အခန်း ၁၁၈
Vol. 12 Ch. 118
အခန်း - ၁၁၈
ဆွေ့ဟူစားသောက်ဆိုင်တွင် ရှီလဲ့၏ ပါးရိုက်ခြင်းကို ခံခဲ့ရသဖြင့် ရှုကျူထျယ်သည် ထိုကိစ္စကို ရင်ထဲတွင် တေးမှတ်ထားခဲ့သည်။
ချန်ကွမ်းလျန်က မကြာသေးခင်က ရန်ငြိုးဖွဲ့ထားသူ ရှိမရှိ မေးမြန်းလာသောအခါ ရှုကျူထျယ်သည် ရှီလဲ့ကို သဘာဝကျကျပင် ပြန်လည်သတိရမိသွားသည်။ သူသည် ရှီလဲ့ကို ရှာဖွေရန် ရဲတပ်ဖွဲ့၏ အာဏာစက်ကို အသုံးပြုချင်နေခြင်း ဖြစ်သည်။
သူသာ သူ့လက်အောက်ငယ်သားများကို ပညာရေးစနစ်အတွင်း ရှာဖွေခိုင်းပါက ရွှမ်းဟူခရိုင်ရှိ တက္ကသိုလ်တိုင်း၏ ကျောင်းသားမှတ်တမ်းများကို တစ်ခုချင်းစီ လိုက်လံရှာဖွေရမည်ဖြစ်ရာ မည်မျှအထိ ကြာမြင့်မည်ကို မည်သူမျှ မသိနိုင်ချေ။
သို့သော် ဤကိစ္စကို ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးပြီး ၎င်းတို့၏ အာဏာကို အသုံးချလိုက်ပါက များစွာ ပိုမိုလွယ်ကူသွားပေလိမ့်မည်။
တိုက်ဆိုင်မှုတစ်ခုကြောင့် ရှုကျူထျယ်သည် တကယ့်ကို မှန်ကန်သော ပစ်မှတ်ကို ရှာဖွေတွေ့ရှိသွားခဲ့သည်ဟု ဆိုရမည်။
သူက အကျီချိတ်တွင် ချိတ်ဆွဲထားသော ဘောင်းဘီကို လက်ညှိုးထိုးပြကာ “အဖွဲ့ခေါင်းဆောင်ချန်... ကျွန်တော့်ဘောင်းဘီအိတ်ထဲမှာ ယူအက်စ်ဘီ တစ်ခု ရှိတယ် အဲဒီထဲမှာ ဗီဒီယိုတစ်ခု ပါတယ်၊ ကျွန်တော် ရန်ငြိုးဖွဲ့မိတဲ့လူက အဲဒီဗီဒီယိုထဲမှာ ရှိတယ်” ဟု ပြောလိုက်သည်။
ရှုကျူထျယ်၏ အကဲခတ်ကြည့်ရှုနေမှုအောက်တွင် ချန်ကွမ်းလျန်သည် ဘောင်းဘီအိတ်ထဲမှ ယူအက်စ်ဘီကို ထုတ်ယူလိုက်သည်။
ရွှမ်းဟူခရိုင် အထွေထွေရောဂါကု ဆေးရုံကြီး၏ အဆင့်မြင့်လူနာဆောင်မှာ တကယ်ပင် အဆင့်အတန်းမြင့်မားလှသည်၊ တီဗီရှိရုံသာမက ကွန်ပျူတာတစ်လုံးပင် အသင့်ရှိနေပေသည်။
ကွန်ပျူတာကို ဖွင့်ပြီးနောက် ချန်ကွမ်းလျန်သည် ယူအက်စ်ဘီကို ထိုးစိုက်လိုက်ပြီး ဖိုဒါကို ဖွင့်လိုက်သည်။
ဖိုဒါထဲတွင် ဗီဒီယိုဖိုင်တစ်ခုတည်းသာ ရှိသည်။ ချန်ကွမ်းလျန်က ၎င်းကို ကလစ်နှစ်ချက်နှိပ် လိုက်ရာ ဗီဒီယိုမှာ စတင်ပွင့်လာတော့သည်။
ဗီဒီယိုမှာ အလွန်တိုတောင်းလှပြီး တစ်မိနစ်ပင်မပြည့်ချေ။ လူငယ်တစ်ဦးသည် သူနှင့်အတူပါလာသော အမျိုးသမီးအဖော်ကြောင့် ရှုကျူထျယ်ကို ပါးအကြိမ်ကြိမ် ဖြတ်ရိုက်လိုက်သည့် ပုံရိပ် ဖြစ်သည်။
ဗီဒီယိုကို ကြည့်ပြီးနောက် ချန်ကွမ်းလျန်၏ မျက်နှာအမူအရာမှာ အလွန်ပင် ရှုပ်ထွေးသွားကာ တံခါးဝဆီသို့ လှမ်းအော်လိုက်သည်။ “အိုးရန်ရှန်း... အထဲဝင်ခဲ့ဦး”
အိုးရန်ရှန်း အထဲသို့ ဝင်လာပြီးနောက် ချန်ကွမ်းလျန်ကို ကြည့်ကာ “အဖွဲ့ခေါင်းဆောင်ချန်... ဘာကိစ္စရှိလို့လဲ” ဟု မေးလိုက်သည်။
“အိုးရန်ရှန်း... လာပြီး တစ်ချက်လောက်ကြည့်စမ်း ဗီဒီယိုထဲကလူကို မင်း မှတ်မိလား” ချန်ကွမ်းလျန်က ကုတင်ဘေးသို့ လျှောက်သွားကာ ကုလားထိုင်ပေါ်တွင် ထိုင်ရင်း သူ၏ မှတ်စုစာအုပ်ကို ကောက်ကိုင်လိုက်သည်။
အိုးရန်ရှန်းက ဗီဒီယိုကို ပြန်ဖွင့်ကြည့်လိုက်သည်။ သူမ၏ မျက်နှာလေး အနည်းငယ် ဖြူလျော်သွားပြီး သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီးနောက် “အဖွဲ့ခေါင်းဆောင်ချန်... ဒါ ရှီလဲ့ပဲ” ဟု ပြောလိုက်သည်။
ချန်ကွမ်းလျန်က ညည်းတွားလိုက်သည်။ “ငါ ထင်တာ မမှားဘူးပဲ”
ရှုကျူထျယ်က ချန်ကွမ်းလျန်ကို အံ့ဩတကြီး ကြည့်ကာ စူးစမ်းစွာ မေးလိုက်သည်။ “အဖွဲ့ခေါင်းဆောင်ချန်... လူကြီးမင်းတို့ အဲဒီလူကို သိကြတာလား”
“သိတာပေါ့” ချန်ကွမ်းလျန်က ဖုံးကွယ်မထားပေ။ “ညွှန်ကြားရေးမှူးရှု... ကျွန်တော့်မှာ သတင်းကောင်းတစ်ခုနဲ့ သတင်းဆိုးတစ်ခု ရှိတယ်ဗျာ ဘယ်ဟာကို အရင်ဆုံး ကြားချင်လဲ” ချန်ကွမ်းလျန်က ရှားရှားပါးပါးပင် ဟာသဉာဏ်ရွှင်ပြလိုက်သည်။
ရှုကျူထျယ်၏ စိတ်ထဲ ထင့်ခနဲ ဖြစ်သွားပြီး “သတင်းကောင်းကိုပဲ အရင်နားထောင်မယ်ဗျာ”
ချန်ကွမ်းလျန်က ခေါင်းငြိမ့်ပြကာ “ဗီဒီယိုထဲမှာ လူကြီးမင်းကို တိုက်ခိုက်ခဲ့တဲ့လူက ရှီလဲ့လို့ ခေါ်တယ်၊ ရွှမ်ချင်းတက္ကသိုလ်က ပထမနှစ်ကျောင်းသားပေါ့ ကျွန်တော်တို့ ရဲစခန်းအနေနဲ့ သူ့ကို အချိန်မရွေး ရှာတွေ့နိုင်ပြီး စစ်ဆေးမေးမြန်းဖို့ ခေါ်ယူလို့ရပါတယ်”
“ရွှမ်ချင်းတက္ကသိုလ်က ကျောင်းသားတစ်ဦး ဟုတ်လား ဟွန်း” ရှုကျူထျယ်က နှစ်ချက်ခန့် နှာခေါင်းရှုံ့လိုက်သည်။ တစ်ခဏအတွင်းမှာပင် သူ၏ ဦးနှောက်ထဲတွင် အစီအစဉ်ပေါင်း တစ်ထောင်ခန့် ဖြတ်ပြေးသွားပြီး ပညာရေးစနစ်အတွင်းမှနေ၍ ရှီလဲ့ကို မည်သို့ နှိပ်စက်ညှဉ်းပန်းကာ အရေးယူရမည်ကို စိတ်ကူးယဉ်နေတော့သည်။
သို့သော် ချန်ကွမ်းလျန်က သူ့ကို ပြုံးစိစိဖြင့် ကြည့်လိုက်ရာ ရှုကျူထျယ်၏ စိတ်ကူးများကို အထွင်းသား မြင်နေသည့်အလားပင်။ “ညွှန်ကြားရေးမှူးရှု... ဥပဒေစိုးမိုးရေးသမားတစ်ယောက်ရဲ့ ရှုထောင့်ကနေ ပြောရရင်တော့... ရှီလဲ့နဲ့ပတ်သက်ပြီး လူကြီးမင်း သတိထားဖို့ အကြံပြုချင်တယ် အဲဒီကောင်က တကယ့်ကို အန္တရာယ်များတယ်”
“ဘာကို ဆိုလိုတာလဲ” ရှုကျူထျယ် နားမလည်နိုင် ဖြစ်သွားသည်။ တက္ကသိုလ် ပထမနှစ်ကျောင်းသားတစ်ယောက်က ဘာတွေ အန္တရာယ်များနေရမည်နည်း။
အိုးရန်ရှန်းက မဲ့ပြုံးပြုံးလိုက်ပြီး “ကျွန်မပဲ ကျန်တဲ့သတင်းဆိုးကို ပြောပြလိုက်မယ် ရှီလဲ့လို့ခေါ်တဲ့ အဲဒီပထမနှစ်ကျောင်းသားဟာ လက်ရှိမှာ ကြီးလေးတဲ့ ရာဇဝတ်မှုကြီး နှစ်ခုရဲ့ အဓိက သံသယရှိသူ ဖြစ်နေတယ်”
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဂျပန်နိုင်ငံ ကန်နွန်ကိုယ်စားလှယ်အဖွဲ့ ရွှမ်းဟူခရိုင်ထဲမှာ ဝိုင်းရိုက်ခံခဲ့ရတာ လူကြီးမင်း သိတယ်မလား ကျွန်မတို့မှာ သက်သေမရှိပေမဲ့... ဒါဟာ ရှီလဲ့ နောက်ကွယ်က ကြိုးကိုင်အကွက်ဆင်ခဲ့တာဆိုတာ ကျွန်မတို့ သိနေတယ်”
“ပြီးတော့ မနေ့ကတင်ပဲ... ရှီလဲ့က သူ့ရဲ့ အတန်းဖော်တစ်ယောက်ကို မုဒိမ်းမှုမြောက်အောင် ထောင်ချောက်ဆင်ပြီး အကွက်ချခဲ့သေးတယ် လက်ရှိမှာတော့ အဲဒီအတန်းဖော်ဟာ ပြစ်မှုသက်သေ ထင်ရှားနေတာကြောင့် ချုပ်နှောင်ရေးစခန်းကို ပို့လိုက်ပြီ၊ တရားရုံးရဲ့ နောက်ဆုံးစီရင်ချက်ကို စောင့်နေရပြီလေ”
“ဒီကိစ္စကလည်း ရှီလဲ့ နောက်ကွယ်ကနေ လှည့်စားခြယ်လှယ်ခဲ့တာပဲ ကံမကောင်းတာက သူ့ကို ဖမ်းဆီးဖို့ ကျွန်မတို့မှာ သက်သေမရှိဘူး ဖြစ်နေတာ”
ရှုကျူထျယ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ “မင်းတို့ ရဲတွေအားလုံးက အသုံးမကျတဲ့ လူအတွေလား တက္ကသိုလ် ပထမနှစ်ကျောင်းသားတစ်ယောက်ကိုတောင် မဖမ်းနိုင်ကြဘူးလား”
ချန်ကွမ်းလျန်က ရှုကျူထျယ်ကို မကျေမနပ် စိုက်ကြည့်လိုက်သည်။ “ညွှန်ကြားရေးမှူးရှု... စကားကို ဆင်ခြင်ပြောပါ ရှီလဲ့က ဘယ်လိုလူလဲဆိုတာ ကျွန်တော်တို့က လူကြီးမင်းထက် ပိုသိပါတယ်”
“လူကြီးမင်း အရိုက်ခံရတဲ့ကိစ္စကိုသာ ရှီလဲ့က တကယ် နောက်ကွယ်က စီစဉ်ခဲ့တာဆိုရင်... ဒီအမှုကလည်း ဒီအတိုင်းပဲ လေလွင့်ပျောက်ပျက်သွားလိမ့်မယ်လို့ ကျွန်တော် စိုးရိမ်မိတယ်”
အိုးရန်ရှန်းသည် ရှုကျူထျယ် မိမိကို ကြည့်နေသည့် အကြည့်များကို မကြိုက်သဖြင့် တမင်သက်သက် ပြောလိုက်သည်မှာ “ညွှန်ကြားရေးမှူးရှု... ကျွန်မမှာ အကြံပြုချက်တစ်ခု ရှိတယ် လူကြီးမင်း နားထောင်ချင်ရဲ့လား မသိဘူး”
ရှုကျူထျယ် စိတ်အခြေအနေ ရှုပ်ထွေးတုန်လှုပ်နေသည်။ သာမန် ပဋိပက္ခအသေးအဖွဲလေးတစ်ခု၏ နောက်ကွယ်တွင် ဤမျှလောက် ရှုပ်ထွေးသော အကြောင်းအရာများ ရှိနေလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားမိချေ။ “အရာရှိအိုးရန်... ဘာအကြံပြုချက်လဲ”
“ဒီကိစ္စကိုသာ ရှီလဲ့က ခြယ်လှယ်နေတာဆိုရင်တော့... ကျွန်မ သူ့အကြောင်း နားလည်ထားသလောက် သူက ဒီအတိုင်း အလွယ်တကူ လက်လွှတ်မယ့်လူ မဟုတ်ဘူး”
“ဖြစ်နိုင်ရင်... လူကြီးမင်း သူ့ကို ရှာပြီး ဒီရန်ငြိုးကို ဖြေရှင်းလိုက်တာ ပိုကောင်းလိမ့်မယ် မဟုတ်ရင်တော့ လူကြီးမင်း နောက်ထပ် မတော်တဆမှုတစ်ခုခု ထပ်ကြုံရလိမ့်ဦးမယ်” အိုးရန်ရှန်းက စိတ်သက်သာရာရဟန်ဖြင့် တခစ်ခစ် ရယ်မောရင်း ပြောလိုက်သည်။
ချန်ကွမ်းလျန်က ဟန့်လိုက်သည်။ “ကဲ... တော်ပြီ၊ အိုးရန်ရှန်း... စကားတွေ လျှောက်မပြောနဲ့တော့”
ဟန့်တားလိုက်ခြင်း ဖြစ်သော်လည်း ချန်ကွမ်းလျန်၏ လေသံထဲတွင် အပြစ်တင်မည့် အရိပ်အယောင် တကယ်မပါဝင်ပေ၊ ခုနက ရှုကျူထျယ်၏ စကားလုံးများကြောင့် ချန်ကွမ်းလျန်လည်း အတော်ပင် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့သောကြောင့် ဖြစ်သည်။
အိုးရန်ရှန်း၏ ‘သတိပေးချက်’ ကို ကြားလိုက်ရသောအခါ ရှုကျူထျယ်သည် ရှီလဲ့ မိမိကို ထပ်မံတိုက်ခိုက်လာမည်ကို ကြောက်ရွံ့သွားသဖြင့် လည်ပင်းကို မသိမသာ ဆွဲသွင်းမိသွားသည်။ သူက ထိတ်လန့်တကြား ဗြာများစွာဖြင့် လွှတ်ခနဲ ပြောလိုက်တော့သည်။ “အဖွဲ့ခေါင်းဆောင်ချန်... မင်းတို့ ရဲတွေက တကယ်ပဲ ဘာအတွက် အသုံးကျတာလဲ အဲဒီရှီလဲ့ကို ချက်ချင်းဖမ်းပြီး သေချာ စစ်ဆေးမေးမြန်းလိုက်ပါဦး”
နောက်တစ်နေ့၊ အောက်တိုဘာလ၏ နောက်ဆုံးနှစ်ရက်အတွင်း ရှုကျူထျယ်သည် ဆေးရုံမှ ဆင်းရန် ဇွတ်အတင်း တောင်းဆိုခဲ့သည်။ ပညာရေးဌာနမှ သူ့လက်အောက်ငယ်သားများ ခြံရံလျက် သူသည် ရွှမ်းဟူရဲစခန်းသို့ ရောက်ရှိလာပြီး အမှုကြီးနှိမ်နင်းရေးအဖွဲ့အား ရှီလဲ့ကို ဖမ်းဆီးကာ တရားဥပဒေအတိုင်း အရေးယူရန် လာရောက်တိုက်တွန်းတော့သည်။
ဤအမှု၏ ထူးခြားသော သဘာဝအရနိုင်ငံတော် ပြည်သူ့ဝန်ထမ်းတစ်ဦးသည် မကောင်းဆိုးဝါး အင်အားစုများ၏ ခြိမ်းခြောက်ခြင်းကို ခံထားရခြင်းကြောင့် ရဲစခန်းက အလွန်ပင် ဂရုစိုက် စိုးရိမ်နေသည်။ ချန်ကွမ်းလျန်သည် ဟွာချန်းနှင့် တောက်ကျွင်းတို့ကို ရွှမ်ချင်းတက္ကသိုလ်သို့ လွှတ်ကာ ရှီလဲ့ကို စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်ခိုင်းရန် ပြင်ဆင်လိုက်သည်။
“နေဦး” အိုးရန်ရှန်းက တားဆီးလိုက်ပြီးနောက် “ငါ ရှီလဲ့ကို ဖုန်းခေါ်လိုက်မယ်၊ မင်းတို့ ကျောင်းအထိ သွားပြီးမှ သူ အတန်းထဲမှာ မရှိတာမျိုး မဖြစ်ရအောင်” ဟု ဆိုလိုက်သည်။
အောက်တိုဘာလ ၃၀ ရက်၊ တနင်္လာနေ့။ ရှားရှားပါးပါးပင် ရှီလဲ့သည် စာသင်ခန်းထဲတွင် ထိုင်ကာ အတန်းတက်ရင်း လင်းယွီမော့ကို အဖော်ပြုပေးနေသည်။
စာသင်ခန်းထဲတွင် သူသည် လင်းယွီမော့၏ ဘေး၌ ထိုင်နေပြီး အနည်းငယ် အားအင်ချည့်နဲ့နေပုံရသည်။
ကွန်ပျူတာသိပ္ပံဌာန အတန်း (၃) မှ ယောက်ျားလေးအများစုသည် ရှီလဲ့ကို တိတ်တဆိတ် ကြောက်ရွံ့နေကြသည်။ ချန်မင်း၏ ကိစ္စနောက်ကွယ်မှ ကြိုးကိုင်သူမှာ ရှီလဲ့ ဖြစ်နိုင်ခြေများကြောင်း သူတို့ အနည်းနှင့်အများ ခန့်မှန်းမိထားကြသောကြောင့် ဖြစ်သည်။
ထိုအထဲတွင် ချန်မင်း၏ အခန်းဖော် သုံးဦးမှာမူ ရှီလဲ့ကို လုံးဝ မကြည့်ဝံ့ကြချေ။
လင်းယွီမော့က ဖောင်တိန်လေးကို ကိုင်ကာ ၎င်း၏ အဖျားဖြင့် ရှီလဲ့၏ လက်မောင်းကို တို့လိုက်သည်။ “ရှီမိစ္ဆာ... ဝမ်ပေါ် တို့အဖွဲ့က နင့်ကို သိပ်ကြောက်နေကြတဲ့ပုံပဲနော်”
ရှီလဲ့က ပျင်းရိပျင်းတွဲဖြင့် “ယွီမော့လေး... အဲဒီသုံးယောက်ဖြစ်တဲ့ ဝမ်ပေါ်၊ ချန်ချုံ နဲ့ ဝူဟောင် တို့က အရင်က ချန်မင်းရဲ့ အချစ်ဆုံးသူငယ်ချင်းတွေလေ”
“ငါ ချန်မင်းကို အပြတ်ရှင်းပစ်ပြီးတဲ့နောက်မှာတော့... သူတို့ ငါ့ကို ကြောက်နေကြတာ သဘာဝကျပါတယ်”
‘တီတီတီ’
ရှီလဲ့၏ ဖုန်းမြည်လာသည်။ သူ တစ်ချက်ကြည့်လိုက်ပြီး ဖုန်းလက်ခံကာ “ဘယ်သူလဲခင်ဗျ” ဟု မေးလိုက်သည်။
အိုရန်ရှန်း၏ ပြတ်သားပြီး လန်းဆန်းသော အသံ ထွက်ပေါ်လာသည်။ “ရှီလဲ့... ရွှမ်းဟူရဲစခန်းကို လာခဲ့ဦး စုံစမ်းစစ်ဆေးဖို့ မင်းရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေတဲ့ အမှုတစ်ခု ရှိတယ်”
“အော်...” ရှီလဲ့ ဖုန်းခေါ်သူမှာ အိုးရန်ရှန်း ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားမိချေ။ သူမ သူ့နံပါတ်ကို မှတ်တမ်းတွေထဲကနေ ရထားတာ ဖြစ်ရမည်။
“ပညာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ရှုကျူထျယ်ရဲ့ ကိစ္စလား သူ မသေသေးဘူးပေါ့ နှမြောစရာပဲနော်” ရှီလဲ့က ဒဲ့တိုးပင် ပြောချလိုက်သည်။
အိုးရန်ရှန်း သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ “နင် နောက်တစ်ခါ ထပ်လုပ်ပြန်ပြီလား”
ရှီလဲ့က တဟဲဟဲရယ်ရင်း “ကျွန်တော် အခုချက်ချင်း လာခဲ့မယ် ရှုကျူထျယ်ကို ကျွန်တော့်ကို စောင့်နေဖို့ ပြောလိုက်ပါ”
ဖုန်းချပြီးနောက် လင်းယွီမော့က အလောတကြီး မေးမြန်းလိုက်သည်။ “ရှီမိစ္ဆာ... ဘာဖြစ်လို့လဲ ဘယ်က ပညာရေးဌာန ဒုတိယညွှန်ကြားရေးမှူးလဲ”
ဖုံးကွယ်ထား၍ မရတော့သည်ကို မြင်သောအခါ ရှီလဲ့က ပွင့်ပွင့်လင်းလင်းပင် ရှင်းပြလိုက်တော့သည်။ “ယွီမော့... မနေ့က မုရွှမ်းက စ္စကြံလမ်းထဲမှာ လူတစ်ယောက်နဲ့ ပဋိပက္ခ အနည်းငယ် ဖြစ်ခဲ့လို့၊ ငါ ထွက်သွားပြီး အဲဒီကောင်ကို နည်းနည်း သင်ခန်းစာပေးလိုက်တာ”
“ဒါပေမဲ့ အဲဒီကောင်က ပညာရေးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားမိဘူး အခု ရဲစခန်းကို သွားပြီး ထွက်ဆိုချက်ပေးရုံ၊ အခြေအနေ ရှင်းပြရုံပါပဲ”
လင်းယွီမော့က စိုးရိမ်တကြီးဖြင့် “ရှီမိစ္ဆာ... ဘာမှ အန္တရာယ်မဖြစ်နိုင်ဘူးမလား”
ရှီလဲ့က တောက်ပစွာ ပြုံးပြလိုက်သည်။ “စိတ်ပူမနေပါနဲ့၊ ဘာဖြစ်ရမှာလဲ ဆွေ့ဟူဆိုင်မှာ စောင့်ကြည့်ရေးဗီဒီယို ရှိတာပဲ အဲဒီကောင်က အရင် စမှားတာလေ၊ ရဲတွေကလည်း ကျိုးကြောင်းဆင်ခြင်တတ်မှာပါ ကဲ... ငါ ရဲစခန်းကို အရင်သွားလိုက်ဦးမယ်”
ရှီလဲ့ ထရပ်ကာ အပြင်သို့ လျှောက်လှမ်းထွက်ခွာသွားခဲ့သည်။
လင်းယွီမော့၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အရိပ်သန်းကျန်ရစ်ခဲ့သည်။ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူမသည် ဖုန်းကို ထုတ်ကာ နံပါတ်တစ်ခုသို့ ဆက်သွယ်လိုက်တော့သည်။
“ဟယ်လို... ဦးလေးရှမလားဟင်” လင်ယွီမော့က အသံတိုးတိုးဖြင့် မေးလိုက်သည်။
ဖုန်းထဲမှ လူလတ်ပိုင်းအမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။ “ယွီမော့... ညွှန်ကြားရေးမှူးလင်းကို တစ်ခုခု မေးစရာရှိလို့လားသမီး”
“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး ဦးလေးရှ... သမီး အကူအညီတစ်ခု လိုချင်လို့ပါ ဦးလေးမှာ ရွှမ်းဟူရဲစခန်းဘက်က သူငယ်ချင်းတွေ ရှိလားဟင်” လင်းယွီမော့က အလောတကြီး ပြောလိုက်သည်။
ရှမျိုးရိုးဖြင့် ထိုလူလတ်ပိုင်းအမျိုးသား၏ အမည်မှာ ရှယွီဖြစ်သည်။ သူက ခဏမျှ စဉ်းစားပြီး “ယွီမော့... ဘာဖြစ်လို့လဲသမီး ရှင်းရှင်းလင်းလင်း မပြောရင် ဦးလေး ညွှန်ကြားရေးမှူးလင်းဆီ ချက်ချင်း အကြောင်းကြားရလိမ့်မယ်နော်”
လင်းယွီမော့သည် ရှီလဲ့၏ အခြေအနေကို အမြန်ပင် ပြောပြလိုက်ရာ ရှယွီက အားရပါးရ ရယ်မောလိုက်တော့သည်။ “ဟားဟားဟား... ယွီမော့သမီး၊ အဲဒီရှီလဲ့ဆိုတာ သမီးရဲ့ ရည်းစားလေးလား”
“ဦးလေးရှနော် ဦးလေးကလည်း... လျှောက်မပြောပါနဲ့ ဦးလေးရှ... တကယ်ပဲ ရွှမ်းဟူရဲစခန်းမှာ သူငယ်ချင်း ရှိလား၊ မရှိဘူးလားဆိုတာပဲ ပြောပါ” လင်းယွီမော့က နှုတ်ခမ်းစူကာ ကလေးဆန်စွာ ကပ်ချွဲလိုက်သည်။
သူမကို စနောက်ပြီးနောက် ရှယွီက ပြန်ဖြေလိုက်သည်။ “ယွီမော့... ဦးလေး သူတို့ရဲ့ ပထမဒုတိယရဲမှူးကြီးကို သိတယ်လေ ဦးလေး သူ့ဆီ အခုချက်ချင်း ဖုန်းဆက်လိုက်မယ် စိတ်မပူနဲ့၊ သမီးရဲ့ ရည်းစားလေး ဘာပြဿနာမှ မဖြစ်စေရဘူး”
စာသင်ခန်းအပြင်ဘက်တွင်မူ ရှီလဲ့သည် လင်းယွီမော့က မိမိကို ကွယ်ရာတွင် တိတ်တဆိတ် ကူညီနေသည်ကို လုံးဝ မသိရှိချေ။ သူသည် ဖုန်းကို ထုတ်ကာ မိမိနံပါတ်ကို ဖုံးကွယ်ခြင်းမပြုဘဲ လော့ဖ်အာစတပ်ထံသို့ စာတိုတိုက်ရိုက်ပေးပို့လိုက်ပြီး၊ သူနှင့် မနေ့က လူမိုက်နှစ်ဦးကို လမ်းနောက်ဘက်တွင် စောင့်နေရန် ပြောလိုက်သည်။
လေးယောက်သား အတူတကွ ရွှမ်းဟူရဲစခန်းဆီသို့ လျှောက်လှမ်းလာခဲ့ကြသည်။ အမှုကြီးနှိမ်နင်းရေးအဖွဲ့ခန်းထဲသို့ ဝင်ရောက်ပြီးနောက် ရှီလဲ့သည် ရှုကျူထျယ်ကို ကြည့်ကာ အတော်ပင် မောက်မာစွာ ပြောလိုက်တော့သည်။ “ဟော... ဒါ ပညာရေးဌာန ဒုတိယညွှန်ကြားရေးမှူးလား လူမလား ၊ မင်း မသေသေးဘူးပဲ နားကပ်တစ်ဖက်... မင်းတို့တွေ အလုပ်လုပ်တာ ဘယ်လိုဖြစ်နေတာလဲ ငါ မင်းတို့ကို သူ့ကို အပြတ်ရှင်းပြီး ငါးစာကျွေးဖို့ ဆွေ့ဟူကန်ထဲ ပစ်ချလိုက်ပါလို့ မပြောထားဘူးလား”
နားကပ်တစ်ဖက်ကလည်း လိုက်ဖက်ညီစွာ ပူးပေါင်းလိုက်သည်။ “အစ်ကိုကြီးရှီ... ဒီညပဲ သေချာပေါက် လုပ်လိုက်ပါ့မယ်”
ချန်ကွမ်းလျန်က နှာခေါင်းရှုံ့လိုက်ရင်း “ရှီလဲ့... ဒါက ရဲစခန်းရဲ့ အမှုကြီးနှိမ်နင်းရေးအဖွဲ့ခန်းကွ၊ မင်း သိပ်ပြီး မောက်မာမနေနဲ့”
ရှုကျူထျယ်၏ မျက်နှာမှာ သေလုမတတ် ဖြူလျော်သွားသည်။ သူသည် နားကပ်တစ်ဖက်၏ အသံကို မှတ်မိနေခဲ့ပြီဖြစ်သော်လည်း ထ၍ ပြဿနာမရှာရဲချေ။
မူလက သူသည် ရဲစခန်းက ရှီလဲ့အပေါ် သုံးသပ်ထားချက်များကို သိပ်မယုံကြည်ခဲ့သော်လည်း၊ ရှီလဲ့ကို ကိုယ်တိုင်မြင်တွေ့ပြီး သူ၏ ပြတ်သားရက်စက်သော စကားလုံးများကို ကြားလိုက်ရသည့်အခါ ရှုကျူထျယ် တကယ်ပင် ထိတ်လန့်တုန်လှုပ်သွားတော့သည်။
ပစကားတစ်ခု ရှိသည်မဟုတ်ပါလား 'ဖြူစင်သော ကျောက်စိမ်းပြားတစ်ချပ်သည် အိမ်မိုးအုပ်ကြွပ်ပြားနှင့် မပြိုင်ဆိုင်သင့်' ဟု ပညာရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူးတစ်ဦးအနေဖြင့် ရှုကျူထျယ်သည် ရဲရင့်စွန့်စားလိုစိတ်များ ပျောက်ဆုံးနေခဲ့သည်မှာ ကြာပြီဖြစ်သည်၊ အရက်နှင့် မိန်းမများက သူ၏ သတ္တိကြောင်မှုကို ပိုမိုဆိုးရွားစေခဲ့ရာ မိမိအသက်ကို စက္ကန့်ပိုင်းမျှပင် အန္တရာယ်မပြုဝံ့ချေ။
“အဖွဲ့ခေါင်းဆောင်ချန်... ကျွန်တော်က စနောက်လိုက်တာပါဗျာ၊ ဘာလို့ ဒီလောက်အထိ တည်ကြည်နေရတာလဲ” ရှီလဲ့က အိုးရန်ရှန်းကို ခေါင်းငြိမ့်ပြလိုက်ပြီးနောက် “ဒီနေ့ ကျွန်တော့်ကို ဘာလို့ ဒီကို ခေါ်ရတာလဲ ဒီရှုကျူထျယ်ရဲ့ ကိစ္စကြောင့်ပဲလား”
ချန်ကွမ်းလျန်က စာပွဲခုံကို စောင့်ထုလိုက်သည်။ “ရှီလဲ့... မင်း သိနေရင်လည်း ကောင်းတာပေါ့ အမှန်အတိုင်းသာ ဝန်ခံစမ်း”
“ဘာကို ဝန်ခံရမှာလဲ” ရှီလဲ့က အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် ပြန်လည်မေးမြန်းလိုက်တော့သည်။