အခန်း ၁၁၄
Vol. 12 Ch. 114
အခန်း - ၁၁၄
ဂျင်းယာဥယျာဉ်သို့ ပြန်ရောက်လာသောအခါ ရှီလဲ့သည် စိတ်အခြေအနေ အလွန်ကောင်းမွန်နေခဲ့သည်။ လီကျစ်ယွဲ့၏ မိသားစုထံမှ အသိအမှတ်ပြုမှုကို မရရှိခဲ့သေးသော်လည်း အနည်းဆုံးတော့ မျက်မှန်းတန်းမိသည့် အဆင့်သို့ ရောက်ရှိသွားခဲ့သည့်အပြင် လီချိုင်ကိုပါ ဆွဲထည့်နိုင်ခဲ့သဖြင့် နောက်တစ်ကြိမ် လာလည်ရန် အကြောင်းပြချက်ကောင်း ရရှိသွားခဲ့ပြီ ဖြစ်သည်။
ဆာဗာနံပါတ် ၁ ပေါ်ရှိ အမူအရာလှုပ်ရှားမှု ဖမ်းယူရေးပရိုဂရမ်ကို ကျော်ဖြတ်ပြီးနောက် ရှီလဲ့သည် စူပါကွန်ပျူတာ ‘ယန်’ သို့ ဦးစွာချိတ်ဆက်ကာ ဂျပန်နိုင်ငံ၏ သတင်းများကို စစ်ဆေးလိုက်သည်။
ရှီလဲ့ နောက်ကွယ်မှနေ၍ လှုံ့ဆော်ခဲ့သော ဂျပန်နိုင်ငံအား ဆိုက်ဘာတိုက်ခိုက်မှု အစီအစဉ်မှာ ဆယ်နာရီကျော်၊ ၂၄ နာရီပင်မပြည့်သည့် အချိန်တိုလေးသာ ကြာမြင့်ခဲ့သော်လည်း ဤအချိန်တိုအတွင်း တာ့ရှား၏ တတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းများ အင်အားအပြည့်ဖြင့် ထွက်ပေါ်လာခဲ့ကြသည်။ ဒုတိယမျိုးဆက်၏ ခေါင်းဆောင်များဖြစ်သော ဟက်ကာမဟာမိတ်အဖွဲ့ကလည်း အလုံးအရင်းဖြင့် လှုပ်ရှားကာ လုံခြုံစိတ်ချရသော ဆာဗာများကို ထောက်ပံ့ပေးပြီး ဂျပန်နိုင်ငံတွင် ကြီးမားသော မုန်တိုင်းတစ်ခုကို ဖန်တီးခဲ့ကြသည်။
NHK ရုပ်သံလိုင်း၊ Fuji ရုပ်သံလိုင်း ၊ TBS ရုပ်သံလိုင်းနှင့် အခြားသော သတင်းဌာနများ၏ ဖော်ပြချက်အရ တိုကျိုမြို့တစ်မြို့တည်းတွင်ပင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ဝက်ဘ်ဆိုက်များအပြင် ကိုယ်ပိုင်ဝက်ဘ်ဆိုက်ပေါင်း ၂၀၀,၀၀၀ ကျော်မှာ တာ့ရှားဟက်ကာများ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ ပဏာမ အချက်အလက်များအရ စီးပွားရေးဆုံးရှုံးမှုတန်ဖိုးမှာ ယွမ်သန်းပေါင်းတစ်ထောင်ရှိနေပြီ ဖြစ်သည်။ ဂျပန်တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ဆိုလျှင် စုစုပေါင်း ဆုံးရှုံးမှုမှာ ယွမ် ၁.၂ ဘီလီယံကျော်အထိ ရှိနေခဲ့သည်။
ဂျပန်အစိုးရသည် ရှနိုင်ငံအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့ပြီး တာ့ရှားဟက်ကာများကို ဖမ်းဆီးနိုင်ရန်အတွက် ရှနိုင်ငံ၏ သက်ဆိုင်ရာဌာနများအနေဖြင့် ပူးပေါင်းကူညီပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံ၏ ကန့်ကွက်ရှုတ်ချမှုများနှင့် ရင်ဆိုင်ရသောအခါ တာ့ရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှာမူ ထိုက်ရှန်တောင်ကြီးကဲ့သို့ တည်ငြိမ်နေဆဲဖြစ်ပြီး ဂျပန်နိုင်ငံနှင့်အတူ တာဝန်လွှဲချတမ်းကစားကာ မည်သည့်ထိရောက်သော အစီအမံကိုမျှ အတိအကျ ကတိမပြုဘဲ အချိန်ဆွဲနေခဲ့သည်။
သတင်းများကို ဖတ်ရှုပြီးနောက် ရှီလဲ့သည် ကန်နွန်ကုမ္ပဏီ ထံသို့ အွန်လိုင်းမှ ဝင်ရောက်ကြည့်ရှုခဲ့သည်။ ၎င်းတို့၏ နည်းပညာဆိုင်ရာ အချက်အလက်များ ပျောက်ဆုံးနေသည်ကို အခြေအနေအားလုံး ပုံမှန်အတိုင်း လည်ပတ်နေဆဲဖြစ်ရာ သူတို့ မရိပ်မိသေးကြောင်း ထင်ရှားလှသည်။
ရှီလဲ့က စိတ်ထဲမှ ပြုံးလိုက်ပြီး စူပါကွန်ပျူတာ ‘ယန်’ ပေါ်တွင် သိမ်းဆည်းထားသော အချက်အလက်များကို ဆာဗာနံပါတ် ၁ သို့ ပြောင်းရွှေ့လိုက်သည်။ ၂၁၆ GB ရှိသော နည်းပညာဒေတာများ ကူးယူရန် ကျန်ရှိသည့်အချိန်ကို ကြည့်လိုက်ရာ နှစ်နာရီ အပြည့် ကြာမြင့်မည် ဖြစ်သည်။
ဤအချိန်အတွင်း ရှီလဲ့သည် အချိန်ဖြုန်းမနေဘဲ ပြီးခဲ့သည့်အကြိမ်က ပင်လယ်ရပ်ခြား ကုမ္ပဏီကိုယ်စားလှယ်အေဂျင်စီထံသို့ ဆက်သွယ်ကာ နောက်ထပ် ပင်လယ်ရပ်ခြားကုမ္ပဏီတစ်ခု မှတ်ပုံတင်ရန် ပြင်ဆင်လိုက်သည်။
ရှီလဲ့သည် ယခင်က မှတ်ပုံတင်ထားသော အံ့ဖွယ်နည်းပညာကုမ္ပဏီကို လောလောဆယ်တွင် အသုံးပြုရန် အစီအစဉ်မရှိပေ၊ အဘယ်ကြောင့်ဆိုသော် ၎င်းကို အခြားနေရာတွင် အသုံးပြုရန် ရှိနေသောကြောင့် ဖြစ်သည်။ ယခု အသစ်တည်ထောင်မည့် ပင်လယ်ရပ်ခြားကုမ္ပဏီအတွက်မူ ရှီလဲ့သည် ကန်နွန်၏ ဒစ်ဂျစ်တယ်ကင်မရာနှင့် အလင်းဆိုင်ရာ မှန်ဘီလူးနည်းပညာများကို အသုံးပြု၍ ပတ်ထရီးေရာ့ကုမ္ပဏီ နှင့် ပိုမိုနက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်ရန် ရည်ရွယ်ထားသည်။
ကန်နွန်ထံမှ ရရှိထားသော ထိုနည်းပညာများသည် ရှီလဲ့၏ လက်ထဲတွင်ရှိနေလျှင် မည်သည့်တန်ဖိုးမျှမရှိဘဲ နည်းပညာများ ခေတ်နောက်ကျသွားသည်အထိ သိုလှောင်ရုံထဲတွင်သာ ရှိနေမည် ဖြစ်သည်။ အကယ်၍ ရှီလဲ့အနေဖြင့် ဤနည်းပညာများကို အများပြည်သူသိရှိအောင် ချပြနိုင်သော်လည်း ၎င်းက သူ့အတွက် မည်သည့်အကျိုးအမြတ်ကို သယ်ဆောင်လာပေးမည်နည်း။
ရှီလဲ့သည် ပုံမှန်အားဖြင့် မိမိအတွက် အကျိုးမရှိဘဲ သူတစ်ပါးကို ဒုက္ခပေးမည့် အလုပ်မျိုးကို လုပ်မည့်သူ မဟုတ်ပေ။
ပင်လယ်ရပ်ခြား ကုမ္ပဏီကိုယ်စားလှယ်အေဂျင်စီနှင့် ဆက်သွယ်ပြီးနောက် ၎င်းတို့သည် ယခင်က တစ်ကြိမ် လက်တွဲဖူးသည့်အတွက် အခြားတစ်ဖက်က အလွန်လျင်မြန်စွာ ဆောင်ရွက်ပေးခဲ့ပြီး လုပ်ငန်းစဉ်တစ်ခုလုံး ပြီးမြောက်ရန် နှစ်ရက်သာ ကြာမြင့်မည်ဖြစ်ကြောင်း ရှီလဲ့ကို ပြောကြားခဲ့သည်။ အေဂျင်စီကြေးမှာလည်း အမေရိကန်ဒေါ်လာ ငါးထောင်မှ သုံးထောင့်ငါးရာအထိ ကျဆင်းသွားသဖြင့် ရှီလဲ့အတွက် ၃၀ ရာခိုင်နှုန်း စျေးလျှော့ပေးလိုက်ခြင်း ဖြစ်သည်။
ရှီလဲ့သည် ထိုပင်လယ်ရပ်ခြား ကုမ္ပဏီအသစ်စက်စက်ကို “လျှို့ဝှက်ချက်”ဟု အမည်ပေးလိုက်သည်။ ၎င်း၏ အမည်အတိုင်းပင် ဤကုမ္ပဏီနှင့် ပတ်သက်သည့် အချက်အလက်အားလုံးမှာ လျှို့ဝှက်ချက် ဖြစ်သည်။
ပင်လယ်ရပ်ခြား ကုမ္ပဏီကိစ္စများ အဆင်ပြေသွားပြီးနောက် ရှီလဲ့သည် ပတ်ထရီးရော့ကုမ္ပဏီနှင့် စတင်ဆက်သွယ်တော့သည်။ ရှီလဲ့အနေဖြင့် အခြားကင်မရာကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ရန် မစဉ်းစားခဲ့သည်တော့ မဟုတ်ပေ၊ သို့သော် ကမ္ဘာကျော်ကင်မရာကုမ္ပဏီတိုင်းတွင် မိမိတို့ကိုယ်ပိုင် နည်းပညာအရန်အင်အားများ ရှိကြသဖြင့် ကန်နွန်၏နည်းပညာကို အလေးအနက်ထားချင်မှ ထားကြလိမ့်မည်။ မည်သို့ပင်ဆိုစေ ၎င်းတို့မှာ သက်ဆိုင်ရာ မူပိုင်ခွင့်မရှိသော နည်းပညာဆိုင်ရာ စာရွက်စာတမ်းများသာ ဖြစ်သဖြင့် အကယ်၍ ထုတ်လုပ်မည်ဆိုပါကလည်း အလွန်တရာ အရှုပ်အရှင်းများပြားနိုင်သည်။
အခြားတစ်ဖက်တွင် ကန်နွန်၏ နည်းပညာဒေတာများကို အဖိုးတန်သည်ဟု ယူဆနိုင်သည့် ကုမ္ပဏီအသေးစားလေးများကိုမူ ရှီလဲ့က အထင်မကြီးပေ။ ထို့အပြင် ရှီလဲ့သည် ပတ်ထရီးရော့ကုမ္ပဏီနှင့် အနည်းဆုံး တစ်ကြိမ်မျှ လက်တွဲဖူးပြီးဖြစ်ရာ ၎င်းတို့၏ အင်အားမှာ အလွန်အမင်းမကြီးမားသော်လည်း ၎င်းတို့နောက်ကွယ်ရှိ နောက်ခံအင်အားမှာမူ တကယ့်ကို ထူးခြားဆန်းပြားကြောင်း သူ ကောင်းစွာသိရှိသည်။
ကျန်းချန်ရှိ ပတ်ထရီးရော့ကုမ္ပဏီ ရုံးချုပ်တွင် ကျုံးမုယွမ်သည် အပြုံးဖမ်းယူရေးပရိုဂရမ်ကို ယူဆောင်လာပြီးနောက် ပတ်ထရီးရော့ကုမ္ပဏီ၏ ဒစ်ဂျစ်တယ်ကင်မရာနှင့် အလင်းဆိုင်ရာ နည်းပညာဌာနခွဲသည် အပြုံးဖမ်းယူရေးပရိုဂရမ်ကို ၎င်းတို့၏ ဒစ်ဂျစ်တယ်ကင်မရာ စနစ်များအတွင်းသို့ ပေါင်းစပ်ထည့်သွင်းရန် အစွမ်းကုန် ကြိုးပမ်းခဲ့ကြသည်။
အပြုံးဖမ်းယူရေးပရိုဂရမ်မှာ မူလကတည်းက ဒစ်ဂျစ်တယ်ကင်မရာများအတွက် သီးသန့်ထုတ်လုပ်ထားခြင်းဖြစ်ပြီး ထို့အပြင် ရှီလဲ့ကိုယ်တိုင်ကလည်း အကောင်အထည်ဖော်ဆောင်ရမည့် အစီအစဉ်အချို့ကို ပံ့ပိုးပေးထားသဖြင့် ပတ်ထရီးရော့ကုမ္ပဏီ၏ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်မှာ အလွန်လျင်မြန်ခဲ့သည်။
နှစ်ရက်ကျော်အချိန်အတွင်းမှာပင် ၎င်းတို့သည် အပြုံးဖမ်းယူရေးပရိုဂရမ်ကို ဒစ်ဂျစ်တယ်ကင်မရာများအတွင်းသို့ အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့သည်။ အနည်းငယ်သော ချို့ယွင်းချက်အချို့ ရှိနေသေးသော်လည်း ၎င်းတို့သည် ပထမအဆင့် အလုပ်ကို နောက်ဆုံးတွင် ပြီးမြောက်အောင်မြင်ခဲ့ပြီ ဖြစ်သည်။
ကျုံးမုယွမ်သည် ပတ်ထရီးရော့ကုမ္ပဏီ၏ အစုရှယ်ယာ ၁၇ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။ သူသည် ဒစ်ဂျစ်တယ်ကင်မရာနှင့် အလင်းဆိုင်ရာ နည်းပညာဌာနခွဲကို တာဝန်ယူထားသည့် အထွေထွေမန်နေဂျာဖြစ်ပြီး ကုမ္ပဏီ၏ အမှုဆောင် ဒုတိယအထွေထွေမန်နေဂျာလည်း ဖြစ်သဖြင့် ကုမ္ပဏီအတွင်းရှိ ထိပ်တန်းအဆင့် အမှုဆောင်အရာရှိတစ်ဦး ဖြစ်သည်မှာ သေချာလှသည်။ ကျုံးမုယွမ်သည် အလင်းဆိုင်ရာနည်းပညာ သို့မဟုတ် ဒစ်ဂျစ်တယ်ကင်မရာနည်းပညာများကို နားမလည်သော်လည်း လူကို မည်သို့စီမံခန့်ခွဲရမည်ကိုမူ ကောင်းစွာတတ်ကျွမ်းသည်။
နေ့လယ်စာစားပြီးနောက် ကျုံးမုယွမ်သည် သူ၏ရုံးခန်းအတွင်း ခြေတင်ပလ္လင်လွှဲထိုင်ကာ ကျူကျူမှတစ်ဆင့် အွန်လိုင်းပေါ်တွင် မိန်းကလေးများကို စကားလိုက်ပြောရင်း အချိန်ဖြုန်းနေခဲ့သည်။ ထိုစဉ် သူ၏ ကွန်ပျူတာစခရင်ပေါ်တွင် စကားပြောခန်း တစ်ခု ရုတ်တရက် ပေါ်လာပြီး အတွင်း၌ စာသားအကြောင်းအရာများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။
‘ကျုံးမုယွမ်၊ အမျိုးသား၊ အသက် ၃၄ နှစ်၊ အိမ်ထောင်ရှိ၊ သားသမီးမရှိ၊ ကျန်းချန်မြို့ ရှီးယန်ခရိုင် ဇာတိ၊ ပတ်ထရီးရော့ကုမ္ပဏီ၏ အမှုဆောင် ဒုတိယအထွေထွေမန်နေဂျာ၊ ဒစ်ဂျစ်တယ်ကင်မရာနှင့် အလင်းဆိုင်ရာ နည်းပညာဌာနခွဲ၏ အထွေထွေမန်နေဂျာ၊ ပတ်ထရီးရော့ကုမ္ပဏီ အစုရှယ်ယာ ၁၇ ရာခိုင်နှုန်းကို ပိုင်ဆိုင်သည်။ တစ်ဝမ်းကွဲအစ်ကိုဖြစ်သူမှာ ကျန်းချန်မြို့၏ ဒုတိယမြို့တော်ဝန် ကျုံးမုခွေ ဖြစ်သည်။’
ကွန်ပျူတာရှေ့တွင် ကျုန်မုယွမ်၏ မျက်နှာအမူအရာ ချက်ချင်းပင် ပျက်သွားခဲ့သည်။ သူသည် နည်းပညာများကို နားမလည်သော်လည်း လက်ရှိအခြေအနေမှာ သူ၏ကွန်ပျူတာ ဟက်ခံလိုက်ရပြီဖြစ်ကြောင်း ကောင်းစွာသဘောပေါက်သည်။
ကျုံးမုယွမ်သည် တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားရင်း စကားပြောခန်းထဲတွင် စာရိုက်လိုက်သည်။ ‘မင်းက ဘယ်သူလဲ ဘာလိုချင်လို့လဲ’
ဂျင်းယာဥယျာဉ်ရှိ သူ၏တိုက်ခန်းထဲတွင် ရှီလဲ့က ရယ်မောလိုက်ပြီး “အစ်ကိုကြီးကျုံးတော့ အခုလောက်ဆို လိပ်ပြာလွင့်မတတ် လန့်နေလောက်ပြီမလား” ဟု တစ်ယောက်တည်း ရေရွတ်လိုက်ရင်း လက်များက ကီးဘုတ်ပေါ်တွင် တကွက်ကွက် ရိုက်နှိပ်လိုက်သည်။
‘ငါ ဘယ်သူလဲဆိုတာ မင်းသိဖို့မလိုဘူး ငါ့ကို နတ်ဘုရားလို့ပဲ သတ်မှတ်မလား၊ ဒါမှမဟုတ် မိစ္ဆာနတ်ဆိုးလို့ပဲ တွေးမလား ရပါတယ် ငါ အခု မင်းကို အခွင့်အရေးတစ်ခု ပေးမလို့၊ ပတ်ထရီးရော့ကုမ္ပဏီကို ကမ္ဘာကျော်လုပ်ငန်းကြီးတစ်ခုဖြစ်အောင် ဖွံ့ဖြိုးတိုးတက်စေမယ့် အခွင့်အရေးပဲ မင်း လက်ခံရဲလား’
ကွန်ပျူတာပေါ်ရှိ စာသားများကို ကြည့်ရင်း ကျုံးမုယွမ်သည် လည်ချောင်းများ ခြောက်ကပ်လာသလို ခံစားလိုက်ရသည်။ ယနေ့သည် ဧပရယ်ဖူးလ်နေ့ ဟုတ်မဟုတ် သေချာစေရန် သူ၏ဖုန်းကို စစ်ဆေးကြည့်လိုက်ပြီးနောက် ခက်ခက်ခဲခဲပင် ကီးဘုတ်ပေါ်တွင် ပြန်လည်စာရိုက်လိုက်သည်။ ‘ငါက မင်းကို ဘာလို့ ယုံရမှာလဲ’
‘မင်း ငါ့ကို ယုံကြည်နေစရာမလိုဘူး ရှောင်ချန်ဟဲကို အခုပဲ အထဲခေါ်လိုက်၊ ငါ သူ့ကို အချက်အလက်အချို့ ပြပေးမယ် မှတ်ထားပါ၊ ငါတို့ရဲ့ လျှို့ဝှက်ချက်ကို အပြင်မပေါက်ကြားစေနဲ့ ငါ မင်းကို ဒီအခွင့်အရေး ပေးနိုင်သလို အခြားသူတွေကိုလည်း သဘာဝအတိုင်း ပေးနိုင်တယ်’
ရှောင်ချန်ဟဲဆိုသည်မှာ ပတ်ထရီးရော့ကုမ္ပဏီ၏ နည်းပညာရှင်တစ်ဦးဖြစ်ပြီး ဒစ်ဂျစ်တယ်ကင်မရာနှင့် အလင်းဆိုင်ရာ နည်းပညာဌာနခွဲ၏ နည်းပညာဒါရိုက်တာ အဘိုးကြီးရှောင် ပင် ဖြစ်သည်။ ဒစ်ဂျစ်တယ်ကင်မရာ လုပ်ငန်းနယ်ပယ်တွင် သူ၏ အရည်အချင်းမှာ အလွန်ထက်မြက်လှသည်။ ကျုံးမုယွမ် ခဏမျှ စဉ်းစားလိုက်ပြီးနောက် စားပွဲပေါ်ရှိ ရုံးဖုန်းကို ကောက်ကိုင်ကာ သူ၏အတွင်းရေးမှူးထံသို့ ဆက်သွယ်လိုက်သည်။
“ဒါရိုက်တာရှောင်ကို ငါ့ရုံးခန်းထဲ လွှတ်ပေးပါ၊ မြန်နိုင်သမျှ မြန်မြန် သူ ဘာတွေပဲ အလုပ်ရှုပ်နေပါစေ အခုချက်ချင်း၊ ဒီကို လာခိုင်းလိုက်ပါ” ကျုံးမုယွမ် ဖုန်းထဲသို့ အော်ပြောလိုက်ပြီးနောက် ဖုန်းချလိုက်သည်။
ဖုန်းချပြီးနောက် သူသည် စီးကရက်တစ်လိပ်ကို ထုတ်ယူကာ မီးညှိပြီး တိတ်ဆိတ်စွာ သောက်နေခဲ့သည်။ ကွန်ပျူတာစခရင်ပေါ်ရှိ အကြောင်းအရာများမှာ အလိုအလျောက် ပြောင်းလဲသွားခဲ့ပြီး ပထမဦးစွာ စကားပြောခန်း ပျောက်ကွယ်သွားကာ ထို့နောက်တွင် နည်းပညာဆိုင်ရာ အချက်အလက်ပြပုံကြမ်း တစ်ခုနှင့်အတူ နည်းပညာဆိုင်ရာ အညွှန်းဒိုင်ရက်ထရီတစ်ခု ပေါ်လာခဲ့သည်။
“ဒေါက် ဒေါက် ဒေါက်”
တံခါးခေါက်သံ ထွက်ပေါ်လာသည်။ ကျုံးမုယွမ် စီးကရက်နှစ်လိပ် သောက်ပြီးသွားခဲ့ပြီ ဖြစ်သည်။ သူက အနည်းငယ် ပြာနေသော အသံဖြင့် “ဝင်ခဲ့ပါ” ဟု ဆိုလိုက်သည်။
အဘိုးကြီးရှောင် လမ်းလျှောက်ဝင်လာပြီး ဗြစ်တောက်ဗြစ်တောက် ပြောတော့သည်။ “အထွေထွေမန်နေဂျာကျုံး... စောင့်လို့မရတဲ့ ကိစ္စမျိုး ရှိလို့လားဗျာ.. ကျွန်တော် အခု အပြုံးဖမ်းယူရေးပရိုဂရမ်ကို စမ်းသပ်နေတာလေ”
ကျုံးမုယွမ်သည် မတ်တတ်ရပ်ကာ သူ၏ထိုင်ခုံကို ဖယ်ပေးလိုက်ပြီး အဘိုးကြီးရှောင်ကို “အဘိုးကြီးရှောင်... ဒီပစ္စည်းကို တစ်ချက်လောက် ကြည့်ပေးစမ်းပါ ဒါက အတိအကျ ဘာလဲဟင်” ဟု မေးလိုက်သည်။
စူးစမ်းလိုစိတ်ဖြင့် အဘိုးကြီးရှောင်သည် စားပွဲကို ပတ်၍ လျှောက်လာခဲ့သည်။ သူ ထိုင်မနေတော့ဘဲ ကွန်ပျူတာစခရင်ကို စိုက်ကြည့်လိုက်သည်။
“ဟင်...” အဘိုးကြီးရှောင် တစ်ချက်ကြည့်လိုက်ပြီးနောက် မောက်စ်ကို လှမ်းကိုင်ကာ သေသေချာချာ စတင်ကြည့်ရှုတော့သည်။ ကွန်ပျူတာစခရင်ပေါ်တွင် ရှိနေသည်မှာ DSLR ကင်မရာမှန်ဘီလူး၏ အခြေခံဒီဇိုင်းနှင့် ထုတ်လုပ်မှုပုံကြမ်းဖြစ်ပြီး အမျိုးမျိုးသော အသေးစိတ် အချက်အလက်များ အပြည့်အစုံ ပါရှိနေသည်။
အဘိုးကြီးရှောင်သည် ချက်ချင်းပင် စွဲလန်းသွားခဲ့သည်။ သူသည် အမူအရာပျက်ကွက်ခြင်းကိုပင် မေ့လျော့ကာ ကျုံးမုယွမ်၏ ထိုင်ခုံတွင် ထိုင်ချလိုက်ပြီး သေသေချာချာ ကြည့်ရှုတော့သည်။ ဆယ်မိနစ်ကျော် အချိန်ကုန်လွန်သွားခဲ့သော်လည်း အဘိုးကြီးရှောင်သည် ခေါင်းမော့မလာခဲ့ဘဲ ပို၍ကြည့်လေလေ ပို၍ သေသေချာချာ စစ်ဆေးလေလေ ဖြစ်နေသည်။
ကျုံးမုယွမ်က သူ့ကို သတိပေးသည့်အနေဖြင့် ချောင်းတစ်ချက်ဆိုးလိုက်ပြီး “အဘိုးကြီးရှောင်... ဒါက ဘာပစ္စည်းလဲ ကိုးကားရမယ့် တန်ဖိုးမျိုး ရှိရဲ့လား” ဟု မေးလိုက်သည်။
အဘိုးကြီးရှောင်၏ မျက်ဝန်းထဲတွင် ပြင်းပြသော တောင့်တမှုများ ထွက်ပေါ်လာသည်။ သူက ကျုန်မုယွမ်၏ လက်မောင်းကို အတင်းဆွဲကိုင်ကာ စိတ်လှုပ်ရှားစွာဖြင့် “အထွေထွေမန်နေဂျာကျုံး... ခင်ဗျား ဒီပုံကြမ်းကို ဘယ်ကနေ ရတာလဲ ဒီပုံကြမ်းထဲမှာ ဒီဇိုင်းဆွဲထားတဲ့ မှန်ဘီလူးက တကယ့်ကို ကမ္ဘာ့အဆင့်မီပဲ၊ ဒါ ကန်နွန်ရဲ့ ထုတ်ကုန် ဖြစ်ရမယ်”
ကျုံးမုယွမ်က ပြန်မဖြေဘဲ မေးခွန်းတစ်ခုကိုသာ ထပ်မံမေးလိုက်သည်။ “အကယ်၍ ငါတို့ကုမ္ပဏီက ဒီပုံကြမ်းကို ရမယ်ဆိုရင် ကန်နွန်ရဲ့ အဆင့်အတန်းမျိုးရှိတဲ့ မှန်ဘီလူးတွေကို ထုတ်လုပ်နိုင်မလား”
အဘိုးကြီးရှောင် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းအနည်းငယ်ခါပြကာ “မဖြစ်နိုင်ဘူး... ငါတို့ရဲ့ ထုတ်လုပ်မှုနည်းပညာက အဲဒီလောက်အထိ အဆင့်မမြင့်သေးဘူး၊ ဒါပေမဲ့ ငါတို့ထုတ်လုပ်မယ့် ပစ္စည်းတွေကတော့ သိပ်ပြီး ကွာခြားသွားမှာ မဟုတ်ဘူး အနည်းဆုံးတော့ ငါတို့ရဲ့ လက်ရှိထုတ်ကုန်တွေထက် အဆပေါင်းများစွာ ပိုပြီး အဆင့်မြင့်သွားမှာပါ”
ကျုံးမုယွမ်က ခေါင်းငြိမ့်ပြလိုက်ပြီး “အဘိုးကြီးရှောင်... မင်း အခု ပြန်လို့ရပြီ” ဟု ဆိုသည်။
“အထွေထွေမန်နေဂျာကျုံး... ဟို ပုံကြမ်းက...” အဘိုးကြီးရှောင်က တုံ့ဆိုင်းစွာဖြင့် ပြောသည်။
“ကဲပါ... သွားလိုက်ပါဦး” ကျုံးမုယွမ်က လက်လှမ်းပြလိုက်ရာ သူ၏လေသံမှာ အနည်းငယ် စိတ်မရှည်သလို ဖြစ်နေသည်။ အဘိုးကြီးရှောင်သည် အခြေအနေကို နားလည်သဖြင့် ရုံးခန်း၏ သစ်သားတံခါးကို ပိတ်ကာ ထွက်ခွာသွားတော့သည်။
ကျုံးမုယွမ်သည် ထိုစကားပြောခန်း ပြန်လည်ပေါ်လာမည့်အချိန်ကို ကွန်ပျူတာရှေ့တွင် ထိုင်စောင့်နေခဲ့သည်။ အခြားတစ်ဖက်တွင်မူ ရှီလဲ့သည် လင်းယွီမော့ထံသို့ စာတိုများ ပေးပို့နေခဲ့သည်။ စနေ၊ တနင်္ဂနွေ နှစ်ရက်တာ ပိတ်ရက်အတွင်း ရှီလဲ့သည် လင်းယွီမော့ထံသို့ စာတိုတစ်စောင်မျှ မပို့ခဲ့သဖြင့် သူမမှာ အတော်လေး စိတ်ဆိုးနေပြီး လက်ရှိတွင် ရှီလဲ့ကို စာတိုများဖြင့် စစ်ဆေးမေးမြန်းနေခြင်း ဖြစ်သည်။
ဆယ်မိနစ်ကျော် စောင့်ဆိုင်းပြီးနောက်တွင်ပင် ထိုစကားပြောခန်းမှာ ပေါ်မလာသေးချေ။ ကျုံးမုယွမ် စတင်ပူပန်လာခဲ့ပြီ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူသည် လူမိုက်တစ်ယောက်မဟုတ်သဖြင့် ဖိုင်အလွတ်တစ်ခုကို ဖွင့်ကာ ‘မင်း ရှိနေသေးရဲ့လား’ ဟု ရိုက်နှိပ်လိုက်သည်။
ဆာဗာနံပါတ် ၁ ၏ ဒက်စတော့ပ်မှာ ကျုံးမုယွမ်၏ ဒက်စတော့ပ်နှင့် ချိတ်ဆက်ထားခြင်း ဖြစ်သည်။ ရှီလဲ့သည် ထိုဖိုင်ကို မြင်တွေ့ပြီးနောက် လင်းယွီမော့ကို စာတိုဖြင့် ချက်ချင်း ချော့လိုက်ပြီး ယာယီစကားပြောခန်းကို ပြန်လည်ဖော်ထုတ်လိုက်သည်။
‘ကျုံးမုယွမ်၊ မင်းအနေနဲ့ အဲဒီအချက်အလက်တွေရဲ့ အခြေအနေကို အခုလောက်ဆို သိလောက်ပြီဖြစ်သလို ငါ့ရဲ့ စေတနာကိုလည်း နားလည်လောက်ပြီလို့ ထင်တယ် အဲဒီတော့ မင်း ဘယ်လို ဆုံးဖြတ်မလဲ’
ကျုံးမုယွမ်သည် ခက်ခဲသော အခြေအနေတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။ ဤအရာမှာ စနောက်ကျီစယ်မှုတစ်ခုလား သို့မဟုတ် ပြိုင်ဘက်ကုမ္ပဏီတစ်ခုခု၏ စမ်းသပ်မှုလားဆိုသည်ကို သူ မသေချာချေ။ သူက သေသေချာချာ စာရိုက်၍ မေးမြန်းလိုက်သည်။ ‘မင်းဆီမှာ နည်းပညာဆိုင်ရာ အချက်အလက် ဘယ်လောက်အထိ ရှိနေတာလဲ’
‘ကန်နွန်မှာ ရှိသမျှ အရာအားလုံး ငါ့ဆီမှာ ရှိတယ် မင်း ခန့်မှန်းခဲ့သလိုပဲ၊ ငါ ကန်နွန်ရဲ့ နည်းပညာဒေတာတွေကို ခိုးယူခဲ့တာ ဒါကြောင့်မို့ ငါက ပူးပေါင်းဆောင်ရွက်မယ့် အဖော်တစ်ယောက် ရှာဖို့ လိုအပ်တယ် မင်းက ပထမဆုံး ရွေးချယ်မှုပဲ၊ အကယ်၍ မင်းက ငါ့ရဲ့ လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ဘူးဆိုရင်တော့ ငါ အခြားသူတွေနဲ့ ပူးပေါင်းဖို့ ဝန်လေးနေမှာ မဟုတ်ဘူး’
ကျုံးမုယွမ်က ထပ်မံမေးမြန်းသည်။ ‘ဘာလို့ ငါတို့ ပတ်ထရီးရော့ကို ရွေးချယ်တာလဲ၊ ပြီးတော့ ဘာလို့ ငါ့ကို ရွေးတာလဲ’
‘မင်းတို့ ပတ်ထရီးရော့က ကန်နွန်ရဲ့ နည်းပညာကို လိုအပ်နေသလို ဒီဒေတာတွေကို အသုံးချနိုင်မယ့် နောက်ခံအင်အားနဲ့ စွမ်းရည်လည်း ရှိကြတယ် ဒါ့အပြင် မင်းတို့ဆီမှာ အပြုံးဖမ်းယူရေးပရိုဂရမ်လို့ ခေါ်တဲ့ မူပိုင်ခွင့်တစ်ခုလည်း ရှိနေတယ် မဟုတ်လား’
ကျုံးမုယွမ် နောက်တစ်ကြိမ် ထိတ်လန့်တုန်လှုပ်သွားရပြန်သည်။ အခြားတစ်ဖက်က ဤအရာကိုပါ သိရှိနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
‘ဒါဆိုရင် ငါတို့ဘက်က ဘာပြန်ပေးရမှာလဲ’