← Chapters

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း - ၁၂၅

နိုဝင်ဘာ ၅ ရက်နေ့တွင် ပတ်ထရီးရော့ကုမ္ပဏီသည် ၂၀၀၆ ခုနှစ်အတွင်း ရရှိခဲ့သော အောင်မြင်မှုများနှင့် ၂၀၀၇ ခုနှစ်အတွက် ရှေ့လုပ်ငန်းစဉ် မျှော်မှန်းချက်များကို ထုတ်ပြန်ကြေညာရန် နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့သည်။ ထို့အတူ ဤပွဲသည် ကုမ္ပဏီ၏ နည်းပညာသစ်နှင့် ထုတ်ကုန်သစ်များကို မိတ်ဆက်ပြသသည့် ပွဲလည်း ဖြစ်သည်။

ရှနိုင်ငံ၏ နာမည်ကြီး လျှပ်စစ်ပစ္စည်းထုတ်လုပ်သူ ဖြစ်သည့်အားလျော်စွာ ဓနုဖြူကုမ္ပဏီ၏ နှစ်ပတ်လည်သတင်းစာရှင်းလင်းပွဲသို့ သတင်းထောက်အမြောက်အမြား လာရောက်ကြသည်။ ကျင်းချန် မြို့၌ အခြေစိုက်နေကြသော ဂျပန်၊ တောင်ကိုရီးယား ၊ မြောက်ကိုရီးယား နှင့် အခြားအနီးနားပတ်ဝန်းကျင်နိုင်ငံများမှ သတင်းထောက်များပင် တက်ရောက်ခဲ့ကြသည်။

နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲကို ကျုံးခိုင်ရှိ ပတ်ထရီးရော့ကုမ္ပဏီ ရုံးချုပ်တွင် ကျင်းပခဲ့သည်။ နံနက် ၉ နာရီခန့်တွင် သတင်းထောက်ပေါင်း တစ်ရာကျော်သည် ရုံးချုပ်၏ ခန်းမဆောင်ကြီးအတွင်းသို့ စုရုံးရောက်ရှိလာကြပြီ ဖြစ်သည်။

ခန်းမတစ်ခုလုံးကို သေသပ်လှပစွာ ပြင်ဆင်မွမ်းမံထားပြီး အထူးသဖြင့် စင်မြင့်ရှေ့တွင် ပြခန်းစင်တစ်ခုကို ကတ္တီပါအနီစဖြင့် သီးသန့်ဖုံးအုပ်ထားသည်။

ကုမ္ပဏီ၏ လှပချောမောသော ပြည်သူ့ဆက်ဆံရေးအရာရှိမလေး ရွှီလင်း က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်လျက်ရှိသည်။ သူမသည် ကျုံးမုယွမ် နှင့် တစ်မျိုးတစ်ဖုံ ပတ်သက်မှုရှိနေသည်ဟူသော ကောလာဟလများ ကုမ္ပဏီအတွင်း ပျံ့နှံ့နေခဲ့သည်။

စင်နောက်ကွယ်တွင် ရပ်နေရင်း ရွှီလင်း၏ ဘေးတစောင်းအလှကို လှမ်းကြည့်ကာ ရှီလဲ့က ဘေးနားရှိ ကျုံးမုယွမ်ကို ပြုံးလျက် ပြောလိုက်သည်။ “အစ်ကိုကြီးကျုံး အစ်ကိုကြီးရဲ့ အမြင်က မဆိုးဘူးပဲ”

ကျုံးမုယွမ်က ချောင်းနှစ်ချက်ဆိုးကာ မျက်နှာ အနည်းငယ် ရဲသွားပြီး “ညီလေးရှီ လျှောက်မတွေးစမ်းနဲ့ ဒါ မင်းမရီးနားထဲ ရောက်သွားရင် ငါ ပြဿနာအကြီးအကျယ် တက်လိမ့်မယ်” ဟု ဆိုသည်။

နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးများနှင့် လူကြမ်းကြီးဖြစ်သော ကျောက်ချန်က ပွင့်ပွင့်လင်းလင်းပင် ဝင်ပြောလိုက်သည်။ “အစ်ကိုကြီးမုယွမ် ပြီးခဲ့တဲ့တစ်ခေါက်က အစ်ကိုကြီးနဲ့ အဲဒီရွှီလင်း ဟိုတယ် အတူတူသွားတာ ကျွန်တော် တွေ့လိုက်သားပဲ ကျွန်တော် မျက်စိမှားတာတော့ မဟုတ်ပါဘူးနော်”

“အာ...”

ကျုံးမုယွမ်တစ်ယောက် အိုးတိုးအမ်းတမ်း ဖြစ်သွားပြီး “ချန်ဇီ ... ပါးစပ်ပိတ်ထားစမ်း” ဟု အမြန်တားလိုက်သည်။

ကျောက်ချန်က သွားဖြဲပြကာ နောက်ပြောင်သော အပြုံးဖြင့် “အစ်ကိုကြီးမုယွမ် ကျွန်တော်တို့က ယောက်ျားတွေပဲဗျာ လုပ်ရင်လုပ်တယ်ပေါ့၊ ဘာလို့ လိုက်ဖုံးကွယ်နေတာလဲ”

ရှုံးနိမ့်သွားသော ကျုံးမုယွမ်က အမြန်ပင် စကားလမ်းကြောင်းလွှဲလိုက်သည်။ “ချန်ဇီ ညီလေးရှီ ငါ မင်းတို့အတွက် အံ့အားသင့်စရာတစ်ခု စီစဉ်ထားတယ်”

ရှီလဲ့က အံ့အားသင့်စရာများကို စိတ်မဝင်စားသဖြင့် “အစ်ကိုကြီးကျုံး... သတင်းစာရှင်းလင်းပွဲပြီးရင် ကျွန်တော် ရွှမ်ချင်းမြို့ကို ပြန်ဖို့ ပြင်နေတာ ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို အစ်ကိုတို့ပဲ ကိုင်တွယ်လိုက်တော့” ဟု ဆိုလိုက်သည်။

ပတ်ထရီးရော့ကုမ္ပဏီမှ သုတေသနအဖွဲ့တစ်ခုကို ငှားရမ်းသည့် ကိစ္စနှင့်ပတ်သက်၍ နှစ်ဦးနှစ်ဖက် စာချုပ်ချုပ်ဆိုပြီးနောက် ရှီလဲ့က ပတ်ထရီးရော့ကုမ္ပဏီအနေဖြင့် ကျင်းချန်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်၊ အာကာသသိပ္ပံ တက္ကသိုလ်နှင့် အခြားတက္ကသိုလ်အချို့ဖြင့် ပူးပေါင်းဆောင်ရွက်မှု ယန္တရားတစ်ရပ် ထူထောင်ရန် အကြံပြုခဲ့သည်။ ၎င်းတို့သည် သက်ဆိုင်ရာ နည်းပညာများကို သုတေသနပြု ရေးဆွဲရန် ကျောင်းများ၏ အရင်းအမြစ်များကို အသုံးပြုကြမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကျုံးမုယွမ်နှင့် အခြားသူများ၏ နောက်ခံဩဇာကို အသုံးပြု၍ သုတေသနဌာနများမှ နာမည်ကြီးပညာရှင်အချို့ကို ကုမ္ပဏီ၏ အကြံပေးများအဖြစ် ခေါ်ယူခန့်အပ်ရန် အကြံပြုခဲ့သည်။

ကျုံးမုယွမ်က ချက်ချင်းပင် အကောင်အထည်ဖော်ခဲ့သည်။ ရက်ပိုင်းအတွင်းမှာပင် ၎င်းတို့သည် ကျင်းချန်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်နှင့် မိတ်ဖက်ဖြစ်သွားခဲ့သည်။ ထို့ကြောင့် ရှီလဲ့အနေဖြင့် စိတ်အေးသွားရပြီး ပတ်ထရီးရော့ကုမ္ပဏီ၏ သုတေသနစွမ်းဆောင်ရည်အတွက် စိတ်ပူစရာ မလိုတော့ပေ။

“နောက်ထပ် ရက်နည်းနည်းလောက် ထပ်မနေတော့ဘူးလား” ကျုံးမုယွမ်က ဆွဲဆောင်ရန် ကြိုးစားလိုက်သည်။

“ကျင်းချန်မြို့ကို ရောက်တုန်းရောက်ခိုက် နန်းတော်ဟောင်း ကို ဘာလို့ သွားမလည်တာလဲ ဒါမှမဟုတ် မဟာတံတိုင်းကြီးပေါ် တက်မလား.. ‘မဟာတံတိုင်းကို မရောက်ဖူးရင် ယောက်ျားကောင်း မဟုတ်ဘူး’ လို့ ဆိုရိုးရှိတယ်မဟုတ်လား”

ရှီလဲ့က ခေါင်းခါရင်း “တော်ပါပြီ၊ တော်ပါပြီ နောက်မှပဲ သွားတော့မယ် ကျင်းချန်မြို့ကို နောက်တစ်ခေါက်မှ မလာတော့မှာကျလို့” ဟု ငြင်းပယ်လိုက်သည်။

လူကြမ်းကြီး ကျောက်ချန်ကမူ “အစ်ကိုကြီးမုယွမ်... ဘာအံ့အားသင့်စရာ စီစဉ်ထားတာလဲ” ဟု ဝင်မေးသည်။

ကျုံးမုယွမ်က လက်ကိုမြှောက်ကာ နာရီကို ကြည့်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလျက် “နောက်ထပ် မိနစ်နည်းနည်းလောက် စောင့်လိုက်ဦး” ဟု ဆိုသည်။

စင်မြင့်ထက်တွင်မူ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်နေသော ရွှီလင်းက သူမ၏ နှုတ်မှုစွမ်းရည်ဖြင့် ပွဲခင်းဝန်းကျင်ကို မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်အောင် လုပ်ဆောင်ရင်း ၂၀၀၆ ခုနှစ်အတွက် ပတ်ထရီးရော့ကုမ္ပဏီ၏ အောင်မြင်မှုများကို ပြန်လည်သုံးသပ်ပြနေသည်။

နာရီလက်တံ ၁၀ နာရီသို့ ရောက်ရှိသွားသောအခါ ရွှီလင်းက မိုက်ခရိုဖုန်းကို ကိုင်ကာ သူမ၏ ညှို့ဓာတ်ပြင်းသော အသံချိုချိုဖြင့် ခန်းမတစ်ခုလုံးကို ဟိန်းသွားစေသည်။ “ချစ်ခင်ရပါသော သတင်းထောက်မိတ်ဆွေများနှင့် ပတ်ထရီးရော့ရဲ့ မိတ်ဖက်များရှင့်... အားလုံး ကြွရောက်ပေးကြတဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်မတို့ဟာ နာမည်ကြီး အမျိုးသမီးအဆိုတော် ဟဲဝမ်ချိုး ကို ဖိတ်ကြားပြီး အားလုံးအတွက် သီချင်းတစ်ပုဒ် သီဆိုဖျော်ဖြေပေးဖို့ စီစဉ်ထားပါတယ်ရှင်”

ကျောက်ချန်က စိတ်ပျက်လက်ပျက်ဖြင့် “အစ်ကိုကြီးမုယွမ်... အစ်ကိုကြီး ဟဲဝမ်ချိုးကို ဘယ်လိုတောင် ဖိတ်နိုင်ခဲ့တာလဲ” ဟု ဆိုသည်။

ကျုံးမုယွမ်က ခါးသက်သက် အပြုံးဖြင့် ခေါင်းခါလျက် “ငါ့မှာ ဘယ်လိုလုပ် အဲဒီလောက် စွမ်းရည်ရှိမှာလဲ အစ်ကိုကြီးသုန်းကိုယ်တိုင် ဖိတ်ခဲ့တာ ငါ ကြားရသလောက်တော့ အဲဒီကောင်မလေးက အစ်ကိုကြီးသုန်းကို သုံးကြိမ်တိုင်တိုင် လာဖိတ်ခိုင်းပြီးမှ သဘောတူခဲ့တာတဲ့ သူမက အစ်ကိုကြီးသုန်းကို ‘လျိုပေ့က ကုန်းမင်ကို သုံးကြိမ်တိုင်တိုင် တဲအိမ်အရောက်သွားပြီး ဖိတ်ခေါ်ခဲ့တဲ့’ ပုံပြင်အတိုင်း အတုယူစေချင်လို့တဲ့”

ရှီလဲ့၏ မျက်နှာအမူအရာ ထူးဆန်းသွားသည်။ ဟဲဝမ်ချိုး သူမက လေယာဉ်ပေါ်မှာ သူဆုံခဲ့တဲ့ ထူးဆန်းတဲ့ မိန်းကလေး မဟုတ်ပါလား။

စင်မြင့်ထက်တွင်မူ စုန်းမငယ်လေး ဟဲဝမ်ချိုးသည် လိမ္မာယဉ်ကျေးသော မိန်းကလေးတစ်ဦးကဲ့သို့ အေးချမ်းတည်ငြိမ်စွာ ပေါ်ထွက်လာသည်။ သူမ၏ စုန်းမငယ်ဗီဇအမှန်ကို လုံးဝ မမြင်တွေ့နိုင်ပေ။

သူမက မိုက်ခရိုဖုန်းကို ကိုင်ကာ တိုးညင်းချိုသာသော အသံဖြင့် နှုတ်ခွန်းဆက်စကား အနည်းငယ် ပြောကြားပြီးနောက် နောက်ခံတေးဂီတနှင့်အတူ စတင် သီဆိုလေတော့သည်။

ရှီလဲ့က နှုတ်ခမ်းကို စေ့လိုက်ပြီး စိတ်ထဲမှ ‘ဒုက္ခပါပဲ’ ဟု တွေးနေမိသည်။ ကျုံးမုယွမ်နှင့် ကျောက်ချန်တို့၏ လေသံအရ ၎င်းတို့သည် ထိုစုန်းမငယ်လေး ဟဲဝမ်ချိုးကို သိကြသည်မှာ အသေအချာပင်။ အကယ်၍ ရှီလဲ့အနေဖြင့် ဟဲဝမ်ချိုးကို ရှောင်ကွင်းချင်ပါက ရှောင်လွှဲ၍ ရနိုင်တော့မည်မဟုတ်ပေ။

ကျုံးမူယွမ်က ရှီလဲ့၏ ထူးဆန်းသောအမူအရာကို သတိပြုမိသွားပြီး ရှီလဲ့သည် ဟဲဝမ်ချိုး၏ ပရိသတ်တစ်ဦး ဖြစ်လိမ့်မည်ဟု ထင်မှတ်ကာ ရယ်မောလျက် ပြောသည်။ “ညီလေးရှီ မင်း ဒီကောင်မလေးကို သဘောကျလို့လား ဒါဆိုရင် ဒီနေ့ မပြန်ဘဲ နေလိုက်လေ၊ ညကျရင် သူမကို ညစာအတူစားဖို့ ဖိတ်ပေးမယ်”

ရှီလဲ့၏ မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားပြီး အလျင်အမြန် ခေါင်းခါကာ “တော်ပါပြီ၊ တော်ပါပြီ အစ်ကိုကြီးကျုံး... ကျွန်တော် ချက်ချင်းလုပ်ရမယ့် အရေးကြီးကိစ္စတစ်ခု သတိရလာလို့ အရင် သွားနှင့်တော့မယ် ခဏနေကျရင် လုပ်မယ့် နည်းပညာမိတ်ဆက်ပွဲကို အစ်ကိုကြီးပဲ ကျွန်တော့်ကိုယ်စား လုပ်ပေးလိုက်ပါတော့”

ကျုံးမုယွမ်က ရှီလဲ့၏ လက်မောင်းကို ဆွဲထားလိုက်ပြီး “အဲဒီလိုလုပ်လို့ မရဘူး ငါက နည်းပညာအကြောင်း ဘာမှ နားမလည်ဘူး... ခဏနေကျရင် နည်းပညာမိတ်ဆက်ပွဲကို မင်းကိုယ်တိုင်ပဲ လုပ်ရမယ်”

ရှီလဲ့ခမျာ ခါးသက်သက်သာ ပြုံးနိုင်ပါတော့သည်။

မိနစ်အနည်းငယ် ကြာပြီးနောက် ဟဲဝမ်ချိုးက သီဆိုဖျော်ဖြေမှု ပြီးဆုံးသွားသဖြင့် စင်နောက်သို့ လျှောက်လှမ်းလာခဲ့သည်။ ရွှီလင်းက မိုက်ခရိုဖုန်းကို ကိုင်ကာ “သတင်းထောက်မိတ်ဆွေတို့ရှင်... စောစောက သတင်းထူးကြီးကို အားရကျေနပ်ကြရဲ့လားရှင်”

ပတ်ထရီးရော့ကုမ္ပဏီနှင့် ရင်းနှီးသော သတင်းထောက်အချို့က “အရမ်း အားရကျေနပ်ပါတယ်” ဟု ရင်းရင်းနှီးနှီး ပြန်လည်အော်ဟစ်ကြသည်။

ရွှီလင်းက တခစ်ခစ်ရယ်မောကာ “နောက်ထပ် ပိုပြီးကြီးမားတဲ့ သတင်းထူး ရှိပါသေးတယ်ရှင် ကျွန်မတို့ကုမ္ပဏီ အမှုဆောင်ဒါရိုက်တာ မစ္စတာ ရှီလဲ့ကို ကျွန်မတို့ရဲ့ နောက်ဆုံးပေါ်နည်းပညာကို သရုပ်ပြပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်”

စင်နောက်ကွယ်တွင် ရှီလဲ့သည် ဟဲဝမ်ချိုးနှင့် မဆုံမိစေရန် ခေါင်းကို ငုံ့ထားရင်း စင်မြင့်ထက်သို့ လျှောက်လှမ်းသွားခဲ့သည်။ ကျုံးမူယွမ်နှင့် ကျောက်ချန်တို့ကလည်း ဘာမှ မရိပ်မိကြချေ။ အမှန်တကယ်ပင် ရှီလဲ့ စင်ပေါ်တက်ရမည့် အလှည့် ရောက်နေပြီ မဟုတ်ပါလား။

စင်မြင့်ထက်တွင် ရှီလေ့သည် ဗာဆေ့ဝတ်စုံကို ဝတ်ဆင်ထားပြီး နှာတံပေါ်တွင် ဘောင်မဲ့မျက်မှန်ကို တပ်ဆင်ထားသည်။ သူသည် ရုပ်ချောလွန်းသူ မဟုတ်သော်လည်း အလွန် တည်ငြိမ်ရင့်ကျက်သော အရှိန်အဝါ ရှိသည်။

သတင်းထောက်များစွာက ဤပတ်ထရီးရော့ကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ ရှီလဲ့ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုကြသည်။

ရှီလဲ့က မိုက်ခရိုဖုန်းကို ကိုင်ကာ ချောင်းတစ်ချက်ဟန့်လိုက်သည်။ “အားလုံးပဲ မင်္ဂလာပါဗျာ... ကျွန်တော်ကတော့ ပတ်ထရီးရော့ကုမ္ပဏီရဲ့ အမှုဆောင်ဒါရိုက်တာ ရှီလဲ့ ဖြစ်ပါတယ် အားလုံးပဲ ကျွန်တော့်ကို သိချင်မှ သိကြပါလိမ့်မယ်၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး ကျွန်တော်က သတင်းရဲ့ အဓိကအချက်အချာ မဟုတ်ပါဘူး၊ ကျွန်တော် အခု ပြသမယ့် နည်းပညာကသာ သတင်းအစစ်အမှန် ဖြစ်ပါတယ်” ရှီလဲ့၏ မိမိကိုယ်ကိုယ် နှိမ့်ချနောက်ပြောတတ်သော စကားကြောင့် သတင်းထောက်များက လက်ခုပ်တီး အားပေးကြသည်။

“ကုမ္ပဏီရဲ့ အခြေခံအချက်အလက်တွေကိုတော့ ကျွန်တော် တစ်ခုချင်းစီ ရှင်းမပြတော့ပါဘူး၊ အားလုံးလည်း ရင်းနှီးပြီးသား ဖြစ်မှာပါ” ရှီလဲ့က လက်ခုပ်တစ်ချက်တီးလိုက်ရာ ကုမ္ပဏီဘက်မှ ဝန်ထမ်းတစ်ဦးက သူ့ထံသို့ ဒီဂျစ်တယ်ကင်မရာတစ်လုံး လာရောက်ပေးအပ်သည်။ “ကျွန်တော်တို့ရဲ့ ဒီနေ့ သတင်းစာရှင်းလင်းပွဲဟာ မိုဘိုင်းသိုလှောင်မှုနည်းပညာထက် ဒီဂျစ်တယ်ကင်မရာ ထုတ်ကုန်တွေကို အဓိက ပြသသွားမှာ ဖြစ်ပါတယ်”

အောက်ရှိ သတင်းထောက်များကြားတွင် ဝုန်းဒိုင်းကြဲကာ ဆူညံသွားကြသည်။ ပတ်ထရီးရော့ကုမ္ပဏီသည် မိုဘိုင်းသိုလှောင်မှုပစ္စည်းများကြောင့် နာမည်ကြီးခြင်းဖြစ်ပြီး ၎င်းတို့၏ ဒီဂျစ်တယ်ကင်မရာများမှာမူ ပြောပလောက်အောင်ပင် မရှိလှချေ။

ရှီလဲ့က သတင်းထောက်များ၏ တုံ့ပြန်မှုကို ကြည့်ကာ မိမိကိုယ်ကိုယ် သရော်သောလေသံဖြင့် “ကျွန်တော်တို့ရဲ့ ဒီဂျစ်တယ်ကင်မရာတွေ ဘယ်လိုအခြေအနေရှိလဲဆိုတာ လုပ်ငန်းနယ်ပယ်ထဲကလူတွေ ကောင်းကောင်းသိကြမှာပါ ကျွန်တော့်စကားနဲ့ ပြောရရင်တော့ ဒါဟာ ‘အတုအပ သက်သက်’ မျှသာပါပဲ”

“ဟေ” သတင်းထောက်များ ပိုမို ဆူညံသွားကြသည်။ ပတ်ထရီးရော့ကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာတစ်ဦးအနေဖြင့် ရှီလဲ့ထံမှ ဤကဲ့သို့သော စကားမျိုး ထွက်လာခြင်းမှာ သတင်းကြီးတစ်ရပ်ပင် ဖြစ်သည်။

“ကဲ... သတင်းထောက်မိတ်ဆွေတို့၊ စောစောက စကားစုက သတင်းကြီး မဟုတ်သေးသလို လိုက်တူးနေဖို့လည်း မတန်ပါဘူး” ရှီလဲ့က ပြုံးလျက် မေးလိုက်သည်။ “ဒီက တက်ရောက်လာတဲ့ သတင်းထောက်တွေထဲမှာ ပတ်ထရီးရော့ကင်မရာကို သုံးဖူးတဲ့သူ ရှိပါသလား”

သတင်းထောက်များ အချင်းချင်း ကြည့်လိုက်ကြသော်လည်း မည်သူမျှ စကားမဆိုကြချေ။ သတင်းစာပညာနယ်ပယ်တွင် ပတ်ထရီးရော့ကင်မရာကို သုံးသည်ဆိုသည်မှာ ဟာသတစ်ခုပင် မဟုတ်ပါလား။ နောက်ဆုံးတွင် အနည်းငယ် ဝဖြိုးသော လူငယ်တစ်ဦးက လက်ညှိုးထောင်ကာ “ဒါရိုက်တာရှီ... ကျွန်တော်ကတော့ အီလက်ထရွန်းနစ်မဂ္ဂဇင်းရဲ့ သတင်းထောက် ဆွန်းဒင်ပါ ကျွန်တော် ခင်ဗျားတို့ရဲ့ ဒီဂျစ်တယ်ကင်မရာအတွက် သုံးသပ်ချက်ဆောင်းပါး ရေးဖူးပါတယ်” ဟု ဆိုသည်။

ရှီလဲ့က သူ့ကို ခေါင်းငြိမ့်ပြကာ “မင်္ဂလာပါ မစ္စတာဆွန်း ကျွန်တော်တို့ ကုမ္ပဏီရဲ့ ဒီဂျစ်တယ်ကင်မရာအပေါ် ခင်ဗျားရဲ့ သုံးသပ်ချက်က ဘယ်လိုရှိလဲ သိပါရစေ”

ဆွန်းဒင်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။ “ဒါရိုက်တာရှီ... အမှန်အတိုင်း ပြောရရင်တော့ ခင်ဗျားတို့ကုမ္ပဏီရဲ့ ဒီဂျစ်တယ်ကင်မရာတွေက တကယ်ကို စံမမှီပါဘူး ရုပ်ထွက်အရည်အသွေးပဲ ဖြစ်ဖြစ်၊ အသုံးပြုရလွယ်ကူမှုပဲ ဖြစ်ဖြစ် နှစ်ခုစလုံးက အရမ်းကို စိတ်ပျက်စရာကောင်းပါတယ် အတိအကျ ပြောရရင်တော့ ခင်ဗျားတို့ကုမ္ပဏီရဲ့ ဒီဂျစ်တယ်ကင်မရာ စနစ်ကို အသုံးမပြုခင် သာမန်လူတစ်ယောက်အနေနဲ့ အထူးသင်တန်း အရင်တက်ရမလို ဖြစ်နေပါတယ်”

“ဟားဟားဟား” တက်ရောက်လာသော သတင်းထောက်များက ဝါးလုံးကွဲ ရယ်မောကုန်ကြသည်။ ဤသည်ကလည်း နောက်ထပ် သတင်းတစ်ပုဒ် ဖြစ်ပြန်သည်။

ရှီလဲ့ကမူ ဆက်လက်ပြုံးနေဆဲပင်။ “မစ္စတာဆွန်း... ခင်ဗျားပြောတာကို ကျွန်တော် မငြင်းပါဘူး ဒါပေမဲ့ အခု ခင်ဗျားကို စင်ပေါ်တက်ပြီး ကျွန်တော်တို့ရဲ့ ဒီဂျစ်တယ်ကင်မရာသစ်ကို တစ်ခေါက်လောက် ထပ်စမ်းကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်”

ဆွန်းဒင်က စင်ပေါ်သို့ တန်းတန်းမတ်မတ် လျှောက်လှမ်းလာပြီး ရှီလဲ့လက်ထဲမှ ဒီဂျစ်တယ်ကင်မရာကို ယူကာ ချက်ချင်းပင် စတင်အသုံးပြုကြည့်လေသည်။

ခလုတ်အနည်းငယ် နှိပ်ကြည့်ပြီးနောက် ဆွန်းဒင်၏ မျက်ခုံးများ တွန့်သွားသည်။ သူ့လက်ထဲရှိ ဒီဂျစ်တယ်ကင်မရာသည် အသုံးပြုရသည်မှာ အလွန် သက်တောင့်သက်သာ ရှိလှပြီး မီနူးများနှင့် ဆက်တင်အမျိုးမျိုးမှာ တစ်ချက်ကြည့်ရုံဖြင့် ရှင်းလင်းလှသည်။ စနစ်သည်လည်း တစ်ချက်မျှ မထစ်ဘဲ အလွန် ချောမွေ့စွာ လည်ပတ်နေသည်။

ရှီလဲ့က ဆွန်းဒင်၏ အမူအရာကို ကြည့်ကာ “မစ္စတာဆွန်း... ဘယ်လိုခံစားရလဲဗျ” ဟု မေးလိုက်သည်။

ဆွန်းဒင်က ဝန်ထမ်းတစ်ဦး ကမ်းပေးသော မိုက်ခရိုဖုန်းကို ယူကာ မျှမျှတတပင် ပြောလိုက်သည်။ “အမှန်အတိုင်း ပြောရရင်တော့ ဒီကင်မရာဟာ ခင်ဗျားတို့ ကုမ္ပဏီက အခြားအမှတ်တံဆိပ်တစ်ခုကို နာမည်ပြောင်းထားတဲ့ ထုတ်ကုန်တစ်ခု ဖြစ်မယ်လို့ ကျွန်တော် သံသယဝင်မိတယ် ဘာလို့လဲဆိုတော့ ဒီလောက်အထိ အသုံးပြုရ အဆင်ပြေချောမွေ့မှုမျိုးဟာ ကမ္ဘာ့အဆင့်မီ နာမည်ကြီးတံဆိပ်တွေကို လုံးဝ ယှဉ်နိုင်လို့ပဲ”

“ဟားဟား... ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စတာဆွန်း ဒါဟာ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ထုတ်ကုန်အစစ်အမှန်ဖြစ်ကြောင်း ကျွန်တော် အသေအချာ ပြောရဲပါတယ် ဘာလို့လဲဆိုတော့ ဒါဟာ ကျွန်တော်တို့ ကုမ္ပဏီက အသစ်တီထွင်ထုတ်လုပ်ထားတဲ့ G2 ဒီဂျစ်တယ်ကင်မရာစနစ် ကို တပ်ဆင်ထားလို့ပဲ ဖြစ်ပါတယ်” ရှီလဲ့၏ နောက်ကွယ်ရှိ ပရိုဂျက်တာစခရင်တွင် G2 စနစ်၏ အကျိုးကျေးဇူးများနှင့် အားသာချက်များကို ဆက်တိုက် ဖော်ပြပေးနေသည်။

ရှီလဲ့ကိုယ်တိုင် ဤအားသာချက်များကို ပထမဆုံးအကြိမ် တွေ့မြင်ရစဉ်ကပင် ခေါင်းမူးခဲ့ရသည်။ G2 စနစ်ကို ဖန်တီးခဲ့သူ ဖြစ်သော်လည်း ၎င်းသည် ဤမျှအထိ စွမ်းဆောင်ရည်မြင့်မားသည်ကို သူကိုယ်တိုင်ပင် မသိခဲ့ချေ။

“မစ္စတာဆွန်း... ကျွန်တော် ဒီဒစ်ဂျစ်တယ်ကင်မရာကို ခင်ဗျားအတွက် အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ပါရစေ၊ ခင်ဗျား သဘောကျလိမ့်မယ်လို့ ယုံကြည်ပါတယ် ဘာလို့လဲဆိုတော့ ဒီထဲမှာ G2 စနစ်တင်မကဘဲ ကမ္ဘာ့အဆင့်မြင့်ဆုံး လုပ်ဆောင်ချက်တစ်ခု ပါဝင်ပြီးတော့ကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ်ကင်မရာမှာ ပထမဆုံးအကြိမ် အသုံးပြုထားလို့ပါပဲ အဲဒါကတော့ ‘အပြုံးကို အာရုံခံဖမ်းယူနိုင်တဲ့ နည်းပညာ’ ပဲ ဖြစ်ပါတယ်” ရှီလဲ့က ဆက်လက်၍ ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားသည်။ “ကမ္ဘာ့ဒစ်ဂျစ်တယ်ကင်မရာ လုပ်ငန်းနယ်ပယ်မှာ ပတ်ထရီးရော့ဟာ ဒီနည်းပညာကို ပထမဆုံးအသုံးပြုခဲ့ပြီး မူပိုင်ခွင့်ကိုလည်း ပိုင်ဆိုင်ထားပါတယ် အပိုပြောတာမဟုတ်ပါဘူး... ကျွန်တော်တို့ရဲ့ ကုမ္ပဏီဟာ ကမ္ဘာ့ရှေ့တန်းကို ရောက်ရှိသွားခဲ့ပါပြီ”

သတင်းထောက်များသည် ရှီလဲ့၏ စကားကို ကြားပြီး ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။ G2 စနစ်နှင့် အပြုံးအာရုံခံနည်းပညာတို့သည် သူပြောသလောက် တကယ်ပဲ အံ့ဩစရာကောင်းလှသလော။

ရှနိုင်ငံမှ ဒစ်ဂျစ်တယ်ကင်မရာကုမ္ပဏီတစ်ခုက ကမ္ဘာ့ရှေ့တန်းသို့ အမှန်တကယ် ရောက်ရှိနိုင်မည်လော။ ဒါက ဟာသတစ်ခု ဖြစ်ရမည်။

ထိုစဉ် ဂျပန်နိုင်ငံမှ သတင်းထောက်တစ်ဦးက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ “ပေါက်ကရတွေညခင်ဗျားတို့ သူခိုးတစ်စု အပြုံးအာရုံခံနည်းပညာဆိုတာ ကျွန်တော်တို့ ဂျပန်နိုင်ငံရဲ့ ဆိုနီ ကုမ္ပဏီက မူပိုင်ခွင့်မှတ်ပုံတင်ထားတဲ့ နည်းပညာအစစ်အမှန်ဗျ”

All Chapters