အခန်း ၁၂၁
Vol. 13 Ch. 121
အခန်း - ၁၂၁
ရှီလဲ့ နှင့် ကျုံးမုယွမ် တို့သည် ‘နားလည်မှုများ ရှင်းလင်းပြီးနောက်’ ဖုန်းချလိုက်ကြသည်။ ကျင်းချန်မြို့ရှိ ပတ်ထရီးရော့ကုမ္ပဏီ၏ ဒစ်ဂျစ်တယ်ကင်မရာနှင့် အလင်းဆိုင်ရာ နည်းပညာဌာနခွဲ အစည်းအဝေးခန်းအတွင်း၌မူ ကျုံးမုယွမ်သည် စဉ်းစားခန်းဝင်နေခဲ့သည်။
'အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ မစ္စတာအမ် က တကယ်ပဲ ဘယ်သူလဲ သူက ဘာလို့ ရှီလဲ့ဆီ ချဉ်းကပ်ရတာလဲ ရှီလဲ့က အပြုံးဖမ်းယူမှု ပရိုဂရမ်ကို ရေးသားခဲ့တဲ့သူ ဖြစ်နေလို့လား'
ကျုံးမုယွမ် မျက်မှောင်ကြုတ်ကာ စဉ်းစားနေမိသည်။ ရှီလဲ့ကို ဤကိစ္စထဲ ဆွဲသွင်းမိခဲ့သည့်အတွက် သူ စိတ်ထဲတွင် အနည်းငယ် အားနာမိသည်။
ဝမ်သုန်းက အစည်းအဝေးခန်းရှိ ဆိုဖာပေါ်တွင် ထိုင်နေပြီး၊ သူ့နောက်တွင် တာ့ဟူနှင့် ရှောင်ဟူ တို့က မတ်တတ်ရပ်နေကြသည်။ သူက “မုယွမ်... ရှီလဲ့ဘက်က အခြေအနေ ဘယ်လိုလဲ” ဟု မေးလိုက်သည်။
ကျုံးမုယွမ်က ဖုန်းပြောဆိုခဲ့သည့် အကြောင်းအရာများကို ပြန်လည်ပြောပြပြီးနောက် “လျှို့ဝှက်ဆန်းကြယ်တဲ့ မစ္စတာအမ်က ရှီလဲ့ကို ဒီအမှုထဲ ဇွတ်အတင်း ဆွဲသွင်းဖို့ ဆုံးဖြတ်ထားတဲ့ပုံပဲ မစ္စတာအမ်ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ငါလည်း မသိတော့ဘူး”
ဝမ်သုန်း၏ မျက်ဝန်းများတွင် အရောင်တစ်ချက် ဝင်းလက်သွားပြီး “မုယွမ်... မင်း ထင်ကြည့်စမ်း၊ အဲဒီမစ္စတာအမ်ဆိုတာ တကယ်တော့ ရှီလဲ့ ကိုယ်တိုင်ပဲ ဖြစ်နေနိုင်မလား”
“မဖြစ်နိုင်တာ” ကျုံးမုယွမ်က ငြင်းဆိုလိုက်သည်။ “ရှီလဲ့က တက္ကသိုလ် ပထမနှစ်ကျောင်းသားလေးပဲ ရှိသေးတာ၊ သူက ကန်နွန်ကုမ္ပဏီရဲ့ နည်းပညာအားလုံးကို ရအောင်ယူနိုင်တဲ့ အရည်အချင်းမျိုး ရှိမှာမဟုတ်ဘူး”
“ဒါဆိုရင် သူက ကြီးမားတဲ့ အဖွဲ့အစည်းတစ်ခုခုရဲ့ ကိုယ်စားလှယ် ဖြစ်နေနိုင်မလား” ဝမ်သုန်းသည် အပြင်ပန်းတွင် ယဉ်ကျေးသိမ်မွေ့ပုံရသော်လည်း၊ အတွင်းစိတ်တွင်မူ ပူးပေါင်းကြံစည်မှု သီအိုရီများကို အမြဲတွေးတောတတ်သူ ဖြစ်သည်။
ကျုံးမုယွမ်သည် ခုနက ရှီလဲ့၏ ဖုန်းထဲမှ လေသံ ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုတို့ ရောပြွမ်းနေသည့် ထိုလေသံကို ပြန်လည်အမှတ်ရမိပြီး ရှီလဲ့၏ ဒေါသကို အမှန်တကယ် ခံစားမိခဲ့သည်။ “အစ်ကိုသုန်း... မစ္စတာအမ်က လူလုံးမပြချင်လို့ ရှီလဲ့ကို ကြိုးဆွဲရုပ်တစ်ရုပ်လို အသုံးချနေတာလည်း ဖြစ်နိုင်တာပဲ”
ဝမ်သုန်းက တိတ်တဆိတ် ခေါင်းငြိမ့်လိုက်ပြီးနောက်၊ အစည်းအဝေးခန်းရှိ ကွန်ပျူတာရှေ့တွင် ထိုင်နေကြသော နည်းပညာဝန်ထမ်း တစ်ဒါဇင်ကျော်ကို ကြည့်ကာ ပြောလိုက်သည်။ “အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ မစ္စတာအမ်က ဘယ်သူပဲဖြစ်ဖြစ်... ဒီနေ့ သူ့ကို ငါတို့ သေချာပေါက် ဖမ်းရမယ်”
ပတ်ထရီးရော့ကုမ္ပဏီ၏ အစည်းအဝေးခန်းကို နည်းပညာဌာနအဖြစ် ယာယီအသွင်ပြောင်းထားခြင်း ဖြစ်သည်။ မြင့်မားသော စွမ်းဆောင်ရည်ရှိ ကွန်ပျူတာ အလုံး ၂၀ ကို အစည်းအဝေး စားပွဲကြီးပေါ်တွင် တပ်ဆင်ထားသည်။ ဝမ်တုန်းသည် မစ္စတာအမ်၏ အိုင်ပီလိပ်စာကို ခြေရာခံပြီး သူ၏ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ရန် ကျင်းချန်မြို့ကွန်ရက်လုံခြုံရေးဗျူရိုမှ နည်းပညာကျွမ်းကျင်သူ ၁၀ ဦးထက်မနည်းကို ငှားရမ်းထားခြင်း ဖြစ်ပေသည်။
ဂျင်းယာဥယျာဉ်အတွင်း၌မူ ရှီလဲ့သည် ဆာဗာနံပါတ် (၁) ကို အဆင့်မြင့်ကွန်ပျူတာ ‘ယန်’ နှင့် ချိတ်ဆက်လိုက်ပြီး၊ ဂျပန်နိုင်ငံရှိ အိုင်ပီလိပ်စာတစ်ခုမှတစ်ဆင့် ပတ်ထရီးရော့ကုမ္ပဏီအတွင်းသို့ ထိုးဖောက်ဝင်ရောက်လိုက်သည်။
ကျုံးမုယွမ်၏ ကိုယ်ပိုင်ကွန်ပျူတာကိုလည်း အစည်းအဝေးခန်းအတွင်းသို့ ယူဆောင်လာခဲ့သည်။ သူက ကွန်ပျူတာမျက်နှာပြင်ကို စိုက်ကြည့်ရင်း မစ္စတာအမ် ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေသည်။ ကွန်ပျူတာမျက်နှာပြင်ပေါ်တွင် စာတိုပေးပို့ရန် ရုတ်တရက် ပေါ်လာသောအခါ ကျုံးမုယွမ်က ချက်ချင်း ပြောလိုက်သည်။ “သူ ရောက်လာပြီ”
ဝမ်သုန်းက ချက်ချင်း အမိန့်ပေးလိုက်သည်။ “မစ္စတာအမ်ရဲ့ အိုင်ပီလိပ်စာကို အင်ပြည့်အားပြည့် ခြေရာခံစမ်း ဒီမစ္စတာအမ်က ဘယ်သူလဲဆိုတာ ငါ ကိုယ်တိုင် မြင်ချင်တယ်”
နည်းပညာရှင် ၁၀ ဦးကျော်သည် ကွန်ပျူတာများကို စတင်မောင်းနှင်ပြီး ကျုံးမုယွမ်၏ ကွန်ပျူတာမှတစ်ဆင့် ရှီလဲ့၏ အိုင်ပီလိပ်စာကို ပြောင်းပြန်ခြေရာခံရန် ကြိုးပမ်းကြတော့သည်။
ရှီလဲ့သည် ပဲထရီးရော့ကုမ္ပဏီ၏ ပြောင်းပြန်ခြေရာခံမှုကို ချက်ချင်း သတိပြုမိသွားသည်။ သူက မဲ့ပြုံးပြုံးလိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ “အသုံးမကျတဲ့ကောင်တွေ”
သူ၏ လက်ချောင်းဆယ်ချောင်းမှာ အလွန်လျင်မြန်စွာ လှုပ်ရှားသွားပြီး အရိပ်များပင် ထင်ကျန်ရစ်ခဲ့သည်။ အသံတိတ်ကီးဘုတ်မှာ မည်သည့်အသံမျှ ထွက်ပေါ်မလာဘဲ တိုက်ခိုက်မှု ကုဒ်အမြောက်အမြားကို ဆာဗာနံပါတ် (၁) မှတစ်ဆင့် အဆင့်မြင့်ကွန်ပျူတာ ‘ယန်’ ထံသို့ ပေးပို့လိုက်သည်။ ထို့နောက် အဆင့်မြင့်ကွန်ပျူတာ ‘ယန်’ ၏ ထူးကဲလှသော စွမ်းဆောင်ရည်ဖြင့် ပတ်ထရီးရော့ကုမ္ပဏီက ယာယီငှားရမ်းထားသော ကျွမ်းကျင်သူများ၏ ကွန်ပျူတာများကို တိုက်ရိုက် ထိုးဖောက်ဖျက်ဆီးပစ်လိုက်တော့သည်။
အစည်းအဝေးစားပွဲပေါ်ရှိ ကွန်ပျူတာမျက်နှာပြင် အားလုံးသည် တစ်ပြိုင်နက်တည်း ပြောင်းလဲသွားပြီး ကြီးမားသော အင်္ဂလိပ်စာလုံး M ကို ဖော်ပြလာသည်။ ထို့နောက် ကွန်ပျူတာကေ့စ် အတွင်းရှိ ပန်ကာများမှာ ရူးသွပ်စွာ လည်ပတ်လာပြီး၊ ဟာ့ဒ်ဒရိုက် မီးများမှာလည်း အဆက်မပြတ် လင်းလက်လာတော့သည်။ တိုက်ခိုက်မှုကုဒ်မှာ စွမ်းအင်စီမံခန့်ခွဲမှုစနစ်ကို တိုက်ရိုက် ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ရာ CPU ၏ လျှပ်စစ်စီးကြောင်းကို အတက်အကျ ကြမ်းတမ်းစေခဲ့သည်။ ထိုမတည်ငြိမ်မှုများကြောင့် ခေတ္တမျှအကြာတွင် CPU ဆီမှ မီးခိုးများပင် ထွက်ပေါ်လာတော့သည်။
နည်းပညာကျွမ်းကျင်သူတစ်ဦးက သက်ပြင်းချလိုက်သည်။ “မစ္စတာဝမ်... တစ်ဖက်လူက အရမ်း အင်အားကြီးပါတယ်၊ ကျွန်တော်တို့နဲ့ အဆင့်ချင်း လုံးဝ မတူပါဘူး”
ဝမ်သုန်းက မျက်နှာအမူအရာမရှိဘဲ ခေါင်းငြိမ့်လိုက်သည်။ ဤရလဒ်ကို သူ ကြိုတင်မမျှော်လင့်ထားခဲ့သည်တော့ မဟုတ်ပေ။ လျှို့ဝှက်ဆန်းကြယ်သော မစ္စတာအမ်သည် ကန်နွန်ကုမ္ပဏီ၏ နည်းပညာအချက်အလက်များကို အသံတိတ် ရယူနိုင်ခဲ့ကတည်းက တစ်ဖက်လူသည် အစွမ်းထက်သော ဟက်ကာတစ်ဦးဖြစ်ကြောင်း သက်သေပြနေပြီးသား ဖြစ်သည်။
“ကဲ... မင်းတို့ ပြန်နိုင်ကြပါပြီ” ဝမ်သုန်းက ထိုနည်းပညာကျွမ်းကျင်သူများကို အပြစ်မတင်ဘဲ ပြန်ခိုင်းလိုက်သည်။ “တာ့ဟူ... ရှောင်ဟူ... ဒီကွန်ပျူတာတွေကို တစ်ယောက်ယောက်ကို ရှင်းခိုင်းလိုက်ဦး”
ကျုံးမုယွမ်၏ ကွန်ပျူတာမှာမူ ဘာပြဿနာမှ မရှိသော်လည်း မျက်နှာပြင်ပေါ်ရှိ Dialog Box တွင် စာသားတစ်ကြောင်း ရုတ်တရက် ပေါ်လာခဲ့သည်။
“ကျုံးမုယွမ်... မင်း ငါ့ကို စိတ်ပျက်အောင် လုပ်လိုက်တာပဲ ဒီလို ပျင်းစရာကောင်းတဲ့ ကစားပွဲလေးက ဒီတစ်ကြိမ်ပဲ ဖြစ်ပါစေလို့ ငါ မျှော်လင့်တယ် မဟုတ်ရင်တော့ မင်းတို့ ပတ်ထရီးရော့ကုမ္ပဏီအပေါ် ငါ ညှာတာနေမှာ မဟုတ်ဘူး”
ရှီလဲ့၏ လျှို့ဝှက်အမည်ဖြစ်သော မစ္စတာအမ်က စာသားမှတစ်ဆင့် သူ၏ မကျေနပ်မှုကို မောက်မာစွာ ဖော်ပြလိုက်ခြင်း ဖြစ်သည်။
ကျုံးမုယွမ်က အလောတကြီး စာပြန်ရိုက်လိုက်သည်။ “လေးစားရပါသော မစ္စတာအမ်... ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့ ကျွန်တော်တို့က မစ္စတာအမ်ရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်ကြည့်ရုံသက်သက်ပါ၊ ရန်စလိုတဲ့ သဘော မဟုတ်ပါဘူး မစ္စတာအမ် ပြောခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှုက တကယ့်ကို မယုံနိုင်စရာကောင်းလွန်းလို့ ကျွန်တော်တို့ ယုံကြည်ရခက်နေလို့ပါ”
“ဟွန်း အဲဒီအမှိုက်တွေက ငါ့ရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်ဖို့ အရည်အချင်း ပြည့်မီလို့လား ငါ ကန်နွန်ကုမ္ပဏီရဲ့ ဒစ်ဂျစ်တယ်ကင်မရာနဲ့ အလင်းဆိုင်ရာ နည်းပညာအချက်အလက်တွေကို လျှို့ဝှက်ဆာဗာတစ်ခုပေါ်မှာ သိမ်းဆည်းထားပြီးပြီ ငါ လင့်အိုင်ပီ တစ်ခု ပေးလိုက်မယ်၊ မင်းတို့လူတွေကို သွားပြီး စစ်ဆေးလေ့လာခိုင်းလိုက်ပါ”
ကျုံးမုယွမ် အနည်းငယ် ဆွံ့အသွားပြီး စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။ “လေးစားရပါသော မစ္စတာအမ်... ကျွန်တော်တို့က နည်းပညာအချက်အလက်တွေကိုပဲ ယူပြီး သဘောတူညီချက်ကို မလိုက်နာမှာကို မစိုးရိမ်ဘူးလား”
“ဟားဟားဟား သတ္တိရှိရင် စမ်းကြည့်လိုက်ပါ ငါက ဒီစကားကို တစ်ကြိမ်ပဲ ပြောမယ် အင်တာနက်ကမ္ဘာထဲမှာ ငါ မလုပ်ရဲတာ ဘာမှမရှိဘူး မင်းတို့ ပတ်ထရီးရော့ကုမ္ပဏီအနေနဲ့ အင်တာနက်လောကထဲမှာ ဆက်ပြီး မဖွံ့ဖြိုးချင်တော့ဘူးဆိုရင်တော့ အဲဒီအချက်အလက်တွေကို ခိုးယူနိုင်ပါတယ် ဒါ့အပြင်... စာချုပ်မချုပ်ရသေးခင်မှာ မင်းတို့မှာ အဓိက အချက်အလက် တွေကို ဖတ်ရှုပိုင်ခွင့် မရှိသေးဘူး”
ရှီလဲ့သည် ပတ်ထရီးရော့ကုမ္ပဏီက သူ့ကို သစ္စာဖောက်မည်ကို အနည်းငယ်မျှပင် မကြောက်ရွံ့ပေ။ လက်တွေ့ဘဝတွင် သူသည် ပတ်ထရီးရော့ကုမ္ပဏီကို မယှဉ်နိုင်သည်မှာ အမှန်ပင်ဖြစ်သော်လည်း အင်တာနက်ကမ္ဘာထဲတွင်မူ မည်သို့ဖြစ်မည်နည်း။
ကျုံးမုယွမ် ခြောက်ကပ်ကပ် နှစ်ချက်ခန့် ရယ်မောလိုက်မိပြီး မိမိ မိုက်မဲသော မေးခွန်းတစ်ခုကို မေးမိသွားမှန်း သိလိုက်သည်။ “လေးစားရပါသော မစ္စတာအမ်... မေးပါရစေဦး၊ ဘာဖြစ်လို့ ရှီလဲ့ကို ဒီကိစ္စထဲ ဆွဲသွင်းချင်ရတာလဲဟင်”
ရှီလဲ့ ခဏမျှ စဉ်းစားပြီး ရိုးရှင်းစွာ ရှင်းပြလိုက်သည်။
“အဲဒီလူငယ်လေးဆီမှာ အလွန် ထူးခြားပြောင်မြောက်တဲ့ နည်းပညာတစ်ခု ရှိတယ် အပြုံးဖမ်းယူမှု ပရိုဂရမ်ဆိုတာ အဲဒီနည်းပညာရဲ့ အခြေခံအကျဆုံး အသုံးချမှုတစ်ခု သက်သက်ပဲ ငါတို့သာ အဲဒီနည်းပညာကို ရရှိမယ်ဆိုရင် ကြီးမားတဲ့ အားသာချက်တစ်ခုကို ပိုင်ဆိုင်နိုင်လိမ့်မယ်”
“လေးစားရပါသော မစ္စတာအမ်... ဒါဆိုရင် အဲဒီနည်းပညာကို တိုက်ရိုက်ပဲ ခိုးယူလိုက်လို့ မရဘူးလား” ကျုံးမုယွမ်က အကြံပက်စက်စွာ မေးလိုက်သည်။ မစ္စတာအမ်သည် ကန်နွန်ကုမ္ပဏီထံမှပင် နည်းပညာများကို ခိုးယူနိုင်လျှင် ရှီလဲ့ထံမှ နည်းပညာကို ခိုးယူရန် ပို၍ပင် လွယ်ကူသည်မဟုတ်ပါလား။
ရှီလဲ့ ခဏမျှ ဆိတ်ဆိတ်နေလိုက်ပြီး စိတ်ထဲမှ တိတ်တဆိတ် မဲ့ပြုံးပြုံးမိသည်။ အကျိုးအမြတ်နှင့် ထိပ်တိုက်တွေ့သည့်အခါ တကယ်ပင် ယုံကြည်စိတ်ချရသောအရာ ဟူ၍ မရှိချေ။
“အဲဒီနည်းပညာက အပြည့်အဝ မဖွံ့ဖြိုးသေးဘူး၊ အဲဒီလူငယ်လေးရဲ့ စိတ်ကူးယဉ်အဆင့်ပဲ ရှိသေးတာ ငါ့ရဲ့ ဟက်ကာအရည်အချင်းက အလွန်အင်အားကြီးတယ်ဆိုပေမဲ့ ပရိုဂရမ်ရေးဆွဲတဲ့နေရာမှာတော့ အဲဒီလူငယ်လေးကို မမှီဘူး ဒါကြောင့် ငါ သူ့ကို ဆွဲဆောင်ပြီး ငါ့အတွက် အလုပ်လုပ်ပေးအောင် လုပ်ဖို့ ရည်ရွယ်ထားတာ”
ကျုံးမုယွမ်၏ မျက်ဝန်းများတွင် အရောင်တစ်ချက် ဝင်းလက်သွားသည်။ မစ္စတာအမ်ကို တုံ့ပြန်ရန်အတွက် ရှီလဲ့ကို မိမိတို့ဘက်က ကြိုတင်၍ ဆွဲဆောင်ထားသင့်သလားဟု သူ တိတ်တဆိတ် စဉ်းစားနေမိသည်။
“ဒါကြောင့်မို့လို့ကိုး လေးစားရပါသော မစ္စတာအမ်... ဒါဆိုရင် ကျွန်တော်တို့ ရှယ်ယာလွှဲပြောင်းခြင်း သဘောတူညီချက်စာချုပ်ကို ဘယ်တော့ ချုပ်ဆိုကြမလဲ” ကျန့်မုယွမ်က မေးလိုက်သည်။
“ငါ ရှီလဲ့နဲ့ အရင်ဆွေးနွေးလိုက်ဦးမယ်၊ ပြီးရင် သူ့ကို ငါ့ရဲ့ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ပြီး မင်းတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကျင်းချန်မြို့ကို ကိုယ်တိုင် လာခိုင်းလိုက်မယ် နောက်ဆုံးအနေနဲ့ သတိပေးလိုက်မယ် ငါ့ရဲ့ ခြေရာကို လိုက်ရှာဖို့ မကြိုးစားပါနဲ့ ငါ မင်းတို့ ပတ်ထရီးရော့နဲ့ ပူးပေါင်းရဲတယ်ဆိုကတည်းက မင်းတို့ကို တုံ့ပြန်ဖို့ သဘာဝကျကျပဲ ယုံကြည်ချက် ရှိပြီးသားမို့လို့”
ရှီလဲ့က ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်။ ကျုံးမုယွမ်က အလောတကြီး စာပြန်ရိုက်သည်။ “ကျေးဇူးပြုပြီး စိတ်ချပါ၊ ခုနကကိစ္စက နားလည်မှုလွဲတာသက်သက်ပါ ဒီလိုအခြေအနေမျိုး နောက်ဘယ်တော့မှ ထပ်မဖြစ်စေရပါဘူး”
“ဒီလိုပဲ မျှော်လင့်ပါတယ် ဝမ်သုန်းကိုလည်း ပြောလိုက်ဦး... ငါ သူ့ကို အသိအမှတ်ပြုပေမဲ့ ငါ့အပေါ် အဆက်မပြတ် ရန်စလာတာတွေကိုတော့ ငါ သည်းခံမှာမဟုတ်ဘူး”
ဤသို့ပြောပြီးနောက် ရှီလဲ့သည် သူ၏ ထိုးဖောက်ဝင်ရောက်ခဲ့သည့် ခြေရာများကို စတင်ရှင်းလင်းပြီး ပတ်ထရီးရော့ကုမ္ပဏီမှ ထွက်ခွာခဲ့တော့သည်။
ကျုံးမုယွမ်သည် ရှုပ်ထွေးသော မျက်နှာပေးဖြင့် ကွန်ပျူတာမျက်နှာပြင်ကို စိုက်ကြည့်နေမိသည်။သူ၏ နဖူးပေါ်မှ ချွေးစေးများ စီးကျနေသည်ကိုပင် သတိမပြုမိခဲ့ချေ။
သူသည် တံတွေးကို မျိုချလိုက်ပြီး ဆိုဖာပေါ်တွင် ထိုင်နေသော ဝမ်သုန်းကို ကြည့်ကာ ခက်ခက်ခဲခဲ ပြောလိုက်သည်။ “အစ်ကိုသုန်း... ကျွန်တော်တို့ မစ္စတာအမ်ကို ဘယ်လိုဆက်ဆံရမလဲဆိုတာ သေသေချာချာ စဉ်းစားသင့်ပြီ ထင်တယ်”
“ဘာလို့လဲ” ဝမ်တုန်းက စူးစမ်းစွာ မေးလိုက်သည်။
ကျုံးမုယွမ်က ဆိုဖာဘေးသို့ လျှောက်သွားကာ ကိုယ်ကို မှီချလိုက်ပြီး သက်ပြင်းချလိုက်သည်။ “အစ်ကိုသုန်း... သူက အစ်ကို့အကြောင်းကိုပါ သိနေတယ် သူက အစ်ကို့ကို အသိအမှတ်ပြုပါတယ်တဲ့၊ ဒါပေမဲ့ သူ့ကို လာပြီး မရန်စဖို့ အစ်ကို့ကို ပြောခိုင်းလိုက်တယ်”
ဝမ်သုန်း၏ ယဉ်ကျေးသိမ်မွေ့သော မျက်နှာအမူအရာမှာ ရုတ်ချည်း ပြောင်းလဲသွားသည်။ သူသည် ပတ်ထရီးရော့ကုမ္ပဏီ၏ ရှယ်ယာ ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး၊ ဤအရာက လျှို့ဝှက်ချက်များထဲမှ အကြီးမားဆုံး လျှို့ဝှက်ချက် ဖြစ်သည်။ ရှယ်ယာသက်သေခံလက်မှတ်ပေါ်ရှိ အမည်မှာပင် ဝမ်သုန်း၏ အမည်ရင်း မဟုတ်ဘဲ သူ၏ အဆက်အသွယ်များကို အသုံးပြု၍ ဖန်တီးထားသော အတုအယောင် အထောက်အထားတစ်ခုသာ ဖြစ်သည်။
သို့သော် မစ္စတာအမ်က ဒါကို ဘယ်လိုသိနေရတာနည်း။
“အခြေအနေက ဒီလိုဆိုရင်တော့... ငါတို့ တကယ်ပဲ သေသေချာချာ စဉ်းစားရတော့မယ် အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ မစ္စတာအမ်က ငါတို့အတွက် အံ့ဩစရာတွေ အများကြီး ယူဆောင်လာပေးလွန်းတယ်”
ရှီလဲ့သည် နေ့လယ်စာကို အမြန်စားသောက်ပြီးနောက် ဆာဗာနံပါတ် (၁) ၏ လုံခြုံရေးကို ထပ်မံမြှင့်တင်ရန် အချိန်အတော်ကြာ အသုံးပြုခဲ့သည်။ ထို့နောက် သူသည် ကန်နွန်ကုမ္ပဏီ၏ အတွင်းပိုင်း လုံခြုံရေးအဆင့်အတန်းများအတိုင်း 216GB ရှိသော နည်းပညာအချက်အလက်များအတွက် ‘ဖတ်ရှုခွင့်ပြုချက်စနစ်’ ကို တည်ဆောက်လိုက်သည်။ သူသည် ဆာဗာနံပါတ် (၁) ကို အသုံးပြု၍ ပတ်ထရီးရော့ကုမ္ပဏီအား ကန်နွန်ကုမ္ပဏီ၏ နည်းပညာများကို ပံ့ပိုးပေးနိုင်မည့် ဝက်ဆိုက် တစ်ခု တည်ဆောက်ရန် စီစဉ်လိုက်ခြင်း ဖြစ်သည်။
မွန်းလွဲပိုင်းတစ်လျှောက်လုံးတွင် ရှီလဲ့သည် ဝက်ဆိုက်တစ်ခုကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သည်။ ဤဝက်ဆိုက်မှတစ်ဆင့် ပတ်ထရီးရော့ကုမ္ပဏီသည် ၎င်းတို့၏ ခွင့်ပြုချက်အဆင့်အမျိုးမျိုးအလိုက် ဆာဗာနံပါတ် (၁) အတွင်းရှိ ကန်နွန်ကုမ္ပဏီ၏ နည်းပညာအချက်အလက်များကို ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။
ရှီလဲ့သည် ဝက်ဆိုက်၏ လုံခြုံရေးစွမ်းဆောင်ရည်ကို ကိုယ်တိုင် စမ်းသပ်ကြည့်ခဲ့သည်။ ဖိအားပေးတိုက်ခိုက်မှု အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ဝက်ဆိုက်မှာ ပြိုလဲသွားခြင်းမရှိသဖြင့် ရှီလဲ့ ကျေနပ်စွာ ခေါင်းငြိမ့်လိုက်မိသည်။ တစ်ဖက်လူက ဝက်ဆိုက်ကို ထိုးဖောက်နိုင်ခဲ့သည်ဆိုစေကာမူ ဆာဗာနံပါတ် (၁) အတွင်းသို့ ဝင်ရောက်နိုင်ရန်မှာမူ အိပ်မက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဆာဗာနံပါတ် (၁) သည် အဆင့်မြင့်ကွန်ပျူတာ ‘ယန်’ နှင့် ချိတ်ဆက်ထားပြီးသား ဖြစ်သောကြောင့် ဆာဗာနံပါတ် (၁) ကို တိုက်ခိုက်ခြင်းသည် အဆင့်မြင့်ကွန်ပျူတာ ‘ယန်’ ၏ တန်ပြန်တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရခြင်းနှင့် အတူတူပင် ဖြစ်ပေသည်။
အဆင့်မြင့်ကွန်ပျူတာ ‘ယန်’ ၏ စွမ်းဆောင်ရည်နှင့် ရှီလဲ့ တပ်ဆင်ထားသော ကာကွယ်ရေး ဆော့ဖ်ဝဲလ်များကြောင့် ကမ္ဘာ့အဆင့်မီပြီး ထိပ်တန်းအဆင့် နီးပါး ရောက်ရှိနေသော ဓါးနက် ကဲ့သို့သော ဟက်ကာမျိုးပင်လျှင် အဆင့်မြင့်ကွန်ပျူတာ ‘ယန်’ ၏ ဒဏ်ကြောင့် စိတ်ပျက်ရူးသွပ်သွားရပေလိမ့်မည်။
ရှီလဲ့ ကွန်ပျူတာ၏ ညာဘက်အောက်ခြေရှိ အချိန်ကို ကြည့်လိုက်ရာ ညနေ ၆ နာရီနီးပါး ရှိနေပြီဖြစ်သည်။ အိုးရန်ရှန်းနှင့် ချိန်းဆိုထားသည်ကို သတိရသဖြင့် ရှီလဲ့ ထရပ်ကာ ပျင်းကြောဆန့်လိုက်တော့သည်။
သူ့ကိုယ်သူ သန့်ရှင်းသပ်ရပ်အောင် ပြင်ဆင်ပြီးနောက် ရှီလဲ့သည် ‘အမူအရာလှုပ်ရှားမှု ဖမ်းယူရေး ပရိုဂရမ်’ ကို အသုံးပြု၍ ဆာဗာနံပါတ် (၁) ကို သော့ခတ်လိုက်ပြီး၊ အိုးရန်ရှန်းရှိရာ အဆောင် (၇) သို့ လျှောက်လှမ်းခဲ့တော့သည်။
ယနေ့နံနက်ပိုင်းက ရွှမ်းဟူရဲစခန်းတွင် အိုးရန်ရှန်းနှင့် ရှီလဲ့တို့ကြား ဖြစ်ပေါ်ခဲ့သော စိတ်ဝမ်းကွဲမှုများသည် အိုးရန်ရှန်း၏ စိတ်ခံစားချက်များ ပေါက်ကွဲထွက်သွားပြီးနောက်တွင် ပြန်လည်ပြေလည်သွားခဲ့ပြီး၊ စစ်အေးတိုက်ပွဲမှာလည်း ယာယီအားဖြင့် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
အိုးရန်ရှန်း၏ အခန်းတံခါးအပြင်ဘက်တွင် ရပ်ရင်း ရှီလဲ့ လူခေါ်ခေါင်းလောင်းကို တီးလိုက်သည်။ အခန်းထဲမှ အိုးရန်ရှန်း၏ ပြတ်သားသော အသံလေး ထွက်ပေါ်လာသည်။ “လာပြီ... လာပြီ”
တံခါးပွင့်လာသောအခါ ရှီလဲ့၏ မျက်ဝန်းများမှာ ရုတ်ချည်း တောက်ပသွားတော့သည်။
အမြဲတမ်း မိတ်ကပ်မလိမ်းဘဲ သဘာဝအတိုင်း နေလေ့ရှိသော အိုးရန်ရှန်းသည် ယနေ့တွင် ပါးပါးလျလျ မိတ်ကပ်လိမ်းခြယ်ထားပုံရသည်။ ရှီလဲ့၏ စိုက်ကြည့်မှုအောက်တွင် အိုးရန်ရှန်း၏ ပါးပြင်လေးနှစ်ဖက်မှာ နီမြန်းသွားပြီး ကလေးဆန်စွာ ဆူပူလိုက်တော့သည်။ “အထဲကို မဝင်သေးဘဲ ဘာရပ်ကြည့်နေတာလဲ”