အခန်း ၁၁၅
Vol. 12 Ch. 115
အခန်း - ၁၁၅
“လောကကြီးမှာ အလကားရတဲ့ နေ့လယ်စာဆိုတာ မရှိဘူး... အလကားရတဲ့ နေ့လယ်စာလို့ ထင်ရရင်တောင် အဲဒီနောက်ကွယ်မှာ ထောင်ချောက်တစ်ခုခု ရှိနေစဥ်မြဲပဲ” စီးပွားရေးလောကထဲတွင် ဆယ်စုနှစ်တစ်ခုမက ကျင်လည်ခဲ့သော ကျုံးမုယွမ်သည် ဤနိယာမကို အလွန်ကောင်းစွာ နားလည်ထားသည်။
တစ်ဖက်လူက သူ့ထံသို့ အစပြုချဥ်းကပ်လာခြင်းဖြစ်ရာ နည်းပညာများကို အလကားသက်သက် ပေးအပ်မည်မဟုတ်သည်မှာ သေချာလှပေသည်။
စကားပြောခန်းအတွင်း၌ စာသားတစ်ကြောင်း ချောမွေ့စွာ ထပ်မံပေါ်လာပြန်သည်။
‘ငါ့ကို ပတ်ထရီးရော့ကုမ္ပဏီရဲ့ ရှယ်ယာ ၄၉ ရာခိုင်နှုန်း ပေးရမယ် ငြင်းဖို့ အလောတကြီး မလုပ်ပါနဲ့ဦး မင်းတို့လက်ထဲမှာ ၅၁ ရာခိုင်နှုန်း ကျန်ရှိနေဦးမှာဖြစ်လို့ ကုမ္ပဏီကို အပြည့်အဝ စီမံခန့်ခွဲပိုင်ခွင့် ရှိနေဆဲပဲ ဒါ့အပြင် ငါက ပတ်ထရီးရော့ကုမ္ပဏီရဲ့ ပုံမှန်လည်ပတ်မှုတွေမှာ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး၊ နှစ်ကုန် အမြတ်ဝေစု ခွဲဝေမှုကိုပဲ စောင့်ဆိုင်းမှာ’
ကျုံးမုယွမ် မျက်မှောင်ကြုတ်သွားခဲ့သည်။ တစ်ဖက်လူက စကားစသည်နှင့် ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို တောင်းဆိုလာခြင်းဖြစ်သည်။ ဤတောင်းဆိုချက်မှာ ပတ်ထရီးရော့၏ပိုင်ဆိုင်မှု ထက်ဝက်နီးပါးကို ယူဆောင်သွားခြင်းဖြစ်၍ အလွန်ပင် လွန်ကဲလှသည်။
ပက်ထရီးရော့ကုမ္ပဏီသည် ဒစ်ဂျစ်တယ်ကင်မရာနှင့် အလင်းဆိုင်ရာ နည်းပညာပိုင်းတွင် လမ်းလျှောက်စ ပြုနေသည့် ကလေးငယ်တစ်ဦးမျှသာ ရှိသေးသည်။ ၎င်းတို့၏ တကယ့်အင်အားမှာ ယူအက်စ်ဘီဒရိုက်ဗ်များ၊ MP3 နှင့် MP4 ပလေယာများ၊ ဒစ်ဂျစ်တယ် ဓာတ်ပုံဘောင်များ၊ သယ်ဆောင်ရလွယ်ကူသော ဟာ့ဒ်ဒရိုက် စသည့် သိုလှောင်မှုပစ္စည်း ကဏ္ဍတွင် ဖြစ်သည်။ ပတ်ထရီးရော့ကုမ္ပဏီ၏ စုစုပေါင်း ဈေးကွက်တန်ဖိုးမှာ ယွမ် ဘီလီယံနှစ်ထောင်ကျော် ရှိနေပြီး နှစ်စဉ်အမြတ်ငွေမှာလည်း ယွမ် သန်းတစ်ရာကျော် ရှိနေသည်။ ထို့ကြောင့် ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို လက်လွှတ်လိုက်ရန်မှာ အလွန်တရာ ခက်ခဲလှပေသည်။
သို့သော်လည်း ဤအမည်မသိ ဟက်ကာ ပံ့ပိုးပေးမည့် နည်းပညာကလည်း ကျုံးမုယွမ်ကို အလွန်ဆွဲဆောင်နေခဲ့သည်။ ကန်နွန်ကုမ္ပဏီ တစ်ခုလုံး၏ နည်းပညာဆိုင်ရာ အချက်အလက်များ။ ၎င်းမှာ နှစ်စဉ် လည်ပတ်ငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ကျော်ရှိသည့် ဘီလူးကြီး ကန်နွန်ကုမ္ပဏီ ဖြစ်သည်။
အကယ်၍ ပတ်ထရီးရော့ကုမ္ပဏီအနေဖြင့် ကန်နွန်ကုမ္ပဏီ၏ နည်းပညာကို ရရှိမည်ဆိုပါက နည်းပညာဆိုင်ရာ မူပိုင်ခွင့်များကို မရရှိနိုင်သော်လည်း ဖောမတ်ကို အနည်းငယ် ပြုပြင်ပြောင်းလဲခြင်းအားဖြင့် တာ့ရှားဈေးကွက်အတွင်း မူပိုင်ခွင့်နည်းပညာ၏ ကန့်သတ်ချက်များကို အောင်မြင်စွာ ရှောင်လွှဲနိုင်သည်။ ပတ်ထရီးရော့ကုမ္ပဏီ၏ ထုတ်ကုန်များသည် မူပိုင်ခွင့်ကာကွယ်ရေး ဥပဒေများကြောင့် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်သို့ မရောင်းချနိုင်လျှင်ပင် တာ့ရှားဈေးကွက်တစ်ခုတည်းနှင့်တင် ပတ်ထရီးရော့ကုမ္ပဏီ ကြီးပွားတိုးတက်လာရန် လုံလောက်လှပေသည်။
ထိုအချိန်ကျရောက်ပါက ပတ်ထရီးရော့ကုမ္ပဏီသည် ကိုယ်ပိုင်နည်းပညာအင်အားကို ပိုင်ဆိုင်ထားသည့် ရှနိုင်ငံ၏ အလွန်ကြီးမားသော ကုမ္ပဏီကြီးတစ်ခု ဖြစ်လာမည်ဖြစ်ပြီး နောက်ဆုံးတွင် နိုင်ငံတကာအဆင့်မီ လုပ်ငန်းစုကြီးအဖြစ်သို့ ဖွံ့ဖြိုးတိုးတက်သွားမည် ဖြစ်သည်။ ထိုအချိန်တွင် လက်ရှိပတ်ထရီးရော့ကုမ္ပဏီ အနေနှင့် နှိုင်းယှဥ်၍ပင် ရနိုင်တော့မည် မဟုတ်ပေ။ ပက်ထရီးရော့ အမှုဆောင်များ၏ ရှယ်ယာပမာဏမှာ ထက်ဝက်ခန့် ကျုံ့သွားမည် ဖြစ်သော်လည်း ကုမ္ပဏီ၏ စုစုပေါင်းတန်ဖိုးမှာ ဆယ်ဆ သို့မဟုတ် အဆပေါင်း ရာချီ၍ မြင့်တက်သွားမည် ဖြစ်သည်။
‘မင်္ဂလာပါ... မင်းကို ငါ ဘယ်လိုခေါ်ရမလဲ’ ကျုံးမုယွမ်က မေးလိုက်သည်။
ရှီလဲ့ စဉ်းစားကြည့်ပြီးနောက် လျှို့ဝှက်နည်းပညာကုမ္ပဏီ၏ ပထမဆုံး ပင်ယင်း အက္ခရာကို အသုံးပြု၍ “M” ဟု ကုဒ်နာမည် ပေးရန် ဆုံးဖြတ်လိုက်သည်။ သူသည် မူလက ‘Secret’ ၏ ပထမဆုံးအက္ခရာ ဖြစ်သော “S” ကို အသုံးပြုရန် စိတ်ကူးမိသော်လည်း ပြန်လည်စဉ်းစားကြည့်ရာ မိမိအမည်၏ ပထမဆုံး ပင်ယင်းအက္ခရာမှာလည်း “S” ဖြစ်နေသည်။ လာမည့် အစီအစဉ်များတွင် ကျုံးမုယွမ်၏ သံသယဝင်ခြင်းကို မခံရစေရန်အတွက် ရှီလဲ့သည် အဆုံး၌ “M” ကိုသာ ကုဒ်နာမည်အဖြစ် ရွေးချယ်လိုက်တော့သည်။
‘မင်း ငါ့ကို မစ္စတာ အမ် လို့ ခေါ်နိုင်ပါတယ် ကျုံးမုယွမ်... ငါ့ရဲ့ စိတ်ရှည်မှုက အတိုင်းအတာ ရှိတယ် မင်းရဲ့ ဆုံးဖြတ်ချက်ကို ပြောတော့’ ရှီလဲ့က ကျုံးမုယွမ်ကို ဖိအားပေးလိုက်သည်။ ကျုံးမုယွမ် ငြင်းပယ်လိမ့်မည်ကို သူ မစိုးရိမ်ပေ။ လူအတစ်ယောက် မဟုတ်သရွေ့ ကျုံးမုယွမ် သေချာပေါက် သဘောတူလိမ့်မည် ဖြစ်သည်။
ကျုံးမုယွမ်က ကီးဘုတ်ပေါ်တွင် ချက်ချင်း စာပြန်ရိုက်သည်။ ‘လေးစားအပ်တဲ့ မစ္စတာအမ်... ရှယ်ယာ ၄၉ ရာခိုင်နှုန်းဆိုတာ အရမ်းများလွန်းပါတယ် ငါတစ်ယောက်တည်း ဆုံးဖြတ်ချက်မချနိုင်လို့ ဒါကို ဆွေးနွေးဆုံးဖြတ်ဖို့ အလှည့်ကျ ဒါရိုက်တာအဖွဲ့ အစည်းအဝေး ခေါ်ယူဖို့ လိုအပ်ပါတယ်’
‘ငါ မင်းကို တစ်ရက် အချိန်ပေးမယ် မနက်ဖြန် ငါ မင်းကို ပြန်ဆက်သွယ်မယ်’ ဟူသော နောက်ဆုံးစာသားမှာ စကားပြောခန်းတွင် ပေါ်လာခဲ့သည်။ မိနစ်အနည်းငယ် ကြာပြီးနောက် စကားပြောခန်းတစ်ခုလုံးသည် သဲလွန်စမကျန် ပျောက်ကွယ်သွားတော့သည်။
ကျုံးမုယွမ်၏ မျက်ဝန်းများ ဝင်းလက်သွားသည်။ ‘ငါ အခုတင် အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ မစ္စတာအမ်ကို အမျိုးသားတစ်ယောက်အနေနဲ့ ရည်ညွှန်းပြီး ခေါ်လိုက်တာကို သူ မကန့်ကွက်ဘူးပဲ ကြည့်ရတာ သူက ယောက်ျားတစ်ယောက် ဖြစ်ပုံရတယ် အဲဒီ အမ် ဆိုတာ ဘယ်သူလဲဆိုတာပဲ ငါမသိတာ ကန်နွန်ကုမ္ပဏီရဲ့ ဒေတာတွေကိုတောင် ရအောင်ယူနိုင်တယ်ဆိုတော့... ဟွန်း သူ ဘယ်သူပဲဖြစ်ဖြစ်ပါ ငါတို့ ပက်ထရီးရော့ကုမ္ပဏီအတွက် အခွင့်အရေး ရောက်ရှိလာတာပဲ’
ကျုံးမုယွမ်သည် စားပွဲတင်ဖုန်းကို ကောက်ကိုင်ကာ အတွင်းရေးမှူးထံသို့ ဆက်သွယ်လိုက်သည်။ “အစုရှယ်ယာရှင် အားလုံးကို ချက်ချင်း ဖုန်းဆက်လိုက်၊ သူတို့အားလုံး အစည်းအဝေးခန်းမကို... မတိုင်ခင် အရောက်လာပေးဖို့ ငါ မျှော်လင့်တယ်လို့ ပြောလိုက်”
ပက်ထရီးေရာ့ကုမ္ပဏီ၏ အစုရှယ်ယာရှင် တစ်ဦးချင်းစီမှာ ရိုးရှင်းသူများ မဟုတ်ကြချေ။ ဥပမာအားဖြင့် ကျုံးမုယွမ်၏ တစ်ဝမ်းကွဲအစ်ကိုမှာ ကျန်းချန်မြို့၏ ဒုတိယမြို့တော်ဝန် ဖြစ်သည်။ အခြားသော အစုရှယ်ယာရှင် အကြီးအသေး အားလုံးနီးပါးတွင်လည်း အလားတူ နောက်ခံအင်အားများ ရှိကြသည်။ ဤအချက်သည် ရှီလဲ့အနေဖြင့် ပတ်ထရီးရော့ကုမ္ပဏီနှင့် ပူးပေါင်းရန် ရွေးချယ်ခဲ့သည့် အကြောင်းရင်းများထဲမှ တစ်ခုပင် ဖြစ်သည်။ ၎င်းတို့တွင် မူပိုင်ခွင့် ခွင့်ပြုချက်မရှိသည့် ပြဿနာကို အနည်းဆုံး ရှနိုင်ငံအတွင်း၌ ဖုံးဖိကျော်လွှားနိုင်မည့် နောက်ခံအင်အား လုံလောက်စွာ ရှိကြသည်။
ပတ်ထရီးရော့ကုမ္ပဏီတွင် အစုရှယ်ယာရှင် ရှစ်ဦးရှိပြီး ကျုံးမုယွမ်သည် ဒုတိယအကြီးဆုံး အစုရှယ်ယာရှင် ဖြစ်သည်။ “ကျန်းချန်မြို့ရဲ့ မင်းသား” ဟု လူသိများသော ပုဂ္ဂိုလ်မှလွဲ၍ ကျန်ရှိသူအားလုံးထက် သူ၏ ရှယ်ယာပမာဏမှာ ပိုမိုများပြားသည်။
ကျုံးမုယွမ်၏ ညွှန်ကြားချက်အရ ပတ်ထရီးရော့၏ ကျန်ရှိသော အစုရှယ်ယာရှင် ခုနစ်ဦးစလုံးသည် ၎င်းတို့ လုပ်ဆောင်နေသမျှကို ပစ်ပယ်ကာ ပတ်ထရီးရော့ကုမ္ပဏီ ရုံးချုပ်သို့ အလျင်အမြန် လာရောက်ခဲ့ကြသည်။
အစုရှယ်ယာရှင် ရှစ်ဦး၏ မိသားစုများသည် မျိုးဆက်အလိုက် ခင်မင်ရင်းနှီးကြသူများ ဖြစ်ကြပြီး ၎င်းတို့ ရှစ်ဦး၏ ဆက်ဆံရေးမှာလည်း အလွန်ကောင်းမွန်ကြသည်။
ပတ်ထရီးရော့ကုမ္ပဏီ၏ အစည်းအဝေးခန်းမအတွင်း တည်ငြိမ်သိမ်မွေ့သော အသက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် ဝိုင်းတော်သားများ၏ ထိပ်ဆုံးတွင် ထိုင်နေသည်။ သူက အားလုံးကို တိတ်ဆိတ်ရန် အချက်ပြသည့်အနေဖြင့် စားပွဲကို ခေါက်လိုက်သည်။ ဤအမျိုးသား၏ အမည်မှာ ဝမ်သုန်း ဖြစ်ပြီး ပတ်ထရီးရော့ကုမ္ပဏီ၏ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။ သူသည် အကြီးဆုံး အစုရှယ်ယာရှင် ဖြစ်သလို ပတ်ထရီးရော့ကုမ္ပဏီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ သူသည် အသက် ၃၆ နှစ်ဖြင့် အသက်အကြီးဆုံး ဖြစ်သော်လည်း လူပျိုကြီး ဖြစ်နေဆဲပင်။
“မုယွမ်... မင်း အရေးပေါ် အစုရှယ်ယာရှင် အစည်းအဝေး ခေါ်ယူရအောင် အတိအကျ ဘာဖြစ်လို့လဲ” ဝမ်သုန်းက မေးမြန်းလိုက်သည်။
ကျုံးမုယွမ်သည် အခန်းတွင်းကို ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် နောက်ဆုံးတွင် ဝမ်သုန်းကို စိုက်ကြည့်ကာ “အစ်ကိုကြီးသုန်း... ညီအစ်ကိုတွေ အားလုံး အတူတူ ဆွေးနွေးဆုံးဖြတ်ရမယ့် တကယ့်ကို အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိလို့ပါ” ဟု ဆိုသည်။
ကျုံးမုယွမ်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော မုတ်ဆိတ်မွေး ဗလတောင့်တောင့်နှင့် အမျိုးသားက ခပ်ကြမ်းကြမ်း လေသံဖြင့် “အစ်ကိုကြီးမုယွမ်... ဘာကိစ္စလဲ ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါ ငါ ခဏနေရင် ငါ့ညီအစ်ကိုတွေနဲ့ အမဲလိုက်သွားဖို့ ချိန်းထားတာ ရှိတယ်” ဟု ဝင်ပြောသည်။ ဤသူ၏ အမည်မှာ ကျောက်ချန် ဖြစ်ပြီး ပတ်ထရီးရော့ကုမ္ပဏီ၏ တတိယအကြီးဆုံး အစုရှယ်ယာရှင် ဖြစ်ကာ ရှယ်ယာ ၁၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး သူ၏ မိသားစုမှာ စစ်တပ်နောက်ခံ ရှိသည်။
ထိပ်သီး အစုရှယ်ယာရှင် သုံးဦးက ရှယ်ယာ ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ကျန်ရှိသော ၄၀ ရာခိုင်နှုန်းကို အခြားသော အစုရှယ်ယာရှင် ငါးဦးက တစ်ဦးလျှင် ၈ ရာခိုင်နှုန်းစီဖြင့် ပိုင်ဆိုင်ကြသည်။
ကျုံးမုယွမ်သည် ကျောက်ချန်ကို ဂရုမစိုက်ဘဲ ဝမ်သုန်း၏ နောက်ကွယ်တွင် ရပ်နေသော ရုပ်ချင်းဆင်တူသည့် အသက်လတ်ပိုင်း အမျိုးသားနှစ်ဦးကို လှည့်၍ ညွှန်ကြားလိုက်သည်။ “ကျားကြီး... ကျားလေး၊ မင်းတို့နှစ်ယောက် အစည်းအဝေးခန်းမ အပြင်ဘက်မှာ သွားစောင့်ပြီး စောင့်ရှောက်ပေးပါ ငါတို့ရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်သူ့ကိုမှ အထဲပေးမဝင်နဲ့”
ကျားကြီးနှင့် ကျားလေးသည် ဝမ်သုန်းကို လှမ်းကြည့်လိုက်ကြသည်။ ဝမ်သုန်းက ခေါင်းငြိမ့်ပြသဖြင့် ၎င်းတို့နှစ်ဦး အပြင်သို့ လမ်းလျှောက်ထွက်သွားကြသည်။
ကျုံးမုယွမ်က လှမ်းအော်ပြောသည်။ “နေဦး... အစ်ကိုကြီးသုန်း၊ ချန်လေးနဲ့ အခြားညီအစ်ကိုတို့... မင်းတို့ရဲ့ ဖုန်းတွေကို ထုတ်ပြီး ကျားကြီးနဲ့ ကျားလေးဆီမှာ အရင် သိမ်းဆည်းခိုင်းလိုက်ပါ ဒီအစည်းအဝေးမှာ ဘာအမှားအယွင်းမှ ရှိလို့မဖြစ်ဘူး”
ဝမ်သုန်းက ကျုံးမုယွမ်ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။ အကယ်၍ အခြားတစ်ဖက်လူသည် ငယ်သူငယ်ချင်း ညီအစ်ကိုတစ်ဦး မဟုတ်ခဲ့ပါက ဝမ်သုန်းအနေဖြင့် ဒေါသထွက်မိသွားလောက်ပြီ ဖြစ်သည်။ ဝမ်သုန်း၏ အဆင့်အတန်းမှာ အလွန်မြင့်မားလှပြီး ၎င်းကို သူ၏ ကိုယ်ရံတော်နှစ်ဦးက သက်သေပြနေသည်။
“မုယွမ်... ဒါက တကယ့်ကို အဲဒီလောက်အထိ အရေးကြီးလို့လား” ဝမ်သုန်းက မေးလိုက်သည်။
ကျုံးမုယွမ်က အသေအချာ ခေါင်းငြိမ့်ပြကာ “အစ်ကိုကြီးသုန်း... ငါ့ကို ယုံကြည်ပါ” ဟု ဆိုသည်။
ဝမ်သုန်းက ခေါင်းငြိမ့်လိုက်ပြီး “ဖုန်းတွေ ပေးလိုက်ကြ” ဟု ပြောလိုက်ရာ အားလုံးက ၎င်းတို့၏ ဖုန်းများကို လွှဲပြောင်းပေးအပ်ကြသည်။ ကျားကြီးနှင့် ကျားလေးသည် ဖုန်းလေးလုံးစီကို ယူဆောင်၍ အပြင်သို့ ထွက်ခွာသွားကြတော့သည်။
ကျုံးမုယွမ်က ထပ်မံမှာကြားသည်။ “ကျားကြီး... ကျားလေး၊ ဘယ်သူပဲ ဖုန်းဆက်ဆက် မိုးပြိုမတတ် အရေးကြီးတဲ့ ကိစ္စမဟုတ်ရင် ငါတို့ အစည်းအဝေးလုပ်နေလို့ မအားသေးဘူးလို့ပဲ ပြန်ပြောလိုက်”
အစည်းအဝေးခန်းမ တံခါးပိတ်သွားပြီးနောက် ဝမ်သုန်းသည် တည်ငြိမ်သော အပြုံးတစ်ခုဖြင့် ကျုံးမုယွမ်ကို ကြည့်ကာ “မုယွမ်... အခုတော့ အပြင်လူ မရှိတော့ဘူးဆိုတော့ ဘာကိစ္စလဲဆိုတာ ပြောစမ်းပါဦး” ဟု ဆိုသည်။
ကျုံးမုယွမ်က “အစ်ကိုကြီးသုန်း... ခုနတင် တစ်ယောက်ယောက်က ငါ့ကို ဆက်သွယ်လာတယ်၊ သူက ငါတို့ ပတ်ထရီးရော့ကုမ္ပဏီရဲ့ ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို လိုချင်နေတာ ငါကတော့ သဘောတူလိုက်ပြီ၊ အခု မင်းတို့ရဲ့ သဘောထားတွေကို မေးချင်လို့” ဟု ပြောလိုက်သည်။
အခန်းတွင်းရှိ လူတိုင်း စကားမဆိုဘဲ ကျုံးမုယွမ်၏ အကြောင်းပြချက်ကိုသာ စောင့်ဆိုင်းနေကြသည်။ ဝမ်သုန်း၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်းမရှိဘဲ “မုယွမ်... အဲဒီတစ်ဖက်လူက ငါတို့ ကုမ္ပဏီရဲ့ ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ရယူနိုင်လောက်အောင် ဘယ်လို အရည်အချင်းမျိုး ရှိလို့လဲ ပတ်ထရီးရော့ကုမ္ပဏီက ယွမ် ဘီလီယံနှစ်ထောင်ကျော်ပဲ တန်ဖိုးရှိသေးတယ် ဆိုပေမဲ့ လမ်းဘေးက ကြုံရာလူတိုင်း လာရောက် ထိပါးလို့ရတဲ့ အရာမျိုး မဟုတ်ဘူးလေ” ဟု ဆိုလိုက်သည်။
ကျုန်မုယွမ်က တိုးညှင်းသော လေသံဖြင့် သူ၏ကွန်ပျူတာ ဟက်ခံရသည့် အကြောင်းအရာ၊ တစ်ဖက်လူက ကန်နွန်ကုမ္ပဏီ၏ နည်းပညာဒေတာများကို ပြသခဲ့သည့် အကြောင်းနှင့် အဘိုးကြီးရှောင် အတည်ပြုပေးခဲ့သည့် သတင်းများကို အသေးစိတ် ရှင်းပြလိုက်သည်။
“ညီအစ်ကိုတို့... မင်းတို့ ကော ဘယ်လိုထင်လဲ” ကျုံးမုယွမ် သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်သည်။
ဝမ်သုန်းက စီးကရက်တစ်လိပ်ကို မီးညှိကာ တိတ်ဆိတ်စွာ သောက်နေခဲ့သည်။ အခြားသူများလည်း အလားတူပင် ဖြစ်ကြသည်။ မုတ်ဆိတ်မွေးနှင့် ခပ်ကြမ်းကြမ်း နေတတ်သော ကျောက်ချန်ပင်လျှင် တိတ်ဆိတ်သွားခဲ့ပြီး အမဲလိုက်သွားမည့် ကိစ္စကို အော်ဟစ်ခြင်း မပြုတော့ပေ။
အစည်းအဝေးခန်းမအတွင်း စီးကရက်မီးခိုးများဖြင့် ပြည့်နှက်နေပြီး အချိန်အတော်ကြာအောင် တိတ်ဆိတ်မှုကြီး စိုးမိုးနေခဲ့သည်။ နောက်ဆုံးတွင် ဝမ်သုန်းက စကားစလိုက်သည်။ “မုယွမ်... တစ်ဖက်လူက ငါတို့ကို လှည့်စားနေတာ မဟုတ်ဘူးလို့ မင်း ဘယ်လောက်အထိ သေချာလဲ အကယ်၍ တစ်ဖက်လူမှာ ကန်နွန်ကုမ္ပဏီရဲ့ နည်းပညာဒေတာ အားလုံး တကယ်ရှိနေရင် သူကိုယ်တိုင် ကုမ္ပဏီတစ်ခု မထောင်ဘဲ ဘာလို့ ငါတို့နဲ့ ပူးပေါင်းချင်ရတာလဲ ပြီးတော့ ဘာလို့ အကြွင်းမဲ့ စီမံခန့်ခွဲခွင့် မဟုတ်ဘဲ ရှယ်ယာ ၄၉ ရာခိုင်နှုန်းကိုပဲ လိုချင်ရတာလဲ”
ကျုံးမုယွမ်က သုံးသပ်ပြသည်။ “အစ်ကိုကြီးသုန်း... မင်း အတွေးအမြင် လွဲမှားမှုတစ်ခုထဲ ရောက်နေပြီ”
ဝမ်သုန်းက စိတ်မဆိုးဘဲ စိတ်ဝင်တစားဖြင့် “ဘယ်လို အတွေးအမြင် လွဲမှားမှုလဲ” ဟု မေးမြန်းသည်။
“အစ်ကိုကြီးသုန်း... ငါတို့ ပတ်ထရီးရော့ကုမ္ပဏီမှာ အခြားကုမ္ပဏီတွေမှာ မရှိတဲ့ အားသာချက်တွေ အများကြီး ရှိတယ်၊ ဥပမာ ငါတို့နောက်ကွယ်က အင်အားစုပဲ ဒီတစ်ကြိမ်မှာ ငါတို့က အလားတူ နောက်ခံအင်အားမျိုး ရှိတဲ့ ကောင်တွေနဲ့ ပြိုင်ဆိုင်နေတာ မဟုတ်ဘဲ လုံးဝ သူစိမ်းဖြစ်တဲ့ အမည်မသိလူတစ်ယောက်နဲ့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်နိုင်တာက သူက အွန်လိုင်းကွန်ရက်ပေါ်မှာ မုန်တိုင်းထန်အောင် လုပ်နိုင်စွမ်း ရှိပေမဲ့ တကယ့် လက်တွေ့လောကမှာတော့ ဘယ်လို အင်အားမျိုးမှ မရှိတာဖြစ်နိုင်တယ်.. ဒါကြောင့်မို့ သူက ငါတို့ရဲ့ အင်အားကို အသုံးချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ သူ့ကိုယ်သူ ငါတို့နဲ့ ပူးတွဲချည်နှောင်ထားဖို့ ရည်ရွယ်တာ” ဟု ကျုံးမုယွမ်က ခွဲခြမ်းစိတ်ဖြာပြသည်။
ဝမ်သုန်းက ရုတ်တရက် သဘောပေါက်သွားကာ ခေါင်းငြိမ့်လိုက်သည်။ “မုယွမ်... မင်းပြောတာ မှန်တယ် ငါ အတွေးချော်သွားတာပဲ ငါတို့ ကုမ္ပဏီမှာ တကယ်ပဲ ကိုယ်ပိုင် အားသာချက်တွေ ရှိတာပဲ”
ကျုံးမုယွမ်က ရယ်မောရင်း “ပြီးတော့ ငါတို့ဆီမှာ နောက်ထပ် သော့ချက်တစ်ခု ရှိသေးတယ်၊ ငါတို့မှာ အပြုံးဖမ်းယူရေးပရိုဂရမ်ရှိသလို ရှနိုင်ငံရဲ့ မူပိုင်ခွင့်လည်း ရှိနေတာ အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့လူက ဒါကိုပါ သိနေတာလေ ပိုပြီး အရေးကြီးတာက သူက ငါတို့ရဲ့ နောက်ခံအကြောင်းအရာတွေကို အသေအချာ သိမြင်နေတာပဲ” ဟု ဆိုသည်။
ဝမ်သုန်း ခဏမျှ စဉ်းစားလိုက်ပြီး “အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ မစ္စတာအမ်က အရာအားလုံးကို သိနေပြီး သူ တောင်းဆိုတဲ့ အရာကလည်း သိပ်ပြီး မလွန်ကဲလှဘူးဆိုမှတော့ ငါတို့ဘက်ကလည်း သိပ်ပြီး တွန့်တိုမနေသင့်ဘူး မစ္စတာအမ်လို လူမျိုးကို ရန်သူအဖြစ် သတ်မှတ်မိရင် ငါတို့အတွက် ဆုံးရှုံးမှုပဲ ရှိပြီး အကျိုးမြတ် ရှိမှာမဟုတ်ဘူး ငါ့ရဲ့ သဘောထားကတော့ မုယွမ်နဲ့ အတူတူပဲ၊ သူ့ကို ရှယ်ယာ ၄၉ ရာခိုင်နှုန်း ပေးဖို့ သဘောတူတယ်” ဟု ဆုံးဖြတ်ချက် ပေးလိုက်သည်။
ဝမ်သုန်း၏ သဘောတူညီချက်နှင့်အတူ ပတ်ထရီးရော့ကုမ္ပဏီ၏ အစုရှယ်ယာရှင် အားလုံးသည် ကျုံးမုယွမ်၏ အဆိုပြုချက်ကို တညီတညွတ်တည်း သဘောတူလိုက်ကြပြီး လျှို့ဝှက်ဆန်းကြယ်သော မစ္စတာအမ်က နောက်တစ်နေ့တွင် ကျုံးမုယွမ်ထံသို့ ထပ်မံဆက်သွယ်လာမည့်အချိန်ကို စောင့်ဆိုင်းကာ ကျုံးမုယွမ်အနေဖြင့် တစ်ဖက်လူကို သဘောတူညီချက် ပေးအပ်ရန်သာ ကျန်ရှိတော့သည်။
ဂျင်းယာဥယျာဉ်ထဲတွင် ရှီလဲ့သည် လင်းယွီမော့ထံသို့ ဖုန်းခေါ်ဆိုနေခဲ့သည်။ “ဟဲလို... ရှောင်မော့ မင်း အခုထိ စိတ်ဆိုးနေတုန်းပဲလား “
လင်းယွီမော့သည် ရှီလဲ့ထံသို့ စာတို အမြောက်အမြား ပေးပို့ခဲ့သော်လည်း ရှီလဲ့က ပြန်လည်စာမရိုက်ခဲ့သဖြင့် သူမမှာ အနည်းငယ် မကျေမနပ် ဖြစ်နေခဲ့သည်။ “မုန်းစရာကောင်းတဲ့ လူ.. ရှင် ကျွန်မကို လျစ်လျူရှုထားတော့မလို့ မဟုတ်လား”
ရှီလဲ့က ခပ်ပြုံးပြုံး မျက်နှာပေးဖြင့် “ဘယ်လိုလုပ် အဲဒီလို ဖြစ်နိုင်မှာလဲ ကျွန်တော် အခုတင် အလုပ်ကိစ္စလေးတွေ ရှိနေလို့ပါ ကျွန်တော့်ရဲ့ တောင်းပန်မှုကို ပြသတဲ့အနေနဲ့ အလှလေး... ကျွန်တော့်ကို အခွင့်အရေးတစ်ခု ပေးပါဦး၊ ကျွန်တော် အပြင်မှာ အစားအသောက် တစ်ခုခု ကျွေးပါရစေ၊ ဘယ်လိုလဲ” ဟု ချော့လိုက်တော့သည်။