အခန်း ၁၂၄
Vol. 13 Ch. 124
အခန်း - ၁၂၄
ပတ်ထရီးရော့ကုမ္ပဏီ၏ ဒစ်ဂျစ်တယ်ကင်မရာများတွင် ထုတ်ကြွားစရာဟူ၍ သူတို့ကိုယ်တိုင် သီးခြားစီမံဖန်တီးထားသော စနစ်တစ်ခုသာ ရှိသည်။ ရှီလဲ့ တောင်းဆိုလာသော ကိစ္စအပေါ် ကျုံးမုယွမ် အနေဖြင့် အဓိကကုဒ် များကို ပေးကြည့်သင့်၊ မပေးကြည့်သင့် သေသေချာချာ အချိန်ယူစဉ်းစားနေမိသည်။
ထပ်တလဲလဲ အဖန်ဖန် စဉ်းစားပြီးနောက်၊ ကျုံးမုယွမ်သည် ကုဒ်များကို မထုတ်ပေးမီ မေးခွန်းတစ်ခုကို အရင်မေးရန် ဆုံးဖြတ်လိုက်သည်။ “ညီလေး ရှီလဲ့... ငါ့မှာ မေးခွန်းတစ်ခုရှိတယ် မင်းနဲ့ မစ္စတာအမ် နဲ့က တကယ်ပဲ ဘာပတ်သက်တာလဲ”
ရှီလဲ့က တည်ငြိမ်သော မျက်နှာအမူအရာဖြင့် “ကျွန်တော်က အခု မစ္စတာအမ်ရဲ့ ကိုယ်စားလှယ်ပါ စီးခရတ်ကုမ္ပဏီ နဲ့ ပတ်ထရီးရော့ကုမ္ပဏီကြားက ကိစ္စရပ်အားလုံးကို စီမံခန့်ခွဲဖို့ အပြည့်အဝ လုပ်ပိုင်ခွင့်အာဏာ ရှိပါတယ်။ ဒါ့အပြင်... မစ္စတာအမ်က ပတ်ထရီးရော့ကုမ္မဏီရဲ့ ရှယ်ယာ ၀.၁ ရာခိုင်နှုန်းကို ကျွန်တော့်ဆီ လွှဲပြောင်းပေးမှာဖြစ်ပြီး၊ ကျွန်တော်က ပတ်ထရီးရော့ရဲ့ အမှီအခိုကင်းတဲ့ဒါရိုက်တာအဖြစ် တာဝန်ယူမှာပါ” ဟု ပြောလိုက်သည်။
ကျုံးမုယွမ်၏ မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားပြီး “ညီလေး ရှီလဲ့... မင်းပြောတာ တကယ်ပဲလား”
“ရာနှုန်းပြည့် အမှန်ပါပဲ” ရှီလဲ့က ပြုံးလျက် “ပတ်ထရီးရော့နဲ့ စီးခရတ်ကုမ္ပဏီတို့ စာချုပ်ချုပ်ပြီးတာနဲ့ ကျွန်တော်က ပတ်ထရီးရော့ရဲ့ ရှယ်ယာ ၀.၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်မှာပါ မစ္စတာအမ်ရဲ့ အစီအစဉ်ကို ကြားရသလောက်ဆိုရင် ပတ်ထရီးရော့ကုမ္ပဏီဟာ နောင်တစ်ချိန်မှာ အလွန်ကြီးမားတဲ့ လုပ်ငန်းကြီးတစ်ခု ဖြစ်လာမှာ သေချာပါတယ်။ ပတ်ထရီးရော့ရဲ့ ရှယ်ယာရှင်တစ်ယောက် ဖြစ်ခွင့်ရတာဟာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ”
ကျုံးမုယွမ် သက်ပြင်းချလိုက်ရင်း “ဒီလိုဆိုရင်တော့ ညီလေး ရှီလဲ့ကို ငါ ကြိုတင်ပြီး ဂုဏ်ပြုပါတယ် လာ... ငါ့နောက်လိုက်ခဲ့၊ ကုဒ်တွေကို သွားကြည့်ရအောင်”
ရှီလဲ့သည် ကျုံးမုယွမ်၊ အဘိုးကြီးရှောင် တို့နှင့်အတူ အခြားနည်းပညာ သုတေသနဓာတ်ခွဲခန်းတစ်ခုသို့ လိုက်ပါသွားခဲ့သည်။ အဘိုးကြီးရှောင်က ကွန်ပျူတာတစ်လုံးကို ဖွင့်လိုက်ပြီး ဟာ့ဒ်ဝဲဖြင့် လုံခြုံရေးကုဒ်ပိတ်ထားသော ယူအက်စ်ဘီ တစ်ခုကို စိုက်ကာ၊ လျှို့ဝှက်နံပါတ်ရိုက်နှိပ်ပြီး ဖိုင်တစ်ခုကို ဖွင့်ပေးလိုက်သည်။
“မစ္စတာရှီ... ကျေးဇူးပြုပြီး ကြည့်ရှုပေးပါ” ယဉ်ကျေးပျူငှာစွာ ပြောလိုက်သည်။ ရှီလဲ့ ခုနကပြောခဲ့သော စကားလုံးတိုင်းကို သူ အကုန်ကြားလိုက်ရခြင်း ဖြစ်သည်။ ရှီလဲ့သည် ပတ်ထရီးရော့၏ ရှယ်ယာရှင်တစ်ဦး ဖြစ်လာတော့မည် မဟုတ်ပါလား။ ရှယ်ယာပမာဏ နည်းပါးသည်ဆိုစေဦး ရှယ်ယာရှင်ကတော့ ရှယ်ယာရှင်ပင် ဖြစ်သည်။
ရှီလဲ့ ထိုင်ခုံတွင် ထိုင်လိုက်ပြီး ဒစ်ဂျစ်တယ်ကင်မရာစနစ်၏ ကုဒ်များကို လျင်မြန်စွာ ဖတ်ရှုစစ်ဆေးလိုက်သည်။ ရှီလဲ့သည် ဒစ်ဂျစ်တယ်ကင်မရာ နည်းပညာပိုင်းကို ကျွမ်းကျင်သူမဟုတ်သော်လည်း ‘ဘာသာရပ်တစ်ခုကို ထိပ်ဆုံးအထိ တတ်မြောက်ထားလျှင် အခြားအရာများကိုလည်း အလွယ်တကူ နားလည်နိုင်သည်’ ဟူသော စကားအတိုင်းပင် ဖြစ်သည်။ ကမ္ဘာ့အဆင့်မီ ထိပ်သီးဟက်ကာတစ်ဦးအနေဖြင့် ရှီလဲ့သည် ကုဒ်များကို ကျစ်လျစ်အောင် ပြုလုပ်ခြင်းနှင့် စနစ်လည်ပတ်မှု စွမ်းဆောင်ရည်ပိုင်းတို့တွင် အလွန်နက်ရှိုင်းစွာ နားလည်သဘောပေါက်ထားသူ ဖြစ်သည်။ ထို့အပြင် ရုပ်ပုံပြုပြင်ေရးနယ်ပယ်တွင်လည်း သူ၏ အမြင်က အလွန်စူးရှလှသည်။
ရှီလဲ့ကဲ့သို့ ‘အပြင်လူ’ တစ်ဦး၏ အမြင်တွင်ပင် ပတ်ထရီးရော့ကုမ္ပဏီ၏ ဒစ်ဂျစ်တယ်ကင်မရာစနစ် ဆော့စ်ကုဒ်များမှာ ဟာကွက်များဖြင့် ပြည့်နှက်နေသည်။ ကဏ္ဍအသီးသီးရှိ ကုဒ်များမှာ ရှည်လျားထွေပြားပြီး ထပ်ခါတလဲလဲ ဖြစ်နေသည့်အပြင်၊ အချို့နေရာများတွင် လောဂျစ်အမှားအယွင်းများ ရှိနေသည်ကို မြင်ရသဖြင့် ရှီလဲ့တစ်ယောက် ဆွံ့အသွားရတော့သည်။
ဤကဲ့သို့သော ကုဒ်မျိုးဖြင့် ဟာ့ဒ်ဝဲစွမ်းဆောင်ရည်ကို မည်သို့ အပြည့်အဝ အသုံးချနိုင်ပါမည်နည်း။ စနစ်လည်ပတ်မှု အထိအတွေ့ ကောင်းမွန်အောင် မည်သို့ လုပ်ဆောင်နိုင်ပါမည်နည်း။
‘ဒါက လုံးဝ အဓိပ္ပာယ်မရှိတာပဲ’
ရှီလဲ့ သူ၏ နားထင်ကို ပွတ်သပ်လိုက်ရင်း မချိပြုံး ပြုံးကာ ပြောလိုက်သည်။ “အစ်ကိုကြီးကျုံး... ကျွန်တော် တစ်ခုခုကို သံသယဝင်လာပြီဗျာ ဒီလိုနည်းပညာမျိုးနဲ့ ပတ်ထရီးရော့က တကယ်ပဲ တိုးတက်အောင်မြင်နိုင်ပါ့မလား”
ကျုံးမုယွမ် အနည်းငယ် မကျေမနပ်ဖြစ်သွားပြီး “ညီလေး မင်း ဘာကို ဆိုလိုတာလဲ”
“အစ်ကိုကြီးကျုံး.. ကျွန်တော်ကလည်း ပတ်ထရီးရော့ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာတော့မှာမို့လို့ အမှန်အတိုင်းပဲ ပွင့်ပွင့်လင်းလင်း ပြောပါရစေ ပတ်ထရီးရော့ကုမ္ပဏီမှာ အင်အားကြီးတဲ့ အရင်းအနှီးတွေ ရှိပေမယ့် အဲဒါနဲ့ ကိုက်ညီတဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေးစွမ်းအား မရှိဘူးဗျ ခင်များတို့ဆီမှာ အဲဒီနည်းပညာပိုင်းဆိုင်ရာ အချက်အလက်တွေ ရှိနေရင်တောင်မှ နောက်ဆုံးမှာ ထူးထူးခြားခြား တိုးတက်လာမှာ မဟုတ်ဘူး ပတ်ထရီးရော့ကုမ္ပဏီ တိုးတက်ဖို့အတွက် ထိပ်သီး သုတေသနအဖွဲ့တစ်ဖွဲ့ အရေးတကြီး လိုအပ်တယ်” ရှီလဲ့ ရှင်းပြလိုက်သည်။
ကျုံးမုယွမ်၏ မျက်နှာမှာ အလွန်အမင်း ပျက်ယွင်းသွားခဲ့သော်လည်း ရှီလဲ့ပြောသည်မှာ အမှန်ပင်ဖြစ်သည်။ ပတ်ထရီးရော့သည် အချို့သော အင်အားစုများ၏ ပံ့ပိုးမှုကြောင့် ချောမွေ့စွာ တိုးတက်လာခဲ့ခြင်းဖြစ်ပြီး၊ ကိုယ်ပိုင်သုတေသနအဖွဲ့ကို စင်တင်မွေးမြူရန် သိပ်ဂရုမစိုက်ခဲ့ချေ။ သို့သော် အချိန်တိုအတွင်း ထိပ်သီး သုတေသနအဖွဲ့တစ်ဖွဲ့ကို ရှာဖွေရန်ဆိုသည်မှာ မည်သို့လွယ်ကူပါမည်နည်း။
“ညီလေး မင်းမှာ ဘာအကြံဉာဏ်ကောင်းတွေ ရှိလဲ”
ရှီလဲ့ ခေါင်းညိမ့်ပြလိုက်ပြီး ပြုံးလျက် “ကျွန်တော့်မှာ အကြံဉာဏ်ကောင်း အနည်းငယ် ရှိပါတယ်၊ ပြီးတော့ ဒီဒစ်ဂျစ်တယ်ကင်မရာစနစ်ကိုလည်း ပိုမိုကောင်းမွန်အောင် ပြုပြင်ပေးနိုင်ပါတယ် ဒါပေမဲ့ ကျွန်တော့်မှာ အခြေအနေတစ်ခု ရှိတယ်”
“ဘာအခြေအနေလဲ” ကျုံးမုယွမ် အလောတကြီး မေးလိုက်သည်။ “ညီလေး မင်းကလည်း အခု ပတ်ထရီးရော့ရဲ့ ရှယ်ယာရှင်တစ်ယောက်ပဲလေ ပတ်ထရီးရော့ကုမ္ပဏီ ဘာမှဖြစ်မလာဘဲ ကျရှုံးသွားတာကိုတော့ မင်း ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ဘူးမလား”
“သေချာတာပေါ့ ပတ်ထရီးရော့ကုမ္ပဏီကို တတ်နိုင်သမျှ အင်အားကြီးမားစေချင်တာပေါ့ဗျာ ဒါမှ ကျွန်တော့်ရဲ့ ဝင်ငွေလည်း တိုးမှာလေ” ရှီလဲ့က တခစ်ခစ်ရယ်ရင်း ပြောလိုက်သည်။ “ဒါပေမဲ့ အစ်ကိုကြီးကျုံး... ကျွန်တော်က အခုထိ ပတ်ထရီးရော့ရဲ့ ရှယ်ယာရှင် အစစ်အမှန် မဖြစ်သေးဘူးလေ၊ ဟုတ်တယ်မလား စကားပုံရှိတယ်လေ အကျိုးအမြတ်မရှိရင် ဘယ်သူမှ စောစောမထဘူး ဆိုတာမျိုးပေါ့”
လွန်ခဲ့သော ရက်ပိုင်းက ကျုံးမုယွမ်သည် ရှီလဲ့၏ အခြားကိုယ်ပွားဖြစ်သော မစ္စတာအမ်နှင့် စကားပြောစဉ်တုန်းက ရှီလဲ့ကို နှိပ်ကွပ်ရန် မြှောက်ထိုးပင့်ကော် လုပ်ခဲ့ဖူးသည်။ ထို့ကြောင့်ပင် ရှီလဲ့၏ စိတ်ထဲ၌ ကျုံးမုယွမ်အပေါ် ထားရှိသော အထင်အမြင်မှာ တစ်ဆင့် လျော့နည်းသွားခဲ့ခြင်း ဖြစ်သည်။
ကျုံးမုယွမ်က မကျေမနပ်ဖြင့် “ရှီလဲ့... မင်းရဲ့ တောင်းဆိုချက်က ဘာလဲ” ဟု မေးလိုက်သည်။
ရှီလဲ့က အဘိုးကြီးရှောင်ကို တစ်ချက်ကြည့်လိုက်ပြီး စကားမပြောချေ။ ကျုံးမုယွမ် နားလည်သွားပြီး “ငါတို့ ရုံးခန်းထဲ သွားပြီး စကားပြောရအောင်” ဟု ဆိုကာ ခေါ်ထုတ်သွားသည်။
၎င်းတို့နှစ်ဦး ရုံးခန်းထဲသို့ အတူတူ ဝင်လာခဲ့ကြသည်။ ကျုံးမုယွမ်က သစ်သားတံခါးကို ပိတ်လိုက်ပြီးနောက် “ရှီလဲ့... အခု ဘယ်သူမှမရှိတော့ဘူး မင်းမှာ ဘာတောင်းဆိုချက်ပဲရှိရှိ ပြောသာပြောပါ”
ရှီလဲ့က ပြုံးလျက် “မစ္စတာအမ် ပြောတာ ကျွန်တော် ကြားလိုက်ရတယ်၊ သူက ပတ်ထရီးရော့ ရှယ်ယာရဲ့ ၄၉ ရာခိုင်နှုန်းကိုပဲ ယူမှာဖြစ်ပြီး မင်းတို့ ပတ်ထရီးရော့ရဲ့ မူလရှယ်ယာရှင်အလွှာက ၅၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတယ်ဆိုတာလေ အကယ်၍ မင်းတို့ မူလရှယ်ယာရှင်တွေ တစ်ယောက်ချင်းစီရဲ့ ရှယ်ယာကို ထဝက်စီ လျှော့ချလိုက်ရင် နောက်ထပ် ပိုလျှံနေတဲ့ ရှယ်ယာ ၁ ရာခိုင်နှုန်း ထွက်လာမှာ မဟုတ်ဘူးလား”
ကျန့်မုယွမ်သည် ထိတ်လန့်တုန်လှုပ်မှုနှင့် ဒေါသတို့ ရောပြွမ်းလျက် “ရှီလဲ့... အိပ်မက်တောင် မမက်နဲ့ အဲဒီ တစ်ရာခိုင်နှုန်းကို မူလရှယ်ယာရှင်တွေကြားထဲမှာ အချိုးကျ ပြန်ခွဲဝေပေးလို့ရသေးတယ် မင်း အဲဒါကို လက်ဝါးကြီးအုပ်ဖို့ လုံးဝ မဖြစ်နိုင်ဘူး” ကျုံးမုယွမ်သည် အလွန်အမင်း စိတ်ဆိုးဒေါသထွက်သွားသဖြင့် ရှီလဲ့၏ အမည်ကို တိုက်ရိုက်ခေါ်ဆိုလိုက်ပြီး၊ ရင်းနှီးမှုကို ပြသသည့် ‘ညီလေး’ ဆိုသော အသုံးအနှုန်းကိုပင် ဖျောက်ဖျက်ပစ်လိုက်တော့သည်။
ရှီလဲ့က အိုးတိုးအမ်းတမ်းဖြင့် တခစ်ခစ်ရယ်လိုက်ပြီး “အစ်ကိုကြီးကျုံး.. အစ်ကိုကြီး အတွေးလွန်နေပြီ ကျွန်တော်က အဲဒီလောက်အများကြီးကို ဘယ်လိုလုပ် လိုချင်မှာလဲ မင်းတို့ ပတ်ထရီးရော့ကုမ္ပဏီမှာ စုစုပေါင်း ရှယ်ယာရှင် ရှစ်ယောက် ရှိတယ်လို့ ကျွန်တော် ကြားထားတယ် အဲဒီ ပိုလျှံနေတဲ့ ၁ ရာခိုင်နှုန်းထဲကနေ ကျွန်တော်က ၀.၂ ရာခိုင်နှုန်းပဲ လိုချင်တာပါ၊ ကျန်တဲ့ ၀.၈ ရာခိုင်နှုန်းကို မင်းတို့အတွက် ချန်ထားပေးမှာပါ ဒါဆိုရင် ရှယ်ယာရှင် တစ်ယောက်ချင်းစီက ၀.၁ ရာခိုင်နှုန်းစီ အညီအမျှ ပြန်ရမှာဖြစ်လို့ အားလုံးအတွက်လည်း အဆင်ပြေ မျှတသွားတာပေါ့”
ကျုံးမုယွမ်က ရှီလဲ့ကို စိုက်ကြည့်ကာ “ရှီလဲ့... မင်းရဲ့ လောဘက နည်းနည်းတော့ ကြည့်ရဆိုးလွန်းတယ်လို့ မထင်ဘူးလား”
“ဟုတ်လို့လား” ရှီလဲ့၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။ “အစ်ကိုကြီးကျုံး... ကျွန်တော့်ကို မင်းတို့က ဒီကိစ္စတွေထဲ အတင်းဆွဲသွင်းခဲ့တာလေ၊ ဒါကြောင့် ကျွန်တော့်ဘက်က ကိုယ့်အတွက် အကျိုးအမြတ် ပိုရအောင် ရှာဖွေရတာ သဘာဝကျပါတယ် ဒါ့အပြင်... ကျွန်တော် တောင်းဆိုတာ ၀.၂ ရာခိုင်နှုန်းထဲပါ အကယ်၍ ကျွန်တော်က မစ္စတာအမ်ဘက်က ရပ်တည်ပေးရင်တောင်မှ ပတ်ထရီးရော့ကို အကြွင်းမဲ့ ထိန်းချုပ်နိုင်ဖို့ မဖြစ်နိုင်ပါဘူး ပြီးတော့... မစ္စတာအမ်က ပတ်ထရီးရော့ကုမ္ပဏီရဲ့ စီမံခန့်ခွဲပိုင်ခွင့်ကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့ ကျွန်တော့်ကို ပြောထားပြီးသားပါ”
ကျန့်မုယွမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း “အများဆုံး ၀.၀၅ ရာခိုင်နှုန်းပဲ ပေးနိုင်မယ်”
ရှီလဲ့က သူ၏ ညာဘက်လက်ညှိုးကို ထောင်ကာ ဘယ်ပြန်ညာပြန် ယမ်းပြလိုက်သည်။ “မဟုတ်သေးဘူး... မဟုတ်သေးဘူး အစ်ကိုကြီးကျုံး အကယ်၍ ကျွန်တော်က ဒီဒစ်ဂျစ်တယ်ကင်မရာစနစ်ကို ပိုမိုကောင်းမွန်အောင် ပြုပြင်မွမ်းမံပေးပြီးရင် ပတ်ထရီးရော့ရဲ့ စနစ်လည်ပတ်မှု စွမ်းဆောင်ရည်က နှစ်ဆအထိ မြင့်တက်သွားမယ်လို့ ပြောရင်ကော ဘယ်လိုလဲ”
ကျုံးမုယွမ်သည် နည်းပညာပိုင်းကို နားမလည်သော်လည်း စွမ်းဆောင်ရည် နှစ်ဆမြင့်တက်သွားခြင်း၏ အဓိပ္ပာယ်ကိုတော့ ကောင်းကောင်းသိသည်။ထိုအရာက ပတ်ထရီးရော့၏ ဒစ်ဂျစ်တယ်ကင်မရာများသည် ဆော့ဖ်ဝဲပိုင်းတွင်ဖြစ်စေ၊ ဟာ့ဒ်ဝဲပိုင်းတွင်ဖြစ်စေ ကမ္ဘာ့အဆင့်မီ ထိပ်တန်းအမှတ်တံဆိပ်များနှင့် ရင်ပေါင်တန်းနိုင်တော့မည် ဖြစ်ကြောင်း ဖော်ပြနေခြင်းပင်။
“ရှီလဲ့... မင်း ဒါကို တကယ်ပဲ လုပ်နိုင်မှာလား” ကျန့်မုယွမ်က စိတ်ထဲ၌ ထောက်နေဆဲဖြစ်သဖြင့် ‘ညီလေး’ ဟု ပြန်မခေါ်သေးချေ။
“သေချာတာပေါ့” ရှီလဲ့က ပြုံးလျက် “အစ်ကိုကြီးကျုံး... ကျွန်တော်က ပါရမီရှင် ပရိုဂရမ်မာတစ်ယောက်လေ”
ကျုံးမုယွမ်က ငြင်းဆိုခြင်း သို့မဟုတ် ချီးမွမ်းခြင်းမပြုဘဲ မေးခွန်းတစ်ခုသာ တိုက်ရိုက်မေးလိုက်သည်။ “ရှီလဲ့... မင်း ဒီကင်မရာစနစ်ကို အကောင်းဆုံးဖြစ်အောင် ပြုပြင်ဖို့ အချိန်ဘယ်လောက် လိုမလဲ လာမယ့် နိုဝင်ဘာ ၅ ရက်နေ့မှာ ငါတို့ ပတ်ထရီးရော့ကုမ္ပဏီက ‘အပြုံးဖမ်းယူမှု ပရိုဂရမ်’ ကို မိတ်ဆက်ဖို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာ အချိန်မီပါ့မလား မသိဘူး”
ရှီလဲ့ အနည်းငယ် ကြောင်သွားမိသည်။ ထိုမျှလောက်သာရှိသော အပြုံးဖမ်းယူမှု ပရိုဂရမ်လေးက ကင်မရာစနစ်နှင့်ပင် အပြည့်အဝ အဆင်မပြေနိုင်သေးဘဲ ပတ်ထရီးရော့ကုမ္ပဏီက သတင်းစာရှင်းလင်းပွဲ လုပ်ရန် ပြင်ဆင်နေသည်တဲ့လား။ ဒီနေ့က နိုဝင်ဘာ ၁ ရက်နေ့ပဲ ရှိသေးတာဆိုတော့ အချိန်က ၄ ရက်တောင် မပြည့်တော့ချေ။ ရှီလဲ့ တွက်ချက်ကြည့်လိုက်ရာ အဆင့်မြင့်ကွန်ပျူတာ ‘ယန်’ ၏ ကူညီမှုဖြင့် စနစ်တစ်ခုလုံးကို အကောင်းဆုံးဖြစ်အောင် ပြုပြင်ခြင်းလုပ်ငန်းမှာ အချိန်မီ ပြီးစီးနိုင်လိမ့်မည် ဖြစ်သည်။
“ကျွန်တော် ကြိုးစားကြည့်ပါ့မယ် ဒါပေမဲ့... စာချုပ်ကို အရင်ဆုံး လက်မှတ်ရေးထိုးရမယ်နော်” ရှီလဲ့က ပါးနပ်စွာ ပြောလိုက်သည်။ သူသည် ပတ်ထရီးရော့ကုမ္ပဏီ၏ နောက်ခံအင်အားကို အလွန် ကောင်းကောင်းသိသည်။ ဤကဲ့သို့သော နောက်ခံမျိုးရှိသည့် ကုမ္ပဏီနှင့် ဆက်ဆံရာတွင် အလွန် သတိထားရမည် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူသည် ဤမင်းညီမင်းသားများကို ခြောက်လှန့်ရန်အတွက် ‘မစ္စတာအမ်’ ဆိုသော ကိုယ်ပွားတစ်ခုကို လုပ်ကြံဖန်တီးထားခဲ့၍ တော်သေးသည်၊ မဟုတ်လျှင် လုပ်ငန်းများ လုပ်ဆောင်ရန် တကယ်ပဲ ခက်ခဲလိမ့်မည် ဖြစ်သည်။
ကျုုံးခိုင်ရွာရှိ ပတ်ထရီးရော့ကုမ္ပဏီ ရုံးချုပ်၏ အစည်းအဝေးခန်းမအတွင်း ရှီလဲ့သည် စီးခရတ်ကုမ္ပဏီထံမှ ရရှိထားသော လုပ်ပိုင်ခွင့် လွှဲအပ်ခြင်းစာရွက်စာတမ်းများကို ထုတ်ယူကာ ကျုံးမုယွမ်နှင့် ရောက်ရှိနေသော ရှေ့နေများထံသို့ ပေးအပ်၍ သူ၏ အဆင့်အတန်းကို အတည်ပြုစေခဲ့သည်။
နှစ်ဖက်စလုံးသည် ပတ်ထရီးရော့ကုမ္ပဏီ၏ ရှယ်ယာအပြောင်းအလဲနှင့် ပတ်သက်သော စာချုပ်သဘောတူညီချက်များကို ဖတ်ရှုခဲ့ကြသည်။ ၎င်းတို့အနက်... စီးခရတ်ကုမ္ပဏီက ၄၈.၉ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ရှီလဲ့က ၀.၃ ရာခိုင်နှုန်း ပိုင်ဆိုင်မည် ဖြစ်ရာ၊ ရှီလဲ့တစ်ယောက်တည်းက စုစုပေါင်း ၄၉.၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခွင့် ရရှိသွားခြင်း ဖြစ်သည်။
ပဲထရီးယော့တ်ကုမ္ပဏီ၏ မူလရှယ်ယာရှင်အလွှာများတွင်မူ... လျှို့ဝှက်ဆန်းကြယ်သော နောက်ခံရှိသည့် ဝမ်သုန်းက ၁၅.၁ ရာခိုင်နှုန်း၊ ကျုံးမုယွမ်က ၈.၆ ရာခိုင်နှုန်း၊ မုတ်ဆိတ်ဗလပွနှင့် ကျောက်ချန် က ၆.၆ ရာခိုင်နှုန်း ပိုင်ဆိုင်ကြပြီး ကျန်ရှိသော ရှယ်ယာရှင် ၅ ဦးက တစ်ဦးလျှင် ၄.၁ ရာခိုင်နှုန်းစီဖြင့် စုစုပေါင်း ၅၀.၈ ရာခိုင်နှုန်း ပိုင်ဆိုင်ကြသည်။
ရှေ့နေများ၏ ရှေ့မှောက်တွင် နှစ်ဖက်စလုံးသည် တရားဝင် စာချုပ်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အပေါ်ယံကြည့်မည်ဆိုလျှင် ရှီလဲ့သည် ၀.၃ ရာခိုင်နှုန်း ရှယ်ယာပိုင်ဆိုင်ခွင့်ဖြင့် ပတ်ထရီးရော့ကုမ္ပဏီ၏ အမှီအခိုကင်းသော ဒါရိုက်တာတစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။
တရားဝင် စာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက်၊ ရှီလဲ့အပေါ် ထားရှိသော ကျုံးမုယွမ်၏ သဘောထားမှာ အနည်းငယ် ပြောင်းလဲသွားခဲ့သော်လည်း ရှီလဲ့က ၎င်းတို့လက်ထဲမှ ရှယ်ယာ ၀.၂ ရာခိုင်နှုန်းကို လုယူသွားခဲ့သည့်အပေါ် စိတ်ထဲ၌ မကျေမနပ် ဖြစ်နေဆဲပင်။
ရက်အနည်းငယ်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ အဆင့်မြင့်ကွန်ပျူတာ ‘ယန်’ ၏ ကူညီမှုဖြင့် ရှီလဲ့သည် ပတ်ထရီးရော့ကုမ္ပဏီအတွက် အသစ်စက်စက် ဒစ်ဂျစ်တယ်ကင်မရာ လည်ပတ်မှုစနစ်ကို အောင်မြင်စွာ ရေးဆွဲပြီးစီးခဲ့ပြီး ၎င်းကို ‘G2 စနစ်’ ဟု အမည်ပေးခဲ့သည်။
ဤအသက်စက်စက် G2 စနစ်သည် စနစ်လည်ပတ်မှု ပုံစံနှစ်မျိုးလုံးနှင့် ကိုက်ညီမှုရှိသည်။
နိုဝင်ဘာ ၃ ရက်နေ့တွင် ရှီလဲ့သည် ဆိုနီကုမ္ပဏီ ၏ အနာဂတ်တွင် ထွက်ပေါ်လာမည့် ဂန္ထဝင်မြောက် ‘Cyber-shot’ ဒီဇိုင်းကို ကူးယူ လိုက်ပြီး၊ ဒစ်ဂျစ်တယ်ကင်မရာ အင်ဂျင်နီယာဌာနကို နေ့မနားညမအား လုပ်ဆောင်စေကာ အင်ဂျင်နီယာသုံး ရှေ့ပြေးပုံစံကင်မရာတစ်လုံးကို အမြန်ဆုံး ထုတ်လုပ်စေခဲ့သည်။
ရှီလဲ့သည် ဤရှေ့ပြေးပုံစံကင်မရာကို သတင်းစာရှင်းလင်းပွဲ၏ အကောင်းဆုံးနှင့် အဓိက အမွှမ်းတင်ရမည့် ထုတ်ကုန် အဖြစ် အသုံးပြုရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ မဟုတ်လျှင် သတင်းစာရှင်းလင်းပွဲတစ်ခုကို အပြုံးဖမ်းယူမှု ပရိုဂရမ်လေး တစ်ခုတည်းဖြင့်သာ ကျင်းပခြင်းမှာ အနည်းငယ် သေးသိမ်လွန်းလှပေသည်။
ပတ်ထရီးရော့၏ ပထမဦးဆုံးသော ကင်မရာ၊ ယာယီအားဖြင့် ပေတုစီးရီး၏ ‘ထျန်းရှု’ ဟု အမည်ပေးထားသော ကင်မရာကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီးနောက် ပတ်ထရီးရော့ကုမ္ပဏီအတွင်း ရှီလဲ့၏ အဆင့်အတန်းမှာ သိသိသာသာ မြင့်တက်လာခဲ့သည်။ မူလက ရှီလဲ့၏ လောဘအပေါ် မကျေမနပ်ဖြစ်နေခဲ့သော ကျုံးမုယွမ်သည်လည်း သူ့အပေါ် ထူးထူးခြားခြား ပြန်လည်၍ ရိုသေပျူငှာလာခဲ့တော့သည်။
ဤအရာကို ကျုံးမုယွမ်၏ မျက်နှာလိုမျက်နှာရ လုပ်ဆောင်မှုဟု ပြော၍မရချေ၊ ၎င်းမှာ လူ့လောကသဘာဝ၏ အလုပ်လုပ်ပုံသာ ဖြစ်ပေသည်။
ရှီလဲ့သည် ပတ်ထရီးရော့ကုမ္ပဏီအတွက် တန်ဖိုးများကို ဖန်တီးပေးနိုင်စွမ်း ရှိနေသရွေ့ သူသည် တန်ဖိုးရှိသောသူ ဖြစ်နေပေလိမ့်မည်။ ဤ ‘ထျန်းရှု’ ကင်မရာတစ်လုံးတည်းဖြင့်ပင် ပတ်ထရီးရော့ကုမ္ပဏီအနေဖြင့် လာမည့်နှစ် အရောင်းရာသီတွင် အကျိုးအမြတ် အမြောက်အမြားကို ရရှိနိုင်တော့မည် ဖြစ်သည်။
နိုဝင်ဘာ ၄ ရက် ညနေပိုင်းတွင် ကျုံးမုယွမ်၊ ကျောက်ချန် နှင့် ရှီလဲ့တို့သည် ရှီးယန်ခရိုင်ရှိ တရုတ်စားသောက်ဆိုင်တစ်ခု၌ ညစာ အတူတူစားခဲ့ကြသည်။
“ရှီလဲ့.. လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ငါကျုံးမုယွမ်တစ်ယောက် အတွေးမှားသွားခဲ့မိပါတယ် ငါ့ကိုယ်ငါ အပြစ်ပေးတဲ့အနေနဲ့ အရက်သုံးခွက် ဆက်တိုက်သောက်ပါရစေ” ကျုံးမုယွမ်က ရဲရင့်ပြတ်သားသော အမူအရာဖြင့် ရှီလဲ့အပေါ် လွန်ခဲ့သောရက်ပိုင်းက သဘောထားမကောင်းခဲ့မိသည့် အမှားကို စတင်ဝန်ခံလိုက်သည်။
ရှီလဲ့က ပြုံးလျက် “အစ်ကိုကြီးကျုံး... ဘာတွေ ပြောနေတာလဲ အကယ်၍ ကျွန်တော်သာ အစ်ကိုကြီးရဲ့ နေရာမှာဆိုရင်လည်း ဒီလိုမျိုး ဆုံးဖြတ်ချက်ကိုပဲ ချမိမှာပါ”
ကျောက်ချန်က ကြမ်းတမ်းသော လေသံဖြင့် “ရှီလဲ့... လာ တို့တွေ တစ်ခွက်လောက် သောက်ရအောင် နောင်တစ်ချိန် ကျင်းချန်မြို့မှာ မင်း ဘာပြဿနာပဲရှိရှိ ငါ ချန်ဇီကိုသာ လှမ်းပြောလိုက်စမ်းပါ”
ရှီလဲ့ မချိပြုံး ပြုံးရင်း ခေါင်းခါလိုက်သည်။ “အစ်ကိုကြီး ချန်ဇီ... တော်ပါပြီဗျာ၊ ကျွန်တော် အရက်မသောက်တတ်ဘူး မနက်ဖြန် သတင်းစာရှင်းလင်းပွဲ ရှိသေးတာဆိုတော့ အခု မူးနေလို့ မဖြစ်ဘူးလေ”
ကျုံးမုယွမ်ကလည်း ကြားညှပ်၍ ပြောလိုက်သည်။ “ချန်ဇီ... ရှီလဲ့ရဲ့ အရက်သောက်နိုင်စွမ်းက အရမ်းညံ့တယ် သူ့ကို အတင်းမတိုက်ပါနဲ့တော့ မနက်ဖြန် ငါတို့ ပတ်ထရီးရော့ရဲ့ အနာဂတ် ဂုဏ်သိက္ခာဟာ ရှီလဲ့ရဲ့ စွမ်းဆောင်ရည်အပေါ်မှာပဲ လုံးဝ မူတည်နေတာ”