အခန်း ၁၂၈
Vol. 13 Ch. 128
အခန်း - ၁၂၈
ရွှမ်ချင်းမြို့သို့ ပျံသန်းသည့် လေယာဉ်ပေါ်တွင်မူ ရှီလဲ့၏ မိန်းကလေးကံမှာ ကုန်ဆုံးသွားခဲ့ပြီ ထင်ရသည်။ သူ၏ ဘေးနားရှိ ထိုင်ခုံတွင် ဝမ်းဗိုက်ရွှဲရွှဲနှင့် အလယ်အလတ်အရွယ် အမျိုးသားကြီးတစ်ဦး ထိုင်နေ၍ ဖြစ်သည်။
နှစ်နာရီကြာ ခရီးစဉ်သည် အလွန်ပင် ပျင်းရိငြီးငွေ့စရာ ကောင်းလှသည်။ လေယာဉ်သည် ရွှမ်ချင်းမြို့၊ ပေယွီ ခရိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်ချိန်တွင် ညမှောင်နေပြီ ဖြစ်သည်။
ရှီလဲ့ နာရီကို ကြည့်လိုက်ရာ ကိုးနာရီခန့် ရှိနေပြီ ဖြစ်သဖြင့် လင်းယွီမော့ထံသို့ သူ ပြန်ရောက်လာပြီဖြစ်ကြောင်း စာတိုတစ်စောင် ပေးပို့လိုက်သည်။
လင်းယွီမော့က ချက်ချင်းပင် ဖုန်းပြန်ဖြေလာပြီး ရှီလဲ့အနေဖြင့် ဒီနေ့ အဆောင်သို့ ပြန်လာမည်လားဟု မေးမြန်းသည်။
ရှီလဲ့ခဏမျှ တွေးတောပြီးနောက် အဆောင်သို့ ပြန်ရန်သာ ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ ငါးရက်တိုင်တိုင် ထွက်ခွာသွားခဲ့ခြင်းဖြစ်ရာ ပြန်သွားကြည့်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။ ထို့ပြင် အသည်းကွဲလှိုင်းတံပိုးကြားတွင် နစ်မြောနေသော လီချိုင်တစ်ယောက် ထိုရုန်းကန်မှုထဲမှ ထွက်မြောက်နိုင်ပြီလားဆိုသည်ကိုလည်း သူ သိချင်နေမိသည်။
လေဆိပ်ရှိ အကောက်ခွန်လွတ်စတိုးဆိုင်တွင် ရှီလဲ့က လက်ဆောင်လေးခုကို သေသေချာချာ ရွေးချယ်ခဲ့သည်။ စွာရော့စကီး လက်ကောက်တစ်ကွင်း၊ ဆွဲကြိုးတစ်ကွင်းနှင့် အလက်ဇန်းဒါး ဆံညှပ်နှစ်ခုတို့ ဖြစ်ကြသည်။ ဤလက်ဆောင်လေးခုစလုံးသည် တစ်ခုလျှင် ယွမ်တစ်ထောင်ကျော် တန်ဖိုးရှိသည်။ ဤဈေးနှုန်းသည် သူ၏ စေတနာကို ဖော်ပြနိုင်သလို၊ လက်ခံသူများအနေဖြင့်လည်း ဈေးကြီးလွန်းသည်ဟူသော အကြောင်းပြချက်ဖြင့် ငြင်းပယ်ရန် ခဲယဉ်းစေမည် ဖြစ်သည်။
လေဆိပ်မှ ထွက်လာပြီးနောက် ရှီလဲ့သည် ရွှမ်းဟူခရိုင်သို့ ပြန်ရန် တက္ကစီတစ်စီး ငှားလိုက်သည်။ ညပိုင်းတွင် လမ်းမပေါ်၌ ကားရှင်းသဖြင့် တက္ကစီသည် အလွန် မြန်ဆန်စွာ မောင်းနှင်နေပြီး တစ်ခါတစ်ရံတွင် တစ်နာရီလျှင် ၁၂၀ ကီလိုမီတာအထိ မောင်းနှင်သဖြင့် ရှီလဲ့ခမျာ ချွေးစေးများပင် ထွက်လာခဲ့ရသည်။
နောက်ဆုံးတွင် ဘေးကင်းစွာ ရောက်ရှိခဲ့သော်လည်း ဂိတ်ခဆိုသည်မှာ ယွမ်နှစ်ရာနီးပါး ကျသင့်သဖြင့် ရှီလဲ့စိတ်ထဲမှ ‘ဓားပြတိုက်တာပဲ’ ဟု ညည်းတွားလိုက်မိသည်။
ပြင်ဆင်ထားသော လက်ဆောင်များကို သယ်ဆောင်ကာ ရှီလဲ့သည် ပထမဆုံး အဆောင် ၅၀၁ သို့ ပြန်လာခဲ့သည်။ သို့သော် အံ့ဩစရာကောင်းသည်မှာ ထိုသနားစရာကောင်းသော လီချိုင်တစ်ယောက် အဆောင်တွင် ရှိမနေပြန်ချေ။
ရှီလဲ့သည် ဧည့်ခန်းထဲရှိ စက်ပစ္စည်းအစိတ်အပိုင်းပုံကြီးကို ကြည့်ကာ ခေါင်းကို အစွမ်းကုန် ခါယမ်းလိုက်သည်။ သူသည် လီကျစ်ယွီ နှင့် အိုးရန်ရှန်း တို့အတွက် ဆံညှပ်များကို သူ၏ အိပ်ခန်းထဲတွင် ထားရှိခဲ့ပြီးနောက် အဆောင် ၅၀၂ သို့ ထွက်လာခဲ့တော့သည်။
ကိုးနာရီခွဲကျော်သာ ရှိသေးသဖြင့် အမျိုးသမီးနှစ်ဦးစလုံး အိပ်ပျော်ဦးမည်မဟုတ်ကြောင်း ရှီလဲ့ သိထားသည်။ မနက်ဖြန် တနင်္လာနေ့ ဖြစ်သော်လည်း ၎င်းတို့သည် တီဗီကြည့်နေကြဦးမည်မှာ အသေအချာပင်။
“ဘယ်သူလဲရှင်” လင်းယွီမော့၏ တိုးညင်းချိုသာသော အသံလေး ထွက်ပေါ်လာခဲ့သည်။ ထိုအသံလေးမှာ အလွန် ယဉ်ကျေးသိမ်မွေ့လွန်းသဖြင့် လူတစ်ယောက်အား ကာကွယ်စောင့်ရှောက်လိုစိတ်ကို အလိုအလျောက် ဖြစ်ပေါ်စေသည်။ ရှီလဲ့ စိတ်ထဲမှ သက်ပြင်းချမိရင်း မိမိကိုယ်ကိုယ် လောဘကြီးလှသည်ဟု အပြစ်တင်မိသော်လည်း လက်လွှတ်ရန်မူ မစွမ်းသာချေ။
“ရှောင်မော့... ကိုယ် ပြန်ရောက်ပြီ”
ရှီလဲ့က အသံကို ထိန်းညှိကာ သင့်တော်သော အသံပမာဏဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
‘ဂျောက်’
သော့ခတ်ထားသော လုံခြုံရေးတံခါး ပွင့်သွားပြီး လင်းယွီမော့သည် ချစ်စရာကောင်းသော ညအိပ်ဝတ်စုံလေးကို ဝတ်ဆင်ထားရင်း ရှီလဲ့၏ မျက်စိရှေ့မှောက်သို့ ပေါ်ထွက်လာသည်။ တစ်ခဏမျှ ရှီလဲ့၏ အကြည့်များမှာ စွဲမက်သွားခဲ့ရသည်။
လင်းယွီမော့က ထိုအကြည့်ကို အမိအရ ဖမ်းမိသွားသည်။
သူမ၏ မျက်နှာလေး အနည်းငယ် နီမြန်းသွားသော်လည်း နှာမှုတ်လျက် “ရှီမိစ္ဆာ... နောက်ဆုံးတော့လည်း ပြန်လာတတ်သေးတာပဲ ကျွန်မကတော့ ရှင်တစ်ယောက်ထဲ ကျင်းချန်မြို့မှာပဲ နေပြီး ရွှမ်မုတက္ကသိုလ် ကို ပြောင်းတက်တော့မယ် ထင်နေတာ” ဟု ဆိုလိုက်သည်။
ရှီလဲ့က သူ၏ ညာဘက်လက်ကို ဆန့်ထုတ်ကာ လင်းယွီမို၏ ခေါင်းကို ပွတ်သပ်ရင်း “ရှောမော့ရယ်... ရွှမ်မုတက္ကသိုလ်က ကိုယ့်လိုလူကို ဘယ်လိုလုပ် အဖက်လုပ်မှာလဲ အဲဒီ မုရွှမ်းကော အိပ်ပြီလား မြန်မြန် ကိုယ့်ကို အထဲပေးဝင်ပြီး ထိုင်ခိုင်းပါဦး၊ မတ်တတ်ရပ်နေရတာ ခြေထောက်တွေ ကျိုးတော့မယ်”
အထဲမှ မုရွှမ်း၏ အေးစက်သောအသံ ထွက်ပေါ်လာခဲ့သည်။ “ရှီလဲ့... ကျွန်မ မအိပ်သေးဘူး”
“အာ...” ရှီလဲ့သည် မုရွှမ်းအား သူ ရောက်ရှိနေပြီဖြစ်ကြောင်း သိစေရန် တမင်တကာ ပြောလိုက်ခြင်း ဖြစ်သည်။
လင်းယွီမော့က မျက်နှာနီမြန်းစွာဖြင့် ရှီလဲ့၏လက်ကို ဖယ်ရှားပစ်လိုက်ပြီး “ရှင့်ရဲ့လက်တွေက ညစ်ပတ်နေတာပဲ ကျွန်မ အခုလေးတင် ခေါင်းလျှော်ထားတာ” ဟု မကျေမနပ် ပြောလိုက်သည်။
ရှီလဲ့က ကိုယ်ကို တိုးဝှေ့ကာ အဆောင် ၅၀၂ အတွင်းသို့ နောက်တစ်ကြိမ် ဝင်ရောက်ခဲ့ပြန်သည်။ မုရွှမ်းသည် လခြမ်းရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး ဆိုဖာပေါ်တွင် ဒူးနှစ်ဖက်ကို ပိုက်ကာ တီဗီကြည့်နေသည်။
ရှီလဲ့က သဘာဝကျကျပင် “ဟေး... မုရွှမ်း၊ ဘာလို့ မအိပ်သေးတာလဲ မင်းက ကျွန်တော်တို့နှစ်ယောက်ရဲ့ အချိန်ကောင်းကို လာနှောင့်ယှက်နေတာပဲ”
မုရွှမ်း၏ အေးစက်သော မျက်လုံးများထဲတွင်မူ အပြုံးအရိပ်အယောင်တစ်ခု ထင်ဟပ်သွားပြီး “ဒါရိုက်တာရှီ... ကျွန်မကတော့ ရှင်တို့နှစ်ယောက် သီးသန့်ရှိနေနိုင်အောင် အခုပဲ သွားအိပ်ပေးပါ့မယ် မသိရသေးတာက ပတ်ထရီးရော့ကုမ္ပဏီရဲ့ ဒါရိုက်တာကြီး မစ္စတာရှီအနေနဲ့ ကျေနပ်ပါရဲ့လားရှင့်”
“အဟမ်း... အဟမ်း...” ရှီလဲ့ ရှက်ကိုးရှက်ကန်း မျက်နှာထားဖြင့် “မုရွှမ်း... မင်း ဘယ်လိုလုပ် သိတာလဲ”
လင်းယွီမော့က သိလိုစိတ်ဖြင့် “ရှင့်ရဲ့ကုမ္မဏီက ဒီနေ့ ညဉ့်ဦးပိုင်းသတင်းထဲ ပါလာတာကို မသိဘူးလား”
အမျိုးသမီးနှစ်ဦး၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ရှီလဲ့တစ်ယောက် အကြောင်းရင်းကို သဘောပေါက်သွားခဲ့သည်။ စိတ်ထဲတွင် အနည်းငယ် လန့်သွားမိသော်လည်း ချက်ချင်းပင် ပြန်လည် ဝမ်းမြောက်သွားခဲ့သည်။ ဤသည်က အကာအကွယ်ပေးမည့် အဆောင်လက်ဖွဲ့တစ်ခု ဖြစ်လာနိုင်ပြီး အရေးကြီးသော အချိန်တွင် မျှော်လင့်မထားသော အကျိုးသက်ရောက်မှု ရှိလာနိုင်သည်မဟုတ်ပါလား။
“အလှနတ်သမီးလေး နှစ်ယောက် ကိုယ်ကျင်းချန်မြို့မှာ ရှိနေတဲ့အချိန်တုန်းက တစ်နေ့တစ်ညမပြတ် မင်းတို့နှစ်ယောက်လုံးကို လွမ်းဆွတ်နေခဲ့ရလို့ အခု အထူးလက်ဆောင်လေးတွေ ရွေးလာခဲ့တယ်” ရှီလဲ့သည် သူ သယ်ဆောင်လာသော စက္ကူအိတ်ကို ဖန်စားပွဲပေါ်တွင် တင်လိုက်ပြီး ‘ပန်းရောင်နှလုံးသား’ ဟုအမည်ရသော ခရစ်စတယ်ဆွဲကြိုးကို ပထမဆုံး ထုတ်ယူလိုက်သည်။
“ရှောင်မော့... ဒီနားလာပါဦး၊ ဒါလေး ဆွဲကြည့်ရင် လှမလားလို့...ကိုယ် ဆွဲပေးမယ်” ရှီလဲ့ ခရစ်စတယ်ဆွဲကြိုးကို ထုတ်လိုက်သည်။ ပန်းရောင်နှလုံးသားပုံသဏ္ဌာန် ခရစ်စတယ်ဆွဲကြိုးသည် မီးရောင်အောက်တွင် မှိတ်တုတ်မှိတ်တုတ်ဖြင့် အလွန် လှပဆွဲဆောင်မှု ရှိလှသည်။
လင်းယွီမော့က မုရွှမ်းကို ရှက်ကိုးရှက်ကန်း လှမ်းကြည့်လိုက်သော်လည်း နောက်ဆုံးတွင် ခေါင်းငြိမ့်ကာ ရှီလဲ့ကို ဆွဲပေးခွင့်ပြုလိုက်သည်။
ရှီလဲ့၏ လက်နှစ်ဖက်သည် လင်းယွီမော့၏ ပုခုံးထက်မှတစ်ဆင့် ဘယ်ညာသိုင်းလိုက်သည်။ သူမ၏ ဆံပင်ရှည်များကြားမှတစ်ဆင့် ရှီလဲ့၏ လက်မဘေးစောင်းသည် လင်းယွီမော့၏ ပန်းရောင်လည်တိုင်လေးကို မတော်တဆ ထိမိသွားရာ သူမ၏ မျက်နှာလေး ချက်ချင်း နီမြန်းသွားခဲ့ရသည်။ ရှီလဲ့သည် ကမောက်ကမဖြင့် လင်းယွီမော့အား ဆွဲကြိုး ဆွဲပေးလိုက်ရင်း ထိုအခွင့်အရေးကို အသုံးချကာ အသားယူလိုက်သေးသည်။
“ကဲ... ပြီးပြီ ရှောင်မော့... ကြည့်လိုက်ဦး၊ လှရဲ့လား” ရှီလဲ့ နောက်သို့ တစ်လှမ်းဆုတ်ကာ လင်းယွီမော့၏ ညှပ်ရိုးအလယ်တည့်တည့်အောက်တွင် ရှိနေသော ပန်းရောင်နှလုံးသားပုံစံ ခရစ်စတယ်လေးကို ကြည့်ရင်း ကျေနပ်အားရသော မျက်နှာထား ဖြစ်သွားသည်။
မုရွှမ်းကလည်း ဝင်ပြောသည်။ “ရှီလဲ့... ရှင့်မှာ ဒီလောက်ထိ အမြင်ရှိလိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး”
ရှီလဲ့သည် ‘နက်ရှိုင်းသော သမုဒ္ဒရာပြာ’ ဟု အမည်ရသော လက်ကောက်ကို ထုတ်ယူလိုက်သည်။ နက်မှောင်သော အပြာရောင်ခရစ်စတယ်သည် သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းလှပြီး မုရွှမ်း၏ အေးစက်သော စရိုက်နှင့် အနည်းငယ် ဆင်တူလှသည်။
“မုရွှမ်း... မင်းလည်း ကိုယ်တိုင် ဝတ်ကြည့်လိုက်ဦးလေ”
သို့သော် မုရွှမ်းက ငြင်းပယ်လိုက်သည်။ “ရှီလဲ့... ခင်ဗျားက ယောကျာ်းကောင်းတစ်ယောက်အနေနဲ့ သတ်မှတ်ချက် မပြည့်မီသေးဘူးပဲ” ဟု ဆိုကာ သူမ၏ ဖြူစင်ဝင်းပသော လက်ကောက်ဝတ်လေးကို ဆန့်ထုတ်ပြပြီး ရှီလဲ့အား ဝတ်ဆင်ပေးရန် အချက်ပြလိုက်သည်။
ရှီလဲ့ခမျာ စိတ်ထဲမှ ခါးသက်သက်သာ ပြုံးနိုင်ပါတော့သည်။ မုရွှမ်းက သူ့ကို တမင်တကာ ပြဿနာရှာနေခြင်း မဟုတ်ပါလား။
‘မုရွှမ်း... အို... မုရွှမ်း၊ မင်း ငါ့ကို သတ်မလို့လား’
လင်းယွီမော့သည် ရှီလဲ့ကို ပြုံးလျက် ကြည့်နေပြီး ခေါင်းကိုပင် မြှောက်ပြကာ အားပေးနေသေးသည်။ ဤသည်က ရှီလဲ့ကို လုံးဝ ကြောင်အမ်းသွားစေသည်။ ဤအမျိုးသမီးနှစ်ဦးကြားတွင် သီးသန့် သဘောတူညီချက်တစ်ခုခု ရှိနေ၍လား။
‘အစ်မမုရွှမ်း... မမလည်း ရှီလဲ့ကို သဘောကျနေတာပဲ ဒါပေမဲ့ ကျွန်မ ရှီလဲ့ကို မမဆီ အလွယ်တကူ ပေးမှာမဟုတ်ဘူး အချစ်ရှေ့မှောက်မှာ ကျွန်မတို့ တရားမျှတစွာ ပြိုင်ဆိုင်ကြတာပေါ့’
ရှီလဲ့သည် ‘နက်ရှိုင်းသော သမုဒ္ဒရာပြာ’ ကို ယူကာ မုရွှမ်း၏ ဖြူစင်ဝင်းပသော ဘယ်ဘက်လက်ကောက်ဝတ်တွင် ဝတ်ဆင်ပေးလိုက်သည်။ ရှီလေ့အနေဖြင့် အလွန် ဂရုစိုက်ခဲ့သော်လည်း လက်ကောက်မှာ သေးငယ်လွန်းသဖြင့် မူရွှမ်း၏ ဖြူစင်နူးညံ့သော အသားအရေကို မလွှဲမရှောင်သာ ထိမိသွားခဲ့ရသည်။
‘အင်း... အေးစက်နေတာပဲ၊ တကယ့်ကို ရေခဲကြာပန်းလေးအတိုင်းပဲ ဒါပေမဲ့ အရမ်း နူးညံ့ချောမွေ့တာပဲ’ ရှီလဲ့ စိတ်ထဲမှ ကာမဂုဏ်စိတ်အနည်းငယ်ဖြင့် တွေးတောမိလိုက်သည်။
အလှနတ်သမီးလေးနှစ်ယောက်နှင့် ခဏမျှ စကားစမြည်ပြောဆိုရင်း ကျင်းချန်မြို့သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်းမှ စိတ်ဝင်စားစရာ အကြောင်းအရာများကို မျှဝေပြီးနောက်၊ ၁၁ နာရီခန့်တွင် ရှီလဲ့သည် အမျိုးသမီးနှစ်ဦး၏ နှင်ထုတ်ခြင်းကို ခံလိုက်ရပြီး အဆောင်မှ ထွက်လာခဲ့ရတော့သည်။
သူ အဆောင် ၅၀၁ သို့ ပြန်ရောက်သောအခါ လီချိုင်သည် နောက်ဆုံးတွင် ပြန်ရောက်နေပြီ ဖြစ်သော်လည်း သူသည် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်ကာ အရက်နံ့တထောင်ထောင်ဖြင့် ဖုန်းပြောနေသည်။
ရှီလဲ့ မျက်မှောင်ကြုတ်လိုက်သည်။ လီချိုင်က ဖုန်းထဲသို့ စကားအနည်းငယ် အမြန်ပြောပြီးနောက် ဖုန်းချလိုက်သည်။
“ဟီးဟီး... အစ်ကိုရှီ၊ ပြန်ရောက်ပြီလား”
“လီချိုင် မင်းအရက်ထပ်သောက်ပြန်ပြီလား” ရှီလဲ့က မကျေမနပ်မျက်နှာထားဖြင့် ခန့်မှန်းလိုက်သည်။ “မြစိမ်းရောင် ဘားလား”
လီချိုင်က အိုးတိုးအမ်းတမ်းဖြင့် “အစ်ကိုရှီ... အစ်ကို သိနေတာလား”
“ဟိုး... တကယ်ပဲ မြစိမ်းရောင် ဘား ဖြစ်နေတာကိုး မထင်ထားဘူး” ရှီလဲ့က နောက်ပြောင်လိုက်သည်။ “မင်းရဲ့ အခြေအနေကော ဘယ်လိုရှိလဲ”
လီချိုင်က ခေါင်းကို ကုတ်ရင်း “အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ်” ဟု ဆိုသည်။
ရှီလဲ့က နှာမှုတ်ရင်း “သုညပဲ ဖြစ်မှာပါ မြစိမ်းရောင် ဘားလို နေရာမျိုးက မင်းနဲ့ မသင့်တော်ပါဘူး”
“အစ်ကိုရှီ ထင်သလို မဟုတ်ပါဘူးဗျာ” လီချိုင်က ပြန်လည် ချေပသည်။ “အစ်ကို မသိပါဘူး၊ ကျွန်တော် အဲဒီထဲမှာ မိန်းကလေးတစ်ယောက်နဲ့ ဆုံခဲ့တယ် သူမက ကျွန်တော်တို့ကျောင်းက နိုင်ငံခြားဘာသာစကားဌာန က သူမက ကျောင်းဆင်းရင် နေ့တိုင်း မြစိမ်းရောင် ဘားမှာ အချိန်ပိုင်းအလုပ် သွားလုပ်တာ၊ ကျွန်တော်က သူမကို ကာကွယ်ပေးဖို့ နေ့တိုင်း သွားတာပါ”
“ဖူး...” ရှီလဲ့ အော်ရယ်မိတော့မလို ဖြစ်သွားသည်။ “လီချိုင်... မင်းက ဒီလိုအရာမျိုးကို ယုံနေတာလား”
လီချိုင်က အသည်းအသန် ပြောသည်။ “အစ်ကိုရှီ... တကယ် ပြောတာပါ ကျွန်တော် နိုင်ငံခြားဘာသာစကားဌာနကို သွားပြီး ရှောင်လန်ရဲ့ အခြေအနေကို စုံစမ်းကြည့်ပြီးပြီ သူမက ကျွန်တော်တို့ကျောင်းက ကျောင်းသူအစစ်အမှန်ဖြစ်ပြီး မိသားစုအခြေအနေက အရမ်းဆင်းရဲလို့ အချိန်ပိုင်းအလုပ် တကယ် လုပ်နေရတာပါ”
ရှီလဲ့ မျက်မှောင်ကြုတ်လိုက်သည်။ လီချိုင်တစ်ယောက် ဤကဲ့သို့သော ရိုးအီလှသည့် ပုံပြင်မျိုးနှင့် တကယ် ကြုံတွေ့နေရခြင်းလော။ ဘားတစ်ခုတွင် အချိန်ပိုင်းအလုပ် လုပ်သည်ဟုတ်လား။ မိန်းကလေးတစ်ဦးအနေဖြင့် ဤကဲ့သို့သော ‘အကြံကောင်း’ ကို ဖော်ထုတ်ရန် မည်မျှအထိ ထူးဆန်းနေရမည်နည်း။
ဘားကဲ့သို့သော နေရာမျိုးသည် မိန်းကလေးတစ်ဦးအတွက်၊ အထူးသဖြင့် စားပွဲထိုးမလေးတစ်ဦးအတွက် လူပေါင်းစုံ ရောပြွမ်းနေသည့် နေရာတစ်ခု မဟုတ်ပါလား။
“ရှောင်လီ... မင်း အဲဒီရှောင်လန်ကို ဘာဖြစ်လို့ ဘားမှာ အချိန်ပိုင်းအလုပ် လုပ်ချင်ရတာလဲလို့ မေးဖူးလား ကျောင်းမှာ ကျောင်းတွင်း အလုပ်သင်အခွင့်အလမ်းတွေ အများကြီး ပေးထားတာပဲ မဟုတ်လား” ရှီလဲ့က ခွဲခြမ်းစိပ်ဖြာကာ မေးမြန်းလိုက်သည်။
လီချိုင် ခဏမျှ ကြောင်အမ်းသွားပြီးနောက် “အစ်ကိုရှီ... ကျောင်းတွင်း အလုပ်သင်နေရာတွေက လူပြည့်နေလို့ ဖြစ်နိုင်မလား” ဟု ဆိုသည်။
“ရှောင်လီ.. ဒီအရာတွေကိုတော့ မင်းကိုယ်တိုင်ပဲ သွားရောက်စုံစမ်းရမှာပဲ” ရှီလဲ့က လက်ကို ဝှေ့ယမ်းရင်း “အစ်ကို အိပ်တော့မယ်၊ မင်းဘာသာမင်း အေးဆေး စဉ်းစားလိုက်ဦး” ဟု ပြောပြီး ဝင်သွားခဲ့သည်။
နောက်တစ်နေ့တွင် ရှီလဲ့ နိုးလာသောအခါ ကိုးနာရီရှိနေပြီ ဖြစ်သဖြင့် သဘာဝကျကျပင် သူ ကျောင်းတက်ရန် နောက်တစ်ကြိမ် ပျက်ကွက်ခဲ့ရပြန်သည်။
မျက်နှာသစ်ပြီးနောက် ရှီလဲ့သည် ဖုန်းကို ထုတ်ကာ ယဲ့ဖုန်း ပေးထားသော ဖုန်းနံပါတ်သို့ ခေါ်ဆိုလိုက်သည်။ ထိုဖုန်းနံပါတ်၏ ပိုင်ရှင်မှာ ယဲ့ဖုန်း၏ ရဲဘော်ရဲဘက်ဟောင်းတစ်ဦးဖြစ်ပြီး အမည်မှာ ကျိုးချန် ဖြစ်သည်။
ကျိုးချန်သည် ရှီးချွမ်နယ်မှဖြစ်ပြီး ရွှမ်ချင်းမြို့နှင့် ကီလိုမီတာ နှစ်ရာကျော်သာ ကွာဝေးသည်။ သူသည် ယခင်က ယဲ့ဖုန်းနှင့်အတူ အထူးတပ်ဖွဲ့ တစ်ခုတည်းတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် သူ၏ ဘယ်ဘက်ခြေထောက် သေနတ်မှန်ကာ အရိုးထိခိုက်သွားခဲ့သဖြင့် နောက်ဆုံးတွင် စစ်တပ်မှ အငြိမ်းစားယူခဲ့ရသည်။
အငြိမ်းစားယူပြီးနောက် သူရရှိခဲ့သော နစ်နာကြေးငွေများဖြင့် အိမ်တစ်လုံး ဝယ်ယူခဲ့သဖြင့်လည်းကောင်း၊ အိမ်တွင် သက်ကြီးရွယ်အို မိဘနှစ်ပါးအပြင် ဇနီးဖြစ်သူနှင့် မွေးကင်းစ သမီးငယ်လေးရှိနေသဖြင့်လည်းကောင်း မိသားစုတစ်ခုလုံး၏ စားဝတ်နေရေးမှာ ကျိုးချန်အပေါ်တွင်သာ မှီခိုနေရသည်။
သို့သော် ကျိုးချန်၏ ဘယ်ဘက်ခြေထောက်မှာ မသန်စွမ်းဖြစ်သွားခဲ့ရသဖြင့် အလုပ်ကောင်းကောင်း လုံးဝ ရှာမရဘဲ နောက်ဆုံးတွင် စက်ဘီးပြင်ဆိုင် သေးသေးလေးတစ်ဆိုင်ကို ကိုယ်တိုင် ဖွင့်လှစ်ကာ ဆင်းရဲပင်ပန်းစွာ ရုန်းကန်နေရခြင်း ဖြစ်သည်။
“ဟဲလို...” ဖုန်းထဲမှ အသက်အရွယ်ရင့်ကျက်မှုများနှင့် ပြည့်နှက်နေသော်လည်း မဆုတ်မနစ်သော ဇွဲလုံ့လ ပါရှိသည့် အက်ကွဲကွဲနှင့် နက်ရှိုင်းသောအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ကျိုးချန်လားဗျ” ရှီလဲ့က မေးလိုက်သည်။
“ခင်ဗျားက ဘယ်သူလဲ” ကျိုးချန်၏ အသံမှာ ပြောင်းလဲခြင်းမရှိဘဲ ရင့်ကျက်မှုများ ရှိနေဆဲပင်။
“ကျွန်တော်က ယဲ့ဖုန်းရဲ့ သူငယ်ချင်းတစ်ယောက်ပါ ယဲ့ဖုန်းရဲ့ မိတ်ဆက်ပေးမှုကတစ်ဆင့် ခင်ဗျားရဲ့ အကူအညီကို လိုအပ်လို့ပါ” ရှီလဲ့က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
ကျိုးချန်က အနည်းငယ် အံ့ဩသွားသောလေသံဖြင့် “ခင်ဗျား ယဲ့ဖုန်းကို သိတယ်ဆိုရင်တော့ ကျွန်တော်က မသန်စွမ်းတစ်ယောက်ဆိုတာ သိမှာပေါ့၊ ကျွန်တော် ခင်ဗျားကို ဘယ်လို ကူညီနိုင်မှာလဲ” ဟု ဆိုသည်။
ရှီလဲ့က ရှင်းပြသည်။ “ကျွန်တော့်မှာ စိတ်ချရတဲ့ လုံခြုံရေးဝန်ထမ်းတစ်စုကို လေ့ကျင့်ပေးဖို့ သင်တန်းဆရာ တစ်ယောက် လိုအပ်နေလို့ပါ ယဲ့ဖုန်းက ခင်ဗျားက သင့်တော်တယ်လို့ ပြောသလို ခင်ဗျားရဲ့ လောလောဆယ် ဘဝကလည်း အကူအညီ လိုအပ်နေတယ်မဟုတ်လား”
ကျိုးချန်က ခါးသက်သက် ရယ်မောလိုက်ပြီး “ဒါဆိုရင်တော့... သူ မတော်တဆမှုဖြစ်တုန်းက ကျွန်တော် သွားပြီး မကူညီနိုင်ခဲ့ဘူး၊ ဒါပေမဲ့ သူကတော့ ကျွန်တော့်လို ရဲဘော်ရဲဘက်ကို သတိရနေတုန်းပဲ ကျွန်တော် သူ့အပေါ် တကယ် အားနာမိပါတယ်”
ရှီလဲ့က ယဲ့ဖုန်းဘက်မှ ကာကွယ်ပြောဆိုပေးလိုက်သည်။ “ယဲ့ဖုန်းက သံယောဇဉ်နဲ့ သစ္စာတရားကို တန်ဖိုးထားတဲ့လူပါ ကျိုးချန်... ခင်ဗျားမှာ အထက်မှာ သက်ကြီးမိဘတွေရှိသလို အောက်မှာလည်း ကလေးငယ်ရှိတယ်၊ ခြေထောက်ကလည်း အဆင်မပြေဘူး ယဲ့ဖုန်းက ခင်ဗျားကို ဒီပြဿနာတွေထဲ ဘယ်လိုလုပ် ဆွဲသွင်းပါ့မလဲ”
“ဟုတ်ပါရဲ့ အဲဒီ ကောင်လေး အခုကော အဆင်ပြေရဲ့လား” ကျိုးချန်က သက်ပြင်းချရင်း မေးသည်။
ရှီလဲ့က အခြေအနေအချို့ကို အကျဉ်းချုပ် ပြောပြပြီးနောက် “ကျိုးချန်... ရွှမ်ချင်းမြို့ကို လာပြီး ကျွန်တော့်ကို ကူညီပေးပါလား၊ ဘယ်လိုလဲ” ဟု ကမ်းလှမ်းလိုက်လေသည်။