အခန်း ၁၁၆
Vol. 12 Ch. 116
အခန်း - ၁၁၆
ရှီလဲ့က ဖုန်းထဲတွင် စကားအပြောအဆို ညက်ညောလှသဖြင့် လင်းယွီမော့မှာ တခစ်ခစ် ရယ်မောမိပြီး နောက်ဆုံးတွင်တော့ သူနှင့်အတူ ညစာစားရန် သဘောတူလိုက်ရတော့သည်။
ရှီလဲ့က သူမအား အဆောင်တွင်သာ စောင့်နေရန်နှင့် ခဏအတွင်း လာခေါ်မည်ဖြစ်ကြောင်း ပြောလိုက်သည်။
သူသည် ဂျင်းယာဥယျာဉ်၏ အများသုံးကားပါကင်မှ အော်ဒီအဖြူရောင်ကားလေးကို မောင်းနှင်ကာ ရွှမ်ချင်းတက္ကသိုလ်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့သည်။
ကျောင်းဂိတ်ဝသို့ ရောက်သောအခါ ရှီလဲ့ကို လုံခြုံရေးဝန်ထမ်းက တားဆီးလိုက်သည်။
ရှီလဲ့က ကားမှန်ကို ချလိုက်ပြီး ပြုံးလျက် “အစ်ကိုချန်... ကျွန်တော့်ကို မမှတ်မိတော့ဘူးလားဗျာ၊ ကျွန်တော် နံပါတ် (၁) ဒေါက်တာဘွဲ့ကြိုအဆောင်က ရှီလဲ့လေ” ဟု ပြောလိုက်သည်။
ပြီးခဲ့သည့်တစ်ခေါက်က ရှီလဲ့သည် ယုရှီး စီးကရက် ဘူးဝက်ခန့် ပေးခဲ့ဖူးသဖြင့် သူက မှတ်မိနေ၏။
“အော်... ရှီလဲ့ပါလား၊ မင်းကားက တကယ့်ကို လန်းတာပဲဟေ့”
ရှီလဲ့က တဟဲဟဲရယ်ရင်း ကြိုတင်ပြင်ဆင်လာသည့် စီးကရက်တစ်လိပ်ကို ကမ်းပေးလိုက်ကာ “အစ်ကိုချန်... ကျွန်တော် အထဲမှာ ကိစ္စလေးနည်းနည်းရှိလို့ပါ” ဟု ဆိုလိုက်သည်။
အစောင့်က ရီမုကွန်ထရိုခလုတ်ကို နှိပ်လိုက်ရာ လျှပ်စစ်သံပန်းတံခါးမှာ အလိုအလျောက် ပွင့်သွားပြီး လမ်းပွင့်သွားခဲ့သည်။
အော်ဒီအဖြူရောင်ကားလေးမှာ အလွယ်တကူပင် ဖြတ်သန်းသွားပြီး နံပါတ် (၁) ပါရဂူဘွဲ့ကြိုအဆောင်ဆီသို့ မောင်းနှင်သွားတော့သည်။
ရှီလဲ့ ကားကို အောက်ထပ်တွင် ရပ်ကာ အပြင်သို့ လှမ်းအထွက်၌ပင် လှမ်းလာနေသော မုရွှမ်းကို အဝေးမှ လှမ်းမြင်လိုက်ရသည်။
အရပ်ရှည်ရှည်နှင့် မုရွှမ်းသည် လရောင်ကဲ့သို့ ဖြူဆွတ်သော ဂါဝန်ကို ဝတ်ဆင်ထားပြီး သူမ၏ အမူအရာမှာ အေးစက်လွန်းလှရာ ကမ္ဘာလောကကြီးကို ငုံ့ကြည့်နေသည့် ရေခဲနှင်းကြာပန်းတစ်ပွင့်အလားပင်။
“ဟိုင်း... မုရွှမ်း” ရှီလဲ့က အသံကျယ်ကျယ်ဖြင့် နှုတ်ဆက်လိုက်သည်။
မုရွှမ်းက ရှီလဲ့ကို တစ်ချက်လှမ်းကြည့်သော်လည်း သူမ၏ အမူအရာမှာ အေးစက်မြဲ အေးစက်နေဆဲပင်။ “ရှီလဲ့... နင် ဘာလို့ ဒီမှာ ရှိနေတာလဲ”
ရှီလဲ့က တဟဲဟဲရယ်ရင်း “မုရွှမ်းရယ်... ဒါက ကျွန်တော့်အဆောင်ပဲဟာ၊ ကျွန်တော် ရှိလို့မရဘူးလား” ဟု ပြောလိုက်သည်။
“ဟွန်း...” မုရွှန်းက နှာခေါင်းရှုံ့ကာ ခပ်ဖွဖွလေး လှောင်လိုက်ပြီး “ဒါက နင့်အဆောင်ဆိုတာ နင် သိသေးတယ်ပေါ့”
ရှီလဲ့ မိမိခေါင်းကို အူကြောင်ကြောင်ဖြင့် ကုတ်မိသွားသည်။ သူသည် ဤအဆောင်တွင် ညအိပ်ညနေ နေထိုင်ခဲ့သည်မှာ တကယ်ပင် ရက်အနည်းငယ်မျှသာ ရှိသေးသည်။
“မုရွှမ်း... ပြီးခဲ့တဲ့တစ်ခေါက်က ကိစ္စအတွက် ကျေးဇူးတင်ပါတယ်နော် ပြီးရင် အတူတူ ညစာသွားစားကြမလား” ရှီလဲ့က ရိုးရိုးတန်းတန်းပင် ဖိတ်ခေါ်လိုက်သည်။
သူ့ကို အံ့ဩသွားစေသည်မှာ မုရွှမ်းက ခေါင်းငြိမ့်ပြကာ “အင်း... ရတာပေါ့” ဟု သဘောတူလိုက်ခြင်းပင်။
ရှီလဲ့က မုရွှမ်းကို အံ့အားသင့်စွာ ကြည့်မိသွားသည်။ မုရွှမ်း ငြင်းပယ်လိမ့်မည်ဟု သူ ထင်ထားခဲ့သော်လည်း သူမ လက်ခံလိမ့်မည်ဟု မမျှော်လင့်ထားမိချေ။
'ဒါက ထောင်ချောက်ပဲ' သူက လင်းယွီမော့နှင့် နှစ်ယောက်တည်း သီးသန့်ညစာစားရန် သဘောတူထားပြီး ဖြစ်သည်။
မုရွှမ်း၏ မျက်ဝန်းထဲတွင် ပြုံးယောင်သန်းသွားသည်။ သူမက ရှီလဲ့အနားသို့ လျှောက်လာပြီး “လင်းယွီမော့ကိုပါ ဖုန်းခေါ်လိုက်လေ နင်က ငါနဲ့ နှစ်ယောက်တည်း ညစာသွားစားဖို့ မဖြစ်နိုင်ဘူးမလား” ဟု ပြောလိုက်သည်။
လင်းယွီမော့ အပေါ်ထပ်မှ ဆင်းလာသောအခါ ရှီလဲ့နှင့် မုရွှမ်းတို့ အတူရပ်နေသည်ကို မြင်လိုက်ရသဖြင့် သူမ၏ မျက်ဝန်းများ အနည်းငယ် တုန်လှုပ်သွားပြီး မျက်နှာပေါ်မှ အပြုံးများ တောင့်တင်းသွားသော်လည်း အနားသို့ လျှောက်လာခဲ့သည်။
“မမမုရွှမ်း... မမလည်း ရောက်နေတာလား” လင်းယွီမော့က မဆိုင်သလို မေးလိုက်သည်။
ရှီလဲ့က ဦးအောင် ဝင်ဖြေလိုက်ကာ “အောက်ထပ်မှာ မုရွှမ်းနဲ့ အမှတ်မထင် ဆုံတာလေ ပြီးခဲ့တဲ့တစ်ခေါက်က သူ ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့လို့ ညစာ ဖိတ်ကျွေးမလို့”
မုရွှမ်း၏ ရယ်သံမှာ ငွေခေါင်းလောင်းသံလေးများပမာ သာယာလှပြီး “ညီမလေး ယွီမော့... မမ လိုက်လာတာကို မကြိုဆိုတာတော့ မဟုတ်ပါဘူးနော်” ဟု ဆိုလိုက်သည်။
လင်းယွီမော့က တောက်ပစွာ ပြုံးလိုက်ပြီး “ဘယ်ကသာ... မဟုတ်ရပါဘူး မမမုရွှမ်း လိုက်နိုင်တာ တကယ်ဝမ်းသာတာပဲ ဒါမှ ဒီ ‘ရှီမိစ္ဆာ’ က ညီမအပေါ် မကောင်းတဲ့ စိတ်ကူးတွေ မကြံစည်နိုင်မှာ”
ရှီလဲ့ ခပ်ကြောင်ကြောင် ပြုံးလိုက်ရင်း အော်ဒီကား၏ နောက်တံခါးကို ဖွင့်ပေးကာ ကိုယ်ကို အနည်းငယ် ညွှတ်၍ ဖိတ်ခေါ်လိုက်သည်။ “အလှပဂေးနှစ်ယောက်... ကျေးဇူးပြုပြီး ကားပေါ် ကြွပါဗျာ”
မုရွှမ်းနှင့် လင်းယွီမော့ နှစ်ဦးစလုံး အနည်းငယ် အံ့ဩသွားကြပြီး “ရှီမိစ္ဆာ... နင် ကားဝယ်လိုက်တာလား” ဟု မေးလိုက်ကြသည်။
“ဟုတ်တယ်လေ ကားရှိတော့ သွားရလာရတာ ပိုအဆင်ပြေတာပေါ့” ရှီလဲ့က ပြန်ဖြေလိုက်သည်။
“အလှလေးတို့ရေ... မြန်မြန် တက်ကြပါဗျာ နောက်ကျသွားရင် ညစာစားဖို့ ဝိုင်းမရဘဲ နေလိမ့်မယ်”
အမျိုးသမီးနှစ်ဦး ကားပေါ်တက်ပြီးနောက် ရှီလဲ့သည် မောင်းနှင်သူနေရာတွင် ထိုင်ကာ ရွှမ်းဟူခရိုင် ရှိ ဆွေ့ဟူကန်ဆီသို့ မောင်းနှင်ခဲ့ကြသည်။
ဆွေ့ဟူကန်သည် ရွှမ်းဟူခရိုင်တွင် အကြီးဆုံး သဘာဝရေကန်ကြီးဖြစ်ပြီး ဧက ၅၀ ကျော် ကျယ်ဝန်းသည်။
ဆွေ့ဟူကန်၏ ဘေးတွင် အလွန်ကျော်ကြားသော ဆွေ့ဟူ ငါးဟင်းလျာစားသောက်ဆိုင်ရှိပြီး မြို့ပြမှ အစားအသောက်ကြိုက်သူ အများအပြားသည်လည်း ညဘက်တွင် ငါးစားရန် ကားမောင်းလာတတ်ကြသည်။
ရှီလဲ့နှင့် အမျိုးသမီးနှစ်ဦး ဆွေ့ဟူ ငါးဟင်းလျာစားသောက်ဆိုင်သို့ ရောက်သောအခါ ညနေ ၆ နာရီကျော်ရုံသာ ရှိသေးသဖြင့် လူသိပ်မများသေးပေ။
သူတို့ ကားပါကင်နေရာ အဆင်ပြေပြေ ရခဲ့ပြီး သုံးယောက်သား ဆွေ့ဟူငါးဟင်းဆိုင်ထဲသို့ လျှောက်လှမ်းဝင်ကာ သီးသန့်အခန်းငယ်တစ်ခုကို ရွေးချယ်လိုက်ကြသည်။
လင်းယွီမော့က ငါးအရိုးစူးမည်ကို ကြောက်တတ်သဖြင့် ရှီလဲ့က အသားများပြီး အရိုးနုမရှိသော ငါးကို သေချာရွေးချယ်ကာ ငရုတ်သီးစိမ်းဖြင့် ချက်ခိုင်းလိုက်သည်။
ဆွေ့ဟူငါးဟင်းဆိုင်၏ ဤဟင်းမှာ ၎င်းတို့၏ နာမည်ကြီးဟင်းလျာတစ်ခုဖြစ်ပြီး စပ်စပ်လေးနှင့် ရင်လည်းမပူစေပေ။
ဟင်းစောင့်နေစဉ် လင်းယွီမော့က ရှီလဲ့ကို “ရှီမိစ္ဆာ... လာမယ့် တနင်္လာနေ့ကျရင် ကျောင်းရဲ့ ဝါသနာကလပ်တွေက ငါတို့ ပထမနှစ်ကျောင်းသားတွေအတွက် ဖွင့်ပြီနော် နင် ဘာရွေးဖို့ စဉ်းစားထားလဲ” ဟု မေးလိုက်သည်။
ကျောင်းက တရားဝင် အသိအမှတ်ပြုထားသော ကလပ်အနည်းငယ်မှလွဲ၍ အသိအမှတ်မပြုထားသော ကလပ်အသင်းများစွာလည်း ရှိပေသည်။
ရှီလဲ့မှာမူ ထိုကလပ်များကို လုံးဝ စိတ်မဝင်စားပေ။
အကြောင်းမှာ ကလပ်တစ်ခုထဲတွင် မိမိကိုယ်ကို အဟုတ်ကြီးထင်နေသော ထိုလူများနှင့် အာဏာလုပွဲများ ဆင်နွှဲနေရခြင်းမှာ အချိန်ဖြုန်းခြင်းသက်သက်သာ ဖြစ်သောကြောင့်ပင်။
“ငါ ဘယ်အသင်းကိုမှ ဝင်ဖို့ မစဉ်းစားထားဘူး ယွီမော့လေး... နင်ကကော ဘာအသင်းဝင်ချင်လို့လဲ” ရှီလဲ့က စူးစမ်းစွာ မေးလိုက်သည်။
မုရွှမ်းက ဘေးမှ ငြိမ်သက်စွာ နားထောင်နေပြီး စကားဝင်ပြောမည့် အရိပ်အယောင်မရှိပေ။
လင်းယွီမော့က ဇဝေဇဝါဖြင့် “ရှီလဲ့... နင် ဘာလို့ ကျောင်းရဲ့ ကွန်ပျူတာကလပ်ကို မဝင်တာလဲ ငါတို့အတန်းထဲက လူအတော်များများက ကွန်ပျူတာကလပ်ကို လျှောက်ဖို့ ပြင်နေကြတာ နင် ကွန်ပျူတာကလပ် ဝင်မယ်ဆိုရင် ငါလည်း ဝင်မှာပေါ့” ဟု ပြောလိုက်သည်။
ရှီလဲ့က ခေါင်းကို အမြန်ခါယမ်းလိုက်ပြီး “ဟင့်အင်း... မဝင်ပါဘူး ငါ ကွန်ပျူတာကလပ်ကို သဘောမကျဘူး”
လင်းယွီမော့က အနည်းငယ် စိတ်ပျက်သွားဟန်ဖြင့် “နင်မဝင်ရင်... ငါလည်း ‘အမျိုးသမီးများကာကွယ်ရေးကလပ်’ ကိုပဲ သွားဝင်တော့မယ်”
“အမ်...” ရှီလဲ့က လင်းယွီမော့ကို ဆွံ့အစွာ ကြည့်လိုက်ပြီး “ယွီမော့.. ကျောင်းမှာ ဒီလိုကလပ်မျိုး ဘယ်တုန်းက ရှိသွားတာလဲ ဒါ ကျောင်းသားတွေ သဘောအလျောက် ဖွဲ့ထားတဲ့ ကလပ်လား”
မုရွှမ်းက ကြားဖြတ်ပြောလိုက်သည်မှာ “မဟုတ်ဘူး ဒါက ဒီနှစ်မှာ ကျောင်းက တရားဝင် တည်ထောင်ထားတဲ့ ကလပ်ပဲ၊ အထူးသဖြင့် အမျိုးသမီးတွေကို နှာဘူးနှိမ်နင်းရေး နည်းပညာတွေ သင်ပေးဖို့၊ နင့်လိုလူတွေကို ကာကွယ်ဖို့လေ”
ရှီလဲ့က မိမိကိုယ်ကို ပြန်ညွှန်ပြကာ “ငါလား ငါက လူကောင်းပါဟ”
လင်းယွီမော့က ပါးစပ်ကိုပိတ်ကာ တခစ်ခစ် ရယ်မောလိုက်သော်လည်း စိတ်ထဲတွင်တော့ စိုးရိမ်စိတ်လေးတစ်ခု ဖြတ်ပြေးသွားသည်။ ‘မမမုရွှမ်းကကော ရှီလဲ့ကို သဘောကျနေတာများလား’
ဆွေ့ဟူငါးဟင်းဆိုင်၏ ငရုတ်သီးစိမ်းဖြင့်ချက်ေသာငါးဟင်းမှာ နာမည်ကြီးသည့်အတိုင်း တကယ်ပင် အရသာရှိလှပြီး အစပ်အရသာမှာလည်း လျှာပေါ်တွင် ရှင်းလင်းလှသည်။ သုံးယောက်သား ညစာကို အတော်ပင် အားရပါးရ စားသောက်လိုက်ကြသည်။
စားသောက်ပြီးခါနီးတွင် မုရွှန်းက အိမ်သာသွားဦးမည်ဟု ပြောကာ ထရပ်လိုက်ရာ ရှီလဲ့က လမ်းညွှန်ပေးလိုက်သည်။
အခန်းထဲတွင် ရှီလဲ့နှင့် လင်းယွီမော့ နှစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။
လင်းယွီမော့က ခေါင်းငုံ့ကာ ငါးကိုသာ ဆက်စားနေပြီး ရှီလဲ့၏ အကြည့်များနှင့် မဆုံဝံ့ချေ။
ရှီလဲ့က တောင်းပန်စကားဆိုလိုက်သည်။ “ယွီမော့... ဆောရီးနော် ငါ နင်နဲ့ နှစ်ယောက်တည်း သီးသန့်ညစာစားဖို့ ကတိပေးထားခဲ့တာကို”
“ရပါတယ်” လင်းယွီမော့က ခေါင်းခါပြလိုက်ပြီး “ နင် ငါ့ကို ရိုမန်တစ်ဆန်တဲ့ ညစာတစ်ဝိုင်း ကြွေးဖို့ အကြွေးတင်နေတယ်ဆိုတာ မှတ်မိနေရင် ရပါပြီ”
ရှီလဲ့က ခေါင်းငြိမ့်ပြကာ “စိတ်ချပါ... ငါ သေချာပေါက် မှတ်မိနေမှာပါ”
ထိုစဉ် အခန်းအပြင်ဘက်မှ မုရွှမ်း၏ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။ “ရှင် ဘာလုပ်တာလဲ”
ရှီလဲ့၏ မျက်နှာအမူအရာ အနည်းငယ် ပျက်သွားကာ “ယွီမော့... ဒီမှာပဲ နေခဲ့”
ပြောပြီးသည်နှင့် သူသည် အပြင်သို့ အပြေးအလွှား ထွက်လာခဲ့တော့သည်။
အခန်းအပြင်ဘက် စ္စကြံလမ်းတွင် မူးယစ်နေသော လူလတ်ပိုင်းအမျိုးသားတစ်ဦးသည် မုရွှမ်း၏လမ်းကို ပိတ်ဆို့ကာ ရမ္မက်ထန်နေသော မျက်လုံးများဖြင့် ကြည့်လျက် “ဟေး... ဘယ်သွားမလို့လဲ အစ်ကိုကြီးရဲ့ သီးသန့်အခန်းကို လာပြီး အတူတူ သောက်ရအောင်လေ” ဟု ဆိုနေသည်။
မုရွှမ်း၏ မျက်နှာမှာ အလွန်ပင် ဆိုးရွားနေသည်။
ရှီလဲ့က ဒေါသတကြီး နှာခေါင်းရှုံ့လိုက်ပြီး ထိုမူးယစ်နေသော လူလတ်ပိုင်းအမျိုးသားထံသို့ တန်းတန်းမတ်မတ် လျှောက်သွားကာ ပါးကို နှစ်ချက် ဆင့်ရိုက်လိုက်တော့သည်။
“မင်း... မင်း ငါ့ကို ရိုက်ရဲတယ်ပေါ့” ထိုလူလတ်ပိုင်းအမျိုးသားမှာ ရှီလဲ့၏ ပါးရိုက်ချက် နှစ်ချက်ကြောင့် မူးနေသည်မှာ အနည်းငယ် ပြယ်သွားပုံရသည်။
သူသည် ဘယ်လက်ဖြင့် မိမိပါးကို အုပ်ကာ ညာဘက်လက်ညှိုးကို ဆန့်ထုတ်၍ ရှီလဲ့ကို ညွှန်ပြရင်း “မင်း ငါ့ကို ရိုက်ရဲတယ်ပေါ့ ငါ ဘယ်သူလဲဆိုတာ မင်း သိလား”
ရှီလဲ့က လှောင်ပြုံးပြုံးကာ “မင်းက ဘာမို့လို့လဲ လူတိုင်းက မင်းကိုသိရမှာလား လစ်စမ်း... မဟုတ်ရင် မင်းကို နောင်တရစေရမယ်”
ထိုလူလတ်ပိုင်းအမျိုးသားမှာ အရှက်ရမှုကြောင့် ဒေါသချောင်းချောင်းထွက်သွားပြီး “ဟွန်း ငါက ရွှမ်းဟူခရိုင် ပညာရေးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးကွ၊ မင်းက ငါ့ကို ရိုက်ရဲတယ် မင်းက အနီးနားက တက္ကသိုလ်တစ်ခုခုက ကျောင်းသားမလား ငါ မင်းကို မနက်ဖြန် ကျောင်းထုတ်ပစ်လို့ရတယ်ဆိုတာ ယုံလား”
ရှီလဲ့ အနည်းငယ် ကြောင်အသွားသည်။ ဤကောင်က အရာရှိတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားမိချေ။
ရှီလဲ့ စကားမပြောသည်ကို မြင်သောအခါ ထိုလူလတ်ပိုင်းအမျိုးသားက ရှီလဲ့တစ်ယောက် မိမိ၏ ရာထူးအရှိန်အဝါကြောင့် ကြောက်ရွံ့သွားသည်ဟု ထင်မှတ်လိုက်သည်။
သူ့မျက်ဝန်းထဲတွင် ရမ္မက်အကြည့်များ ပြန်လည်ပေါ်လာပြီး မုရွှမ်းကို စိုက်ကြည့်ကာ “ကျောင်းမထုတ်ခံချင်ရင် ရတယ်လေ ဒီမိန်းကလေးကို ငါနဲ့အတူ အရက်သောက်ခိုင်းလိုက်၊ ဒါဆို မင်းကို လွှတ်ပေးမယ် မဟုတ်ရင်တော့ မင်းတို့နှစ်ယောက်လုံးကို သေချာပေါက် ကျောင်းထုတ်ပစ်မယ်”
“မင်းနှမကိုပဲ ကျောင်းထုတ်လိုက်” ရှီလဲ့က ညာလက်ကို ဝေ့ယမ်းကာ ထိုလူလတ်ပိုင်းအမျိုးသား၏ မျက်နှာကို နောက်တစ်ကြိမ် လွှဲရိုက်လိုက်ရာ သူသည် နောက်သို့ နှစ်လှမ်းခန့် ဆုတ်သွားပြီး လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။
“မင်း...မင်း စောင့်နေလိုက် မင်းကို နောင်တရစေရမယ်” ထိုလူလတ်ပိုင်းအမျိုးသား၏ အမူးများ လုံးဝ ပြယ်သွားတော့သည်။
သူက ရှီလဲ့၏ မျက်နှာကို မှတ်မိနေစေရန် စိုက်ကြည့်ပြီးနောက် လှည့်ထွက်ကာ အမြန်ပြေးတော့သည်။
မုရွှမ်းက ရှီလဲ့ကို စိုးရိမ်တကြီး ကြည့်ကာ “ရှီလဲ့... ငါတို့ ဘာလုပ်ကြမလဲ”
ပညာရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူးတစ်ဦးသည် သာမန်ကောလိပ်ကျောင်းသားတစ်ဦးကို အရေးယူလိုပါက အသက်ရှူရသလောက်ပင် လွယ်ကူလှပေသည်။
သို့သော် ရှီလဲ့ကော မုရွှမ်းပါ သာမန်ကျောင်းသားများ မဟုတ်ကြချေ။
ရှီလဲ့က မုရွှမ်း၏ လက်မောင်းကို အားပေးသည့်အနေဖြင့် ခပ်ဖွဖွလေး ပုတ်ပေးလိုက်ရာ မုရွှမ်း၏ မျက်နှာလေး အနည်းငယ် နီမြန်းသွားသည်။
“မုရွှမ်း... စိတ်မပူပါနဲ့ ဒီလိုအကျင့်စာရိတ္တမျိုးရှိတဲ့ ပညာရေးဌာန ဒုတိယညွှန်ကြားရေးမှူးဆိုတာမျိုးကို မိနစ်ပိုင်းအတွင်း ငါ ကစားပွဲဆင်ပြီး သတ်ပစ်လို့ရတယ် ကဲ... သွားရအောင်၊ နင်တို့ကို အဆောင်အရင် ပြန်လိုက်ပို့မယ်”
အခန်းထဲသို့ ပြန်ရောက်သောအခါ ရှီလဲ့ကော မုရွှမ်းပါ ခုနက ကိစ္စကို လုံးဝ မဟကြဘဲ လင်းယွီမော့ကို ခေါ်ကာ အတူတူ ထွက်လာခဲ့ကြသည်။
ရှီလဲ့ သူတို့နှစ်ဦးကို အဆောင်သို့ ပြန်ပို့ပြီးနောက် မိမိအဆောင်သို့ ပြန်လာခဲ့သည်။
လီချိုင် ထိုကောင်လေးက အဆောင်တွင် မရှိချေ။
ရှီလဲ့ ထူးဆန်းစွာ တွေးမိသည်မှာ ဤကောင်လေး အမဲလိုက်ကွင်းအသစ် ပြောင်းသွားပြန်ပြီလား ဟူ၍ပင်။
သူ့အိပ်ခန်းရှိ ဒက်စတော့ကွန်ပျူတာကို ဖွင့်လိုက်ပြီး ရှီလဲ့သည် ရွှမ်းဟူခရိုင် ပညာရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူးများ စာရင်းနှင့် ဓာတ်ပုံများကို အလွယ်တကူ ရှာဖွေတွေ့ရှိခဲ့သည်။
ထိုအထဲမှ ရှုကျူထျယ် ဟုအမည်ရသော လူတစ်ယောက်သည် ခုနက ဆွေ့ဟူငါးဟင်းဆိုင်တွင် သူနှင့် တွေ့ခဲ့သည့် မူးယစ်နေသော လူလတ်ပိုင်းအမျိုးသားနှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။
ရှီလဲ့သည် ကွန်ပျူတာကို ထိန်းချုပ်ကာ ရွှမ်ချင်းတက္ကသိုလ်၏ အများသုံးဆာဗာသို့ ချိတ်ဆက်လိုက်ပြီး ထိုမှတစ်ဆင့် စနစ်၏ နောက်ဖေးတံခါးမှတစ်ဆင့် မိုဘိုင်းလ်ဝန်ဆောင်မှု အခြေစိုက်စခန်းသို့ ဝင်ရောက်ခဲ့သည်။
သူသည် မိမိ၏ ဖုန်းနံပါတ်နှင့် နားကပ်တစ်ဖက်၏ ဖုန်းနံပါတ်တို့ကို နံပါတ်အလွတ်များအဖြစ် တစ်ပြိုင်နက်တည်း အစားထိုးလိုက်ပြီးနောက် ဖုန်းခေါ်ဆိုလိုက်သည်။
“ဟယ်လို” နားကပ်တစ်ဖက်၏ အသံ ထွက်ပေါ်လာသည်။
ရှီလဲ့က “ငါပဲ ယုံကြည်ရတဲ့ ညီအစ်ကို နှစ်ယောက်ကို ခေါ်ပြီး နောက်ဖေးလမ်းထိပ်ကနေ စောင့်နေ ငါ ငါးမိနစ်အတွင်း ရောက်လာခဲ့မယ်”
နားကပ်တစ်ဖက်က စကားအပိုမပြောဘဲ “အစ်ကိုကြီးရှီ... သဘောပေါက်ပါပြီ” ဟု ပြန်ဖြေသည်။
ပြီးခဲ့သည့်တစ်ခေါက်က သူသည် ရှီလဲ့ထံမှ ယွမ် ၁၀၀,၀၀၀ ရရှိခဲ့ပြီး မိမိအတွက် ၅၀,၀၀၀ ချန်ကာ ကျန် ၅၀,၀၀၀ ကို ပါဝင်ခဲ့သည့် ညီအစ်ကိုများကို ခွဲဝေပေးခဲ့သဖြင့် လူမိုက်များအကြားတွင် သူ့ဩဇာမှာ အတော်ပင် တက်လာခဲ့သည်။
ရှီလဲ့နောက်သို့ လိုက်ပါက စားစရာ၊ သောက်စရာနှင့် ပိုက်ဆံပါ ရနိုင်သည်ကို မြင်သောအခါ နားကပ်တစ်ဖက်သည် ရှီလဲ့နောက်သို့သာ တစိုက်မတ်မတ် လိုက်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
အင်တာနက်ပေါ်တွင် ရှီလဲ့သည် ရှုကျူထျယ်၏ အချက်အလက်များကို ရှာဖွေခဲ့သော်လည်း ပုံမှန်သတင်းများသာ ဖြစ်သဖြင့် ထူးခြားသည့်အရာ ဘာမျှမတွေ့ရပေ။
သို့သော် ရှီလဲ့ကမူ ဤရှုကျူထျယ်တွင် သေချာပေါက် ပြဿနာရှိလိမ့်မည်ဟု ယုံကြည်နေသည်။
ပြဿနာမရှိလျှင်ပင် ရှီလဲ့က ပြဿနာရှိလာအောင် ဖန်တီးမည်သာ ဖြစ်သည်။
မိမိကို ခြိမ်းခြောက်လာသောလူကို ရှီလဲ့ မည်သည့်အခါမျှ အလွတ်ပေးမည်မဟုတ်ချေ။
ငါးမိနစ်ခန့်အကြာတွင် ရှီလဲ့သည် အော်ဒီကားကို မောင်းနှင်ကာ နောက်ေဖးလမ်းထိပ်သို့ ဆိုက်ရောက်လာပြီး ကားမှန်ကိုချ၍ နားကပ်တစ်ဖက်နှင့် အခြားလူများကို ကားပေါ်တက်ရန် လက်ဟန်ပြလိုက်သည်။
လူအားလုံး ကားပေါ်တက်ပြီးနောက် ရှီလဲ့သည် ဆွေ့ဟူငါးဟင်းလျာဆိုင်ဆီသို့ ဦးတည်မောင်းနှင်ခဲ့လိုက်သည်။
နားကပ်တစ်ဖက်က ဘေးကထိုင်ခုံတွင် ထိုင်ရင်း “အစ်ကိုကြီးရှီ... ဘာကိစ္စရှိလို့လဲ” ဟု မေးလိုက်သည်။
ရှီလဲ့က ကားမောင်းရင်း “ခဏနေရင် လူတစ်ယောက်နောက်ကို လိုက်ပြီး အဝတ်စုတ်ဖြစ်အောင် ဝိုင်းရိုက်ကြမယ်” ဟု ဆိုလိုက်သည်။
ဆွေ့ဟူငါးဟင်းဆိုင်၏ အဝင်ဝတွင် ရှီလဲ့၏ အရိုက်ခံခဲ့ရသော ပညာရေးဌာန ဒုတိယညွှန်ကြားရေးမှူးသည် လမ်းမပေါ်တွင် တတွတ်တွတ် ဆဲဆိုကြိမ်းမောင်းနေပြီး လမ်းတစ်ဖက်ခြမ်းရှိ အမှောင်ရိပ်ထဲမှ မျက်လုံး လေးစုံက မိမိကို စိုက်ကြည့်နေသည်ကိုမူ လုံးဝ သတိမထားမိချေ။