါဦး" ဟု ဆိုသည်။
ဟွမ်ဖန်က လီကျစ်ယွဲ့ကို လှမ်းကြည့်လိုက်သည်။ မိခင်ဖြစ်သူ၏ မျက်ဝန်းထဲမှ လက်ကောက်အပေါ် စွဲလန်းနှစ်သက်မှုကို မြင်တွေ့ရသောအခါ လီကျစ်ယွဲ့က "မေမေ... မေမေ သဘောကျရင်လည်း သိမ်းထားလိုက်ပါ" ဟု ပြောလိုက်သည်။
ရှီလဲ့ကလည်း အလိုက်သင့် ဝင်ပြောပေးသည်။ "ပရော်ဖက်ဆာဟွမ်... ကျေးဇူးပြုပြီး လက်ခံပေးပါကျောက်စိမ်းလက်ကောက်ကို ရေရှည်ဝတ်ဆင်ထားရင် ကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုပါတယ်"
ဟွမ်ဖန်သည် လီကွန်းနင်၏ တောင့်တင်းခက်ထန်နေသော မျက်နှာပေးကို ဂရုမစိုက်တော့ဘဲ လက်ကောက်ကို သူမ၏ လက်ကောက်ဝတ်တွင် ဝမ်းသာအားရ ပြန်လည်ဝတ်ဆင်လိုက်တော့သည်။
ရှီလဲ့က လီကွန်းနင်ဘက်သို့ လှည့်ကာ မချိပြုံး ပြုံးပြရင်း "ပရော်ဖက်ဆာလီ... ခင်ဗျားအနေနဲ့ ဒီလက်ဖက်ခြောက်တွေကိုတော့ ကျွန်တော့်ကို အတင်းပြန်သယ်ခိုင်းမှာ မဟုတ်တော့ဘူးမလား" ဟု မေးလိုက်သည်။
လီကွန်းနင်က ခေါင်းမာစွာဖြင့် "ရှောင်ရှီ... မင်းက ကျစ်ယွဲ့ရဲ့ ကျောင်းသားပဲ ငါ ဒီလက်ဖက်ခြောက်တွေကို လက်မခံနိုင်ဘူး" ဟု ဆိုသည်။
ရှီလဲ့က ချဉ်းကပ်ပုံ နည်းဗျူဟာကို ပြောင်းလဲလိုက်ပြီး "ပရော်ဖက်ဆာလီ... ကျွန်တော် ခင်ဗျားကို ဒီလက်ဖက်ခြောက်တွေ ပေးရတာက အမှန်တော့ အကူအညီတစ်ခု တောင်းချင်လို့ပါ" ဟု ပြောလိုက်သည်။
"ဪ..." လီကွန်းနင်က ရှီလဲ့ကို သံသယဖြင့် ကြည့်ကာ "မင်း ငါ့ကို ဘာအကူအညီ တောင်းချင်လို့လဲ"
"ပရော်ဖက်ဆာလီက စက်မှုနှင့် အီလက်ထရွန်နစ် အင်ဂျင်နီယာဌာနက ပရော်ဖက်ဆာတစ်ယောက် မဟုတ်လား " ရှီလဲ့က မေးလိုက်ရာ လီကွန်းနင် ခေါင်းငြိမ့်ပြသဖြင့် သူက ဆက်လက်၍ "ကျွန်တော့်မှာ တကယ့်ကို ရင်ဘတ်ချင်းနီးတဲ့ သူငယ်ချင်းတစ်ယောက် ရှိပါတယ် သူက ကျွန်တော်နဲ့ အတန်းတူ၊ အဆောင်တူပဲ အဲဒီကောင်က ကွန်ပျူတာဆော့ဖ်ဝဲလ် ပရိုဂရမ်မင်း ပညာရပ်ကို သင်ယူနေတာ အထင်အရှားဖြစ်ပေမဲ့ စက်မှုပိုင်းဆိုင်ရာ အစိတ်အပိုင်းတွေကို အမြဲတမ်း လက်တည့်စမ်း လိုစိတ်ရှိနေတာ...မကြာသေးခင်ကတင် သူက လောင်စာဆီသုံး ရီမုကွန်ထရိုး ရဟတ်ယာဉ်တစ်စင်းကို ကိုယ်တိုင် တပ်ဆင်ဖို့ ရူးသွပ်နေလေရဲ.. စိတ်မကောင်းစရာက သူ့ရဲ့ အရည်အချင်းနဲ့ဆိုရင် ဒါက လုံးဝ မဖြစ်နိုင်ဘူးလေ အဲဒါကြောင့် ပရော်ဖက်ဆာလီအနေနဲ့ သူ့ကို အကြံဉာဏ်အချို့ ပေးစေချင်ပါတယ် အဆင်ပြေနိုင်မလား ခင်ဗျာ"
လီကွန်းနင်သည် ရှီလဲ့ကို လီချိုင်၏ အခြေအနေနှင့် ပတ်သက်၍ မေးခွန်းများစွာ မေးမြန်းခဲ့သည်။ စက်မှုနှင့် အီလက်ထရွန်နစ် အင်ဂျင်နီယာဌာနမှ ပရော်ဖက်ဆာတစ်ဦးအနေဖြင့် သူသည် လီချိုင်၏ စိတ်အားထက်သန်မှုကို အလွန်သဘောကျသွားပြီး နောက်ဆုံးတွင် ရှီလဲ့၏ တောင်းဆိုချက်ကို သဘောတူလိုက်လေသည်။ ထို့ကြောင့်ပင် လက်ဖက်ခြောက်သေတ္တာမှာ အိမ်၌ သဘာဝကျကျ ကျန်ရစ်ခဲ့တော့သည်။
အခက်အခဲ အလှည့်အပြောင်းများစွာ ကြုံတွေ့ခဲ့ရသော ထမင်းဝိုင်း ပြီးဆုံးသွားသောအခါ လီကျစ်ယွဲ့၏ မိသားစုဝင် သုံးဦးစလုံးက ရှီလဲ့ကို အောက်ထပ်အထိ အတင်းအကျပ် လိုက်လံပို့ဆောင်ပေးကြသည်။ ရှီလဲ့က မည်မျှပင် ငြင်းပယ်ပါစေ မရတော့ဘဲ နောက်ဆုံးတွင် ၎င်းတို့၏ ပို့ဆောင်မှုဖြင့် ထွက်ခွာခဲ့ရသည်။
ရှီလဲ့ အဖြူရောင် အော်ဒီကားလေး မောင်းနှင်ထွက်ခွာသွားသည်ကို လှမ်းကြည့်ရင်း ဟွမ်ဖန်က လီကျစ်ယွဲ့ကို ရုတ်တရက် ပြောလိုက်သည်။ "ကျစ်ယွဲ့... အဲဒီရှီလဲ့ကသာ နင် ငှားလာတဲ့ သရုပ်ဆောင်တစ်ယောက် မဟုတ်ဘူးဆိုရင် သမက်အဖြစ် ရွေးချယ်ဖို့ မဆိုးတဲ့ ရွေးချယ်မှုပဲနော်"
လီကွန်းနင်က တည်တင်းသော မျက်နှာပေးဖြင့် "သူက ကျစ်ယွဲ့ရဲ့ ကျောင်းသားလေ" ဟု ဖြတ်ပြောလိုက်သည်။
လီကျစ်ယွဲ့၏ မျက်ဝန်းများက ရှုပ်ထွေးသွားပြီး ကလေးကလား အမူအရာဖြင့် "မေမေကလည်း ဘာတွေ လျှောက်ပြောနေတာလဲ ပြီးတော့ ဖေဖေလည်း လျှောက်မတွေးပါနဲ့ ရှီလဲ့မှာ ရည်းစားရှိတယ်၊ အဲဒီမိန်းကလေးက ကျွန်မတို့ အတန်းထဲကပဲ" ဟု ဆိုလိုက်တော့သည်။