အခန်း ၁၂၆
Vol. 13 Ch. 126
အခန်း - ၁၂၆
ဂျပန်နိုင်ငံမှ သတင်းထောက်က အမှန်တရားကို ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် အခြားသတင်းထောက်များကြားတွင် အတင်းအဖျင်းပြောလိုသည့် စိတ်ကူးမီးတောက်များ ပြင်းထန်စွာ တောက်လောင်လာတော့သည်။
“ဒါရိုက်တာရှီ ခင်ဗျာ..မင်္ဂလာပါ ကျွန်တော်က ကျင်းချန်နေ့စဉ်သတင်းစာ က သတင်းထောက် ဖန်ဖေးပါ အခုလေးတင် ဂျပန်အာဆာဟိရှင်းဘန် သတင်းစာက သတင်းထောက် ပြောသွားတဲ့အချက်က အမှန်ပဲလားဆိုတာ သိပါရစေ ခင်ဗျာ” ဖန်ဖေးက မိုက်ခရိုဖုန်းကို ရှီလဲ့ထံ အရောက် တိုးဝှေ့ရင်း အသည်းအသန် မေးမြန်းလိုက်သည်။
ရှီလဲ့က မေးစေ့ကို ပွတ်သပ်ရင်း “အာဆာဟိရှင်းဘန် ဟုတ်လား ဂျပန်မှာ တော်တော်နာမည်ကြီးတယ်လို့ ကြားဖူးသလိုပဲ ပြီးခဲ့တဲ့ရက်ပိုင်းက ဟက်ကာ တိုက်ခိုက်တာခံလိုက်ရတာ အာဆာဟိရှင်းဘန် သတင်းစာ မဟုတ်လား”
ထိုစကားကြောင့် အာဆာဟိရှင်းဘန် သတင်းထောက်၏ မျက်နှာမှာ အိုးမဲသုတ်ထားသကဲ့သို့ မည်းမှောင်သွားပြီး ကြည့်ရသည်မှာ အလွန်ပင် ထိတ်လန့်စရာကောင်းလှသည်။
“မစ္စတာရှီ... စကားလမ်းကြောင်း မလွှဲပါနဲ့ ကျွန်တော်တို့ အာဆာဟိရှင်းဘန် သတင်းစာရဲ့ စုံစမ်းသိရှိချက်အရ ‘အပြုံးအာရုံခံစနစ်’ နည်းပညာဟာ ကျွန်တော်တို့နိုင်ငံရဲ့ ဆိုနီ ကုမ္ပဏီပိုင် ဖြစ်ပါတယ် ခင်ဗျားတို့ ကုမ္ပဏီက ဘာဖြစ်လို့ ဒီနည်းပညာကို ပိုင်ဆိုင်နေရတာလဲ ဒါဟာ ဆိုနီကုမ္ပဏီဆီက နည်းပညာအချက်အလက်တွေကို ခိုးယူထားတာ မဟုတ်ဘူးလား” အာဆာဟိရှင်းဘန် သတင်းထောက်က ခနဲ့တဲ့တဲ့နှင့် ရန်လိုစွာ မေးလိုက်သည်။
ရှီလဲ့သည် အမူအရာမပျက်ဘဲ တည်ငြိမ်စွာပင် ဆိုလိုက်သည်။ “ဒီမေးခွန်းနဲ့ပတ်သက်ပြီး အားလုံးလည်း တော်တော်စိတ်ဝင်စားနေကြလိမ့်မယ်လို့ ထင်ပါတယ် အသေးစိတ်အခြေအနေကိုတော့ ကျွန်တော် ဒီနေရာမှာ အတိအကျ ထုတ်ဖော်ပြောလို့မရပါဘူး ဒါပေမဲ့ သတင်းတစ်ချက်တော့ ပေးနိုင်ပါတယ် အဲဒါကတော့ ကျွန်တော်တို့ ပတ်ထရီးရော့ကုမ္ပဏီဟာ ရှနိုင်ငံအတွင်းမှာ ‘အပြုံးအာရုံခံစနစ်’ ရဲ့ မူပိုင်ခွင့်ကို တရားဝင်ပိုင်ဆိုင်ထားတယ်ဆိုတာပါပဲ ဒါ့အပြင် ကျွန်တော်တို့ကုမ္ပဏီဟာ နိုင်ငံနဲ့ ဒေသအတော်များများက မူပိုင်ခွင့်ဗျူရိုတွေ၊ ဒေသခံတရားရုံးတွေဆီမှာ စုံစမ်းစစ်ဆေးပေးဖို့ လျှောက်ထားပြီးပါပြီ ဆိုနီကုမ္ပဏီက ကျွန်တော်တို့ရဲ့ နည်းပညာအချက်အလက်တွေကို ခိုးယူသွားတယ်လို့ ကျွန်တော်တို့ သံသယရှိပါတယ်”
ဖန်ဖေး၏ မျက်လုံးများ တောက်ပသွားပြီး “ဒါရိုက်တာရှီ... ပိုပြီးအသေးစိတ်လေး ရှင်းပြပေးလို့ ရမလား ခင်ဗျာ”
“အတိုချုပ်ပြောရရင်တော့ ကျွန်တော်တို့ ကုမ္ပဏီရဲ့ အပြုံးအာရုံခံနည်းပညာက ဆိုနီကုမ္ပဏီထက် အများကြီး ပိုပြီးအဆင့်မြင့်ပါတယ် ကျွန်တော်တို့ရဲ့ ကနဦးသုံးသပ်ချက်အရ ဆိုနီကုမ္ပဏီဟာ ကျွန်တော်တို့ရဲ့ သုတေသနအချက်အလက်အချို့ကို ခိုးယူသွားတယ်လို့ သံသယရှိတာပါပဲ” ရှီလဲ့သည် စကားကို အဆုံးအထိ မပြောဘဲ မည်သည့်နေရာတွင် ရပ်ရမည်ကို ကောင်းစွာသိသည်။ အမှန်တရားကို တစ်ဝက်သာပြောပြီး ကျန်တာကို သတင်းထောက်များအား စိတ်ကြိုက်တွေးခွင့်ပေးခြင်းက ပို၍ ထိရောက်သည်မဟုတ်ပါလား။
ပွဲကြည့်ပရိသတ်ထဲရှိ သတင်းထောက်များစွာမှာ ရှီလဲ့၏ စကားကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ဆိုနီကုမ္ပဏီသည် ကမ္ဘာ့အဆင့်မီ ကုမ္ပဏီကြီးတစ်ခု ဖြစ်ရာ ၎င်းတို့က ပတ်ထရီးရော့ကုမ္ပဏီထံမှ နည်းပညာကို ခိုးယူခဲ့သည်ဆိုသည်မှာ တကယ်ပဲ ဖြစ်နိုင်ပါ့မလား။
“သတင်းထောက်မိတ်ဆွေတို့ ခင်ဗျာ... ကျွန်တော်တို့ အခုလေးတင် G2 စနစ်နဲ့ အပြုံးအာရုံခံစနစ်အကြောင်း မိတ်ဆက်ပေးခဲ့ပါတယ် ခင်ဗျားတို့ တွေးမိနိုင်တာက ပတ်ထရီးရော့ကုမ္ပဏီရဲ့ ကင်မရာဆော့ဖ်ဝဲက ဘယ်လောက်ပဲ ကောင်းကောင်း၊ ကုန်ထုတ်လုပ်မှုအဆင့်အတန်းက မတက်လှမ်းနိုင်ဘဲ ဟာ့ဒ်ဝဲ ပိုင်းက နောက်ကနေ မလိုက်နိုင်ရင် အလကားပဲလို့ တွေးမိကြမှာပါ ဟုတ်တယ်မလား” ရှီလဲ့က လက်ခုပ်သုံးချက် တီးလိုက်ရာ စင်မြင့်ရှေ့တွင် ပြခန်းစင်ကို စောင့်ကြပ်နေသော လုံခြုံရေးဝန်ထမ်းလေးဦးက ကတ္တီပါအနီစ၏ ထောင့်စွန်းတစ်ခုစီကို ချက်ချင်း မယူလိုက်ကြသည်။
“အချိန်အတော်ကြာအောင် ကျွန်တော်တို့ ရှနိုင်ငံမှာ ‘ပြည်တွင်းဖြစ် လျှပ်စစ်ထုတ်ကုန်တွေဟာ နိုင်ငံခြားဖြစ်တွေကို ဘယ်တော့မှ မယှဉ်နိုင်ဘူး’ ဆိုတဲ့ အယူအဆတစ်ခု ရှိခဲ့ပါတယ် ဒီအယူအဆဟာ ကျွန်တော်တို့ ကုမ္ပဏီက ဝန်ထမ်းတိုင်းရဲ့ နှလုံးသားကို နာကျင်စေခဲ့ပါတယ်” ရှီလဲ့က စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောသည်။ “ဒီအယူအဆကို ရိုက်ချိုးဖို့အတွက် ကျွန်တော်တို့ ကုမ္ပဏီဟာ ဆယ်နှစ်တိုင်တိုင် ဓားသွေးခဲ့ရပြီး၊ G2 စနစ်ကို ဖော်ထုတ်ဖို့၊ ကုန်ထုတ်လုပ်မှုအဆင့်အတန်းကို မြှင့်တင်ဖို့နဲ့ ထုတ်ကုန်အသစ်စက်စက်တွေကို ဒီဇိုင်းဆွဲဖို့အတွက် သုတေသနရန်ပုံငွေ အမြောက်အမြား ရင်းနှီးမြှုပ်နှံခဲ့ပါတယ် ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ရှနိုင်ငံရဲ့ ထုတ်ကုန်တွေကို ကမ္ဘာ့ဦးဆောင်မှုအဆင့်သို့ ရောက်ရှိစေမယ့် အိပ်မက်ကို အကောင်အထည်ဖော်ဖို့ပဲ ဖြစ်ပါတယ်”
စင်နောက်ကွယ်တွင်မူ ဟဲဝမ်ချိုးသည် ရှီလဲ့ကို မျက်လုံးများတောက်ပစွာဖြင့် ကြည့်နေပြီး “ကောင်လေး... ဒီတစ်ခါတော့ မင်း ဘယ်ပြေးမလဲ ကြည့်ကြသေးတာပေါ့” ဟုတွေးကာ ရယ်မောလိုက်သည်။
ကျုံးမုယွမ်က သိလိုစိတ်ဖြင့် “ဝမ်ချိုး... မင်း ရှီလဲ့ကို သိလို့လား” ဟု မေးလိုက်သည်။
“အစ်ကိုကြီးကျုံး... အဲဒီကောင်လေးကို ဒီအစ်မကြီး ကောင်းကောင်းသိတာပေါ့ ဟွန်း... အဲဒီကောင်လေးကြောင့် ကျွန်မ ရှက်လိုက်ရတာ” ဟဲဝမ်ချိုးသည် ရှီလဲ့ကို နှစ်ကြိမ်တိုင်တိုင် ညစာဖိတ်ကျွေးခဲ့သော်လည်း ငြင်းပယ်ခြင်းခံခဲ့ရသည်ကို ပြန်လည်တွေးမိပြီး စိတ်ထဲတွင် ဒေါသတလူလူ ဖြစ်လာသည်။
ကျုံးမုယွမ်က ခါးသက်သက် ပြုံးရင်း “ဝမ်ချိုး... ငါက မင်းထက် အသက်ဆယ်နှစ်ကျော် ကြီးတာပါ၊ ကိုယ့်ကိုယ်ကိုယ် ‘အစ်မ’ လို့ သုံးနှုန်းနေတာကို ရပ်လို့မရဘူးလား”
“ကျွန်မ သုံးချင်လို့ သုံးတာ၊ အစ်ကိုကြီးနဲ့ ဘာဆိုင်လဲ မကြားချင်ရင် နားပိတ်ထားလိုက်ပေါ့” ဟဲဝမ်ချိုးက ဇွတ်တရွတ် ပြောလိုက်သည်။
ကျောက်ချန် ကမူ ခေါင်းကို ပုလိုက်ပြီး ဘာမှ ဝင်မပြောရဲတော့ချေ။ စုန်းမငယ်လေး ဟဲဝမ်ချိုး၏ စရိုက်မှာ ကျင်းချန်မြို့တွင် နာမည်ကြီးလှသည် မဟုတ်ပါလား။
စင်မြင့်ထက်တွင် ရှီလဲ့သည် ယုံကြည်ချက်အပြည့်ရှိသော မျက်နှာဖြင့် လုံခြုံရေးဝန်ထမ်းလေးဦးကို ညွှန်ကြားလိုက်သည်။ “နောက်တစ်ခုအနေနဲ့ ကျွန်တော်တို့ ကုမ္ပဏီရဲ့ အသစ်စက်စက် ဒစ်ဂျစ်တယ်ကင်မရာ ဖြစ်တဲ့ ‘ထျန်းရှု’ ကင်မရာကို မိတ်ဆက်ပေးပါရစေ”
လုံခြုံရေးဝန်ထမ်းလေးဦးက ကတ္တီပါအနီစကို ဖယ်ရှားလိုက်ရာ ငွေဖြူရောင် ဒီဂျစ်တယ်ကင်မရာနှစ်လုံးသည် ပြခန်းစင်ပေါ်တွင် ငြိမ်သက်စွာ ပေါ်ထွက်လာသည်။
ဤဒီဂျစ်တယ်ကင်မရာနှစ်လုံး၏ အရှေ့ဘက်တွင် ငွေဖြူရောင် သတ္တုကိုယ်ထည်ရှိပြီး တစ်လုံးမှာ ကင်မရာမှန်ဘီလူး ပေါ်နေကာ အခြားတစ်လုံးမှာမူ ကာကွယ်ရန်အတွက် သတ္တုလျှောအဖုံးဖြင့် ဖုံးအုပ်ထားသည်။ အနောက်ဘက်တွင်မူ ၃.၅ လက်မရှိသော မျက်နှာပြင်တစ်ခုတည်းသာ ရှိသည်။ အပေါ်ဘက်ရှိ ရှပ်တာ ခလုတ်နှင့် ရှပ်တာခလုတ်ကို ဝန်းရံထားသော ဓာတ်ပုံ၊ဗီဒီယို၊ပါဝါ ဖွင့်ပိတ်သည့် ခလုတ်ဝိုင်းမှလွဲ၍ အခြား မည်သည့် ရုပ်ပိုင်းဆိုင်ရာခလုတ်မျှ မရှိချေ။
ရှီလဲ့က မိုက်ခရိုဖုန်းကို ကိုင်ကာ မိတ်ဆက်ပေးသည်။ “တွေ့မြင်ရတဲ့အတိုင်း ဒါကတော့ ပတ်ထရီးရော့ရဲ့ အသစ်စက်စက် ထျန်းရှု ဒစ်ဂျစ်တယ်ကင်မရာပဲ ဖြစ်ပါတယ် ထျန်းရှုဟာ မျက်နှာပြင်ထိေတွ့မှုကို အသုံးပြုထားပြီး မူလရုပ်ပိုင်းဆိုင်ရာခလုတ်အားလုံးကို ဖယ်ရှားပြီး ရှပ်တာခလုတ်တစ်ခုနဲ့ အခြေအနေပြောင်းလဲတဲ့ ခလုတ်ဝိုင်းတစ်ခုသာ ချန်လှပ်ထားပါတယ် စက်တစ်ခုလုံးရဲ့ အထူက ၁၈ မီလီမီတာသာရှိပြီး ဘက်ထရီအပါအဝင် အလေးချိန်က ၁၀၈ ဂရမ်သာ ရှိတဲ့အတွက် အလွန် သေးငယ်ပေါ့ပါးပါတယ်”
ထျန်းရှု ဒစ်ဂျစ်တယ်ကင်မရာသည် အနာဂတ်မှ ဆိုနီကုမ္ပဏီ၏ ဆိုက်ဘာရှော့ ဒီဇိုင်းကို မှီငြမ်းထားခြင်းဖြစ်ရာ အလွန်လှပဆွဲဆောင်မှု ရှိလှသည်။ သတင်းထောက်အားလုံးနီးပါးသည် ပြခန်းစင်ကို ဝိုင်းအုံကာ ဖလက်ရှ်မီးများ တဖျတ်ဖျတ်ဖြင့် အရူးအမူး ဓာတ်ပုံရိုက်ကြတော့သည်။
ကံကောင်းထောက်မစွာဖြင့် ရှီလဲ့သည် ဤအခြေအနေကို ကြိုတင်တွေးဆထားသဖြင့် ပြခန်းစင်၏ ထောင့်လေးထောင့်တွင် လုံခြုံရေးဝန်ထမ်းတစ်ဦးစီ ချထားကာ မည်သည့်သတင်းထောက်ကိုမျှ ဘေးကင်းလုံခြုံရေးစည်းကို ကျော်ဖြတ်ခွင့်မပြုခဲ့ချေ။
ကျင်းချန်နေ့စဉ်သတင်းစာမှ ဖန်ဖေးက ထျန်းရှု ဒစ်ဂျစ်တယ်ကင်မရာကို ကြည့်ကာ “တကယ့်ကို လှပလွန်းပါတယ် အနုပညာလက်ရာတစ်ခုလိုပါပဲ” ဟု ချီးကျူးလိုက်သည်။
ဂျပန်နိုင်ငံ အာဆာဟိရှင်းဘန်မှ သတင်းထောက်ကမူ နှာခေါင်းရှုံ့ရင်း “ဘာဖြစ်လို့ အနားကပ်ပြီး ကြည့်ခွင့်မပေးတာလဲ ဒီကင်မရာနှစ်လုံးက ကတ်ထူမော်ဒယ် တွေပဲ ဖြစ်နေလို့လား” ဟု အော်ပြောလိုက်သည်။
ရှီလဲ့က ပြုံးလျက် “မစ္စတာဆွန်း... ကျွန်တော်တို့ကုမ္ပဏီရဲ့ ထျန်းရှုဒစ်ဂျစ်တယ်ကင်မရာကို နောက်တစ်ခေါက်လောက် ထပ်ပြီး စမ်းသပ်ပေးဖို့ စိတ်ပါဝင်စားမှု ရှိဦးမလား”
ဆွန်းဒင်က လက်ကို အမြင့်ကြီးမြှောက်ကာ အော်ပြောသည်။ “ဒါရိုက်တာရှီ ခင်ဗျာ... ကျွန်တော် ဒီမှာပါ၊ ဒီမှာပါ စိတ်ပါဝင်စားတာပေါ့ဗျာ ထျန်းရှုက ကြည့်ရတာ အရမ်း ပြီးပြည့်စုံလွန်းတယ်”
ရှီလဲ့က လုံခြုံရေးဝန်ထမ်းကို အချက်ပြကာ ဆွန်းဒင်ကို အထဲသို့ ပေးဝင်လိုက်သည်။ဆွန်းဒင်သည် ထျန်းရှုကင်မရာတစ်လုံးကို ချက်ချင်း ကောက်ကိုင်လိုက်သော်လည်း အချိန်အတော်ကြာအောင် လေ့လာပြီးနောက် မည်သို့ ဖွင့်ရမည်ကို မသိဖြစ်နေသည်။
သူက အိုးတိုးအမ်းတမ်းဖြင့် “ဒါရိုက်တာရှီ ခင်ဗျာ... ထျန်းရှုကို ပါဝါဘယ်လိုဖွင့်ရမလဲဆိုတာ လမ်းညွှန်ပေးပါဦး”
“ဩော်... မစ္စတာဆွန်း၊ အခု ခင်ဗျားကိုင်ထားတဲ့ ရှပ်တာခလုတ်ရဲ့ အဝိုင်းလေးကို သေချာကြည့်ရင် ပါဝါသင်္ကေတအပြင် ဓာတ်ပုံနဲ့ ဗီဒီယိုသင်္ကေတ သုံးခုကို တွေ့ရပါလိမ့်မယ် အဲဒီခလုတ်ဝိုင်းကို ပါဝါသင်္ကေတဆီ ရွှေ့ပြီးမှ အောက်ကို ဖိနှိပ်လိုက်ပါ” ရှီလဲ့က ရှင်းပြလိုက်သည်။
ဆွန်းဒင်က ခလုတ်ကို နှိပ်လိုက်သည်နှင့် ၃.၅ လက်မမျက်နှာပြင်ပေါ်တွင် ပတ်ထရီးရော့ကုမ္ပဏီ၏ လိုဂိုပထမဆုံး ပေါ်လာပြီးနောက် G2 စနစ် တပ်ဆင်ထားကြောင်း ပြသသည့် G2 လိုဂို ပေါ်လာကာ ချက်ချင်းပင် ဓာတ်ပုံရိုက်ကူးသည့် မျက်နှာပြင်သို့ ရောက်ရှိသွားသည်။
ပါဝါပွင့်သည့် လုပ်ငန်းစဉ်တစ်ခုလုံးသည် ၃ စက္ကန့်သာ ကြာမြင့်ခဲ့သည်။
ဆွန်းဒင် ကြောင်အမ်းသွားပြီး “ဒါရိုက်တာရှီ... ထျန်းရှုက ပါဝါပွင့်တာ ဒီလောက်တောင် မြန်တာလား” ဟု မေးလိုက်သည်။
“ဒါပေါ့ဗျာ ကနဦး ပါဝါဖွင့်ချိန်က ၃ စက္ကန့် ကြာပါတယ် အဲဒီနောက်ပိုင်းမှာ ကင်မရာမှန်ဘီလူးအဖုံးကို ပိတ်လိုက်ရင် ပါဝါချွေတာတဲ့ အိပ်စက်ခြင်းစနစ်ထဲ ရောက်သွားမှာဖြစ်ပြီး ပြန်လည်ပွင့်ဖို့အတွက် ၁ စက္ကန့်သာ ကြာပါလိမ့်မယ် ဘာဖြစ်လို့လဲဆိုတော့ အမှတ်တရဆိုတာ လျှပ်တစ်ပြက်အတွင်း ဖြစ်ပေါ်တတ်တာမို့လို့ ဘယ်အချိန်မဆို၊ ဘယ်နေရာမဆို အသင့်အနေအထား ရှိနေရပါမယ်” ရှီလဲ့က ယုံကြည်ချက်အပြည့်ဖြင့် ရှင်းပြသည်။
ဆွန်းဒင်က ခဏမျှ စမ်းသပ်အသုံးပြုပြီးနောက် “ပြီးပြည့်စုံတယ်၊ တကယ့်ကို ပြီးပြည့်စုံလွန်းပါတယ် အသုံးပြုရတာပဲဖြစ်ဖြစ်၊ လက်ထဲမှာ ကိုင်တွယ်ရတဲ့ ခံစားချက်ပဲဖြစ်ဖြစ် အားလုံးက ထူးကဲကောင်းမွန်ပါတယ် ဒါရိုက်တာရှီ... ထျန်းရှုရဲ့ ထိရောက်တဲ့ ပစ်ဇယ် အရေအတွက်က ဘယ်လောက်လဲ ”
“လောလောဆယ်မှာတော့ ၁၀.၁ မီဂါပစ်ဇယ် ရှိပြီး ပင်မထုတ်ကုန်တွေရဲ့ အဆင့်မြင့်အဆင့်ကို ရောက်ရှိနေပါပြီ” ရှီလဲ့က ပူးပေါင်းဆောင်ရွက်စွာ ဖြေကြားပေးလိုက်သည်။
ဆွန်းဒင်က လက်ထဲမှ ထျန်းရှုကို ချလိုက်ပြီး အခြားတစ်လုံးကို ကောက်ကိုင်ကာ မေးသည်။ “ဒါရိုက်တာရှီ... ကျွန်တော် စောစောက နားမမှားဘူးဆိုရင် ဒီကင်မရာနှစ်လုံးက မတူညီကြဘူး ထင်တယ်”
“ဒါပေါ့ဗျာ” ရှီလဲ့က ဂုဏ်ယူဝင့်ကြွားသော လေသံဖြင့် အသံကျယ်ကျယ် ရယ်မောလိုက်သည်။ “အခု ခင်ဗျားလက်ထဲမှာ ကိုင်ထားတဲ့ကင်မရာကိုတော့ ကျွန်တော်တို့က ‘ထျန်းရှု ရေစိုခံကင်မရာ’ လို့ နာမည်ပေးထားပါတယ် ဒါဟာ ကမ္ဘာ့ပထမဆုံး ရေစိုခံ ဒစ်ဂျစ်တယ်ကင်မရာ ဖြစ်ပါတယ် ခင်ဗျား နားမမှားပါဘူး၊ ထျန်းရှုရဲ့ ရေစိုခံနိုင်မှု အဆင့်အတန်းက IP66 အထိ ရောက်ရှိပါတယ် ဆိုလိုတာက ဖုန်မှုန့်တွေ လုံးဝ မဝင်နိုင်သလို၊ ၁ မီတာထက် မနက်တဲ့ ရေထဲကို ခဏတဖြုတ် ပြုတ်ကျရင်တောင် ဘာသက်ရောက်မှုမှ မရှိပါဘူး”
ထျန်းရှုကင်မရာသည် ရှီလဲ့၏ ဝှက်ဖဲပင် ဖြစ်သည်။
ဤထျန်းရှုကင်မရာကို ထုတ်လုပ်ရန်အတွက် ကျုံးမုယွမ်နှင့် ဝမ်သုန်းတို့သည် ကြီးမားသော ဆက်ဆံရေးကွန်ရက်များကို အသုံးပြုကာ တိကျသေချာသော သုတေသနဌာနတစ်ခု၏ အရင်းအမြစ်များကို အသုံးပြု၍ ဖန်တီးခဲ့ခြင်း ဖြစ်သည်။
ပရိုဂျက်တာမှ ထျန်းရှု၏ စမ်းသပ်မှု ဗီဒီယိုဖိုင်ကို ပြသလိုက်သောအခါ သတင်းထောက်အားလုံး ငြိမ်သက်စွာ မနေနိုင်ကြတော့ချေ။
ထျန်းရှု၏ စွမ်းဆောင်ရည်အရ ဤအရာသည် ကမ္ဘာ့ဦးဆောင်မှုအဆင့်တွင် ရှိနေသည်မှာ အသေအချာပင်။
ဆွန်းဒင်သည် စိတ်လှုပ်ရှားစွာဖြင့် ထျန်းရှုကို ကိုင်ကာ “ဒါရိုက်တာရှီ ခင်ဗျာ... ထျန်းရှုက ဈေးကွက်ထဲကို ဘယ်တော့လောက် ရောက်မလဲ ခန့်မှန်းခြေ ဈေးနှုန်းကကော ဘယ်လောက်ရှိမလဲ ကျွန်တော် တစ်လုံးလောက် မဖြစ်ဖြစ်အောင် ဝယ်ရမယ်” ဟု ဆိုသည်။
သရုပ်ပြဗီဒီယိုအရ ထျန်းရှု ဒစ်ဂျစ်တယ်ကင်မရာသည် နွေရာသီ ကမ်းခြေများတွင် ပေါ့ပေါ့ပါးပါး ဓာတ်ပုံရိုက်ရန်အတွက် အလွန် အဖိုးတန်သော ပစ္စည်းတစ်ခုဖြစ်ပြီး မိန်းကလေးများကို ဆွဲဆောင်ရန်အတွက်လည်း အလွန်ထက်မြက်သော လက်နက်တစ်ခု ဖြစ်ပေသည်။
ရှီလဲ့က အနည်းငယ် နှမြောတသသော လေသံဖြင့် “ထျန်းရှုရဲ့ ပုံမှန်ဗားရှင်း ကတော့ ဇန်နဝါရီလလောက်မှာ ဈေးကွက်ထဲ ရောက်ပါလိမ့်မယ် ကနဦးဈေးနှုန်းကိုတော့ ၂၉၉၉ ယွမ်လို့ ယာယီသတ်မှတ်ထားပြီး ဈေးနှုန်း အပြောင်းအလဲ ရှိမရှိကတော့ လောလောဆယ် မသိရသေးပါဘူး... ‘ရေစိုခံထျန်းရှု’ ကတော့ ကုန်ထုတ်လုပ်မှုအဆင့်အတန်းနဲ့ ကုန်ကျစရိတ် ပြဿနာတွေကြောင့် ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ လောလောဆယ် အမြောက်အမြား ထုတ်လုပ်သွားမှာ မဟုတ်ပါဘူး အထိမ်းအမှတ်ဗားရှင်း အဖြစ် အလုံးရေ နှစ်ထောင်ခန့်သာ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်”
ဆွန်းဒင်က နှမြောတသသော မျက်နှာဖြင့် “ဟူး... နှမြောစရာကောင်းလိုက်တာဗျာ ကျွန်တော့်မှာ ဒီလို အဖိုးတန်ပစ္စည်းမျိုးကို ပိုင်ဆိုင်ခွင့်ရမယ့် ကံကြမ္မာ မပါလာဘူး ထင်ပါရဲ့”
ရှီလေ့က ပြုံးလျက် ကတိပေးလိုက်သည်။ “မစ္စတာဆွန်း... နှမြောနေစရာ မလိုပါဘူး ဒီနေ့ ခင်ဗျားရဲ့ ကူညီပေးမှုကို ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်တော် ကုမ္ပဏီကို ကိုယ်စားပြုပြီး ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်ပါတယ် ခင်ဗျားအနေနဲ့ အဲဒီ အလုံးရေ နှစ်ထောင်ထဲက တစ်လုံးကို ဝယ်ယူခွင့် ရပါလိမ့်မယ် ဒါပေမဲ့ ဈေးနှုန်းကတော့ နည်းနည်း ကြီးနိုင်တယ်နော်”
ဆွန်းဒင်က အံကြိတ်ကာ “ဘယ်လောက်ပဲ ဈေးကြီးကြီး ကျွန်တော် လိုချင်ပါတယ်” ဟု ဆိုသည်။
ပတ်ထရီးရော့ကုမ္ပဏီ၏ နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲသည် နောက်ဆုံးတွင် ၁၂ နာရီမတိုင်မီ ပြီးဆုံးသွားခဲ့သည်။ နောက်ဆုံးအချိန်များမှာ သတင်းထောက်များ ထျန်းရှုကင်မရာကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်အသုံးပြုခြင်းဖြင့်သာ ကုန်ဆုံးသွားခဲ့သည်။
ပတ်ထရီးရော့ကုမ္ပဏီ၏ နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲသည် သံသယဖြစ်ဖွယ်မရှိဘဲ အောင်မြင်ခဲ့ပေသည်။ ရှီလဲ့အနေဖြင့် ပတ်ထရီးရော့ကုမ္ပဏီ၏ အရှိန်အဟုန်ဖြင့် တိုးတက်လာမှုကို ကြိုတင် မြင်တွေ့နေရပြီ ဖြစ်သည်။
ဤသတင်းထောက်များ ပတ်ထရီးရော့ကုမ္ပဏီမှ မထွက်ခွာမီမှာပင် ပတ်ထရီးရော့နှင့်ပတ်သက်သော သတင်းအချက်အလက်အမြောက်အမြားသည် အင်တာနက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေပြီ ဖြစ်သည်။ အထူးသဖြင့် ရှီလဲ့ ကြိုတင်စီစဉ်ထားသော ထျန်းရှု၏ စမ်းသပ်မှုဗီဒီယိုဖိုင်ကို ဗီဒီယိုဝက်ဆိုက်များပေါ်တွင် တင်ပေးခဲ့ရာ ကြည့်ရှုသူဦးရေ တစ်သန်းကျော်သွားခဲ့ပြီ ဖြစ်သည်။ ထျန်းရှု၏ စွမ်းဆောင်ရည်က အင်တာနက်အသုံးပြုသူများကို ကြောင်အမ်းသွားစေခဲ့သည်။
ဂျပန်နိုင်ငံ အာဆာဟိရှင်းဘန် သတင်းစာ၏ တရားဝင်ဝက်ဆိုက်တွင်ပင် “ရှနိုင်ငံ နိုးထလာပြီ၊ ပတ်ထရီးရော့က ကမ္ဘာကို ဦးဆောင်နေပြီ” ဟု ခေါင်းစဉ်ကြီးဖြင့် ဖော်ပြခဲ့သည်။
ကျင်းချန်နေ့စဉ်သတင်းစာသည်လည်း ပတ်ထရီးရော့ကုမ္ပဏီ၏ အောင်မြင်မှုများကို မီးမောင်းထိုးပြရန် အထူးထုတ်သတင်းစာတစ်စောင်ကို အရေးပေါ် ရိုက်နှိပ်ခဲ့သည်။ ရှနိုင်ငံမှ ကုမ္ပဏီတစ်ခုသည် ဤမျှ ကြီးမားသော အောင်မြင်မှုကို ပထမဆုံးအကြိမ် ရရှိခဲ့ပြီး ကမ္ဘာကို ဦးဆောင်နိုင်ခဲ့သဖြင့် ရှနိုင်ငံအတွက် မျက်နှာပန်းလှစေခဲ့သည်။ ဤကဲ့သို့သော သတင်းမျိုးကို သတင်းစာတွင် မဖော်ပြဘဲ နေနိုင်ပါမည်လော။
ပတ်ထရီးရော့ကုမ္ပဏီ၏ မူလ အစုရှယ်ယာရှင် ရှစ်ဦးမှာမူ ယခုအခါ ပါးစပ်မစေ့နိုင်အောင် ပြုံးပျော်နေကြပြီး ၎င်းတို့၏ မိသားစု အကြီးအကဲများထံမှ ချီးကျူးစကားများ ရရှိခဲ့သဖြင့် မိသားစုအတွက် ဂုဏ်ဆောင်နိုင်ခဲ့ကြပြီ ဖြစ်သည်။
ရှီလဲ့သည် စင်နောက်ကွယ်သို့ လျှောက်လှမ်းလာခဲ့ပြီး သူကိုယ်တိုင်လည်း ပတ်ထရီးရော့၏ အောင်မြင်မှုအတွက် ဝမ်းမြောက်ပျော်ရွှင်နေမိသည်။ သို့သော်လည်း ဟဲဝမ်ချိုးကို မြင်လိုက်ရသောအခါတွင်မူ သူ ချက်ချင်းပင် ခေါင်းခဲသွားတော့သည်။
ဟဲဝမ်ချိုးက ရှီလဲ့ကို ကြည့်ကာ အောင်နိုင်သူတစ်ယောက်ကဲ့သို့ ရယ်မောလျက် ပြောလိုက်သည်။ “ကောင်စုတ်လေး... ကျွန်မတို့ ဒီလောက်အထိ အမြန်ကြီး ပြန်ဆုံရလိမ့်မယ်လို့ မထင်ထားဘူး မဟုတ်လား ကဲ... ဒီတစ်ခါတော့ မင်း ဘယ်ပြေးမလဲ ကြည့်ကြသေးတာပေါ့”